01 May 2011
အလုပ်သမားအခွင့်အရေးတွေအတွက် အလုပ်သမားတွေကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်ခဲ့ကြလို့  အလုပ်သမားနေ့  (မေဒေးနေ့ May Day) ဆိုတာ ဖြစ်လာတယ်။
မေလ (၁) ရက်နေ့ ဟာ ကမ္ဘာ့အလုပ်သမားထုကြီးတစ်ရပ်လုံးအား ဂုဏ်ပြုတဲ့နေ့  (မေဒေး May Day) မေလ (၁) ရက်နေ့  - အလုပ်သမားနေ့  ဖြစ်ပါတယ်။ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့နေ့ ကို အထူးဂုဏ်ပြုသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်က အလုပ်သမားများဟာလည်း ခေတ်အဆက်ဆက်မှာ မိမိတို့  အလုပ်သမားထုတစ်ရပ်လုံးအတွက် ရပိုင်ခွင့်တွေကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတွေ ရှိကြပါတယ်။ ယနေ့ ခေတ် မြန်မာအလုပ်သမားတွေရဲ့ ဘ၀အခြေအနေတွေကို ကြည့်မယ်ဆိုရင် – ယနေ့  မြန်မာပြည်က အလုပ်သမားဝန်ထမ်းတွေဘ၀ကတော့ လခစားဝန်ထမ်းဆိုတာထက်ကို နအဖရဲ့  ဖိနှိပ်ချုပ်ချယ်ခြင်း အမျိုးမျိုးကို ခံနေရပြီး မတရားခိုင်းစေမှုမှန်သမျှကို ခါးဆီးခံနေကြရတဲ့ အစေခံသာသာ အောက်ခြေနင်းပြားဘ၀ကို ရောက်နေကြရပါတယ်။ မလုံမလောက်လစာလေး ပေးကမ်းထားပြီး ၀န်ထမ်းအခွင့်အရေးမှန်သမျှကို ပိတ်ပင်တားဆီးခံထားရပါတယ်။
မြန်မာအလုပ်သမားတွေရဲ့  အရည်အချင်း၊ အလုပ်အကိုင်သက်တမ်း၊ အတွေ့ အကြုံနဲ့ ကိုက်ညီသင့်တော်တဲ့ ယနေ့  ကမ္ဘာ့ခေတ် စားဝတ်နေရေးအဆင့်အတန်းနဲ့ အညီ ရသင့်ရထိုက်တဲ့ လုပ်အားခတွေ မရရှိကြပါဖူး။ အလုပ်ခွင်တွင်း ထိခိုက်ဒဏ်ရာရခဲ့ရင် ၀န်ထမ်းရပိုင်ခွင့် ဖြစ်တဲ့ လျော်ကြေးငွေ ဆေးကုသခွင့်တွေကို မရရှိကြပါဖူး။
နအဖလက်အောက်မှာ လုပ်ငန်းခွင်တွင်း ကျန်းမာရေးနဲ့  ကိုက်ညီသော အလုပ်နေရာဒေသ စီမံထားရှိမှု၊ အလုပ်ခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးပို့ ချမှုတွေ ဘေးအန္တရာယ် ကာကွယ်ရေး သတိပေးချက်တွေ ပစ္စည်းကိရိယာတွေ၊ ရှေးဦးပြုစုကုသမှုရရှိရေး စီစဉ်ထားမှုတွေ မရှိပါဖူး။ ထို့ ပြင် မတော်တစ်ဆ ဘေးဒုက္ခရောက်နိုင်တဲ့ မီးလောင်မှု အစရှိတဲ့ ဘေးအန္တရာယ်တွေအတွက်လည်း ပြင်ဆင်ထားမှု မရှိပါဖူး။
လုပ်ငန်းခွင်အတွင်း အမျိုးသမီးအလုပ်သမားဝန်ထမ်းတွေရဲ့  ကာယအိနြေ္ဒထိပါးစော်ကားခံရမှု မဖြစ်အောင် အကာအကွယ်ပေးစောင့်ရှောက်ရေး စည်းမျည်းစည်းကမ်းတွေ၊ အရေးယူဆောင်ရွက်မှုတွေ မရှိပါဖူး။ ထို့ အပြင် နအဖ ဌာနဆိုင်ရာ ၀န်ကြီးများ အထက်တန်းအရာရှိကြီးများ စီးပွားရေးလုပ်ငန်းပိုင်ရှင်ကြီးများရဲ့  အခွင့်အရေးယူစော်ကားမှုကြောင့် ဘ၀ပျက်ကြရတဲ့ အမျိုးသမီးဝန်ထမ်းတွေဘ၀ဟာလည်း လူသိရှင်ကြားမသိလိုက်ရဘဲ သက်ဆိုင်ရာကို တိုင်တောလို့  ဘာမှ မထူးတဲ့အခြေအနေတွေနဲ့  ရင်နင့်ဖွယ် တိမ်မြုပ်ပျောက်ကွယ်နေကြရပါတယ်။
မတရားအလုပ်ထုတ်ခံရခြင်း၊ လုပ်ငန်းခွင်အတွင်း အလုပ်နှင့်မဆိုင်သော ခိုင်းစေမှုများ ခံရခြင်း၊ အလုပ်ရှင်၏ မတရားဖိနှိပ်ချူပ်ချယ်ခံရခြင်း အစရှိတဲ့ လုပ်ငန်းခွင်တွင်း အနိုင်ကျင့် စော်ကားမှုတွေကို အလုပ်သမားတွေဘက်ကနေ ခုခံကာကွယ်ပေးတဲ့ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးတွေ မရှိပါဖူး။
ဒီလို အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေ ပျောက်ဆုံးနေရတဲ့အပြင် အလုပ်နဲ့ မဆိုင်သော နအဖတွေရဲ့  နိုင်ငံရေးဝါဒဖြန့် ချီရေးကိစ္စတွေမှာ ပေါ်တာဆွဲခံရသလို အကြပ်ကိုင်ခြိမ်းခြောက်ခံရကာ စေခိုင်းခံရမှုက မကြာခဏလို ဖြစ်ပေါ်နေပါတယ်။
နအဖတွေ ဌာနဆိုင်ရာအရာရှိကြီးတွေ အထက်အရာရှိတွေနဲ့  အဆင်မပြေရင် ရာထူးတိုးမြင့်ပေးခြင်း၊ လစာတိုးမြင့်ပေးခြင်းတို့  ပိတ်ပင်ခံထားရတဲ့အပြင် ငြိုငြင်မုန်းတီးမှုခံရကာ ဝေးလံခက်ခဲသော အလုပ်နေရာဒေသများကို ပြောင်းရွှေ့ ခံရပါသေးတယ်။
ဒီလို ပြည်သူ့ ဝန်ထမ်းအလုပ်သမားတွေ နဖူးကချွေး ခြေမရောက်တဲ့အထိ ပင်ပန်းစွာ ရုန်းကန်လှုပ်ရှားလို့  ရလာတဲ့ အကျိုးအမြတ်တွေကိုတော့ အာဏာရှင်လူတန်းစား နအဖတွေနဲ့  စီးပွားရေးလုပ်ငန်းရှင် ကိုယ်ကျိုးသမားတွေက မြိုးမြိုးမြက်မြက် ခံစားကြပါတယ်။
အောက်ခြေလူတန်းစား ပြည်သူ့ ဝန်ထမ်းတွေမှာတော့ မ၀ရေစာလေး စားရပြီး တစ်နေ့ လုပ်မှတစ်နေ့ စားရတယ့် အခြေအနေဆိုးတွေကို နေ့ စဉ်ရင်ဆိုင်နေကြရပါတယ်။ မိသားစုစားဝတ်နေရေးအတွက် မိမိတို့ လစာနဲ့  မလုံလောက်လို့  အပိုဝင်ငွေကို မတရားသောနည်းများနဲ့ ရှာကြရတာဟာလည်း စာရိတ္တပိုင်းဆိုင်ရာတွေ ထိပါးပြီး ဥပဒေရဲ့  အရေးယူမှုခံရပြန်ရင်လည်း ခံပြီးရင်းခံကြရတဲ့ ဘ၀ဒုက္ခဆိုးတွေနဲ့  ရင်ဆိုင်ရပါတယ်။
ဒီလို အာဏာရှင်တွေလက်အောက်က အလုပ်သမားတွေကို ဖိနှိပ်ချူပ်ချယ် ဂုတ်သွေးစုတ်ကြတဲ့ လုပ်ရပ်တွေဟာ ကိုလိုနီနယ်ချဲ့ ခေတ်ကတည်းက စခဲ့တယ်ဆိုပေမယ့် ယခု နအဖအာဏာရှင်လက်အောက်မှာတော့ အမျိုးမျိုးသောနည်းများနဲ့  ဖိနှိပ်ချူပ်ချယ် အဓမ္မခိုင်းစေမှုတွေကတော့ အတိုင်းထက်အလွန် ဆိုးရွားလွန်းလှပါတယ်။
ခေတ်အဆက်ဆက်တိုင်းမှာ မြန်မာအလုပ်သမားတွေ အာဏာရှင်ဖိနှိပ်ချူပ်ချယ်သူတွေကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ လေးစားထိုက်ဖွယ် လှုပ်ရှားမှုတွေ ရှိခဲ့ကြပါတယ်။ ကုန်ဈေးနှုန်းမြင့်မားမှုတွေ ၊ လူနေမှုအဆင့်အတန်း နိမ့်ပါးမှုတွေ၊ လစာနှုန်း နည်းပါးမှုတွေ၊ အလုပ်သမားတွေရဲ့  အခွင့်အရေးကို ကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ အလုပ်သမားသမဂ္ဂများ မရှိမှုတွေကြောင့် အလုပ်သမားထုကြီးဟာ ရဲဝန့် စွာ တောင်းဆိုတိုက်ပွဲ ၀င်ခဲ့ကြပါတယ်။
၁၉၃၈ ခုနှစ်မှာ ချောက်မြို့  ရေနံမြေအလုပ်သမားသပိတ်၊ ၁၉၇၄ ခုနှစ် မေလ ဆင်မလိုက်သဘောင်္ကျွန်းတိုက်ပွဲ၊ ၁၉၇၄ မီးရထားအလုပ်သမားသပိတ်တွေ သမိုင်းတွင်လောက်အောင် ပြောင်မြောက်စွာ ပေါ်ထွန်းခဲ့ပါတယ်။ လစာနည်းပါးမှု၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ အလုပ်သမားသပိတ်ဖွဲ့ စည်းခွင့် မရှိမှု၊ အလုပ်သမားသက်သာချောင်ချိရေးရှားပါးမှုတို့ အတွက် နေ၀င်း ဦးဆောင်ခဲ့တဲ့ အာဏာရှင်မဆလအစိုးရလက်ထက်မှာလည်း အလုပ်သမားတွေ ဆန္ဒပြကြပြီး မိမိတို့ အခွင့်အရေးအတွက် မိမိတို့ ကိုယ်တိုင် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၈၈ုနှစ်မှာလည်း ၀န်ထမ်းပေါင်းစုံသပိတ်ကြီးကို အင်တိုက်အားတိုက် ဆင်နွဲခဲ့ကြပါတယ်။၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရဲ့  ၀န်ထမ်းဦးရေမြောက်များစွာ ပါဝင်ခဲ့လို့  အာဏာရှင်တွေရဲ့  စက်ယန္တရားတွေ ရပ်ဆိုင်းကုန်ခဲ့ရပါတယ်။ မဆလအာဏာရှင်ဟာ အလုပ်သမားဝန်ထမ်းတွေ နည်းမျိုးစုံနဲ့  ခြိမ်းခြောက်ပါတယ်။ သပိတ်အတွင်းပါဝင်လှုပ်ရှားရင် အလုပ်ကနေထုတ်ပစ်မယ်လို့  ပြောဆိုခြိမ်းခြောက်ပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၀န်ကြီးက ပိုမိုဆိုးရွားစွာနဲ့  ၀န်ကြီးရုံးမှာ အလုပ်သမားတွေကို ခေါ်ပြီး ကျောင်းသားတွေဆန္ဒပြနေတာမှာ မပါဝင်ဖို့ ၊ ပါဝင်ခဲ့ရင် အလုပ်ကနေချက်ချင်းထုတ်ပြစ်မယ်လို့  ပြောဆိုရုံသာမက ဆောက်လုပ်ရေးဝန်ကြီးက ၀တ်ထားတဲ့တိုက်ပုံအင်္ကျီချိုင်းအောက်က သေနတ်အတိုကို မြင်အောင်ဟပြပြီး ၀န်ထမ်းတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ အလုပ်သမားတွေဟာ မည်သို့ သော ခြိမ်းခြောက်မှုကိုမဆို ကြောက်ရွံ့ နောက်တွန့် သွားခြင်းမရှိဘဲ အလုပ်ပြုတ်ပလေ့စေ ငတ်ပြတ်သေပလေ့စေ မတရားဖိနှိပ်ချူပ်ချယ်မှုတွေနဲ့  ကျပ်တည်းလှတဲ့ စားဝတ်နေရေးခက်အခဲအောက်မှာ နေရတာထက် သေရတာကမြတ်သေး၊ ခေါင်းငုံ့ ခံနေရတာထက် တုန့် ပြန်တိုက်ပွဲဝင်တာက မြင့်မြတ်သေးဆိုသော စိတ်ဓါတ်များဖြင့် အလုပ်သမားသပိတ်များကို ရဲရဲဝန့် ဝန့်  စတင်အကောင်အထည်ဖေါ်ခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ် နိုဝင်ဘာလမှာလည်း ပဲခူးမြို့  ချည်မျှင်နှင့်အထည်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော်ဟာ အလုပ်သမားအခွင့်အရေးတွေအတွက် သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။ ထို့ အတူ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလမှာလည်း နမ္မတူမိုင်းက အလုပ်သမား ၈၀၀၀ ကျော်ဟာ လုပ်ခလစာတိုးမြင့်ပေးရေးနှင့် လုပ်ငန်းခွင် အလုပ်အခြေအနေကောင်းမွန်ရေးတို့ အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ယခင် အာဏာရှင်တို့ ထုံးစံအတိုင်း အောက်ခြေလူတန်းစားတွေဖြစ်တဲ့ အလုပ်သမားလူတန်းစားကို နအဖအာဏာရှင်တွေဟာ ဖိနှိပ်ချူပ်ချယ်ရုံတင်သာမက နအဖရဲ့ ကျေးကျွန် အခိုင်းအစေသဖွယ် အတင်းအဓမ္မ ခိုင်းစေလျက်ရှိပါတယ်။ နအဖတို့ ရဲ့  ကြီးစိုးနေထိုင်ရာ နေပြည်တော်ကိုလည်း ၀န်ကြီးဌာနတွေ ပြောင်းရွှေ့ ပြီး ပြည်သူ့ ဝန်ထမ်းတွေကို ထောင်တွင်း အကျယ်ချူပ်သဖွယ် မိသားစုနဲ့ ဝေးရာဒေသများကနေ အတင်းအဓမ္မပြောင်းရွှေ့ လုပ်ကိုင်ထားပြီး ခိုင်းစေထားလျက်ရှိပါတယ်။ နအဖ ဌာနဆိုင်ရာဝန်ကြီးများဟာလည်း မိမိတို့  ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သောကိစ္စရပ်များမှာပါ ဌာနဆိုင်ရာဝန်ထမ်းတွေကို ခိုင်းစေတာတွေ့ ရပါတယ်။ အလုပ်ခန့် ထားရေးနဲ့ ဌာနဆိုင်ရာ ရာထူးနေရာတွေမှာ ဆွေမျိုးသားချင်းများကို ခန့် အပ်ထားခြင်းများ ပြုလုပ်ကြပြီး သာမန်ပြည်သူတွေအတွက်တော့ အလုပ်အကိုင်ရှားပါးမှုနဲ့ ရင်ဆိုင်ရစေပါတယ်။
နအဖတွေဟာ သူတို့ အလိုကျ လုပ်ခိုင်းရဖို့ အတွက်နဲ့  ဆန့် ကျင်ရေးလှုပ်ရှားမှုတွေလုပ်မှာ စိုးတဲ့အခါမှာတော့ လစာအနည်းငယ်တိုးမြင့်ပေးခြင်းနဲ့ ချွေးသိပ်ဖြေသိမ့်ပေးလေ့ရှိပါတယ်။ အမှန်တကယ် အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အလုပ်သမားအခွင့်အရေးတွေကိုတော့ ကန့် သတ်ပိတ်ပင်ထားပြီး အလုပ်သမားတွေရဲ့  ဘ၀အခက်အခဲတွေကို လစ်လျူရှူပြီး ဒီလိုကြပ်တည်းခက်ခဲတဲ့အခြေအနေတွေနဲ့  ရင်ဆိုင်ကြုံတွေ့ နေရအောင် ဖန်တီးပေးထားပါတယ်။
နအဖခေတ် ပြည်သူ့ ဝန်ထမ်းအလုပ်သမားတွေဘ၀ဟာ ရှေးခေတ် ကျွန်ပိုင်ရှင်ခေတ်က ကျေးကျွန်တွေ ပဒေသရာဇ်စနစ်က အစေခံတွေ ဘ၀နီးပါးဖြစ်နေကြရတာ ရင်နာစရာကောင်းလှပါတယ်။
ဒီအတွက် အလုပ်သမားထုအနေနဲ့  မိမိတို့  ရသင့်ရထိုက်တဲ့အခွင့်အရေး၊ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုကြရပါလိမ့်မယ်။ တောင်းဆိုလို့  မရရင်၊ ရရှိဖို့ အတွက် တိုက်ယူကြရပါတယ်။ မိမိရသင့်တဲ့ အခွင့်အရေးကို မိမိကိုယ်တိုင်မှ တိုက်မယူရင် အခွင့်အရေးဆုံးရှုံးမှုနဲ့  ဘ၀နိမ့် ကျ လုံးပါးပါးမှုကို မိမိဘဲ ခံစားရမှာ ဖြစ်ပါတယ်။
မေလ (၁) ရက်နေ့ မှာ ကျရောက်တဲ့ မေဒေးနေ့  (နိုင်ငံတကာအလုပ်သမားများနေ့ ) ကစပြီး အခြားသော ကမ္ဘာ့အလုပ်သမားများ အလုပ်သမားအခွင့်အရေး အပြည့်အ၀ခံစားနေကြတဲ့နည်းတူ မြန်မာပြည်မှ ပြည်သူ့ ဝန်ထမ်းများဟာလည်း ဖိနှိပ်ချူပ်ချယ်မှုတွေကို တွန်းလှန်တော်လှန်ပြီး ရသင့်ရထိုက်သော မိမိတို့  အလုပ်သမားအခွင့်အရေးများ ရရှိကြဖို့  မိမိတို့ ကိုယ်တိုင် တိုက်ပွဲဝင်နိုင်ကြပါစေလို့  တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
(ဖိနှိပ်ချူပ်ချယ်မှုမှန်သမျှကို တွန်းလှန်ဆန့် ကျင်ပြီး အလုပ်သမားအခွင့်အရေးများရရှိရေးအတွက် ရဲရဲဝန့် ဝန့်  တိုက်ပွဲဝင်ခဲ့ကြသော ခေတ်အဆက်ဆက်မှ မြန်မာအလုပ်သမားထုကြီးအား အထူးဂုဏ်ပြုအပ်ပါတယ်)။