ကျနော်က အဲဒီ အချိန်တုန်းက ၉ တန်း ကျောင်းသား အဖြစ် အ ထ က (၁) ဒဂုံမှာ ကျောင်းတက်နေဆဲ ဖြစ်ပါတယ်။ ဒီဘက်ပိုင်း ၈၈ အရေးတော်ပုံ ကာလ အခေါ်အဝေါ် နဲ့ဆိုရင် အကသ ကျောင်းသားပေါ့။
ကျနော်တို့ အိမ်က လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာကို အမြဲယူပါတယ်။ သတင်းစာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် ကွယ်လွန်တဲ့အကြောင်း၊ ရုပ်ကလာပ်ကို မိသားစုက မြန်မာပြည် ပြန်ယူပြီး ဦးနေ၀င်း အစိုးရက ကြံတော သင်္ချိုင်းမှာ မြှုပ်နှံခွင့် ပေးတဲ့ အကြောင်း ဖတ်ရပါတယ်။ ဦးသန့်ကို မြှုပ်နှံမယ့် ဂူနေရာက ဦးနေ၀င်းဇနီး ဒေါ်ခင်မေသန်းအုတ်ဂူရဲ့ ခြေရင်း နေရာမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ လူတချို့က ဒီလိုမိန်းမရဲ့ ခြေရင်းမှာ မြှုပ်နှံရမလား ဆိုပြီး မကျေနပ်တဲ့ ပြောဆိုသံတွေကိုလည်း ကြားခဲ့ရပါတယ်။
ကျနော် ကိုယ်တိုင်ကလည်း သတင်းစာဖတ်ပြီး တွေးမိပါတယ်။ ဒီလို အထင်ကရ ပုဂ္ဂိုလ်တဦးကို ကြံတောလို နေရာမှာ မြှုပ်ရလားလို့ ရင်ထဲမှာ ဘ၀င်မကျ ဖြစ်ခဲ့မိပါသေးတယ်။ ဟိုနိုင်ငံ(အမေရိကား) မှာဆိုရင် အခမ်းအနား ကြီးကြီး ကျယ်ကျယ်နဲ့ ဂုဏ်ပြုပြီး သင်္ဂြိုဟ်မှာလို့ တွေးမိပါတယ်။
အဲဒီနောက် ကျနော် ကျောင်းတက်တဲ့အခါ ကျောင်းမှာ နောင်တော် တက္ကသိုလ်ကျောင်းသားကြီးများက ဦးသန့် အလောင်းကို လုယူမယ်ဆိုတဲ့ သတင်းကို ကျနော်တို့ ကျောင်းသားတွေကြားမှာ သတင်း တော်တော် ပျံ့နေပါတယ်။ ကျောင်းသား တော်တော် များများကလည်း ဒီသတင်းကို စိတ်ဝင်တစားရှိကြပြီး တိုးတိုးတိတ်တိတ် ပြောကြ ဆိုကြပါ တယ်။
ဘာဖြစ်လို့ တိုးတိုးတိတ်တိတ် ပြောဆိုကြလဲ ဆိုရင် ကျနော်တို့ ကျောင်းမှာ ထိပ်တန်းအစိုးရ အရာရှိကြီးများရဲ့ သားသမီးများ ရှိနေကြလို့ပါ။ ကျနော်တို့ ရပ်ကွက်ထဲမှာလည်း ဒီသတင်း တော်တော်ပျံ့ နေပါတယ်။
ဒီလိုနဲ့ အသုဘ ချတဲ့ နေ့ကို ရောက်လာပါတယ်။ နေ့ခင်းလောက်မှာပဲ ဦးသန့်အလောင်းကို တက္ကသိုလ် ကျောင်းသား များက လမ်းကနေ ဖြတ်လုပြီး ပင်မတက္ကသိုလ် (မိန်း) ထဲကို ယူဆောင် သွားတယ်ဆိုတဲ့ သတင်းကို ကြားရပါတော့ တယ်။
နောက်တနေ့မှာပဲ (ကျောင်းပိတ်ရက်လို့ ထင်ပါတယ်) ကျနော့် ဘေးအိမ်က အစ်ကိုတယောက်က ကျောင်းထဲ သွားမယ် လိုက်မလားလို့ခေါ်ပါတယ်။ သူက ဘူမိဗေဒ ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ တက္ကသိုလ် ကျောင်းသားတယောက်ပါ။
ကျနော်က လိုက်မယ် ဆိုပြီး မနက် ၁၁ နာရီလောက်မှာ သူနဲ့ ကျနော် တက္ကသိုလ် ကျောင်းကို လိုက်သွားခဲ့ ပါတော့တယ်။
ကျနော်တို့ ဘုန်းကြီးလမ်း စံပြ ရုပ်ရှင်ရုံ ရှေ့ကနေ အမှတ် ၉ လိုင်းကားကို စီးခဲ့ကြပါတယ်။ ပြည်လမ်း မာလာဆောင် မှတ်တိုင်ရောက်တော့ ဆင်းပြီး မာလာဆောင် အပေါက်ဘက်ကနေ ၀င်ခဲ့ကြပါတယ်။ မာလာဆောင် ၀င်ပေါက်မှာ ကားဝင်တဲ့ ၀င်ပေါက်ကို ပိတ်ထားပြီး လူဝင်ပေါက်ကိုသာ ဖွင့်ပေးထားပါတယ်။ ၀င်ဝင်ခြင်း ကားဝင်တဲ့ ၀င်ပေါက်ရဲ့ အနောက်ဘက်မှာ စားပွဲကြီး ၂ လုံး ဆက်ပြီး အပေါ်က အ၀တ်စ (အနီရောင်လား၊ အစိမ်းရောင်လား မမှတ်မိတော့ပါ) အကြီးကြီး တခု ခင်းထားပါတယ်။ အဲဒီ အပေါ်မှာငွေအကြွေတွေ အများကြီးနဲ့ ငွေစက္ကူ ပိုက်ဆံပုံကြီးကို တွေ့ရပါတယ်။ လာသမျှ လူတွေက အလှူငွေတွေ ထည့်ကြတာပါ။
စားပွဲဘေးမှာတော့ နဖူးမှာ အ၀တ်စ အနီစည်းပြီး လွယ်အိတ် စလွယ်သိုင်းထားတဲ့ ကျောင်းသား ၂ ယောက် ရပ်စောင့် နေတာကို တွေ့ရပါတယ်။ ကျနော်တို့လည်း ပါလာတဲ့ အိမ်က မုန့်ဖိုးကို အပြန် လမ်းစရိတ်ချန်ထားပြီး အလှူငွေထဲ အကုန်ထည့်ခဲ့ ကြပါတယ်။ အဲဒီအချိန်မှာ ၀င်လာကြတဲ့ လူတွေလည်း တော်တော်များပါတယ်။ ပွဲတော်ကြီး တခုလို စည်စည်ကားကား ဖြစ်နေပါတယ်။
ဦးသန့်ရဲ့အခေါင်းကို ဘွဲ့နှင်းသဘင် ခန်းမကြီးထဲမှာ ထားပါတယ်။ ပြည်သူတွေက ဘွဲ့နှင်းသဘင် မျက်နှာစာဘေး ဘယ်ဘက် အပေါက်က၀င်၊ ညာဘက် အပေါက်က ထွက်ပြီး ဦးသန့်ရုပ်ကလာပ်ကို ဂါရ၀ ပြုကြပါတယ်။ စံနစ်တကျနဲ့
တန်းစီပြီး ဂါရ၀ ပြုကြပါတယ်။
ဘွဲ့နှင်းသဘင် ခမ်းမရဲ့ရှေ့ တည့်တည့် မျက်နှာစာ လှေကားထစ် အပေါ်ဆုံးမှာ တရားဟောစင်ကလေး တခုရှိပါတယ်။ အဲဒီကနေပြီးတော့ ကျောင်းသားများက တဦးပြီးတဦး တရားတက်ဟောကြပါတယ်။ ဘွဲ့နှင်းသဘင် မျက်နှာစာ ရှေ့က ပန်းခြံနဲ့ ဘယ်ဘက်ခြမ်း ကမူလေးပေါ်မှာ ရှိနေတဲ့ သစ်ပင်ပေါ်တွေနဲ့ နေရာအနှံ့ အပင်ပေါ်တွေမှာ လော်စပီကာတွေကို ချိတ်ဆွဲထားကြပါတယ်။ တရားဟော တဲ့ အသံကို ဟိုးခပ်ဝေးဝေးကတောင် ကြားကြ ရပါတယ်။
ဗုံးခွဲခံခဲ့ရတဲ့ တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ နေရာမှာ ဦးသန့် ရုပ်ကလာပ်ကိုမြှုပ်နှံဖို့ ကျောင်းသားတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဗိသုကာ ပညာရှင် ကျောင်းသားတွေက ဦးသန့်ရဲ့အုတ်ဂူကို ပုံစံဆွဲပြီး လာရောက်ကြတဲ့ ပြည်သူတွေနဲ့ ကျောင်းသား လူငယ်တွေ အားလုံး ၀ိုင်းဝန်း လုပ်အားပေး ကြတာပါ။ ကျနော်တို့လည်း အုတ်တွေ ၀ိုင်းသယ်ပြီး စီပေး၊ ဘိလပ်မြေ (မဆလာ) တွေ ၀ိုင်းသယ်ပေးနဲ့ တပျော်တပါးကြီး လုပ်အားပေးပါတယ်။
နောက်ပြီး ပြည်သူတွေက ကျောင်းသားတွေစားဖို့ ထမင်းထုပ်တွေ လာလှူဒါန်းကြပါတယ်။ ထမင်းထုပ်ပုံကြီးက တော်တော်ကြီးပါတယ်။ ကြိုက်တဲ့သူ ယူစားနိုင်ပါတယ်။ နောက်တခုက ကျနော်တို့ ရှေ့တင်ပဲ ဒေါ့ဂျစ်ကားကြီးနဲ့ အသက် ၅၀ ၀န်းကျင်လောက် ရှိတဲ့ အမျိုးသမီးကြီးတယောက် အအေးပုလင်းတွေ ကားတစီးတိုက် လာပြီး လှူတာကို တွေ့ရပါတယ်။ ကျနော်တို့လည်း အုတ်ဂူအတွက် လုပ်အားပေးလိုက်၊ ဗိုက်ဆာတဲ့အခါ ထမင်းထုပ်နဲ့ အအေးပုလင်း ယူပြီး ဘွဲ့နှင်းသဘင် မျက်နှာစာရှေ့ အရိပ်ရတဲ့ အပင်တွေအောက်မှာ အနားယူ စားသောက်ရင်း ကျောင်းသားတွေ ဟောတဲ့ တရားကိုနားထောင်လိုက်၊ လက်ခုပ်လက်ဝါးတီး အားပေးလိုက်နဲ့ ကျောင်းမှာ တနေကုန်တာပါပဲ။ ညနေစောင်းလောက်မှပဲ အိမ်ပြန်လာကြပါတယ်။
နောက်တနေ့ မှာလည်းပဲ မနေ့ကလိုပဲ ဘတ်စ်ကားစီး၊ မာလာဆောင်မှာ ဆင်း၊ ပါလာတဲ့မုန့်ဖိုးထဲက ကားခ ချန်ပြီး ကျန်တာအကုန် အလှူငွေထည့်၊ အုတ်ဂူအတွက် လုပ်အားသွားပေး ခဲ့ပါတယ်။ ဒီနေ့မှာတော့ လူကပိုများလာ သလိုပဲ။ နောက်ပြီး သံတမန်တွေ လာပြီး ဂါရ၀ပြုတာကိုလည်း တွေ့ရပါတယ်။
ဘွဲ့နှင်းသဘင် ခန်းမရှေ့ တရားဟော စင်ငယ် ကနေပြီး ကျောင်းသားတွေက “နိုင်ငံခြား သံရုံးတွေက သံတမန်များ၊ နိုင်ငံခြားသားများ၊ ဧည့်သည်များ လာရောက် ဂါရ၀ပြုနေပါတယ်။ ကျောင်းသားတွေနဲ့ ပြည်သူတွေက နိုင်ငံကြီးသား ပီသစွာ စည်းကမ်းတကျ ပြုမူနေထိုင်ကြပါ။ နောက်ပြီး ဗိုလ်နေ၀င်းရဲ့ စစ်ခွေးတွေ ကျောင်းထဲ ရောက်နေတာကို ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ လုပ်စရာ ရှိတာကို ဆက်လုပ်သွားမယ်။ သတိရှိကြပါ” ဆိုပြီး မကြာခဏ ကြေညာပါတယ်။
ဗိုလ်နေ၀င်းရဲ့ စစ်ခွေးတွေဆိုတာ ထောက်လှမ်းရေးတွေနဲ့ ဗိုလ်နေ၀င်း အလိုကျ ပါတီ ကောင်စီဝင်တွေကို ပြောတာပါ။ ကျနော်တို့လည်း ကျနော်တို့ ရပ်ကွက်က ကောင်စီဥက္ကဋ္ဌနဲ့ မျက်နှာချင်းဆိုင် တွေ့ပါသေးတယ်။ အဲဒီအခါမှာ သူ့ မျက်နှာ ပျက်သွားတာကို တွေ့ရပါတယ်။
ကျောင်းဝန်း ထဲကိုလည်း စစ်တပ်က ၀င်ပြီး စီးမယ့် သတင်းတွေ ထွက်နေပါတယ်။
အုတ်ဂူအတွက် လုပ်အားပေးလိုက်၊ ဗိုက်ဆာတဲ့အခါ ထမင်းထုပ်နဲ့ အအေးပုလင်းယူပြီး သစ်ပင်အောက် သွားနားရင်း တရားဟောတာ နားထောင်လိုက်နဲ့ မနေ့က အတိုင်းပါပဲ။ ထူးခြားတာကတော့ ဒီနေ့မှာ လူပိုပြီးများလာပါတယ်။
အဓိပတိ လမ်းမကြီး တလျှောက် လူတွေဝင်လိုက်ထွက်လိုက်နဲ့ အတော့်ကို စည်စည်ကားကား ဖြစ်နေပါတယ်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့ တရားဟောစင် မှာလည်း ကျောင်းသားတွေတယောက်ပြီးတယောက် တရား တက်ဟောတာ အဆက်မပြတ်ပါပဲ။ အဲဒီထဲမှာ အသက် တော်တော်ငယ်တဲ့ ကျောင်းသူ တယောက်လည်း တရား တက်ဟောတာကို တွေ့ ရပါတယ်။ တော်တော်သတ္တိရှိပုံရပြီး ကျောင်းသားတွေ ကြားထဲမှာ မိန်းကလေးဆိုလို့
သူတယောက်တည်း ဖြစ်ပုံရပါတယ်။ နောက်ပြီး ကျနော့် အိမ်ရဲ့ တဘက်လမ်းထဲက ကျနော် သိတဲ့ ကျောင်းသား အစ်ကိုကြီး တယောက်ကိုလည်း တရားဟောတဲ့ အထဲမှာ ပါတာကို တွေ့ရပါတယ်။ သူက ဟိန္ဒူ-ဗမာ ကပြား တယောက်ပါ။ အဲဒီအရေးအခင်း အပြီးမှာ အဖမ်းခံရတယ်လို့လည်း ကြားပါတယ်။
ကျောင်းသားတွေဟောတဲ့ တရားထဲက ကျနော် မှတ်မိတဲ့ ပုံပြင်တပုဒ်ရှိပါတယ်။ အခုချိန်ထိ အဲဒီပုံပြင်ကို စိတ်ထဲမှာ စွဲနေပါသေးတယ်။
အဲဒါကတော့ “တခါတုန်းက ဗမာပြည်ကြီးဟာ ဆင်းရဲလွန်းလို့ ဦးနေ၀င်းနဲ့ သူ့ အစိုးရအဖွဲ့ဝင်တွေဟာ ဘယ်လိုလုပ်ရ ကောင်းမလဲ ဆိုပြီး လေယဉ်ပျံ တစင်းပေါ် တက်ပြီး ကောင်းကင်ကနေ ဗမာပြည်ကြီးကို ၀ဲပြီး ကြည့်ကြပါတယ်။ ဦးနေ၀င်းက သူ့ ၀န်ကြီး အဖွဲ့ဝင်တွေကို ဘယ်လိုလုပ်ရင် ဗမာပြည်ကြီး ချမ်းသာမလဲ ဆိုတာကို အကြံတောင်း ပါတယ်။ အဲဒီ အခါမှာ ၀န်ကြီးတယောက်က ကောင်းကင်ကနေ ရွှေတွေကြဲချလိုက်ရင် ကောင်းမယ်၊ တခြား တယောက်ကလည်း စိန်တွေ ကြဲချ လိုက်ရင်ကောင်းမယ်၊ နောက်တယောက်ကလည်း ငွေတွေကြဲချလိုက်ရင် ကောင်းမယ်ဆိုပြီး တယောက် တပေါက် အကြံ ပေးကြပါတယ်။ အဲဒီမှာပဲ လေယာဉ်မောင်း (ပိုင်းလော့) က ဦးနေ၀င်းနဲ့ ၀န်ကြီး အဖွဲ့ဝင်တွေကို ဗမာပြည်ကြီး တကယ်ချမ်းသာတာကို မြင်ချင်ကြလား ဆိုပြီးမေးပါတယ်။ အားလုံးက မြင်ချင်ပါတယ်ပေါ့။ အဲဒါဆို သူပြောတဲ့ အတိုင်း လုပ်မလားပေါ့။ လုပ်ပါ့မယ်ပေါ့။ ဒါဆိုရင် အခု လေယာဉ်တံခါးကို ဖွင့်ပြီး အားလုံး တယောက်ပြီး တယောက် အောက်ကိုသာခုန်ချကြ ပေတော့လို့ ပြောလိုက်ပါတော့တယ်” ဆိုတဲ့ ပုံပြင်ပါ။
နားထောင်ကြတဲ့ လူတွေဟာ လက်ခုပ်တွေတီးပြီး အော်ဟစ် သြဘာပေးလိုက်ကြတာ ကျောင်းဝန်း တဝန်းလုံး မိုးထိအောင် အသံတွေ ဆူညံသွားသလိုပါပဲ။
အဲဒီညနေ အိမ်မပြန်ခင် အချိန်မှာပဲ ကျောင်းကို စစ်တပ်က ၀င်စီးတော့မယ်၊ ကျောင်းသားကြီးတွေက ကျောင်းသား ငယ် တော်တော်များများကို ရှောင်ခိုင်းနေတယ်၊ အမာခံလောက်သာ ဦးသန့်အုတ်ဂူအတွက် ကျန်နေရစ်မယ် စတဲ့ သတင်းတွေကို ကြားရပြီး ကျနော်တို့လည်း အိမ်ပြန်လာကြပါတော့တယ်။
နောက်ရက်ပိုင်းမှာပဲ အစိုးရ စစ်တပ်က ညဘက် ကျောင်းကို ၀င်စီး၊ ဦးသန့် အခေါင်းကို ဘူဒိုဇာနဲ့ တိုက်ယူပြီး အခု
ရွှေတိဂုံဘုရား တောင်ဘက်မုခ် သခင်ကိုယ်တော်မှိုင်း အုတ်ဂူဘေးမှာ မြှုပ်နှံခဲ့ပါတယ်။ ဦးသန့်အခေါင်းကို ကာကွယ် ခဲ့တဲ့ အမာခံကျောင်းသားများ အဲဒီမှာပဲ ကျဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂ အလံဟာ ကျောင်းသား သွေးတွေ စွန်းခဲ့ ရပါတယ်။ ကျောင်းသား တော်တော်များများလည်း အဖမ်းခံခဲ့ ရပါတယ်။
ဒီအဖြစ်အပျက်ဟာ ကျနော့် ဘ၀မှာ ကျောင်းသားတွေရဲ့ စုစည်းညီညွတ်မှုနဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကို မြင်ခဲ့ရတဲ့ ပထမဦးဆုံး အကြိမ် အဖြစ်အပျက် တခုပါ။
ဒီဆောင်းပါးလေးနဲ့ အရေးတော်ပုံတိုင်းမှာ ကျဆုံးသွားကြတဲ့ ကျောင်းသားကျောင်းသူ၊ ရဟန်း ရှင်လူ အပေါင်းကို အလေးပြုလိုက်ပါတယ်။
(ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး အာရှတိုက်တွင် ပထမဆုံးသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်သည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ လာမည့် ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ ၁၀၁ နှစ်မြောက် မွေးနေ့ဖြစ်သည်)

ရေးသားသူ..ကိုသက်ဦး (သုံးရောင်ခြယ်)