08 October 2009

*သံ တိုင်ကြားကN.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ*

ကျမတို့နိုင်ငံမှာ စစ်အာဏာရှင်တွေက N.L.D.ပါတီဝင်တွေအပေါ်မှာ ညှင်းပန်းနှိပ်စက်ပုံတွေကျမ လက်လှမ်းမှီသလောက်စုစည်းပြီးတင်ပြပေးသွားပါမယ်။ N.L.D(လူငယ်)နောက်တဦးအနေနဲ့
ကိုမိုးမြတ်သူနဲ့ စကားလက်ဆုံ မေးမြန်းတာတွေကို ပြန်လည်တင်ပြထားပါတယ်။


ကိုမိုးမြတ်သူ..။

မြတ်လေးငုံ။
ကိုမိုးမြတ်သူကသုံးရောင်ခြယ်ကျောင်းသားတယောက်နော်။

ကိုမိုးကြီး။
ဟုတ်ပါတယ်။ ၈၈ အရေးအခင်းမှာသုံးရောင်ခြယ်ကျောင်းသား တဦးအနေနဲ့ပါဝင်လှုပ်ရှားခဲ့ပါတယ်။

မြတ်လေးငုံ။
သုံးရောင်ခြယ်အဖွဲ့က ဘယ်တုန်းကဖွဲ့ခဲ့တာလဲ။ ဘယ်လိုဖွဲ့ဖြစ်သွားတာလဲ ဆိုတာပြောပြပေးပါလားရှင့်?

ကိုမိုးကြီး။
၈၈ တုန်းက ကျွန်တော်တို့က ကိုယ်နဲ့နီးစပ်တဲ့သူတွေနဲ့ စ,လုပ်ခဲ့ကြရတာ၊ ဒီအစုအဖွဲ့လေးတွေက တိုက်ပွဲတွေထဲမှာဆုံကြပြီးတော့ ပေါင်းစည်းလိုက်တဲ့အခါ “သုံးရောင်ခြယ်”ဆိုတာဖြစ်လာတယ်ပေါ့။ ကျောင်းသားတွေသီးသန့်တော့မဟုတ်ပါဘူး၊ လူငယ်တွေလဲပါပါတယ်။ စဖွဲ့တုန်းက သုံးရောင်ခြယ်
အမည်ပေးဘို့ မဟုတ်ပါဘူး၊ ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ဦးစိန်လွင်အစိုးရပြုတ်ကျပြီး
(မ.ဆ.လ)က အရေးပေါ်လွှတ်တော်ခေါ်ဘို့ကြေညာပြီးချိန်မှာ လူထု လှုပ်ရှားမှုတွေ အရှိန်လျော့
သွားတယ်။ လွှတ်တော်အခြေအနေကိုလဲစောင့်ရင်း လှုပ်ရှားမှုတွေလဲသွေးမအေးသွားစေချင်လို့ ပျောက်ကျားလှုပ်ရှားမှုတွေ ဆက်လုပ်ဘို့အတွက် ကျွန်တော်တို့အစုအဖွဲ့လေးတွေ တိုင်ပင်ဖြစ်တယ်။ နောက်ဆက်လုပ်ကြတယ်။

အဲဒီကာလမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရဲ့ အရေး ပေါ်ဌာနဘက်မှာ ပိုစတာတိုက်ပွဲကဖြစ်နေတယ်။ တိုက်ပွဲခေါ်သံတွေ၊ လာရောက်ပြီးဖတ်တဲ့သူတွေနဲ့ ဆုံမှတ်လိုဖြစ်နေတော့ အဲဒီနေရာကိုရွေးချယ်ပြီး ကျွန်တော်တို့ လုပ်ခဲ့ကြပါတယ်။ တရားဟောလို့ရတဲ့နေရာရှာပြီး သပိတ်စခန်းကို စဖွင့်နိုင်ခဲ့တယ်။ ညနေကျတော့သိမ်းပေါ့။ အဲလိုလုပ်ရင်း နောက်နေ့တွေ မှာ တခြားအင်အားစုတွေလာရောက်
ပူးပေါင်းကြတယ်။

နောက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်ရတယ်။ ကျွန်တော်တို့ အဲဒီကထွက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းခဲ့တယ်။ သြဂုတ်လ ၂၆ ရက် ရွှေတိဂုံဘုရားအနောက်ဘက်မုဒ်မှာ ကျင်းပခဲ့တဲ့၊ လူထုသိန်းနဲ့ချီပြီးတက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတရား ပွဲကစပြီး ကျွန်တော်တို့အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့ရပါတယ်။

အဲဒီအချိန်အထိ ကျွန်တော်တို့အဖွဲ့မှာ နာမည်ဆိုတာမရှိသေးပါဘူး။ အဲဒီနေ့အတွက် ကျွန်တော်တို့
အဖွဲ့အနေနဲ့လက်ပတ်အမှတ်အသားလုပ်ဘို့တိုင်ပင်ပြီးသုံးရောင်ခြယ်အောက်ခံနဲ့ကဒေါင်းပုံပါတဲ့
လက်ပတ်ကိုသုံးခဲ့ပါတယ်။နောက်အလံကိုလဲအဲဒီအတိုင်းလုပ်ခဲ့ပါတယ်။အဲဒါကိုအစွဲပြုပြီးကျောင်းသား
လှုပ်ရှားမှုတွေကြားမှာ ကျွန်တော်တို့အဖွဲ့ကို “သုံးရောင်ခြယ်”လို့ခေါ်ရင်းနဲ့ အဲဒီနာမည်ဖြစ်သွားပါတယ်။ တကယ်တော့ ကျွန်တော်တို့ကိုယ်တိုင် တမင်ပေးခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ကြိုက်ကြပါတယ်။

မြတ်လေးငုံ။
ကိုမိုးမြတ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဘယ်ချိန်က ဝင်ရောက်ပါဝင်ခဲ့ပါသလဲ။ နောက် ပါတီမှာဘာတာဝန်တွေယူခဲ့ပါသလဲ။?

ကိုမိုးကြီး။
ကျွန်တော် ပါတီကို ၈၈ အောက်တိုဘာလကုန်လောက်မှ ၀င်ဖြစ်ပါတယ်။ ပါတီထောင်တဲ့အချိန်မှာ အန်တီခြံထဲမှာနေပြီး လုံခြုံရေးလုပ်ပေးနေပေမဲ့ တခြား အလုပ်တွေလဲလုပ်နေကြတာဆိုတော့ မ၀င်ဖြစ်သေးဘူး။ နောက် တခြားကျောင်းသားတယောက်နဲ့ကျွန်တော်အထက်မြန်မာပြည်ဘက်
ထွက်သွားသေး တယ်။ တလလောက်ကြာတယ်။ အဲဒီကပြန်လာတော့မှ ၀င်ဖြစ်တာပါ။
အောက်တိုဘာလကုန်ကနေ နိုဝင်ဘာလလည်လောက်အထိ ဒေါ်အောင်ဆန်းစုကြည်က အထက်မြန်မာပြည်စည်းရုံးရေးခရီးထွက်ခဲ့တယ်။

ကျွန်တော်လဲ လုံခြုံရေးအဖွဲ့ဝင်အနေနဲ့ ပါသွားခဲ့တယ်။ အဲဒီစည်ရုံးရေးခရီးစဉ်တလျှောက်လုံးမှာ
အန်တီက လူငယ်နဲ့ အမျိုးသမီးကဏ္ဍကို ဖေါ်ဆောင်ဘို့ပြောခဲ့တယ်။ ရောက်ခဲ့တဲ့မြို့တိုင်းမှာက
လူငယ်နဲ့ အမျိုးသမီးအင်အားက တက်တက်ကြွကြွနဲ့ မြင်ခဲ့ရတာကိုး။ ရန်ကုန်ရောက်ရောက်ချင်းဘဲ လူငယ်ဏ္ဍကို အကောင် အထည်ဖေါ်ဘို့ ကျွန်တော်အပါအ၀င်လူငယ်တွေကို တာဝန်ပေးပါတယ်။ ပထမဆုံးဖွဲ့ခဲ့တဲ့ ဗဟိုလူငယ် ၁၉ ဦးမှာ ကျွန်တော်က ချင်းပြည်နယ်တာဝန်ခံ အဖြစ်တာဝန်ယူခဲ့ပါတယ်။

မြတ်လေးငုံ။
ကိုမိုးမြတ်သူက ဗဟိုလူငယ်မှာအသက်အငယ်ဆုံးလိုသိခဲ့ရပါတယ်ဟုတ်ပါသလား။?

ကိုမိုးကြီး။
တော်တော်များများက အဲဒီလိုထင်နေကြတော့ ဒီအတိုင်းဘဲထားလိုက်ရင်ကောင်းမလားမသိဘူး။
တကယ်တော့ ကျွန်တော့ထက် အသက်ငယ်တဲ့သူရှိပါ တယ်။ ပထမ ၁၉ ဦးမှာဆိုရင် စစ်ကိုင်းတိုင်း
တာဝန်ခံ ကိုမိုးကျော်သူက ကျွန်တော့ထက် သုံးလနီးပါးငယ်ပါတယ်။ နောက် ပထမအကြိမ်ညီလာခံ
အပြီး ဗဟိုလူငယ် ၇ ဦးမှာ တာဝန်ခံတယောက်ဖြစ်လာတဲ့ ကိုမိုးဇော်ဦးလဲ လပိုင်းငယ်ပါတယ်။

မြတ်လေးငုံ။
ကိုမိုးမြတ်သူတို့ကို အဲဒီအချိန်ကအားလပ်ရင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သူအိမ်ဝင်းထဲမှာ
အင်္ဂလိပ်စာကိုသင်ပြပေးခဲ့တယ်လို့ကြားဘူးပါတယ်။ ပြောပြပေးပါလား ရှင်။

ကိုမိုးကြီး။
ဟုတ်ကဲ့။ကျွန်တော်သင်ဘူးတာကတော့အန်တီနေအိမ်အကျယ်ချုပ်မကျခင်တလကျော်ကျော်အလို
လောက်မှာပါ။ ပထမအကြိမ်လူငယ်ညီလာခံကျင်းပခါ နီးချိန်၊ နောက်“အာဏာဖီဆန်ရေး”အတွက် တိုက်ပွဲအရှိန်မြှင့်နေချိန် အရမ်းအရေးကြီးနေတဲ့ကာလပေါ့။

အင်္ဂလိပ်စာတခုထဲတော့မဟုတ်ပါဘူး။ အချိန် ဇယားလေးဆွဲပြီးတော့ပေါ့။ စာဖတ်တာ၊
သတင်းနားထောင်တာ၊ သတင်းစုတာ၊ ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာက အစပေါ့။
ကျွန်တော်တို့ကို ကာယကော၊ ဥာဏကောဖွံ့ဖြိုးအောင် စီစဉ်ပေးတာပါ။ အင်္ဂလိပ်စာသင်တာ
ကတော့ ညဘက် ၇ နာရီကနေ ၉ နာရီအထိပေါ့။ “မဟတ္တမ ဂန္ဒီ” အကြောင်းနဲ့ သင်ခဲ့ရပါတယ်။
စာအုပ်ကော၊ ဗွီဒီယိုနဲ့ကောသင်ရတာပါ။ ကျွန်တော်က ငယ်ငယ်ကဘာကြောင့်မှန်းမသိဘူး၊ အင်္ဂလိပ်စာအရမ်းကြောက်တယ်။ ကိုယ်က ချစ်ခင်လေးစားရတဲ့ အမေလိုဖြစ်နေတဲ့ အန်တီက
သင်ပေးတော့လဲ ကြိုးစားသင်ယူခဲ့ပါတယ်။ အဲဒီလို ငါအရင်ကသင်ခဲ့ရရင်ကောင်းမယ်လို့
တွေးမိခဲ့ဘူးပါ တယ်။

မေးတာကတော့အင်္ဂလိပ်စာသင်တာဘဲမေးတာ။ဆိုင်မလား၊ မဆိုင်မလားတော့မသိဘူး။ ကျွန်တော်တို့ရေကူးရမဲ့နေ့မှာ သူ့မိတ်ဆွေတယောက်ရဲ့ရေကူး ကန်မှာ သွားကူးရပါတယ်။
ကျန်တဲ့သူတွေကို ကျွန်တော်က ရေကူးသင်ပေးရတယ်။ မိုးရွာနေပေမဲ့ အန်တီကအိမ်ထဲမှာ
မနေဘဲနဲ့ ရေကူးကန်ဘေးက ထီးအောက်မှာ စာအုပ်ဖတ်ပြီးစောင့်နေပေးတယ်။

အမှတ်တရမို့လို့ ပြောချင်တာပါ။ကားမောင်းတတ်တဲ့သူငယ်ချင်းက ကျန်တဲ့သူတွေကို
ကားမောင်းသင်ဘို့ စီစဉ်ပေးတယ်ပေါ့။ အဲဒါတွေအားလုံးက အန်တီ ရဲ့အချိန်ဇယားနဲ့
စီမံမှုအောက် မှာပါ။

မြတ်လေးငုံ။
ဒေါ်အောင်ဆန်းစုကြည်ကိုလုံခြုံရေးယူခဲ့စဉ်ကာလမှာ ကိုမိုးမြတ်သူ စိတ်ထဲမှာဘယ်လိုခံစားခဲ့ရပါသလဲ။

ကိုမိုးကြီး။
အစကတော့ ရန်ကုန်အပါအ၀င် တနိုင်ငံလုံးမှာမငြိမ်သက်တော့ တတိုင်းပြည်လုံးက မျှော်လင့်နေတဲ့ ဗိုလ်ချုပ်ရဲ့သွေး၊ တဦးတည်းသောသမီးကို ခိုးဆိုးလု ယက်မှုတွေကနေ ကာကွယ်ပေးရုံပေါ့။ ကိုယ်နေတဲ့ရပ်ကွက်က ရပ်ကွက်သူရပ်ကွက်သားတွေ စုပေါင်းလုပ်နေကြတာလေ၊ လူတွေအများ
ကြီးရှိတယ်။အန်တီတို့နေတဲ့နေရာက လူလဲကျဲတယ်၊ အိမ်မှာကလဲ မိန်းမသားတွေနဲ့ဆိုတော့ ကျွန်တော်တို့ဘာသာတိုင်ပင်ပြီး စောင့်ပေးခဲ့ကြတာပါ။

နောက်တော့အန်တီရဲ့တိုင်းပြည်အပေါ်ထားတဲ့စေတနာတွေ၊ စိတ်နေသဘောထားတွေ၊ ဥာဏ်ပညာတွေကို ကိုယ်တိုင်မြင်တွေ့နေရတဲ့အခါကျတော့ “ငါ့အမေ၊ ငါ့ခေါင်းဆောင်အပေါ် ကျလာမဲ့အန္တရယ်အတွက် ငါ့အသက်ကို ပေးမယ်”လို့အထိခံစားခဲ့ရပါတယ်။

မြတ်လေးငုံ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မိသားစုနဲ့လဲ ကိုမိုးမြတ်သူ အဲဒီအချိန်တုံးကရင်းနှီးခဲ့တယ်ဆိုတော့
သူရဲ့အမျိုးသားနဲ့ သားနှစ်ယောက်အကြောင်းလေးကို ပြောပြပေးပါလား။

ကိုမိုးကြီး။
ဆရာမိုက်ကယ်က ယဉ်ကျေးဖေါ်ရွေတဲ့ ပညာတတ်တယောက်ပါ။ ကျွန်တော်တို့အားလုံးကို လေးလေးစားစားဆက်ဆံတတ်ပါတယ်။ အန်တီကိုကာကွယ် ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်း
လဲပြောပါတယ်။ အန်တီအပေါ်မှာလဲ နွေးနွေးထွေးထွေးနဲ့ အကိုတယောက်လို သူငယ်ချင်း
တယောက်လို ဆက်ဆံတာ တွေ့ရပါတယ်။ အန်တီက ကျွန်တော်နဲ့ သီးသန့်မိတ်ဆက်ပေးဘူးပါတယ်၊ ကျွန်တော့မိသားစုဝင်တွေအကြာင်းပြောပြဘူးပါတယ်။

အလက်ဇန္ဒား(ဆန်းမြင့်အောင်)က အဲဒီအချိန်က အသက် ၁၆-၁၇ လောက်ပေါ့။ သူကလူကြီး
ဆန်တယ်။ စာဖတ်တယ်။ ချက်(စ်)ကစားတယ်။ သူက ကျွန်တော့သူငယ်ချင်းတယောက်နဲ့
ကျတော့ တော်တော်ခင်တယ်။ အဲဒီသူငယ်ချင်းက အင်္ဂလိပ်လိုပြောတတ်နေတော့ သူနဲ့ပိုတွဲတယ်။

ကင်(ထိန်လင်း)က အသက် ၁၁ နှစ်လောက်ပေါ့။ သူကတော့ အန်တီအသဲလို့ထင်တယ်။ အမေကိုတွယ်တာလို့ကောင်းနေတဲ့အရွယ်မှာ ခွဲနေရတော့ ရောက် နေတုန်းမှာ ပိုဦးစားပေးရတာလဲ ဖြစ်မှာပေါ့နော်။ ကျွန်တော်က သူနဲ့ပိုတွဲဖြစ်တယ်။ ကျွန်တော်ကလဲ ကလေးဆိုပေါင်းတတ်တယ်လေ။ ကျွန်တော်အားရင် သူဆော့ချင်တာ လိုက်ဆော့ပေးတယ်။ ကုန်းပိုးစီးတာဝါသနာပါတယ်။

သူ့အမေ မသိအောင် ဂျင်ကလိပစ်ရင် ကျွန်တော်ကကူညီပေးတယ်။ တခါဆို အုန်းပင်ကိုပစ်လိုက်တာ မျက်နှာတည့်တည့်ကို ပြန်ကန်ထွက်လာလို့ မနဲဆွဲလိုက်ရတယ်။ မျက်စိထဲ ပြာသွားတာဘဲ။ ထိများထိရင်
တော့ ဖြေရှင်းစရာမရှိလို့ နောက်ဆို မလုပ်ပေးဘူးလို့ International Language နဲ့ပြောလိုက်တာ သူနားလည်သွားတယ်။ နောက်ပိုင်း သူပစ်တာလဲ မတွေ့တော့ပါဘူး။ သူက ကျွန်တော့ကို Shorty (ဂျပု)လို့ခေါ်တယ်။ သူ့အကိုနဲ့တွဲတဲ့သူကိုကျတော့ အရပ်ရှည်တော့ (Mile)တဲ့။ တခါ အန်တီကကြားတော့
သူ့ကို အဲဒီလိုမခေါ်ဘို့ ပြောတယ်။ ဒီနာမည်ကကို သူ လိုလိုလားလားပေးထားပုံရပါတယ်။ နောက်လဲ ခေါ်ဖြစ်ပါတယ်။ အဲဒီကျရင် ကျွန်တော်က အမေနဲ့တိုင်မယ် ဆိုပြီးပြော တယ်။ တကယ်က ကျွန်တော် စိတ်မဆိုးခဲ့ပါဘူး။ နောက်သူက ကျွန်တော့ကို ဘုတ်စကိတ်စီးတာ သင်ပေးတယ်။ ဘယ်ရမလဲ လဲတာပေါ့။ ထိုင်ပြီးတွန်း လွှတ်ရင်တောင် တည့်တည့်မထိမ်းနိုင်တာ။ သူက ရီတာပေါ့။

သူတို့ ၂ ယောက်လုံးမှာ တူတာကတော့ ကျွန်တော်တို့ကျောင်းသားတွေနဲ့ အတူတူနေတယ်။ မြန်မာစကားသင်တယ်။ သူတို့သင်ထားတွေကို ပြန်ပြန်ပြော တယ်။ နောက်ပြီး သူ့အချိန်နဲ့သူ
လုပ်စရာရှိတာကို လုပ်တတ်တာပါဘဲ။ မိဘတွေက လေ့ကျင့်ပေးခဲ့တာတွေပါ။ အတုယူစရာ ကောင်းတာတခုကတော့ အန်တီတို့က “မိသားစု စာကြည့်ချိန်”ဆိုတာလုပ်ထားတယ်။
နေ့တိုင်းထင်တယ်။ ၂ နာရီပေါ့နော်။ အဲဒီအချိန်မှာ မိသားစုလေးယောက်လုံး စာဖတ်ခန်းဝင်ပြီး ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကိုဖတ်ကြရတယ်။ ဒါက အင်္ဂလန်မှာကထဲက လုပ်လာခဲ့တာပါ။ ရန်ကုန်မှာဆုံတဲ့အချိန်မှာလဲ မပျက်ကွက်ဘူးပေါ့နော်။ အန်တီကိုယ် တိုင် ကျွန်တော့ကို
ရှင်းပြခဲ့တာပါ။

နောက်တခုက “ဂတိ”ဆိုတာကို လေးစားတတ်တဲ့အကျင့်လေးတွေ။ အဲဒါကတော့ ပြောမယ်
ဆိုရှည်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့နဲ့ရှိနေချိန်မှာ ထမင်းစားချိန်၊ စာဖတ်ချိန် မို့လို့
သူတို့ကိုအန်တီက လှမ်းသတိပေးတဲ့အခါမှာ အလက်ဇန္ဒားကချက်ချင်းလုပ်တတ်ပေမဲ့ “ကင်”ကဈေးဆစ်လေ့ရှိတယ်။ အန်တီကလဲ အလျှော့အတင်းလုပ်ပေးပါတယ်။ ၅ မိနစ်၊ ၄ မိနစ်နဲ့
နောက်ဆုံး သဘောတူညီချက်ရတယ်ပေါ့ဗျာ။ အဲဒီအချိန်ပြည့်ကာနီးရင် အန်တီက သတိ
ထပ်ပေးတယ်ဆိုရင် ဘယ်နှစ်စက္ကန့်လိုသေးတယ်၊ ဘာ ညာဆိုပြီး ပြည့်တာနဲ့ ချက်ချင်းထသွားပြီး
လုပ်ပါတယ်။ ကျွန်တော့်မှာတော့ ထူးဆန်းနေတာပေါ့။ စက္ကန့်မှ မဟုတ်ဘူး၊ လေး ငါးမိနစ်လဲ
ဘာကွာလဲပေါ့။ အလေ့အကျင့်မှ မရှိခဲ့တာကိုး။

အဲဒါလေးက ဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ ဒီလို “ဂတိ”တည်တဲ့ လေ့ကျင့်မှုမျိုးတွေအားနည်းနေခဲ့လို့ ဖြစ်နေရတဲ့ ပြဿနာတွေနဲ့ ကြည့်လိုက်ရင် ကွင်းကွင်းကွက်ကွက်ကို မြင်သာပါတယ်။ သူ့သားသမီးတွေလို သဘောထားတဲ့ ကျွန်တော်အပါအ၀င် မြန်မာလူငယ်တွေကိုလဲ ဒီလိုအလေ့ အကျင့်လေးတွေ ကျင့်ကြံတတ်အောင် ပျိုးထောင်ပေးချင်တဲ့ ဆန္ဒတွေရှိနေခဲ့ပါတယ်။ ပြောမယ်ဆိုရင်တော့များပါတယ်။ ဒီလောက်ဆို ရမယ်ထင်တယ်နော်။

မြတ်လေးငုံ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တွေမှာပါဝင်ခဲ့စဉ် မေ့လို့မရတဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုလေးတွေကိုပြောပြပေးပါလား။

ကိုမိုးကြီး။

အကြီးမားဆုံးလူထုထောက်ခံမှုကတော့ အားလုံးသိကြတဲ့ အစိုးရဌာနတွေက ၀န်ထမ်းတွေပါတက်
ရောက်ခဲ့တဲ့ “ရွှေတိဂုံဘုရားအနောက်မုဒ်”လူထုတရား ပွဲပေါ့ဗျာ။ နယ်တွေကိုသွားခဲ့တဲ့ ခရီးစဉ်တွေထဲကပြောရမယ်ဆိုရင်တော့ မြို့တွေ၊ ရွာတွေမှာလဲ လူထုကကြိုကြတာဘဲ။
အင်န်အယ်လ်ဒီ ပါတီက အဖွဲ့ဝင် တွေတင်မကဘူး၊ ရဟန်းသံဃာတွေ၊ ဒီမိုရေစီလိုလားတဲ့
မဟာမိတ်ပါတီတွေ၊ ကျောင်းသား လူငယ်တွေ အားလုံးက ထောက်ခံကြိုဆိုကြပါတယ်။

တချို့ ရွာတွေဆိုရင် ရ.၀.တ တွေကိုယ်တိုင်က လူထုတရားပွဲကို ကြီးကြပ်ပေးတာ၊
စည်းကမ်းထိမ်းပေးတာ၊ ပြီးတဲ့အခါမှာလဲ နှုတ်ဆက်ပြီး အဆင်ပြေမှု ရှိ/မရှိ တောင်
မေးတတ်ပါတယ်။လူထုက ဘယ်လောက်တောင်ဝမ်းသာကြသလဲဆိုရင် မှတ်မိတာလေး
ပြောပြချင်တယ်။

ပခုက္ကူမြို့ ရောက်တဲ့အခါကျတော့ မဟာမြတ်မုနိဘုရား တန်ဆောင်းနဲ့တူတဲ့ဘုရားကို
အရင်သွားဖူးရတယ်။ ဘုရားတန်ဆောင်းမှာတင်မဟုတ်ဘူး၊ အပြင်မှာပါ လူထုကြီးကအပြည့်ပေါ့။ ကျွန်တော်တို့လုံခြုံရေး လုပ်တယ်ဆိုတာက ၁၀ ယောက်လောက် ၀ိုင်းပြီတော့လက်ချင်းချိတ်၊ အန်တီကိုအလယ်မှာထားပြီး လမ်းလျှောက်လို့ရအောင် သွားရတာကိုး။ ဘေးမှာက နယ်ခံအဖွဲ့ဝင်
တွေက လက်ချင်းချိတ်ပြီး သွားမယ့်လမ်းတလျှောက် မျက်နှာချင်းဆိုင် နေကြတာ။

အဲဒီကြားကသွားရတာ။ လူတွေက အန်တီကိုမမြင်ရလေ တိုးလေနဲ့ နောက်ဆုံးဘေးမှာရှိတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေလဲ လက်တွေပြုတ်ပြီး လူထုက ကျွန်တော်တို့ကို အုံသွားတာပေါ့။
ကျွန်တော်တို့က ခါးတွေကိုပါ ဖက်ပြီး တောင့်ခံထားရတာ အန်တီတောင်လမ်းလျှောက်လို့မရအောင်
ဖြစ်တယ်။ အန်တီကို မြင်ရတဲ့သူတွေက ပျော်ကြတာပေါ့။ အဲဒီထဲက အသက် ၄၀ ၀န်းကျင်လောက်
ရှိတဲ့အမျိုသားတဦးက“ဒါဗိုလ်ချုပ်သမီးဗိုလ်ချုပ်သွေး၊ငါတို့ခေါင်းဆောင်ကွ၊ဒေါ်အောင်ဆန်းစုကြည်..
ကျန်းမာပါစေ”ဆိုပြီး ကျွန်တော့် အနားမှာ အော်တော့တာဘဲ။ အန်တီကို ကြည့်လိုက်၊
တဖက်လှည့်အော်လိုက်၊ သူတိုင်ပေးရင် အနီးအနားကလူထုကလဲ လိုက်အော်ပေါ့။

သူ့မှာ ဘယ်လို ခံစားချက်တွေ တက်ကြွလာလဲမသိဘူး၊ သူတိုင်လိုက်တိုင်းမှာ ကျွန်တော့်ပုခုံးတွေ၊ ကျောကုန်းကို စည်းချက်နဲ့ထုတော့တာဘဲ။ ကျွန်တော်တို့က ရှေ့ကို ခက်ခက်ခဲခဲတိုးနေရချိန်မှာ အရမ်းကိုသတိထားနေရတယ်လေ။ အဲဒီအချိန်မှာ ကျွန်တော်တို့ ခေါင်းတွေကငုံ့ထားပြီး
ကိုယ်ခါးအောက်ကနေ အထဲကိုဝင်လာ နိုင်တဲ့ လက်တွေကို ကြည့်နေရတာဆိုတော့ အရိုက်ခံလိုက်ရလို့လှည့်ကြည့်လိုက်တော့ သူဖြစ်နေတယ်။ သူကလဲ ကျွန်တော့်ကိုကြည့်ပြီး
“ဗိုလ်ချုပ်သမီးကို ကာကွယ်ရမယ်..ဟုတ်တယ်မဟုတ်လား”၊ ကျွန်တော်ကလဲ “ဟုတ်တာပေါ့”
ဆိုတော့ သူက “ဆက်လုပ်”ဆိုပြီး ထပ်အော်ပါလေရော။ သူတခါအော်တိုင်း ကျွန်တော်တို့
တခါအရိုက်ခံရတာ ညဘက်နားတော့ ပက်လက်လှန်ပြီးတောင် မအိပ်နိုင်ခဲ့ပါဘူး။

နောက်အရေးကြီးဆုံးထောက်ခံမှုကတော့ တိုင်းရင်းသားတွေရဲ့ လိုလိုလားလားကြိုဆို
ထောက်ခံမှုတွေပါဘဲ။ အားလုံးလဲတွေ့ဘူးကြမှာပါ။ တိုင်းရင်းသား ပေါင်းစုံရဲ့ ရိုးရာအ၀တ်အစားတွေနဲ့ရိုက်ထားတဲ့ အန်တီရဲ့ ဓါတ်ပုံတွေ၊ အဲဒီ ၀တ်စုံတွေဟာ
တိုင်းရင်းသားတွေကပေးတဲ့ လက်ဆောင်တွေပါ။ တိုင်းရင်းသား တွေဟာ
အမြဲတန်းရိုးရာအကတွေ၊ ၀တ်စုံတွေနဲ့ အသိအမှတ်ပြုထောက်ခံကြိုဆိုလေ့ရှိပါတယ်။

လူထုကိုစကားပြောတဲ့အခါ သက်ဆိုင်ရာတိုင်းရင်းသား ၀တ်စုံလေးတွေကိုဝတ်လေ့ရှိပါတယ်။ ဘာသာပြန်နဲ့ပါပြောဆိုရပြီး မေးခွန်းတွေကိုလဲ ဖြေဆိုရပါတယ်။ အဲဒီအချိန်တွေမှာ
တိုင်းရင်းသားတွေကလဲ ကျေနပ် မှုတွေပြကြပါတယ်။ ကချင်ခရီးစဉ်မှာဆိုရင်
မြစ်ကြီးနားမှာပေါ့။ မပြန်ခင်ညမှာပေါ့။ ကချင်ရိုးရာအစားအစာတွေနဲ့ ညစာစားပွဲ
လုပ်ပေးပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ကျောင်းသားတွေ၊ လူငယ်တွေတက်ရောက်ပါတယ်။
အဲဒီအခမ်းအနားမှာ ကချင်တိုင်းရင်းသားတွေက ကချင်ရိုးရာဝတ်စုံ၊ ကချင်ဓါးတို့
လက်ဆောင်ပေးပြီး ကချင်နံမည်လေးပါပေးပြီး ဂုဏ်ပြုခဲ့ပါတယ်။

မြတ်လေးငုံ။
ကိုမိုးမြတ်သူ က နိုင်ငံရေး အကျဉ်းသားတဦး ဖြစ်ခဲ့တော့မေးချင်တာ လေးတစ်ခု နှစ်ခုလောက်
မေးအုံးမယ်ရှင်၊ဘယ်မှာအဖမ်းခံရတလဲ၊ဘာပုဒ်မှလဲ၊ ဘယ်နှစ်နှစ်ထောင်ကျခဲ့တာလဲ၊နောက်တခုက
ဘယ်ထောင်တွေမှာနေခဲ့ရတာလဲရှင်။

ကိုမိုးကြီး။
ပထမတခေါက်က အင်းစိန်ထောင်မှာပါ၊ ထောင်မကြီးမှာကော၊ “သီးသန့်”မှာကောပေါ့။
၈၉ ဇူလိုင် ၂၀ မှာ အန်တီကို နေအိမ်အကျယ်ချုပ်နဲ့ ထိမ်းသိမ်းတော့ အန်တီအိမ်မှာနေတဲ့
ကျွန်တော်တို့ကိုလဲ ညဘက်ကျတော့ အင်းစိန်ထောင်ကိုပို့လိုက်ပါတယ်။

ပုဒ်မက ၁၀(က)ပေါ့။ ထိမ်းသိမ်းပေါ့။ ထောင်ဝင်စာမတွေ့ရဘဲ သုံးနှစ်နီးပါးနေပြီးမှ
ပုဒ်မ ၅(ည)ပြောင်းပြီး ထောင် ၈ နှစ်ချခဲ့ပါတယ်။ စစ်ခုံရုံးကဘဲ။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို အားပေးကူညီ” လို့ဆိုပြီး ဆွဲချက်တင်ခဲ့တယ်။

အမှုတွဲတွေက စဖမ်းဖမ်းခြင်းတုန်းက ၃၈ ယောက်ပါ။ အန်တီအိမ်ဝင်းထဲက လ္ဘက်ရည်ဆိုင်က အလုပ်သမားတွေပါ ပါလာတယ်။ တလကျော်ကျော်လောက် မှာတော့ ၂၃ ယောက်ကျန်တယ်။
၁၉၉၀ ရွေးကောက်ပွဲနီးတော့ တချို့ကိုထပ်လွှတ်ပေးလိုက်တယ်။နောက်၁၉၉၂ကျွန်တော်တို့ကို
အမိန့်မချခင်မှာ ထပ် လွှတ်လိုက်သေးတယ်။ အမိန့်ချတဲ့အချိန်မှာ ကျွန်တော်အပါအ၀င် ၆ ယောက်
ကျတယ်။ ခု ဂျပန်ရောက်နေတဲ့ ကိုမော်(မော်မင်းလွင်)၊ ကွယ်လွန်သွားတဲ့ ကိုကေမျိုး
(ပန်းချီ/သီချင်းရေးဆရာ)၊ ကျော်သူရကိုကို(Mile)၊ ဒေါ်သိင်္ဂီ တို့ပါ။ ပထမအကြိမ်ရုံးထုတ်တော့ ဗိုလ်ကြီးဝင်းထိန်ကို အတူတူတွဲထားသေးတယ်။ အမိန့်ချမဲ့နေ့ကျမှ သပ်သပ်ဖြစ်သွားတာ။

မြတ်လေးငုံ။
အဲဒီအချိန်တုံးက ကိုမိုးမြတ်သူနဲ့အတူတူ အကိုဖြစ်တဲ့(ABSDF)က ဆေးကျောင်းသား“ကိုစိုးမြတ်သူ”ပါ
အတူတူထောင်ကျခဲ့တာနော်။

ကိုမိုးကြီး။
ဟုတ်ကဲ့၊ ABSDF မှာက အကိုကော၊ ညီမကောလေ။ အကိုက သွား/ဆေးက စတုတ္ထနှစ်
ကျောင်းသားပါ။ ညီမကသင်းမြတ်သူ(အိမ်နံမည်သီတာ)က ဒုတိယနှစ် အဏ္ဏ၀ါ ကျောင်းသူပေါ့။ ခုတော့
ဒီဗွီဘီမှာ ဒေါ်သီတာပေါ့။ Entertainmant Editor အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။
ကိုစိုးမြတ်သူကို ဇူလိုင်လ ၂၂ ရက်နေ့ညကျမှ တွေ့ပြီးဖမ်းမိတာပါ။ ၂ ရက်ကျော်ကျော်
လောက်ပုန်းနေခဲ့ တာပေါ့။ သူ့ကို ၁၉၉၀ ဇန္န၀ါရီ ၁၅ မှာ ထောင်ဒဏ် သုံးနှစ်ချခဲ့တာပါ။
ဇွန်လထဲမှာ မန္တလေးထောင်ကို အပြောင်းခံခဲ့ရပါတယ်။

မြတ်လေးငုံ။
ကိုမိုးမြတ်သူတို့ညီအကိုနှစ်ယောက်အကြောင်းကိုသတင်းစာတွေမှာဖတ်လိုက်ရပါတယ်။
နောက်ကိုမိုးမြတ်သူအဖေကိုလဲ အကျယ်ချုပ်ထားခဲ့သေးတယ်လို့ကြားခဲ့တယ်အဲဒီအချိန်ကပေါ့
နည်းနည်းပြောပြပေးပါ။

ကိုမိုးကြီး။
နိုင်ငံရေးအကျဉ်းသားမိသားစုတွေရဲ့ အခက်အခဲတွေကတော့များပါတယ်။ ဘ၀တွေ ဘ၀တွေ
ပေးဆပ်ရပြီး လွတ်လာတာတောင် ပြန်ပြီးမတည်ဆောက်နိုင် တာတွေအများကြီးပါ။
ကျွန်တော့်တို့အဖေက အကျဉ်းဦးစီးကဲ့ ထောင်မှူးကြီးတယောက်ပါ။ အဖေနဲ့ပါတ်သတ်ပြီးတော့
နိုင်ငံရေးအကျဉ်းသားတော်တော်များများအဖေအကြောင်းကိုကောင်းကောင်းသိကြပါတယ်။

အဲဒီမတိုင်ခင်က လေတပ်နဲ့နောက် ရဲအရာရှိအဖြစ်တာဝန်ထမ်းဘူးပါတယ်။ ကျွန်တော်တို့အဖမ်းခံရစဉ်က ဘီးလင်းနားက နောင်ရိုးရဲဘက်စခန်းမှာ တာဝန်ထမ်းဆောင်နေတာပါ။ ကျွန်တော်တို့ အဖမ်းခံရတော့ အဖေ့ကိုလဲ မော်လမြိုင် ထောက်လှမ်းရေး (၅)က လာရောက်ခေါ်ယူစစ်ဆေးပါတယ်။ နောက် အင်းစိန်ထောင်“အရာရှိရိပ်သာ”မှာ အကျယ် ချုပ်နဲ့ ၆ လလောက်နေရပါတယ်။

S.B ကညဘက်မှာ အဖေ့ကို ကျွန်တော်တို့နဲ့သပ်သပ်ဆီပေးတွေ့ပြီးတော့ နိုင်ငံရေးမလုပ်ဘို့
စည်းရုံးခိုင်းပါတယ်။ သူတို့ရှိ နေတဲ့အချိန်မှာ အဖေကအထိုက်အလျှောက်ပြောပြီး သူတို့မရှိတဲ့
အချိန်ကျရင် “အဖေ့ကို မပူနဲ့၊ အဖေဘာမှမဖြစ်ဘူး၊ အဖေ့ကိုငဲ့ပြီး သားတို့လုပ်စရာရှိတာ တွေကို မလုပ်ဘဲမနေနဲ့..”လို့ပြောခဲ့ပါတယ်။ သုံးညတွေ့ခဲ့ရပြီး နောက်ဆုံးအခေါက်က အမေ့ကိုပါပေး
တွေ့ခဲ့ပါတယ်။

အဲဒါနောက်ဆုံး အဖေနဲ့တွေ့ခဲ့ရတာပါ။ ကျွန်တော် ထောင်ကမလွတ်ခင် ခြောက်လလောက်
အလိုမှာ အဖေဆုံးသွားပါတယ်။ အဲဒီလိုအဖေကို ပြန်တွေ့ခွင့်က နောက်နောင် ထောင်က
ဘယ်နှစ်ကြိမ် လွတ်လွတ် ပြန်မရတော့ပါဘူး။အဖေဆုံးပြီး ကျွန်တော်တို့ကြောင့် မဖြစ်စလောက်
်ပင်စင်ကလွဲလို့ တခြားသူတွေရတဲ့ ခံစားခွင့်တွေမရခဲ့ပါဘူး။ ဘာမှ စုမိဆောင်မိမရှိထားဘူးလေ။

မြတ်လေးငုံ။
ထောင်ကျစဉ်အတွင်း ပြစ်ဒဏ်ခံခဲ့ရဘူးလား။

ကိုမိုးကြီး။
၁၉၉၀ မတ်လ ၁၃ ရက် ကိုဖုန်းမော် ကျဆုံးခြင်း ၂ နှစ်ပြည့်နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့မှာ ဂုဏ်ပြုသီချင်းဆိုပြီး အလေးပြုလို့ စစ်ခွေးတိုက်ကို အပို့ခံခဲ့ ရပါတယ်။ ဒေါက်ခြေကျင်း
တရက်ခတ်ခံရပါတယ်။ ၂ လလောက် အဲဒီမှာနေရပါတယ်။

၁၉၉၀ အာဇာနည်နေ့မှာတော့ အာဇာနည်ခေါင်းဆောင်တွေကို ကိုအောင်သူ(ယခု ပူတာအိုထောင်တွင်ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား)နဲ့
၂ ယောက်ထဲ အခမ်းအနားလုပ်ပြီး အလေးပြုခဲ့လို့ ဒေါက်ခြေကျင်းခတ်ပြီး သီးသန့်ထောင်၊
ကျွန်းတိုက်ကို အပို့ခံရပါတယ်။ ၂ ပတ်လောက် ကြာတော့ ဒေါက်ဖြုတ်ပေးပြီး ခြေကျင်းနဲ့ သုံးလတိတိနေခဲ့ရပါတယ်။

မြတ်လေးငုံ။
ထောင်ထဲမှာ ဘယ်နှစ်နှစ် နေခဲ့ရပါသလဲ။

ကိုမိုးကြီး။
ပထမတခေါက်က သုံးနှစ်နီးပါးပါ။ ၁၉၈၉ ဇူလိုင် ၂၀ ကနေ ၁၉၉၂ ဧပြီ ၂၇ အထိပါ။

မြတ်လေးငုံ။
ထောင်ကပြန်လွှတ်တာနဲ့ ဘာတွေလုပ်ခဲ့လဲ။နိုင်ငံရေး ပြန်လုပ်ခဲ့သေးလားပြောပြပါအုံးရှင်။

ကိုမိုးကြီး။
ကျွန်တော့အရင်လွှတ်လာတာပါ။ ကိုကြီးကိုထောင်ဝင်စာ သွားတွေ့တယ်။ အဲဒီတုန်းက တခြားသူငယ်ချင်းတွေကိုပါ ခေါ်တွေ့လို့ရတယ်။ တလ တခေါက်သွားတွေ့တယ်။ ထောင်ဝင်
စာသွားတဲ့အခါ လူကြုံပေးတာတွေ၊ သတင်းစကားတွေကို တတ်နိုင်သလောက်ယူသွားပေးတယ်။

မိသားစုတွေက ဒီလိုဘဲတလှည့်စီ ကူညီနေကြတာလေ။ရန်ကုန်မှာဆိုလည်း ထောင်ဝင်စာရက်
တွေဆိုရင် မိသားစုတွေနဲ့သွားတွေ့ပြီး ကူညီနိုင်သလောက်ကူညီပါတယ်။ ငွေရေး ကြေးရေး
မကူညီနိုင်ခဲ့ပေမဲ့ အနဲဆုံး အထုတ်ဝိုင်းဆွဲပေး၊ ထောင်ဝင်စာလက်မှတ်ယူပေး၊ သတင်းလေးတွေမျှပေး၊ ထောင်ထဲကရဲဘော်တွေကို ငါတို့မမေ့ဘူး၊ အားပေးနေတယ်၊ အနီးဆုံးမှာရှိနေ တယ်ဆိုတဲ့ မက်ဆေ့ဂ်ျပေးတာလောက်တော့ အပတ်တိုင်း လုပ်ခဲ့ပါတယ်။ ကျွန်တော်တယောက်ထဲမဟုတ်ပါဘူး။
တခြား နိုင်ငံရေးအကျဉ်းသားတွေလဲပါ ပါတယ်။

အဲဒီကာလလေးတခု ရှိတယ်ဗျာ။ ပြောပြချင်တယ်။ ၉၂ နောက်ပိုင်းမှာ ထောင်ကနေလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်။ ကိုယ်လွတ်လာပေမဲ့ အထဲမှာကျန်နေခဲ့တဲ့ ရဲဘော်တွေအတွက်တခုခုလုပ်ပေးချင်တဲ့စိတ်တွေအပြည်နဲ့ပေါ့။ အဖွဲ့အစည်းပေါင်းစုံကနော်။

ကျွန်တော်တို့မှာ ဘ၀တူအိမ်မက်က တူကြတယ်။နောက်ပြီး အဲဒီအိမ်မက်က ကြီးစိုးနေတော့
၈၈ မတိုင်ခင်မှာ ကိုယ်ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်၊ ငယ်ပေါင်းတွေနဲ့က သဟဇာတ
သိပ်မဖြစ်ချင်တော့ဘူး။ ဒီ လေးနှစ်အတွင်းမှာ အခြေအနေတွေက ပြောင်းသွားခဲ့ပြီလေ။
အဲဒီတော့ ကျွန်တော်တို့ဟာ ကိုယ့်ထောင်ထွက်အချင်းချင်းဘဲ အတွေ့များလာတယ်။

အတွဲ များလာတယ်။ ဖေးမလာကြတယ်။ ဂရုစိုက်လာကြတယ်။ တနေ့တနေ့ ဘယ်ထောင်က
ဘယ်သူ ဘာဖြစ်တယ်၊ ဘာမှာတယ် စသဖြင့်ပေါ့၊ ဒါဘဲ အာရုဏ် စိုက်ဖြစ် ကြတယ်။ ဘယ်သူ့ရဲ့
သာရေး ဘယ်သူ့ရဲ့နာရေး အဲဒီလိုလဲ ၀ိုင်းကြ၀န်းကြပေါ့နော်။

ကျွန်တော်တို့ထောင်မကျခင်က မသိခဲ့ မရင်းနှီးခဲ့တဲ့သူတွေဟာ ဆိုင်းဘုတ်တွေ အလံတွေပျောက်ပြီး နီးစပ်ကုန်ကြတယ်။ ထောင်ထဲမှာကျန်နေသူတွေက လဲ မိသားစုတွေကတဆင့် ရင်းနှီးလာကြတယ်။
အဲဒါဟာ လုပ်ယူတာမဟုတ်ဘူး။ ရဲဘော်ရဲဘက်စိတ်ဓါတ်နဲ့ တည်ဆောက်ပြီးသားဖြစ်သွားတာ။
အဲဒီထဲကမှ ပိုရင်းသွားကြတာက ကိုတိတ်၊ ကိုသားကြီး၊ ကိုဌေးအောင်၊ ကိုဘိုကြည်တို့ပေါ့ဗျာ။
အဲဒီကာလက ကျွန်တော်တို့မှာ စီးပွားရေးတွေအဆင်မပြေလဲ စိတ်ချမ်း သာတယ်။

ပိုက်ဆံကုန်မဲ့နေရာတွေမသွားနိုင်ပေမဲ့ ကျွန်တော်တို့ပျော်တယ်၊ ၀င်ငွေတွေမရှိခဲ့ပေမဲ့ အဓိပ္ပါယ်အပြည့်နဲ့လို့ခံစားရတယ်။ အတွဲညီလို့ ရဲတွေနဲ့ တောင် ရန်ဖြစ်တဲ့အထိပါ။
ထောင်ဝင်စာကူညီဘို့အတွက် ကျွန်တော်တို့ ဈေးရောင်းကြတယ်။ ထောင်ဝင်စာတွေသွားတယ်။ လူမှုရေးကိစ္စတွေ ကူညီတယ်။ စုပေါင်းပြီးတော့ပေါ့။ နိုင်ငံရေးလှုပ်ရှားမှုလေးတွေလဲ ကြုံသလိုလုပ်ဖြစ်ခဲ့ကြတယ်။

၉၃ လောက်မှာ ကျွန်တော်စီးပွားရေးလုပ်ကြည့်တယ်။ အရောင်းအ၀ယ်ပေါ့။ သိပ်မလုပ်လိုက်ရပါဘူး။ ထောက်လှန်းရေးနှောင့်ယှက်တာနဲ့ ကိုယ်နဲ့လုပ်နေတဲ့ စီးပွားဘက်တွေက ကိုယ်နဲ့မလုပ်ရဲတော့ဘူး။
အိမ်ကလဲ ရန်ကုန်ပြန်ပြောင်းလာပြီးလေ။ နောက်တော့ ၉၄ မှာ အိမ်ထောင်ကျတယ်။
အိမ်ထောင်ကျပြီးတော့ ၇ လလောက်ကျတော့ နောက်တခေါက်အဖမ်းခံရတယ်လေ။

မြတ်လေးငုံ။
နောက်တခေါက်ထောင်ပြန်ကျတော့ ဘာကိစ္စနဲ့လဲ။ ဘယ်နှစ်နှစ်လဲ။ အမှုတွဲတွေကကော။?
ပြောပြပေးပါအုံး ရှင်။

ကိုမိုးကြီး။

၉၅ နှစ်လပိုင်း ၁၄ ရက်နေ့မှာ “ဦးနု”ဆုံးတယ်လေ။ ၂၀ မှာ သူ့ ဈာပနရှိတယ်ပေါ့။
ကျွန်တော်တို့ ဈာပနကျမှ သွားဖြစ်တယ်။ တစုတစည်းထဲ ကားတစီးမှာစီး ဖြစ်တယ်။
သုဿာန်သွားတဲ့လမ်းမှာ ကျောင်းသားသမဂ္ဂသီချင်း၊ ကမ္ဘာမကြေဘူးသီချင်းတွေ ဆိုသွားကြတယ်။

ကြံတောကိုရောက်တော့ အခေါင်းမသွင်း ခင်မှာ တရားဟောတဲ့သူကဟောကြတယ်။ လှုပ်ရှားမှုလေးဖြစ်သွားတယ်။ တကယ်တော့ ကျွန်တော့်မှာအဲဒီတုန်းက ဈာပနပို့ဘို့ဘဲ
အစီအစဉ်က၊ ဒီကိစ္စကို ဖမ်းမဲ့စာရင်းထဲမှာလဲ ကျွန်တော်မပါဘူး။ ဒါပေမဲ့ စာရင်းထဲပါတဲ့
သူငယ်ချင်းနဲ့ အတူတူရှိတုန်း သူ့ကိုလာဖမ်းတော့ ကျွန်တော်ပါပါသွားတာ။

ကျွန်တော်တို့ကို ဖမ်းဖမ်းခြင်း နာမည်မေးလို့ ဖြေလိုက်တော့ သူတို့က “ဟာ ငါတို့တော့
တချက်ထဲနဲ့ ဇရက် ၂ ကောင်ရဘီ”လို့ ပြောလိုက်တော့ တော်တော်အားတက်သွား တယ်။
သေချာသွားပြီပေါ့။ အထဲမှာကျန်ခဲ့တဲ့သူတွေနဲ့ ပြန်တွေ့ဘို့တော့…။

မျှော်လင့်ထားတဲ့အတိုင်းဘဲ၊ ထောင် ၇ နှစ်ကျပြီး မိတ်ဆွေဟောင်းတွေအများကြီးနဲ့ကို
တွေ့ခွင့်ရလိုက်ပါတယ်။
အမှုတွဲတွေကတော့
၁။ ကိုအောင်ဇေယျ (လူ့ဘောင်သစ်)
၂။ ကိုတင်သန်းဦး (လူ့ဘောင်သစ်)
၃။ ကိုညွန့်မြိုင်/ကိုထိုက်/ပေါက်ပေါက်/ကျော်ညွန့်/ကျားကြီး (ရ.က.သ)
၎။ ကိုမောင်မောင်ဦး (NLD)
၅။ ကိုမိုးမောင်မောင် (မ.က.သ)
၆။ မမိုးကလျာဦး (ဗ.က.သ)
၇။ မချိုနွယ်ဦး (ဗ.က.သ)
၈။ မအေးအေးမိုး (ဗ.က.သ)
နောက် ကျွန်တော်ပေါ့။ အားလုံး ကိုးယောက်ပေါ့။ ကျွန်တော်တို့အမှုမှာ လူ့ဘောင်သစ်က
မရီရီထွန်း၊ ကိုတင်ဦးနဲ့ နောက်တယောက်က မျက်ကွယ်အမိန့် ချခံရပါတယ်။
ဒါက အမိန့်ချခံရသူတွေပေါ့။ ရမန်ကြီးတပတ်လောက် ဖမ်းပြီးပြန်လွှတ်ပေးလိုက်တာက
၁။ ကိုထွန်းမြင့်အောင်
၂။ ကိုမောင်မောင်ကျော်
၃။ ကိုချိုချိုထွန်းငြိမ်း
၎။ ကိုစောလွင်ဦး
၅။ ကိုလှဌေး
၆။ ကိုသားကြီး တို့ ခြောက်ယောက်ပါ။
အပြေးကောင်းလို့ ကံကောင်းသွားသူကတော့ ကိုတိတ်ပေါ့။
ဒီအမှုမှာ နိုင်ငံရေးအသိုင်းအ၀ိုင်းထဲကမဟုတ်ဘဲ ဈာပနကိုလာပို့ပြီးအပြန်မှာ
အဖမ်းခံရသူ ၂ ယောက်ကိုလည် ထောင် ၇ နှစ်ချပါတယ်။ သူတို့ကတော့
ကိုဌေးဝင်းနဲ့ ကိုသံချောင်းတို့ပါ။

မြတ်လေးငုံ။
ထောင်တွေပြောင်းခဲ့ရသေးလား။ဘယ်နှစ်နှစ်နေခဲ့ရလဲပြောပြပေးပါ။

ကိုမိုးကြီး။
ဒုတိယအခေါက်မှာတော့ ထောင်ကျပြီး သုံးနှစ်ပြည့်ကာနီးမှာ ၁၉၉၇ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ သရက်ထောင်ကို ပြောင်းရွှေ့ခံရပါတယ်။ သရက်ထောင် ကနေဘဲ ၂၀၀၁ မတ်လ ၁ ရက်နေ့မှာ
အမှုတွဲ ကိုညွန့်မြိုင်နဲ့အတူတူလွတ်လာပါတယ်။

ုမြတ်လေးငုံ။
ထောင်ထဲမှာနှစ်ခါပေါင်း(၁၀)နှစ်နီးပါးနေလာခဲ့ဘူးတော့မေ့မရတဲ့အဖြစ်အပျက်တွေကိုပြောပြ
ပေးပါလား။

ကိုမိုးကြီး။
ဆယ်နှစ်နီးပါးလောက် နေခဲ့ရတာဆိုတော့ မေ့လို့မရတဲ့အတွေ့အကြုံတွေကတော့ အများကြီးပါ။ စိတ်ဓါတ်တွေကို ဖိနှိပ်ချိုးနှိမ်ဘို့ အမြဲတမ်ဲး ကြံဆနေသူ တွေရဲ့လက်ထဲမှာ နှစ်တွေ အများကြီး နေခဲ့ရတာဆိုတော့ အတွေ့အကြုံတွေလဲအများကြီးရပါတယ်။ တခုခုဖြစ်လာတိုင်းမှာ
ကျွန်တော်တို့ အားလုံးစုပေါင်းပြီး ရင်ဆိုင်ခဲ့ကြပါတယ်။

အောင်မြင်တာတွေရှိခဲ့သလို မအောင်မြင်သေးတာတွေလဲရှိခဲ့ပါတယ်။ ရှုံးနိမ့်တာတော့မရှိဘူး
ထင်တယ်။ ဘာလို့လဲဆိုတော့ ခုချိန်ထိ ဆက်လက်တိုက်ပွဲဝင်နေကြလို့ပါဘဲ။ မပြီးသေးပါဘူး။ အဲဒီအတွေ့အကြုံထဲကတခုပေါ့၊ ပြောပြချင်ပါတယ်။

ပထမအခေါက်တုန်းကပေါ့။ မတ်လ ၁၃ ၁၉၉၀ ပေါ့။ မနက်အစောကြီးမှာ ကျွန်တော်တို့
အခမ်းအနားကို လုပ်ကြတယ်။ ကျွန်တော်တို့ (၃)တိုက်မှာ ကျွန်တော်နေတဲ့အခန်းက ကျွန်တော်တယောက်ထဲလုပ်ဖြစ်တယ်။ နောက်တခန်းက ရဲဘော်တွေလုပ်တယ်။ ထောင်မှူးကလိုက်ကြည့်ပြီးတော့ တအောင့် နေတော့ ကျွန်တော်တို့ကိုလာခေါ်တယ်။

ကျွန်တော်က ကျွန်တော်တယောက်ထဲလုပ်တာပါဆိုပြီး လိုက်သွားတယ်။ တိုက်ရုံးခန်းကနေ
တဆင့် ကျွန်တော် တို့ကို စစ်ခွေးတိုက်ကိုပို့လိုက်ပါတယ်။ ကိုအောင်သူ(၈၈ မျိုးဆက်ကျောင်းသား)၊ ကိုအောင်ကျော်မိုး၊ ကိုမောင်မောင်စိုး………ပြောမှဘဲ နောက်တယောက် ကိုမေ့နေပြန်ဘီ၊ သတိရရင်ပြန်ပြောမယ်နော်။ နောက် ကျွန်တော်ရယ်ပေါ့။ ကိုအောင်သူကလွဲလို့ အားလုံးက ကျွန်တော်တို့အမှုတွဲတွေဆိုပါတော့။

အင်းစိန်ထောင်က ဘာနဲ့တူလဲဆိုတော့ ဘယ်၊ညာလှုပ်ပြီးရမ်းတဲ့ တိုင်ကပ်နာရီကြီးလိုပေါ့။ နာရီနဲ့မိနစ်တံရှိတဲ့အပိုင်းက ထောင်မကြီးပေါ့။ သူ့အောက်က ဘယ် ညာရွေ့ပေးနေတဲ့
စက္ကန့်တံနေရာက အလုပ်ကြီး(ယက္ကန်း၊ လက်သမားနဲ့ ၀က်ခြံ)နဲ့ တဖက်က စစ်ခွေးတိုက်ပေါ့။
ဒါနဲ့ ကျွန်တော်တို့ စစ်ခွေးတွေကို လေ့ကျင့်ပေးတဲ့ ကွင်းလေးကျော်တော့ ဆယ်ခန်းတွဲတိုက်တခုဆီကိုရောက်လာတယ်ပေါ့။ ရောက်ပြီးတော့ အခန်းတခန်းဆီမှာနေရတယ်။

စစ်ခွေးတိုက် ဆိုတာက ထောင်ထဲမှာပြစ်ဒဏ်ထပ်ဖြစ်တဲ့သူတွေကိုထားဘို့ရည်ရွယ်ပြီး
လုပ်ထားတဲ့နေရာပါ။ အကျဉ်းသားအချင်းချင်း ရန်ဖြစ်တာ၊ မူးယစ်ဆေးဝါးသုံး တာ၊
နောက် လိင်တူဆက်ဆံတာ အဲဒီလူတွေအတွက်ပေါ့။ ၀င်ကြေးကတော့ ကြီးပါတယ်။
တိုက်ဝင်းအပေါက်ဝကနေ တိုက်ခန်းအထိ ခြေလှမ်းတရာ လောက်လေးကို နာရီဝက် တနာရီလောက်အချိန်ပေးပြီးမှရောက်တာပါ။ ခဲခင်းတာတဲ့လမ်းတလျှောက်ကို
မိကျောင်းသွားသလို တွားသွားရတယ်။

တံတောင်တွေ ဗိုက်တွေ ဒူးတွေကတော့ ရစရာမရှိအောင် စုတ်ပြတ်ပြီး သွေးချင်းချင်းနီပေါ့။
ဒါတင်မဟုတ်ပါဘူး၊ အပေါ်ကနေလဲ နံပါတ်တုတ်နဲ့ ကျောကုန်း၊ တင်ပါး၊ ခြေထောက်၊ ခေါင်းတွေကိုရိုက်နေတာပါ။ အခန်းထဲနေစဉ်မှာလဲ ရေချိုး မိလ္လာကိုတောင်ပေးမထွက်ဘဲထားတဲ့နေရာပေါ့။

ကျွန်တော်တို့မရောက်ခင် ကြည့်မြင်တိုင်က ကိုဇော်သန်းထွဋ်က တလလောက်ကြိုပြီး
အဲဒီကိုရောက်နေတယ်။ အဆောက်မှာနေတုန်း ပုံစံပုဆိုးပေါ်မှာ ခွပ်ဒေါင်းပုံဆွဲလို့ဆိုပြီးတော့။
သူလာတုန်းက ပုံမှန်ဝင်ကြေးအပြင် စစ်ခွေးတကောင်နဲ့ အနောက်ကနေ ခြောက်လိုက်၊
ကိုက်ခိုင်းလိုက်နဲ့ ခံလိုက်ရတယ်။ နောက်ပြီး ဘာဆေးမှမပေးဘဲ ဒီအတိုင်းထားထားတယ်။

ကျွန်တော်တို့ရောက်တဲ့အချိန်မှာ သူ့တကိုယ်လုံးကဒဏ်ရာတွေက အသားတက်လို့ဖြူဖတ်ဖြူရော်
တွေတောင် ဖြစ်နေပြီ။ တခြားအကျဉ်းသားတယောက်က သူ့နည်းသူ့ဟန်နဲ့ရထားတဲ့ အ၀ိုင်းမင့်
(Oilment)ဘူး အကျန်လေးနဲ့ကုခဲ့ရတယ်။

ကျွန်တော်တို့တော့ ၀င်ကြေးမပေးခဲ့ရပါဘူး။ အဲဒီတုန်းက စစ်ခွေးတိုက်တာဝန်ခံက အဖေကြောင့်ကျွန်တော်တို့အကြောင်းကိုသိနေတဲ့သူပါ။ ကျွန်တော်တို့ ကျွန်တော်တို့အဲဒီကိုရောက်ပြီး
၂ ရက်လောက်နေတော့ ကျွန်တော့်အကိုလဲ ရောက်လာတယ်။ သူလဲ ဘာဖြစ်လို့ရောက်လာမှန်း
မသိဘူးလေ။ ပို့လို့သာ ရောက်လာတာ။

ကျွန်တော်တို့ကတော့ ညီအကိုနှစ်ယောက်ပြန်ဆုံရတော့လဲ ကောင်းတယ်ပေါ့။ နောက်နေ့ကျတော့ ထောင်ပိုင်(ဦးဘိုကြည်)တန်းစီလာလို့ ဘာကြောင့် သူ့ကိုပို့ရတာလဲမေးတယ်။ သူက “မင်းတို့လုပ်တာမင်းတို့သိမှာပေါ့”ဆိုပြီးပြန်ဖြေတယ်။ ကျွန်တော်ကတော့ ကိုယ်လုပ်တယ်
လို့ပြောပြီးကို ဒီကိုရောက်လာပေမဲ့၊ ကျွန်တော့်အကိုက အဲဒီအချိန်က ထောင်ဆေးရုံမှာနေနေတာလေ။ အတူတူလုပ်မဲ့ နိုင်ငံရေးအကျဉ်းသားလဲ မရှိဘူး။ အဲဒါကို ပြောပြတော့ သူက ဘာဖြေရှင်းချက် ပြန်ပေးလဲဆိုတော့ “မင်းတို့ ညကစကားပြောတုန်းက စိုးမြတ်သူ အချက်ပေးတာကို မစောင့်လိုက်လို့ ဒီလိုဖြစ်သွား တယ်”လို့ ပြောတယ်တဲ့။

အဲလိုပြောလိုက်တော့ ကျွန်တော်တို့အားလုံး ရီကြတယ်။ စဉ်းစားကြည့်လေ၊ ညီအကို ၂ ယောက်က တယောက်တနေရာ၊ အဆက်အသွယ်မရအောင် သူတို့ဘဲခွဲထားတာ။ နောက် ကိုဖုန်းမော်ကို
ဂုဏ်ပြုတဲ့ကိစ္စက တိုက်ဝင်းထဲမှာရှိတဲ့ တိုက်တိုင်းမှာလုပ်ကြတာ။ အချက်ပေးမှလုပ်ရအောင်
ဆေး ရုံနဲ့တိုက် လှမ်းအော်လို့လဲမရ။ သက်သက်မဲ့ကြီးကို ညစ်တာ။ သူပြန်သွားပေမဲ့
ကိုယ်တွေကိုကျေနပ်ဘူးထင်ပါရဲ့။

သိပ်မကြာခင်မှာ မိန်းဂျေးလ်က ဒေါက်ခြေကျင်းရိုက်တဲ့အဖွဲ့တဖွဲ့ရောက်လာပြီး ကျွန်တော်တို့ကို ဒေါက်ခတ်တယ်။ ဒီကိုရောက်ရင် အားလုံးကို ဒေါက်ခတ် ရလို့ ဆိုပြီးပြောပါတယ်။ စစ်ခွေးတိုက်တာဝန်ခံ တပ်ကြပ်ကြီးလဲပါလာတယ်။ ကောင်းကောင်းမွန်ပါဘဲ။ နေ့လည်လောက်ကျတော့ ဦးဘိုကြည်ပြန်ရောက် လာတယ်(ထောင်ပိုင်)။ “ပုံစံ”ဆိုပြီးအော်တယ်။

ကျွန်တော်တို့လဲ အပေါက်ဝရှေ့မှာ ပုံမှန်ဘဲထိုင်နေကြတာပေါ့။ တခန်းချင်း လိုက်ကြည့်ပြီးတော့
မင်းတို့က ဘာလို့ ခေါင်းမငုံ့တာလဲ ဆိုပြီးမေးတယ်။ ကျွန်တော်တို့က မငုံ့နိုင်ဘူး ဆိုတဲ့အကြောင်း
ပြောတယ်။ “ကျွန်တော်တို့ ကိုယ်ကျင့်သီလပျက်ပြားပြီး ထောင်ကျတဲ့သူတွေ မဟုတ်ဘူး၊
ရာဇ၀တ်သားတွေ မဟုတ်ဘူး အဲဒါကြောင့်မငုံ့နိုင်ဘူး” ပေါ့။

အဲဒီတော့ သူက မထင်ထားတဲ့စကား၊ တခြားသူတွေနဲ့မသက်ဆိုင်တဲ့စကား၊ နားမလည်နိုင်တဲ့
စကားကို ပြောလိုက်တော့ တော်တော်အံ့သြသွားတယ်။ “မင်းတို့လိုကောင်တွေကို ငါ ချွတ်တတ်
တယ်ကွ၊ ထောင်မှာ မင်းအဖေထက် ငါပိုလုပ်တတ်တယ်”တဲ့။ စကားအနက်ကို
ကျွန်တော်သိလိုက်ပါတယ်။

အဲလိုပြောပြီးတော့ တခြားအခန်းတွေမှာရှိတဲ့ ရာဇ၀တ်သားတွေကို အားလုံးထုတ်ပြီး ကျွန်တော်တို့အခန်းတွေထဲကို ထဲ့ခိုင်းလိုက်တယ်။ အမှုပေါင်းစုံနဲ့ ထောင်ကျပြီး ထောင်တွင်းပြစ်ဒဏ်မျိုးစုံနဲ့ရောက်နေတဲ့သူတွေပေါ့။ တခန်းကို လေး ငါးယောက်ထဲ့တယ်။ ကျွန်တော့်အခန်းကိုကျတဲ့သူတယောက်ကတော့ အဆောင်မှာ အကျဉ်သားတယောက်ကို ချွတ်(ခြေကျင်းကိုသွေးထားသော သံချွန်)နဲ့ အသေထိုးသတ်ခဲ့လို့ စစ်ခွေးတိုက်ရောက်နေတဲ့သူပေါ့။ သူအမှုဖြစ်တဲ့ ညက ကျွန်တော်တို့ (၃)တိုက်မှာလာထားလို့ နောက်နေ့မှာ စကားပြော၊ ငပိကြော်လေးပေးဘူးတဲ့သူပေါ့ဗျာ။ သူ့နာမည်က ဖြူလေး။

အခန်းတွေထဲကို လူထပ်ထဲ့ပြီးတော့ ထောင်ပိုင်က ၀န်ထမ်းကို “ပုံစံ”အော်ခိုင်းတယ်။
သူတို့အားလုံးက ခေါင်းတွေငုံ့နေချိန်မှာ ကျွန်တော်တို့က ထိုင်ပုံစံနဲ့ဘဲ နေတယ်။ သုံး လေးခါ
အော်ပြီးဘာမှ မထူးတဲ့အချိန်မှာ သူကဘာပြောလဲဆိုတော့ “မင်းတို့အခန်းထဲမှာ
စည်းကမ်းဖေါက်တဲ့သူရှိတယ်၊ အဲဒီတော့ မင်းတို့ အားလုံးကို ရေချိုး၊ မိလ္လာမချဘူး။

စည်ကမ်းလိုက်နာရင် ပြန်ချပေးမယ်” လို့ပြောတယ်။ ကျွန်တော်က ကျွန်တော်စည်းကမ်း
မလိုက်နာရင် ကျွန်တော့်ကိုဘဲ အရေးယူပါ။ သူတို့ကို ဓါးစာခံမလုပ်နဲ့” “လူစစ်လို့ရအောင်
ကျွန်တော်တို့ ပုံစံလဲထိုင်ထားတာဘဲ”ပြောတော့ “ငါက ခေါင်းငုံ့တာဘဲ လိုချင်တာ”ဆိုပြီး ချဉ်ခြင်း ကပ်နေတယ်လေ။ နောက် သူပြန်ထွက်သွားတယ်။

သူထွက်သွားတော့ အခန်းထဲကလူတွေနဲ့ အဓိကက ဖြူလေးနဲ့အခြေအတင်တွေဖြစ်တော့တာဘဲ။ သူတို့တွေကလဲ ၀န်ထမ်းတွေခိုင်းတာလုပ်ပြီးအခွင့် အရေးယူနေကြလေ၊ ထောင်ပိုင်ဘာလိုတယ်၊ ဘာကြိုက်တယ်သိကြတယ်။ အဲလိုဘဲ ခုကိစ္စမှာလဲ ဘာလုပ်ပေးရမယ်ဆိုတာ သူတို့သိကြတယ်။
ကျွန်တော့ အကိုအပါအ၀င် တခြားရဲဘော်တွေကလဲ ဓါးစာခံတွေအတွက် နောက်ဆုတ်ပေးရမယ်
်ဆိုတာကို ပြောလာကြတယ်။ အမှန်က ကျွန်တော့်ကိုကျွန်တော်လဲ သိနေပါဘီ။ မခံရပ်နိုင်ဖြစ်နေတာပါ။ ဖြူလေးကို ရင်ဆိုင်ရမှာ၊ ကျွန်တော့်တယောက်ထဲအရိုက်ခံရမှာကို ဂရုမစိုက်ပါဘူး။ နောက်ဆုံးကျွန်တော် အားလုံးကို ပြောလိုက်တယ်။ ကျွန်တော့်ကိုဘဲ အရေးယူဘို့ ထောင်ပိုင်ကိုပြောမယ်ပေါ့။

စကားပြောပြီးချိန်လောက်မှာဘဲ ထောင်ပိုင် ဦးဘိုကြည်ပြန်ရောက်လာပါတယ်။ “ပုံစံ”လို့
အော်သံကြားပြီးတော့ “ဘယ်လိုလဲ မင်းတို့ဘယ်လို ဆုံးဖြစ်ထား လဲ”ဆိုပြီး မေးသံကြားပါတယ်။
ကျွန်တော့်က အခန်းတစ်ဆိုပေမဲ့ ၀င်ပေါက်ကအလယ်မှာဆိုတော့ နောက်ဆုံးမှ ကျွန်တော့်အခန်းကိုရောက်တာကိုး။ တခန်းချင်းဆီက “အားလုံးကို ငဲ့ပြီး ငုံ့ပေးပါမယ်”ဆိုပြီး ဆို့ဆို့နင့်နင့်နဲ့ပြောသံတွေကြားရတယ်။ အသားတွေဆိုတာ ထုံကျင်နေပြီး ရင်ထဲမှာ ဗလောင်းကို ဆန်နေတာဘဲ၊ မျက်ရည်တွေဝဲပြီး ဘာမှမမြင်တော့ဘူးလေ။

တခန်းခြင်းဆီမှာ ပုံစံအော်ခိုင်းပြီး ကိုယ့်ရဲဘော်တွေခေါင်းငုံ့ပြနေရတာကိုကော၊ ကျေနပ်ပီတိ ဖြစ်ပြီး မိန့်မိန့်ကြီးအောင်ပွဲခံနေတဲ့ သူ့မျက်နှာကိုကော အခန်းထဲကနေ အတွေးထဲမှာမြင်နေရတယ်။ ပြီးရင် ခြေကျင်းဖြုတ်ပေးလိုက်၊ ရေချိုး မိလ္လာချပေး လိုက် ဆိုတာလဲကြားရတယ်။

နောက်ဆုံးတော့ ကျွန်တော့်အခန်းကိုရောက်လာပါတယ်။ ကျွန်တော်က “မငုံ့နိုင်ဘူး”
ပြောလိုက်တယ်။ ပုံစံထပ်အော်တယ်။ တင်းထားတယ်။ လေး ငါးခါ ထပ်အော်တယ်။
“ဒါဆို မင်းတို့အခန်းကတော့ ဒီအတိုင်းနေပေါ့ကွာ။”တဲ့။ ဖြူလေးက “ငုံ့လိုက်ပါဗျာ၊ ဘဲကြီး”
ဆိုပြီးပြောတော့ “မင်း ၀င်မပြောနဲ့”လို့ တုံ့ပြန် လိုက်သေးတယ်။ တကယ်ဆို ထောင်ပိုင်တန်းစီမှာ စကားပြောခွင့်မရှိဘူးလေ။

အဲဒီအချိန်မှာ ကျွန်တော်အကိုက “ဘယ်သူမှ ၀င်မပြောနဲ့၊ ကျွန်တော့်ညီကို ကျွန်တော်ပြောမယ်၊
ထောင်ပိုင်ကြီး ခွင့်ပေးပါ။”လို့ လှမ်းအော်တယ်။ ထောင်ပိုင်က သူ့ကိုဖွင့်ပေးဘို့ပြောတယ်။ သူတို့ကြားထဲကနေဘဲ ကိုကြီးက ကျွန်တော့ရှေ့ကိုရောက်လာတယ်၊ သံတိုင်ကြားကနေ
ကျွန်တော့်ခေါင်းကို ကိုင်ပြီးတော့ “အခန်းထဲက ရဲဘော်တွေအတွက် စာနာပေးလိုက်ပါ”လို့
ပြော တယ်။ နောက်ဆုတ်ပေးရမှာကို သိနေပေမဲ့ ကျွန်တော်တင်းထားသေးတယ်။
မျက်ရည်တွေက ထိန်းမရတော့ဘူး၊ ဒေါသတွေကြောင့်ပေါ့။ “ပုံစံ”၊ “မလုပ်ပေး နိုင်ဘူး”၊
“လုပ်ပေးလိုက်ပါ”ဆိုတဲ့ ဆူညံသံတွေနောက်မှာ “ငုံ့မယ်”ဆိုပြီး ကျွန်တော် အကျယ်ကြီး
အော်ပစ်လိုက်ပါတယ်။

ထောင်ပိုင်က သုံးခါလောက်အော်ပြီးတော့ ငုံ့ခိုင်းတယ်။ ခြေကျင်းဖြုတ်ခိုင်းပြီးတော့
ကျွန်တော်တို့အားလုံးကို တခန်းထဲထားပေးဘို့ပြောပြီးထွက်သွားတယ်။ အဲဒီအဖြစ်အပျက်
ကလေးက ဘယ်တော့မှမေ့လို့ရမှာ မဟုတ်ပါဘူး။ မိဘရဲ့ အကြွးတွေကြောင့် ချစ်တီးသိမ်းပိုက်
တာကို ခေါင်းငြိမ့်လိုက်ရတဲ့ ကွမ်းတောင် ကိုင် တယောက်လို ခံစားရပါတယ်။

မြတ်လေးငုံ။
ထောင်ထဲမှာ ဆေးဝါးကုသမှုတွေကိုဘယ်လို လုပ်ပေးပါသလဲ။

ကိုမိုးကြီး။
ထောင်ဝင်စာလာနိုင်တဲ့သူတွေက မိသားစုတွေဆီကနေ ဆေးတွေမှာပြီး လိုအပ်တဲ့သူကို
(များသောအားဖြင့် ကိုယ့်ဘာသာ)ကုသကြရပါတယ်။

မြတ်လေးငုံ။
ဒုတိယအကြိမ်ထောင်ထဲပြန်လွှတ်လာတော့ ဘာတွေဆက်လုပ်ခဲ့လဲ။

ကိုမိုးကြီး။
ဒုတိယအကြိမ်အဖမ်းမခံရခင်ကတည်းက ကျွန်တော်ကအိမ်ထောင်ကျနေတာဆိုတော့ မိသားစုဘ၀ပြန်စဘို့အတွက် လွတ်လွတ်ချင်း စီးပွားရေးတွေလုပ်ခဲ့ ပါတယ်။ အဖွဲ့ချုပ်ရုံးမှာ လုပ်တဲ့အခမ်းနားတွေတော့ မကြာခဏသွားခဲ့ပါတယ်။ ရုံးကိုကတော့ ရောက်ဖြစ်နေပါတယ်။
၂၀၀၄ ခုနှစ်မှာ အမေရိကန် စင်တာမှာ အင်္ဂလိပ်စာသင်ယူခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် ဒီဇင်ဘာမှာ လွတ်မြောက်နယ်မြေကို ထွက်ဘို့ဆုံးဖြတ်ခဲ့ပါတယ်။

မြတ်လေးငုံ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေလာတဲ့လူတယောက်ဖြစ်တဲ့ ကိုမိုးမြတ်သူက
ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်လိုသုံးသပ်ချက်တွေရှိပါသလဲ။

ကိုမိုးကြီး။
အန်တီနဲ့ပါတ်သက်လို့ကတော့ “မြန်မာပြည်ရဲ့ တခုတည်းသော မီရှူးတန်ဆောင်”အဖြစ်မြင်ပါတယ်။ ခေါင်းဆောင်ဆိုတာ ခေတ်အဆက်ဆက်တော့ ရှိနေမှာ ပါ။ ဒါပေမဲ့ အန်တီလိုခေါင်းဆောင်မျိုးကတော့ ပေါ်ဘို့မလွယ်ပါဘူး။ အန်တီဦးဆောင်မှုနဲ့သာ တိုင်းပြည်ကိုတည်ထောင်ရမယ်ဆိုရင် အရှိန်အဟုန်ကော
သိက္ခာ အရပါ သူတို့တွေလုပ်နေတာထက် အများကြီးခရီးရောက်မှာပါလို့ အပြည့်အ၀ကိုယုံကြည်မိပါတယ်။

မြတ်လေးငုံ။
ဒီဘက်ကိုထွက်လာပြီး ဘာတွေဆက်လက်လုပ်ကိုင်နေပါသလဲ။

ကိုမိုးကြီး။
ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီရေးအတွက် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှာ လုပ်ဖေါ်ကိုင်ဘက်တွေနဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်ခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် တတ်နိုင်သလောက် လုပ်နေပါတယ်။

မြတ်လေးငုံ။
ကိုမိုးမြတ်သူကျမကိုဘာများပြောချင်ပါသေးလဲရှင်။

ကိုမိုးကြီး။
အခုလို ကျွန်တော့်ကိုယ်တွေ့လေးတွေကို ဖေါ်ပြခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီမိုကရေစီ တော်လှန်ရေးသမိုင်းမှာ ကျွန်တော်တို့တယောက်ချင်း စီရဲ့ အတွေ့အကြုံတွေ ပေးဆပ်မှုတွေက
အုဌ်တချပ် သဲတပွင့်ပါ။ အဲဒီလိုမျိုး သဲပွင့်လေးတွေ အုဌ်ချပ်လေးတွေနဲ့ မြတ်လေးငုံရဲ့ဘလော့ကို အလှဆင်ထား တာတွေ့ရတော့ ကျေနပ်ပါတယ်။ အရောင်မျိုးစုံ အုဌ်ချပ်လေးတွေ သဲပွင့်လေးတွေနဲ့ ထာဝရရှင်သန်နိုင်ပါစေလို့။

မြတ်လေးငုံ။
ကျမမြတ်လေးငုံကလဲကိုမိုးကြီးကိုယ်တိုင်စိတ်ရှည်စွာနဲ့ပြောပြပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။

မျှဝေခံစားနိုင်ပါစေ။

မြတ်လေးငုံ။

နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဘိုကြည် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ ..။


နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက လူ့အခွင့်အရေး လှုပ်ရှားသူ ၄ ဦးကို ယခုနှစ် လူ့အခွင့်အရေးဆုအတွက် ရွေးချယ်ရာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် ပါဝင်ကြောင်း သိရသည်။

နှစ် ၂၀ ကျော်အတွင်း မြန်မာပြည်ရှိ နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေများနှင့် စစ်အစိုးရ၏ မြောက်မြားစွာ လူ့အခွင့်အရေး ချိုးဖောက် မှုများကို သိရှိစေရန် ကြိုးပမ်းခဲ့သူ ဖြစ်သဖြင့် ကိုဘိုကြည်ကို 2009 Alison Des Forges Defender အမည်ရ လူ့အခွင့်အရေး ကာကွယ်သူများဆုကို ချီးမြှင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HWR ဝက်ဘ်ဆိုဒ်တွင် ယနေ့ ကြေညာလိုက်ခြင်း ဖြစ်သည်။

“ကျနော့်ကို ဂုဏ်ပြုတယ် ဆိုတာထက် အထဲမှာ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အညတြ နိုင်ငံရေးသမားတွေကို ဂုဏ်ပြုတယ်လို့ ကျနော် ထင်ပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP (B) မှ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “မြန်မာပြည် အပြောင်းအလဲပေါ့။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် ကြိုးစားနေတာပဲ။ ဆုရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ကျနော်တို့ ဆက်လုပ်ရမယ့် အလုပ်ပါ။ ကျနော်တို့ လှမ်းရမယ့် ပန်းတိုင်ကို ဆက်လှမ်းရမှာပဲ။ ဆုရတဲ့အခါ ကျနော်တို့ စိတ်ပိုင်းဆိုင်ရာ အားတက်မှုတွေ ဖြစ်လာတယ်။ မြန်မာနိုင်ငံမှာ ခံစားနေရတဲ့ အရာတွေကို ကမ္ဘာကြီးက ကျယ်ကျယ်ပြန့်ပြန့် သိလာပါတယ်။ ဒါတွေက ကျနော်တို့ အတွက် အားတက်စေတဲ့ အရာတွေ ဖြစ်တယ်” ဟု ပြောသည်။

ကိုဘိုကြည်နှင့်အတူ အီသီယိုပီးယားမှ တက်ကြွ လှုပ်ရှားသူ ရှေ့နေ မစ္စတာ Daniel Bekele ၊ ရုရှမှ အမျိုးသမီး သတင်းထောက် Elena Milashina ၊ ကွန်ဂိုမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ရေး ဆောင်ရွက်နေသည့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားတက်ကြွသူ မစ္စစ် Mathilde Muhindo တို့ကို HRW က ရွေးချယ်သည်။

လာမည့်လထဲတွင် ဆုရရှိသူ ၄ ဦးကို အင်္ဂလန်၊ ဂျာမဏီ၊ ပြင်သစ်၊ အမေရိကန်နှင့် ဆွစ်ဇာလန်သို့ ခေါ်ဆောင်ကာ မြို့ကြီး ၁၀ မြို့ထက်မနည်း တွင် အဖွဲ့နှစ်ပတ်လည် ညစာစားပွဲများဖြင့် ဂုဏ်ပြုသွားမည်။

သူတို့ထဲမှ ၂ ဦးကို ဥရောပနိုင်ငံများသို့၎င်း၊ ကျန် ၂ ဦးကို အမေရိကန်နှင့် ကနေဒါသို့၎င်း ခေါ်ယူ၍ သက်ဆိုင်ရာ နိုင်ငံများ၏ လက်ရှိ လူ့အခွင့်အရေးနှင့် နိုင်ငံရေး အခြေအနေကို ရှင်းလင်းတင်ပြခွင့် ပေးသွားဦးမည် ဖြစ်သည်။

ကိုဘိုကြည်က ''တွေ့သင့်တွေ့ထိုက်တဲ့ သူတွေနဲ့ တွေ့ခွင့်ရမယ်။ နိုင်ငံရေးအရ ကျနော်တို့ ပြောနိုင်ဆိုနိုင်ရင် ပြောနိုင်ဆိုနိုင်သလောက် ကျနော်တို့ နိုင်ငံအတွက်၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေအတွက် တော်တော်လေး အကျိုးသက်ရောက် နိုင်တယ်” ဟု ပြောသည်။

''ဖြစ်ပျက်နေတာတွေက လူ့အခွင့်အရေး ချိုးဖောက်မှု တခုထဲလို့ ပြောလို့ မလုံလောက်ပါဘူး။ လူသားဖြစ်တည်မှု ရာဇဝတ်မှုကြီးကို ချိုးဖောက် နေတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေဟာ စစ်ကြောရေး စခန်းတွေမှာ၊ ထောင်ထဲမှာ နှိပ်စက်ခံရတယ်။ နယ်စပ်ဒေသတွေမှာလည်း တိုင်းရင်းသားတွေဟာ အဓမ္မပြုကျင့်ခံရ၊ အသတ်ခံနေရ၊ အဖမ်းခံရတာတွေက နေ့တဓူဝ ခံနေရတယ်။ ဒါတွေ ကျူးလွန်နေတာက စစ်အစိုးရ ကျူးလွန်တာ ဖြစ်တယ်'' ဟု AAPP (B) တွဲဘက် အတွင်းရေးမှူးက ဆက်ပြောသည်။

ကိုဘိုကြည်ကို ပြီးခဲ့သည့်နှစ်က ၂၀၀၈ လူ့အခွင့်အရေး ကာကွယ်သူများဆုကို HRW ကပင် ချီးမြှင့်ခဲ့သေးသည်။

သက်တမ်း အနှစ် ၃၀ ခန့်ရှိ HRW သည် ကမ္ဘာတဝှမ်းရှိ လူထုများကို တရားမျှတရေးနှင့် လုံခြုံရေးအတွက် ရည်ရွယ်ကာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို လေ့လာ စောင့်ကြည့်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ အလေးဂရုပြုစေရန် ဖော်ထုတ်တင်ပြနေသည့် လွတ်လပ်သော အဖွဲ့အစည်းတရပ် ဖြစ်သည်။

http://www.mizzimaburmese.com/ မှပြန်လည်မျှဝေလိုက်ပါတယ်။

မြတ်လေးငုံ။

07 October 2009

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်မံတွေ့ဆုံ

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ကိုယ်စားလှယ်
ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ
ရိပ်သာတွင် ဒေါ်အောင်ဆန်းစုကြည်က နအဖ အကြီးအကဲထံ ရေးသားပေးပို့သော စာနှင့် ပတ်သက်၍ ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုသည် ၂၅ မိနစ်အကြာတွင် ပြီးဆုံးသွားခဲ့သည်။

ပထမအကြိမ်(၃.၁၀.၂၀၀၉)တွေ့ဆုံးပြီးယခုဒုတိယအကြိမ်ထပ်မံတွေ့ဆုံခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းချက်နှင့် သက်ဆိုင်သည်ဟူ၍ အန်အယ်ဒီ ပါတီ
ပြောခွင့်ရ ဦးဥာဏ်ဝင်းက အစောပိုင်းတွင် ပြောဆိုခဲ့သည်။

မြတ်လေးငုံ။

အမေရိကန်နိုင်ငံသား ကိုညီညီအောင် အမှုအတွက် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်းတို့ လိုက်ပါဆောင်ရွက်မည်။


ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံရသော အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ) ကိုညီညီအောင် ၏အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးရနှ် ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေကြီးများဖြစ်ကြသည့် ရှေ့နေကြီးဦးကြည်ဝင်း နှင့် ဦးဥာဏ်ဝင်းတို့အား အမေရိကန်သံရုံးမှ တိုက်ရိုက်တောင်းဆို လာပါတယ်။ ထို့အတွက်ကြောင့် ရှေ့နေကိုယ်စားလှယ် လွှဲစာသွားရောက် ယူဆောင်ခဲ့ကြောင်း ထိုအမှုတွင် လိုက်ပါဆောင်ရွက်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းကပြောဆိုပါတယ်။

ဒီနေ့အန်ကယ်တို့ ကိုညီညီအောင် အမှုမှာလိုက်ပါဆောင်ရွက်ပေးဖို့ အမေရိကန်သံရုံးက တိုက်ရိုက် တောင်းဆိုလာတဲ့ အတွက် အမှုအတွက် အင်းစိန်ထောင်မှာ ကိုယ်စားလှယ်လွှဲစာ သွားရောက် ရယူပါတယ်။ အမေရိကန်သံရုံးက တောင်းဆိုလာတာပါ။ ဦးကြည်ဝင်းနဲ့ အန်ကယ်တို့နှစ်ဦး လိုက်ပါ ဆောင်ရွက်မှာပါ။ ကိုညီညီအောင်နဲ့တော့ တွေ့ခွင့်မရသေးပါဘူး။ တရားရုံးတင်ပြီးမှ တွေ့ခွင့်ရမှာပါ။ ဟိုတုန်းကတော့ ရှေ့နေတွေက အရင်တွေ့ခွင့်ရှိပါတယ်။ အခုတော့ တရားရုံးတင်ပြီးမှ တွေ့ခွင့်ရမှာပါ .......ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။ ၂၄ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ကိုညီညီအောင်ရဲ့ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။

ဥပဒေချိုးဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်သည့် ဂျွန်ယက်တော အမှုတွင် ထောင်၇ နှစ်ချမှတ်ပြီးမှ အမေရိကန်လွှတ်တော်အမတ် ဂျင်မ်ဝက် ရောက်ရှိလာချိန်၌ စစ်အစိုးရမှ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ယခုအမေရိကန်နိုင်ငံသား ကိုညီညီအောင် အမှုတွင်လည်း အမေရိကန်အစိုးရ နှင့်စစ်အစိုးရတို့ မည်သို့မည်ပုံ ဖြေရှင်းဆောင်ရွက်မည်ကို အကဲခတ်သူများက လေ့လာစောင်ကြည့်နေပါတယ်။

ပေးပို့လာသူ...........ဒီမိုဝေယံ..။

06 October 2009

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ခြင်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သမိုင်း(၁)

ဆက်လက်ဖော်ပြပါမည်။

ဆောင်းပါး ပေးပို့သူ.........ကိုဗလ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် )လွတ်မြောက်နယ်မြေ။

မြတ်လေးငုံ..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှား။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှား ဌာနခွဲ၏ အမေ့ကျောင်းဖွင့်ပွဲ
အခမ်းအနား။


အမေ့ကျောင်းဖွင့်ပွဲ

ယနေ့ ၄.၁၀.၂၀၀၉ မနက် ၁၀း၀၀ နာရီခန့်က မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့တော် ၊ကပ်ပုန်းနယ်မြေတွင် မြန်မာမိခင်နှင့် ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေး (MMCP) အဖွဲ့မှ အမေ့ကျောင်း အမည်ရှိ စာသင်ကျောင်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အခမ်းအနားကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) မလေးရှားမှ ဥက္ကဌဦးကျော်ကျော်နှင့် MMCP ဥက္ကဌဒေါ်ကြင်သန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အတွင်းရေးမှူးဦးသိန်းအောင် ၊ စီမံကိန်းဒါရိုက်တာဒေါ်အေးအေး တို့မှအသီးသီး အမှာစကားပြောကြားပြီး အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်အေးအေးချို မှအမျိုးသမီး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကြပါတယ် ။ ဆက်လက်ပြီး NLD (LA) MALAYSIA မှ အတွင်းရေးမှူး ကိုအောင်ကျော်ဆက် နှင့် ကြွရောက်လာကြသော ဧည့်သည်တော်များမှ ဂုဏ်ပြုစကားများပြောကြားပြီး အခမ်းအနားကို နေ့လည် ၁း၀၀ နာရီခန့်တွင် အမေ့ကျောင်း သီချင်းကို သံပြိုင်သီဆို၍ အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါတယ် ။ အခမ်းအနားသို့ မြန်မာ့စေတနာရှင်များ NGOs အဖွဲ့အစည်းများ ဖိတ်ကြားထားသော ဧည့်သည်တော်များ လူဦးရေ (၈၀) ခန့် တက်ရောက်ကြပါတယ် ။ MMCP အဖွဲ့က မြန်မာကလေးများအတွက် မလေးရှားနိုင်ငံ ပြည်နယ်ဒေသအသီးသီးတွင်အမေ့ ကျောင်းများ ထပ်မံဖွင့်လှစ်သွားဦးမှာ ဖြစ်ပါတယ် ။.....။


ပေးပို့လာသူ....အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနခွဲမှ ဥက္ကဌ ကိုကျော်ကျော် အားကျေးဇူးတင်ပါသည်။

03 October 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားဗိုလ်ချုပ်အောင်ကြည်တွေ့ဆုံ။



ယနေ့ နေလည် (၁)နာရီမှ(၁)နာရီ(၄၅)မိနစ်ထိ ရန်ကုန်မြို့ ၊ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်အောင်ကြည် တို့တွေ့ဆုံခဲ့ကြပါတယ်။
ဘာကြောင့်တွေ့ဆုံသည်ကိုတော့သေချာမသိရှိသေးပါ။

------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေး။

မနေ့ကဒေါက်တာတင်မျိုးဝင်းနှင်ဒေါ်အောင်ဆန်းစုကြည်အားတွေ့ဆုံခွင့်ပေးပါသဖြင့်
ကျန်းမာရေးကိုစစ်ဆေးခွင့်ရပါသည်။ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးကောင်းမွန်
ကြောင်းသိရှိရပြီးနောက်ကိုလဲလစဉ်ပထမအပါတ်ကြာသပတေးနေ့တိုင်း ကျန်းမာရေးစစ်ဆေးခွင့့််ကိုလဲပေးလိုက်ပါသည်။

------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည်၏အယူခံလွှာ။

ဒေါ်အောင်ဆန်းစုကြည်၏အယူခံလွှာကိုလဲတိုင်းတရားရုံးမှာပယ်ချခံလိုက်ရသော်လဲဆက်လက်ပြီး
ဗဟိုသို့အယူခံလွှာကိုတင်သွင်းသွားမည်ဟုအမျိုးသားဒီမိုကရေစီအဖွဲချုပ်၏ပြောခွင့်ရဦးညဏ်ဝင်းက
ပြောကြားသွားပါသည်။
----------------------------------------------------------------------
မြတ်လေးငုံ။

*သံ တိုင်ကြားကN.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များ*

ုံကျမတို့နိုင်ငံမှာ စစ်အာဏာရှင်တွေက N.L.D.ပါတီဝင်တွေအပေါ်မှာ ညှင်းပန်းနှိပ်စက်ပုံတွေကျမ လက်လှမ်းမှီသလောက်စုစည်းပြီးတင်ပြပေးသွားပါမယ်။ N.L.D(လူငယ်)နောက်တဦးအနေနဲ့ ကိုနေတင်မြင့်နဲ့ စကားလက်ဆုံ မေးမြန်းထားခဲ့တာတွေ ကိုပြန်လည်ဖော်ပြပေးပါမယ်။

(ကိုနေတင်မြင့်)


မြတ်လေးငုံ။
ကိုနေတင်မြင့် အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုဘယ်အချိန်က စတင်ဝင်ရောက်ခဲ့ပါ
သလဲရှင်။

ကိုနေတင်မြင့်။
ကျနော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီစတင်ဖွဲ့စည်းကတည်းက လူငယ်တယောက်
အနေနဲ့ ပါဝင် လှုပ်ရှားခဲ့ပါတယ်။ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့ဦးဆောင်မှုဖြင့်
ဖွဲ့စည်းခဲ့တဲ့အခါမှ (NLD)လူငယ်ဗဟိုတာဝန်ခံ အဖြစ်တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။
(NLD) လူငယ်စတင်ဖွဲ့စည်းတဲ့ အချိန်မှာ(NLD) ဗဟိုလူငယ်တာဝန်ခံကို (၁၉)ဦး
နဲ့စတင်အကောင်ထည် ဖော်ဆောင်ရွက်ခဲ့ပါတယ်။

မြတ်လေးငုံ။
NLD ပါတီမှာ အဲဒီအချိန်တုန်းက လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုတာဝန်မျိုးကို
ယူခဲ့ရပါသလဲ။နောက်ပိုင်း ဘာတာဝန်တွေကို ထပ်ပြီး ထမ်းဆောင်ခဲ့ရပါသလဲရှင်။

ကိုနေတင်မြင့်။
(၁၉၈၈၊ ၁၉၈၉ )ကာလမှာ ကျနော် ဒီမိုကရေစီနှင့်လူအခွင့်အရေးအတွက်
(NLD)ပါတီရဲ့ ဗဟိုလူငယ်တာဝန်ခံတယောက်အနေနဲ့ တာဝန်ယူခဲ့သလို
ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို အနီးကပ်တာဝန်ယူခဲ့တဲ့ရတဲ့
(သုံးရောင်ခြယ်ကျောင်းသားများတပ်ဦး)ရဲ့အထွေထွေအတွင်းရေးမှူးတာဝန်ကိုလဲ
ထမ်းဆောင်ခဲ့ရပါတယ်။ ( ၁၉၈၉ )မှာစစ်အာဏရှင်တို့ရဲ့ ဖမ်းဆီးမှုကိုခံယူရပြီး
ထောင်ကျခဲ့တဲ့အတွက်နောက်ထပ်တာဝန်များကို မယူနိုင်ခဲ့တော့ပါဘူး။

မြတ်လေးငုံ။
ဗဟိုလူငယ်စတင်ဖွဲ့စည်းချိန်တည်းကပါဝင်ခဲ့တာဆိုတော့လူငယ်ဖြစ်ခဲ့တဲ့ကိုနေကြီးရဲ့ ခံစားချက်။

ကိုနေတင်မြင့်။
(NLD)ဗဟိုလူငယ်တာဝန်ခံ အနေနဲ့ရယ် (သုံးရောင်ခြယ်ကျောင်းသားများတပ်ဦး)ရဲ့
အထွေထွေအတွင်းရေးမှူး တာဝန်တွေကိုယူခဲ့ရတဲ့ အတွက်တာဝန်ယူမှု တွေပိုကြီးလာ
ပါတယ်။ ဒီမိုကရေစီနဲ့အခွင့်ရေးတွေ အမိမြန်မာပြည်မှာ ပေါ်ထွန်းရေးအတွက်
ယုံကြည်ချက်အပြည့် ဇွဲ့သတ္တိအားမာန်နဲ့ လုပ်ဆောင်နိုင်တဲ့ စိတ်ခံစားချက်ကိုရရှိခဲ့ပါတယ်။

မြတ်လေးငုံ။
ကိုနေကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စည်းရုံးရေးခရီးစဉ် တွေပါခဲ့ဘူးတော့
အတွေ့အကြုံလေး တွေပြောပြပေးပါလား။

ကိုနေတင်မြင့်။
၁၉၈၈ သြဂုတ်လ (၂၆) ရက်နေ့မှာ ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်မှာ ဒီမိုကရေစီ
လူထု ဟောပြောပွဲကြီးမှာ ဒေါ်အောင်ဆန်းစုကြည် စတင်ဟောပြောပြီး နောက်ပိုင်းက
တည်းက အန်တီနေအိမ် အကျယ်ချုပ်မချခင် ကာလအထိအန်တီနေအိမ်ခြံဝင်းအတွင်း
နေထိုင်ခဲ့ရပြီး တိုင်းနယ့်ပြည်နယ်အနှံ စည်းရုံးရေး ခရီးစဉ်တိုင်းလိုလို ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေးကိုတာဝန်ယူခဲ့ရပါတယ်။

အန်တီ ၏ ညဏ်အမြော်မြင် ကြီးမားမှု၊ သွက်လက်ထက်မြက်မှု၊ ပြည်သူလူထုကြီးကို
အလေးထားဆက်ဆံမှု၊ မြန်မာနိုင်ငံတော်ကြီးနှင့် ပြည်သူလူထုအပေါ်ထားရှိတဲ့
အန်တီရဲ့စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားပေးဆပ် အနစ်နာခံမှုတွေက ကျနော်တို့အတွက်
အတုယူစရာဖြစ်သလို၊ မိခင်တယောက်အနေနဲ့ ကော ခေါင်းဆောင်ကောင်း
တယောက်အနေနဲ့ကော ရိုသေလေးစားချစ်ခင်မိပါတယ်။

မြတ်လေးငုံ။
ကိုနေကြီးက နိုင်ငံရေးအကျဉ်းသား တယောက်ဆိုတော့ဘာကြောင့်ဖမ်းဆီးခံ
ရတာလဲ။ နောက်ဘယ်မှာဖမ်းခံခဲ့ရတာလဲ။ ဘာပုဒ်မနဲ့လဲ။ ကိုနေကြီး
ထောင်ဘယ်နှစ်နှစ်ကျခဲ့လဲ။ နောက်အမှုတွဲဘယ်နှစ်ယောက်လဲ။
ကိုနေကြီးထောင်ပြောင်း ခဲ့ရသေးတယ်နော်။ ဘယ်ထောင်တွေလဲပြောပြပေးပါ။

ကိုနေတင်မြင့်။
ပထမအကြိမ် ၁၉၈၉ မှာဒီမိုကရေစီနှင့် လူခွင့်ရေးတရားဟောပြောမှုနဲ့ စစ်ခုံးရုံးမှ(၃)မှာ
ပုဒ်မ၅(ည)နဲ့ ထောင်ဒဏ်(၄)နှစ် ။ ဒုတိယတကြိမ်မှာ ညီလာခံကိုဆန့်ကျင် လှုံဆော်ဖြန့်ဝေမှု၊ နိုင်ငံတကာအသင်းအဖွဲ့များနှင့် ဆက်သွယ်မှုစသဖြင့် ၅(ည)/၁ရ/၁/၁ရ/၂၀ပုဒ်မ(၄)ခု
နဲ့စွဲ့ချက်တင်ခံခဲ့ရတယ်။

ထောင်ဒဏ်အနှစ်(၂၀) ချမှတ်ခဲ့တယ်။ ပထမအကြိမ်က အမှုနှင်တပေါင်းတည်းကျခံခဲ့ရပါတယ်။
အမှုတွဲတွေက ဒေါက်တာအောင်ခင်ဆင့် အပါအဝင် (၁၂ )ယောက်။ စစ်အာဏရှင်အောက်မှာ
ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် လုပ်ခဲ့လိုထောင်(၂)ခါကျခဲ့ရပါတယ်။

ထောင်ထဲမှာစုစုပေါင်း (၁၅)နှစ်ကျော်ကျော်နေခဲ့ရပါတယ်။ အဲဒီကာလအတွင်းမှာ
ထောင်တွေပြောင်းရွေ့ခံရပြီး ထောင်တွေက တော့အင်းစိန်ထောင်၊ တွဲ့ဘက်ထောင်(အင်းစိန်)၊ သာယာဝတီထောင်၊ မန္တလေးထောင်၊ မြင်းခြံထောင်၊တို့ပါဘဲ၊ အကြားဆုံးနေခဲ့ရတာ
ကတော့မြင်းခြံထောင်မှာပါ။

မြတ်လေးငုံ။
ကိုနေကြီး မြင်းခြံထောင် ရဲ့ကြမ်းတမ်း ပုံတွေပြောပြပါ။ မြင်းခြံထောင်မှာ ဆေးဝါးကုသပေးမှုရှိ
မရှိပြောပြပေးပါ။ မြင်းခြံထောင်ထဲမှာ ပြစ်ဒဏ်ခံရပုံလေးကိုပြောပြပါ။ ထောင်ထဲမှာနေစဉ်စိတ်
ခံစား ချက်လေးကိုပြောပြပေးပါ။

ကိုနေတင်မြင့်။
ထောင်တွင်း အတွေ့အကြုံတွေကို ပြောရရင်တော့ ပြောလို့မကုန်ပါဘူး။ စာရေးဆရာ
(ရန်အောင်မောင်မောင်) ရေးတဲ့စာအုပ်လိုပေါ့ ထောင်တဆက် စာအုပ်လောက်ကို ရနိုင်ပါတယ်။ပြောရရင်တော့နေစဉ်နဲ့အမျှစိတ်နှောက်ယှက်ဖြစ်ရတာတွေ၊
ဖိနှိပ်ညှင်းပန်းမှုတွေနဲ့၊စိတ်ဓာတ်အင်းအားနဲ့ပြန်လည်တုံပြန်တိုက်ခိုက်ခဲ့ရတာပါဘဲ။

လွှတ်လွတ်မှု၊မျှတမှုကိုလိုချင်လိုကလောင်တံကိုင်တဲ့လက်တွေ၊စွန့်လွှတ်စွန့်စားမှုနဲ့
အပြင်လောကမှတိုက်ပွဲဝင်လာသလိုထောင်ကျပါတယ်၊ ထောင်ထဲမှာလွှတ်လပ်မှုကိုပိတ်ပင်၊
လူအခွင့်အရေးတွေကိုတားဆီး၊ လူလူချင်ဥပဒေမဲ့ညှင်းပန်းနှိက်စက်မှုတွေ၊ထပ်လုပ်နေတော့
ခွပ်ဒေါင်းစိတ်ဓာတ်တွေဘဲ(ဖိလျှင်ကြွ၊ထိရင်ချ)ဆိုတဲ့ အတိုင်းလက်တုန့်ပြန်ကြတာပေါ့။
အဲလိုတိုက်ရင်းနဲ့ထောင်ထဲမှာအမှန်တရားတွေ၊ လွပ်လပ်မှုတွေအတွက်ထောင်ထဲမှာ
အသက်ပေးခဲ့ရတဲ့အာဇာနည်ရဲဘော်များ ဟာလဲအများကြီးပါဘဲ၊ သူတို့အတွက်ကျနော်
အမြဲတမ်းအလေးပြုဂုဏ်ယူလျှက်ပါ။

ထောင်တွင်း ညှင်းပန်းနှိပ်စက်မှု တွေကိုပြောပြရရင်တော့ အများကြီးပါဘဲ ။ ညီမ မေးလိုသာ
ပြောရတာပါ။ ပထမအကြိမ် နိုင်ငံရေးတရားဟောစဉ် အဖမ်းခံရစဉ်ကဘေးမှာ ကျောင်းသား
ပြည်သူတွေက ကျနော်ကိုဖမ်းဆီး ထိုးကြိတ်နေတာကို မခံမရပ်နိုင်ကြလို့ ထောက်လှမ်းရေးတွေကို တွေ့ရာပစ္စည်းတွေနဲ့ပေါက်နှက်ကျလို့ ထောက်လှန်းရေးတွေ တော်တော်လေးကို ဒဏ်ရာတွေ
ရခဲ့ပါတယ်။ လာဖမ်းတဲ့ကားလဲ တော်တော်လေးကို ကြေမွပျက်စီးသွားပါတယ်။

ကျနော် ကားပေါ်လဲ ရောက်ရော ကျနော်ဦးခေါင်းကို ဓားနဲ့ထိုးစိုက်ချင်းကိုခံခဲ့ရတယ်။
ပြီးတော့စစ်ကြောရေးမှာ ကျနော်နဲ့ပါတ်သက်တဲ့လူတွေကို ဖော်ထုတ်ခိုင်းပြီးမပြောလို့
ိုဆိုပြီးကြမ်းပြင်ပေါ်မှာ ခဲသေးသေးလေးတွေခင်းထားပြီး ဒူးထောက်ခိုင်းတယ်။ မျက်နှာကိုလဲ အဝတ်နဲ့အုပ်ထားတယ်၊ လက်နှစ်ဘက်ကိုလဲလေပေါ်မှာ တန်းလှန်းချီထားသေးတယ်။


သူတို့ နောက်ကနေ ကန်ကြောက်တာလဲ ခံနေရတာပါ။ ခေါင်းကိုလဲသံပုံးစွတ်ပြီး အဆက်
မပြတ်တီးတာလဲခံရသေးတယ်။ နားထဲက သွေးတွေကျတဲ့အထိအောင် ခံစားခဲ့ရပါတယ်။
နောက်ဆုံးမေးတာတွေကို မဖြေလို့ဆိုပြီးထပ်လုပ်တယ်။ ကျင်စက်နဲ့ ထပ်တို့ခံရပြန်တယ်။ ဒါကတော့စစ်ကြောရေး အတွေ့အကြုံတွေပါ။

ထောင်အတွေ့အကြုံကတော့ မြင်းခြံ့ ထောင်အကြောင်းပြောပြပါမယ်။ အကြာဆုံးနေလာခဲ့တဲ့
အတွက်ပါ၊ နိုင်ငံရေးသမားတွေက အလုပ်လုပ်ခိုင်းတာ မလုပ်နိုင်ဘူးဆိုပြီးတော့တုန့်ပြန်တဲ့
အခါမှာ ကျနော်ကို ခြေကျင်းဝတ်ထောက်နဲ့ တနှစ်ကျော်ကျော် ထားခဲ့ပါတယ်။ ဒီကြားတည်း
ဒေါက်တချောင်း ထပ်တိုးပြီး ထားတာခံခဲ့ရပါတယ်။ ခြုံစရာစောင်မရှိ၊ ခေါင်းအုံးမရှိ၊ အခင်းမရှိ၊
ထောင်ဝင်စာလဲပိတ်တာခံထားရပါသေးတယ်။

သူတို့ကျွေးတဲ့မဝထမင်း၊မဝတဲ့ရေကိုသောက်ခဲ့ရတာပါ။ဒါအပြင်ငရဲလမ်းလို့ခေါ်တဲ့ ကျောက်စရစ်ချွန်ချွန်သေးသေးလေးတွေ အပေါ်မှာခြေကျဉ်းကြီးနဲ့ ထောက်ကြီးနဲ့
မိချောင်း တွားတက်ခဲ့ရပြီး၊ ဘေးတချက်တဘက် ကနေပြီးကျွဲရိုက်တဲ့ကြိမ်လုံးကြီး
တွေနဲ့ မရေတွက်နိုင်လောက်အောင်ရိုက်ခံခဲ့ရပါတယ်၊ အချက်(၁၀၀)ကျော်လောက်
်ရှိမှာပါ။

ညနေပိုင်းမှာ ကျနော်တို့တွေကို (တလပေါ)လို့ခေါ်တဲ့ဟင်းရွက်ပြုတ်ရေကို မဝရေစာ
ထမင်းနဲ့လာကျွေးခဲ့ပါတယ်။နောက်(တလပေါ)ဟင်းရေကိုခပ်ပြီးလာပေးတဲ့ပုံကလဲမနက်
ဆိုရင်စိုက်ခင်းအတွက်ကျင်ငယ်တွေကိုခပ်ပြီးလောင်းတဲ့ပုံးနဲလာပေးတာလေ၊ကျန်းမာရေး
အရဘယ်လို့ကောင်းမလဲစဉ်းစားကြည့်ပါတော့။

ကိုယ်တွေကသိနေပေမဲ့လဲကိုယ်အတွက်စားဘို့ကိုဘယ်မှာမှမရှိတော့သူတို့လာပေးတဲ့ဟင်းနဲ့
ထမင်းကိုမစားဘဲမနေလို့မရဘူးလေစားရတာဘဲ။ဒီတော့လူတွေကကျန်းမာရေးတွေဆိုးဝါး
လာတော့တာပါဘဲ။သောက်ရေအိုးကိုလဲလောက်တွေကျလို့နောက်စာကလေးချီတွေပါထား
လိုလဲပေးပို့ပြောတော့လုံးဝကိုမလာလုပ်ပေးခဲ့ပါဘူး၊နောက်ဆုံးတော့လဲမတတ်နိုင်တဲ့အဆုံး
လောက်ကောင်တွေကိုဖယ်ပြီးသောက်ခဲ့ရပါတယ်။

နောက် ထောင်လက်စွဲဥပဒေအတိုင်း အကျဉ်းသားများရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ
ကိုတောင်းလို့ဆိုပြီးတိုက်ပိတ်တာ ကိုခံရပြန်တယ်။ ရေကိုတနေ့ကို ၂ ခွက်ဘဲလာတိုက်တယ်။
ထမင်းပုံစံနည်းနည်းလာကျွေးတယ်။မိလ္လာကိုတနေ့တခါလာပြီးမလဲတော့မိလ္လာတွေက
ိုပြည့်လျှံပြီးအပြင်ကိုကျလာတာပေါ့နောက် လောက်ကောင်တွေလဲတက်လာတာဘဲလေ။
လောက်ကောင် တွေကလဲကိုယ်ပေါ်ကိုညအိပ်တာနဲ့တက်လာတာဘဲ။

နောက် မိသားစုဆီကို စာရေးခွင့်ရဘို့အစာ အငတ်ခံပြီးဆန္ဒပြတော့ ထောင်ပိုင်ကိုယ်တိုင်
ေ၇အိုးကို ရိုက်ခွဲသွားပြီး ရေမသောက်ရတာ (၁၀)ရက်။ ဒီလိုနဲ့ဘဲတရက်တလတနှစ်
နောက်တော့၁၀စုနှစ်နီးပါးကြာခဲ့ပါတယ်။ ခြေကျဉ်းဒဏ်ကြောင့် အောက်ပိုင်းကို
(၂)ခါချိတာခံခဲ့ရပါတယ်။ဆေးဝါးကုသပို့ကတော့နတ္တိပါဘဲ။ ဒါတွေဟာယုံကြည်ချက်
ကိုပိုမိုခိုင်မာစေပြီး သံရိုင်းတုံးတခုကိုသံမဏီပြားတခုဖြစ်အောင် လုပ်ပေးတယ်
လို့ခံယူပါတယ်။

မြတ်လေးငုံ။
ကိုနေကြီး ထောင်ထဲပြန်လွှတ်တဲ့ နေ့လေးကိုပြောပြပေးပါ။

ကိုနေတင်မြင့်။
နှစ်ခါပေါင်း ၁၉၈၉ မှ ၂၀၀၅ ထိထောင်ထဲမှာနေခဲ့ရတယ်။ ၂၀၀၅ ဂျူလိုင်
(၆)ရက်နေ့ မှာမြင်းခြံထောင် ကနေအကျဉ်းထောင် ဥပဒေလက်စွဲ ပုဒ်မ(၄၀၁)ချွင်းချက်မရှိ
လွှတ်ပေးခဲ့တယ်။ မြန်မာဆိုးရိုး စကားပုံရှိခဲ့တယ်ညီမ။ ရှင်လိင်ပြန်တဲ့နေ့၊ မိန်းမယူတဲ့နေ့၊ ထောင်ထဲကပြန်လွှတ်တဲ့နေ့၊ ပျော်ရွှင်ခြင်းသုံးရပ် ကိုဖော်ပြပေးထားတယ်လေ။
ကျနော်ကတော့ မပျော်ရွှင်ခဲ့ပါဘူး တကယ်အမှန်ပါ။ပွင့်ပွင့်လင်းလင်းပြောတာပါ။

အကျဉ်းထောင် ထဲက အခန်းကျဉ်းကျဉ်းလေးထဲမှာ နေလာတဲ့နှစ်တွေနဲ့ အပြင်ကို
ိုပြန်ရောက်တော့ သိပ်ကျယ်ဝန်းတဲ့ မြန်မာပြည်ကြီးထဲ ကိုထောင်ထပ်ပြောင်းရွေ့ခံရတယ်
လို့ခံစားခဲ့ရပါတယ်။ မလွှတ်မြောက်ဘဲ ကျန်ရှိနေတဲ့ရဲဘော်များရဲ့မျက်နှာ၊ လွတ်လပ်မှုမရှိဘဲ
သွားလာတိုင်း စောင့်ကြည့်ခံနေရတဲ့ဘဝတွေ လူထုရဲ့ ဘက်ပေါင်းစုံကချွတ်ခြုံကျမှု၊
ငိုကြွေးမြည်းတံမှု၊ ဝေဒနာများရဲ့ တောက်ခေါက်သံ၊ ဒါတွေဟာ မပြီးမြောက်သေးတဲ့
တော်လှန်းရေးကိုပြီးမြောက် အောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ အသိ စိတ်ဓာတ်ကို
ကျောက်တိုင်ကြီး လိုပိုမိုခိုင်မာလာ စေခဲ့တယ်၊ ဒီလိုမျိုး ကျနော်တို့စ ခဲ့တဲ့တော်လှန်းရေးကြီး
ကိုကျနော်တို့ ကိုယ်တိုင်ဘဲ အဆုံးသတ်မယ်လို့ စိတ်ထဲမှာ ခိုင်မာစွာခံယူထားတယ်။

မြတ်လေးငုံ။
ကိုနေကြီး အနေနဲ့ ၈၈ မျိုးဆက် ဆိုပြီး ဆက်လုပ်ခဲ့တဲ့ ရည်ရွယ်ချက်လေးကို
လဲပြောပြပါ။

ကိုနေတင်မြင့်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို မင်းကိုနိုင်၊ မင်းဇေယျ၊ ဌေးကြွယ် ၊ မြအေး၊
ကျနော် တို့တတွေစည်းရုံးစွာနဲ့ ငြိမ်းချမ်းလှုံဆော်မှုတွေကို စတင်ခဲ့တယ်၊ ရဟန်းရှင်
လူ ကျောင်းသားပြည်သူတရပ်လုံးပူးပေါင်းပါဝင်ခဲ့တဲ့ ၂၀၀ရ ရွှေဝါရောင်တော်လှန်းရေး
တို့ကို စတင်ဖြစ်ပေါ်လာစေခဲ့ပါတယ်။

မြတ်လေးငုံ။
ကိုနေကြီးအနေနဲ့ ဒီဘက်ရောက်လာတော့ လဲဘယ်မှာ ဆက်လုပ်ခဲ့တယ်ဆိုတာလေး
ကိုလဲပြောပေးပါ။

ကိုနေတင်မြင့်။
၂၀၀၇ စက်တင်ဘာရွှေဝါရောင် တော်လှန်းရေးမတိုင်ခင်မှာ ကျနော်ထိုင်းနိုင်ငံ
မဲဆောက်ကိုထွက်လာခဲ့တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
မှာ ပါဝင်ခဲ့ပြီးဆက်လက် လှုပ်ရှားခဲ့ပါတယ်။ ဒါအပြင် CMM လို့ခေါ်တဲ့ပြည်တွင်း
လှုပ်းရှားကော်မတီအဖွဲ့မှာCo-ordinator အဖြစ် လှုပ်ရှားခဲ့ပြန်တယ်။ ဒီလိုနဲ့ ၂၀၀၈
ဧပြီလ ၉ ရက်နေ့မှာ အမေရိကန်နိုင်ငံကိုရောက်ရှိခဲ့ပါတယ်။
ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အမေရိကန်ဌာနခွဲ့မှာ
အတွင်းရေးမှုးအနေ နဲ့ ဆက်လက် တာဝန်ထမ်းဆောင်နေပါတယ်။

မြတ်လေးငုံ။
ခုလို
မအားတဲ့ကြားတည်းက ညီမကို စိတ်ရှည်စွာနဲ့ပြောပြပေးတဲ့ ကိုနေကြီး (ကိုနေတင်မြင့်)
အထူး ကျေးဇူးတင်ပါတယ်။ ညီမကို ကိုနေကြီးအနေနဲ့ဘာများပြောချင်ပါသေးလဲ။

ကိုနေတင်မြင့်။
ကိုယ်ပါတီအောက်မှာ ခုထိ ပါတီအပေါ်စိတ်ပါဝင်စားစွာနဲ့ ကိုယ်နိုင်တဲ့ဘက်ကနေပြီးဝိုင်းဝန်း
လုပ်ကိုင်ပေးနေတဲ့ ညီမ(မြတ်လေးငုံ)ကိုလဲ အကိုတို့က လေးစားပါတယ်။

မျှဝေခံစားနိုင်ပါစေ။

မြတ်လေးငုံ။

02 October 2009

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အမှုအယူခံ တိုင်းရုံးက ပယ်ချ ။


ခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ် စီရင်ခဲ့သည်ကို တိုင်းတရားရုံး၌ အယူခံဝင်ခဲ့ရာ ယနေ့တွင် တရားရုံးက ပယ်ချလိုက်ပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့တွင် အင်းစိန်ထောင် တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး၊ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်ကြောင့် ပြစ်ဒဏ်ကို ထက်ဝက်လျှော့ကာ နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က အမှုကို တိုင်းတရားရုံးသို့ အယူခံတင်သွင်းရာ ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများ လျှောက်လဲချက် ပေးခဲ့ကြပြီးနောက် ယနေ့တွင် စီရင်ချက်ချမည်ဟု ချိန်းဆိုခဲ့ရာမှာ အယူခံကို ပယ်ချလိုက်ခြင်း ဖြစ်သည်။

''အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုတယ်ဆိုပြီး တိုင်းရုံးက ပြောတယ်။ ဒါပေမဲ့ ကောင်းတာက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အသက်မရှိတော့ဘူးလို့ ဒီကနေ့ တရားရုံးက ပြောတယ်။ လုံးဝ ယုတ္တိမရှိဘူးလို့ ပြောတယ်'' ဟု ယနေ့ တရားရုံးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ရက်တော ဆိုသူသည် ရန်ကုန် အင်းလျားကန် ဘေးတွင် တည်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ အရေးယူ၍ တရားစွဲခဲ့ပြီး ခရိုင်တရားရုံးက ပြစ်ဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ထို ဥပဒေမှာ ပျက်ပြယ်ပြီး ဖြစ်သော ဥပဒေအဖြစ် တရားရုံးတွင် ခုခံချေပ ခဲ့ကြသေးသည်။

''၇၄ ဥပဒေကို မရှိတော့ဘူးလို့ ပြောတာ ကောင်းပါတယ်။ နောက်ပိုင်းမှာ လာမယ့် အမှုတွေအတွက် ရှင်းသွားတာပေါ့။ အခုဟာက ဥပဒေဆိုင်ရာ ထက် နိုင်ငံရေးအမှုဖြစ်တယ်။ အဲဒါကြောင့် အခုလို အသိအမှတ်ပြုတာ ကောင်းပါတယ်'' ဟု တရားရုံးအခြေအနေ လေ့လာ စောင့်ကြည့်သူက ဆိုသည်။

ခရိုင်တရားရုံး ဆုံးဖြတ်ချက်အတိုင်း တိုင်းတရားရုံးက ဆက်လက် အတည်ပြုပါက ဗဟိုတရားရုံးချုပ်သို့ ဆက်လက် အယူခံသွားမည်ဟု အစောပိုင်း ဆက်သွယ် မေးမြန်းချက်တရပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောဆိုခဲ့သည်။

မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂၀ ခန့်တွင် ၁၄ နှစ်ခန့် အကျယ်ချုပ် ကျခံခဲ့ရသည်။

အတိုက်အခံ အင်အားစုများကမူ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လူမြင်ကွင်းမှ ပျောက်ကွယ်နေစေ ရန် ဆက်လက် ချုပ်နှောင်ထားလိုပြီး၊ အများပြည်သူအကြား သူမ၏ ကျော်ကြားမှုကို စိုးရိမ်နေသည်ဟု ဝေဖန်သုံးသပ်ကြသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က အနောက်ကမ္ဘာ ဦးဆောင်သည့် ပြစ်ဒဏ်ခတ် အရေးယူမှုများ အဆုံးသတ်ရန် အတွက် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ကမ်းလှမ်းသည့်စာကို မကြာသေးခင်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ ခဲ့သေးသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲ ဆောင်ရွက်ရန်ကို သံသယရှိသူ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အဆိုပါ ကမ်းလှမ်းချက်ကို တုံ့ပြန်ဖွယ် မရှိကြောင်း လေ့လာသုံးသပ်သူများက ယုံကြည်ခဲ့ကြသည်။

ရင်းမြစ်။ (မဇ္ဈိမ)။

*မြတ်လေးငုံ*

01 October 2009

ဗိုလ်ချုပ်အောင်ဆန်း၏ ဘာသာရေးနှင့် နိုင်ငံရေးအမြင် တစေ့တစောင်း

ဗိုလ်ချုပ်အောင်ဆန်း၏ ဘာသာရေးနှင့် နိုင်ငံရေးအမြင် တစေ့တစောင်း

ပေးပို့လာသူ.......မောင်လေးခမိခဆဲ

ု*မြတ်လေးငုံ*

ရဲမှုးကြီးဝင်းနိုင်အဖမ်းခံရသတင်း မမှန်ဟု ငြင်းဆို။



ဒီရက်ပိုင်းတွေအတွင်းမှာ ထွက်ပေါ်နေတဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ကို နေပြည်တော်မှာ ထိန်းသိမ်းထားရာက ထွက်ပြေး သွားတယ်ဆိုတာနဲ့ မြန်မာနိုင်ငံ ရဲချုပ် ခင်ရီ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာနက ထိပ်တန်းရဲအရာရှိကြီးတဦးက ငြင်းဆိုလိုက်ပါတယ်။


ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ကို အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေပြီး နေအိမ်အကျယ်ချုပ်နဲ့ ချထားရာက ထွက်ပြေးလွတ်မြောက်သွားတယ်။

ဒီလို ရဲမှူးကြီး ၀င်းနိုင်ထွက်ပြေး လွတ်မြောက်သွားတဲ့နောက်မှာ မြန်မာနိုင်ငံ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကိုလည်း ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ရဲမှူးကြီး ဖုန်းကျော်ရွှေက မှန်ကန်မှုမရှိကြောင်း အခုလို ပြောပါတယ်။

"သူတို့က တာဝန်ထမ်းဆောင်လျက်ပါပဲ။ ကျွန်တော်နဲ့ အမြဲအဆက်အသွယ်ရှိပါတယ်ခင်ဗျ။ ကျွန်တော်သိသလောက်တော့ တခြားအလုပ် ကိစ္စလေးတွေပေါ့နော်။ ကျွန်တော်နဲ့ ဆက်နွယ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းပို့တာတို့ ဆက်သွယ်ဆောင်ရွက်မှု ရှိတာတို့ ရှိပါတယ်ခင်ဗျ။ ကျွန်တော်သိသလောက်ပေါ့။ ရဲချုပ်နဲ့တော့ ကျွန်တော်တို့ မနက်ကတင် တခြားအလုပ်ကိစ္စတွေ ဆောင်ရွက်ပါတယ်ခင်ဗျာ။ ကျွန်တော်နဲ့ မနက်က လွန်ခဲ့တဲ့ ၂နာရီကနေ ကျွန်တော်နဲ့ ဆက်သွယ်ဆောင်ရွက်လျက် ရှိပါတယ်။

ရန်ကုန်မြို့ခံတယောက်တော့ ရဲမှူးကြီး ၀င်းနိုင်ရဲ့ ဇနီးဟာ ရန်ကုန်မြို့အတွင်းမှာ အလှပြင်ဆိုင်နဲ့ အနှိပ်ခန်းတွေ အများအပြားဖွင့်လှစ်ထားတာ၊ နယ်ပြောင်းလိုတဲ့ ရဲအရာရှိတွေထံကနေ လာဘ်ငွေယူတာနဲ့ အခြား ဥပဒေနဲ့ မကိုက်ညီတဲ့လုပ်ငန်းတွေကို ဆက်ကြေးသဘောမျိုး ငွေကောက်ယူပြီး လုပ်ကိုင်ခွင့်ပေးထားတာတွေကြောင့် ဖမ်းဆီးခံရတာလို့ ကြားသိရကြောင်းပြောပါတယ်။

အခုအခါ ထိပ်တန်းရဲအရာရှိကြီးတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ ဖြစ်ပေါ်နေတဲ့သတင်းကိုတော့ သူက အခုလို ပြောပါတယ်။

"၀င်းနိုင်ကတော့ တရုတ်ပြည်ကို ပြေးသွားပြီလို့ ကြားတယ်။ ရဲချုပ်ကတော့ နေပြည်တော်မှာ ဖမ်းထားတယ်လို့ ကြားတယ်။ အစက ကြားတာက ရဲချုပ်ပါ ထွက်ပြေးပြီလို့ ကြားတာ။"

ရဲမှူးကြီး ၀င်းနိုင်ဟာ အရင်က လားရှိုးမှာ တာဝန်ကျခဲ့ဖူးတာကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ပြောဆိုတာဖြစ်ပါတယ်။

အခုအခါမှာတော့ ရန်ကုန်မြို့ ပေါ်မှာရှိတဲ့ ကာရာအိုကေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ အလှပြင်ဆိုင်တွေကို ပိတ်ထားကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရင်းမြစ်။VOA

*မြတ်လေးငုံ*


ဖိုးလပြည့် ( ခ ) နေရွှေသွေးအောင်မှ ကြံ့ဖွတ်အဖွဲ့သားတွေကို ပေးပို့ တဲ့စာဆိုပဲဗျ

ဖိုးလပြည့် ( ခ ) နေရွှေသွေးအောင်မှ ကြံ့ဖွတ်အဖွဲ့သားတွေကို ပေးပို့တဲ့စာလို့ပြောပြထားပါသည်။ သေချာမသေချာတော့မပြောပြတတ်ပေမယ့် တင်ပြစေချင်သူ ဆန္ဒအရ တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။ စာဖတ်ပရိသတ်များ
သိသင့်တာတစ်ခုတော့ သိသွားစေဖို့ ရည်သန်လျှက် တင်ပြပေးရခြင်းဖြစ်ပါသည်။

ဖိုးလပြည့် ( ခ ) နေရွှေသွေးအောင် မှ ကြံ့ဖွတ် အဖွဲ့ကို ပေးတဲ့စာ ဆိုပဲဗျ width="100%" >


ပေးပို့လာသူ ။ မောင်လေး ခမိခဆဲ



*မြတ်လေးငုံ*

30 September 2009

ထူးဆန်းသည့် ကမ္ဘာ့ သမိုင်း၏ ကိန်းဂဏန်းများ








အေဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။

ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
အေဗရာဟင်လင်ကွန်း ကို အမေရိကန်သမ္မတအဖြစ် ၁၈၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

သူတို့နှစ်ဦးလုံးသည် ပြည်သူ အခွင့်ရေးကို ဦးစားပေးသည်။

သူတို့နှစ်ဦးလုံးသည် အိမ်ဖြူတော်မှာနေစဉ် ခလေး ဆုံးရှုံးခဲ့ရသည်။

သူတို့နှစ်ဦးလုံးသည် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီး လုပ်ကြံခံခဲ့ရပါသည်။

သူတို့နှစ်ဦးလုံးသည် သောကြာနေ့တွင် လုပ်ကြံခံခဲ့ရပါသည်။






လင်ကွန်းအတွင်းရေးမှုး၏နံမည်သည် ကနေဒီ Kennedy ဖြစ်ပြီး

ကနေဒီအတွင်းရေးမှုး၏နံမည်သည် လင်ကွန်း Lincoln ဖြစ်သည်။

သူတို့နှစ်ဦးလုံးကို တောင်ပိုင်းသားတွေက လုပ်ကြံသတ်ဖြတ်ခဲ့သည်။

ဆက်ခံသူများမှာလည်းတောင်ပိုင်းသားများဖြစ်ကြသည်။

လင်ကွန်း၏နေရာဆက်ခံသူ Andrew Johnson သည် ၁၈၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။

ကနေဒီ ၏နေရာဆက်ခံသူ Lyndon Johnson သည် ၁၉၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။

လင်ကွန်းကို လုပ်ကြံခဲ့သူ John Wilkies Booth သည် ၁၈၃၉ တွင် မွေးဖွါးခဲ့သည်။

ကနေဒီ ကို လုပ်ကြံခဲ့သူ Lee Harvey Oswald သည် ၁၉၃၉ တွင် မွေးဖွါးခဲ့သည်။

သူတို့နှစ်ဦးလုံးတွင် နံမည် သုံးလုံးရှိပြီး

နံမည် သုံးလုံးတွင် အက္ခရာ ၁၅ လုံးရှိသည်။


ဆက်လက်လေ့လာကြပါစို့.....



လင်ကွန်းကို Ford အမည်ရှိ ပြဇတ်ရုံတွင် လုပ်ကြံခံရပြီး

ကနေဒီကို Ford ကားကုမ္မဏီ မှထုတ်သော Lincoln အမည်ရှိကားပေါ်တွင် လုပ်ကြံခံရသည်။

သမ္မတလင်ကွန်းသည် ပြဇာတ်ရုံတွင်အပစ်ခံရပြီး ၄င်းကိုလုပ်ကြံသူသည် ဂိုဒေါင်တစ်ခုထဲသို့ပြေးပုန်းခဲ့သည်။

သမ္မတကနေဒီကို ဂိုဒေါင်တစ်ခုထဲမှ လှမ်းပစ်ပြီးလုပ်ကြံသူသည် ပြဇာတ်ရုံသို့ ပြေးပုန်းခဲ့သည်။

သမ္မတနှစ်ဦးလုံးကိုလုပ်ကြံခဲ့သူ Booth နှင့်Oswald သည်တရားရုံးမရင်ဆိုင်ရမှီ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။

်

မပြီးသေးပါဘူး......


လင်ကွန်းမလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် Monroe, Maryland ဟု အမည်ရသောနေရာတွင်ရှိနေခဲ့သည်။

ကနေဒီ မလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် ရုပ်ရှင်မင်းသမီးအဆိုတော် Marilyn Monroe နှင့်အတူရှိခဲ့သည်။



ဒီကိစ္စတွေဘယ်သူရှင်းနိုင်ပါသလဲ????


နောက်တစ်ခုဆက်ကြည့်ကြရအောင်




၁။ ဒေါ်လာ ၂၀ တန်ကို အလယ်ကနေပြီး တစ်ဝက်ခေါက်လိုက်ပါ။





၂။နောက်ထပ်ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။





၃။ နောက်အနားတခုကို ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။





၎။ ဒီဖက်ကိုပြန်ကြည့်လိုက်ပါ






တိုက်ဆိုင်လိုက်တာနော်....

သင်ဘဲဆုံးဖြတ်လိုက်ပါတော့

မကျေနပ်သေးရင်နောက်တစ်ခေါက်ပြန်ကြည့်ရအောင်



ပထမပုံကပင်တဂွန်စစ်ဌာနချုပ်မီးလောင်နေတဲ့ပုံပါ








ပြီးတော့ မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦ:








ဆက်ကြည့်ပါအုံး......


လူအများအပြားသေဆုံးမှု.....ပင်တဂွန်စစ်ဌာနချုပ်

လူအများအပြားသေဆုံးမှု..... မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦး

လူအများအပြားသေဆုံးမှု...... Osama???

ဖြစ်ခဲ့တဲ့နေ့ရက်၊ လ ကို ကြည့်ရင် 9+11 = 20 = $20



http://www.myanmarreader.co.cc/ မှပြန်လည်မျှဝေလိုက်ပါတယ်ရှင်။

*မြတ်လေးငုံ*





























ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းခိုင်းသဖြင့် ရန်ကုန် ဒေသခံများ မကျေနပ်

ရန်ကုန်ရှိ အစိုးရဝန်ထမ်းများ အသုံးပြုနေသည့် ဆိုင်ကယ်များကို လိမ္မော်ရောင် သတ်မှတ်လိုက်သဖြင့် သံဃာတော်များ အပေါ် နာမ်နှိမ်သည်ဟု ယူဆရာမှ သံဃာတော်များနှင့် မြို့ခံများအကြား မကျေမနပ် ဖြစ်နေကြသည်။

ပြီးခဲ့သည့်လမှ စတင်၍ ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းလဲ၍ စီးနင်းခွင့် ပြုလိုက်ရာ ရဲ၊ စစ်တပ်၊ ထောက်လှမ်း ရေးနှင့် ဌာနဆိုင်ရာ အစိုးရ ဝန်ထမ်းများက အသုံးပြု နေကြခြင်း ဖြစ်သည်။

“ဒီအစိုးရက တော်တော်လေးကို ရိုင်းပါတယ်။ ဘုန်းကြီးတွေကို ဖင်ခွထိုင်တဲ့ပုံစံမျိုး လုပ်တာ။ လူတွေက ဘယ်လိုလုပ် ကျေနပ်မလဲဗျာ။ သူတို့ အာဏာတည်မြဲရေးအတွက် ယတြာချေတာ။ တခြားနည်းတွေနဲ့ ချေလို့ရတာပဲ။ ဒါနဲ့ ပတ်သက် ပြီး ရက်ကွက်ထဲမှာ လူတွေက တော်တော်လေးကို စိတ်မချမ်းမသာ ဖြစ်နေကြတယ်” ဟု ရန်ကုန်မြို့ တက္ကစီ ယာဉ်မောင်း တဦးက မဇ္ဈိမကို ပြောသည်။

အခြားရန်ကုန်မြို့ခံတဦးက “ကြည့်ရတာ မျက်စိထဲမှာ ကိုးရိုးကားရားဗျာ။ ကိုယ့်ပိုက်ဆံနဲ့ ဝယ်စီးရင် ဒီလိုအရောင်ကို ရွေးဖို့က တော်တော်ခက် မှာဗျနော်။ သူတို့အနေနဲ့ ရိုးသားရင် ဒီအရောင်ကို ရွေးချယ်ဖို့ကို မလိုဘူး။ အကျိုးအကြောင်း လည်း မဆီလျော်ဘူး။ ဌာနဆိုင်ရာ အရောင် တွေလည်း မဟုတ်ဘူး။ ဒီအရပ်ထဲ၊ ဝန်းကျင်မှာ ပြောနေကြတာပေါ့။ ဒါတမင် လုပ်တယ်၊ ငရဲကြီးမယ်၊ ငရဲဂျိုးကပ်မယ် အစရှိသဖြင့် ပြောနေကြတာပေါ့ဗျာ” ဟု ပြောသည်။

ဆိုင်ကယ်များမှာ ထိုင်းနှင့် တရုတ်ဘီးများဖြစ်ပြီး လိမ္မော်ရောင် ဆေးဆိုး၍လည်းကောင်း၊ ဆေးဝါ မှုတ်၍ လည်းကောင်း အဝါရောင်တိတ်များ ကပ်၍ လည်းကောင်း စီးနေကြသည်။

သင်္ဃန်းရောင်သို့ ပြောင်းလဲသုံးစွဲခြင်းသည် ဘာသာနှင့် သာသနာကို ပေါ်ပေါ်ထင်ထင် စော်ကားခြင်းဖြစ်ပြီး ဆက်လက်၍ သုံးစွဲပါက သံဃာ၊ လူထုနှင့် အာဏာပိုင်များအကြား မကျေနပ်မှု ပိုမိုကြီးထွားလာမည်ဟု သံဃာ့တပ် ပေါင်းစု အဖွဲ့ကြီးမှ ပြောခွင့်ရ ဦးပညာဝံသက မဇ္ဈိမကို မိန့်ကြားသည်။

“ဘုန်းကြီးတွေကို နာမ်နှိမ်တာတဲ့ ယတြာချေတာတဲ့။ ၂ ပါတ်ကျော်လောက်ရှိပြီ။ အခုစီးနေတာက ရဲ၊ ထောက်လှမ်းရေး၊ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရယ်၊ ရယကလည်း စီးတယ်။ အရောင်က ရွှေဝါရောင်။ အဲဒါ သူတို့က ရွှေဝါရောင်တော်လှန်ရေးနဲ့ ဘုန်းကြီးတွေကို ဖင်ခွထိုင်တယ် ဆိုတဲ့ သဘောမျိုး နာမ်နှိမ်တဲ့ ပုံစံလုပ်တာ” ဟု ဦးပညာဝံသက ဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် မေတ္တာသုတ်များ ရွတ်ဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့သည့် သံဃာတော်များအား မြန်မာ့တပ်မတော်က ပစ်ခတ်၊ ရိုက်နှက်၍ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသို့ မေတ္တာပို့ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ဖမ်းဆီးထားသည်ကို ဖြေရှင်းပေးနိုင်ခြင်း မရှိသော နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးအနေဖြင့် ယခုလို ဆိုင်ကယ်များအား သင်္ဃန်းရောင်ပြောင်းလဲ သုံးစွဲခြင်း ကိုလည်း ထပ်မံ၍ ခေါင်းရှောင်ဦးဖြစ်ကြောင်း ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဆရာတော်တပါးက မိန့်ကြား သည်။

“သံဃာ့မဟာနာယကလည်းပဲ။ ဒီစစ်အာဏာရှင်တွေရဲ့ လက်အောက်မှာပဲ နေတာများတယ်လေ။ သူတို့လို တာဝန်အရှိဆုံး အနေနဲ့ သာသနာတော် အတွက် အရေးအကြီးဆုံး ကိစ္စကိုတောင်မှ သူတို့အနေနဲ့ ယနေ့ထက်ထိ အသံတသံတောင် ထွက်ပေးတာမရှိတဲ့အတွက်ကြောင့် အခုလိုမျိုး ဆိုင်ကယ် သင်္ဃန်းရောင် လုပ်စီးနေကြတဲ့ကိစ္စမှာ လိုက်လုပ်ပေးလိမ့်မယ်လို့ ဦးဇင်းတို့အနေနဲ့ မထင်ပါဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးတာဝန်ခံ ဆရာတော် ဦးဣဿရိယက မဇ္ဈိမကို မိန့်ကြားသည်။

ဆိုင်ကယ် အရောင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ယာဉ်ထိန်းရဲဌာနသို့ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ လူကိုယ်တိုင်လာမှ ဖြေကြားမည်ဟု တုံ့ပြန်ပြောဆိုသည်။


ရင်းမြစ်။။ မဇ္ဈိမ

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*