07 March 2013

ပိုင်ဆိုင်မှု အထောက်အထား ပြနိုင်ပါက မလက်တို လယ်မြေများ ပြန်ပေးမည်

 မအူပင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လယ်သမားနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ပဋိပက္ခများနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာ/အခွန်ဝန်ကြီး ဦးဝင်းကိုကို ခေါင်းဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က မတ် ၅ ရက်တွင် ယင်းဒေသသို့ ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကြောင်း နောက်ဆုံးရ သတင်းများအရ သိရသည်။ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက “ဧရာဝတီတိုင်းဒေသကြီးက ဝန်ကြီးတစ်ပါး ခေါင်းဆောင် ပါဝင်တဲ့ အဖွဲ့က ဒီပြဿနာကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမှာပါ” ဟု မတ် ၄ ရက်တွင် အတည်ပြု ပြောကြားသည်။ အဆိုပါ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာခြောက်ရွာမှ လယ်သမားများအနေဖြင့် ယင်းဧက ၅၅၀ အတွင်းရှိ လယ်ယာမြေများနှင့် ပတ်သက်ပြီး အထောက်အထား ပြည့်စုံစွာ ပြသနိုင်ပါက ယင်းတို့ လယ်မြေများကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားထားကြောင်း သိရသည်။ ဦးအေးကျော်က “လူထုကို ပြောချင်တာက ဆန္ဒသိပ်မစောပါနဲ့။ နဂိုက ဘယ်သူတွေ ပိုင်ဆိုင်ခဲ့တယ်ဆိုတာ ဘယ်လို အထောက်အထားတွေ ရှိတယ်ဆိုတာ လေ့လာသင့်ပါတယ်။ လယ်သမားတွေ ရသင့်ရထိုက်တယ်ဆိုရင် ဆောင်ရွက်ပေးပါမယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး လယ်သမားနှင့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်တွင် မည်သူတစ်ဦး တစ်ယောက်ကိုမျှ အရေးယူ ဆောင်ရွက်ထားခြင်း မရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။ ဦးအေးသောင်းက “ကျေးရွာသားတွေနဲ့ ညှိတဲ့အခါမှာ ရွာသားတွေက အချက်သုံးခုလောက်ကို တောင်းဆိုတယ်။ လက်ရှိ ထုတ်ထားတဲ့ ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးဖို့၊ ဒီဆန္ဒပြမှုမှာ ပါဝင်သူတွေကို မဖမ်းဖို့နဲ့၊ လယ်ယာမြေများကို ပြန်လည်ရရှိရေးတွေပါ” ဟု ပြောသည်။ အဆိုပါ လယ်သမားများ တောင်းဆိုချက်တွင် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးရေးအတွက် လယ်သမားများ၏ အေးချမ်းစွာ နေထိုင်ပါမည် ဟူသော ကတိပြုမှုကြောင့် မတ် ၂ ရက်က ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီ ဖြစ်ပြီး လယ်သမားများ လယ်ပြန်လည် ရရှိရေးကိုလည်း လုပ်ငန်းရှင်များနှင့် ညှိနှိုင်းမေတ္တာရပ်ခံပြီး လယ်သမားများ လယ်ရရှိရေး အတွက် အတတ်နိုင်ဆုံး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ခရိုင်အုပ်ချုပ်ရေးမှူးက “အမှန်တကယ် နစ်နာခဲ့တဲ့ လယ်သမား၊ တကယ့် ဒုက္ခရောက်နေတဲ့ လယ်သမားတွေအတွက် အဆင်ပြေဆုံး ဖြစ်ဖို့အတွက် ကျွန်တော်တို့ဘက်က ကြိုးစားသွားမှာပါ” ဟု ပြောသည်။ သို့သော် ယင်းပဋိပက္ခအတွင်း သေမှုသေခင်းတစ်ခု ဖြစ်ပေါ်ခဲ့သည့်အတွက် လယ်သမားများ တောင်းဆိုသည့် ပါဝင်ခဲ့သူများကို မဖမ်းဆီးရေးဆိုသည့် အချက်အတွက် အခက်အခဲရှိပြီး ယခုဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထုတ်ပြန်ချက် ထွက်ပေါ်လာမှသာ အတိအကျ ပြောကြားနိုင်မည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ “လူတစ်ဦး သေခဲ့တာဆိုတော့ မဖမ်းဆီးရေး အတွက်ကတော့ ပြောလို့မရသေးဘူး။ ကျွန်တော်တို့မှာ ဥပဒေရှိပြီးသားပါ။ အချို့လယ်သမားက တကယ်မသိ နားမလည်လို့ ဆန္ဒပြခဲ့ကြတာပါ။ ဒီကိစ္စကို အခုစုံစမ်း စစ်ဆေးမှုတွေ လုပ်နေပါပြီ။ အဲဒီအဖွဲ့က တင်ပြလာတဲ့အပေါ်မှာ အရေးယူခြင်း၊ မယူခြင်းက ပြောလို့ရမယ်” ဟု ပြောသည်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်းရှိ မလက်တို ကျေးရွာအုပ်စုထဲရှိ ပလောင်ကျေးရွာရှိ အောချက် စိုက်ပျိုး မွေးမြူရေးကုမ္ပဏီ ပိုင်ဆိုင်သည့် ငါးကန်ကို ယင်းကန်အနီးမှ ကျေးရွာခြောက်ရွာရှိ လယ်သမား ၂၀၀ ကျော်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ငါးမွေးမြူခြင်း မရှိသည့်အတွက်ဟု ဆိုကာ လယ်ယာမြေများ ဖော်ထုတ်သည့်အတွက် လယ်သမားများကို ရဲတပ်ဖွဲ့များက တားမြစ်ခဲ့ရာမှ ဖေဖော်ဝါရီ ၂၆ ရက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ခရိုင်အုပ်ချုပ်ရေးမှူးက “အိန္ဒိယမှာ ဂန္ဓီကြီး ဆောင်ရွက်သလို ဆင်းရဲတဲ့သူတွေကို ချမ်းသာတဲ့လူတွေက ပံ့ပိုးခဲ့သလိုမျိုး ပြုလုပ်သွားမယ်” ဟု ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။