20 May 2011

မြန်မာ့ အနာဂါတ်နှင့် အားလုံးပါဝင်ရေး

မြန်မာ့နိုင်ငံရေးကို စစ်တပ်ကချည်း လွမ်းမိုးချုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ၅၀ နီးပါး ရှိနေခဲ့ပါပြီ။ စစ်တပ်အနေနဲ့ သူသာလျှင် တိုင်းပြည်ရဲ့ ကယ်တင်ရှင်လို့ ဘယ်သူကမှ ဘွဲ့မပေးဘဲ သူ့ဖာသာ ဘွဲ့တပ်ပြီး တကိုယ်တော် လူစွမ်းကောင်း ဆရာကြီးလုပ်၊ တိုင်းပြည်ရဲ့ အရပ်ရပ်သော စီမံခန့်ခွဲမှုတွေကို ချုပ်ကိုင်ခဲ့ရာက (ရှေ့နေကယ်မှ ထောင်လုံးလုံးကျ) ဆိုသလို စစ်တပ်က ကယ်လိုက်မှ တတိုင်းပြည်လုံး ကြေမွပျက်စီးသွားရတာတော့ အများသိတော်မူကြတဲ့ အတိုင်းပါဘဲ။

၁၉၆၂ ခုနှစ် ဦးနေဝင်း ခေါင်းဆောင်ပြီး စစ်တပ်က အာဏာသိမ်းတော့ (တိုင်းပြည် ချောက်ထဲကျခါနီး လက်တလုံး အလိုမှာ စစ်တပ်က တိုင်းပြည်ကို အချိန်မီ ကယ်တင်လိုက်ရတယ်) လို့ ဆိုခဲ့တယ်။ အခုအချိန်မှာတော့ ပြည်သူအများ ပြောဆိုနေကြတာက (ချောက်ထဲ ကျခါမှ ကျရော။ စစ်တပ်က မကယ်တင်တာကမှ ကောင်းဦးမယ်။ သူကယ်လိုက်မှ တိုင်းပြည်က ချောက်ထဲ မက၊ အဝီဇိ ကျနေပြီ) လို့ ဆိုနေကြပါတယ်။

ဒါဟာ စစ်တပ်ရဲ့ တကိုယ်တော် လူစွမ်းကောင်း ဝါဒကြောင့် ဖြစ်ရတာပါ။

ဘယ်အသင်း ဘယ်အဖွဲ့ဘယ်ပုဂ္ဂိုလ် ဘယ်လောက်တော်တော်။ ပြည်သူအများစုကြီးထက် ဘယ်သူကမှ ပိုပြီး မတော်နိုင်ပါဘူး။ ပြည်သူလူထုဆိုတာ အိုးစရည်းဖြစ်ပြီး တသင်းတဖွဲ့ တယောက်ကောင်းဆိုတာ လောင်းအိုးမျှသာ ဖြစ်ပါတယ်။ စစ်တပ်က စစ်ရေးတော်ချင် တော်မယ်။ တတ်ချင် တတ်မယ်။ ပြည်သူလူထုဆိုတာက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ အဖက်ဖက်က တတ်သိနားလည် ကျွမ်းကျင်သူတွေ ပါဝင်နေတဲ့ အိုးစရည်းပါ။ အိုးစရည်းကို လောင်းအိုး တသင်းတဖွဲ့က ဆရာကြီး လုပ်နေရင် ဘယ်လိုမှ ဘက်ပေါင်းစုံက တိုးတက်တဲ့ နိုင်ငံတခု မဖြစ်နိုင်ပါဘူး။

ဒီနေရာမှာ တသင်းတဖွဲ့ ပြဿနာသာ မက။ ဝါဒတခု၊ အယူအဆ တခုတည်းကို အခြေခံပြီး နိုင်ငံတည်ဆောက်လို့လည်း မရနိုင်ဘူးဆိုတာ ဆိုဗီယက် ရုရှားခေတ်က ဝါဒတခုတည်းနဲ့ တည်ဆောက်ထားတဲ့ ဆိုဗီယက် ရုရှားမှာ လူတွေမွဲတေပြီး လူသုံးကုန်ပစ္စည်းတွေ ရှားပါးလွန်းလို့ ရှေ့က ခေါင်းဆောင် ယောင်္ကျားရင့်မကြီးတွေက နိုင်ငံတကာ လူပုံအလယ်မှာ ဟန်ကြီးတခွဲနဲ့ ထွက်ထွက်လာကြပေမဲ့ နောက်ကွယ်မှာ ရုရှားမိန်းကလေးငယ်တွေဟာ အင်္ဂလန်လို စင်္ကာပူလို နိုင်ငံမျိုးတွေရဲ့ ဟိုတယ်တွေမှာ ကိုယ်ခန္ဓာနဲ့ ရင်းပြီး မိသားစု စီးပွားရေးပြဿနာကို ဖြေရှင်းနေခဲ့ရတာ သေချာလှပါတယ်။ ရုရှားရေတပ် စစ်သင်္ဘောတွေ ပင်လယ်ပြင်မှာ ကင်းလှည့်တဲ့အခါ နောက်ကရိက္ခာ မပါလို့ ငါးဖမ်းသင်္ဘောတွေကို ဒီဇယ်ရောင်းပြီး စားဘို့ ဖန်တည်းရတယ်ဆိုတာလဲ ရုရှားခေါင်းဆောင်ကြီးတွေ အသိဆုံး ဖြစ်မယ်ထင်ပါတယ်။

အယူဝါဒတခုကို ခေါင်ေးဆာင်ကြီးတွေက ခေါင်းမာမာနဲ့ ဘယ်လိုပင် တည်ဆောက်သော်လည်း သူတို့တည်ဆောက်တဲ့ဝါဒဟာ လူတွေရဲ့ဘဝတွေကို လုံခြုံမှုမပေးနိုင်ရင် ဒီအယူဝါဒကို စတင်လက်ခံတဲ့ ပြည်သူတွေကဘဲ ဒီဝါဒကိုပယ်ချ အုံကြွတော်လှန်ကြတာ ကမ္ဘာ့ဖြစ်စဉ်တွေ အများကြီးပါဘဲ။

ဒီကနေ့ အရှေ့ အလယ်ပိုင်းနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ လူထုအုံကြွမှုတွေဟာလဲ လူတစုရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒ လွှမ်းမိုးချယ်လှယ်မှုအောက်မှာ လူအများကြီးရဲ့ဘဝတွေ မလုံခြုံရာက ပေါက်ကွဲသံစဉ်တွေ အရှိန်ပြင်းပြင်းနဲ့ ဖြစ်ပေါ်လာတယ်ဆိုတာ ဘယ်သူကမှ ငြင်းချက်ထုတ်နိုင်မယ် မထင်ပါဘူး။

ဘယ်လို ဘယ်တော့မှ မပြိုမပျက်နိုင်ဘူးလို့ ထင်မြင်ယူဆရတဲ့ စနစ်ကြီးဘဲဖြစ်ဖြစ် လူသားဆိုတဲ့ ဦနှောက်နဲ့ စိတ်ခံစားမှုရှိတဲ့ သတ္တဝါ၊ ပြုံးတတ် ရယ်တတ်တဲ့ သတ္တဝါကို ပြုံးနိုင် ရယ်နိုင်စေခြင်း မရှိတဲ့စနစ်ဟာ ကြာကြာတည်တံ့ခိုင်မာမယ် မဟုတ်ဘူး။ ကျုပ်တို့က ပြည်သူတွေကို ဘာတွေလုပ်ပေးနေတယ်။ ဘယ်လို ဦးဆောင်နေတယ်။ ကျုပ်တို့က ပြည်သူ့အကျိုး ဘယ်လို သယ်ပိုးနေတယ်။ ကျုပ်တို့က တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ်လောက် တာဝန်ကျေတယ်။ ဘယ်လောက် အနစ်နာခံနေတယ် ဆိုဆို၊ လူတွေက ကိုယ်ဘယ်နှစ်ခါ စိတ် ကျေနပ်မှုရခဲ့သလဲ။ ဘယ်နှစ်ခါ ပြုံးခွင့် ရယ်ခွင့်ရခဲ့သလဲဆိုတာ လူသားက လူသားဖြစ်လို့သိတယ်။ နားလည်တယ်။ လူသား မဟုတ်သေးဘူး။ တိရိစ္ဆာန်တွေတောင်မှ ဘယ်သခင်က ဘယ်လောက် ကျွေးမွေးစောင့်ရှောက်သလဲဆိုတာကို သိရှိ နားလည်ကြတယ်။

လူလောကမှာ လူတွေရဲ့လိုအပ်ချက်တွေက အလွန်များပြားလှပါတယ်။ စီးပွားရေးလည်း ပြည့်စုံရမယ်။ လူမှုရေးလည်း ချောင်ချိသက်သာရမယ်။ ဘာသာတရား ကိုးကွယ်ဆည်းကပ်မှုဆိုတဲ့ နာမ်ပိုင်းဆိုင်ရာ အားဆေးတွေလည်း ရှိရမယ်။ လူတဦးချင်းရဲ့ လွတ်လပ်ခွင့် ဆုံးဖြတ်ပိုင်ခွင့်တွေလည်း အားပေးမှုရှိရမယ်။ လူကို လူက လေးစားအသိအမှတ်ပြုမှုတွေ၊ အရည်အချင်းအလိုက် တိုးတက်ပိုင်ခွင့်တွေ ရှိရမယ်။ လူတဦးချင်း ဘဝလုံခြုံမှုတွေအတွက် ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေ ခွင့်ပြုရမယ်။ ပြီးတော့ လူတွေရဲ့ ပျော်ရွင်မှုကို ပေးဝေနိုင်တဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကိုလည်း တန်ဘိုးထားရပါမယ်။ ကုန်ကုန်ပြောရင် လုပ်ငန်းတခု မအောင်မြင်လို့ အရှုံးနဲ့ ရင်ဆိုင်ရပြီဆိုရင်တောင်မှ ဂုဏ်သက္ခာရှိရှိ လူမွဲဖြစ်ခွင့်ရှိရမယ်။ တတိုင်းပြည်လုံး မွဲတေနေပေမဲ့ လူမွဲမရှိတဲ့ လူချမ်းသာ နိုင်ငံတခုလို ဟန်ရေးပြနေရုံနဲ့ မပြီးနိုင်ဘူး။ ပြည်သူလူထုက မိမိတို့ဘဝ တကယ်ပြည့်စုံရဲ့လား။ စိတ်ချ လုံခြုံမှု ရှိရဲ့လားဆိုတာ အစိုးရတခုရဲ အပြောနဲ့လဲ မဆုံးဖြတ်ဘူး။ သတင်းစာ စာမျက်နှာပေါ်က အရေးအသားနဲ့လဲ မဆုံးဖြတ်ဘူး။ ကိုယ့်ဝမ်းစာ ဘယ်လောက် ဖူလုံသလဲ။ ကိုယ်မကျန်းမာတဲ့အခါ ဘယ်လို ဘယ်လောက်ဆေးဝါးဓါတ်စာ ရနိုင်သလဲ။ ကိုယ်တက်လမ်းမှာ ဘယ်သူတွေ ပိတ်ဆို့နေသလဲ။ အစိုးရတခုရဲ့အောက်မှာ ကိုယ့်အသက်ရှုရတာ ချောင်သလား။ ကြပ်သလား။ တနေ့ ဘယ်နှစ်ကြိမ် သက်ပြင်းချရသလဲဆိုတာ လူမှန်ရင်သိတယ်။

နိုင်ငံတခုမှာ မူတခု လူတစုရဲ့ အတွေးလောက်နဲ့ လူတွေရဲ့ များပြားလှတဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘူး။ လူတွေရဲ့ လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းနိုင်ဘို့ဆိုရင် လူတွေအားလုံး ပေါင်းစပ်ပါဝင်လှုပ်ရှားခွင့်ပြုမှသာ အောင်မြင်နိုင်ပါမယ်။ နိုင်ငံကောင်းဘို့ တကယ်စိတ်စေတနာ ကောင်းရှိတယ်ဆိုရင် တသင်းတဖွဲ့၊ လူတစု၊ ဝါဒတခုထက် တိုင်းပြည်တခုလုံးရဲ့အရေး၊ တိုင်းပြည်တွင်း မှီတင်းနေထိုင်သူ အားလုံးရဲ့အရေးကို (we all together) လို့ လွှမ်းခြုံကြည့်မြင်မှသာ အသေးအမွှား ရှုမြင်မှုတွေ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ အိမ်ခေါင်မိုးလောက်ကို ကောင်းကင်လို့ထင်ရင် အိမ်ပြင်ထွက်ပြီး ခေါင်းမော့ကြည့်စေချင်ပါတယ်။ ဂူအောင်းပြီး ဆီမီးခွက်ကို နေမင်းထင်ရင် ဂူပြင်ထွက်ပြီး နေစာလှုံပါဦး။ စစ်တပ်ထဲမှာ တသက်လုံးနေပြီး စစ်တပ်ကမှ လုပ်တတ်တယ်ထင်ရင် အရပ်ထဲလာပြီး မူလတန်း ကလေးလောက်ကို ကကြီး ခကွေး လက်ရေးလှအောင် ကိုယ်တိုင်သင်ပေးကြည့်ပါဦးလို့ တိုက်တွန်းချင်ပါတယ်။ ပြောသာ ပြောရတယ်။ စစ်တပ်ကလူတွေ အရပ်ထဲမှာ ဘယ်နားမှ မပါတာက အကောင်းဆုံးပါ။

ပြီးတော့ စစ်အစိုးရမှ မဟုတ်ဘူး။ ဘယ်အစိုးရဖြစ်ဖြစ် အစိုးရဆိုတာ နေရာတိုင်းမှာ ထောင့်စေ့အောင် မလုပ်နိုင်ပါဘူး။ ပြည်သူလူထုကို နိုင်သလောက် တာဝန်ခွဲဝေလုပ်ကိုင်စေတာက ပိုပြီးစေ့စေ့ငုငု ရှိတတ်ပါတယ်။ လူမှုလူ့အဖွဲ့အစည်းတွေကို ဒေသအလိုက် အကြောင်းအရာအလိုက် တာဝန်ခွဲဝေပေးလိုက်ရင် တာဝန်ကြီး ကိုင်ထားရတဲ့အစိုးရမှာ တာဝန်တောင် နဲပါးသွားလို့ ပိုအရေးကြီးတဲ့ နိုင်ငံရေးတာဝန်ကို အချိန်ပေးလုပ်ဆောင်နိုင်ပါသေးတယ်။ ပြည်သူလူထုကို တာဝန်ခွဲမပေးတတ်ခြင်းကိုက စီမံခန့်ခွဲမှုနည်းပညာ မတတ်တာကို ဖေါ်ပြနေတာဖြစ်တယ်။

ဥပမာ–


မြစ်ဝကျွန်ေးပ်ါက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှံးရတဲ့ ကယ်ဆယ်ကူညီရေး လိုအပ်ချက်တွေကို အညာသား ကျောက်ဆည်သား ဗိုလ်သန်းရွှေ သိသလောက်နဲ့ ကြပ်ပြေးမှာ ထိုင်ပြီး ဆုံးဖြတ်လုပ်ကိုင်လို့ မရနိုင်ပါဘူး။ ရခိုင်ပြည်နယ် မြေပုံမြို့က လိုအပ်ချက်ကို မြေပုံသားတွေက ပိုသိမှာပါ။ ဒီလို သဘာဝဘေးဒဏ်တွေ ကြုံလာရချိန်မှာ ဒေသဆိုင်ရာ လူမှုရေးအသင်းတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ပြုထားရင် တက်တက်ကြွကြွဆောင်ရွက်ခွင့်ပေးထားရင် သတင်းအချက်အလက်ကအစ တိတိကျကျ အမြန်ရနိုင်သလို ကူညီမှုတွေကလဲ ထိရောက်နှံ့စပ်နိုင်မှာ ဖြစ်ပါတယ်။

အခုခေတ် ကမ္ဘာကြီးပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေက အာဏာရှင် နိုင်ငံတွေထက် ပိုပြီးတိုးတက်ဖွံ့ဖြိုးသွားတာဟာ လူတွေအတွက် လူတွေဆီက အကြံဥာဏ်တွေနဲ့ လူတွေကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ခွင့်ကို စနစ်တကျ ပေးထားတာက အားသာချက်လို့ ပြောရမယ် ထင်ပါတယ်။

နိုင်ငံသားတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်ကို မလေးစားဘူးဆိုရင် နိုင်ငံသားတွေကို လုပ်နိုင် ကိုင်နိုင် လုပ်တတ် ကိုင်တတ်အောင် မဖြည့်ဆည်းတဲ့ အစိုးရမျိုးကို အစိုးရလို့ ခေါ်ဆိုဘို့တောင် မသင့်တော်ပါဘူး။ ပိုပြီးဆိုးတာက နိုင်ငံသားတွေကို လက်အောက်ငယ်သားလို သဘောထားပြီး ကိုယ်ကချည်း ဆရာကြီးလုပ် လက်ညှိုးထိုး ခါးထောက်လမ်းညွှန် လိုအပ်သလိုမှာကြားနေတဲ့ အစိုးရမျိုး ဖြစ်မယ်ဆိုတာ မြန်မာပြည်မှာ လက်တွေ့ကြုံနေရတဲ့ အခြေအနေတွေက သင်္ခန်းစာပေးနေတယ် ထင်ပါတယ်။

ဒီနေရာမှာ စစ်အစိုးရ မတတ်ဘဲနဲ့ နေရာတကာဝင်ပါနေပြီး ကိုယ့်တိုင်းပြည်က မတိုးတက်ဘဲ သူများတိုင်းပြည်တွေက တိုင်းပြည်တိုးတက်အောင် ဘယ်လိုလုပ်ဆောင်နေကြသလဲ ဆိုတာလဲ ပြောပြချင်ပါတယ်။

စင်္ကာပူမှာ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်တယ်၊ ဂျပန်ကုန်ပစ္စည်းတွေလိုဘဲ ကြိုးစားထုတ်လုပ်တယ်၊ ဒါပေမဲ့ စင်္ကာပူနိုင်ငံထုတ် ကုန်ပစ္စည်းတွေက ဂျပန်ပစ္စည်းကို အရည်အသွေးအရ စံချိန်လုံးဝမမှီဘူးဖြစ်နေတယ်။ ဒါကို စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယူရဲ့ စိတ်ထဲမှာ ဘာကြောင့်ဒီလို ဖြစ်ရတာလဲဆိုတာ သိချင်နေတယ်။ ဒါနဲ့ သူဟာ ဂျပန်စက်မှု ကိုယ်စားလှယ်တွေ စင်္ကာပူကို လာချိန်မှာ (ကျွန်တ်ာတို့လဲ လုပ်နေတာဘဲ၊ ဘာကြောင့် ခင်ဗျားတို့ ဂျပန်ပစ္စည်းကို မမှီရသလဲ) လို့ မေးတော့တယ်။ ဒီတော့ ဂျပန်တွေက ပြောတယ်။ ခင်ဗျားတို့ စင်္ကာပူမှာ ကော်လာဖြူ- ကော်လာပြာ ရှိတယ်။ ကျွန်တော်တို့ ဂျပန်မှာ ကော်လာဖြူ- ကော်လာပြာ မရှိဘူး။ ကော်လာ မီးခိုးဘဲ ရှိတယ်လို့ ပြောပါသတဲ့။

ဆိုလိုတာက ဂျပန်မှာ ကုန်ပစ္စည်းတွေ ထုတ်လုပ်တယ်။ ကုန်ပစ္စည်းတခု ထုတ်လုပ်ဘို့ ကော်လာဖြူဆိုတဲ့ ပညာတတ် လူတန်းစားကလဲ အောက်ခြေ အလုပ်သမားတွေလုပ်တဲ့ အခြေခံကအစ တတ်သိနားလည်အောင်လုပ်တယ်။ ကော်လာပြာ အလုပ်သမားတွေရဲ့ ပညာအရည်အချင်းကိုလဲ ကော်လာဖြူတွေ နီးပါးမြှင့် တင်ပေးတယ်။ (ဂျပန်မှာ မသင်မနေရ ပညာရေးစနစ်ဟာ အလယ်တန်းအဆင့်ထိ ဖြစ်ပါတယ်)။ ဒါကြောင့် ဂျပန်ကုန်ပစ္စည်းတွေဟာ အရည်အသွေး မြင့်တယ်လို့ဆိုလိုပါတယ်။

ဒီအကြောင်းကို မြန်မာပြည်မှာ စက်တခု ပြင်ဆင်ရင်း စက်ဆရာ တယောက်ကို ပြောမိပါတယ်။ စက်ဆရာက ပြန်ပြောပါတယ်။ ဂျပန်နဲ့ စင်္ကာပူကွာတာ ကော်လာဖြူ-ကော်လာပြာ-ကော်လာ မီးခိုးကြောင့်ဆိုရင် ကျွန်တ်ာတို့တိုင်းပြည်မှာ ခဲတံချွန်စက်တို့ မုတ်ဆိတ်ရိတ် ဓားတို့လို အသေးစားထုတ်လုပ်မှုမျိုးတောင် ဖြစ်မြောက်အောင် မလုပ်နိုင်တာ စစ်တပ်က စစ်အာဏာရှင် ကော်လာစိမ်းတွေရဲ့ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာဘဲ လိုချင်တယ် မူဝါဒကြောင့် ဖြစ်မယ်လို့ ပြန်ပြောပါတယ်။ ဟုတ်ပါတယ်။ ဒါပါဘဲ။

ကော်လာစိမ်း စစ်ဗိုလ် လူတတ်ကြီးတွေဟာ ကျွမ်းကျင်သူပညာရှင်က အကြံပေးတာလဲ နားထောင်လေ့ မရှိဘူး။ သူတို့မတတ်ဘဲ ပေးနေတဲ့ လမ်းညွှန်ချက်တွေကို ဘာမှ ပြန်မပြောနဲ့။ (ဟုတ်ကဲ့) လိုက်ရင်တောင် ပေရှည်တယ် ထင်သေးတယ်လို့ ပြည်သူတွေက ပြောဆိုကြပါတယ်။

မြန်မာနိုင်င်မှာ အဲဒီလို ကော်လာစိမ်းတွေချည်း ဗိုလ်ကျချယ်လှယ် လုပ်ကိုင်နေတာ နှစ် ၅၀ နီးပါးရှိနေပြီ။ အခုအချိန်မှာ နိုင်ငံတကာနဲ့ ယှဉ်ရင် မိုးနဲ့မြေလို ကွာဟနေပြီမို့ ကော်လာစိမ်းတွေချည်း အလုပ်လုပ်နေလို့ မရနိုင်ဘူးဆိုတာ ဒီလောက်ဆို သိသင့်ပါပြီ။ စစ်တပ်လိုဘဲ တခြားတခြား ခေါင်းမာတဲ့ အသင်းအဖွဲ့တွေ ဝါဒစွဲကြီးသူတွေလဲ ရှိနိုင်ပါသေးတယ်။ မလုပ်ကြပါနဲ့။

ကိုယ့်အသင်း ကိုယ့်အဖွဲ့ဆိုတာမျိုး မလုပ်ကြပါနဲ့။ ကိုယ့်ဝါဒ -ကိုယ့်အယူအဆ မလုပ်ကြပါနဲ့။ အခုနိုင်ငံတကာက ပြောဆိုနေတဲ့ အားလုံးပါဝင်ရေး (all inclusive) ဆိုတဲ့စကားဟာ အနာဂါတ်မြန်မာနိုင်ငံအတွက် အဓိပ္ပါယ်ရှိသလို သိပ်ကိုလဲ အရေးကြီးပါတယ်။ အားလုံးပါဝင်ရေးဆိုတာ ပြည်သူလူထု အားလုံးကိုဆိုလိုတာပါ။ အိုးစရည်ထဲက လူတော် လူကောင်းတွေ အားလုံးပါဝင်လာနိုင်ရေးကို ဆိုလိုတာပါ။ လူတဦး တယောက်ဖြစ်စေ- လူတစု အဖွဲ့တခုဖြစ်စေ ပါတီတခု ဖြစ်စေ။ အခြေအနေ အချိန်အခါအရ ဘယ်သူက ဦးဆောင်ကဏ္ဍမှာ ရှိသင့်တယ်ဆိုတာ ပြည်သူတွေက ရွေးချယ်ပါလိမ့်မယ်။

လူက တော်တာချင်း တူနေရင်တောင် အကျင့်စာရိတ္တ ပိုကောင်းတာ၊ ရုပ်ပိုချောတာ၊ အသံသြဇာနဲ့ ပိုပြည့်စုံတာမျိုးကို လူထုက ရွေးချယ်ပါလိမ့်မယ်။ လူထုရှေ့က ငါကွ ဆရာကြီးမလုပ်ချင်ကြပါနဲ့။ အများပါဝင်ရေး မလုပ်ချင်ဘဲ ငါတို့ချည်းလုပ်မယ်။ ဟိုလူ မပါစေရ၊ ဒီလူ မပါစေရ၊ ဒါအပြင် မဟာ ဗမာဝါဒနဲ့ တိုင်ရင်းသားတွေ မပါရ။ တို့မြန်မာတွေဘဲ ဦးဆောင်ကဏ္ဍက နေမယ်လို့လဲ မလုပ်ချင်ကြပါနဲ့။

အတိတ်က လွတ်လပ်ရေးတိုက်ပွဲကာက၊ လွတ်လပ်ရေးယူပြီးကာလက အသင်းအဖွဲ့အကြွေး၊ ၀ါဒကြွေး -ရန်ကြွေး-မာနကြွေး- သွေးကြွေး- ချွေးကြွေးတွေ ပြောနေလို့လဲ တိုင်းပြည်ကောင်းလာမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ပြောရရင် အတိတ်ဆိုတာ ဘာမှ မဟုတ်ပါဘူး။ မိမိတို့ရဲ့ အတ္တလေးတွေ နဲနဲစီလျော့လိုက်ရင် မြန်မာ့နိုင်င်ငံရေးမှာ အားလုံး ပါဝင်ရေးဆိုတာ ခက်ခဲမယ်လို့ မထင်မိပါ။ ခက်အောင်လုပ်နေသေးရင် မရိုးသား မဖြူစင်လို့ပါဘဲ။ မြန်မာ့နိုင်ငံရေး အလွယ်မတွေးသင့်ပါ ဆိုသူတွေဟာ အတ္တ ကိုယ်ကျိုးစီးပွား ကာကွယ်မှုအတွက် တောင်ပြော မြောက်ပြော မိုးပြော ချိုးပြော အကြောင်းပြရမယ်ရှာ လွယ်ချင်ရင် လွယ်နိုင်ပါလျှက် ခက်အောင် ပြောဆိုနေသူတွေပါ။

အားလုံးပါဝင်ရေးဆိုတာ တိုင်းပြည်တွင်းရှိ လူထုလူတန်းစား အားလုံးရဲ့ကိုယ်စားပြုအဖွဲ့အစည်းစုံပါဝင်ဖို့ပါဘဲ။ လူတယောက် ကျန်းမာရေးကောင်းဘို့ ပထဝီ-တေဇော -ဝါယော-အာပေါဆိုတဲ့ ဓါတ်ကြီးလေးပါး ညီညွှတ်မှ ကျန်းမာတယ်ဆိုတာကို မြန်မာတိုင်းသိရှိကြား ဘူးမှာပါ။ ဓါတ်လေးပါးမှာ တပါးပါးက ကဲနေရင် လူက မကျန်းမမာဖြစ်တော့တာဘဲ။ မြန်မာပြည်မှာတော့ နိုင်ငံတာဝန်တွေ လုပ်ငန်းသဘာဝအားဖြင့် အမျိုးမျိုးအဖုံဖုံ ရှိနေပါလျှက် လက်နက်ကိုင် စစ်တပ်ရဲ့ပါဝင် ပတ်သက်မှုက သူမရောက်တဲ့နေရာ မရှိအောင် လွန်ကဲ နေတယ်။ လက်နက်နဲ့ အာဏာဓါတ် လွန်နေတယ်။ တေဇောဓါတ်လွန်လို့ အဖျား ၁၀၅-၁၀၆ ဒီဂရီ တက်နေတဲ့ လူမမာလို အပူဓါတ်လွန်နေတယ်။ အာပေါလွန်ပြီး ချွေစေးပြန် အမောဖေါက်နေတယ်။

ဝါယောဓါတ်တွေ မရှိရမဲ့နေရာ အသဲထဲ အညှို့ထဲ ရောက်နေလို့ လေထိုးလေအောင့် အမေကယ်ပါ အဘ ကယ်ပါဖြစ်နေတယ်။ စစ်တပ်က တိုင်းပြည်အေးချမ်ေးအာင် ဖိလိုက်နှိပ်လိုက်တာ အဖိလွန်ပြီး ပထ၀ီဓါတ်ကျုံ့လွန်းလို့ အေးချမ်းတာထက် အေးခဲနေပြီ။ စစ်တပ်ရဲ့ ပါဝါအာဏာ လွန်ကဲနေလို့ တိုင်းပြည် နာမကျန်းဖြစ်နေတာကို အားလုံးပါဝင်ရေးနဲ့ ဓါတ်ပြန်ညှိမှသာလျှင် နာမကျန်းနေတဲ့ တိုင်းပြည်ကို ပြန်လည် ကုစားနိုင်မယ်။

အားလုံးပါဝင်ရေးကို ပြန်လည်ဖေါ်ဆောင်နိုင်ဖို့အတွက် ပြောမယ်ဆိုရင် လက်ရှိအခြေအနေမှာ တပ်မတော်အစိုးရကိုယ်စားလှယ် ဖြစ်နေတဲ့ ကြံ့ဖွတ်အစိုးရကိုဘဲ အဓိက ဦးတည်ပြောဆိုရမယ် ထင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲရလာဒ်နဲ့ ပေါ်ပေါက်လာတဲ့ ကြံ့ဖွတ်အစိုးရကို အရပ်သားအစိုးရလို့ အမည်တပ်လို့ မရသေးသလို အားလုံးပါဝင်ရေးနဲ့လဲ လုံးဝအလှမ်းဝေးနေသေးတယ်ဆိုတာတော့ မပြောမဖြစ် ပြောရဦးမှာပါဘဲ။

ပြီးတော့ အားလုံးပါဝင်ရေးဆိုတာ တို့စစ်တပ်က ခေါင်းဆောင်မယ်။ တို့လက်အောက်မှာ တို့နဲ့အလွမ်းသင့် သူတွေပါချင်ပါ။ တို့နဲ့ မသင့်သူတွေ မပါနဲ့ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲ လုပ်နည်းလုပ်ဟန်မျိုးလဲ မဟုတ်ဘူး။ စစ်တပ်က စစ်ဗိုလ်တွေ တိုင်းရင်းသားဝတ်စုံတွေ ကောက်ဝတ်ပြီး တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်ရေးဆွဲထားလေဟန် လိမ်စဉ်ရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ချပြတာမျိုးလဲ မဟုတ်ဘူး။

စစ်မှန်တဲ့ ပြည်တွင်းပြည်ပ အတိုက်အခံအားလုံးပါဝင်နိုင်မှု၊ အကျဉ်းကျနိုင်ငံရေးသမားတွေ ပါဝင်လှုပ်ရှားနိုင်မှုတွေ၊ တိုင်းရင်းသား အစစ်အမှန်အားလုံး ဖွဲ့စည်းပုံရေးဆွဲရာမှာ ပါဝင်နိုင်မှုတွေ ရေးချင်တာကို ရေးချင်သူတွေ ရေးနိုင်တဲ့ မီဒီယလွတ်လပ်ခွင့်တွေ ဖတ်ချင်တာကို ဖတ်ချင်သူတွေ ဖတ်ခွင့်ရှိဖို့တွေ လူ့အခွင့်အရေး လေးစားလိုက်နာမှုတွေ လူမှုလူ့အဖွဲ့အစည်းမျိုးစုံ ရှင်သန် ဖွံ့ဖြိုးမှုတွေ ပြည့်စုံတဲ့ အားလုံးပါဝင်ရေးကို ဆိုလိုပါတယ်။ ကုန်ကုန်ပြောရရင် လူထုအသံဖြစ်တဲ့ လူရွှင်တော်များ အစိုးရရဲ့ မူဝါဒတွေ၊ လုပ်ရပ်တွေကို လွတ်လပ်စွာ လှောင်ပြောင်သရော်ခွင့် သင်္ကြန်ကာလ သံချပ်ထိုးဝေဖန်ခွင့်လို လူထုအခွင့်အရေးတွေပါ ပါရမယ်။

အဲဒီလို တိုင်းပြည်တွင်းက အရှိတရား လူတွေအားလုံးကို ဘေးဖယ်မထားတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကသာ မြန်မာ့အနာဂါတ်ကို လှပစေမှာ ဖြစ်ပါတယ်။ သေချာရေရာစေမှာ ဖြစ်ပါတယ်။

လက်ရှိအနေအထားအတိုင်း နိုင်ငံသားတွေကို ဘေးဖယ်ထားပြီး မြေအောက် ယူဂျီ (UG) ဗိုလ်သန်းရွှေအစိုးရက တဖွဲ့၊ မြေပေါ် ကြံ့ဖွတ် ဗိုလ်သိန်းစိန်အစိုးရက တဖွဲ့၊ ဗိုလ်သန်းရွှေကိုယ်ပွား ဗိုလ်မင်ေးအာင်လှိုင်ရဲ့ နောက်ထပ် အာဏာသိမ်းချင်သိမ်းမယ်ဆိုတဲ့ မိုးခြိမ်းသံ စစ်တပ်က တဖွဲ့ သုံးဖွဲ့ပြန်ပေါင်းရင် မူရင်း စစ်အာဏာရှင်ဘဲ ပြန်ကျတဲ့ စစ်ဝါဒီ တဖွဲ့တည်းနဲ့တော့ တိုင်းပြည်ဟာ စားနေကျ ကြောင်ပါးများလက်ထဲမှာ အရိုးပေါ် အရေတောင် မတင်နိုင်ဘဲ ချိနဲ့ အားပျော့နေဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်လိုဘဲ ဖြစ်ဖြစ် ဝါဒတခုနဲ့ တိုင်းပြည်ကို ကြိုးကိုင် ချယ်လှယ်နေမှုဟာ ဝါဒကို ကိုင်စွဲထားသူတွေရဲ့ ဘဝကိုတောင် လုံခြုံမှု မပေးနိုင်ဘူးဆိုတာ ဝါဒပိုင်ရှင်တွေကိုယ်တိုင် သိရှိနားလည်ချိန်ကို ရောက်ရှိဖို့ မဝေးတော့ဘူး ထင်ပါတယ်။ ထိုကာလ ထိုအချိန်ကို ရောက်သည်ဖြစ်စေ မရောက်သေးသည်ဖြစ်စေ ဒီမိုကရေစီ ခေတ်စနစ်ကို ရင်ထဲ အသဲထဲက ဘဝတွေနဲ့ရင်းပြီး လိုလားတောင့်တနေသူ ပြည်သူ့ဘက်တော်သားတွေက ဇွဲလုံးလကြီးစွာ စိတ်ရှည်သည်းခံခြင်းကြီးစွာနဲ့ စစ်အာဏာရှင်စနစ်ကို အရွေ့တခုနဲ့တွန်းထုတ် နေရဦးမှာ ပါဘဲ။ ဖြည်းဖြည်း ရွေ့မလား၊ မြန်မြန်ရွေ့မလား ဆိုတာကတော့ ပြည်သူအားလုံးရဲ့ စိတ်ခွန်အားညီညွှတ်မှု အပေါ်မှာသာ မူတည်ပါလိမ့်မယ်။

x x x x x

အားလုံးကို လေးစားသော

မမခင်