23 May 2011

၂၀၁၁ ပညာသင်နှစ်တွင် မူလတန်းအဆင့် ပညာရေးအခမဲ့လို့ ပညာရေးဝန်ကြီးပြောကြားပေမယ့် မူလတန်းကျောင်းအပ်နှံခံ တသောင်းခွဲ ပေးနေရပါသေးလား..။

ရန်ကုန်မြို့ရှိ အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းအပ် လက်ခံရာ၌ ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ငွေကျပ် တစ်သောင်းခွဲကျော် ပေးသွင်း နေရကြောင်း ကျောင်းသားမိဘ တချို့ထံက သတင်း ရရှိသည်။ “ကျောင်းတစ်ကျောင်းရဲ့ နာမည်ပါတဲ့ လေးကြောင်းမျဉ်း ဗလာစာအုပ်နဲ့ နှစ်ကြောင်းမျဉ်း ဗလာစာအုပ် ၂ ဒါဇင်ပဲ ပေးလိုက်တယ်။ အဲဒီ စာအုပ်တွေက အပြင်မှာဝယ်ရင် လေးငါးထောင် လောက်ပဲ ရှိမယ်။ နောက် သဘာဝသိပ္ပံ ဖတ်စာအုပ် တစ်အုပ် ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။

“အဲဒီကျောင်းမှာ သူငယ်တန်း အပ်ခဲ့တုန်း ကလည်း သုံးသောင်းလောက် ပေးခဲ့ရတယ်၊ ကျောင်းက ကျောက်တံတား မြို့နယ်ထဲမှာ၊ ကျွန်မတို့ သန်းခေါင် စာရင်းကလဲ ကျောက်တံတား မြို့နယ်ထဲမှာ၊ ကျွန်မကလေးကို အတန်းကောင်း ရအောင် ပြောလို့ ပေးခဲ့ရတာလဲ မဟုတ်ဘူး။ ကျောင်းအပ် လက်ခံတယ် ဆိုလို့ သွားအပ်တာ ကလေးက B ခန်းပဲ ရတာပါ။ အတန်းကောင်း ရအောင်လဲ မပြောခဲ့ဘူး၊ ကျောင်းက သူ့ဟာသူ ကောက်ခံတာ၊ အဲဒီကျောင်းက ကျောင်းအပ်တာကို အစောကြီး လက်ခံလေ့ ရှိတယ်” ဟု ၎င်းက ပြောသည်။

အထက်ပါကဲ့သို့ ပေးခဲ့ရခြင်းမှာ မိဘများ အနေဖြင့် မိမိကလေး အတန်းကောင်း ရရန် သို့မဟုတ် နေထိုင်ရာ ဒေသတွင် အပ်နှံခြင်း မဟုတ်သဖြင့် ညှိနှိုင်းပေးခဲ့ခြင်း ဟုတ်မဟုတ် မေးမြန်းရာတွင် ၎င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ သက်ဆိုင်ရာက သတ်မှတ်ထားသည့် ကျောင်းအပ်ရာတွင် ကုန်ကျမည့် စရိတ်များအရ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းနှင့် ပတ်သက်၍ မည်သည့် ငွေကြေးမှ ပေးသွင်းရန် မလိုပဲ ပြဋ္ဌာန်း စာအုပ်ကြေး ရာဂဏန်း ဝန်းကျင်သာ ပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။

ကျောင်းအပ်နှံ ချိန်တွင် အလှူငွေ ကောက်ခံခြင်း၊ ရန်ပုံငွေ ပစ္စည်းများ ရောင်းချခြင်း မပြုရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပညာရေး တာဝန်ရှိသူများသို့ ညွှန်ကြားပြီး ဖြစ်၍ ယင်းသို့ ကောက်ခံပါက တိုင်ကြားနိုင်သဖြင့် ၎င်းကျောင်းသား မိဘကို တိုင်ကြားဖို့ လိုကြောင်းပြောကာ ၎င်းက “မတိုင်တော့ပါဘူး၊ တိုင်လိုက်ရင် ကျွန်မကလေး ပညာရေး ထိခိုက်မှာ စိုးတယ်”ဟု ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း အဆင့်အတွက် ကျောင်းသုံး စာအုပ်များ အခမဲ့ ဖြန့်ဝေသွားရန် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြအေးက တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံစဉ် ဆွေးနွေး ပြောကြား သွားခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်း၏ ဆွေးနွေး မှာကြားချက် များထဲတွင် အခြေခံပညာ အဆင့်မှ စ၍ အင်္ဂလိပ်စာနှင့် သချာင်္ ထူးချွန်သူများ ပေါ်ထွန်းလာရန် လေ့ကျင့် သင်ကြားပေးရန်နှင့် ၂၀၁၂-၁၃ ပညာသင်နှစ်တွင် စတုတ္ထတန်း၊ အဋ္ဌမတန်း၊ ပညာသင်ဆု (စကောလားရှစ်) နှင့် တက္ကသိုလ် ပညာသင်ဆု (စကောလားရှစ်)များ ပေးအပ်သွားရန် စီစဉ်နေကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြ ထားပါသည်။