06 September 2011

မတရားကျုးကျော်သိမ်းပိုက်ချင်နေတဲ့ အေရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူဟုဆိုသော ဦစိုးသိန်းနှင့်ဦးသန့်ဇင်တို့ကို လယ်ပိုင်ရှင်ကတရားစွဲဆို












လူ့အခွင့်ရေး စောင့်ကြည့်ကာကွယ်ရေးကွန်ယက် (H R W D N) ကိုအကူညီတောင်း၍ လယ်တောင်သူ ဒေါ်မနီ(ငွေဆောင်)က မတရား ကျုးကျော်သိမ်းပိုက်ချင်နေတဲ့ အေရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူဟုဆိုသော ဦစိုးသိန်းနှင့် ဦးသန်.ဇင်တို့ကို ပုသိမ်မြို့-မြို့နယ် တရားရုံးမှာ ၁.၉.၂၀၁၁နေ.က တရားစွဲဆိုလိုက်သည် အသေးစိတ် ကိုဒေါ်မနီ(၀၉၄၈၇၃၄၁၀၈)သို့မေးနိုင်ပါသည်။ အထက်တန်းရှေ့နေ ဦးအောင်သူရိန်ထွန်း (၀၉၇၃၀၄၄၆၄၄)မှရှေ့နေခမယူဘဲ ကူညီသည်။

သတင်းအားပြန်လည်မျှဝေ ပေးပို့သော ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။

မြန်မာမိန်းကလေးများ တရုတ်တို့၏ အဓမ္မကြင်ဖော်ဖြစ်နေ

(The Telegraph မှ 4 Sept 2011 ရက်စွဲပါ “Burma’s women forced to be Chinese Brides” ဆောင်းပါးကို Y C မှဘာသာ ပြန်ဆိုသည်)

မြန်မာတိုင်းရင်းသူလေး “အဘာ” တရုတ်ပြည် အနာက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ အလည်သွားရန် သူမ၏ ဇာတိဖြစ်သော မူဆယ်မှ ထွက်ခွာ ခဲ့စဉ်က အသက် ၁၂ နှစ်မျှသာ ရှိသေးသည်။ သူမ နယ်စပ်ကို ဖြတ်ကူးသွားစဉ်က နာရီပိုင်းမျှသာ အချိန်ဖြုန်းရန် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။သို့သော် သူမ၏ မိသားစုနှင့်ပြန်တွေ့ရန် အချိန် ၃ နှစ် ကြာသွားခဲ့သည်။ မြန်မာနိုင်ငံမှ အခြားမိန်းကလေးငယ်များ၊ အမျိုးသမီးများကဲ့သို့ပင် သူမ သည်လည်း တရုတ်နိုင်ငံသို့ သွားရန် ဖြားယောင်းခြင်းခံခဲ့ရကာ တရုတ်နိုင်ငံတွင် မိန်းကလေး (သမီး) မွေးဖွားမှု မလုံလောက်၍ မိန်းမရှာရန် ခက်ခဲ လာသည့် (အရေအတွက် တိုးပွားလာသော) တရုတ်အမျိုးသားများထဲမှ တစ်ဦးနှင့် အတင်းအကျပ် လက်ထပ်ရန် ရောင်းစားခံရခြင်း ဖြစ်ပေသည်။

တရုတ်နိုင်ငံသို့ ရောက်နေသော “အဘာ” မှာ သူမ၏ မိသားစုနှင့် မဆက်သွယ်နိုင်သည့်အပြင် အိမ်အပြင်သို့ပင် ထွက်ခွင့်မရဘဲ ပုံမှန်ရိုက်နှက် ခံရသည့်ဒုက္ခကို ခါးစည်း၍ ခံခဲ့ရသည်။ “အဘာ” သည်သူမကို ဝယ်ယူသော မိသားစုမှ သားဖြစ်သူနှင့် လက်ထပ်ရန်သာ ရှိတော့သည်ဟူသော အသိ ဖြင့်သာ နေထိုင်ရင်း ထိုခြံထဲတွင် ပြေးလွှားနေသော ဝက်ကလေး၊ ကြက်ကလေးများထဲမှ တစ်ကောင်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

“ကျွန်မကို ယွမ်နှစ်သောင်း (မြန်မာကျပ်ငွေ သိန်း ၃ဝ ခန့်) လောက်နဲ့ ရောင်းစားခံခဲ့ရတာပါ။ ကျွန်မကို ဝယ်တဲ့ အချိန်တုန်းက လက်ထပ်ဖို့ အတွက် ကျွန်မက သိပ်ကို ငယ်လွန်းတယ်လေ။ သူတို့သားနဲ့ လက်ထပ်ရမယ်လို့ နောက်ပိုင်းကျမှ ကျွန်မကို ပြောကြတာပါ။ တစ်နည်းအားဖြင့် ကံကောင်း သွားတာပေါ့၊ တကယ်ရောင်းစားခံရတဲ့အချိန်တုန်း ကသာ အသက် ၂ နှစ်၊ ၃ နှစ် ပိုကြီးနေမယ်ဆိုရင် အခုချိန်မှာ လက်ထပ်လိုက်ရပြီပေါ့၊” ဟု အဘာ က ဆိုသည်။

ကလေးဘဝတွင် ပြန်ပေးဆွဲခံရပြီး ကျေးကျွန်သဖွယ်ရောင်းစားခံခဲ့ရသည့် အခြေအနေမှ ကံကောင်းလိမ့်မည်ဟု မည်သူမျှ စဉ်းစားမိကြမည် မဟုတ်ပါ။ သို့သော် အဘာသည် ကံကောင်းသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ သူမသည် အဓမ္မလက်ထပ်ခံရခြင်းမှ လွတ်မြောက်လာရုံ သာမကဘဲ ကယ်တင်ခံရပြီး အိမ်သို့ ပြန်လာနိုင်ခဲ့ပေသည်။အလိုမတူဘဲ လက်ထပ်ပေါင်းသင်းရန် တရုတ်နိုင်ငံဘက်သို့ ရောင်းစားခံရသည့် မြန်မာမိန်းမပျိုအများစုမှာ ပျော်ရွှင်စွာ ဇာတ်သိမ်းနိုင်ခြင်း မရှိကြဘဲ ဆင်းရဲပင်ပန်းငြီးငွေ့စရာ ကောင်းသောဘဝများကိုသာ အကောင်းဆုံးအဖြစ် ရင်ဆိုင်ကြရပြီး အဆိုးဆုံးမှာ သေကြောင်းကြံရန် ကြိုးစား မိကြခြင်းဖြစ်သည်။

သမားရိုးကျနည်းလမ်းများဖြင့် အိမ်ထောင်ဖက် မရနိုင်သော တရုတ်ကျေးလက်ဒေသမှ လူပျိုသိုးများ (သို့) ဂွမ်ဂန်းဟုခေါ်သော ယောက်ျား များနှင့် ပေါင်းသင်းရန်အတွက် နှစ်စဉ် တရားမဝင် လူကုန်ကူးခြင်း ခံနေရသော မြန်မာ မိန်းမပျို ဘယ်နှစ်ထောင်ခန့်ရှိမလဲ ဆိုသည်ကို မည်သူမျှ မသိကြပါ။ သေချာသောအချက်မှာ အချိန်နှင့်အမျှ အရေအတွက် တိုးပွားနေခြင်းသာ ဖြစ်သည်။ တရုတ်နိုင်ငံ၏ အနှစ် ၃ဝ ကြာ “ကလေးတစ်ယောက် မူဝါဒ” နှင့် တရုတ်လူမျိုးတို့၏ သားယောက်ျားလေး ဦးစားပေးသည့်ဓလေ့တို့ ပေါင်းလိုက်သည့်အခါ ဆိုးဝါးလှသော ကျား-မ ဟန်ချက်မညီမှုကို ဖန်တီး ဖြစ်ပေါ် စေခဲ့လေသည်။

ယခုအခါ တရုတ်နိုင်ငံတွင် သမီးမိန်းကလေး ၁ဝဝ မွေးတိုင်း သားယောက်ျားလေး ၁၂ဝ ခန့် မွေးဖွားနေသည်ဟု ခန့်မှန်းထားကြသည်။ Chinese Academy of Social Science ၏ အဆိုအရ သက္ကရာဇ် ၂ဝ၂ဝ အထိ တရုတ်အမျိုးသား ၂၄ သန်းခန့် မိန်းမရနိုင်ဖွယ်မရှိဟု သိရှိရသည်။“ကလေးတစ်ယောက် မူဝါဒဟာ အလွယ်တကူ စဉ်းစားကြည့်နိုင်တဲ့ သက်ရောက်မှုမျိုး ရှိနေပါတယ်။ ကျား-မ ဟန်ချက်မညီမှု ရှိလာပြီဆိုတော့ မိန်းကလေး လိုအပ်ချက် များလာတဲ့ အနေအထားကို တွေ့ရပြီပေါ့၊ တစ်ခါတလေမှာတော့ တရားဝင် အိမ်ထောင်ဖက် ပွဲစားတွေကတစ်ဆင့် ဒီလိုအပ် ချက်ကို ပြည့်မှီသွားပေမဲ့ တခြားအချိန်တွေမှာတော့ တရားမဝင် နည်းလမ်းတွေနဲ့ဖြည့်ဆည်းလာကြတာပါ” ဟု ယူနက်စကို ဘန်ကောက်ရုံးခွဲမှ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် တရားမဝင်လူကုန်ကူးမှုဆိုင်ရာ နိုင်ငံတကာညှိနှိုင်းရေးတာဝန်ခံ David Feingold က ပြောကြားသည်။ ယင်းသည် ၂ဝဝ၃ ခုနှစ် မှတ်တမ်းရုပ်ရှင် Trading Women ကို ရေးသား၊ ရိုက်ကူးသူလည်းဖြစ်သည်။

ဂေါက်သီး ကစားကာ ဘုရားရှိခိုးတတ်ကြသော နားလည်ရခက်သည့် တပ်မတော်အာဏာရှင်များ အုပ်ချုပ်ခဲ့သည့် မြန်မာနိုင်ငံသည် ယခုအခါ တရုတ်နိုင်ငံမှ အဓမ္မထိမ်းမြားမှု၏ အဓိကရင်းမြစ်တစ်ခုဖြစ်နေသည်။ကမ္ဘာ့အဖိနှိပ်ဆုံးနိုင်ငံတစ်ခု ဖြစ်ရုံသာမကဘဲ အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့် မကြာခဏ စားနပ်ရိက္ခာ မလုံလောက်မှုများက လူကုန်ကူးသူ များအတွက် မြန်မာမိန်းမပျိုလေးများအား တရုတ်နိုင်ငံသို့ သွေးဆောင်ဖြားယောင်း ခေါ်ယူရန် အလွန်တရာပင် လွယ်ကူစေသည်။ ထို့နောက်တွင် တရုတ် မယား အဖြစ် ရောင်းစားခြင်းခံရတော့သည်။

“မြန်မာဖက်ကနေ တရုတ်ပြည်ထဲကို တရားမဝင်ခေါ်ဆောင်ခြင်းခံရတဲ့ မိန်းကလေးအများစုဟာ အဓမ္မ ထိမ်းမြား ပေါင်းသင်းခံရမှုနဲ့ပဲ အဆုံး သတ် ကြရပါတယ်” ဟု Mr.Feingold က ဆိုသည်။ရောင်းစားခံရသည့် မိန်းကလေးများ၏ ဈေးနှုန်းမှာ အသက်အရွယ်နှင့် ရုပ်ရည်ပေါ်တွင် မူတည်ကာ ယွမ် ၆ဝဝဝ (ကျပ်ငွေ ၉ သိန်း) မှ ယွမ် ၄ဝဝဝဝ (ကျပ်ငွေ ၃၆ သိန်း) ထိ ဈေးပေါက်လျက် ရှိသည်။ထိုင်းနိုင်ငံအခြေစိုက် Kachin Women’s Association of Thailand (KWAT) ၏ အဆိုအရ တရုတ်နိုင်ငံတွင် ရောင်းစားခံရသော မိန်းမပျို လေးများ၏ ၂၅% မှာ အသက် ၁၈ နှစ်ပင် မပြည့်ကြသေးဟု သိရှိရသည်။ “ယောက်ျားတွေက ကလေးများများ မွေးပေးနိုင်မယ့် ကျန်းမာ၊ ငယ်ရွယ်တဲ့ မိန်းကလေး တွေကို လိုချင်ကြတယ်လေ။ တကယ်တမ်းကျတော့ မိန်းမတွေကို ကလေးလုပ်တဲ့စက်လို့ပဲ သတ်မှတ်ထားကြတာပါ” ဟု ယူနန်ပြည်နယ်ရှိ (KWAT) ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီအစဉ် အကြီးအကဲ Julia Marip က ပြောကြားသည်။

မြန်မာတိုင်းရင်းသူလေး ‘အဘာ’ တစ်ခါက ရောက်ခဲ့သည့် ရွှေလီသည် မြန်မာနိုင်ငံမှ လူကုန်ကူးခံရသော မိန်းကလေးများ တစ်ထောက်နားခိုရာ ယူနန် ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည်။ တရုတ်ပြည် အနောက်တောင်ပိုင်းမှ ဝါဂွမ်းခြံပိုင်ရှင်မိသားစုထံ ရောင်းစားခြင်းခံရသည့် အဘာသည် ယခုအခါ ၁၆ နှစ် ပြည့်ကာ ရှက်ပြုံးလေးနှင့် မိန်းမလှလေး ဖြစ်နေပြီဖြစ်သည်။ အဘာသည် ကျပန်းအလုပ်သမားဖခင်နှင့် အလုပ်လက်မဲ့ မိခင်တို့မှ မွေးဖွားသော ကလေး ၃ ယောက် အနက်မှ တစ်ဦးဖြစ်သည်။

ပထမအကြိမ်တွေ့စဉ်က အဘာသည် ဂျင်းဘောင်းဘီ၊ အဖြူရောင်တီရှပ်ဖြင့် သာမန်ဆယ်ကျော်သက် တစ်ယောက်ဟု ထင်မြင်ရသော်လည်း တိုးတိတ်သော လေသံဖြင့် စကားပြောလိုက်သောအချိန်တွင်မူ မည်မျှ ကြောက်မက်ဖွယ်သော ဖြစ်ရပ်များနှင့် တွေ့ကြုံခဲ့ရပုံနှင့် စိတ်အမာရွတ် နက်ရှိုင်း စွာ အမြစ်တွယ်နေပုံတို့ကို ထင်ရှားစွာ ပေါ်လွင်လာသည်။ “ကျွန်မ အခုချိန်ထိ တစ်ယောက်တည်းအပြင်မထွက်ရဲသေးဘူး၊ အထူးသဖြင့် ညနေစောင်း တွေမှာပေါ့” ဟု သူမက ဆိုသည်။

“တစ်ခါတလေမှာ ပန်းခြံတွေထဲက ဈေးတန်းမှာ ရောင်းစားခံကြရတယ်၊ လူပွဲစားတွေက မိန်းကလေးတွေကို မိတ်ကပ်ပြင်ပြီး အဝတ်အစား လှလှ ဆင်ပေးကြတယ်လေ၊ တစ်ခါမှ မဝတ်ဖူးတဲ့ အဝတ်အစားကောင်းကောင်းတွေ ဝတ်ရလို့ ပျော်နေတဲ့မိန်းကလေးတွေဟာ နောက်ပိုင်းမှာတော့ ဟင်းရွက်ကန်စွန်းလို ရောင်းစားခံရတော့မှာပါပဲ၊ သိပ်ကို ရက်စက် ယုတ်မာလွန်းပါတယ်” ဟု Julia Marip က ပြောသည်။သူမ၏ နေအိမ်နှင့် မိုင်ထောင်ချီဝေးသော အရပ်တွင် လူစိမ်းများက သူတို့၏ ကျေးကျွန်သဖွယ် နှိပ်စက်ခြင်းခံခဲ့ရသော အဘာ ခံစားခဲ့ရသည့် ကြောက်မက်ဖွယ် ဖြစ်ရပ်ကို စိတ်ကူးကြည့်လျှင်ပင် နာကျင်ပင်ပန်းလှပေသည်။

“ပထမပိုင်းမှာ တရုတ်စကားမတတ်သေးတော့ လုပ်ရမယ့် အိမ်မှုကိစ္စတွေကို နားမလည်ဘဲ အမှားတွေ လုပ်မိတာပေါ့။ ဒီတော့ အိမ်ရှင် အဘွားကြီး က ရိုက်တော့တာပါပဲ၊ စကားပြောစရာ သူငယ်ချင်းလည်း မရှိတော့ သိပ်ကို အထီးကျန်ပြီး တစ်ချိန်လုံး ကြောက်ရွံ့ထိတ်လန့်နေခဲ့ပါတယ်၊ ခဏခဏ လည်း ငိုမိပါတယ်၊ အစပိုင်းမှာ မငိုဖို့ ချော့ပြောကြပေမဲ့ နောက်ပိုင်းမှာတော့ ငိုပြီဆိုရင် အော်ဟစ် ငေါက်ငမ်းတော့တာပါပဲ” ဟု အဘာက နောက်ကြောင်း ပြန် ပြောပြသည်။

ပိုက်ဆံမရှိသည့်အပြင် တရုတ်ပြည်တွင်း သူမရောက်နေသော နေရာကိုပင် မသိသည့် အဘာအတွက် လွတ်မြောက်ရေး ဆိုသည်ကို စဉ်းစား မိ၍ပင် မရနိုင်ပါ။ တစ်ချိန်လုံး စောင့်ကြည့်နေကြတယ်။ တစ်ယောက်တည်း အပြင်ထွက်ခွင့်လည်း မပေးကြဘူး ဟု သူမက ဆိုသည်။တစ်ရက်တွင်မူ သူမကို အနီးကပ်စောင့်ကြည့်နေကြခြင်း၏ အကြောင်းရင်းကို အဘာ သိရှိသွားတော့သည်။ အိမ်ရှင်မိသားစု၏ အသက် ၂ဝ အရွယ် သားနှင့် လက်ထပ်ရမည်ဟု သူမကို ပြောလာကြခြင်းကြောင့်ပင် ဖြစ်သည်။ “ဘာကြောင့် အခုလို ခေါ်ထားတယ် ဆိုတာကို အရင်က မသိခဲ့ဘူး လေ။ အခုလိုပြောလာတော့ ကျွန်မက ငြင်းပေမဲ့ သူတို့က လက်ထပ်ရမယ်လို့ ဇွတ်အတင်း ပြောကြပါတယ်” ဟု အဘာက ပြောပြသည်။

“အဓမ္မထိမ်းမြားပေါင်းသင်းခံရဖို့ ရောင်းစားခံရတဲ့ မိန်းကလေး အများစုဟာ မလုပ်လို့မရတဲ့ အိမ်ထောင်ရေး အကျဉ်းထောင်ထဲမှာ ပိတ်မိ သွားကြ တော့တာပါပဲ၊ အများစုဟာ မလွတ်မြောက်နိုင်ကြဘူး။ သူတို့ကို ကျွန်မတို့လည်း ကူညီလို့ မရနိုင်ပါဘူး” ဟု Miss Marip က ဆိုသည်။မျှော်လင့်ချက်မဲ့နေသော အနေအထားနှင့် ရင်ဆိုင်ကြရသောအခါ အချို့ မိန်းကလေးများမှာ တရုတ် ကျေးလက်တွင် အလွယ်တကူ ရသော ပိုးသတ်ဆေးများကို ဘဝကို အဆုံးသတ်ရန် ရွေးချယ်လာကြသည်။

သို့ရာတွင် အဘာ ကမူ အဓမ္မထိမ်းမြားခဲ့ရခြင်းကို ရှောင်လွှဲနိုင်ခဲ့သည်။ သူမ လက်ထပ်ရန် သီတင်းပတ် အနည်းငယ်အလိုတွင် ထိုရပ်ကွက်သို့ နိုင်ငံသား မှတ်ပုံတင်ကတ် ပုံမှန်လာရောက် စစ်ဆေးသည့် ရဲများက သူမကို နိုင်ငံခြားသားမှန်း သိရှိသွားကာ ခေါ်ဆောင်သွားခဲ့ကြသည်။ သူမက ဖြစ်ပျက် သမျှကို ရှင်းပြသည့်အခါ ရဲများက ထိုမိသားစုထံ သွားရောက်၍ ခင်ဗျားတို့ လူကို ဝယ်လို့မရဘူး၊ သူတို့က တိရစ္ဆာန်တွေ မဟုတ်ဘူးဟု ပြောဆိုခဲ့ကြသည်ဟု သိရသည်။ "တရုတ်ရဲတွေက တရားစွဲမလားလို့ မေးကြပေမယ့် ကျွန်မက ငြင်းလိုက်ပါတယ်။ကျွန်မက ဒီကိစ္စကို မေ့ပစ်ပြီး အိမ်ကိုပဲ ပြန်ချင်တာပါ" ဟု အဘာက ဆိုသည်။

၃ နှစ်ကြာ မိသားစုဘဝကို ပျောက်ဆုံးခဲ့ရပြီးနောက်တွင် "အဘာ" တစ်ယောက် နယ်စပ်ကို တစ်ကိုယ်တည်း ဖြတ်ကူးကာ အိမ်သို့ ပြန်လာနိုင်ခဲ့ ပါပြီ။ "အဖေနဲ့အမေက ကျွန်မကို တွေ့တော့ အရမ်းတုန်လှုပ်သွားကြပါတယ်။ သူတို့က စပြီးငိုတော့ ကျွန်မလည်း ငိုတော့တာပေါ့၊ ပြန်တွေ့ရလို့ သိပ်ကို ပျော်မိပါတယ်" ဟု ပြောကြားသော "အဘာ" က သူမ၏ မိဘများက သူမကို ရှာရန်ကြိုးစားခဲ့ကြောင်း၊ တရုတ်ပြည်ထဲသို့ ရောင်းစားခဲ့ရခြင်း ဖြစ်သည်ဟု မူဆယ်ရဲအဖွဲ့ကို တိုင်ကြားခဲ့သော်လည်း ရဲများက စုံစမ်းပေးရန်အတွက် ယွမ် ၆၀၀၀ (မြန်မာငွေကျပ် ၉သိန်းခန့်) တောင်းသောကြောင့် သူမ ၏ မိဘများက မတတ်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။

ယင်းပုံစံသည် မြန်မာအာဏာပိုင်များက လူကုန်ကူးမှုများကို တုန့်ပြန်နေကျ ပုံစံဖြစ်သည်ဟု KWAT အဖွဲ့က ပြောကြားသည်။နယ်စပ်၏ တစ်ဖက်တွင်မူ တရုတ်ရဲများက ပင်လယ်ရပ်ခြားမှ မိန်းကလေးများ ခိုးသွင်းသော ဂိုဏ်းများထက် ပြည်တွင်း၊ဒေသတွင်း လူကုန်ကူးမှုများကို ပိုမို တိုက်ဖျက် ရန် အာရုံစိုက်လျှက်ရှိကြသည်ဟု သိရှိရသည်။

ယခင်နှစ်ကအထိ လွတ်မြောက်လာသည့် လူကုန်ကူးခံ မိန်းကလေးအနည်းစုကို တရားမဝင် လူဝင်မှုဥပဒေဖြင့် အရေးယူကာ ပြန်မပို့ခင် အချိန်အထိ ဖမ်းဆီးထားကြသည်ဟု ဆိုသည်။ယူနက်စကိုမှ David Feinqold က "အာဏာပိုင်တွေဒီလောက်လုပ်နိုင်တာကိုက အတော်လေးဟုတ်နေပါပြီ။ ရဲတပ်ဖွဲ့ရဲ့ အားထုတ်မှုနဲ့ လူကုန်ကူးမှုကို တိုက်ဖျက်မယ်ဆိုတာကတော့ ရယ်စရာကောင်းတဲ့ အိုင်ဒီယာပါ။ အမေရိကန် ပြည်ထောင်စုမှာတောင် ဒီကိစ္စကို မဖြေရှင်းနိုင်ပါဘူး။ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းမှုကို ဖြစ်စေတဲ့ စီးပွားရေး၊ လူမှုရေး အခြေခံပြဿနာတွေကိုသာ ခင်ဗျားအနေနဲ့ ဖြေရှင်းပေးရမှာပါ" ဟု သုံးသပ် ပြောကြားသည်။

"အဘာ"ကဲ့သို့ပင် အားလုံးကလည်း ထိုအချက်များကို သိရှိကြသည်။ မြန်မာနိုင်ငံဖက်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် "အဘာ"သည် လွန်ခဲ့သည့် ၄ လခန့်က ရွှေလီဖက်သို့ တရားမဝင်ပြန်၍ ကူးကာ အလုပ်ရှာခဲ့ရသည်။ ယခုအခါ စားသောက်ဆိုင်တွင် စားပွဲထိုးအလုပ်ရသောကြောင့် တစ်လလျှင် ယွမ် ၆၅၀ (မြန်မာကျပ်ငွေတစ်သိန်းခန့်) ဝင်ငွေရှိနေပြီဖြစ်သည်။

ဆယ်ကျော်သက်အရွယ်တွင် တရုတ်ပြည်ထဲသို့ လူကုန်ကူးခံရသည့် "အဘာ" သည် ယခုအခါ မန်ဒရင်း ဘာသာစကားကို ကျွမ်းကျင်နေပြီ ဖြစ် သောကြောင့် ဒေသခံများနှင့် ရောနှော၍ ရသွားပြီဖြစ်သည်။ သူမ၏ဘဝ သုံးနှစ်တာ ဆုံးရှုံးမှုအတွက် တရုတ်စကားကျွမ်းကျင်မှုကို လျော်ကြေးရခဲ့ခြင်းဟု ဆိုရတော့မည်။

"ကျွန်မအပေါ်လုပ်ခဲ့သမျှအတွက် ဒီမိသားစုကို မုန်းနေတုန်းပါပဲ၊ တစ်သက်လုံးတောင် မုန်းနေမိမယ်လို့ ထင်ပါတယ်" ဟု အဘာက ပြောပြ သွားခဲ့သည်။

(၇၂)နှစ်မြောက် အသျင်ဦးဥတ္တမနေ့အထိမ်းအမှတ်ဖိတ်ကြားခြင်း



(၇၂)နှစ်မြောက် အသျင်ဦးဥတ္တမနေ့အထိမ်းအမှတ်ဖိတ်ကြားခြင်း

မြန်မာ့နိုင်ငံရေးအတွက် ပထမဦးဆုံး နိုင်ငံရေးမျက်စိကို ဖွင့်လှစ်ပေးခဲ့သော အသျင်ဦးဥတ္တမ၏ (၇၂)နှစ်မြောက် အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကိုကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အောက်ပါအစီ
အစဉ် အတိုင်းလူကြီးမင်းကိုယ်တိုင်ကြွရောက်ပေးပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။

U Ottama Day 9.September.(1939),U Ottama Day, death of Nationalist Buddhist Arakanese Monk Venerable U Ottama (1879-1939), The pioneer of the Burmese independence movement, cosmopolitan revolutionary.
by kumara in Rangoon, Myanmar.

အချိန်။ ။နံနက်(၈)နာရီတိတိ
နေ့ရက်။ ။၉-၉-၂၀၁၁ (သောကြာနေ့)
နေရာ။ ။ဓည၀တီသာသနာပြုကျောင်းတိုက် ဦးထောင်ဘိုလမ်း ဗဟန်းမြို့နယ်။တွင်ကျင်းပပြု
လုပ်မည့်ဖြစ်ပါကြောင့်သိရသည်။ (ဆက်သွယ်နိုင်ရန် ဖုန်း 01.503964 / 01.200740)
အခမ်းအနားဖြစ်မြောက်ရေးကော်မတီ (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) (ALD) ရန်ကုန်မြို့

ဆရာတော်ဦးဥတ္တမ၏ သြ၀ါဒ
တစ်ယောက်တည်း-------------ကောင်းစားချင်ကေ။
ကြိုးစာလို့-----------------အလုပ်လုပ်ကတ်။
တစ်မျိုးသားလုံးကောင်းစားစီချင်ကေ။
တစ်မျိုးသားလုံး--------အမျိုးသားနိုင်ငံရေးကို။
လုပ်ကတ်ရဖို့။
For more Information
Web:www.alodawpyei.org

ပေးပို့ ပေးသော ဒိမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။

မြန်မာ့တပ်မတော်က လွတ်ငြိမ်းခွင့်ကို ရေရွတ်သတဲ့လား

(News Scotsman မှ 4 Sept 2011 ရက်စွဲပါ “ Burma’s bramy army cry freedom” သတင်းဆောင်းပါးကို YC မှဘာသာ ပြန်ဆိုသည်)

ကမ္ဘာက BURMA ဟုသာ အသိအမှတ်ပြုထားကြသည့် မြန်မာနိုင်ငံကဲ့သို့ အာဏာရှင် နိုင်ငံမျိုးမှ ဆင်းရဲပင်ပန်းမှုများ၊ ဖိနှိပ်ချုပ်ချယ် ထား မှုများသည် ယင်းနိုင်ငံ၏ စစ်ဖက်အုပ်ချုပ်သူများ ပုံစံသွင်းထားသည့်အတိုင်း ရှိနေသော်လည်း ဘောလုံးကွင်းများ၏ ဂိတ်ပေါက်များသို့ ရောက် သည်နှင့် ပျောက်ကွယ်သွားပါတော့သည်။

သို့မဟုတ်ပါက ပွဲကြည့်စင် လှေကားထစ်များပေါ်တွင် လုံးဝသည်းမခံနိုင်တော့၍ ကွင်းထဲသို့ မူးယစ်သောင်းကျန်းရန် အုပ်စုလိုက် ဆင်းလာ သည့် ဘောလုံးပရိတ်သတ်များ ပြောသည့်စကားကို နားထောင်ကြည့်ပါ။

“သီးသန့်အသင်း တစ်ခုခုကို အားပေးဖို့အတွက် ကျွန်တော်လာတာ မဟုတ်ပါဘူး၊ စိတ်ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် အော်ဖို့ဟစ်ဖို့ လာခဲ့ တာပါ” ဟု ပြောကြားသူမှာ လက်ရှိ ကန်နေသောပွဲကို အထူးတန်း ပွဲကြည့်စဉ်ပေါ်တွင် ရပ်နေသော ၁၅ နှစ် အရွယ် ကျောင်းသား မောင်ကျော်လင်း ဖြစ် သည်။

အားကစားသည် ကမ္ဘာ့နိုင်ငံအများစုတွင် လွတ်လပ်ခွင့်ကို ဖြည့်ဆည်းပေးလျက်ရှိသော်လည်း အစိုးရ ဆန့်ကျင်သူများကို လျှို့ဝှက်ပုလိပ် (ထောက်လှမ်းရေး) က ဖမ်းကာ ထောင်ဒဏ် အနှစ် ၁၀၀ ခန့် အထိ အပြစ်ပေးနေသော မြန်မာနိုင်ငံတွင်မူ ဆင်းရဲမှုနှင့် ကြောက်ရွံ့မှု ရောနေသော ဒုက္ခ ပင်လယ်ထဲမှ ဆူညံပူညံ ပျော်ရွှင်ခွင့်ကို ဘော်လုံးပွဲများက ဖြည့်ဆည်းပေးနေသည်။ ဘော်လုံးကွင်း ပတ်ပတ်လည်ကို အဓိကရုဏ်း နှိမ်နှင်းရေးရဲများ လော်ရီကား အစီးလိုက် ဝိုင်းရံထားသော်ငြားလည်း မိနစ် ၉၀ ခန့် လွတ်လပ်ခွင့်ကို ပေးထားသည်။

ဂျူလိုင်လက မြန်မာနှင့် အိုမန် အကြား ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပွဲကြည့်ပရိသတ်များက ခဲများ၊ ရေပုလင်းများ၊ ဖိနပ်များဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက် ခဲ့ကြခြင်းကြောင့် ပွဲတစ်ဝက်နားချိန်မတိုင်မှီမှာပင် ဂျပန်ဒိုင်လူကြီး၏ ပွဲရပ်ဆိုင်းခြင်းကို ခံလိုက်ရသည်။ ပွဲကြည့်ပရိတ်သတ်၏ ပစ်ပေါက်မှု ကြောင့် အိုမန်နည်းပြ၏ ဦးခေါင်းကို ထိမှန်ခဲ့သည်ဟုလည်း သိရှိရသည်။

မည်သို့ပင်ဖြစ်စေ ယခုဖြစ်ရပ်တွင် ပွဲကြည့်စဉ်ပေါ်မှ စိတ်လှုပ်ရှား ပေါက်ကွဲမှုကို မနည်းငယ်မျှသာ လျှော့ချနိုင်ခဲ့သည်။ ယခုပွဲတွင် ကွင်းအတွင်း လဲကျသွားသော တိုက်စစ်မှူးကို ပွဲကြည့်ပရိတ်သတ် တစ်ဦးက “မင်းရဲ့ခြေထောက်တွေကို ချိုးပစ်လိုက်မယ်” ဟု လှမ်းအော်လိုက်သော စကားလုံးများ သည်ပင် အတော်လေး ယဉ်ကျေးသော အားပေးမှုဟု ဆိုနိုင်သည်။ အပေါစား အရက်နံ့များ နံစော်နေသည့် ပွဲကြည့်စင်သည် အင်္ကျီဗလာနှင့် ပရိသတ် များ ခပ်ရိုင်းရိုင်း ဆေးမှင်ကြောင်မျိုးစုံဖြင့် ဟန်ရေးပြနေသော ပုံစံမှသည် မကြာခဏပင် အန်ဖတ်ကန် ဖြစ်သွားလေ့ ရှိသည်။

မြန်မာနိုင်ငံသည် အာရှတိုက်၏ အဆင်းရဲဆုံးနိုင်ငံတစ်ခု ဖြစ်သည့်အပြင် အစစအရာရာ ဈေးကြီးလွန်းသော နိုင်ငံတစ်ခု ဖြစ်သည်။ ဆဲလ်ဖုန်း တစ်ခု Account စတင်ဖွင့်သည့် စရိတ်မှာ ပေါင်စတာလင် ၄၀၀ (မြန်မာကျပ်ငွေ ၅ သိန်း) ခန့် ရှိနေပြီး မော်တော်ကား အသစ်တစ်စီး လမ်းပေါ် လှိမ့်နိုင်ရန် အတွက် အခွန်အခနှင့် ပါမစ်များကြောင့် ပေါင်စတာလင် ၁၂၄၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၀၀၀ ကျော်) ပိုမို ကုန်ကျ လျက်ရှိသည်။ သို့သော် ထိုနိုင်ငံတွင် ဈေးပေါသော အရာနှစ်ခု ရှိပြီး ဆန်တစ်ပြည်လျှင် ၁၀ ပဲနိနှင့် ဘော်လုံးပွဲ လက်မှတ်ကို ၄၀ ပဲနိခန့်ဖြင့် ရနိုင်ခြင်း ဖြစ်သည်။ တမင် ရည်ရွယ် သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ မြန်မာ အစိုးရသည် ပြည်သူတို့၏ စားဝတ်နေရေးနှင့် ပျော်ရွှင်မှုဘဝကို ဘောလုံးဖြင့် အစားထိုးကာ သမိုင်း စာမျက်နှာ များကို ရေးထိုးလျက် ရှိပေသည်။

၂၀၀၇ ခုနှစ်က သံဃာတော်များ၏ ရွှေဝါရောင်တော်လှန်ရေးကို လောလော လတ်လတ် အမှတ်ရနေခြင်းနှင့် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း အပြီး အစိုးရ၏ လူမဆန်သော ကိုင်တွယ်ပုံ အလွဲများကြောင့် ပြည်သူတို့၏ ဒေါသ ရေချိန်မြင့်လာချိန်တွင် အစိုးရအကြီးအကဲ၏ တိုက်တွန်းအားပေးမှုဖြင့် မြန်မာ နေရှင်နယ်လိဂ်ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ အစိုးရက ယင်း၏ ဝေမျှစားဖက် လုပ်ငန်းရှင်ကြီးများအား လိဂ်ပြိုင်ပွဲနှင့် ဘောလုံးအသင်းများကို ငွေကြေး ပံ့ပိုးနိုင်ရန် တွန်းတွန်းတိုက်တိုက် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ တတိယမြောက်ရာသီသို့ ရောက်လာပြီဖြစ်သည်။ မြန်မာလိဂ် ပြိုင်ပွဲသည် အင်္ဂလိပ် ပရီးမီးယားလိဂ်၏ ကာလရှည်ကြာ လွှမ်းမိုး ထားမှုနှင့် အတူ အောင်မြင်သော ပြည်တွင်းပွဲစဉ်တစ်ခု ဖြစ်ကြောင်း သက်သေပြခိုင်းခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အားကစားသတင်းစာစောင်များမှာ အားလုံးထဲတွင် ရောင်းအကောင်းဆုံး ဖြစ်နေသည်။ "တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ နေ့စဉ်ဘဝမှာ ခက်ခဲမှု၊ မောပန်းမှုများ အနှံ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဒါတွေကို မေ့ပျောက်ပစ်လိုက် ချင်တာပေါ့" ဟု ပြောကြားသူမှာ လူသိများ ဘောလုံးဆောင်းပါး ရေးသူ ကိုထွတ် ဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံမှာ ကိုယ့်ကိုကိုယ် ဘောလုံးစတားတွေလို့ စိတ်ကူးနဲ့ မြင်ယောင် ကြည့်ချင်ကြတာပေါ့။ စတားတွေရဲ့ ဘောကန် ဖိနပ်တွေကို စိတ်ကူးနဲ့ စီးကြည့်ချင်တာပေါ့ ဟု သူက ဆက်လက်ပြောကြားသည်။

ကိုတွတ်သည် ၁၉၈၈ ခုနှစ် လူထု တော်လှန်ရေးကာလက ကျောင်းသား လှုပ်ရှားသူ တစ်ဦး ဖြစ်သောကြောင့် ၁၃ နှစ်ကြာ ထောင်ဒဏ်ကျခံခဲ့ရ သူဖြစ်သည်။ မြန်မာနိုင်ငံတွင် အားကစားအကြောင်း ကို ရေးသားခြင်းသည်သာလျှင် လွတ်လပ်စွာ ရေးသားပြောဆိုခွင့်နှင့် အနီးစပ်ဆုံးဖြစ်သည်ဟု ဆို သည်။ ဖြတ်တောက်၊ ပိတ်ပင် ခြင်းခံရလွန်းသည့် နိုင်ငံရေးသတင်းဆောင်းပါး ရေးသူများနှင့် မတူပဲ ဘော်လုံးဆောင်းပါးရေးသည့် သူ့အတွက် ဆင်ဆာ အနှောက် အယှက်ပေးမှု မရှိသလောက် ရှားလှသည်ဟု ကိုတွတ်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ၅၅ သန်းသော ပြည်သူများအကြား အာဏာပိုင်အစိုးရအပေါ် မယုံကြည်မှု တိုးပွားလာစေခဲ့သည့် နိုင်ငံရေးအာဏာ ချုပ်ကိုင်မှု တစ်ခု ဖြစ်သည့် ၁၉၆၂ တပ်မတော် အာဏာသိမ်းပွဲ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး၏ ဆိုးကျိုး ပေါင်းစုံကို ခံစားခဲ့ရခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ဘောလုံးပွဲချိန်အတွင်း လုပ်ပိုင်ခွင့် အာဏာ၏သင်္ကေတဖြစ်သည့် ဒိုင်လူကြီးများ ပွဲကြည့် ပရိတ်သတ်၏ ဆဲဆိုစရာ ပစ်မှတ် ဖြစ်လာ ရခြင်းကို အံ့သြစရာ မရှိတော့ပါ။

ယေဘုယျအားဖြင့် ယဉ်ကျေးတတ်သည့် မြန်မာတို့သည် ဘောလုံးကွင်းထဲသို့ ဝင်သည့်အချိန်တွင် ယဉ်ကျေးသည့် လူ့ကျင့်ဝတ်ကို ဂိတ်ဝတွင် ထားပစ်ခဲ့ကြတော့သည်။ စီးပွားရေးလုပ်ငန်း တစ်ခုနှင့် ၃ နှစ်အရွယ် သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားသူ အသက် ၂၉ နှစ်အရွယ် ဦးမင်းအောင်သည် ဘောလုံးပွဲ ကြည့်စင်ပေါ် ရောက်သည်နှင့် တစ်ပြိုင်နက် ရှပ်အင်္ကျီကို ချွတ်ပစ်ကာ ပရိတ်သတ်အတွင်း အမူးသမားလို တိုးဝှေ့ကာ တစ်ဖက် အသင်းကို ဆဲဆိုအော်ဟစ်လေတော့သည်။ မကြာသေးမီက ပွဲစဉ်တွင် ထိုင်ခုံကို ချိုးဖဲ့ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့သည့် ဦးမင်းအောင်က ပြီးခဲ့သော အိုမန်နှင့် ပွဲစဉ်မှ ရုန်းရင်း ဆန်ခတ် ဖြစ်မှုတွင် သူလည်း ပါဝင်ခဲ့ကြောင်း၊ ဒိုင်လူကြီးက မမျှတကြောင်း၊ လူတိုင်းက ရေပုလင်းနှင့် ပစ်ပေါက်ကြသလို သူလည်း ပါဝင်ပစ်ပေါက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး နောင်တရသည့် လက္ခဏာမျိုးပြသခြင်း မရှိပါ။ သူသည် ရေပုလင်းများ (သို့) လက်ထဲတွင် ရှိသည့် အရာများဖြင့် ကွင်းအတွင်းသို့ မကြာခဏ ပစ်ပေါက်လေ့ရှိသူတစ်ဦး ဖြစ်သည်။

ကမ္ဘာ့ဘောလုံး အာဏာပိုင်အဖွဲ့ FiFa က ထုတ်ပြန်သော ကြေညာချက်တွင် "အိမ်ခံ ပရိတ်သတ်များက ဘော်လုံး ကွင်းအတွင်းသို့ အရာဝတ္ထု ပစ္စည်းများဖြင့် အဆက်မပြတ် ပစ်ပေါက်ခဲ့ခြင်းကြောင့် ဒိုင်လူကြီးက ပွဲကို ရပ်ဆိုင်းလိုက်ကြောင်း၊ ယခု ကိစ္စကို ဖီဖာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ သို့ တင်ပြမည် ဖြစ်ကြောင်း" ဖော်ပြခဲ့သည်။

ဘော်လုံးပွဲအတွင်း ဆူပူ အော်ဟစ်မှုသည် ပြိုင်ဖက် အသင်းများ၏ ပရိတ်သတ်များအကြား ရန်ပွဲများပါ ဖြစ်ပွားတတ်သော်လည်း ပရိတ်သတ် အများစုမှာ ထိုးကြိတ်နိုင်စွမ်း မရှိအောင် အမူးလွန်နေကြသဖြင့် တင်းမာမှုများ အမြဲတစေ ပျောက်သွားရခြင်း ဖြစ်သည်။

ပရိသတ်များ မလုပ်ကြရန် မဖြစ်မနေ တားမြစ်ထားသည့် ညံ့ဖျင်းသော အပြုအမူမျိုးကို ဘောလုံးသမားများကလည်း လုပ်ခဲ့ကြဘူးသည်။ ၂၀၀၄ ခုနှစ်က စင်ကာပူနှင့် ပွဲစဉ်တွင် အနီကဒ်ဖြင့် ထုတ်ပယ် ခံရသော ဘောလုံးသမား ၃ ဦးတွင် တစ်ဦးမှာ အမှားဆက်တိုက် ကျူးလွန်သူ ဖြစ်၍ အခြားတစ်ဦးမှာ ဒိုင်လူကြီးဖက်လှည့်၍ ဗွက်ကို ကန်ခဲ့သူ ဖြစ်ပြီး နောက်တစ်ဦးမှာ စင်ကာပူ ကစားသမားကို ရေပုလင်းဖြင့် ပစ်ပေါက်ပြီး ကွင်းထဲမှ မထီမဲ့မြင် ပုံစံဖြင့် လမ်းလျှောက် ထွက်သွားသူ ဖြစ်သည်။

ယင်းဖြစ်ရပ်သည် အသင်း၏ ညံ့ဖျင်းသော ခြေစွမ်းကို မူလကပင် စိတ်ပျက်နေကြသော ပရိတ်သတ် အချို့ကို ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေ ခဲ့ သည်။ မြန်မာအသင်း အာရှဖလား ဗိုလ်စွဲကာ အိမ်နီးချင်း ပြိုင်ဖက်များကို ပုံမှန် အနိုင်ယူနိုင်ခဲ့သော ၁၉၅၀ ခုနှစ်များနှင့် ၁၉၆၀ ခုနှစ်များသည် မြန်မာ့ ဘောလုံး ၏ ရွှေရောင်ကာလများ ဖြစ်ခဲ့ဖူးသည်။

ယခုအခါ FIFA က နိုင်ငံအသင်း ၂၀၃ သင်းအနက် မြန်မာအသင်းကို အဆင့် ၁၆၈ သတ်မှတ်ထားရာ စကော့တလန်၏ နောက် အဆင့်ပေါင်း ၁၁၀ ခန့် နိမ့်ကျလျက် ရှိပေသည်။

05 September 2011

ပြည်တွင်းထုတ် ဂျာနယ်ဖြစ်တဲ့ မက်ဆင်ဂျာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မြန်မာလူငယ်တွေအပေါ် အမြင်သဘောထားကို အင်တာဗျူး

ပြည်တွင်းထုတ် ဂျာနယ်ဖြစ်တဲ့ မက်ဆင်ဂျာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မြန်မာလူငယ်တွေအပေါ် အမြင်သဘောထားကို အင်တာဗျူး ဖော်ပြထားပါတယ်။ ဒါ့အပြင် အရင် သီတင်း ၂ ပတ်ကျော်က ဆိုင်းငံ့ခံထားခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ ပုဂံ ခရီးသွား ဆောင်းပါးကိုလည်း ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဆောင်းပါးကို ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခွင့် ရတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်တဲ့ မက်ဆင်ဂျာ ဂျာနယ်မှာ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူငယ်တွေအပေါ် အမြင် သဘောထားကို တွေ့ဆုံမေးမြန်းခန်း အဖြစ် စာပေစိစစ်ရေးက ဖော်ပြခွင့် ပေးလိုက်ပါတယ်။ မက်ဆင်ဂျာ ဂျာနယ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံ မေးမြန်းခန်းကို ပထမဆုံး ဖော်ပြခွင့်ရတဲ့ ပြည်တွင်းထုတ် ဂျာနယ်လည်း ဖြစ်ပါတယ်။ ဒီအင်တာဗျူးကို ဖော်ပြခွင့်ရဖို့ စာပေစိစစ်ရေးက ဆင်ဆာဖြတ်တောက်မှု ရှိမရှိ၊ ထုတ်ဝေခွင့်ပြုဖို့ အချိန်ဘယ်လောက် ယူခဲ့တယ် ဆိုတာကိုတော့ ဂျာနယ် တာဝန်ခံတွေက ထုတ်ဖော် မပြောပါဘူး။ ဂျာနယ် တာဝန်ခံ အယ်ဒီတာ တဦးကတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်၊ ကျနော်တို့ ဒီနေ့ ဖော်ပြထားပါတယ်။ ၅ ရက်နေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်မှာပေါ့။ အဓိကတော့ ဒီနေ့ခေတ် လူငယ်တွေပေါ့၊ အဲဒီလူငယ်တွေအပေါ် အန်တီ့အနေနဲ့ အကျယ်ချုပ်က လွတ်လာပြီးနောက်ပိုင်း ဘယ်လိုမြင်သလဲပေါ့၊ အဓိကတော့ လူငယ်အကြောင်းပေါ့။ ဆင်ဆာတင်တာတော့ အင်တာဗျူးခဲ့ကတည်းက တင်ခဲ့တာပေါ့၊ ဒီအပိုင်းတွေတော့ ကျနော်ဖြေတာထက် စာပေစိစစ်ကို မေးရင် ပိုကောင်းလိမ့်မယ် ထင်ပါတယ်။ အင်တာဗျူး ခေါင်းစဉ်က ယနေ့ခေတ် လူငယ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမြင်သလဲပေါ့၊ အဲဒီလို ပေးထားပါတယ်။”

မက်ဆင်ဂျာ ဂျာနယ်ဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးရဲ့ သားဖြစ်သူ ဦးဇော်မင်းအေး ထုတ်ဝေနေတဲ့ သတင်းဂျာနယ်တစောင် ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခွင့် တင်ပြထားတဲ့ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးကို စာပေစိစစ်ရေးက ဒီတပတ်ထုတ် ဂျာနယ်မှာ ထုတ်ဝေခွင့် ပေးလိုက်ပါတယ်။ ဆောင်းပါးကို ဆင်ဆာတည်းဖြတ်တာ မရှိဘူးလို့လည်း ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က အခုလို ပြောပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ၊ မဖြတ်ပါဘူးခင်ဗျ။ ခပ်စောစောကတော့ အဆင်မပြေလို့ ကျနော်တို့ စောင့်ဆိုင်းနေရတာပေါ့နော်။ အခုတော့ ကျနော်တို့ တင်လိုက်တဲ့အတိုင်း ရပါတယ်။ ကျနော်တို့ အရင် ၂ ပတ်၊ ၂ ပတ်ကျော်ကျော်လောက် ဖြစ်မှာပေါ့၊ အဲဒီလောက်က တင်တယ်ဗျ။ အဲဒီမှာ နည်းနည်းလေး ခွင့်ပြုလို့ မရတာလေး အဲဒီအချိန်ကတော့ ရှိတယ်ဗျ။ အဲဒါကြောင့် ကျနော်တို့ ဖော်ပြလို့ မရဘူးပေါ့။ အခုတော့ ကြည့်ရတာ အနေအထားလေးတွေ နည်းနည်းပါးပါး ပြောင်းလဲတယ်လို့ ထင်ပါတယ်။ ကျနော်တို့ကို အဲဒါ ပေးတယ်ပေါ့နော်။ ပေးတော့ ကျနော်တို့ လာမယ့်အပတ် ဒီတရက် နှစ်ရက် ထွက်မယ့် ဂျာနယ်မှာ ပါပါလိမ့်မယ်။”

ပြည်သူ့ခေတ် ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးဖေမြင့်ကတော့ အခု စာပေစိစစ်ရေးက ထုတ်ဝေ ဖော်ပြခွင့် ပေးလိုက်တာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“စာပေစိစစ်ရေးကတော့ အရင်တုန်းကလည်း ကျနော်တို့ တခါတရံမှာ တင်လိုက်တယ်၊ အခုလို ဆိုင်းငံ့တို့ ဘာတို့ စသဖြင့်ပေါ့ဗျာ လောလောဆယ် မပေးနိုင်သေးတဲ့ ဟာမျိုးတွေ ရှိတယ်ဗျ။ အဲဒါတွေက နည်းနည်းပါးပါး အခြေအနေ အပြောင်းအလဲ ရှိရင်တော့လည်း သူတို့ ပေးတတ်တယ်ဗျ။ သူတို့က တချို့ကိစ္စတွေပေါ့ဗျာ၊ အဲဒီအချိန် အခိုက်အတန့်မှာ သိပ် Sensitive ဖြစ်တဲ့ဟာမျိုးကို မပေးပေမဲ့ အဲဒီအနေအထားက ပြောင်းလဲသွားရင်တော့လည်း ပြန်တင်လို့ရှိရင် ရတဲ့ဟာမျိုးတော့ ရှိပါတယ်။ အခုလည်း ဒီသဘောမျိုးထဲမှာ ကြုံရတာပေါ့။”

ပြည်တွင်း စာပေထုတ်ဝေခွင့်ကို ဆင်ဆာတည်းဖြတ်နေတဲ့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဌာနဟာ နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်း၊ သတင်းဓာတ်ပုံတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ဖော်ပြခွင့် ထိန်းချုပ် ကန့်သတ်ထားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ သတင်းဓာတ်ပုံတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေက ရေးသား ဖော်ပြခဲ့ကြတာကြောင့် ဂျာနယ်ထုတ်ဝေခွင့်ကို ယာယီပိတ်သိမ်းပြီး အရေးယူတာတွေလည်း ရှိခဲ့ဖူးပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားထားတဲ့ ခရီးသွား ဆောင်းပါးတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခွင့်ပြုတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီတပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရေးသားခဲ့တဲ့ နိုင်ငံရေး ဆောင်းပါးနဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဆောင်းပါးတွေကိုလည်း ဖော်ပြခွင့် ပြုထားတာကို တွေ့ရပါတယ်။

သတင်း...မသိင်္ဂီထိုက်..

ပြည်ပ၀ဘ်ဆိုဒ်တစ်ချို့ ပြန်လည်ကြည့်ရှုခွင့်ရလာပြီးနောက်ပိုင်း အင်တာနက်မြန်နှုန်းကျဆင်းလာ

ပြည်ပနိုင်ငံများမှ ၀ဘ်ဆိုဒ်တစ်ချို့ကြည့်ရှုရလာခဲ့ပြီးနောက်ပိုင်း အင်တာနက်မြန်နှုန်းကျဆင်းမှု ကြုံတွေ့လာရကြောင်း အများပြည်သူသုံး အင်တာနက်ဆိုင်များမှ သိရသည်။

“လိုင်း(Connection) က တော်တော်လေးသွားတယ်။မေးလ်ဖွင့်မယ်ဆိုရင်တောင် Busic HTML နဲ့မှ ဖတ်လို့အဆင်ပြေလာတယ်။Standard နဲ့ ဖွင့်ရင် ဖွင့်လို့တော့ရတယ်၊ ဖတ်ဖို့ဝင်မယ်ဆို ၀င်လို့မရတော့ဘူး”ဟု ကန့်သတ်ထားသည့် ၀ဘ်ဆိုဒ်များ ကြည့်ရှုခွင့်ရလာပြီးနောက်ပိုင်း အင်တာနက်လိုင်း အခြေအနေကို တောင်ကြီးမြို့ စုစံအများပြည်သူသုံး အင်တာနက်ဆိုင်မှ ၀န်ထမ်းများက ပြောသည်။

အင်တာနက်ဆိုင်အချို့သည် လိုင်းဆွဲအားကောင်းစေရန် ဆာဗာပရောက်စီ ခံပြီး သုံးလေ့ရှိသော်လည်း ကန့်သတ်ဝဘ်ဆိုဒ်များ ကြည့်ရှုခွင့်ရလာပြီးနောက် ဆာဗာပရောက်စီအများစုမှာ လိုင်းစွဲအား မြှင့်တင်နိုင်ခြင်း မရှိတော့ဟုလည်း သိရသည်။

“ခုဝင်ခွင့်ရတဲ့ ဆိုဒ်တွေက You Tube လို ကမ္ဘာကျော် ဆိုဒ်တွေလည်းပါတယ်။ဒီဆိုဒ်မျိုးကို ပြည်တွင်း အင်တာနက်သုံးစွဲသူတော်တော်များများကလည်း နဂိုတည်းက စိတ်ဝင်စားမှု ရှိကြတယ်။အခု ၀င်လို့ရလာတော့ အဲ့လိုဆိုဒ်မျိုးတွေမှာ ဗွီဒီယိုဖိုင်တွေ Uplote လုပ်တာတွေ၊Download ဆွဲတာတွေများလာတော့ လိုင်းဆွဲအားကလည်း ကျသွားတဲ့ သဘောပါ”ဟု အင်တာနက်လိုင်းနှေးကွေးမှုများ ကြုံရသည့် အခြေခံ အကြောင်းရင်းတစ်ရပ်ကို ပြည်တွင်းဘလော့ဂ်ဂါ တစ်ဦးက သုံးသပ်ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့တို့မှ ၀န်ဆောင်မှု ပေးလျှက်ရှိသည့် MPT နှင့် ADSL လိုင်းတို့တွင် You Tube အပါအ၀င် ပြည်ပနိုင်ငံများမှ လွင့်တင်နေသောသတင်းဆိုဒ်မျိုးများအား ပြည်တွင်း အင်တာနက်သုံးစွဲသူများအနေဖြင့် သြဂုတ် နောက်ဆုံးပတ်မှ စတင်ပြီး တိုက်ရိုက် ကြည့်ရှုခွင့် ရလာခြင်းဖြစ်သည်။

“အရင်ကဆို ဧရာဝတီိတို့၊ ဒီဗီဘီတို့လို ဒီဆိုဒ်တွေကို ပရောက်စီနဲ့ ကျော်မှ ကြည့်နိုင်တာမျိုးဆိုတော့ အတော်များများကတော့ Google Reder ထဲကနေကြည့်ကြတာများတယ်။နောက် facebook လို လူမှုကွန်ယက်မှာ သူများတွေ မျှဝေ(Shear) ပေးတာကနေ တစ်ဆင့်ဖတ်ကြတယ်။ခုတော့ ကိုယ်တိုင်တိုက်ရိုက်ဝင်နိုင်ပြီဆိုတော့ အဆင်ပြေသွားတာပေါ့။ဒါပေမယ့် ခုချိန်မှာတော့ လိုင်းတော်တော်ကောင်းတဲ့ အချိန်မျိုးမှာမှ ကြည့်နိုင်တဲ့ အခြေအနေပါ” ဟု အင်တာနက်ပုံမှန်သုံးစွဲသူ သတင်းသမား တစ်ဦးက ပြောသည်။

ထိုသို့ ၀ဘ်ဆိုဒ်အချို့ ပြန်လည် ကြည့်ရှုလာနိုင်သော်လည်း အဆိုပါဝဘ်ဆိုဒ်များကြည့်ရှုခွင့် နှင့် ပတ်သတ်ပြီး အင်တာနက်ဆိုင်များကို တစ်စုံတစ်ရာ ညွှန်ကြားချက်ပြောင်းလဲ ထုတ်ပြန်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အများပြည်သူသုံး အင်တာနက်ဆိုင် ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားပါက သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် ညွှန်ကြားချက်များတစ်ပါတည်း အသိပေးထားဖြစ်ရာ ယင်းညွှန်ကြားချက်တို့တွင် နိုင်ငံရေးနှင့် သက်ဆိုင်သော ၀ဘ်ဆိုဒ်များ ကြည့်ရှုခွင့် ကန့်သတ်ချက်လည်း ပါဝင်နေသည်။

ယခုကဲ့သို့ ၀ဘ်ဆိုဒ်အချို့ ပြန်လည်ဝင်ရောက်ကြည့်ရှုလာနိုင်သော်လည်း ယင်းကို တရားဝင် ပြန်ပေးခြင်းရှိမရှိကိုမူ အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ရတနာပုံ တယ်လီပို့မှ အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးပဲရှိနေသည်။

သတင်း....ဥာဏ်ဥာဏ်(မြစ်မခ)

တရုတ်မီးရထားကုမ္ပဏီ (CREC)နဲ့ အကျိုးတူဖောက်လုပ်မယ့်ကျောက်ဖြူ၊ မူဆယ်၊ ကူမင်းရထားလမ်းစီမံကိန်းသတင်းများနဲ့ ဓာတ်ပုံ၊ရုပ်သံ။



တရုတ် ယူနန်ပြည်နယ် သတင်းဋ္ဌာနနဲ့ CCTV သတင်းဋ္ဌာနတို့က ထုတ်လွှင့်သွားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ တရုတ်မီးရထားကုမ္ပဏီ (CREC)နဲ့ အကျိုးတူဖောက်လုပ် မယ့် ကျောက်ဖြူ၊ ကြပ်ပြေး၊ မူဆယ်၊ ကူမင်းရထားလမ်းစီမံကိန်းနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တရုတ်ပြည်အထိ သွယ်တန်းမယ့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း သတင်းဓာတ်ပုံ၊


ကျွန်တော်တို့ မြန်မာပြည်ရဲ့ ခေါင်းပိုင်းမှာ မြစ်ဆုံဆည် တည်ဆောက်ပြီး မြန်မာပြည်ကို ခေါင်းပိုင်းဖြတ်မယ်..။ အလယ်ပိုင်းကို ဖြတ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ရှိတာ အကုန်သယ်မယ်။ မြန်မာပြည်ရဲ့ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစား နေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေပါ...။ ခေါင်ကိုထိရင် အကုန်စားလို့ ရသလို မြန်မာပြည်ရဲ့ခေါင်းပိုင်း ဧရာဝတီမြစ်ဆုံကို ထိအောင် ပစ်ပြီး မြန်မာပြည်ကို တရုတ်ပြည်ရဲ့ ပြည်နယ်လို့များ သတ်မှတ်လေတော့မလားပဲ...။



ရထားလမ်း စီမံကိန်းကတော့ ၂၀၁၁ခုနှစ် ၄လပိုင်း ၂၇ရက်နေ့က ကြပ်ပြေးမှာ လက်မှတ် ရေးထိုးခဲ့ကြတာပါ...။ စေတနာ ကောင်းနဲ့တော့ အလကား ဘယ်သူမှ မဖောက်ပေးပါ...။ လေ့လာကြည့်လေ အရေးကြီးတဲ့စီမံကိန်းတွေ အားလုံး တရုတ်နဲ့ မကင်းလေပါပဲ...။ ပြည်ပအားကို ပုဆိန်ရိုး အဆိုးမြင်ဝါဒီများ ဆန့်ကျင်ကြဆိုတာ မိမိကိုယ်ကိုယ် မိမိမှန်ကြည့်လက်ညှိုးထိုး၊ ခေါင်းမော့ တံထွေးထွေးနေတဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်လို့ ဆိုရလေမလားပဲ...။


ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရေးထားတဲ့ စာကတော့ ကောင်းမွန်သော စီမံကိန်းများ ကို ပြုလုပ်ဖန်တီးခြင်းဖြင့် မြန်မာနှင် တရုတ်ပြည်သူများအတွက် ချမ်းသာအကျိုးဖြစ်ပေါ်စေခြင်း တဲ့ဗျို့...။

ပြောရဲလိုက်တာဗျာ..

တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတဲ့ မြန်မာစစ်အာဏာရှင်များ၊ အဆင်းရဲဆုံးနိုင်ငံမှ ခေတ်ပျက်သူဋ္ဌေးများနဲ့ တရုတ်စီးပွားရေးသမားများ အတွက်ဆိုရင်တော့ မှားအံ့မထင်ပါ...


သတင်း...ဒီမိုဝေယံ။

သတင်းပေးပို့ ပေးသော ဒီမိုဝေယံ အား ကျေးဇူးတင်ရှိပါသည်.။

ကုန်ပစ္စည်းမိတ်ဆက်ပွဲများနှင့် ပြပွဲအချို့တွင် သတင်းထောက်များအား ငွေပေးလာဘ်ထိုး

မြန်မာနိုင်ငံတွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများနှင့် ပြပွဲအချို့တို့တွင် သတင်းတက်ရောက်ယူသည့် ပွဲတက် သတင်းသမားများအား လုပ်ငန်းရှင်အချို့က လက်ဆောင်ပေးခြင်း၊ ငွေကြေးပေး၍ လာဘ်ထိုးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ပွဲတက်သတင်းသမားများအား ထိုသို့ ငွေပေး၍ လာဘ်ထိုးရခြင်းမှာ မိမိတို့ပွဲ သတင်းအား သတင်းသမားများမှ အကောင်းဆုံး ရေးသား ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

ပွဲတက်သတင်းသမားများအား ကုန်ပစ္စည်းမိတ်ဆက်ပွဲ၌ ကုန်ပစ္စည်းလက်ဆောင်ပေးခြင်းမှာ အရေးကြီးသည့် ကိစ္စရပ်မပာုတ်သော်လည်း ငွေကြေးများပေး၍ လာဘ်ထိုးခြင်းမှာမူ သတင်းသမားတို့၏ ကိုယ့်ကျင့်တရားကို စော်ကားခြင်းပင် ဖြစ်ကြောင်း မီဒီယာတစ်ခုမှ လက်ထောက် အယ်ဒီတာတစ်ဦးက ပြောကြားခဲ့သည်။

သတင်းသမားများအနေနှင့် နိုင်ငံအတွင်း အစိုးရဝန်ထမ်းတို့၏ လာဘ်ယူမှုများ မရှိနိုင်စေရန် မီဒီယာပေါ်မှနေ၍ သတင်းဖြန့်ချိပေးရမည်ဖြစ်ပြီး သတင်းသမားများအား လာဘ်ပေးမှုအပေါ်တွင် သာယာမနေဘဲ ဆန့်ကျင်နေရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် မကြာသေးမီအချိန် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ကြိုပွိုင့်တိုက်ခန်းဝယ်ယူသူများ အလိမ်ခံရပြီလောဆိုသည့် သတင်းနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ သတင်းတက်ရောက်ယူရာတွင် ပွဲတက်သတင်းသမားများအား စီးပွားရေးလုပ်ငန်းရှင်များက တစ်သောင်းခွဲ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့သော ကိစ္စရပ်မှာ မြန်မာနိုင်ငံရှိ သတင်းထောက်များ၏ ကိုယ်ကျင့်တရားကို စော်ကားခြင်းဖြစ်ပြီး နောင် အနာဂတ်နိုင်ငံတော်တွင် နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းလောက၏ မှန်ကန်မှု ကွယ်ပျောက်သွားနိုင်ကြောင်း သတင်းမီဒီယာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သတင်း.. News Watch

အစိုးရဌာနများတွင် အားနည်းချက်များစွာ ရှိကြောင်း ထိပ်တန်းအရာရှိများဆို

စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်သော ပြည်ထောင်စုဝန်ကြီး ဌာနများနှင့်ကုန်သည် စက်မှု အသင်းချုပ်တို့ ပူးပေါင်းစီစဉ်သည့် ဟောပြောပွဲတွင် အစိုးရသစ်၏ ထိပ်တန်းအရာရှိများက အစိုးရ ဌာနများတွင် အားနည်းချက်များစွာ ရှိနေကြောင်း ဝန်ခံပြောဆိုခဲ့သည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိနှစ်ဦးက ကုန်သည် စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနှင့် အဆိုပါ ဟောပြောပွဲကို တက်ရောက်လာသူ ၃၀၀ ခန့်အား အာဆီယံစီးပွားရေး အသိုင်းအဝိုင်း (Asean Economic Community)နှင့် ပတ်သက်သည် များကို ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံခြား စီးပွားဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူ ဒေါ်မြတ်မြတ်စိုးက “အစိုးရဌာနတွေမှာ နည်းပညာပိုင်းဆိုင်ရာတွေမှာ အားနည်းမှုတွေ ရှိနေတဲ့အတွက် AEC လာရင်တော်တော်များများကို ပြောင်းလဲရပါမယ်။ ဒီပြောင်းလဲမှုကို မလုပ်နိုင်ဘူးဆိုရင်တော့ CLMV (Cambodia,Laos,Myanmar,Vietnam) လေးနိုင်ငံထဲမှာ နောက်ကျကျန်ခဲ့ပါလိမ့်မယ်”ဟု အစိုးရဌာနများတွင် အားနည်းနေသည့် ကိစ္စရပ်များကို သတိပေးပြောဆိုသွားခဲ့သည်။

ဆက်လက်၍ ယင်းတို့က သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မိန့်ခွန်းတွင် ပါရှိသည့်အတိုင်း အစိုးရဌာနပိုင်းအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ သော်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရာတွင် အားနည်းမှုများ ရှိနေကြောင်း ဆိုသည်။

“ ကုမ္ပဏီထောင်ဖို့ ရင်းနှီးမြုပ်နှံမှုကော်မရှင်ကို Proposal လာတင်တာ၊ကော်မရှင် အဖွဲ့ဝင်တွေက အခွန်ဆောင်ဖို့ ကိစ္စတွေ၊ အလုပ်သမား လခ ပေးဖို့ကိစ္စတွေ ပြန်မေးတော့ မဖြေနိုင်တာတွေ ရှိတယ်”ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင်မှုဦးစီးဌာနမှ တာဝန်ရှိသူ ဦးအောင်နိုင်ဦးက ဆိုသည်။ အစိုးရဌာနများတွင်လည်း မိမိတို့ဌာန၏ လုပ်ပိုင်ခွင့်မှုဘောင်ကို နားလည်ခြင်းမရှိဘဲ လုပ်ကိုင်နေခြင်းများ ရှိကြောင်း ဆိုသည်။

“နိုင်ငံခြားက စီးပွားရေးမြုပ်နှံဖို့လာတဲ့ အဖွဲ့ကို MIC ကနေ စက်မှု(၂)၊ စက်မှု(၂)ကနေ MIC ပြန်ပြန်လွှဲနေတာတွေ ရှိတော့ အလုပ်မတွင်တဲ့အပြင် ဝင်လာရမယ့် FDI တွေ ပြန်ထွက်သွားတာ ရှိတယ်”ဟု ထပ်လောင်းပြောဆိုသည်။

သြဂုတ် ၁၉ ရက်နှင့် ၂၀ ရက်က နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွနှ်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော စီးပွားရေး ဖွံဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စက်မှု(၂)ဝန်ကြီး ဦးစိုးသိန်းမှ လွန်ခဲ့သော နှစ်ပေါင်း ၂၀ က တပ်မတော်အစိုးရမှ လုပ်ဆောင်ခဲ့သည့် ကိစ္စရပ်များတွင် မှားယွင်းမှုများ ရှိခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

သတင်း..YC(KS)

ပြည်ပရောက်မြန်မာများအားဖမ်းဆီးမယ်လိုခြိမ်းခြောက်ပြောဆိုသွားသော ဦးသိန်းစိန်၏လက်ပါးစေကိုကို..။





ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

ရွှေတိဂုံစေတီတော်တွင်နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ ဆုတောင်းပွဲဓာတ်ပုံများ










04 September 2011

လာမည့်အင်္ဂါနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် တွင်ပါလာမည့် ဒေါ်အောင်ဆန်းစုကြည်ဆောင်းပါး


ရန်ကုန် မြောက်ဥက္ကပမြို့နယ် (၂) ရပ်ကွက် မိန်းလမ်းမကြီးပေါ်မှာ သွားလာနေကြရတဲ့ ပြည်သူတွေဘ၀။



ယနေ့ ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာဖော်ပြခွင့်ရမယ့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး။


ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ သားစဉ်မြေးဆက် ထိန်းသိမ်းစောင့်ရှောက်ခိုင်းသော အစိုးရ





ကား ပြပွဲလား..`???၊ လူပြပွဲ လား...???၊ ဆိုတာ ရှင်းရှင်း ပြောပါ..။ရန်ကုန်မြို့ တပ်မတော် ခန်းမ မှာ ပြုလုပ်တဲ့ ကားပြပွဲ တစ်ခုမှာ ရိုက်ထားတာပါ။