26 May 2012

ရန်ကုန်နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း အဆောက်အအုံ ပုဂ္ဂလိကကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိ

ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်းကို ပုဂ္ဂလိကကုမ္ပဏီ တစ်ခုဖြစ်သော Youth Force Hotel က Business Apartment အဖြစ် လုပ်ကိုင်ခွင့်ရရှိသဖြင့် ပြန်လည်ပြုပြင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်းသည် ကိုလိုနီလက်ကျန် ရှေးဟောင်း အဆောက်အအုံ ဖြစ်သဖြင့် ပြန်လည်ပြုပြင်ရာတွင် ရှေးမူမပျက် ပြင်ဆင်ရမည်ဖြစ်ပြီး သုံးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း သိရသည်။ လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီမှာ ဟိုတယ်လုပ်ငန်း အဓိကထား ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံ ဗိသုကာအသင်းနှင့် အင်ဂျင်နီယာအသင်းတို့၏ ကြီးကြပ်မှုဖြင့် ပြုပြင်နေကြောင်း  မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။