01 October 2013

သံတွဲတွင် အကြမ်းဖက်မည့် သတင်းကြောင့် ဈေးဆိုင်များနှင့် ကျောင်းများ ပိတ်ထား


မီးရှို့မှုများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့တွင် အကြမ်းဖက်မည် ဆိုသည့် ကောလာဟလ သတင်းများကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဈေးများရှိ ဈေးဆိုင်များနှင့် စာသင်ကျောင်းများ ပိတ်ခဲ့ကြကြောင်း သံတွဲခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

သံတွဲမြို့ရှိ အံတော်ရပ်ကွက်တွင် ဗုဒ္ဓဘာသာဝင်များကို ယင်းနေရာက ထွက်ပေးရန်၊ ယင်းနေရာကို အကြမ်းဖက်မည်ဆိုသည့် သတင်းနှင့် ရွှေချောင်းပြင် ကျေးရွာတွင် ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်မည်ဆိုသည့် သတင်းများကြောင့် ယင်းသို့ ဈေးဆိုင်များ၊ စာသင်ကျောင်းများ ပိတ်ထားလိုက်ခြင်း ဖြစ်ကြောင်း သတင်းမှန် ဖော်ထုတ်ရေး အဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်သူ ၎င်းကဆိုသည်။
“ဈေးမှာ ငါးတွေတောင် မတက်တော့ဘူး။ ခြောက်ကပ်နေတယ်” ဟု ဦးဝင်းနိုင်က ပြောကြားသည်။

သံတွဲတွင် ပဋိပက္ခများ ဖြစ်ပွားနိုင်သည့် ကောလာဟလ သတင်းများကြောင့် လုံခြုံရေး အင်အားကို တိုးမြှင့်ထားကြောင်း သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။

သံတွဲမြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့က ဗုဒ္ဓဘာသာ သာသနာ့အလံကို ငပလီ အထွေထွေ ရောင်းဝယ်ရေးပိုင်ရှင် အစ္စလာမ် ဘာသာဝင် ကမန်လူမျိုး ဦးကျော်ဇံလှက ဖျက်ဆီးသည်ဆိုကာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ရာ ဦးကျော်ဇံလှကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဦးကျော်ဇံလှကို အာမခံဖြင့် ပြန်လွှတ်လိုက်သဖြင့် ဒေသခံများ မကျေနပ်ဖြစ်ကာ ယင်းဖြစ်ရပ်နှင့် ဆက်စပ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကို ခဲနှင့်ပေါက်မှု၊ အစ္စလာမ် ဘာသာဝင်များ နေထိုင်သည့် နေအိမ်ကို ခဲဖြင့် ပစ်ပေါက်ပြီးနောက် မီးရှို့မှု ထပ်မံဖြစ်ပွားခဲ့ရာ အိမ်နှစ်လုံး မီးရှို့ခံခဲ့ရကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ဒေသခံများကို မေးမြန်းချက်များအရ သိရှိရသည်။

မီးရှို့မှု ကျူးလွန်ခဲ့သူများကို အရေးယူရန် ရှာဖွေနေဆဲ ဖြစ်ကြောင်း သံတွဲ မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

သံတွဲမြို့တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ဦးကျော်ဇံလှ နေအိမ်ကို ခဲနှင့် ပစ်ပေါက်မှုဖြင့် သံတွဲမြို့ခံ နှစ်ဦးကို ပုဒ်မ ၃၃၆/၄၂၇ အမှုဖွင့်ထားကြောင်း၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၏ အလုပ်အမှုဆောင်လည်းဖြစ်သူ ဦးကျော်ဇံလှကိုမှု ဆဲဆိုမှု၊ သာသနာကို အကြည်ညို ပျက်စေမှု ပုဒ်မ ၂၉၄/၅၀၆ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သံတွဲမြို့နယ် ရဲတပ်ဖွဲ့စခန်းက ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

သံတွဲမြို့တွင် တောင်ကုတ်မြို့သူတစ်ဦး ဇွန်လ ၃၀ ရက်နေ့က မုဒိမ်းကျင့် ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးရှို့ခံခဲ့ရရာမှ ပဋိပက္ခအရှိန် မြင့်လာသဖြင့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း.... The Voice Weekly