08 May 2013

အကြီးတန်း အရာရှိကြီးအချို့ ထပ်မံအနားပေး


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တွင် ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိ ပညာရေးဝန်ကြီးဌာန၊ အမှတ် (၁) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဣဒ္ဓိလှကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး အခြား ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိရှစ်ဦးကို အငြိမ်းစားပေး လိုက်ကြောင်း မေလ ၃ ရက်နေ့ထုတ် နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီလာသိန်း အပါအဝင် စက်မှုဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဦးဆောင်ညွှန်ကြားရေးမှူး လေးဦးနှင့် ညွှန်ကြားရေးမှူးချုပ် သုံးဦးတို့ကို အငြိမ်းစားပေးလိုက်ကြောင်း နိုင်ငံတော် ပြန်တမ်းတွင် ဖော်ပြပါရှိသည်။

 
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေတို့ပါ ပြဋ္ဌာန်း ချက်များအရ ဦးဣဒ္ဓိလှကို ရာထူး မှ ထုတ်ပယ်ကာ အခြားအဆင့်မြင့် အရာရှိခြောက်ဦးကို အငြိမ်းစား ပေးလိုက်ကြောင်းကို မတ်လ ၂၈ ရက် ရက်စွဲဖြင့်လည်းကောင်း၊ ကျန်အရာရှိ နှစ်ဦး အငြိမ်းစားပေးခြင်းကို ဧပြီလ ၅ရက်နေ့ ရက်စွဲဖြင့် လည်းကောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။

ဦးဣဒ္ဓိလှသည် ဇန်နဝါရီလ အတွင်းက ရာထူးမှ နုတ်ထွက်ခဲ့သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း လက်ထက်တွင် မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ဝန်ကြီး ဦးသိန်းထွန်း မနုတ်ထွက်မီ လပိုင်းအလို၌ အမှတ်(၁) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းလဲ တာဝန်ပေးခြင်း ခံခဲ့ရသည်။

ထို့အပြင် ဝန်ကြီးဦးသိန်းထွန်း နုတ်ထွက်အပြီး ရက်ပိုင်းအကြာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထိပ်တန်းအရာရှိ ကြီးများကို ပြည်ထဲရေးဝန်ကြီးဌာနက ခေါ်ယူစစ်ဆေးရာတွင် ဦးဣဒ္ဓိလှ ကိုလည်း ခေါ်ယူစစ်ဆေး ခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူများ ထံက စုံစမ်းသိရှိရသည်။

သတင်း..... The Voice Weekly