07 June 2011

ရန်ကုန်မြို့ အင်တာနက်ကဖေး ဆိုင်ရှင်များစည်းကမ်းချက် (၁၂)ချက်ကြောင့် စိတ်ပျက်

ရန်ကုန်မြို့တော် အခြေစိုက် အင်တာနက်ကဖေးအချို့ ပိတ်သိမ်းရန် စဉ်းစားလာရကြောင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ကဖေးလုပ်ငန်း အချို့မှ စုံစမ်းသိရှိရသည်။ “ဂိမ်းဆိုင်သက်သက် ပြောင်းဖွင့်မယ်” ဟု ကျောက်တံတား မြို့နယ်အတွင်း အင်တာနက်နှင့် ကွန်ပျူတာ ဂိမ်းဆိုင် တွဲဖက်ဖွင့်လှစ်ထားသည့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ စည်းကမ်းချက်များကို မေလ ၂၃ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခင်ထုတ်ပြန်ခဲ့ဖူးသော အချက်များကို စုပေါင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(ဆညန) နှင့် အင်တာနက်ဆိုင်များထံမှ စုံစမ်းသိရှိရသည်။

အင်တာနက်ဆိုင်များသို့ လာရောက်သုံးစွဲသူများ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ နိုင်ငံခြားသားဖြစ်လျှင် နိုင်ငံကူးလက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ လိပ်စာများ ရယူထားရန် အချက် အပါအဝင် အင်တာနက်ကဖေး(PAC)များ လိုက်နာရန် စည်းကမ်းချက် ၁၂ချက် ထပ်မံထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်း မရှိပါက လိုင်စင်ပိတ်သိမ်း အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက PAC များကို အသိပေးကြေညာသွားသည်။

အဆိုပါ စည်းကမ်းချက်များအား PAC လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသူများကို မြန်မာအင်ဖိုတက်ခ်(MIT) တွင် လျှောက်ထားရာမှ ယခုနှစ် သင်္ကြန်အပြီးတွင် ဆညနသို့ လွှဲပြောင်းလိုက်ပြီးနောက် ထုတ်ပြန်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် အခြေစိုက် ဆညနရုံးထံမှ စုံစမ်းသိရှိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။