25 June 2011

တရုတ်ထိလျှင် မချိအောင်နာတဲ့ မြန်မာအစိုးရ

ကချင်အဖွဲ့နဲ့ အစိုးရ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် ဒီလ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ကချင်အဖွဲ့တွေက ခြိမ်းခြောက်မှုတွေ၊ စတင်ပစ်ခတ်တာတွေ လုပ်လာလို့ အစိုးရတပ်တွေက မလွှဲသာ မရှောင်သာ ပြန်လည် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းထားတာ တွေ့ရတယ်။ ဘာတွေများ ခြိမ်းခြောက်လို့လဲဆိုတော့ တာပိန်မြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးက တရုတ်နိုင်ငံသား ဝန်ထမ်းတွေ နဲ့ မလိခမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျောက်တောင်တွေကို မိုင်းခွဲနေတဲ့ တရုတ်တွေကို ခြိမ်းခြောက်ဟန့်တားလို့ ဖြစ်ပါသတဲ့။


ဒါကြောင့် ကချင်စစ်တပ် ဟာ မိမိနိုင်ငံရဲ့ အရေးကြီးစီမံကိန်းတွေကို နှောင့်ယှက် ဖျက်ဆီးတဲ့အတွက် အစိုးရတပ်တွေက ပြန်လည်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သတင်းစာမှာ ဖော်ပြ ထားပါတယ်။ တာပိန်မြစ်ရေအားလျှပ်စစ်တွေက မိမိနိုင်ငံနဲ့ လူမျိုးအတွက် အရေးပါတဲ့ စီမံကိန်းကြီးဆိုတော့ အဲဒီ ရေအားလျှပ်စစ်တွေက ကချင်လူထုအတွက် လား၊ တရုတ်ပြည်အတွက်လား၊ တရုတ်ပြည်ကိုရောင်းလို့ အဲ့ဒီကရတဲ့ငွေတွေကရော ကချင်လူထုအတွက် ဘယ်ကဏ္ဍတွေမှာ သုံးနေတယ်ဆိုတာ စာရင်း ဇယားနဲ့ အတိအကျပြောနိုင်ရင်တော့ အစိုးရရဲ့ဖြေ ရှင်းချက်ဟာ ယုတ္တိရှိကောင်းရှိပါလိမ့်မယ်။ ပြီးတော့ မလိခဘက်မှာ ကျောက်တောင်တွေ မိုင်းခွဲယူတဲ့ တရုတ်တွေအကြောင်းဆက်ရရင် လမ်းဖောက်ဖို့၊ စီမံကိန်းမှာသုံးဖို့ ကျောက်တွေထုတ် နေတာဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လောက်အောင် စည်းမဲ့ကမ်းမဲ့ထုတ်နေလို့ ကချင်စစ်တပ်က တားဆီးတာလားဆိုတာ အရင်စုံစမ်းဖို့လိုပါတယ်။


တရုတ်ကုမ္ပဏီတွေဟာ အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေမှာ စည်းမဲ့ကမ်းမဲ့လုပ်တတ်တာ နာမည်ကြီးပါတယ်။ ဒါကြောင့် ကချင်လူထုရဲ့မြေကို ကချင်လူထုက ပိုပြီးမြတ်နိုးတာဖြစ်လို့ ကချင်စစ်တပ်အနေနဲ့ တားဆီးတယ်ဆိုရင် အံသြစရာမဟုတ်ပါ။ အစတည်းက အစိုးရက ဒီလို ကိစ္စတွေကို ကြိုတင်စဉ်းစားထားပြီး ပြည်သူလူထုကိုလည်း နားလည်အောင် သတင်းထုတ်ပြန်ထားသင့်ပါတယ်။ အခုတော့ စီမံကိန်းကရတဲ့ အကျိုးအမြတ် ဟာ အစိုးရထိပ်တန်းပုဂ္ဂိုလ်အချို့နဲ့ သူတို့ရဲ့ လက်ဝေခံတွေဆီကိုသာ စီးဝင်သွားပြီး ကချင်ပြည်နယ်ကတော့ ပျက်စီးပြီး ကျန်ခဲ့မယ့်ပုံစံ ဖြစ်နေပါတယ်။


သတင်းစာထဲမှာ ထပ်ပြီးရှင်းလင်းထားတာက အစိုးရရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ချမှတ်ထားတဲ့ လမ်းစဉ် (၇) ရပ်ကို မကြိုက်နှစ် သက်တဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံသားတွေပဲဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ငြိမ်းချမ်းရေး တံခါးဖွင့်ထားတဲ့အကြောင်း၊ ဖွဲ့စည်းပုံပါ အချက်တွေကို ပြင်ချင်တယ် ဆိုရင် ရွေးကောက်ပွဲဝင်ပြီး ပြင်ဆင်ဖို့လိုကြောင်း ရေးထားတာကိုတွေ့ရပါတယ်။ ဒီလိုဆိုရင် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ လုံလောက်တဲ့ ကချင်ကိုယ်စားလှယ် အရေအတွက်ရအောင် ခွင့်ပြုထားခြင်းရှိပါသလားဆိုတာ အရင်မေးရပါမယ်။ ဒေါက်တာတူးဂျာ ရွေးကောက်ပွဲ ဝင်ခွင့်မရခဲ့တာ၊ ဒေါ်ဘောက်ဂျာနဲ့ ကိုမာခါး တို့ သိသိကြီးနဲ့ မဲလိမ်ခံရတာ၊ အနိုင်ကျင့်ခံရတာတွေဟာ ကချင်လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အရေအတွက် မရနိုင်ဘူးဆိုတာ သိသာစေပါတယ်။


မြန်မာနိုင်ငံသားမို့လို့ ကချင်ပြည်နယ်ကိုချစ်တာမှန်ပေမယ့် အမှန်တကယ်နေထိုင်တဲ့ ကချင်လူမျိုးလောက်တော့ ကချင်မြေကို ချစ်နိုင်မယ်မထင်ပါဘူး။ တကယ်တော့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းဆိုတာကိုက ပြန်လည်သုံးသပ်ဖို့ ကောင်းပါတယ်။ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ မိမိနိုင်ငံရဲ့ အမျိုးသားတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဆိုရင် ငြင်းပယ် ပိုင်ခွင့်ရှိတယ်ဆိုတာ သိရပါမယ်။ ဧရာ ဝတီပျောက်ရင် တမျိုးသားလုံးပျောက်မှာဖြစ်သလို ကချင်ပြည်နယ်ရဲ့ သဘာဝအလှအပတွေဟာ တရုတ်တွေ ဂုတ်သွေးစုပ်လို့ ပျက်စီးတာမျိုးကို အစိုးရ အနေနဲ့ ပြန်လည်သုံးသပ်သင့်ပါတယ်။


အခုတော့ အစိုးရက တရုတ်နိုင်ငံသားတွေကို ကချင်တွေက တိုက်ခိုက်လို့ပါလို့ အကြောင်းပြရင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ တရုတ်တပ်တွေ ဝင်လာရင် မခက်ပါလား။ ဒီလိုဆိုရင် သူများလူမျိုးအတွက်နဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်း ပြန်သတ်တဲ့ အစိုးရရယ်လို့ နာမည်ပျက်တော့မယ်။ တရုတ်ပေးတဲ့လက်နက်နဲ့ ကိုယ့်လူမျိုးကို ပြန်သတ်တဲ့ အစိုးရလောက် ညံ့ဖျင်းတဲ့အစိုးရမျိုး မဖြစ်စေလိုတာရယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရဖို့ဆိုရင် ကိုယ့်အမျိုးသားအချင်းချင်း သွေးရင်းတွေလို သဘောထားပြီး အမေကျော် ဒွေးတော်လွမ်းတာတွေ ရှောင်ကြဖို့ အစိုးရကို တိုက်တွန်းလိုက်ချင်ပါတယ်။


Forward mail မှပြန်လည်မျှဝေလိုက်ပါသည်။