15 December 2010

ကျနော်မှတ်မိသမျှ ဦးသန့် ဈာပန




ကျနော်က အဲဒီ အချိန်တုန်းက ၉ တန်း ကျောင်းသား အဖြစ် အ ထ က (၁) ဒဂုံမှာ ကျောင်းတက်နေဆဲ ဖြစ်ပါတယ်။ ဒီဘက်ပိုင်း ၈၈ အရေးတော်ပုံ ကာလ အခေါ်အဝေါ် နဲ့ဆိုရင် အကသ ကျောင်းသားပေါ့။

ကျနော်တို့ အိမ်က လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာကို အမြဲယူပါတယ်။ သတင်းစာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် ကွယ်လွန်တဲ့အကြောင်း၊ ရုပ်ကလာပ်ကို မိသားစုက မြန်မာပြည် ပြန်ယူပြီး ဦးနေ၀င်း အစိုးရက ကြံတော သင်္ချိုင်းမှာ မြှုပ်နှံခွင့် ပေးတဲ့ အကြောင်း ဖတ်ရပါတယ်။ ဦးသန့်ကို မြှုပ်နှံမယ့် ဂူနေရာက ဦးနေ၀င်းဇနီး ဒေါ်ခင်မေသန်းအုတ်ဂူရဲ့ ခြေရင်း နေရာမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ လူတချို့က ဒီလိုမိန်းမရဲ့ ခြေရင်းမှာ မြှုပ်နှံရမလား ဆိုပြီး မကျေနပ်တဲ့ ပြောဆိုသံတွေကိုလည်း ကြားခဲ့ရပါတယ်။

ကျနော် ကိုယ်တိုင်ကလည်း သတင်းစာဖတ်ပြီး တွေးမိပါတယ်။ ဒီလို အထင်ကရ ပုဂ္ဂိုလ်တဦးကို ကြံတောလို နေရာမှာ မြှုပ်ရလားလို့ ရင်ထဲမှာ ဘ၀င်မကျ ဖြစ်ခဲ့မိပါသေးတယ်။ ဟိုနိုင်ငံ(အမေရိကား) မှာဆိုရင် အခမ်းအနား ကြီးကြီး ကျယ်ကျယ်နဲ့ ဂုဏ်ပြုပြီး သင်္ဂြိုဟ်မှာလို့ တွေးမိပါတယ်။

အဲဒီနောက် ကျနော် ကျောင်းတက်တဲ့အခါ ကျောင်းမှာ နောင်တော် တက္ကသိုလ်ကျောင်းသားကြီးများက ဦးသန့် အလောင်းကို လုယူမယ်ဆိုတဲ့ သတင်းကို ကျနော်တို့ ကျောင်းသားတွေကြားမှာ သတင်း တော်တော် ပျံ့နေပါတယ်။ ကျောင်းသား တော်တော် များများကလည်း ဒီသတင်းကို စိတ်ဝင်တစားရှိကြပြီး တိုးတိုးတိတ်တိတ် ပြောကြ ဆိုကြပါ တယ်။

ဘာဖြစ်လို့ တိုးတိုးတိတ်တိတ် ပြောဆိုကြလဲ ဆိုရင် ကျနော်တို့ ကျောင်းမှာ ထိပ်တန်းအစိုးရ အရာရှိကြီးများရဲ့ သားသမီးများ ရှိနေကြလို့ပါ။ ကျနော်တို့ ရပ်ကွက်ထဲမှာလည်း ဒီသတင်း တော်တော်ပျံ့ နေပါတယ်။

ဒီလိုနဲ့ အသုဘ ချတဲ့ နေ့ကို ရောက်လာပါတယ်။ နေ့ခင်းလောက်မှာပဲ ဦးသန့်အလောင်းကို တက္ကသိုလ် ကျောင်းသား များက လမ်းကနေ ဖြတ်လုပြီး ပင်မတက္ကသိုလ် (မိန်း) ထဲကို ယူဆောင် သွားတယ်ဆိုတဲ့ သတင်းကို ကြားရပါတော့ တယ်။

နောက်တနေ့မှာပဲ (ကျောင်းပိတ်ရက်လို့ ထင်ပါတယ်) ကျနော့် ဘေးအိမ်က အစ်ကိုတယောက်က ကျောင်းထဲ သွားမယ် လိုက်မလားလို့ခေါ်ပါတယ်။ သူက ဘူမိဗေဒ ဘာသာရပ်နဲ့ ကျောင်းတက်နေတဲ့ တက္ကသိုလ် ကျောင်းသားတယောက်ပါ။

ကျနော်က လိုက်မယ် ဆိုပြီး မနက် ၁၁ နာရီလောက်မှာ သူနဲ့ ကျနော် တက္ကသိုလ် ကျောင်းကို လိုက်သွားခဲ့ ပါတော့တယ်။

ကျနော်တို့ ဘုန်းကြီးလမ်း စံပြ ရုပ်ရှင်ရုံ ရှေ့ကနေ အမှတ် ၉ လိုင်းကားကို စီးခဲ့ကြပါတယ်။ ပြည်လမ်း မာလာဆောင် မှတ်တိုင်ရောက်တော့ ဆင်းပြီး မာလာဆောင် အပေါက်ဘက်ကနေ ၀င်ခဲ့ကြပါတယ်။ မာလာဆောင် ၀င်ပေါက်မှာ ကားဝင်တဲ့ ၀င်ပေါက်ကို ပိတ်ထားပြီး လူဝင်ပေါက်ကိုသာ ဖွင့်ပေးထားပါတယ်။ ၀င်ဝင်ခြင်း ကားဝင်တဲ့ ၀င်ပေါက်ရဲ့ အနောက်ဘက်မှာ စားပွဲကြီး ၂ လုံး ဆက်ပြီး အပေါ်က အ၀တ်စ (အနီရောင်လား၊ အစိမ်းရောင်လား မမှတ်မိတော့ပါ) အကြီးကြီး တခု ခင်းထားပါတယ်။ အဲဒီ အပေါ်မှာငွေအကြွေတွေ အများကြီးနဲ့ ငွေစက္ကူ ပိုက်ဆံပုံကြီးကို တွေ့ရပါတယ်။ လာသမျှ လူတွေက အလှူငွေတွေ ထည့်ကြတာပါ။

စားပွဲဘေးမှာတော့ နဖူးမှာ အ၀တ်စ အနီစည်းပြီး လွယ်အိတ် စလွယ်သိုင်းထားတဲ့ ကျောင်းသား ၂ ယောက် ရပ်စောင့် နေတာကို တွေ့ရပါတယ်။ ကျနော်တို့လည်း ပါလာတဲ့ အိမ်က မုန့်ဖိုးကို အပြန် လမ်းစရိတ်ချန်ထားပြီး အလှူငွေထဲ အကုန်ထည့်ခဲ့ ကြပါတယ်။ အဲဒီအချိန်မှာ ၀င်လာကြတဲ့ လူတွေလည်း တော်တော်များပါတယ်။ ပွဲတော်ကြီး တခုလို စည်စည်ကားကား ဖြစ်နေပါတယ်။

ဦးသန့်ရဲ့အခေါင်းကို ဘွဲ့နှင်းသဘင် ခန်းမကြီးထဲမှာ ထားပါတယ်။ ပြည်သူတွေက ဘွဲ့နှင်းသဘင် မျက်နှာစာဘေး ဘယ်ဘက် အပေါက်က၀င်၊ ညာဘက် အပေါက်က ထွက်ပြီး ဦးသန့်ရုပ်ကလာပ်ကို ဂါရ၀ ပြုကြပါတယ်။ စံနစ်တကျနဲ့
တန်းစီပြီး ဂါရ၀ ပြုကြပါတယ်။

ဘွဲ့နှင်းသဘင် ခမ်းမရဲ့ရှေ့ တည့်တည့် မျက်နှာစာ လှေကားထစ် အပေါ်ဆုံးမှာ တရားဟောစင်ကလေး တခုရှိပါတယ်။ အဲဒီကနေပြီးတော့ ကျောင်းသားများက တဦးပြီးတဦး တရားတက်ဟောကြပါတယ်။ ဘွဲ့နှင်းသဘင် မျက်နှာစာ ရှေ့က ပန်းခြံနဲ့ ဘယ်ဘက်ခြမ်း ကမူလေးပေါ်မှာ ရှိနေတဲ့ သစ်ပင်ပေါ်တွေနဲ့ နေရာအနှံ့ အပင်ပေါ်တွေမှာ လော်စပီကာတွေကို ချိတ်ဆွဲထားကြပါတယ်။ တရားဟော တဲ့ အသံကို ဟိုးခပ်ဝေးဝေးကတောင် ကြားကြ ရပါတယ်။

ဗုံးခွဲခံခဲ့ရတဲ့ တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ နေရာမှာ ဦးသန့် ရုပ်ကလာပ်ကိုမြှုပ်နှံဖို့ ကျောင်းသားတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဗိသုကာ ပညာရှင် ကျောင်းသားတွေက ဦးသန့်ရဲ့အုတ်ဂူကို ပုံစံဆွဲပြီး လာရောက်ကြတဲ့ ပြည်သူတွေနဲ့ ကျောင်းသား လူငယ်တွေ အားလုံး ၀ိုင်းဝန်း လုပ်အားပေး ကြတာပါ။ ကျနော်တို့လည်း အုတ်တွေ ၀ိုင်းသယ်ပြီး စီပေး၊ ဘိလပ်မြေ (မဆလာ) တွေ ၀ိုင်းသယ်ပေးနဲ့ တပျော်တပါးကြီး လုပ်အားပေးပါတယ်။

နောက်ပြီး ပြည်သူတွေက ကျောင်းသားတွေစားဖို့ ထမင်းထုပ်တွေ လာလှူဒါန်းကြပါတယ်။ ထမင်းထုပ်ပုံကြီးက တော်တော်ကြီးပါတယ်။ ကြိုက်တဲ့သူ ယူစားနိုင်ပါတယ်။ နောက်တခုက ကျနော်တို့ ရှေ့တင်ပဲ ဒေါ့ဂျစ်ကားကြီးနဲ့ အသက် ၅၀ ၀န်းကျင်လောက် ရှိတဲ့ အမျိုးသမီးကြီးတယောက် အအေးပုလင်းတွေ ကားတစီးတိုက် လာပြီး လှူတာကို တွေ့ရပါတယ်။ ကျနော်တို့လည်း အုတ်ဂူအတွက် လုပ်အားပေးလိုက်၊ ဗိုက်ဆာတဲ့အခါ ထမင်းထုပ်နဲ့ အအေးပုလင်း ယူပြီး ဘွဲ့နှင်းသဘင် မျက်နှာစာရှေ့ အရိပ်ရတဲ့ အပင်တွေအောက်မှာ အနားယူ စားသောက်ရင်း ကျောင်းသားတွေ ဟောတဲ့ တရားကိုနားထောင်လိုက်၊ လက်ခုပ်လက်ဝါးတီး အားပေးလိုက်နဲ့ ကျောင်းမှာ တနေကုန်တာပါပဲ။ ညနေစောင်းလောက်မှပဲ အိမ်ပြန်လာကြပါတယ်။

နောက်တနေ့ မှာလည်းပဲ မနေ့ကလိုပဲ ဘတ်စ်ကားစီး၊ မာလာဆောင်မှာ ဆင်း၊ ပါလာတဲ့မုန့်ဖိုးထဲက ကားခ ချန်ပြီး ကျန်တာအကုန် အလှူငွေထည့်၊ အုတ်ဂူအတွက် လုပ်အားသွားပေး ခဲ့ပါတယ်။ ဒီနေ့မှာတော့ လူကပိုများလာ သလိုပဲ။ နောက်ပြီး သံတမန်တွေ လာပြီး ဂါရ၀ပြုတာကိုလည်း တွေ့ရပါတယ်။

ဘွဲ့နှင်းသဘင် ခန်းမရှေ့ တရားဟော စင်ငယ် ကနေပြီး ကျောင်းသားတွေက “နိုင်ငံခြား သံရုံးတွေက သံတမန်များ၊ နိုင်ငံခြားသားများ၊ ဧည့်သည်များ လာရောက် ဂါရ၀ပြုနေပါတယ်။ ကျောင်းသားတွေနဲ့ ပြည်သူတွေက နိုင်ငံကြီးသား ပီသစွာ စည်းကမ်းတကျ ပြုမူနေထိုင်ကြပါ။ နောက်ပြီး ဗိုလ်နေ၀င်းရဲ့ စစ်ခွေးတွေ ကျောင်းထဲ ရောက်နေတာကို ကျနော်တို့သိတယ်။ ဒါပေမယ့် ကျနော်တို့ ဂရုမစိုက်ပါဘူး။ လုပ်စရာ ရှိတာကို ဆက်လုပ်သွားမယ်။ သတိရှိကြပါ” ဆိုပြီး မကြာခဏ ကြေညာပါတယ်။

ဗိုလ်နေ၀င်းရဲ့ စစ်ခွေးတွေဆိုတာ ထောက်လှမ်းရေးတွေနဲ့ ဗိုလ်နေ၀င်း အလိုကျ ပါတီ ကောင်စီဝင်တွေကို ပြောတာပါ။ ကျနော်တို့လည်း ကျနော်တို့ ရပ်ကွက်က ကောင်စီဥက္ကဋ္ဌနဲ့ မျက်နှာချင်းဆိုင် တွေ့ပါသေးတယ်။ အဲဒီအခါမှာ သူ့ မျက်နှာ ပျက်သွားတာကို တွေ့ရပါတယ်။

ကျောင်းဝန်း ထဲကိုလည်း စစ်တပ်က ၀င်ပြီး စီးမယ့် သတင်းတွေ ထွက်နေပါတယ်။
အုတ်ဂူအတွက် လုပ်အားပေးလိုက်၊ ဗိုက်ဆာတဲ့အခါ ထမင်းထုပ်နဲ့ အအေးပုလင်းယူပြီး သစ်ပင်အောက် သွားနားရင်း တရားဟောတာ နားထောင်လိုက်နဲ့ မနေ့က အတိုင်းပါပဲ။ ထူးခြားတာကတော့ ဒီနေ့မှာ လူပိုပြီးများလာပါတယ်။

အဓိပတိ လမ်းမကြီး တလျှောက် လူတွေဝင်လိုက်ထွက်လိုက်နဲ့ အတော့်ကို စည်စည်ကားကား ဖြစ်နေပါတယ်။ ဘွဲ့နှင်းသဘင် ခန်းမရှေ့ တရားဟောစင် မှာလည်း ကျောင်းသားတွေတယောက်ပြီးတယောက် တရား တက်ဟောတာ အဆက်မပြတ်ပါပဲ။ အဲဒီထဲမှာ အသက် တော်တော်ငယ်တဲ့ ကျောင်းသူ တယောက်လည်း တရား တက်ဟောတာကို တွေ့ ရပါတယ်။ တော်တော်သတ္တိရှိပုံရပြီး ကျောင်းသားတွေ ကြားထဲမှာ မိန်းကလေးဆိုလို့
သူတယောက်တည်း ဖြစ်ပုံရပါတယ်။ နောက်ပြီး ကျနော့် အိမ်ရဲ့ တဘက်လမ်းထဲက ကျနော် သိတဲ့ ကျောင်းသား အစ်ကိုကြီး တယောက်ကိုလည်း တရားဟောတဲ့ အထဲမှာ ပါတာကို တွေ့ရပါတယ်။ သူက ဟိန္ဒူ-ဗမာ ကပြား တယောက်ပါ။ အဲဒီအရေးအခင်း အပြီးမှာ အဖမ်းခံရတယ်လို့လည်း ကြားပါတယ်။

ကျောင်းသားတွေဟောတဲ့ တရားထဲက ကျနော် မှတ်မိတဲ့ ပုံပြင်တပုဒ်ရှိပါတယ်။ အခုချိန်ထိ အဲဒီပုံပြင်ကို စိတ်ထဲမှာ စွဲနေပါသေးတယ်။

အဲဒါကတော့ “တခါတုန်းက ဗမာပြည်ကြီးဟာ ဆင်းရဲလွန်းလို့ ဦးနေ၀င်းနဲ့ သူ့ အစိုးရအဖွဲ့ဝင်တွေဟာ ဘယ်လိုလုပ်ရ ကောင်းမလဲ ဆိုပြီး လေယဉ်ပျံ တစင်းပေါ် တက်ပြီး ကောင်းကင်ကနေ ဗမာပြည်ကြီးကို ၀ဲပြီး ကြည့်ကြပါတယ်။ ဦးနေ၀င်းက သူ့ ၀န်ကြီး အဖွဲ့ဝင်တွေကို ဘယ်လိုလုပ်ရင် ဗမာပြည်ကြီး ချမ်းသာမလဲ ဆိုတာကို အကြံတောင်း ပါတယ်။ အဲဒီ အခါမှာ ၀န်ကြီးတယောက်က ကောင်းကင်ကနေ ရွှေတွေကြဲချလိုက်ရင် ကောင်းမယ်၊ တခြား တယောက်ကလည်း စိန်တွေ ကြဲချ လိုက်ရင်ကောင်းမယ်၊ နောက်တယောက်ကလည်း ငွေတွေကြဲချလိုက်ရင် ကောင်းမယ်ဆိုပြီး တယောက် တပေါက် အကြံ ပေးကြပါတယ်။ အဲဒီမှာပဲ လေယာဉ်မောင်း (ပိုင်းလော့) က ဦးနေ၀င်းနဲ့ ၀န်ကြီး အဖွဲ့ဝင်တွေကို ဗမာပြည်ကြီး တကယ်ချမ်းသာတာကို မြင်ချင်ကြလား ဆိုပြီးမေးပါတယ်။ အားလုံးက မြင်ချင်ပါတယ်ပေါ့။ အဲဒါဆို သူပြောတဲ့ အတိုင်း လုပ်မလားပေါ့။ လုပ်ပါ့မယ်ပေါ့။ ဒါဆိုရင် အခု လေယာဉ်တံခါးကို ဖွင့်ပြီး အားလုံး တယောက်ပြီး တယောက် အောက်ကိုသာခုန်ချကြ ပေတော့လို့ ပြောလိုက်ပါတော့တယ်” ဆိုတဲ့ ပုံပြင်ပါ။

နားထောင်ကြတဲ့ လူတွေဟာ လက်ခုပ်တွေတီးပြီး အော်ဟစ် သြဘာပေးလိုက်ကြတာ ကျောင်းဝန်း တဝန်းလုံး မိုးထိအောင် အသံတွေ ဆူညံသွားသလိုပါပဲ။

အဲဒီညနေ အိမ်မပြန်ခင် အချိန်မှာပဲ ကျောင်းကို စစ်တပ်က ၀င်စီးတော့မယ်၊ ကျောင်းသားကြီးတွေက ကျောင်းသား ငယ် တော်တော်များများကို ရှောင်ခိုင်းနေတယ်၊ အမာခံလောက်သာ ဦးသန့်အုတ်ဂူအတွက် ကျန်နေရစ်မယ် စတဲ့ သတင်းတွေကို ကြားရပြီး ကျနော်တို့လည်း အိမ်ပြန်လာကြပါတော့တယ်။

နောက်ရက်ပိုင်းမှာပဲ အစိုးရ စစ်တပ်က ညဘက် ကျောင်းကို ၀င်စီး၊ ဦးသန့် အခေါင်းကို ဘူဒိုဇာနဲ့ တိုက်ယူပြီး အခု
ရွှေတိဂုံဘုရား တောင်ဘက်မုခ် သခင်ကိုယ်တော်မှိုင်း အုတ်ဂူဘေးမှာ မြှုပ်နှံခဲ့ပါတယ်။ ဦးသန့်အခေါင်းကို ကာကွယ် ခဲ့တဲ့ အမာခံကျောင်းသားများ အဲဒီမှာပဲ ကျဆုံးခဲ့ပါတယ်။ ကုလသမဂ္ဂ အလံဟာ ကျောင်းသား သွေးတွေ စွန်းခဲ့ ရပါတယ်။ ကျောင်းသား တော်တော်များများလည်း အဖမ်းခံခဲ့ ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ကျနော့် ဘ၀မှာ ကျောင်းသားတွေရဲ့ စုစည်းညီညွတ်မှုနဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကို မြင်ခဲ့ရတဲ့ ပထမဦးဆုံး အကြိမ် အဖြစ်အပျက် တခုပါ။
Align Center
ဒီဆောင်းပါးလေးနဲ့ အရေးတော်ပုံတိုင်းမှာ ကျဆုံးသွားကြတဲ့ ကျောင်းသားကျောင်းသူ၊ ရဟန်း ရှင်လူ အပေါင်းကို အလေးပြုလိုက်ပါတယ်။

(ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး အာရှတိုက်တွင် ပထမဆုံးသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်သည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ လာမည့် ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ ၁၀၁ နှစ်မြောက် မွေးနေ့ဖြစ်သည်)

ရေးသားသူ..ကိုသက်ဦး (သုံးရောင်ခြယ်)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အမေရိကန် ကျောင်းသူများ အင်တာဗျူး (ရုပ်သံ)


Aung San Suu Kyi Speaks with US students:updated
from Peter Serko on Vimeo.
ကိုဒေါင်းမာန်ဟုန်မှ မျှဝေပါသည်..
.
On Dec 10, 2010 Nobel Peace Prize Laureate Aung San Suu Kyi spoke with a group of high school students at Vashon Island High School in WA State via cell phone. The event, perhaps the first of its kind, was recorded in its entirety.

Aung San Suu Kyi was released from house arrest Nov 13, 2010 after more than 15 years of confinement. Now free, she continues her crusade for non-violent political change in Burma by reaching out to students in the United States. 

နိုင်ငံရေးအကျဉ်းသားဟောင်း အလုပ်သမားခေါင်းဆောင် ဦးအေးကြည် ဈာပန အခမ်းအနား ဓာတ်ပုံ/ ရုပ်သံ....


ဓာတ်ပုံပေးပို့လာသူအား ကျေးဇူးတင်ပါသည်။


မဇ္ဈိမရုပ်သံ

14 December 2010

ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရက်တစ်လူငယ်များ၏ နှစ်ပါတ်လည် ညီလာခံသို့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနေ ဗွီဒီယိုမှတစ်ဆင့် အမှာစကားပြောကြား။






တောင်အာဖရိကနိုင်ငံမှာ ယနေ့  ဒီဇင်ဘာလ (၁၃) ရက်နေ့ ကနေ ဒီဇင်ဘာလ (၂၁) ရက်နေ့ အထိ ရက်တစ်ပါတ်ကြာ ကျင်းပနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရက်တစ်လူငယ်များ၏ (၁၇) ကြိမ်မြောက် နှစ်ပါတ်လည် ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနေ ဗွီဒီယိုမှတစ်ဆင့် အမှာစကားပြောကြားခဲ့ပါတယ်။



မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်ကနေ ပြန်လည် လွတ်မြောက်လာမှုအတွက်လည်း The World Federation of Democratic Youth (WFDY) ကနေ ကြိုဆိုတဲ့အနေနဲ့  ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

13 December 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ရပ်တည်မှုကိုကာကွယ်ကြ....

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ရပ်တည်မှုကိုကာကွယ်ကြ....


အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် ယနေ့ ( ၁၂-၁၂-၂၀၁၀ )ကနိုင်ငံရေး အခမ်းနားတစ်ခု ကျင်းပခဲ့ပါသည်။ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ--------

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်……..

- ရွေးကောက်ပွဲကော်မရှင်တွင်တရားဝင် ဥပဒေနှင့်အညီမှတ်ပုံတင်ပြီးခဲ့သော နိုင်ငံရေးပါတီတခုဖြစ်သည်။

- ၁၉၉၀ ပါတီစုံဒီမိုကရေစီရွှေးကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ ကျော်ဖြင့် အနိုင်ရရှိခဲ့ပြီးသော တရားဝင်နိုင်ငံရေးပါတီတခုဖြစ်သည်။

- ယခုအခါတွင် နအဖ စစ်အာဏာရှင်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ရပ်တည်မှု့ကိုပျက်ပြယ်ရန် ရန်ပြုခြိမ်းခြောက်လာပြီဖြစ်သည်။

ကျွှနုပ်တို့ ဘတ်ဖဲလိုး ဒီမိုကရက်တစ်အင်အားစုများအနေဖြင့် အထက်ဖော်ပြပါ အချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ရပ်တည်မှု့ကို အစွမ်းကုန်ကာကွယ်ရန် တာဝန်ရှိသည်ဟု ယုံကြည်မိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဝင်များ၏ ပါတီဖြစ်ယုံမျှမက လူထုပါတီ တခုဖြစ်သည်ဟုလည်း အကြွင်းမဲ့ယုံကြည်သည်။ လွတ်လပ်ရေးကြိုးပမ်းမှု့အချိန်ကာလက ( ဖဆပလ ) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့သည် လူထုရှေ့ဆောင် ၊ လူထုပါတီတခုအဖြစ် တပ်ဦးမှ လွတ်လပ်ရေးကို ရယူရန် ဆောင်ကျဉ်းပေးနိုင်သော ပါတီတခုဖြစ်သကဲ့သို့ .... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အမိမြန်မာနိုင်ငံ ဒီမိုကရေစီနှင့်လူ့အခွင့်ရေးလွတ်မြောက်မှု့တိုက်ပွဲတွင် လူထုရှေ့ဆောင်၊ တပ်ဦးပါတီတခုအဖြေစ် ယုံကြည်ထားပါသည်။ ထို့ကြောင့် ကျွှန်ပ်တို့အနေဖြင့် မြန်မာပြည်သူ/ ပြည်သားများအပါအ၀င် နိုင်ငံတကာရောက် ဒီမိုကရက်တစ်အင်အားစုများအား အထူးတိုက်တွန်းလိုသည်မှာ..

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ရပ်တည်မှုကိုကာကွယ်ကြ ဟူသောဆောင်ပုဒ်ကို ကိုင်စွဲပြီး ကျွန်ုပ်တို့နှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


ဘတ်ဖဲလိုး ဒီမိုကရက်တစ်အင်အားစုများ

အမေရိကန်ပြည်ထောင်စု
ကိုမောင်မောင်ဝမ်းအား ကျေးဇူးတင်ပါသည်...။

တရုတ်နိုင်ငံသို့ ဖမ်းဆီးသတ်ဖြတ် ပို့ဆောင်ခြင်းခံနေရတဲ့ မြန်မာ့ရှားပါး တိရိစ္ဆာန် ကျားသတ္တဝါများ..

ဟူးကောင်းတောင်ကြား ဒေသမှ မြန်မာကျားတစ်ကောင်.. ယခုအချိန်မှာတော့ ကျားကောင်ရေ ၈၀ကျော်သာ ကျန်ရှိပါတော့တယ်..
 တရုတ်နိုင်ငံမှာ ဈေးကောင်းရတဲ့ အတွက် အသတ်ဖြတ်ခံရပြီး ရောင်းစားခံနေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက ကျားသတ္တဝါတွေပါ..

ပြီးခဲ့တဲ့ ၃ပတ်ခန့်က AFP သတင်းမှာ မြန်မာနိုင်ငံက ကျားရေခွံရောင်းဝယ်တဲ့ ဈေးကွက် အခြေအနေကို ဓာတ်ပုံတွေနဲ့ဖော်ပြထားပါတယ်...။ မြန်မာနိုင်ငံက ကျားရေခွံတွေကို တရုတ်နိုင်ငံက ဝယ်ယူတာဖြစ်ပြီး အရေခွံမပျက် ဦးခေါင်းပါ အပျက်အဆီးမရှိတဲ့ ကျားရေခွံတစ်ခုရဲ့ ရောင်းဈေးဟာ မြန်မာငွေ သိန်းတစ်ရာမှ ၁၅၀ထိ ဈေးရှိကြောင်း ပြည်တွင်းမှ ပေးပို့လာတဲ့ မြန်မာပြည်ကလာတဲ့စာ သတင်းတစ်ပုဒ်မှာ ဖော်ပြဘူးပါတယ်..။  ဒီကျားရေခွံတွေကို တရုတ်နိုင်ငံထဲ အထိသယ်ဆောင်ရာမှာ အကျင့်ပျက် ဝန်ထမ်းအဆင့်ဆင့် ကိုလာဘ်ပေး လ်ာယူ ပြုလုပ်ပြီး ဖမ်းဆီးသယ်ဆောင် ရတာဖြစ်ပါတယ်..။ ကျွန်တော်တို့ နိုင်ငံမှာ သယံဇာတတွေ ပေါများကြွယ်ဝတာတင် မကပဲ သဘာဝကပေးထားတဲ့ ရေမြေတောတောင် သဘာဝအလှတွေ၊ တောရိုင်းတိရိစ္ဆာန်တွေနဲ့ ပြည့်စုံတဲ့ တိုင်းပြည်တစ်ခုပါ..။

တိုင်းပြည်ကို မတရားတဲ့ အမိန့်အာဏာတွေနဲ့ အုပ်ချုပ်မင်းလုပ်နေသူတွေရဲ့ လွဲမှားချွတ်ချော်တဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ တိုင်းပြည်ဟာ တစတစ လုံးပါးပါးလာနေခဲ့ပါပြီ..။ ဆင်းရဲမွဲတေမှုရဲ့ အကျိုးဆက်.. အသိပညာချို့တဲ့မှုရဲ့ အကျိုးဆက်အဖြင့် လတ်တလော စားဝတ်နေရေး တစ်ခုတည်းကိုပဲ ဖြည့်ဆည်းဆောင်ရွက်နေရတဲ့ အခြေအနေအောက်မှာ တိုင်းပြည်ရဲ့ သဘာဝအမွေအနှစ် သယံဇာတတွေကို တန်ဘိုးထားရကောင်းမှန်း မသိတော့ပါဘူး..။
ဆိုင်းဘုတ်သာရှိပြီး အနှစ်သာရ လုပ်ဆောင်ချက် မရှိတဲ့ အခြေအနေတွေပါ..
တရုတ်နိုင်ငံဘက်မှ မြန်မာ့တောရိုင်း တိရိစ္ဆာန် ရောင်းချရာ ဈေးကွက်..
၉ရက် ၉လ ၂၀၁၀ခုနှစ်က France 24 မှာ ရေးသားထားတဲ့ Is the Burmese junta really saving tigers? မြန်မာစစ်အစိုးရ အမှန်တကယ် ကျားသတ္တဝါတွေကို ကယ်တင်ပေးနေလား? ဆိုတဲ့ဆောင်းပါး ပြန်ဖတ်ချင်ရင်နှိပ်ပါ
ယုဇနဦးဋ္ဌေးမြင့်ရဲ့ ဟူးကောင်းတောင်ကြားဒေသမှ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးနေမှုများ..
စစ်အစိုးရရဲ့အကာအကွယ် ရရှိထားတဲ့ စစ်အာဏာရှင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ယုဇနဦးဋ္ဌေးမြင့် (ကြံ့ဖွံ့ မြိတ်မြို့နယ်အမတ်)ရဲ့ ဟူးကောင်းတောင်ကြားဒေသမှာ အရုပ်ဆိုးအကျည်းတန်တဲ့ ရွာတွေပြောင်းရွှေ့ တောတောင်တွေဖျက်ဆီးပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာဟာ ထိုဒေသမှာ နေထိုင်ကျက်စားကြတဲ့ သဘာဝ တောရိုင်းတိရိစ္ဆာန်တွေ လျော့ပါးနည်းပါးလာရတဲ့ အကြောင်းရင်း အချက်တစ်ခုပါပဲ..။

အထက်ပါ အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး စစ်အစိုးရဟာ  ရှားပါး ကျားဘေးမဲ့တောအဖြစ် သတ်မှတ်လိုက်တဲ့ စတုရန်း မိုင်ပေါင်း ၈၄၀၀ ခန့်ကျယ်ဝန်းပြီး ကမ္ဘာ့အကြီးဆုံး ဆိုပြီး သတ်မှတ်လိုက်တာဟာ အမှန်တကယ် တောရိုင်းတိရိစ္ဆာန် ကျားသတ္တဝါတွေကို ကာကွယ်ပေးချင်လို့ သတ်မှတ်လိုက်တာလား ဒါမှမဟုတ် ကမ္ဘာ့အကြီးဆုံးဆိုတဲ့ နာမည်တစ်ခုကို လိုချင်လို့ သတ်မှတ်လိုက်တာလား ဆိုတာ စဉ်းစားချင့်ချိန်စရာ ဖြစ်နေပါတယ်..။

ယခု လောလောလတ်လတ်မှာတော့ မြန်မာနိုင်ငံက ရှားပါးသတ္တဝါ ကျားသတ္တဝါတွေဟာ တရုတ်ပြည်က လူကုံထုံ အသိုင်းအဝိုင်းတွေရဲ့ အလှဆင်စရာ အဆောင်အယောင် တစ်ခုဖြစ်နေရပါတယ်..။ အားလုံးရဲ့ အခြေခံ အကြောင်းတရားတွေကတော့ စစ်အာဏာရှင်စံနစ်အောက်  ဆင်းရဲမွဲတေမှုရဲ့ ရလာဒ်အဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်သူလူထုသာမက သယံဇာတ၊ တောရိုင်းတိရိစ္ဆာန်တွေပါ.. တိုင်းတပါးမှာ ပေးဆပ်နေရပါကြောင်း တင်ပြလိုက်ရပါတယ်။
ဒီမိုဝေယံ...

KACHIN NEWS GROUP မှရိုက်ကူး ဖော်ထုတ် တင်ပြထားတဲ့ ယုဇနကုပ္မဏီမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘေးမဲ့တော မြေနေရာ လုယူမှုရုပ်သံ


လူတိုင်းလူတိုင်း လူ့အခွင့်အရေးရှိရမယ်..

ကိုသော်ကြီး ခံစားတင်ပြသည်...

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး နအဖစစ်သံရုံးရှေ့ ဆန္ဒပြသပွဲ အခမ်းအနား ( ကိုရီးယား )


လေးစားစွာဖြင့်
http://www.flyingpeacock.blogspot.com/

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၁)

VOA အသံဖိုင်နားဆင်ရန်..
 
Voa 12-12-10 Burma Nuclear - Maj Sai Thein Win (1)(c & s 038)---

12 December 2010

ဝီကီလိခ်က မြန်မာကြေးနန်း ၁၄ခုအား ထပ်မံထုတ်ပြန်မည်



ရန်ကုန်မြို့ အမေရိကန်သံရုံးမှ မိခင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ သည့် ကြေးနန်း ၁၈၀၀ကျော် အနက် အရေးကြီး သော ၅၀၀ ခန့် ကို ထပ်မံ ဖွင့်ချမည် မည်ဖြစ်ပြီး ယခု သီတင်းပတ် အတွင်း ကြေးနန်း ၁၄ ခု အား ထပ်မံဖွင့်ချနိုင်ဖွယ်ရှိသည်ဟု ပြင်သစ်နိုင်ငံမှ မြန်မာဝီကီလိခ်သို့ ပေးပို့ သည့်  အီးမေးလ်တွင် ဖော်ပြထားသည်။

အမေရိကန်သံရုံးကြေးနန်း ပေါက်ကြားမှုတွင် အရေးမကြီးသော ကြေးနန်းများမှာ ရန်ကုန်မြို့ ၃၈ လမ်းဈေး ရှိ လမ်းဘေး ဈေးသည်များအား စည်ပင်ရဲက လိုက်ဖမ်းမှု ၊ မီးပျက်သည့်အခါ ဆင်းရဲသားရပ်ကွက်များတွင် ကလေးငယ်များက ဖယောင်းတိုင်း လိုက်ရောင်းပုံများပါဝင်ပြီး ထပ်မံပေါက်ကြားနိုင်ဖွယ်ရှိသည့် အကြောင်းအရာကမူ မြန်မာစစ်အစိုးရ ၊ သက်ဆင် နှင့် ထိုင်း နိုင်ငံ၏ ဆက်ဆံရေး ဖြစ်နိုင်သည်ဟု သိရှိရသည်။

ယနေ့ ပေါက်ကြားသည့် Embassy of Singapore တွင် မူ စင်္ကာပူ ခေါင်းဆောင် လီကွမ်ယူက မြန်မာ စစ်ဗိုလ်ချုပ်များ ကြောင့် အရှေ့ တောင်အာရှ သည် အရှက် ရသည် ဟု ဖော်ပြထားသည်။

သတင်း...myanmarwikileaks

မြန်မာ ၂၀ ကျော်ပါ သင်္ဘောတစီး ပင်လယ်ဓားပြတွေ ဖမ်းဆီးသွား

မြန်မာသင်္ဘောသား ၂၃ ဦး လိုက်ပါပြီး အမေရိကန် ကုမ္ပဏီတခုက ပြေးဆွဲနေတဲ့ လိုက်ဘေးရီးယား အလံတင် ကုန်တင်သင်္ဘော MV Panama ကို ဆိုမာလီ ပင်လယ်ဓားပြတွေ ဖမ်းဆီးသွားကြောင်း ဥရောပ သမဂ္ဂ ရေတပ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဒီသင်္ဘောဟာ တန်ဇန်းနီးယား နိုင်ငံကနေ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ရာမြို့ဆိပ်ကမ်းကို အသွား လမ်းမှာ စက်လှေငယ် ၂ စီးပေါ်က လက်နက်ကိုင် ပင်လယ်ဓားပြ ၅ ဦးက ပခုံးထမ်းဒုံးကျည်နဲ့ ပစ်ခတ်ပြီး ၀င်ရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဒီသင်္ဘောဟာ မိုဇမ်ဘစ်နဲ့ တန်ဇန်းနီးယား နယ်စပ်အကြား ရေမိုင် ၈၀ ခန့် အကွာမှာ ရှိပြီး သင်္ဘောသားအားလုံး မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း ဥရောပသမဂ္ဂ ရေတပ်က သတင်း ထုတ်ပြန်ပါတယ်။ သင်္ဘောသားတွေရဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဆိုမာလီနိုင်ငံ ရေပြင်ကို ကျော်ပြီး တောင်ပိုင်းကျကျအထိ ပင်လယ်ဓားပြတွေ ၀င်ရောက် စီးနင်းလာတာကို ကြည့်ရင် ပင်လယ်ဓားပြတွေ ကျက်စားတဲ့ နယ်မြေ တဖြည်းဖြည်း ချဲ့ထွင်လာနေတာကို သိနိုင်ပါတယ်လို့ အီးယူရေတပ်က ပြောပါတယ်။

ဆိုမာလီ ပင်လယ်ဓားပြတွေဟာ အိန္ဒိယ သမုဒ္ဒရာနဲ့ ဆိုမာလီကမ်းလွန် အီဒင်ပင်လယ်ကွေ့ တလျှောက်မှာ ကျက်စားနေပြီး ဒီနယ်မြေတ၀ိုက်မှာ နိုင်ငံတကာ ရေတပ်တွေ စောင့်ကြပ်နေကြပါတယ်။

သတင်း...RFA

မြန်မာနျူကလီယားပြဿနာကြောင့် ဂျူလီယန် အာဆန်းကို ထောင်တွင်း တိုက်ပိတ်




မြန်မာ့လျှို့ဝှက် နျူကလီယားစီမံကိန်း ပေါက်ကြားမှု အပေါ် အမေရိကန်အစိုးရမှ စိုးရိမ်မှုဖြစ်ခြင်းကြောင့် လန်ဒန်မြို့ Wandsworth အကျဉ်းထောင်တွင် ဖမ်းထား သော ၀ီကီလိခ်စ် တည်ထောင်သူ ဂျူလီယန် အာဆန်းကို

အသက် အန္တရာယ် ပိုမိုလုံခြုံ စိတ်ချစေဖို့အတွက် ထောင်တွင်းခွဲခြား တိုက်ပိတ်ထားလိုက်ရသည်ဟု သိရသည်။
ထောင်အာဏာပိုင်များက သူ့လုံခြုံရေးအတွက် လုပ်ရခြင်း ဖြစ်ကြောင်း AFP သတင်းထောက်ကို ရှင်းပြခဲ့သည်။ ဂျူလီယန်အာဆန်းမှာ အမျိုးသမီးနှစ်ဦးကို ဗလက္ကာရ လုပ်ခဲ့သည်ဟုသော စွဲချက်ဖြင့် ဆွီဒင်တရားရုံးမှ ဖမ်းဝရမ်း ထုတ်ခဲ့ပြီး နောက် လန်ဒန်တွင် တရားရင်ဆိုင်ဖို့ အဖမ်းဆီးခံခဲ့ခြင်း ဖြစ်သည်။ လာမည့် အင်္ဂါနေ့တွင် လန်ဒန်တရားရုံးတွင် ဒုတိယအကြိမ် အမှုရင်ဆိုင်မည် ဖြစ်သည်။

ဝီကီလိခ်စ် ၀ဘ်ဆိုဒ်ကို ထောက်ခံသူများက ယခု ဂျူလီယန်အာဆန်းကို စွတ်စွဲချက်များမှာ ၀ါရှင်တန်အစိုးရရဲ့ နိုင်ငံအကောက်ကြံမှုများသာ ဖြစ်ကြောင်း၊ အမေရိကန် သံရုံးကေဘယ်များ ထပ်ဖွင့်ချမှာ စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း၊ လက်ရှိ ထောင်တွင်း တိုက်ပိတ်ခြင်းမှာလည်း မြန်မာနျူကလီးယားအရေး ပေါက်ကြားမှုကို အကြောင်းပြသည်မှာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ကြောင်း ပြောဆိုနေကြသည်။

ကမ္ဘာကျော် ကွန်ပျူတာ ဟတ်ကာ အာဆန်းမှာ ယခု သူ့လက်ပ်တော့ ကိုင်ဆောင်ခွင့်မရ ဖြစ်နေသည်။ ထောင်ထဲရှိစဉ် သူ့လက်ပ်တော့ အသုံးပြုခွင့်ရဖို့ ဂျူလီယန်အာဆန်း ချစ်သူများ ထောက်ခံသူများက ဆုတောင်းပေးနေကြသည်။

သတင်း AFP

ကြိုး ကြာ သံ

ထောင်ပေါင်းများစွာသော လေဘေးသင့် ပြည်သူများ အမိုးအကာ မရှိဘဲ ဆက်လက်နေထိုင်နေရဆဲ



ဝါးဈေး ဓနိဈေးများ အဆမတန် မြင့်တက်နေသဖြင့် ထောင်ပေါင်းများစွာသော ဂီရိ လေဘေးသင့် ပြည်သူများမှာ ပြိုပျက်သွားသော အိမ်များကို ပြန်မပြင်နိုင်သဖြင့် အမိုးအကာ မရှိသော ယာယီတဲများတွင် ဆက်လက် နေထိုင်နေရဆဲ ဖြစ်ကြောင်း လေဘေးသင့် ပြည်သူများက ပြောသည်။

မြေပုံမြို့နယ် တောင်စိုင်ကမ်းမှ ကျောင်းဆရာ တစ်ဦးးက သူတို့ ဒေသတွင် လေဘေးသင့်ပြည်သူများ ကြုံတွေ့နေရသော အခက်အခဲကို ယခုကဲ့သို့ ပြောသည်။

“ တောင်စိုင်ကမ်းမှာ ရွာပေါင်း ၄၀ ကျော်ရှိပါတယ်။ ၀ါးဈေး ဓနိဈေးက အဆမတန်မြင့်တက်နေတော့ ဘယ်သူမှ အိမ်မပြင်နိုင်ဘဲ ဖြစ်နေပါတယ်။ တောင်စိုင်ကမ်းလို့ ဆိုပေမယ့် ၀ါးက အထူးရှားနေပြီး ၀ါး ၁၀၀ ကို ကျပ် သုံးသောင်းရှိနေပါတယ်။ ကျပ်သုံးသောင်းနဲ့တောင် ရောင်းမယ့်သူက မရှိဘူး ဖြစ်နေပါတယ်။ ဓနိကတော့ အပျစ် ၁၀၀၀ ကို သုံးသောင်းခွဲရှိပါတယ်။ ခုလို ဈေးကြီးနေတဲ့ အတွက် ဘယ်သူမှ အိမ်မပြင်နိုင်တော့ တဲထိုးပြီး နေထိုင်နေကြရတုန်း ဖြစ်ပါတယ်။”

ယခုကဲ့သို့ အမိုးအကာ ရရန် လေဘေးသင့် ပြည်သူများ အခက်အခဲတွေ့နေသော်လည် အစိုးရနှင့် တခြား အန်ဂျီအိုများမှ မိုးကာ၊ ရွက်ဖျင်တဲနှင့် တာပလိမ် အစများကို ကူညီပေးခြင်း မရှိသေးကြောင်း သိရသည်။

တခြား အမျိုးသမီး တစ်ဦးကလည်း “ ကျွန်မတို့ဆီမှာ ဘယ်အဖွဲ့ကမှ အမိုးအကာ အကူအညီပေးတာ မရှိသေးဘူး။ ဆင်းရဲတဲ့ ပြည်သူတွေဟာ ဘယ်သူမှ ကိုယ့်အိမ်ကိုယ် မမိုးနိုင် မကာနိုင်ဘဲ ဖြစ်နေပါတယ်။ ဆန်စတဲ့ ရိက္ခာတွေတော့ အနည်း အကျဉ်းရပါတယ်။ အခုဆောင်းရောက်လာပြီဆိုတော့ အမိုးအကာက အဓိက လိုအပ်နေပါတယ်။ ကျန်းမာရေး အတွက် လူတိုင်း စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

အဆိုပါ အမိုးအကာများ ရရှိရေးနှင့် ပတ်သက်ပြီး မင်္ဂလာမြန်မာ အန်ဂျီအိုမှ ဒေါက်တာ ဖြိုးဝင်းကို ဆက်သွယ်မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့က ကျောက်ဖြူနဲ့ မြေပုံမြို့နယ်တွေမှာ လေဘေး ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ ဒါပေမယ့် အမိုးအကာ ရရှိရေးကိုတော့ ယာယီရော အမြဲတန်းရော ခုချိန်ထိ ဘာမှ မဆောင်ရွက်နိုင်သေးဘူး။ ကျွန်တော်တို့ ဆောင်ရွက်ပေးမယ် ဆိုပီး ပြောထားပါတယ်။ အဓိက အားဖြင့် ဒေသအတွင်းမှာ လူတွေ အသုံးပြုနေတဲ့ ၀ါး၊ သစ်၊ ဓနိတွေကို ထောက်ပံ့ ပေးဖို့တော့ ပြောထားပါတယ်။ UNDP နဲ့လည်း ပြောထားပါတယ်။ ဒါပေမယ့် အခုအချိန်ထိ အကောင်အထည်ဖေါ် မဆောင်ရွက်နိုင်သေးဘူး။ ဂီရိအတွက် ရတဲ့ ငွေက သိပ်နည်းတော့ လေဘေး အတွက် လိုအပ်တာတွေကို မဆောင်ရွက်ပေးနိုင်ဘဲ ဖြစ်နေပါတယ်။”

သို့သော်လည်း အမိုးအကာများ ရရှိရန် ဆက်လက် ကြိုးစားဆောင်ရွက်နေကြောင်း သူက ပြောသည်။



ယခုကဲ့သို့ လေမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ နှစ်လနီးပါးရှိလာပြီ ဖြစ်သော်လည်း ယခုအချိန်ထိ အမိုးအကာများ မရရှိဘဲ ဖြစ်နေသဖြင့် လေဘေးသင့် ပြည်သူများ၏ ကျန်းမာရေးမှာ စိုးရိမ် စရာ ဖြစ်လာနေကြောင်း သိရသည်။ အထူးသဖြင့် ဆောင်းရောက်လာပြီ ဖြစ်သဖြင့် လေဘေးသင့် ပြည်သူများ အမိုးအကာ မရရှိပါက ပိုမိုပြီး အခက်အခဲ တွေ့လာနိုင်ကြောင်း လေဘေး ကယ်ဆယ်ရေး လုပ်သူများက ပြောသည်။


သတင်း..နိရဉ္စရာ

လူတစ်ယောက်ယောက်ကိုလက်သီးနဲ့ထိုးဘို့ဆိုတာ ကိုယ့်မှာမေးရိုးရှိရတယ်

Article 1

ပေးပို့ ပေးသော ကိုမောင်မောင်ဝမ်း အားကျေးဇူးတင်ရှိပါသည်.။