လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းရန် အစီအစဉ်မရှိကြောင်းလက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့်ပတ်သက်သော စာနယ်ဇင်းရှင်းလင်းပွဲတွင်
 မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီးတန်း အရာရှိ ဦးဝင်းကြည်ကပြောသည်။
 
 "စပြီးလုပ်တုန်းက ဘာပြဿနာမှမရှိပါဘူး။ ဒေသခံတွေကိုယ်တိုင် 
ကြည်ကြည်ဖြူဖြူ နဲ့ လျော်ကြေးတွေ ယူတယ်။ လျော်ကြေး ထပ်တိုးတောင်းတယ်။ 
အဲဒီပြဿနာတွေပဲရှိတယ်။ အခုဟာက စီမံကိန်းရပ်ဆိုင်းပေး ပါဆိုတာ အရမ်းကို 
ပြင်းထန်တယ်။ ရပ်ဖို့ အစီအစဉ်မရှိပါဘူး။ ဒီလိုတွေ ဖြစ်လာတယ် ဆိုတာ 
နိုင်ငံရေး အင်အား စုတွေပါလာလို့ သွေးထိုးလှုံ့ဆော်လို့ဖြစ်ရတာပါ"ဟု 
မြန်မာစီးပွားရေး ဦးပိုင်လီမိတက် မှ အကြီးတန်း အရာရှိ ဦးဝင်းကြည်ကပြောသည်။
 
 ဦးပိုင်လီမိတက် ပိုင်ဆိုင်သော သတ္တုတွင်း၏ အကျိုးတူပူးပေါင်းခွဲဝေ 
ခံစားမှုစာချုပ် အရ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်မှ ထုတ်လုပ်သည့်ရလဒ်အပေါ် 
၅၁ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရပြီး၊ တရုတ်ဝမ်ပေါင် ကုမ္ပဏီက ၄၉ 
ရာခိုင်နှုန်း အကျိုးခံစားခွင့်ရကာ နိုင်ငံတော်အစိုးရက မြေငှားစရိတ်၊ 
ဝင်ငွေအခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ အကျိုးခံစားရကြောင်း 
ယင်းပုဂ္ဂိုလ်ကပြောသည်။
 
 ဒေသခံများဘက်ကလည်း ယင်းစီမံကိန်းသည် 
ပြည်သူတို့၏ သဘောဆန္ဒမပါရှိဘဲ အစိုးရ အချင်းချင်း လုပ်သော 
စီမမံကိန်းဖြစ်ကြောင်း၊ ထို့အပြင် လူမှုစီးပွားကို တွက်ချက်ရာတွင်လည်း 
တစ်အိမ်ထောင် လူ တစ်ယောက် ၀န်ထမ်းလုပ်ခွင့်ရသည့်အစီအစဉ်မှလွဲပြီး 
ရေရှည်ဒေသခံများအတွက် လူမှုဘ၀အာမခံချက် မရှိသော စီမံကိန်းဖြစ်သောကြောင့် 
ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ 
လေ့လာ လိုက်နာမှုအပေါ်ကိုလည်း စိုးရိမ်မှုများ ရှိနေခြင်းကြောင့် 
ကန့်ကွက်ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ပထမပတ်က တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်
 ပြောကြားခဲ့သည်။
 
 ယင်းစီမံကိန်းကို တရုတ်နိုင်ငံသားပိုင် 
မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထားသည်။ 
Production Sharing Contract စနစ် ကျင့်သုံးနေသော်လည်း မိုင်းပါမစ်ကို 
ဦးပိုင်လီမိတက်ကသာ ပိုင်ဆိုင်သည်ဟုဆိုသည်။ လက်ပံတောင်းတောင်၏ 
ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီ ယံရှိကြောင်း 
မြန်မာဝမ်ပေါင်ကုမ္ပဏီ ဥက္ကဋ္ဌကပြောသည်။
သတင်း....  7Day News Journal 
