31 January 2011

သမိုင်းဝင် စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးအား တပ်ချုပ်ကြီးမှ ရွှေသင်္ကန်းကပ်လှူရန် စီစဉ်နေခြင်း..

သပ်ပယ် ကြည်ညိုဖွယ် စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီး

စစ်ကိုင်းမြို့ရဲ့ ကျက်သရေဆောင် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်ကြီးဟာ ခေတ်အဆက်ဆက်မှ စ၍ယခုထက်တိုင် ထုံးသင်္ကန်း ကပ်လှူပူဇော်ထားတဲ့ မြန်မာပြည်မှာ တွေ့ရခဲတဲ့ ပုထိုးစေတီတော်ကြီး ဖြစ်ပါတယ်..။ အဆိုပါ ခေတ်အဆက်ဆက်မှ စ၍ ထုံးသင်္ကန်း ကပ်လှူပူဇော်ထားတဲ့ စေတီတော်ကြီးအား ပြီးခဲ့တဲ့ ဒီဇင်ဘာလက တပ်ချူပ်ကြီး သွားရောက် ပူဇော်ပြီးချိန်မှစ၍ ယခုအခါ အဆိုပါ ခေတ်အဆက်ဆက်မှ ကပ်လှူပူဇော်ထားတဲ့ ထုံးသင်္ကန်းအစား ရွှေသင်္ကန်းကပ်ရန် စီစဉ်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရှိရပါတယ်..။ မည်သည့်အတွက်ကြောင့် ထိုသို့စီစဉ်သည်ကို မသိရှိရသော်လည်း မြန်မာ စစ်ခေါင်းဆောင်များ၏ လုပ်ဆောင်မှု နောက်ကွယ်၌ ဗေဒင်၊ ယတြာ အခါပေးများ ပါရှိနေတာကတော့ မြေကြီး လက်ခတ် မလွှဲပါဘူး။ ယခုအခါ အနောက်မြောက်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှုးမှ ဘုရားပုရ၀ုဏ်အတွင်း ဓါတ်ပုံ၊ ဗီဒီယိုမှတ်တမ်း လာရောက် ရိုက်ယူသူများထံမှ နာမည်၊ လိပ်စာ၊ မှတ်ပုံတင် နံပါတ်များအား မှတ်တမ်းတင် ကူးယူထားရန် အမိန့်ထုတ်ထားကြောင်း သိရှိရပါတယ်..။ 

သမိုင်းကို ထိန်းသိမ်း ကောင်းရမှန်းမသိ တန်ဘိုးထားရကောင်းမှန်း မသိပဲ ယတြာနဲ့လဲဖို့ ဖျောက်ဖျက်ဖို့ ကြိုးစားနေတဲ့  မြန်မာပြည်ရဲ့  စစ်အာဏာရှင်တွေပါပဲ... ။

သတင်း... ဒီမိုဝေယံ

ယခုအခါမှာတော့ ရွှေသင်္ကန်းကပ်ရန် စီစဉ်နေပါပြီ..
ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားသမိုင်း

ကောင်းမှုတော် ဘုရားသည် စစ်ကိုင်းမြို့ မြောက်ဘက် (၆) မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ ရာဇမဏိစူဠာ ဖြစ်သည်။ မြန်မာသက္ကရာဇ် (၉၉၈) ခုနှစ် ၊ ခရစ်နှစ် (၁၆၃၆) ၊ တော်သလင်းလဆန်း (၁၀) ရက် ၊ တနင်္လာနေ့တွင် သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည်။

 ပုံသဏ္ဌာန်

စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ်မှောက်ထားသကဲ့သို့ တည်ထားသည်။ ထိုကဲ့သို့ စပါးကျီပုံသဏ္ဌာန် စေတီများကို သီဟိုဠ်ကျွန်းတွင် အတွေ့များလေသည်။ စေတီတော်၏ ဥာဏ်တော်မှာ (၁၀၁) တောင် ၊ လုံးပတ် (၅၀၂ တောင် ၂ မိုက် ၄ သစ်) ရှိပြီး စေတီတော် တည်ထားရာတွင် အုပ်ချပ်ရေပေါင်း (၁၀၁၂၆၅၅၂ ) ဖြင့် တည်ထားခဲ့သည်ဟု သိရသည်။

စေတီတော်ကို ကျောက်ဆီမီးတိုင် (၈၀၂) တိုင်တို့ဖြင့် ၀န်းရံထားပြီး မြန်မာ ၊ မွန် နှင့် ယွန်း (ရှမ်း) အက္ခရာတို့ဖြင့် ဗုဒ္ဓ၀င် နိပါတ်တော်များကို နံရံများတွင် ရေးထွင်းထားလေသည်။