13 November 2011

အကျဉ်းချထားခဲ့ရခြင်းမှ ပြန်လည်လွတ်မြောက်လာသောသံဃာတော်များအား သိမ်ထပ်မင်္ဂလာပြုခြင်းအခမ်းအနားနှင့်ဦးဝင်းတင်အား သူရသတ္တိရွှေတံဆိပ်ဆု



၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မ.ထ.သ(၁)ရပ်ကွက်အတွင်းရှိ မကွေးပရိယတ္တိစာသင်တိုက်တွင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဒပါမောက္ခမှ အကျဉ်းချ ထားခဲ့ရခြင်းမှ ပြန်လည်လွတ်မြောက်လာသောသံဃာတော်များအား သိမ်ထပ်မင်္ဂလာပြုလုပ်သော အခမ်းအနားနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်အား သူရသတ္တိရွှေတံဆိပ်ဆုချီးမြှင့်သော အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

“ထောင်ကထွက်လာတဲ့ သံဃာတော်တွေကို သိမ်ထပ်ရခြင်းရဲ့ အကြောင်းအရင်းကတော့ တစ်ချို့တစ်ချို့သော ပုဂ္ဂိုလ်တွေက ထောင်ကျတဲ့ သံဃာတော်တွေဆိုရင် အထင်သေးတတ်တယ်။ ဤကဲ့သို့ အထင်မသေးရပါဘူး။ ဆရာတော်တွေထောင်ကျတဲ့ ပုဒ်မတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် အလွန်အင်မတန်ပဲ နှစ်သက် ဝမ်းမြောက်စရာကောင်းပါတယ်” ဟု မကွေးပရိယတ္တိစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒန္တပါမောက္ခမှ မိန့်သည်။

သိမ်ထပ်မင်္ဂလာအခမ်းအနားတွင် သံဃာတော်အပါး(၃၀)အား သိမ်ထပ်မင်္ဂလာပြုလုပ်ပေးခဲ့ပြီး သံဃာတော် (၁၄)ပါးမှာ အကျဉ်းချထားခြင်းခံခဲ့ရသည်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသိမ်ထပ်မင်္ဂလာအခမ်းအနားအား မနက်(၉)နာရီခွဲတွင် စတင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

“ သံဃာတော် အားလုံးပေါင်းက ၃၀ ပေါ့။ အဲဒီ့အထဲမှာ အကျဉ်းထောင်ကပြန်လွတ်လာတဲ့ သံဃာတော် ၁၄ ပါး ပါတယ်။ သံဃာတော်တွေကိုကြည်ညိုပါတယ်။ မကောင်းမှုလုပ်ပြီး ထောင်ကျခံခဲ့ရတာမှမဟုတ်တာ ̋ ဟု သံဃာတော် အပါး ၃၀ အား သိမ်ဆွမ်းလာရောက်လောင်လှူသူ အမျိုးသမီးတစ်ဦးကပြောသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင် အား ငွေကျပ်ခုနှစ်သိန်းခွဲတန် ခွပ်ဒေါင်းပုံပါ သူရသတ္တိရွှေတံဆိပ် ရင်ထိုးပြား ကို ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

“ဦးဝင်းတင်ကို အခုလို သူရသတ္တိရွှေတံဆိပ်ချီးမြှင့်ရခြင်း အကြောင်းကတော့ နိုင်ငံရေးဆိုတာ ကို ကြောက်စရာတစ်ခုလို့မမြင်စေဖို့နဲ့ သူ့လိုမျိုး နိုင်ငံရေးစိတ်ဓာတ်ရှိတဲ့ သူတွေအများကြီးပေါ်ထွက်လာစေဖို့ အခုလိုချီးမြှင့်ရခြင်းဖြစ်ပါတယ်။ ငွေကျပ်အားဖြင့် ခုနှစ်သိန်းခွဲတန်တယ်ဆိုပေမယ့် ဦးဝင်းတင်ပေး ဆပ်ခဲ့ရတာတွေနဲ့ စာရင်သေးသေးလေးပါ ” ဟု ကျောင်းထိုင်ဆရာတော်ကဆက်လက်မိန့်သည်။

နိုင်ငံတော်အတွင်းရှိ လူဦးရေ သန်းခြောက်ဆယ်မှာ နိုင်ငံရေးကိုနားမလည်ကြသေးကြောင်း ထို့ကြောင့် နိုင်ငံရေးကိုနားလည်သူများလိုအပ်နေသေးကြောင်း နိုင်ငံရေးလုပ်သည်မှာကြောက်စရာမဟုတ်ပဲ နိုင်
ငံရေးမလုပ်သည့် သူများသာ ကြောက်ရမည်ဖြစ်ကြောင်း ဒီမိုကရေစီအပြည့်အဝ မရရှိရခြင်းမှာ နိုင်ငံရေးကိုနားမလည်သဖြင့် ဒီမိုကရေစီအပြည့်အဝ မရရှိသေးခြင်းဖြစ်ကြောင်း ဆရာတော်မှ ပြောကြားသွားသည်။

အဆိုပါအခမ်းအနားအား မနက် ၉ နာရီတွင် အစီအစဉ်(၁၁)ရပ်ဖြင့် စတင်ခဲ့ပြီး နေ့လည် ၁၁ နာရီခွဲတွင် အခမ်းအနားခဲ့ကြောင်းသိရသည်။အခမ်းအနားပွဲသို့ နိုင်ငံရေးပါတီဝင်များ နိုင်ငံရေးကိုစိတ်ပါဝင်စားသူပြည်သူများ အပါအဝင် လာရောက်ကြည့်ရှုအားပေးသူ သုံးထောင်(၃၀၀၀) ကျော်ရှိကြောင်းသိရသည်။

သတင်းများ မျှဝေ ပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။