29 October 2011

ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်းသည် အဓိကသော့ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



(25 Oct 2011 ရက်စွဲပါ The Washington Post မှ AP ၏ Myanmar pro- democracy activist, Nobel Peace Laureate says freedom from fear is ‘ Master Key’ ကို yangonchronicle ဘာသာပြန်သည်)

အကြောက်တရားမှ ကင်းလွတ်ခြင်း (Freedom from Fear) သည် အခြားလွတ်လပ်ခြင်းများအတွက် လမ်းဖွင့်ပေးမည့် အဓိကသော့ချက် (master key) ဖြစ်ကြောင်း နိုဘယ်လ်ဆုရှင်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့နှောင်းပိုင်းတွင် မီချီဂန်တက္ကသိုလ်က သူမ အား ဂုဏ်ပြုပွဲတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါတက္ကသိုလ်မှ နှစ်ပတ်လည် Wallenberg ဆုတံဆိပ် ချီးမြှင့်ခြင်းကို ခံရသည်။ အဆိုပါ ဆုတံဆိပ်မှာ ယင်းတက္ကသိုလ်ကျောင်းသားဟောင်း ဆွီဒင်သံတမန် Raoul Wallenberg သည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးထောင်ပေါင်းများစွာကို ကယ်တင် ခဲ့ခြင်း အထိမ်းအမှတ် သတ်မှတ်ထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံမှ ထွက်ခွာခြင်းအား ပိတ်ပင်ခံထားရခြင်း မရှိသော်လည်း မြန်မာနိုင်ငံသို့ ပြန်လာရန် ခွင့်မပြုမည်ကို စိုးရိမ်သဖြင့် နိုင်ငံခြားသို့ ခရီးထွက်ခြင်း မပြုပေ။ ထို့ကြောင့် သူမသည် ပရိတ်သတ်အား အင်တာနက်မှတဆင့် တိုက်ရိုက် စကားပြောသည်။

“ကြောက်ရွံ့ခြင်းဟာ ဆွံ့အခြင်း၊ လုပ်သမျှခံတဲ့အဖြစ်ကို ရောက်စေပါတယ်။ ကြောက်ရွံ့ခြင်းဟာ အရာရာကို မစွမ်းဆောင်နိုင်တဲ့အဖြစ်ကို ဖြစ်စေ ပါတယ်” ဟု ပရိတ်သတ်၏ မေးခွန်းများကို တိုက်ရိုက် ဖြေကြားခြင်းမပြုမီ၊ ကြိုတင်သွင်းယူထားသော မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။ “ပြောဖို့ ကြောက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ပြောဆိုခွင့်ရအောင် ဘာမှ လုပ်နိုင်မှာမဟုတ်ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

“မတရားမှုကို စိန်ခေါ်ဖို့ သိပ်ကြောက်နေမယ်ဆိုရင်တော့ လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ရပိုင်ခွင့်ကို ကာကွယ်နိုင်လိမ့်မယ် မဟုတ်ပါဘူး။ ဒါ့အပြင် ကျွန်မတို့ရဲ့ ဘဝတွေ ဆိုးဝါးစေတဲ့ လူမှုရေးနဲ့ စီးပွားရေးမှားယွင်းမှုတွေကို ပြင်ဆင်ပေးဖို့ ပြောရဲလိမ့်မယ် မထင်ပါဘူး” ဟု သူမက ဆိုသည်။

ယခုနှစ်အထိ စစ်တပ်မှ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရသော မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အခြား တိုင်းပြည် များက ကုန်သွယ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးယူမှုများ ချမှတ်ထားခဲ့သည်။ မြန်မာနိုင်ငံသည် လူဦးရေ ၅၄ သန်းရှိသော နိုင်ငံ ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် မတ်လက အာဏာရလာပြီးနောက် မကြာသေးမီက နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် လွှတ်ပေးခြင်း အပါ အဝင် နိုင်ငံတကာ အရေးယူမှုများ ဖြေလျော့စေမည့် မူဝါဒများ ချမှတ်ခဲ့သည်။

အသက် ၆၆ နှစ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ်က ထူးထူးခြားခြား မခံစားရကြောင်း အဘယ်ကြောင့်ဆိုသော် သူမ၏စိတ်မှ အမြဲတမ်း လွတ်မြောက်နေခြင်းကြောင့်ဟု ပြောကြားခဲ့သည်။ သူမ၏ လွတ်မြောက်ခြင်းဆိုသည်မှာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်အောင် အလုပ် လုပ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သူမက ပြောသည်။

“ကျွန်မတို့ရဲ့ ကြိုးပမ်းရုန်းကန်မှုတွေမှာ ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေးကို အလေးအနက်ထား ပြောရတာကတော့ တခြားလွတ်မြောက်ခြင်း တွေ အတွက် တံခါးဖွင့်နိုင်မယ်၊ ဒါကို အဓိကသော့ချက်(master key) အဖြစ် မြင်လို့ပါပဲ” ဟု သူမက ဖြည့်စွက်ပြောသည်။

တိုက်ဆိုင်စွာပင် အမေရိကန်ပြည်ထောင်စုမှ အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီး အင်္ဂါနေ့က ခရီးစဉ် ပြီးဆုံးချိန်တွင် မည်သည့် အသေးစိတ်မျှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ဒဲရက်မစ်ချယ် (Derek Mitchell) ၏ ခရီးစဉ်ပြီး၍ ပြန်လည် ထွက်ခွာသွားသော်လည်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြခဲ့ခြင်း မရှိပေ။ မြန်မာအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှု ကိစ္စများ ပါဝင် နိုင်သည်ဟု ခန့်မှန်းမှုများသာ ရှိသည်။

တက္ကသိုလ်၏ Rackham ခန်းမတွင် ပြုလုပ်သည့် အမေးအဖြေကဏ္ဍတွင် မည်သူကမျှ ဒေါ်အောင်ဆန်းစုကြည်အား မစ်ချယ်၏ ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း မရှိပေ။ Skype မှ တဆင့် သူမက ပြန်လည်ဖြေကြားရာတွင် အကြမ်းဖက်ခြင်းနှင့် အကြမ်းမဖက်သော တော်လှန်ရေးများ အကြောင်း၊ သူမ၏ စံပြပုဂ္ဂိုလ်များအကြောင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် အခွင့်အလမ်းများ ပါဝင်ခဲ့ သည်။

“အမေရိကန်မှာရော ဖိနှိပ်ခံရတဲ့သူတွေ မရှိတော့ဘူးလား၊ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ရုန်းထွက်ခဲ့ရတာပါ” ဟု သူမက ကြေညာသည်။ “စစ်မှန် တဲ့ ငြိမ်းချမ်းရေးမရှိပဲ၊ ဒီမိုကရေစီ မရနိုင်ဘူး” ဟု သူမက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီမရမှီ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ရမည်ဟု သူမက ပြောသည်။ မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေ၏ အစိတ်အပိုင်းအချို့သည် ဒီမိုကရေစီစံများနှင့် ညီညွတ်မှု မရှိခြင်းကြောင့် ပြောင်းလဲရန် လိုအပ်ကြောင်း သူမက ဆိုသည်။

မီချီဂန်တက္ကသိုလ်သည် ၁၉၉၀ ခုနှစ်မှစ၍ Wallenberg တံဆိပ်ကို စတင် ချီးမြှင့်ခဲ့သည်။ နိုဘယ်လ်ဆုရှင်နှင့် ဒုတိယကမ္ဘာစစ်အကျဉ်းစခန်းမှ အသက်ရှင်ကျန်သူ Elie Wiesel က ပထမဆုံး ဆုချီးမြှင့်ခြင်းခံရသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဆုကို ကိုယ်တိုင်တက်ရောက် မယူသူ ပထမဆုံး ဂုဏ်ပြုခံ ပုဂ္ဂိုလ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၊ ကိုဇာဂနာ ၊ ဇေယျာသော် နှင့် ဒါရိုက်တာမင်းထင်ကိုကိုကြီး ဦးဆောင်၍ လွတ်လပ်သော ရုပ်ရှင်ပြိုင်ပွဲပြုလုပ်ရန်စီစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ၊ ရုပ်ရှင်သရုပ်ဆောင် ကိုသူရ (ခေါ်) ဇာဂနာ ၊ ဟစ်ဟော့အဆိုတော် ဇေယျာသော် ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် အဖွဲ့ချုပ်မှ အဖွဲ့ဝင် အချို့ပူးပေါင်း၍ လွတ်လပ်သော ရုပ်ရှင်ပြိုင်ပွဲ ဟူ၍ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

လွတ်လပ်သောရုပ်ရှင်ပြိုင်ပွဲကို ကျင်းပရခြင်းသည် မိမိကြိုက်နှစ်သက်ရာ သရုပ်ကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ပြခြင်းဖြင့် သိရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အဆိုပါ လွတ်လပ်သောရုပ်ရှင်ပြိုင်ပွဲ စီစဉ်သူတစ်ဦးမှသုံးသပ်ပြောသည်။

“အန်တီကတော့ ရည်ရွယ်ချက်မပြောဘူး၊ ဒါပေမဲ့ ဒီရုပ်ရှင်ပြိုင်ပွဲကျင်းပရတာကတော့ လွတ်လပ်စွာနဲ့ သရုပ်ဖော်ထုတ်ပြစေချင်တယ် အဲ့လိုသဘောမျိုးပါဘဲ” ဟု အန်အယ်လ်ဒီအဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးက သုံးသပ် ပြောဆိုသည်။

လွတ်လပ်သောရုပ်ရှင်ပြိုင်ပွဲကို စိတ်ဝင်စားသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ဇာတ်ရုပ်၊ သရုပ်ဆောင် ရိုက်ကူးချက်ကို ဗွီစီဒီ ၊ ဒီဗွီဒီ ကြိုက်နှစ်သက်ရာ အခွေများဖြင့်ပြုလုပ်ကာ တစ်လအတွင်း အန်အယ်လ်ဒီ အဖွဲ့ချုပ်ရုံးသို့ ပေးပို့နိုင်ကြောင်းသိရသည်။

ရိုက်ကူးပေးပို့ထားသော အခွေများကို ၀ါရင့်နိုင်ငံရေးသမားများ နှင့် အနုပညာရှင်များမှ အမှတ်ပေး ဆုံးဖြတ်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်ပွဲတော်တွင်လည်း ပြသသွားမည်ဖြစ်ကြောင်းနှင့် လွတ်လပ်သော ရုပ်ရှင်ပြိုင်ပွဲမှ ဆုရရှိသူများကို ၂၀၁၂ခုနှစ် လွတ်လပ်ရေးနေ့တွင် ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လွတ်လပ်သောရုပ်ရှင်ပြိုင်ပွဲနှင့် ပတ်သက်ပြီး လာမည့် အောက်တိုဘာလ ၃၁ ၇က်နေ့ မနက် ၁၀ နာရီ ၀န်းကျင်တွင် ဗဟန်းမြို့နယ်ရှိ Relax စားသောက်ဆိုင်၌ မီဒီယာများနှင့် တွေ့ဆုံပြောကြားမည်ဖြစ်ကြောင်း သိရှိရသည် ။

ပြန်လည်မျှဝေပေးသော မြစ်မခမီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

28 October 2011

ဘွဲ့လိုချင်ပါသလား၊ တနှစ်ကို ကျပ် ၃ သိန်းသာ ယူခဲ့ပါ။


ကျပ် သုံးသိန်းပေးဆောင်ခြင်းဖြင့် ဘွဲ့တက်ယူနိုင်သည့် နေရာ

အရာရှိရာထူး မရနိုင်သော်ငြားလည်း၊ ပညာစစ်၊ ပညာမှန်လည်း မရနိုင်သော်ငြားလည်း ဧည့်ခန်းတွင် ဂုဏ်ယူဝင့်ကြွားစွာ ချိတ်ဆွဲရန် အတွက်လည်းကောင်း၊ မင်္ဂလာဆောင် ဖိတ်စာတွင် အမြီးရှည်ရှည် ထည့်နိုင်ရန်လည်းကောင်း၊

နာရေးကြော်ငြာတွင် တက္ကသိုလ်ဘွဲ့ ရခဲ့ဖူးကြောင်း မသိသေးသူများ သိသာစေရန် အတွက်လည်းကောင်း ယခုလ ၂၇ ရက်နေ့တွင် အဝေးသင် ဘွဲ့များကို အခကြေးငွေဖြင့် ရယူကြမည်ဖြစ်ကြောင်း မောက္ခက သတင်းရရှိပါသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (တာဝ) တွင် အောက်တိုဘာလ ၂၇ ရက်နေ့၌ စာမေးပွဲ ဖြေဆိုမည့် အဝေးသင် ကျောင်းသားများမှာ ဆရာများထံမှ ကျူရှင်မယူနိုင်ပါက စာမေးပွဲအောင်ရန် အခက်အခဲရှိသည်ဟု ကျောင်းသူကျောင်းသားများက ပြောဆိုနေကြသည်။

ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာ ကျောင်းသားတစ်ဦးက “အဝေးသင်တက်ရင် ကျူရှင်ယူရတယ်။ ယူတဲ့သူတွေကို ခုံနံပါတ်ပါ တောင်းတယ်။ ကျူရှင်တက်တဲ့သူတွေကို စာစစ်ရင် သေချာဂရုစိုက်ပေးတယ်။ အားလုံးအောင်အောင်ပေါ့။ တနှစ်လုံး ကျောင်း ကလည်း ၁၀ရက်ပဲ တက်ရတော့ ဘာမှန်းမသိပါဘူး။”ဟု ကေအိုင်စီကိုပြောသည်။

အချိန် ၇ရက်သာ ဖြေဆိုရသည့် ၎င်းအဝေးသင် စာမေးပွဲအတွက် ကျူရှင်များကို ပါမောက္ခများကိုယ်တိုင် သင်ကြားပေးနေပြီး ကျူရှင်မယူသည့် အဝေးသင် တက္ကသိုလ်ကျောင်းသူကျောင်းသား များကို ကောင်းကောင်းမွန်မွန် စာသင်ကြားပေးခြင်း မရှိသ ဖြင့် အဝေးသင်တက္ကသိုလ်လည်း မရှိသင့်တော့ကြောင်း အဆိုပါ အင်္ဂလိပ်စာမေဂျာ ကျောင်းသားက ပြောသည်။

ကျပ် သုံးသိန်းပေးဆောင်ခြင်းဖြင့် ဘွဲ့တက်ယူနိုင်သည့် နေရာတက္ကသိုလ်များတွင် သာမက ပြင်ပသင်တန်းကျောင်းများ၌ တက်ရောက်သူများမှာလည်း သင်တန်းပြီးပါက ကျူရှင်တက်နေရ သေးကြောင်းနှင့် ကျူရှင်တက်ပါက စာစဉ် (Assignment) ပေးပြီး ထိုစာစဉ်မှတဆင့် ဂုဏ်ထူးထွက်နိုင်ရေး လုပ်ဆောင်ပေး ကြောင်းကိုလည်း ကွန်ပြူတာသင်တန်းကျောင်း (KMD) မှ သင်တန်းသားတစ်ဦးက ပြောသည်။

ကျူရှင်ယူခြင်း မယူခြင်းကိစ္စနှင့် ပတ်သက်၍ ကျူရှင်သင်ကြားပို့ချနေသည့် ဆရာမတစ်ဦးထံသို့ မောက္ခက ဆက်သွယ်မေးမြန်းရာ ယခုလို ဖြေကြားခဲ့သည်။

"အားလုံးလိုလို အပိုဝင်ငွေ ရှိမှ ရပ်တည်နိုင်တာလေ။ အခြားဝင်ငွေရလမ်းလည်း မရှိဘူး။ လစာကလည်း မဖြစ်စလောက်၊ စားဝတ်နေရေး မလောက်ငဘူး။ ပါမောက္ခတွေကိုယ်တိုင် ကျူရှင်ပြနေတဲ့ ခေတ်ဆိုးကြီးမှာ ကျမတို့ ကထိကတွေအားလုံးလိုလိုလည်း ကျူရှင်ပြစားကြပါတယ်။"

ပညာရေးဆိုင်ရာ ကျွမ်းကျင်သူ၊ ပညာရေးသုတေသီတစ်ဦးမှ မြန်မာပြည် ပညာရေး၏ အဂတိ လိုက်စားမှုများမှာ မျိုးဆက်များဆီ လက်ဆင့်ကမ်းလာသည့်အတွက် အရည်အသွေးများစွာ ကျဆင်းလာကြောင်း မောက္ခသို့ ယခုလို ဝေဖန် ထောက်ပြခဲ့သည်။

“လက်ရှိ မြန်မာ့ပညာရေးဟာ ပညာရဖို့ တော်တော်ခက်တဲ့ အခြေအနေပါ။ အာဏာပိုင်နဲ့ ဆရာ ဆရာမတွေကိုယ်တိုင်က ဖြစ် နေတော့ စိုးရိမ်စရာ ကောင်းပါတယ်။ ဒီစနစ်ဆိုးကြီးကို တိုက်ထုတ်ဖို့လိုပါတယ်။ တက္ကသိုလ်ကျောင်းတွေတင်မက ပြင်ပမှာ လည်း အခကြေးငွေ ပေးနေရတယ်ဆိုတာ မလိုလားအပ်တဲ့ အဂတိအမွေပါ။ ကုရခက်ပါတယ်။ ကြိုးကြိုးစားစားနဲ့ ပညာရှာလို တဲ့စိတ်ကို ဖျက်ဆီးနေတယ်။”ဟု ပြောသည်။

၎င်းအပြင် ဂျပန်နိုင်ငံ Kyoto Notredame Woman University တွင် Social Welfare ဘာသာရပ် သင်ယူနေသူ မြန်မာ ကျောင်းသူတစ်ဦးကလည်း “ကျမဆိုရင် မြန်မာပြည်မှာ သင်္ချာနဲ့ ကျောင်းပြီးခဲ့တာပါ။ ကျမတို့တုန်းကလည်း ကျူရှင်ယူခဲ့ရ တယ်။ ငွေသာကုန်ပြီး ဒီပညာနဲ့ ဘာမှအသုံးမချရပါဘူး။ အမြင်ပြောရရင် မြန်မာပြည် ပညာရေးကတော့ တက္ကသိုလ် မဟုတ် ဘူး။ မူကြိုကနေ စပြင်ရမှာပါ။”ဟု ပြောသည်။

မန္တလေးက အဝေးသင် နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်သူ မေသဇင်မျိုးက မောက္ခကို ယခုကဲ့သို့ ရှင်းပြခဲ့သည်။

"ကထိကတွေ၊ ပါမောက္ခတွေဆီမှာ ကျူရှင်တက်နေတဲ့ ကျောင်းသူကျောင်းသားတွေက ခုံနံပါတ်ပေးလိုက်ရုံပါပဲ။ အောင်ဖို့ သေချာပြီ။ ဘာသာစုံအတွက် ၃ သိန်းအထိ ပေးရတယ်လေ။ အောင်မှတ် မသေချာဘူးဆိုရင်လည်း လက်ဆောင်ပစ္စည်းနဲ့ သွားကန်တော့ရုံ"

"သမီးက ကိုယ်ပိုင်အလုပ်ရှိတယ်လေ။ အိမ်ကအတင်းယူခိုင်းလို့သာ ဘွဲ့ယူတာပါ။ အနည်းဆုံးတော့ ဧည့်ခန်းမှာ ချိတ်ဆွဲထားလို့ရတယ်လေ... အဟီး"


ရင်းမြစ်....မောက္ခ ပြည်တွင်းပညာရေးသတင်း

သျှင်အနုရောဓိ

မြို့တွင်း၌ ကလေးငယ် အချို့အား တောင်းရမ်း ခိုင်းစားနေ သူနှစ်ဦး မိပြီ

ရန်ကုန်မြို့တွင်း၌ ကလေးငယ် များအား နောက်ကွယ်မှ တောင်း ရမ်းခိုင်းစားနေသူ နှစ်ဦးအား ယခုလ ၁၁ ရက်နေ့တွင် ဖမ်းဆီးအရေး ယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

တောင်းရမ်း စားသောက်သည့် ကလေးငယ်များအား ဖမ်းဆီး၍ ကမာရွတ်မြို့နယ် နာနတ်တော လမ်းရှိ စောင့်ရှောက်ရေးစခန်းတွင် ထားရှိသော ကလေးငယ် ၃၀ ဦး အား စစ်ဆေးရေးအဖွဲ့မှ မေးမြန် ခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးမှ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ ယောမင်း ကြီး (၁) လမ်းရှိ နေအိမ်အား လိုက် လံပြသခဲ့သဖြင့် သက်ဆိုင်ရာစစ် ဆေးရေးအဖွဲ့မှ စောင့်ကြပ်စစ်ဆေး ခဲ့ရာ အဆိုပါနေအိမ်မှ အမျိုးသမီး တစ်ဦးသည် ဒလဘက်ကမ်းမှတစ် ဆင့် ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော် မီးပွိုင့်တို့တွင် ကလေးငယ် ၃ ဦးတို့အားတောင်း ရမ်းခိုင်းစားသည်ကို တွေ့ရှိသဖြင့် ဒလရဲစခန်းသို့သတင်းပို့ကာ ဖမ်းဆီး ခဲ့ကြောင်း၊ ထို့နောက် အောက်တို ဘာလ ၉ ရက်နေ့တွင် ကုန်သည် လမ်းနှင့် ဗိုလ်အောင်ကျော်မီးပွိုင့် အနီးတွင် ခိုင်းစေခံရသည့် ကလေး ငယ် ၃ ဦးနှင့်အတူ အထက်ပါ လိပ် စာတူအိမ်မှ အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သိရ သည်။ တောင်းရမ်းခိုင်းသည့် အမျိုးသ မီးနှစ်ဦးသည် အဆိုပါကလေးငယ် များထံမှ တစ်ရက်လျှင်ကျပ် ၃၀ဝ၀ နေ့စဉ်ယူပြီး ပုံမှန်ချိန်းသည့်နေရာ တွင်ပေးရကြောင်း စစ်ဆေးထွက် ဆိုခဲ့ကြောင်း ကျောက်တံတားရဲ စခန်းမှ သိရသည်။

"သတင်းကြားရတာတော့ ရှိ တယ်။ ဘယ်သူကကြိုးကိုင်ပြီး လုပ် တယ်ဆိုတာ မသိရဘူး။ အခုက ကလေးတွေကို မေးတာကနေ သတင်းကွင်းဆက်ရသွားတာ" ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လက်ရှိတွင် ကလေးငယ်များ ၏ နောက်ကွယ်မှ ကြိုးကိုင်၍ တောင်းရမ်းခိုင်းသော ဒေါ်တင်ညို ၄၅ နှစ် (ဘ) ဦးကြွယ်၊ ယောမင်း ကြီး ၁ လမ်း၊ ကျန်စစ်သားရပ် ကွက်နှင့် ဒေါ်သန်းသန်းဦး (ခ) ဒေါ် မျိုး ၅၅ နှစ် (ဘ) ဦးဝင်းတင် (လိပ်စာတူ) တို့အား ကျောက်တံတား ရဲစခန်းမှ ရဲအရေးမပိုင်မှု အမှတ်စဉ် (၃၂/ ၂၀၁၁) ဖြင့် ကလေးသူငယ် အက်ဥပဒေပပုဒ်မ (၆၆) အရ စစ် ဆေးပြီးထောင်ဒဏ် (၁) နှစ်စီ ချမှတ်ခဲ့ကြောင်းသိရသည်။

"တည်ဆဲဥပဒေနဲ့အညီ မစွမ်းတွေအားလုံးကို အသက် အရွယ် ပုံစံ စရိုက်တွေခွဲပြီး ထားပါ တယ်"ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ လူမှုဝန်ထမ်း ဝန်ကြီး ဒေါက်တာမြင့်သိန်းက ကလေးငယ်များနှင့် ပတ်သက် သောအခြေအနေကို အောက်တိုဘာ ၂၁ ရက်နေ့က အစိုးရအဖွဲ့ရုံးတွင် ပြောပြသည်။ ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ကလေးသူငယ်များ တောင်းရမ်းစားသောက်နေထိုင်ခြင်း ကိုထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ ပြည်တွင်းရှိ အခြေအနေမဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း လုပ်ကိုင်နေသောNGOအဖွဲ့အ စည်းတစ်ခု၏ တာဝန်ရှိသူ တစ်ဦး က "ကလေးတွေကို အဓမ္မစေခိုင်း တဲ့ စီးပွားရေးလုပ်ငန်းလို့ ဆိုရမှာပေါ့၊ ဒီလိုမျိုးဖမ်းမိတာကို ကြားရတာ ဝမ်းသာပါတယ်၊ လုပ်သင့်တဲ့လုပ်ရပ် ပါ၊ အခုအစိုးရသစ်အနေနဲ့ ဒီလိုလုပ် သွားမယ်ဆိုရင် ပပျောက်သွားမယ့် လက္ခဏာတစ်ခုပါ။ ဒါပေမဲ့ ထိန်း သိမ်းတဲ့အဖွဲ့အစည်းမှာလည်း ဟာ ကွက်မရှိဖို့ လိုပါတယ်" ဟု သုံးသပ် ပြောကြားသည်။

သတင်း....Popular News Journal.

တရုတ်ဘက်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများဖမ်းမိ



တရုတ်နယ်စပ်ဘက် တင်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများသယ်ဆောင်လာသည့် စိတ် ကြိုက် မော်တော် ယာဉ်လိုင်းပိုင်မှန်လုံယာဉ် တစ်စီးကို မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ အောက်တိုဘာ ၂၄ ရက်နေ့ က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ မှန်လုံယာဉ်ပေါ်တွင် ကျောက်စိမ်း အလေးချိန်ကီလို ၉၀၀ ခန့် နှင့် သင်းခွေချပ်အပါအဝင်သစ်တော ထွက်ပစ္စည်း တချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းယာဉ်အား ထိန်းသိမ်းထားကြောင်း ၁၀၅ မိုင် ၀န်ထမ်းအသိုင်း အဝိုင်းမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျောက်စိမ်းက ကီလို ၉၀၀ ပေါ့ တစ်တန်လောက်ရှိတယ် သင်းခွေချပ်နဲ့ သစ်တောထွက်ပစ္စည်းတွေပါ တယ်။ လောလောဆယ်နှစ်ဘက်ညှိနေတုန်းပဲ၊ ယာယီထိန်းသိမ်းထားတာပေါ့၊ ကားသိမ်းတဲ့ အဆင့်တော့ မရှိသေးဘူး ” ဟု ၀န်ထမ်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

မူစယ်နှင့် မန္တလေး အကြား လိုင်းပြေးဆွဲနေသည့် စိတ်ကြိုက်မော်တော်ယာဉ်လိုင်းကို ယခင် ရမခတိုင်းမှူးမှ ကစထမှူးဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၏ ညီတော်သူ ဗိုလ်မှူးအောင်လင်းထွဋ် ပိုင်ဆိုင် ကြောင်း သိရသည်။

သတင်း - သျှမ်းသံတော်ဆင့်သတင်း

ရွှေဝါရောင် ဦးကောဝိဒ အနီးကပ် စောင့်ကြည့် ခံနေရ

အောက်တိုဘာလ ၁၂ ရက်နေ့က သရက်ထောင်မှ လွှတ်လာသော ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် သံယနာယက ဥက္ကဌဟောင်း ဆရာတော်ကောဝိဒ အား အာဏာပိုင်များက အနီးကပ် စောင့်ကြည့် နေကြောင်း သတင်း ရရှိသည်။

"သူတို့ စောင့်ကြည့်နေတာက သေချာနေပါတယ်။ မနေ့က ဆိုလို့ ရှိရင် ရဲ SB က ကျောင်းထဲကိုရောက် လာတယ်။ ဆရာတော်နဲ့တော့ မတွေ့လိုက်ရဘူး။ တခြား ဦးဇင်းတွေနဲ့ တွေ့သွားတယ်။ ဟိုတစ်နေ့ ကလည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရောက်လာတယ်။ ထောက်လှမ်းရေးတွေလည်း ပါတယ်လို့ သိရတယ်" ဟု ဆရာတော် ဦးကောဝိဒက နိရဉ္စရာသို့ ပြောသည်။

ယခုကဲ့သို့ စောင့်ကြည့်နေသော အကြောင်းအရင်းကိုလည်း ဆရာတော်က ယခုလို ပြောသည်။

" အခု ဆရာတော်က သင်္ကန်းပြန်ဝတ်ပြီး ကျောင်းတိုက်ထဲမှာ နေနေတယ်။ ဒါကို သူတို့က သင်္ကန်း ပြန်ဝတ်တာကို စည်းကမ်းနဲ့ အညီ ဖြစ်စေလိုတယ်လို့ သိရတယ်။ ဆရာတော်က သင်္ကန်းအတင်းချွတ် ခံရတဲ့ အတွက် သင်္ကန်းကို ပြန်ဝတ်တာဟာ ၀ိနည်းတော်နဲ့ ညီတယ်။ ဒါကိုလည်း ဘုန်းကြီးတိုင်းသိပါ တယ်" ဟု ဆရာတော်က ဆိုသည်။

ဆရာတော်အား ၂၀၀၇ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့က ဆရာတော် သီတင်းသုံးရာ ဒဂုံမြို့သစ်အရှေ့ ပိုင်း တက္ကသီလာ မဟာ ပဓိပဌာန်ကျောင်းတိုက်မှ စစ်တပ်နှင့် ရဲတပ်ဖွဲ့ ၀င်များက ကျောင်းကို ၀ိုင်းပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာရုံးသို့ အရောက်တွင် သင်္ကန်းကိုအတင်းချွတ်ခိုင်း ခဲ့ကြောင်း ဆရာတော်က ပြောသည်။

" ဘုန်းဘုန်းတို့က ဘာမှ အပြစ် မရှိတဲ့ အတွက် သင်္ကန်း မချွတ်နိုင်ဘူးလို့ ပြောတဲ့ အခါ သူတို့က မင်းရဲ့ အမိန့်ဆိုပြီး အတင်းချွတ်ခိုင်းတယ်။ ဆရာတော်ကလည်း ကျောင်းတိုက်မှာ ဖမ်းဆီးခံရစဉ်ကတည်းက မျက်နာကို လက်သီးနဲ့ အထိုးခံထားရတဲ့ အတွက် ငြင်းဆန်နေရင်လည်း ဘာမှ ထူးမှာ မဟုတ်တဲ့ အတွက် သင်္ကန်းချွတ်ပေးလိုက်တယ်။ ဒါကြောင့် သင်္ကန်း အတင်းချွတ်ခိုင်းလို့သာ ချွတ်ရတာ ဖြစ်တယ်။ ဒါကြောင့် ဆရာတော်ဟာ ထောင်ထဲမှာ နေခဲ့ရပေမယ့် ဘုန်းကြီး ဘ၀နဲ့ ရှိနေတုန်းဘဲ ဖြစ်ပါတယ်။"

ဆရာတော်မှာ ထောင်ကလွှတ်လာပြီးနောက်ပိုင်း ယခုအခါ ဆီးချိုရောဂါကို ခံစားနေရသဖြင့် ဆေးရုံသို့ သွားပြနေရသည့်အထဲ ယခုကဲ့သို့ အာဏာပိုင်များက ကျောင်းတိုက်ထဲ ၀င်ရောက်ပြီး စောင့်ကြည့်နေ သဖြင့် စိတ်စနိုး စနှောင့် ဖြစ်နေကြောင်း သိရသည်။

ဆရာတော် ဦးကောဝိဒအား ၂၀၀၇ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကာ ၂၀၀၈ ခုနှစ် (၁၀) လပိုင်း ရောက်မှ အင်းစိန်ထောင် တရားရုံးက ထောင်ဒဏ် ၄ နှစ် ၃ လ ချမှတ်ခံခဲ့ရကြောင်းသိရသည်။

" ဘုန်းဘုန်းတို့ကို ဒီအတိုင်းဘဲ အင်းစိန်ထောင် ထောင်ဗူးဝ ခုံရုံးက ထောင်ဒဏ်ချမှတ်လိုက်တာ ပါဘဲ။ ရှေ့နေတွေ ဌားရမ်းခွင့်လည်း မပေးခဲ့ဘူး။ ဆွေမျိုးတွေလည်း တက်ရောက် နားထောင်ခွင့် မပေးခဲ့ဘူး။ ထောင်ချတော့လည်း အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ တနှစ်အတွက် လျော့တွက်လည်းမရခဲ့ပါ ဘူး" ဟု ပြောသည်။

ထောင် ၄ နှစ်နှင့် သုံးလ ချမှတ်ခံခဲ့ရပြီး ၄ နှစ်နှင့် တစ်လ အရောက်တွင် ဆရာတော်မှာ သရက်ထောင်မှ လွှတ်ငြိမ်းချမ်းသာခွင့်ကို အကြောင်းပြုပြီး ပြန်လည် လွှတ်မြောက်လာခြင်း ဖြစ်သည်။ ဆရာတော်ဦးကော ၀ိဒမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဇာတိ ဖြစ်သည်။

သတင်း - နိရဉ္စရာ သတင်းဌာန

ဗိုလ်ချုပ်အောင်ဆန်း စာအုပ်များရောင်းအား စံချိန်တင်ကောင်း

မောင်မြင့်စိုး မြန်မာပြန်သည့် ‘မြန်မာ့အောင်ဆန်း’ စာအုပ်သည် ယခုလအတွင်း ရောင်းအားအကောင်းဆုံးဖြစ်နေသည်ဟု စာအုပ်ဆိုင်များမှ သိရ သည်။ ဒေါက်တာမောင်မောင်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် အဆိုပါစာအုပ်သည် ယခုလအတွင်းမှ မြန်မာဘာသာပြန်ထွက်ရှိခဲ့ခြင်း ဖြစ် သည်။ ဦးပုကလေးရေးသည့် ‘ငါတို့ဗိုလ်ချုပ်’ စာအုပ်မှာမူ ရောင်းအား ဒုတိယနေရာတွင်ရှိနေကြောင်း ပန်းဆိုးတန်းရှိ အမေ့အိမ်စာအုပ်ဆိုင်မှ သိရ ည်။

”ဗိုလ်ချုပ်အကြောင်းရေးတဲ့ စာအုပ်တွေက အရင်ကအများကြီး မရှိဘူး။ တက္ကသိုလ်နေဝင်းရေးတဲ့ စာအုပ်တွေပဲ ဆိုင်မှာရှိတယ်။ အဲဒါ တွေကတော့ ရောင်းအားပုံမှန်ရှိနေ တာပါပဲ။ တချို့ဆိုရင် ဗိုလ်ချုပ် စာအုပ်တွေ ဝယ်ချင်ရင် အဟောင်း တန်းမှာ ရှိတာတွေပဲ ဝယ်ကြတာ။ အခုနောက်ပိုင်း အဲဒီလို စာအုပ်အ သစ်တွေ ထွက်လာတော့လည်း ရောင်းကောင်းတာပါပဲ” ဟု အဆို ပါဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်တွင်ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးစာ အုပ်များရောင်းကောင်းနေသော် လည်း နိုဝင်ဘာလမတိုင်မီ ရောင်း အားကိုမူ မမီကြောင်း ပန်းဆိုးတန်း ရှိ စာအုပ်ဆိုင်ရှင်တစ်ဦးကလည်း ပြောသည်။

”နိုဝင်ဘာမတိုင်ခင်က ဆရာ အောင်ထွဋ်ရေးတဲ့ ‘သန်းငါးဆယ် ကို အနိုင်ပေးပါ’ စာအုပ်၊ ကိုသန်း (ကြည့်မြင်တိုင်) ရေးတဲ့ ‘နိုင်ငံရေး အတွေ့အကြုံများ’ စတဲ့ စာအုပ် တွေရောင်းရတယ်။ အခုနောက်ပိုင်း အဲဒီလောက်တော့ မရောင်းရတော့ ဘူး” ဟု ¤င်းက ပြောသည်။

ဖေဖော်ဝါရီ ဒုတိယပတ်အ တွင်း ထွက်ရှိသော စာရေးဆရာ ကိုအောင်ဆန်းစာအုပ်မှာ ရန်ကုန် နှင့် မန္တလေးစာအုပ်ဆိုင်များတွင် အထူးပင်ရောင်းအားကောင်းနေ သည်ဟု ထပ်မံသိရသည်။

နိုင်ငံရေးစာပေများ နောက်တွင် မူ ဘာသာရေးစာပေများရောင်း အားကောင်းလျက်ရှိနေကြောင်း သိရသည်။

၂ဝ၁ဝမှ ယနေ့ထိ ထုတ်ဝေခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့်စာအုပ်များ
၁။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ(အင်္ဂလိပ်+မြန်မာ)ဒုကြိမ်
၂။ ဗိုလ်ချုပ်အောင်ဆန်း၏ ကံကြမ္မာနှင့်ထူးခြားထွေလာဖတ်စရာများ
၃။ ငါတို့ ဗိုလ်ချုပ် (တတိယအကြိမ်)
၎။ ငါတို့ ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ(တတိယအကြိမ်)
၅။ မြန်မာ့အောင်ဆန်း
၆။ ဗိုလ်ချုပ်နှင့် ခေါင်းဆောင်မှုရှာပုံတော်
၇။ စာရေးဆရာ ကိုအောင်ဆန်

သတင်းရင်းမြစ်... Popular News Journal

27 October 2011

နှစ် ၁ဝဝကျော် သက်တမ်းရှိ ဝန်ကြီးများရုံး ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲအပ်


နှစ် ၁ဝဝ ကျော်သက်တမ်းရှိ ဝန်ကြီးများရုံးအား နိုင်ငံတော်သမ္မ တမှ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အပြီး အပိုင်လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ် အဖွဲ့ မှ သိရသည်။

”ဒီရက်ပိုင်းအတွင်း လွှဲပြောင်းပေးလိုက်တာပါ။ ဆိုလိုတာက ဟိုတယ်မလုပ်တော့ ဘူးပေါ့”ဟု မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၄ ရက်တွင် ပြောသည်။

ယင်းအဆောက်အအုံကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ပြီး ထိုသို့ပေးအပ်မှုကို ကြည့်ခြင်းဖြင့် ယင်းဝန်ကြီးများရုံးကို အလေးထားသည်မှာ ပေါ်လွင်နေကြောင်း၊ သမိုင်းအစဉ်အလာအရ ပြယုဂ်အနေဖြင့်သာ ထားရှိသင့်သည်ကို လက်ခံသည့် သဘောရှိနေကြောင်းကို ခရီးသွားလုပ်ငန်းရှင်၊ ဗိသုကာပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့တို့မှ သဘောထားမှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း၏ နာယကဦးသန်းတင်အောင်က”ဗိသုကာပညာရှင် တစ်ယောက်အနေနဲ့ ပြောရရင် မြန်မာပြည်က လူတွေရယ်၊ နိုင်ငံခြားခရီး သွားတွေ လေ့လာကြည့်ရှုဖို့ ဝန်ကြီးများရုံးကို ပြတိုက်အနေနဲ့ထားသင့်တာပါ၊ သမိုင်းမှတ်တမ်းအနေနဲ့ နိုင်ငံတော်ကထိန်းသိမ်း ထားတယ်ဆိုတာကို ပြယုဂ်အနေနဲ့ ပြသထားသင့်ပါတယ်”ဟု ပြောသည်။

ရန်ကုန်မြို့၌ ပြုပြင်ထိန်းသိမ်းသင့်သည့် ရှေးဟောင်းအဆောက် အအုံ ၁၈၉ လုံးရှိသည့် အနက် ထိုဝန်ကြီးများရုံးမှာ အဆောက်အအုံ ကြီးမားခြင်း၊ ပတ်ဝန်းကျင်ကျယ်ပြန့် ခြင်းနှင့် သမိုင်းအစဉ်အလာကြီးမားခြင်းတို့ ရှိသည့်အတွက်ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု ပြောဆို၍ရကြောင်း၊ ၂ဝ၁၁ခုနှစ်အတွင်းပိုင်းက ရှေးဟောင်း အဆောက်အအုံ ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးလေ့လာစဉ် အခါကလည်းမူလ ယဉ်ကျေးမှုလက်ရာများ အတိုင်းရှိနေသည်ကို အထင်အရှားတွေ့ရှိခဲ့ရသည့် မှတ်တမ်းများလည်း ရှိခဲ့ကြောင်း ရှေးဟောင်း အဆောက်အအုံပြုပြင် ထိန်းသိမ်းရေးအဖွဲ့တွင် ပါဆောင်ရွက်ခဲ့သူလည်း ဖြစ်သည့်၎င်းက ထပ်မံပြောသည်။

ထိုအဖွဲ့တွင်ကိုယ်တိုင် ဆောင်ရွက်ခဲ့သူတစ်ဦးကလည်း နှစ်ကာလကြာမြင့်သည့်အတွက် ပျက်စီးယိုယွင်း မှုရှိသည်မှာ မှန်သော်လည်း ရာခိုင်နှုန်းအနေဖြင့် တိတိကျကျ ပြောဆို၍ မဖြစ်နိုင်ကြောင်း၊ မိမိတို့ အဖွဲ့အနေဖြင့် ထိုစဉ်က ပြုပြင်ထိန်းသိမ်းခဲ့စဉ် အမိုးအား ပထမဦးစားပေးခဲ့ကြောင်း၊ တံခါးနှင့် ပြတင်းပေါက်များကို ဒုတိယထားပြီး နောက်မှ ကြမ်းခင်းနှင့် အုတ်တိုင်များကို ဆောင်ရွက်ခဲ့ရသည်ဟုပြောသည်။

ထိုကဲ့သို့ သုတေသနပြုလုပ်ခြင်းကို ယမန်နှစ်က ပြုလုပ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် အစပိုင်း၌ ပြီးစီးခဲ့ကြောင်း ၄င်းတို့ထံမှသိရသည်။

လက်ရှိ၌ အလျင်အမြန် ထိန်းသိမ်းသင့်သည့် ဝန်ကြီးများရုံးနှင့် ပဲခူး ကလပ်အပါ အဝင် ရှေးဟောင်းအ ဆောက်အအုံ ၁၈၉ လုံးရှိရာ အများစုမှာ မြို့လယ် အဓိကဇုန်အဖြစ် သတ်မှတ်ထားသည့် ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းမှစ၍ ကမ်းနားလမ်းအထိ၊ ထို့နောက်ကမ်းနားလမ်းမှသည် လမ်း ၄ဝ စာတိုက်ကြီး အထိတို့တွင်ရှိနေကြောင်း နိုင်ငံပိုင်စာရင်းများအရ သိရသည်။

သတင်းရင်းမြစ်..Popular News Journal

အသတ်ခံရသောဂျပန်အမျိုးသမီးနှင့် ပတ်သက်၍ တရားခံအား သေဒဏ်ချမှတ်

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အသတ်ခံရသူ ဂျပန်အမျိုးသမီး Ms.Shiramatsu Chiharu နှင့် ပတ်သက်၍ ၂၀၁၁ခုနှစ်အောက်တိုဘာ ၁၈ရက်က တရားခံအား သေဒဏ် ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသတ်ခံရသူ ဂျပန်မလေးနှင့် ပတ်သက်၍ တရားခံမင်းသိုက် အား ကျောက်ပန်းတောင်းရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဥပဒေအကြံပြုချက်အရ ပုဒ်မ ၃၆၆၊ ၃၇၆၊ ၃၇၇၊ ၃၀၂တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရာ ၂၀၁၁ခုနှစ် အောက်တိုဘာ ၁၈ရက် မွန်းလွဲ ၁ နာရီက ပြစ်ဒဏ်ချမှတ်လိုက ကြောင်း သိရသည်။

"ကျွန်တော်တို့ တရားခံကို တရားစီရင်ချက်အမိန့်ချမှတ်ရင် ဂျပန်သံရုံးကို အကြောင်းကြားပေး လို့ ပြောထားတော့ ကျွန်တော်တို့ ကို လှမ်းအကြောင်းတာပါ။ ကျန် တာတော့ဘာမှမရှိပါဘူး"ဟု ၄င်းက ဆိုသည်။ မြန်မာနိုင်ငံ ဂျပန်သံရုံးမှ ဂျပန် အမျိုးသမီးအသတ်ခံရမှုနှင့်ပတ်သက် ၍ မြန်မာအစိုးရကို အကူအညီ နှစ်ချက်တောင်းဆိုခဲ့ရာ ယင်း တောင်းဆိုချက်အတိုင်း ရုပ်အ လောင်းကို ဂျပန်နိုင်ငံသို့ ပြန်ပို့ပေး ရန်နှင့် တရားခံအား အမှုစစ်၍ တရားစီရင်ချက် အမိန့်ချပါက အကြောင်းကြားရန်ဖြစ်ကြောင်း ၄င်း အချက်နှစ်ချက်လုံးအားဂျပန် သံရုံး သို့ အကြောင်းကြားပေးသည်။

သတင်းရင်းမြစ်....ENVOY NEWS JOURNAL

ဒီကနေ့ ရန်ကုန်မြို့လယ် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် လယ်သမား များဆိုင်းဘုတ်ကိုင်ဆန္ဒပြ







ဒီကနေ့ မနက် ၉နာရီ က ဗိုလ်အောင်ကျော်လမ်းနှင့် သိမ်ဖြူလမ်းကြား၊ဗိုလ်ချုပ်လမ်းမပေါ်ရှိ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့၌ လယ်သမား(၁၀၀)ခန့်က လန ၃၉ ကို ဖျက်သိမ်းပေးရန် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ပါသည်။ဆန္ဒပြရာနေရာကို ရဲမှူးတစ်ဦးနဲ့ လုံထိန်းတွေ ရောက်လာပြီး ဒီကိစ္စကို နေပြည်တော်ရှိ လွှတ်တော်ရုံးမှ အကြောင်းပြန်မကြားသေးဘူးလို့ ပြောပြီး ဆန္ဒပြသူတွေကို မောင်းထုတ်လိုက်ပါတယ်။အခု ဆန္ဒပြလယ်သမားတွေက သိမ်ဖြူမီးပွိုင့်ဘက်သို့ ဆက်လက်ချီတက်သွားတယ်လို့ သိရပါတယ်။

သတင်း...Burma VJ Media Network

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကော့မှူးမြို့နယ်မှ မစုစုနွေး အားဂုဏ်ပြုကြိုဆို











၂၅/၁၀/၂၀၁၁ရက်နေ့ နံနက် ၉ နာရီ ကနေ မွန်းလွဲ ၁း၃၀ နာရီထိ ၊မစုစုနွေးအား ဂုဏ်ပြုကြိုဆိုပွဲကို ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးတင်ထွေးရဲ့နေအိမ်မှာကျင်းပခဲ့ပါတယ်။

၎င်းဂုဏ်ပြုပွဲကို ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘဆွေ၊ ရန်ကုန်တိုင်း လူငယ်ကူညီပေးရေးအဖွဲ့ဝင်များ၊ဒလ၊တွံတေး၊ကွမ်းခြံကုန်း ၊ကော့မှူး၎မြို့နယ် မှအဖွဲ့ချုပ်အဖွဲ့ဝင်များ တက်ရောက်ကာလက်ဆောင်ပစ္စည်းများလည်း ပေးအပ်ခဲ့ ကြပြီးမစုစုနွေးက ထောင်တွင်း အတွေ့အကြုံများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ် ။

သတင်း.... Burma VJ Media Network

မြန်မာနိုင်ငံတွင် လေလွင့်ကလေးသူငယ်များအား ပညာရေး၊ လူမှုရေးကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများစွာ လိုအပ်လျက်ရှိ




မြန်မာနိုင်ငံတွင်း လေလွင့်ကလေးသူငယ်များ၏ ပညာရေး၊လူမှုရေးဆိုင်ရာအားပေး ကူညီပေးမည့် အဖွဲ့အစည်းများစွာလိုအပ်နေပြီး ၎င်းတို့အား အသက်မွေးဝမ်းကြောင်းပညာအပြင် အတန်းကျောင်းပညာရေး ကိုပါ တွဲဖက်သင်ကြား ပေးသင့် ကြောင်း လူမှုရေးကူညီမှုအဖွဲ့အစည်း အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

မိဘနှစ်ပါးလုံးမရှိသူ၊ မိဘနှစ်ပါးမှ တစ်ဦးတစ်ယောက် မရှိသောသူ၊ မိစုံ ဖစုံ ရှိသော်လည်း ဆင်းရဲနွမ်းပါးလွန်းသောကလေးငယ်များမှာ ကျောင်းပညာရေးနှင့်ဝေးကာ လေလွင့်ကလေးငယ်များ ဖြစ်လာ
ကြကြောင်း သိရသည်။

လေလွင့်ကလေးငယ်အများစုသည် လက္ဘက်ရည်ဆိုင်များ၊ နေအိမ်များမှ အမှိုက်များအညစ်အကြေးများအား အမှိုက်ပုံသို့ သွားရောက်ပစ်ပေးခြင်းဖြင့်လည်းကောင်း၊ ခရီးသည်တင်ဘက်စ်ကားများ၊ သင်္ဘောများ၊ မြို့ပတ်ရထားများပေါ်၌ လက်ကမ်းစာစောင်များ အသုံးပြုတောင်ရမ်း၍လည်းကောင်း၊ ပလက်စတစ်ပစ္စည်း အစုတ်များ၊ ဘီယာဘူးခွံများ၊ သံတိုသံစများ လိုက်လံကောက်ကာ ပြန်ရောင်း၍လည်းကောင်း ဘဝအားခက်ခဲစွာ ရပ်တည်ရလျက်ရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့ကူညီပေးနေတဲ့ ကလေးငယ်အများစုက စည်ပင်အောက်ခြေဝန်ထမ်းတွေကို ယာယီနေ ခွင့် ပေးထားတဲ့ တောင်ဒဂုံအမှတ်(၂၁) ရပ်ကွက် စည်ပင်ဝင်းထဲက ကလေးတွေပါ။ ကလေးအများစုက စာမသင်ခဲ့ရဘူး။ အကူအညီပေးနေတဲ့ ကျွန်တော်တို့ကျောင်းမှာ တစ်ပတ်နှစ်ရက် ကလေးတွေကို ခေါ်ပြီးစာသင်ပေးတယ်၊ ထမင်းကျွေးတယ်၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်လှုတယ်။ ဒါတောင် ကလေးတွေ ပုံမှန်မလာနိုင်ကြဘူး။ သူတို့နေ့တွက်ရမှ စာလာသင်နိုင်တယ်။ ခုကျွန်တော်တို့ဆီ စာလာသင်တဲ့ကလေးက ငါးဆယ်လောက်ရှိတယ်။ ဒီဝင်းထဲမှာတင်ကို နောက်ထပ်ကလေးငါးဆယ်လောက် ရှိနေသေးတယ်”ဟု လေလွင့်ကလေးငယ်များအား ကူညီနေသူ BG (NLD)(Blood Group) မှ တာဝန်ခံ ကိုညီညီက ပြောသည်။

လေလွင့်ကလေးငယ်များအနေဖြင့် အဝတ်အထည်ပြည့်စုံစွာမရှိခြင်း၊ နေပူမိုးရွာမရှောင် အလုပ်လုပ်ကိုင်ရ ခြင်း၊ ညအိပ်ရာတွင် ခြင်ထောင်၊ စောင်လုံလောက်စွာမရှိခြင်း(အချို့လေလွင့်ကလေးများဆှိုလျှင် တွေ့ရာလမ်းဘေး အိပ်စက်ရခြင်း) အာဟာရပြည့်မီစွာစားသောက်ရမှုမရှိခြင်းတို့ကြောင့် ကျန်းမာရေးချို့ယွင်း ပြီး အရွယ်မတိုင်မီ သေဆုံးမှုများရှိနေကြောင်းလည်း သိရှိရသည်။

“သားကျောင်းမနေဖူးပါဘူး။ နောက်လည်း တက်ဖြစ်မယ်မထင်ဘူး။ သားကြီးလာရင် ဟစ်ဟော့ပ် အဆိုတော်လုပ်မယ်”ဟု အသက် ၁၂ နှစ် အရွယ် တောင်ဒဂုံစည်ပင်ဝင်း၌ နေထိုင်ပြီး အမှိုက်ပစ်၊ ပလက်စတစ်ကောက်၍ ရှင်သန်နေရသူ မောင်သံချောင်းက ပြောသည်။

မိဘများမှာ ပညာသင်ကြားရန်အတွက် ထောက်ပံမှုမပေးနိုင်ခြင်း၊ အလုပ်အကိုင်အတည်တကျ မရှိခြင်း၊ ဝင်ငွေနည်းပါးလွန်းခြင်းတို့ကြောင့် အုပ်ထိမ်းသူများကိုယ်တိုင်ကပင် ကလေးငယ်များအား ခိုင်စေကြခြင်းဖြစ်ကြောင်း သိရသည်။

“လက္ဘက်ရည်ဆိုင်မှာ အမှိုက်ပစ်ဖို့၊ ပလက်စတစ်ကောက်ဖို့၊ အုပ်ထိမ်းသူတွေက ကလေးတွေကို လွှတ်လိုက်တာ ပြီးမှပလက်စတစ်ဝယ်တဲ့ ဒိုင်တွေမှာ သူတို့ကိုယ်တိုင်စောင့်ပြီး ငွေသိမ်းတာ၊ ဈေးဖြတ်တာတွေ လုပ်ကြတယ်”ဟု တွံတေးမြို့၌ လူမှုကူညီရေးလုပ်ကိုင်သူ Care For Children အဖွဲ့မှ ကိုညီညီသစ္စာက ပြောသည်။

မည်မျှပင် ဆင်းရဲကြပ်တည်းသော်လည်း၊ ယခုကဲ့သို့မိမိ၏သားသမီး၊ တူ၊ တူမ၊ ကလေးများအားပညာ သင်ကြားပေးခြင်းမရှိပဲ ဝင်ငွေရရန်ခိုင်းစေခြင်းမှာ မည်သို့မျှလက်မခံနိုင်ကြောင်း ခိုင်းစေခံရသော ကလေးများမှာ အုပ်ထိမ်သူအား ကြောက်ရွံ့ရ၍ ဝင်ငွေပြည့်မီစွာ မရသည့်နေ့များတွင် သူတပါးပစ္စည်းအား ခိုးယူမှုများရှိလာနိုင်ပြီး စာရိတ္တများပျက်ပြားသွားနိုင်ကြောင်းလည်း ၄င်းကသုံးသပ်သည်။

မြန်မာနိုင်ငံတွင် အရေးကြီးဆုံးလိုအပ်ချက်တခုအနေဖြင့် လေလွင့်ကလေးငယ်များအရေးကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်ပြီး ၄င်းတို့ကို ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများလည်း လိုအပ်လျက်ရှိကြောင်း လူမှုရေးအသင်းအဖွဲ့များက ပြောဆို သုံးသပ်လျက်ရှိသည်။

သတင်း....မြစ်မခမီဒီယာ

လူငယ်အနုပညာသမား၊ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ GWက အာကာဗိုနှင့်တွေ့ဆုံခြင်း


အာကာဗိုသည် ၂၀၀၈ ခုနှစ်မတ်လ ၁၂ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး ၂၀၀၈ခုနှစ်နိုဝင်ဘာ ၂၀ ရက်နေ့တွင် အသင်းဖွဲ့ခြောက်ပုဒ်မဖြင့် ပြစ်ဒဏ်ငါးနှစ်ချမှတ်ခြင်းခံခဲ့ရကြောင်းသိရသည်။ အင်းစိန်ထောင်တွင်း၌ (၈)လကျော် အချုပ်ဘ၀နဲ့နေခဲ့ရပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်ကျောက်ဖြူထောင်သို့ ပြောင်းရွှေ့ အထိန်းသိမ်းခံခဲ့ရကြောင်းသိရသည်။၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ (သီတင်းကျွတ် လပြည်နေ့) တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ထောင်တွင်း၌ သုံးနှစ်ခုနှစ်လ(၃နှစ် ၇လ)ခန့် အကျဉ်းကျခံခဲ့ရသူဖြစ်သည်။

မေး။ ။ အခုလိုလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့ အပေါ်ဘယ်လိုခံစားရပါသလဲ?

ဖြေ။ ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတဲ့အတွက် အများကြီးစိတ်ချမ်းသာပါတယ်။ ဒါပေမယ့် အထဲမှာကျန်နေသေးတဲ့ ကိုယ်မိတ်ဆွေတွေအတွက်တော့ စိတ်မကောင်းဖြစ်ရပါတယ်။ စိတ်မကောင်းဖြစ်နေ ယုံသက်သက်နဲ့ရပ်တည်လို့မရဘူး။ အဲဒီခံစားချက်တွေတော့ဖြစ်မိပါတယ်။

မေး။ ။ ထောင်ထဲမှာ ကျန်ခဲ့တဲ့သူတွေအတွက် ဘာတွေလုပ်မယ်လို့စိတ်ကူးထားပါသလဲ?

ဖြေ။ ။ ကျွန်တော်အထဲမှာရှိစဉ်အချိန်ကလည်း အပြင်ကနေ ဗဟုသုတရဖို့ စာအုပ် စာတမ်းတွေ စားသောက်စရာတွေလာရောက်ကူညီကျတဲ့သူတွေရှိတယ်။ ကျွန်တော်အနေနဲ့လည်းအခု တစ်ယောက် ထဲသော်လည်းကောင်း၊ သူငယ်ချင်းတွေနဲ့စုပြီးတော့သော်လည်းကောင်း တက်နိုင်တာလေးတွေ လုပ်ပေးသွားဖို့ရှိပါတယ်။ သူတို့အမြန်ဆုံးလွတ်မြောက်ဖို့အတွက်ကိုလည်း ဖြစ်နိုင်ချေရှိတဲ့နည်းလမ်းတွေနဲ့ ကြိုးစားသွားမှာပါ။

မေး။ ။ ထောင်ထဲမှာကျန်ခဲ့တဲ့သူတွေရဲ့မိသားစုတွေအတွက်ရော ဘာလိုကူညီမူတွေလုပ်ပေးဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ။ ။ ထောင်ထဲမှာ ကျန်ခဲ့တဲ့သူတွေရဲ့မိသားစုတွေနဲ့သွားတွေ့တယ်။ တက်နိုင်သမျှအကူညီပေးဖို့လည်း စကားတွေပြောခဲ့တယ်။ သူတို့ထဲမှာအဆင်ပြေတဲ့သူရှိသလို အဆင်မပြေတဲ့ သူတွေလည်းအများကြီးရှိတယ်။ ဒါပေမယ့်ကျွန်တော်တက်နိုင်သလောက်တော့ ကူညီးပေးဖို့စဉ်းစားထားတာလေးရှိပါတယ်။

မေး။ ။ နိုင်ငံရေးကိုဘယ်အချိန်လောက်က စိတ်ဝင်စားပြီးလုပ်ဖြစ်ခဲ့တာလဲ။

ဖြေ။ ။ ၂၀၀၇၊ စက်တင်ဘာ သံဃာအရေးခင်းဖြစ်လာတဲ့ အချိန်မှာကျွန်တော်ရဲ့ နိုင်ငံရေးစိတ်တွေပိုပြီးနိုးထပြီးတက်ကြွလာခဲ့တယ်။ အဲဒါတွေနောက်ပိုင်းမှာနိုင်ငံရေးကို အကြမ်းမဖက်၊ အနုနည်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးရင်ကြားစစ်ရေးတွက်တွေကိုကျွန်တော်သိသလောက် လောက်နဲ့ပါဝင်ဆောင်
ရွက်ဖြစ်ခဲ့ တယ်။

မေး။ ။ ဘယ်လို အချက်လက်အဖြစ်အပျက်တွေက နိုင်ငံရေးလုပ်ဖြစ်ဖို့ စေ့ဆော်ပေးခဲ့တာပါလဲ?

ဖြေ။ ။ ကျွန်တော် ၂၀၀၈၊ သုံးလပိုင်း အထိန်းသိမ်းမခံရခင်အထိက နိုင်ငံရေးဆိုတာဘာလည်းလို့ သိတဲ့ အသိနည်းခဲ့တယ်။ အကျဉ်းကျခံခဲ့ရတဲ့အချိန်မှာ တကယ့်ကိုအတွေ့ကြုံရင့်ကျက်တဲ့ စီနီယာတွေနဲ့ နေခဲ့ရတဲ့ အတွက်သူတို့ဆီက ဗဟုသုတတွေအများကြီးရခဲ့တယ်။ အဲဒါကြောင့်အခုချိန်မှာပိုပြီးတော့ နိုင်ငံရေး ယုံကြည်ချက်ကပိုပြီး ခိုင်မာလာခဲ့တယ်။

မေး။ ။ အရင်အစိုးရနဲ့ အခုအရပ်သားအစိုးရ ပြောင်းလဲလာတဲ့အပေါ် အစ်ကို့အနေနဲ့ ဘယ်လိုအမြင်ပါသလဲ?

ဖြေ။ ။ အရင်က အစိုးရလက်ထက်နဲ့ အခုရွေးကောက်ခံသမ္မတလက်ထက်က အတော်လေးတော့ ကွာခြားလာတာကို တော့တွေ့ရပါ။ ဒါပေမယ့် အကျဉ်းထောင် တွေထဲမှာ ကျန်နေ တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်မပေးပဲ၊ တိုင်းရင်းသားတွေအတွက် တွေ့ဆုံ စကားပြောပွဲ အဆင့်ကနေ တွေဆုံဆွေးနွေးပွဲအဆင့်လေးကိုရောက်ဖို့ အဲဒါတွေ အားလုံး ငြိမ်းချမ်း မူတွေ ငြိမ်းချမ်းရေးတွေရောက်အောင် မဖော်ဆောင်နိုင်သေးပဲနဲ့တော့ အားလုံးကောင်း တယ်လို့ပြောလို့မရသေးပါဘူး။

မေး။ ။ နိုင်ငံ ပြုပြင်ပြောင်းလဲဖို့အတွက် ဘယ်လိုပြုပြင်ပြောင်းလဲမူတွေ လုပ်ဆောင်ဖို့လိုအပ်မယ်လိုထင် ပါသလဲ?

ဖြေ။ ။ နိုင်ငံတိုးတက်ဖို့အတွက် တစ်ဆင့်ပြီးတစ်ဆင့်သွားနေတဲ့အချိန်မှာ အချို့အရာလေးတွေနှေးနေတာ လေးတွေတော့ရှိတက်ပါ တယ်။ ဒီထက်ပိုပြီးတော့ ပွင့်လင်းမြင်သာ တဲ့ပြောင်းလဲမူတွေလုပ်ပေးစေချင်ပါတယ်။ အပြောင်းအလဲတွေကိုလုပ်ပေးမယ်ဆိုရင် တိုးတက်ဖြစ်ပေါ်မူတွေ ဟာဖြစ်လာနိုင်မှာပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်လည်း တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ငြိမ်းချမ်းဆွေးနွေးပွဲတွေ လုပ်ပေးသင့်တယ်။

သတင်း....မြစ်မခမီဒီယာ

ပြန်လည်လွတ်မြောက်လာကြသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များအား ကြိုဆို တွ့ဆုံပွဲ ဖိတ်ကြားလွှာ( တာမွေမြို့နယ်)

နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြ

နိုင်ငံရေးပြစ်မှုများဖြင့် အကျဉ်းထောင်များအတွင်း အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများသည် သာမန်အကျဉ်းသားများကဲ့သို့ လျှော့ရက် ရရှိရန် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြနေကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ်စာစားချိန်မှ စတင်သော အစာငတ်ခံ ဆန္ဒပြပွဲတွင် ပါဝင်သည့် နိုင်ငံရေး အကျဉ်းသား ၁၅ဦးသည် သာမန် အကျဉ်းသားများကဲ့သို့ လျှော့ရက် ရရှိရန်ကို အဓိကထား တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

“ဆန္ဒပြမှုမှာ အဆောင်(၃)၊အဆောင်(၄)၊ အဆောင်(၅)က နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ဦးစီးသူကတော့ မရှိပါဘူး”ဟု ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါ အစာငတ်ခံဆန္ဒပြမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှင့် ရခိုင်လူငယ်များအဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့တွေက အကျဉ်းထောင်မှာ ကျခံပေမယ့် လူမှုရေးပြစ်မှုတွေကို ကျူးလွန်ပြီး ပြစ်ဒဏ်ကျခံရသူတွေလို လျော့ရက်မရဘူး။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပြောင်းလဲတိုးတက်လာတဲ့ နိုင်ငံရေးအခြေအနေမှာ အကျဉ်းသားတွေဘဝလည်း တိုးတက်လာစေချင်တယ်”ဟု အစိုးရသစ်၏ ဒုတိယ အကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းမှ လွတ်မြောက်လာသူတစ်ဦးက ပြောကြားသည်။

၁၉၈၈ခုနှစ်မှ ယခုအချိန်ထိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် အစာငတ်ခံဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြမှုများတွင် ၁၉၉၈ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ငါးရက်ကြာ အစာငတ်ခံဆန္ဒပြမှုသည် အကြီးမားဆုံးဖြစ်ကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

သတင်း....YC(KS)