29 May 2011

မြန်မာနိုင်ငံတွင်ခေတ် နဲ့ မညီ တဲ့ ဥပဒေများအားပယ်ဖျက်မည်ဆိုပြန်ပြီး ..။


“ဒီလထဲမှာ Capacity Building ကို စလုပ်နေတယ်။ လာမယ့်လမှာ ဥပဒေတွေကို စပြီး ပြန်လည်ဆန်းစစ်၊ စိစစ်မယ်။ ခေတ်နဲ့ မညီတဲ့ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ ဥပဒေတွေ ဥပမာ-ဒေါ်လာ ကိုင်ဆောင်ခွင့်လိုမျိုးတွေကို ပယ်ဖျက်၊ ပြုပြင်နိုင်အောင် စိစစ်တာတွေလုပ်ဖို့ လွှတ်တော်နာယကကြီး တွေက ညွှန်ကြားထားပြီးပြီ” ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာမြတ်ဥာဏစိုး (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)က ပြောကြားသည်။


မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ဥပဒေများတွင် အင်္ဂလိပ်လက်ထက်က ပြဋ္ဌာန်းထားသော ဥပဒေအချို့ ကျန်ရှိနေသေးပြီး အချို့ဥပဒေများမှာ နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြန်ပြင်ထားပြီး ဖြစ်သော်လည်း ခေတ်နှင့် လျော်ညီမှုမရှိခြင်း၊ လက်တွေ့လိုက်နာရန် မဖြစ်နိုင်ခြင်းဆိုသည့် အားနည်းချက်များရှိသော ဥပဒေများလည်းရှိကြောင်း၊ နိုင်ငံခြားငွေ ကိုင်ဆောင်ခြင်း ဥပဒေကဲ့သို့သော ဥပဒေများမှာ ခေတ်နှင့် အံမဝင်သကဲ့သို့ ခေတ်ကာလအရ ပြည်သူများ လက်တွေ့ လိုက်နာရန် မဖြစ်နိုင်သော ဥပဒေဖြစ်ကြောင်း အသက် ၅၉နှစ်အရွယ်ရှိ အမည်မဖော်လိုသူ ဗဟိုတရားရုံးချုပ် ရှေ့နေတစ်ဦးက သုံးသပ်ခဲ့ကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ "