28 September 2012

အရှေ့တောင်အာရှ အားကစားပွဲတွင် မြန်မာ့ရိုးရာ ကစားနည်းနှစ်မျိုးကို" ထည့်သွင်း ယှဉ်ပြိုင်သွားမည်

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ အိမ်ရှင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက ရိုးရာကစားနည်း နှစ်မျိုး ထည့်သွင်း ယှဉ်ပြိုင်မည်ဟု သိရသည်။ အိမ်ရှင်နိုင်ငံအနေဖြင့် ရိုးရာကစားနည်း ရှစ်မျိုးအထိ ထည့်သွင်း ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ခြင်းလုံးနှင့် ဗန်တိုသိုင်းတို့ကို ထည့်သွင်းမည်ဖြစ်သည်။ ငွေကုန်ကြေးကျ များသည့် ရိုးရာကစားနည်းများ ထည့်သွင်းပါက ထိုကစားနည်း၏ အနက်အဓိပ္ပာယ်ကို မြန်မာနှင့် အင်္ဂလိပ် ဘာသာများဖြင့် ရေးသားပြုစုခြင်း၊ ကစားပုံ စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းရေးဆွဲခြင်းတို့ကို ဆောင်ရွက်ရပြီး အနည်းဆုံး နိုင်ငံလေးနိုင်ငံကို စည်းရုံးနိုင်မှသာ ကစားနည်းကို ထည့်သွင်းယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

 အားကစားပွဲတွင် ပြေးခုန်ပစ်နှင့် ရေကူးဒိုင်ဗင် ကစားနည်း၊ အိုလံပစ် ကစားနည်း ၁၄ နည်းနှင့် ရိုးရာကစားနည်း ရှစ်မျိုးတို့ကို အခြေခံ ထည့်သွင်းရမည်ဟု သိရသည်။ “အဓိက စဉ်းစားထားတာက ခြင်းလုံး၊ စစ်တုရင်၊ ဗန်တိုသိုင်းတွေပါ။ ဒီမှာ စစ်တုရင်က မနှစ်က အင်ဒိုနီးရှားမှာ ကျင်းပခဲ့တဲ့ပွဲမှာ မြန်မာစစ်တုရင် မဟုတ်ဘဲ အာဆီယံ စစ်တုရင်ဆိုပြီး ယှဉ်ပြိုင်သွားတယ်။ နောက်တစ်ချက်က ရိုးရာကစားနည်း ပါနိုင်ဖို့ရာ ယှဉ်ပြိုင်မယ့် အာဆီယံနိုင်ငံတွေမှာ ကစားနည်းနဲ့ပတ်သက်တဲ့ အဖွဲ့ချုပ်တွေရှိမှ ရပါတယ်။ 

ကိုယ့်ရဲ့ ဗန်တိုသိုင်းနဲ့ ခြင်းလုံးကလည်း တော်တော်လည်း အကန့်အသတ် ဖြစ်နေပါတယ်” ဟု အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးက ပြောသည်။ အဆိုပါ ရိုးရာကစားနည်းများကိုမူ ရွှေတံဆိပ်ဆုအဖြစ် ထည့်သွင်းရေတွက်နိုင်ခြင်း မရှိဟု သိရသည်။ “ဒီကစားနည်း နှစ်မျိုးရဲ့ နည်းပညာတွေ၊ ဘာသာပြန်တာတွေ စတဲ့ လိုတာတွေ အားလုံး ပြည့်စုံပါပြီ။ သွားပြီး သရုပ်ပြဖို့ပဲ ကျန်ပါတော့တယ်။ ခြင်းလုံးကလည်း ၉၀ ရာခိုင်နှုန်း သေချာနေပါပြီ” ဟု ၎င်းက ပြောသည်။

 မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပသည့်အတွက် ပြိုင်ပွဲများတွင် ပေးအပ်သည့် စုစုပေါင်း ရွှေတံဆိပ်ဆုများ၏ သုံးပုံ နှစ်ပုံခန့်ရရှိရန် ကြိုးစားသွားမည်ဖြစ်သည်။ ပြီးခဲ့သည့် အားကစားပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် မြားပစ် အားကစားကိုလည်း ရွှေတံဆိပ် ထပ်မံရ ရှိအောင် လေ့ကျင့် မည်ဟု သိရသည်။ အားကစားဝန်ကြီးဌာနက ဘိလိယက် ကစားနည်းကို ရာနှုန်းပြည့် အနိုင်ရရန် မှန်းထားလျက်ရှိကြောင်း  မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "