05 May 2011

စည်ပင်သာယာနယ်နိမိတ်ပြင်ပ အဝေးပြေးလမ်း နယ်နိမိတ်အတွင်း ပုဂ္ဂလိက ကြော်ငြာ ဆိုင်းဘုတ်ခွန်နှုန်းထား အဆ ၂၀၀ကျော် တိုးမြှင့်

မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်များ ပြင်ပရှိ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းပိုင် အဝေးပြေးလမ်း ဧရိယာ နယ်နိမိတ်အတွင်း ပုဂ္ဂလိက ကြော်ငြာဆိုင်းဘုတ် စိုက်ထူခ နှုန်းထားများကို ယခုနှစ် ဘဏ္ဍာရေးနှစ်မှစ၍ တိုးမြှင့် ကောက်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ဆောက်လုပ်ရေးပိုင် လမ်းနယ်နိမိတ်များအတွင်း စိုက်ထူထားသော ပုဂ္ဂလိက ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူပါက ယခင်တစ်လအတွက် တစ်စတုရန်းပေ ကျပ် ၂၅၀မှ တစ်လ တစ်စတုရန်းပေ ကျပ် ၅၀၀၀သို့ နှုန်းထားအသစ်ဖြင့် တိုးမြှင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ “ကြော်ငြာဘုတ် အခွန်တွေ ဒီနှစ်မှာ အားလုံးပြောင်းသွားတယ်။

ပဲခူးဆို အရင်က ကျပ် ၇၀၀ကနေ အခု ကျပ် ၅၅၀၀ ဖြစ်သွားတယ်လို့ ပြောတယ်။ တခြားမြို့နယ်တွေမှာ အရင်နှုန်းထက် ကျပ် ၅၀၀လောက် ကွာသွားတယ်။ စည်ပင်ကြော်ငြာဘုတ်ခတွေ အားလုံးနီးပါး ပြောင်းတယ်”ဟု မြန်မာတစ်ပြည်လုံးတွင် ဘေဘုတ်ကြော်ငြာများကို လက်ခံ ဆောင်ရွက်ပေးသော ကြော်ငြာကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုကဲ့သို့ အဆပေါင်းများစွာ မြင့်မားသွားသော အခွန်နှုန်းထားများကြောင့် စားသုံးသူများအပေါ်၌သာ ရိုက်ခတ်လာနိုင်ကြောင်းနှင့် နိုင်ငံ၏ စီးပွားရေးအပေါ်တွင်များစွာ ဂယက် ရိုက်ခတ်နိုင်ကြောင်း အခွန်ပညာရှင် ဦးဟန်ထွန်း(အခွန်)က ထောက်ပြပြောသည်။

အဆိုပါ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ၎င်းလမ်းနယ်နိမိတ် အတွင်း ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်းအတွက် ကြော်ငြာဆိုင်းဘုတ်ခွန် နှုန်းထားအသစ်ကို ယခုနှစ် ဘဏ္ဍာနှစ်စတွင် တစ်ကြိမ်တည်းအပြီး ကောက်ခံရန် မတ် ၂၁ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပုဂ္ဂလိက ကြော်ငြာဆိုင်းဘုတ် ကြီး/ငယ်များကို (၂၀၁၁-၂၀၁၂)ဘဏ္ဍာနှစ်မှစ၍ ကြော်ငြာဆိုင်းဘုတ် စိုက်ထူခ တစ်လ တစ်စတုရန်းပေလျှင် ကျပ် ၅၀၀၀နှုန်းဖြင့် လည်းကောင်း၊ နှစ်ဖက်လှ စိုက်ထူလျှင် နှစ်ဆနှုန်းဖြင့် လည်းကောင်း ဘဏ္ဍာနှစ်စတွင် တစ်ကြိမ်တည်း အပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း၊ နှစ်လယ်ပိုင်း ထပ်မံတိုးလာသော ကြော်ငြာများအတွက် တစ်လနှုန်းထားအား ကျန်လ အရေအတွက်ဖြင့် တစ်ကြိမ်တည်း ပေးသွင်းရမည်ဖြစ်သည်ဟု သိရသည်။

ပုဂ္ဂလိက ကြော်ငြာဘုတ် တစ်ပေပတ်လည် နှုန်းများမှာ ယခင်ဘဏ္ဍာနှစ်ထက် မြင့်တက်လာကြောင်း၊ နေပြည်တော် စည်ပင်သာယာရေး ပုဂ္ဂလိက ကြော်ငြာဘုတ် တစ်ပေပတ်လည်နှုန်းမှာ တစ်နှစ်ကျပ် ၁၂၀၀၀၊ မန္တလေး စည်ပင်သာယာရေးပုဂ္ဂလိက ကြော်ငြာဘုတ် တစ်ပေပတ်လည်နှုန်းမှာ တစ်နှစ်ယခင် ကျပ် ၃၅၀၀မှ ကျပ် ၅၀၀၀၊ ရန်ကုန်စည်ပင်သာယာရေး ကော်မတီက ပုဂ္ဂလိက ကြော်ငြာဘုတ် တစ်ပေပတ်လည်နှုန်းမှာ တစ်နှစ် ၂၀၀၉ခုနှစ် ဇွန်လတွင် ကျပ် ၃၅၀၀ယူခဲ့ပြီး ဇူလိုင်လမှစ၍ ကျပ် ၅၂၅၀ တိုးမြှင့်ခဲ့ကြောင်း အချို့နယ်မြို့များတွင်လည်း ယခင်နှစ် နှုန်းထက် ကျပ် ၂၀၀မှ ၇၀၀ အကြား နှုန်းထားမြှင့်ခဲ့ကြောင်း ရန်ကုန်တိုင်း( မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "