29 March 2011

ယခုလ (၂၈)ရက်နေ့စ၍ ရန်ကုန်မြို့ရှိ အော်တိုတယ်လီဖုန်း နံပါတ်များကို ဂဏန်းခြောက်လုံးမှ ခုနစ်လုံးသို့ ပြောင်းလဲမည်

ယခုလ ၂၈ ရက်မှစတင်၍ ရန်ကုန်မြို့တွင်း သုံးစွဲလျက်ရှိသည့် အော်တိုတယ်လီဖုန်း နံပါတ်များကို မူလက ပါဝင်သည့် ဂဏန်းခြောက်လုံးအစား ရှေ့တွင်ဂဏန်းတစ်လုံးတိုး၍ ဂဏန်းခုနစ်လုံးအဖြစ် ပြောင်းလဲ သတ်မှတ်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မရမ်းကုန်း အော်တိုအိတ်ချိန်းရုံးက ထုတ်ပြန် ကြေညာသည်။

ဖုန်းနံပါတ်များကို ထိုကဲ့သို့ ဂဏန်းခုနစ်လုံးအဖြစ် ပြောင်းလဲမည် ဖြစ်သော်လည်း ရန်ကုန်မြို့၏ ဧရိယာကုဒ်ဖြစ်သည့် ၀၁ မှာမူ ပြောင်းလဲမည် မဟုတ်ကြောင်း မရမ်းကုန်း အိတ်ချိန်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖုန်းနံပါတ်များကို ဂဏန်းခုနစ်လုံးသို့ ပြောင်းလဲပြီးပါက မိမိဖုန်းနံပါတ်များ၏ အထွက်ခေါ်ဆိုမှုကို စိတ်ကြိုက် ကန့်သတ်နိုင်မည့် ၀န်ဆောင်မှုကိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အခမဲ့ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဖုန်းအထွက်ခေါ်ဆိုမှု ကန့်သတ်ခြင်းကို Security Code Numbering စနစ်ဖြင့် ပေးအပ်မည်ဖြစ်ပြီး နိုင်ငံခြားသို့ ခေါ်ဆိုမှု၊ နယ်မြို့များသို့ ခေါ်ဆိုမှုနှင့် အထွက်ဖုန်းအားလုံး ခေါ်ဆိုမှုများကို ပိတ်ပင်နိုင်မည် ဖြစ်ကြောင်း၊ လျှောက်ထား လိုသူများ အနေဖြင့် မိမိပေးလိုသော လျှို့ဝှက်ကုဒ် နံပါတ်၊ ဖုန်းစာအုပ် မိတ္တူနှင့် မှတ်ပုံတင် မိတ္တူတို့ကို သက်ဆိုင်ရာမြို့နယ် ဆက်သွယ်ရေးရုံးများသို့ တင်ပြရန် လိုအပ်မည် ဖြစ်ကြောင်း Intetnet ဂျာနယ် အတွဲ- ၁၂၊ အမှတ်-၁၃တွင် ဖော်ပြထားပါသည်။