ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တစ်ယောက်အနေဖြင့် မမြင်ဘဲ ဒီမိုကရေစီအရေး 
လှုပ်ရှားနေသူတစ်ဦးအဖြစ်သာ မြင်စေလိုကြောင်း ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် 
ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။
အောက်တိုဘာလ ၂ ရက်နေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ ၌ 
မြန်မာမိသားစု များနှင့် တွေ့ဆုံစဉ်တွင် ရခိုင်ပြည်နယ်အရေးအပေါ် 
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တစ်ယောက် အနေဖြင့် အမြင်များ၊ 
အကြံပြုချက်များကို မေးမြန်းရာ တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်မကို နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ မမြင်ဘဲနဲ့ 
မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေး အတွက် လှုပ်ရှားနေတဲ့သူ တစ်ယောက်လို့ပဲ 
မြင်စေချင်ပါတယ်။ ဒီလိုလှုပ်ရှားနေတဲ့သူ တစ်ယောက်အနေနဲ့ ဘယ်လိုလူ့အခွင့်အရေး
 ချိုးဖောက်မှုကိုမှ လက်မခံနိုင်ပါဘူး။ ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ 
ပတ်သက်လို့ ဗုဒ္ဓဘာသာတွေနဲ့ မွတ်စလင်တွေရဲ့ကြားမှာ ရန်ပွားစေမယ့် စကားတွေကို
 ကျွန်မ မပြောချင်ဘူး။ ဘာလို့လဲဆိုရင် ကျွန်မတို့ ဦးတည်တာဟာ အားလုံး 
အဆင်ပြေရေးပဲ ဦးတည်တာပါ''ဟု ပြောကြားခဲ့ပါသည်။
ပဋိပက္ခဖြေရှင်းရေးနှင့် ပတ်သက်၍ ''နံပါတ်တစ်အားဖြင့် အပြန်အလှန် 
ဆွေးနွေးညှိနှိုင်းတာမရှိဘဲနဲ့ ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ 
ငါတို့အချင်းချင်း ဘာလို့အဆင်မပြေတာလဲဆိုတာ စဉ်းစားရမယ်။ နောက်တစ်ခု 
အကြံပြုပါရစေ။ တချို့တွေက ပြဿနာဖြစ်ပြီဆိုရင် ဟိုဖက်ကဘာလုပ်သလဲဆိုတာကို 
အရင်ကြည့်တယ်။ အဲတော့ ကျွန်မက တိုက်တွန်းပါရစေ။ ကိုယ့်ဘက်ကို 
အရင်ကြည့်ကြပါ။  ငါတို့လုပ်တာမှာ ဘာတွေများ လိုနေသလဲ၊ ဘာများ 
မလုပ်သင့်တာတွေ ပါနေသလဲ၊ လုပ်သင့်တာတွေကို မလုပ်တာတွေရှိသလား အဲဒါတွေကို 
ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ နှစ်ဖက်စလုံးက ကိုယ့်ဘက်ကို 
အရင်ပြန်ကြည့်ပြီးမှ ဟိုဘက်ကို လက်ညှိုးထိုးမယ်ဆိုရင် အများကြီး 
ပိုအဆင်ပြေသွားလိမ့်မယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တာနဲ့တင် ဟိုဘက်ကို 
လက်ညှိုးထိုးဖို့က နည်းသွားတာ ကိုတောင် မြင်ရင်မြင်ကြရ ပါလိမ့်မယ်။ 
အဲဒီဟာကိုတော့ ကြိုးစားကြည့်ကြပါလို့ ကျွန်မတိုက် တွန်းချင်ပါတယ်''ဟု 
ပြောကြားခဲ့သည်။
| စစ်မီးဒဏ်ကို မည်သူ့ကိုမှ မခံစေချင်ကြောင်း၊ စစ်မီးငြိမ်းသွားဖို့အတွက် မိမိအနေဖြင့် လုပ်ပေးနိုင်တာရှိရင် လုပ်ပေးပါမယ်ဟု ကမ်းလှမ်းထားတာ ရှိပါကြောင်း။ သို့ရာတွင် သက်ဆိုင်ရာ ကာယကံရှင်များ လိုလားမှသာ မိမိအနေဖြင့် ပါဝင်နိုင်မည်ဖြစ်ကြောင်း | 
''ရခိုင်ပြည်နယ်ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အစိုးရကဖွဲ့ထားတဲ့ 
စုံစမ်းရေးကော်မရှင်ရဲ့ တွေ့ရှိချက်တွေကိုလည်း နည်းနည်းတော့ 
စောင့်ကြည့်သင့်တယ်လို့ ကျွန်မထင်ပါတယ်။ သူတို့ရဲ့အကြံပြုချက်တွေက 
ဘယ်လိုရှိသလဲ၊ ဒီအကြံပြုချက်တွေကို အကောင်အထည်ဖော်ခြင်းအားဖြင့် 
ရခိုင်ပြည်နယ်က ပြဿနာတွေ ငြိမ်းအေးသွားနိုင်မလားဆိုတာကိုတော့ 
နည်းနည်းစောင့်ကြည့်သင့်တယ်လို့ ကျွန်မထင်ပါတယ်''ဟု 
ဆက်လက်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာမိသားစုများမှမေးသော ကချင်ပြည်နယ်အရေး၊ နိုင်ငံရေး 
အကျဉ်းသားများကိစ္စ၊ လာဘ်ပေးလာဘ်ယူ ကိစ္စများစသည့် အကြောင်းအရာများနှင့် 
ပတ်သက်သည့်မေးခွန်းများ ကို ပြန်လည်ဖြေကြားခဲ့ပါသည်။
ကချင်ပြည်နယ်အရေးနှင့်ပတ်သက်၍ စစ်မီးဒဏ်ကိုမည်သူ့ကိုမှ 
မခံစေချင်ကြောင်း၊ စစ်မီးငြိမ်းသွားဖို့အတွက် မိမိအနေဖြင့် 
လုပ်ပေးနိုင်တာရှိ ရင်လုပ်ပေးပါမယ်ဟု ကမ်းလှမ်းထားတာ ရှိပါကြောင်း။ 
သို့ရာတွင် သက်ဆိုင်ရာ ကာယကံရှင်များ လိုလားမှသာ မိမိအနေဖြင့် 
ပါဝင်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပေးထားသော စာရင်းအရ 
အကျဉ်းသားဦးရေနှစ်ရာကျော် ရှိနေသေးကြောင်း ပြောကြားခဲ့သည်။
''လာဘ်ပေးလာဘ်ယူမှုဟာ လူ့အဖွဲ့အစည်းတစ်ခုမှာ အကျင့်တစ်ခုလို ဖြစ်သွားရင် 
ဒီဟာကို ဖြတ်ပစ်လိုက် ဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ဖက်ကနေ လခတွေ 
တိုးပေးရမယ်မှန်တယ်၊ အခွင့်အရေးတွေ တိုးပေးရမယ် မှန်တယ်။ တစ်ဖက်ကလည်း 
လာဘ်ပေးလာဘ်ယူလုပ်တဲ့ ၀န်ထမ်းတွေကို ဥပဒေအရ အရေးယူဖို့ လိုတယ်။ 
အရေးယူရုံနဲ့တင် ဒီကိစ္စက ပြီးသွားမလားဆိုတော့လည်း မဟုတ်သေးဘူး။ 
စိတ်ဓာတ်ရေးရာကိုလည်း အများကြီး ပြင်ယူရမယ်''ဟု ဆိုပါသည်။
ကျောင်းသင်ရိုးညွှန်းတမ်းများတွင် မိမိနှင့် ဘာသာမတူသူ၊ လူမျိုးမတူသူ၊ 
အတွေးအခေါ်မတူသူတွေကို လေးစားသင့်တယ်ဆိုတာကို ထည့်၍ သင်သင့်သည်ဟု 
မိမိထင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ရင်းမြစ်... EMG
