15 May 2011

No. 1 သင်တန်း နည်းပြ၏ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ထံသို့ ၀န်ခံကတိပြုချက် မူရင်းနှင့် မလေးရှားနိုင်ငံမှာ ပြုလုပ်မည့် စိတ်ဓာတ်မြှင့်တင်ရေး သင်တန်း...

ရဟန်းတော်တပါးဖြစ်ပြီး ကျင့်ဝတ်နဲ့မညီတဲ့ ကခုန် မြူးတူးမှုတွေနဲ့ သင်ကြားပို့ချခဲ့တဲ့ No. 1 သင်တန်း နည်းပြသင်တန်းမှူး အညတြဘိက္ခူ အရှင်ဣဒ္ဓိပါလ
သင်တန်းကျောင်း စာမျက်နှာ http://numberonesociology.com/index.htm
ယခုနှစ် နှစ်စပိုင်းက အင်တာနက် စာမျက်နှာတွေနဲ့ သတင်းမီဒီယာတွေပေါ်မှာ ဟိုလေးတကြော်ဖြစ်ခဲ့တဲ့ No. 1 စိတ်ဓာတ်မြင့်တင်ရေး သင်တန်းကျောင်းရဲ့ သာသနာတော်နဲ့ မလျှော်ညီတဲ့ ကခုန်မြူးတူး၊ ပျော်ပါးခဲ့ကြတဲ့ သတင်းဗီဒီယို ဓာတ်ပုံတွေကို အားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်..။ ယခင် (သတင်းပြန်ဖတ်ချင်ရင် Click) ၂၀၁၀ခုနှစ် နိုဝင်ဘာလက ကရင်ပြည်နယ် ဖားအံ့မြို့ ဇွဲကပင် ခန်းမမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ သင်တန်းမှူး အညတြဘိက္ခူ အရှင်ဣဒ္ဓိပါလဆိုသူရဲ့ သင်တန်းမှာ အာဏာပိုင် အဖွဲ့အစည်းတွေက တိုင်းမှူး၊ တပ်မမှူးတွေနဲ့ သက်ကြီးရွယ်အို အရွယ်ပေါင်းစုံက ကခုန်မြူးတူးခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ သတင်း ရုပ်သံ အင်တာနက် စာမျက်နှာပေါ်တွေနဲ့ သတင်းမီဒီယာတွေမှာ ပြန့်နှံ့သွားပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့က နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့မှ စီစစ်အရေးယူခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်း မည်သည့်နေရာတွင်မှ သင်ကြားပြသခြင်း မပြုလုပ်ရန်ဝန်ခံကတိပြုချက်ကို လက်မှတ်ရေးထိုးစေခဲ့ပါတယ်..။ (ပူးတွဲပါ ဝန်ခံချက်မူရင်းကို ကြည့်ပါ)။ (အမှန်တကယ် ပြုလုပ်ခွင့်ပြုခဲ့တဲ့ ဗုဒ္ဓဘာသာ အမည်ခံ အာဏာပိုင်တွေကိုလည်း သတိပေး၊ တားမြစ်သင့်ပါတယ်)...။

ယခုလိုဝန်ခံ ကတိလက်မှတ်ရေးထိုးပြီး ၃လတိတိ အချိန်မှာတော့ ဝန်ခံချက်ကို လက်တလုံးခြား ပြုလုပ်ပြီး မြန်မာနိုင်ငံရဲ့ ပြင်ပ   မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ SM ကုန်တိုက်တွင် သင်တန်းပို့ချ ဟောပြောပွဲကို ၁၅.၅.၂၀၁၁ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်....။ မလေးရှားနိုင်ငံမှာရှိတဲ့ ထေဝါရဗုဒ္ဓဘုန်းကြီးကျောင်း ၂၄ခုမှလည်း ဝိုင်းဝန်း ကန့်ကွက်လွှာများ ထုတ်ပြန်ခဲ့ပါတယ်...။ အဆိုပါ ဗုဒ္ဓဘာသာ အမည်ခံ No. 1 စိတ်ဓာတ်မြင့်တင်ရေး သင်တန်းနည်းပြ အရှင်ဣဒ္ဓိပါလရဲ့ ယခုကဲသို့ ဝန်ခံချက်အား လက်တလုံးခြား ပြုလုပ်တဲ့  ထေရဝါဒ ဗုဒ္ဓဘာသာအား အမြင်လွဲစေမည့် နိုင်ငံပြင်ပမှ လုပ်ရပ်အား နိုင်ငံတော်သံဃာမဟာနာယက အဖွဲ့မှ မည်သို့ အရေးယူ ဆောင်ရွက်မည်ကို စောင့်ကြည့်ရမှာ ဖြစ်ကြောင်းတင်ပြလိုက်ရပြီး မလေးရှားနိုင်ငံရောက် အမျိုးဘာသာ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်နေကြတဲ့  အရှင်ထေရ်မြတ်များနှင့် မလေးရှားနိုင်ငံရောက် ဗုဒ္ဓဘာသာဝင် မျိုးချစ်မြန်မာများမှလည်း မှတ်တမ်း၊ မှတ်ရာများ ရယူထားကြ စေလိုကြောင်း မေတ္တာရပ်ခံအပ်ပါတယ်....။
 
ဒီမိုဝေယံ

ဝန်ခံချက် ပေးပို့ပေးတဲ့ ၀ိမုတ္တိသုခ အား ကျေးဇူးတင်ပါသည်...။