06 February 2010

မြန်မာနိုင်ငံရဲ့အကျဉ်းထောင်အတွင်းထောင်သက်တမ်းကြာ မြင့်စွာနေခဲ့ရသောမြန်မာနိုင်ငံရေးအကျဉ်းသားတဦး သရက်ထောင် မှ ပြန်လွတ်.


ဦးဘမျိုးသိန်း
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပီဒီအက်ဖ်)နဲ့ဆက်သွယ်မှုနဲ့ ထောင်ဒဏ် ၁၉ နှစ်ကျခဲ့တဲ့ ဦးဘမျိုးသိန်း(အသက် ၅၆ နှစ်)ဟာ မကွေးတိုင်း သရက်မြို့အကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွတ်လာပါတယ်၊ ပဲခူးတိုင်း ပြည်မြို့ဇာတိဖြစ်တဲ့ ဦးဘမျိုးသိန်းကို စစ်အစိုးရ အာဏာပိုင်တွေက ၁၉၈၉ ခုနှစ်တုန်းက ရန်ကုန်မှာ ဖမ်းဆီးခဲ့တာပါ၊ အခုတော့ လွတ်ရက်စေ့လို့ ပြန်လွတ်လာတာပါ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ကျန်နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ပြန်လွတ် စေချင်တယ်လို့ ဦးဘမျိုးသိန်းက ပြောပါတယ်၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောင်တွင်းမှာ ကျန်းမာရေးကုသစောင့်ရှောက်မှုဟာ အရေးအကြီးဆုံး လိုအပ်ချက်ပဲလို့ ပြောပါ တယ်၊

ဦးဘမျိုးသိန်း. ထောင်တွင်းအတွေ့အကြုံ ဆက်သွယ်မေးမြန်းဖြေကြားချက်

“လွတ်ရက်စေ့လို့ ပြန်လွတ်လာတာပါ၊ နိုင်ငံရေးအမှုက ပုဒ်မ ၅(ည)။ ပုဒ်မ ၅(င) တို့။ အသင်းအဖွဲ့ ၆ တို့လေ၊ ပထမအမှုကတော့ ၆ နှစ်ကျတယ်၊ အင်းစိန်ထောင်ထဲမှာပဲ၊ အန်ကယ် ဦးဝင်းတင်တို့နဲ့ ၂၄ ယောက်အမှုတွဲမှာ ထပ်ပြီးတော့ ၁၂ နှစ် ကျတယ်၊ ကိုဂျင်မီတို့။ ဒေါက်တာ ဇော်မြင့်မောင်တို့နဲ့ ၁၂ နှစ် ထပ်ကျတယ်၊ စုစုပေါင်းတော့ အားလုံး ၁၉ နှစ်ကျတယ်၊ ၁၉ နှစ် ဖြစ်သွားပြီးတော့ အင်းစိန်ထောင်ကနေ သရက်ထောင်ကို ၁၉၉၇ မှာပြောင်းပြီး အခု ၂ဝ၁ဝ ကျမှ လွတ်တယ်ပေါ့ လေ၊ ၁၉ နှစ်အတိ နေရတယ်ပေါ့လေ၊”

ဦးဘမျိုးသိန်းကို ဘာ့ကြောင့် အဲဒီအမှုတွေနဲ့တရားစွဲတာလဲ၊

“ကျနော်က ၁၉၈၉ မှာ ပီဒီအက်ဖ်လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်သွယ်မှုနဲ့ ကျတာပါ၊ ”

၁၉ နှစ်ကြာ ထောင်တွင်းအတွေ့အကြုံလေးတွေကို နည်းနည်း အကျဉ်းချုံး ပြောပြလို့ရမလား၊

“အိုင်စီအာစီ(နိုင်ငံတကာကြက်ခြေနီအဖွဲ့) လာပြီးတဲ့နောက်ပိုင်း နည်းနည်း ချောင်ချောင်လည် လည် ရှိသွားတယ်ပေါ့လေ၊ ၁၉၉၉-၂ဝဝဝ ခုနှစ်၊ ဒီဘက်ပိုင်းမှာတော့ ထောင်ပိုင်ရဲ့ သဘောထား အပေါ် မူတည်နေတယ် ထင်တယ်၊ ထောင်ပိုင်ရဲ့ စိတ်သဘောထားအပေါ် မူတည်ပြီးတော့မှ ကောင်းတဲ့အခါလည်း ကောင်းလာတယ်၊ မကောင်းတဲ့အခါလည်း မကောင်းဘူးပေါ့၊ “အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အရင်တခါတုန်းက ကျနော် တို့ သရက်ထောင်ကပဲ မနီမိုလှိုင်ဆိုရင် ကျန်မာရေး အသည်းအသန်ဖြစ်တယ်၊ ၁ဝ ရက်။ ၁၂ ရက် လောက် ခံရတယ်၊ ရောဂါနဲ့ဆေးနဲ့မတွေ့တာဘဲလားတော့ မသိဘူး၊ အဲဒီလို ဖြစ်ခဲ့ဖူးတယ်၊ “မကြာသေးခင်ရက်ပိုင်းက ကိုမျိုးသန်ဏ္ဍဆိုတာလေ၊ သူလည်းပဲ အစာအိမ်။ ကျောက်ကပ်နဲ့ အသည်း ဖြစ်တယ်ပေါ့လေ၊ ဒါပေမယ့် မှန်းချက်ထုတ်တာက တခါ အူရောဂါ ဖြစ်တယ်ပေါ့လေ၊ ရောဂါနဲ့ ဆေးနဲ့ မတွေ့ဘူး ဖြစ်နေတယ်၊ လေးရက်ငါးရက်လောက် ကြာတဲ့အခါကျမှ အပြင်ကို ဆေးဝါး ကုသခွင့်ပေးဖို့ တော်တော်တောင်းယူရတယ်၊ “ကျနော်တို့မှာ ဘာအခက်အခဲရှိလဲဆိုတော့ ကျဉ်းထဲကျပ်ထဲ ဖြစ်နေတဲ့ အကျဉ်းသား တွေအနေနဲ့ကျန်မာရေးက ဆိုးဆိုးရွားရွား ဖြစ်နေတဲ့အချိန်မှာ အပြင်ကို အလွယ်တကူ ဆေးဝါး ကုသ ထုတ်ခွင့်မပေးတာ တော်တော်ဂွကျနေတယ်ပေါ့လေ၊”

အကျဉ်းထောင်ထဲမှာ ရှိနေတုန်း ဘယ်သူတွေနဲ့ တွေ့ခဲ့ရ။ စကားတွေ ပြောခဲ့ရလဲ၊

“သရက်ထောင်ထဲမှာ မြန်မာနိုင်ငံအနေနဲ့ ပြောမယ်ဆိုရင်။ ကမ္ဘာမှာပြောမယ်ဆိုရင် ပြောလို့ရတဲ့ အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား။ အသက် ၈၇ နှစ် ရှိတဲ့ ဦးကျော်ခိုင် တောင်ကုတ် လွှတ် တော်ကိုယ်စားလှယ်နဲ့တွေ့ခဲ့ရပါတယ်၊ သူကတော့ ကျန်းကျန်းမာမာ။ စိတ်ဓာတ်ခိုင်ခိုင်မာမာပဲ၊ “ကိုဖိုးဖြူ ရှိတယ်။ ကိုဇော်ဌေး ရှိတယ်၊ ဦးအေးမြင့် ရှိတယ်၊ နောက် ဦးအောင်ခင်ဘို ဘိုကလေး အန်အယ်လ်ဒီအဖွဲ့က ရှိတယ်၊ ဦးသန့်ရှင်း ပခုက္ကူက ရှိတယ်၊ မနီလာသိန်း။ နောက် မနီမိုလှိုင်။ တော်တော်များများရှိကြပါတယ်၊ ကျန်းမာရေးတွေကတော့ တချို့လည်း ကောင်းကြ တယ်၊ တချို့လည်း မကောင်းဘူးပေါ့၊”

အခု ပြန်လွတ်လာပြီဆိုတော့ နိုင်ငံရေး ယုံကြည်ချက်ကရော၊

“နိုင်ငံရေးယုံကြည်ချက်ကတော့ ဆက်ပြီးတော့ရှိနေဦးမှာပဲ၊ အဓိက ကတော့ ၉ဝ ခုနှစ် ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အန်အယ်ယ်ဒီ အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေ ကတော့ ဆက်ပြီးတော့ ဆုပ်ကိုင်ထားတဲ့ကိစ္စကတော့ ကျနော်တို့ရဲ့ အဓိကအားဖြစ်တယ်၊ ဒါကို ယုံယုံကြည်ကြည်နဲ့ ဆက်ပြီးလုပ်ဖို့ ရှိတယ်ပေါ့လေ၊”


ရင်းမြစ်၊ DVB
ဓာတ်ပုံ ၊ AAPP