လျှပ်စစ်မီးများ မကြာခဏပြတ်တောက်သဖြင့် မြို့သူ၊ မြို့သားများ
နှစ်ရက်ဆက်တိုက် ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိသော မန္တလေးမြို့တော်တွင် မေလ
၂၂ ရက်(ယနေ့)တွင် ဆန္ဒဆက်ပြပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း
မန္တလေးတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice Weekly
သို့ ပြောကြားသည်။
ယနေ့မှ စတင်ကာ ဆန္ဒပြများကို အရေးယူတော့မည်ဖြစ်ကြောင်း၊ ၄င်းတို့ လိုက်လျောခဲ့သည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြခြင်းမှာ စည်းမဲ့ကမ်းမဲ့ ဥပဒေနှင့် ညီညွတ်မှုမရှိသဖြင့် အရေးယူရခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
မန္တလေးမြို့တော် ဆီဒိုးနားဟိုတယ်နှင့် Swan ဟိုတယ်ရှေ့တို့တွင် ယနေ့ မေလ ၂၂ ရက်( ယနေ့) မွန်းလွဲ ၃ နာရီခန့်မှ စတင်ကာ လုံထိန်းတပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့်ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

သတင်း..... The Voice Weekly