08 May 2011

မြန်မာ့နိုင်ငံရေး အကျဉ်းသား ဝိသေသ လက္ခဏာများ ပထမပိုင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

CRITERIA OF BURMA POLITICAL PRISONERS
ယနေ့ ကာလမှာကော ယခင်ကပါ န.အ.ဖ၊ န.ဝ.တ နှင့် မ.ဆ.လ နှောင်းပိုင်းကာလ ကတည်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူး ဗြောင်လိမ် လာပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်သူတွေကို သတိပေးလိုတာက နိုင်ငံတော်ကို အုပ်ချုပ်ရတဲ့ နေရာမှာ လုပ်ကိုင်နေရင် မုသား (အလိမ်တွေ) မသုံးကြပါနဲ့လို့။ ဒီနေရာဟာ လူထု၊ တိုင်းသူ ပြည်သားတွေက ငါတို့ကို အတုယူကြမယ်ဆိုတာ နားလည်ထားဖို့ရယ် ဒီနေရာဟာ လူကြီးလူကောင်း သမာဓိဂုဏ်နဲ့ ပြည့်စုံသင့်တဲ့ နေရာပါ။

ကျနော်ကတော့ လိမ်ရမှာ အလွန်ဝန်လေးတယ်ဗျာ။ မတတ်သာလို့ မလိမ်ရင် ကျော်ဖြတ်လို့ မရလို့ လိမ်ခဲ့ရတာရှိပါတယ်။ အခုအထိ အဲဒီအတွက် စိတ်မသက်သာဘူးဗျာ။ ကျနော်လိမ်ခဲ့ရတာ အခြေအနေက မလိမ်ရင် မရလို့ လိမ်ရတာကို ကိုယ့်ကိုယ်ကို အခုထက်ထိ မသတီဘူးဗျာ။ သူတို့က မျက်နှာဗြောင်တိုက် လိမ်နေတာ။ အလိမ်ခံရသူက မျက်လုံးထဲစိုက် ကြည့်တာနဲ့ သိနေတာဘဲ။ လိမ်သူမှာလည်း လိမ်သာလိမ်ရတာ စိတ်မလုံပါဘူး။

အခု နိုင်ငံရေးအကျဉ်းသားနဲ့ ဆိုင်တဲ့ ထူးခြားတဲ့ ဝိသေသတွေကို အချက်အလက်တွေနဲ့ ထုတ်ပြပါမယ်။ အခု ဘုရားစူး ဒီမိုကရေစီ အစိုးရဟာ န.အ.ဖ ဆီက အာဏာ ကိုလွှဲပြောင်း ရယူသလို န.အ.ဖ ဟာလဲ မ.ဆ.လ ဆီက လွှဲပြောင်းရယူခဲ့တာပါ ။

(၁) အဲဒီတော့ မ.ဆ.လ. ခေတ်ဦးပိုင်းမှာ ၆၂-ခုနှစ် အာဏာသိမ်းပြီးစမှာ ဦးနု၊ ဦးကျော်ငြိမ်း အပါအ၀င် အဲဒီတုံးက အစိုးရ၀န်ကြီးတွေ ၀န်ကြီးချုပ်တွေ ရှမ်းစော်ဘွားတွေကို ဦးနေ၀င်းက အခု န.အ.ဖ က ကိုမင်းကိုနိုင်တို့ကို ဖမ်းထားတဲ့ ပုဒ်မ (၅/ည) နဲ့ဘဲ ထိန်းသိမ်းခဲ့တာပါ။ သူတို့ကို ပါလီမာန် ဒီမိုကရေစီခေတ်အရှိန်နဲ့ ဦးနေ၀င်းက နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ခဲ့ပြီး A Class / B Class / C Class သတ်မှတ်ချက်နဲ့ ကောင်းကောင်းမွန်မွန် ထားပေးပါတယ်။ သူတို့ကို ထောင်ပိုင်တွေကအစ လေးလေးစားစား ဆက်ဆံစေပါတယ်။ သူတို့ကို နိုင်ငံရေးအကျဉ်းသားလို့ဘဲ တရားဝင် သတ်မှတ် ထားပါတယ်။ ဦးနေဝင်းကျင့်သုံးခဲ့တဲ့ ပုဒ်မ (၅/ည) ဟာအင်္ဂလိပ် အုပ်ချုပ်မှုဆီက လာတာပါ။ ဦးနု လက်ထက်မှာလည်း ကျင့်သုံးခဲ့ပါတယ်။
ပါလီမာန် ဒီမိုကရေစီခေတ် ဝန်ကြီးချုပ် ဦးနု အစ္စရေးနိုင်ငံ အလည်အပတ်ခရီးစဉ် မြင်ကွင်း...
နောက်ဇူလိုင်- ၇ ရက် တက္ကသိုလ်ကျောင်းသားတွေကို ဖမ်းတော့လည်း အတူတူပါဘဲ။ ၁၉၇၇- ခုရောက်မှ ကျိုင်းတုံက အဖါးမကြီး ကြူကြူမားက ဖါးလိုက်ရာက ဦးနေ၀င်းကလည်း မယားဒေါ်ခင်မေသန်း (KITTY BA THAN) ကသေပြီး နောက်မယား ဒေါ်နီနီမြင့်နဲ့ ကလည်း ကွဲနေတော့ တင်းနေတဲ့ကာလ (အခု တပါတီ နိုင်ငံရေး စံနစ်သွားနေတာ အတိုက်အခံပါတီဆိုတာ မရှိတော့လို့ နိုင်ငံရေးသမားဆိုတာ သတ်မှတ်ချက်ထားရန် မသင့်တော့ဆိုပြီး) ဘာပြော ကောင်းမလဲ မော်လမြိုင်က နှင်းဆီပွင့်ကြီး မျက်နှာကြီး ဖြစ်သွားတော့တာပါပဲ။

သူတို့ နားမလည်တာက အဲဒီလိုပြင်ချင်ရင် အခြေခံဥပဒေကို အရင်ပြင်ရပါမယ်။ နိုင်ငံရေးသမားတွေကို ဖမ်းဖို့ ဥပဒေတခု အသစ်ထုတ်ပြန်ရပါမယ်။ ပြီးအဲဒီ (၅/ည) တွေကို လွှတ်ချင်လွှတ် မလွှတ်ချင်ရင် အမှုအသစ် ထပ်ကပ်ပြီးမှ မင်းတို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားတာ ရပ်ဆိုင်းပြီ ဆိုတာကို စာနဲ့ပေနဲ့ အသိပေးရမှာပါ။ တိုင်းပြည်ကို အုပ်ချုပ်တာကို စာအုပ်ပေါ်မှာ အတည်ပြုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ တရားရုံးချုပ်မှာ တင်ပြထားပြီးသား ဥပဒေကို လယ်ကန်သင်းရိုးမှာ ပြည့်တန်ဆာနဲ့ ၀ါးရမ်းပြေး ကြာကူလီရိုက်လို့ မွေးလာတဲ့ ကလေး အမွေပေးပုံမျိုးနဲ့ အတည်ပြုလို့ မရပါဘူး။

ဒါကို ဥပဒေပညာရှင်ကြီးများ ပြန်သုံးသပ်ပေးအောင် အကြံပြုကြပါဦး။ ကျနော်ပြောတာ မတိကျနိုင်ပါဘူး။ ပါးစပ်ကနေ အမိန့်ပေးရုံနဲ့ ပြောင်းတာ ဖါခန်းမှ မဟုတ်တာ။ ဖါခန်းမှာလို ဖါသယ်မက မူပြလိုက်တာနဲ့ ဖါခေါင်းက ပြောင်းချလိုက်သလို စည်းမဲ့ကမ်းမဲ့ ပြောင်းလို့မှမရတာ။ ဖါသယ်အတွေး ဖါသယ်အမြင်နဲ့ တိုင်းပြည်အုပ်ချုပ်ရေးကို စိတ်ထင်တိုင်းမလုပ်ရပါဘူး။ လုပ်ခွင့်မရှိပါဘူး။ ဘာလို့အခုလို ပစ်ပစ်နှယ်နှယ် ပြောရပါသလဲဆိုရင် ဥပဒေစာအုပ်ကြီးထဲမှာက (၅/ည) ဆိုတာ နိုင်ငံရေးတော် လုံခြုံရေးအရ ထိန်းသိမ်းထားသူလို့ အတိအလင်း ဆိုထားတာကို မပြင်ထားဘူးလေ။ အဲဒီဝေါဟာရကို မပြင်ဘဲ နိုင်ငံရေးအကျဉ်းသား မရှိဘူးပြောတာကတော့ အုပ်ချုပ်သူက သမတလုပ်နေသူက ဥပဒေစာအုပ်ကြီးကို နားမလည်တာလား၊ အရေးမလုပ်ဘူး ဆိုတာတာလား ခင်ဗျားတို့ဘဲဖြေပါ။ နိုင်ငံတော် လုံခြုံရေးအရ ထိန်းသိမ်းထားတာဟာ ပြစ်မှုလို့ သတ်မှတ်ခဲ့ရင် ဦးနုတို့ ကိုဖမ်းတာလဲ ပြစ်မှုလို့ သတ်မှတ်ပေးရပါမယ်။

ကောင်းပြီ (၅/ည) ကိုပြစ်မှုလို့ သတ်မှတ်ရင် နိုင်ငံတော်ဝန်ကြီးချုပ် လုပ်တာဟာ ပြစ်မှုမြောက်တယ် ဖြစ်မနေဘူးလား။ ဦးနှောက်လည်း သုံးကြပါဦး။ ငါ့မှာအာဏာရှိတယ် ငါ့ပါးစပ်က ဥပဒေကို ငါကြိုက်သလို လုပ်တယ် ဘာဖြစ်လည်း။ အခုဖြစ်တယ်လေ။ ဒါဆို ဦးနုဝန်ကြီးချုပ်လုပ်တာ ပြစ်မှုလို့ သတ်မှတ်လိုက်ရာ ရောက်သွားပါပြီ။ ဒါဆို သန်းရွှေလည်း ၀န်ကြီးချုပ် လုပ်ခဲ့ဘူးတာဘဲလေ။ ဖြေပါ။ အခု ဦးသိန်းစိန် သမ္မတကြီးလုပ်တာလည်း ပြစ်မှုလား။

(၂) ဒီလိုပါဘဲ နိုင်ငံတော် လုံခြုံရေးအရ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းတာလဲ။ ကဲ ဥပမာ ဓါးပြမှုပေါ့။ လူတယောက်က ဓါးပြမှု အခုလွှတ်တယ် မကြာခင် ပြန်လုပ်တတ်တယ်။ သူ့ကျတော့ဘာလို့ နေအိမ်အကျယ်ချုပ် မချတာလဲ။ ဓါးပြတိုက်ရင် မထင်ရင် လက်နက်တွေနဲ့ လူပါ အသတ်ခံရတာလေ။ နိုင်ငံတော်လုံခြုံရေး ပျက်တာမဟုတ်ဘူးလား။ ဒေါ်စုကိုထိန်းသိမ်းတဲ့ ၁၀ / ကနဲ့ ၁၀/ ခ တို့ က ဘာလို့ အဲဒီလိုပြစ်မှု သမား ဓါးပြမှု ခနခနကျူးလွန်နေသူတွေအပေါ် မချမှတ်တာလည်း။ ရှင်းနေတာဘဲ။ ဒီပုဒ်မဟာ နိုင်ငံရေးလုပ်သူအတွက် သီးသန့်လေ။

ဓါးမြမှုတွေကျတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲမှာ သိပ်ကြာကြာမထားဘဲ လွှတ်လိုက်တော့ မနှစ်က ကွမ်းခြံကုန်း လူသတ်ဓါးမြမှုက အဲဒီလို လွှတ်ပေးလိုက်သူတွေက ထပ်မံကျူးလွန်လိုက်တာပါ။

(၃) ဖမ်းဆီးခြင်း နိုင်ငံရေးသမားကို ဖမ်းရင် အများစုက ညမှာလာဖမ်းတယ်။ ဧည့်စာရင်းစစ်မလို့ပါ အိမ်ရှင်တို့ လာတော့ ရဲက အိမ်အပြင်မှာ တခါတရံ ရဲတောင်မပါဘူး။ ပါလဲအိမ်ထဲမ၀င်ဘူး။ ထောက်လှမ်းရေးတွေဘဲ ၀င်တာပါ။ ကျနော့်ကို လာဖမ်းစဉ်က အိမ်မှာဧည့်စာရင်း မတိုင်ထားသူ ၂ ဦးကို ဒီလူတွေ မတိုင်ထားပါဘူး။ အဲဒါအရေးယူပေးပါ တောင်းဆိုတာပေါ့။ မရဘူး သူတို့ကို မှတ်ပေးပါ တောင်းဆိုတာပေါ့။ ဧည့်စာရင်းမှု ကိုအမှုဖွင့်ရင် ကျနော်ကအိမ်ရှင်လေ။ ကျနော်ကို နောက်နေ့ အပြင်ရုံး ထုတ်ရတော့မှာလေ။ လာတုန်းကတော့ ယောက်ျားတန်မဲ့ ဧည့်စာရင်းစစ်မလို့ပြောပြီး ဧည့်စာရင်းတိုင် မထားသူ နှစ်ဦး ထိုးပေးတာ မှတ်တောင် မှတ်မသွားဘူး။ ရှင်းပြီနော် (၅/ည) ဆိုတာ။ တစ်ချို့ဆိုပြန်ပို့ပေးပါမယ်.. ခဏလေးပါ တာဝန်ခံပါတယ် ဆိုပြီး အရှက်မရှိပြောပြီး ခေါ်သွားတာ ပြန်ကိုရောက်မလာ တော့တာပါ..။

(၄) ရှာဖွေသိမ်းဆည်းခြင်း တခါ ပြစ်မှုဆိုပြီး အိမ်ကို ပိုက်စိပ်တိုက် ရှာဖွေတယ်။ ဓါးမရှာဘူး။ လက်နက်မရှာဘူး။ ခိုးရာပါပစ္စည်းမရှာဘူး။ ပိုက်စိပ်တိုက် ရှာတာက စာအုပ်တွေ တအုပ်ချင်း လှန်လျှောကြည့်တယ်။ ကွန်ပျူတာကို ဖွင့်ကြည့်တယ်။ အားလုံး -၄ -နာရီလောက်မွှေတယ်။ ရဲတွေကအပြင်မှာ လှေခါးထစ်မှာ ထိုင်လို့။ ပြစ်မှုဆို ရဲက ရှာရမှာလေ။

(၅) သက်သေခံပစ္စည်း ရှာဖွေတာမှာ ကျနော်ဆီမှာ ဗိုလ်ချုပ်ပုံတွေ ရင်ထိုးတွေ ဓါတ်ပုံတွေ သိမ်းသွားပါတယ်။ ဗိုလ်ချုပ်ပုံသိမ်းတာ ပြစ်မှုနဲ့ဆက်နွှယ်နေလို့လား။ ကိုယ့်အမျိုးသားခေါင်းဆောင်ပုံ လက်ဝယ်ထားတာ ပြစ်မှုမြောက်ရင် သန်းရွှေ အာဏာသိမ်းပြီးစက အချိန်တော်တော် ကြာအောင်အထိ သူ့ရုံးခန်းမှာ ဗိုလ်ချုပ်ပုံက ရှိနေတာဘဲ။ ကျနော်တို့စစ်တဲ့ တရားရုံးမှာတောင် ဗိုလ်ချုပ်ပုံကြီး ချိတ်ဆွဲထားတာဘဲ။

အဲဒီတော့ တရားရုံးမှာ ကိုမောင်မောင်ဝမ်းက ထပြောပါလေရော။ သူကလည်း တရားရုံးမှာ ကျနော်တို့ဖြင့် ရီလိုက်ရတာ အူကိုနာလို့။ တော်ကြာတရားရုံးမှာ မထီလေးစားလုပ်မှုတောင် ထပ်ကပ်ဦးမှာ ပူမိတယ်။ တရာသူကြိးက ဦးမောင်မောင်ဝမ်း (အဖ ဦးသောင်း) ဟုတ်ပါသလားပေါ့။ အဖနာမည် မလိုပါဘူး ရေနံချောင်းက မောင်မောင်ဝမ်းဆိုရင် ကလေးကအစ တတိုင်းတပြည်လုံးတောင် သိနေတာဘဲ တရားသူကြီးမင်းလုပ်ပြီး ခင်ဗျား ကမသိဘူးလားလုပ်ပါလေရော။

တရားခွင်ဆိုတာ အဖအမည်နဲ့ ပြောရဆိုရတာပေါ့။ ဒါဆို နာမည်လဲတူ အဖ အမည်လဲတူနေတာတွေ ရှိနိုင်တယ်။ ရေနံချောင်းက မောင်မောင်ဝမ်းဆို တ၀မ်းဘဲ ရှိတယ်ဗျ။ ကျနော်တို့မှာ ရီရတာလေ။ တခွီခွီးဗျာ အသံတောင်ထိန်းမရဘူး။ လူပျက်ဟာသတောင် ဒီလောက်မရီရဘူး။ နောက် ဗိုလ်ချုပ်ပုံတွေ ရင်ထိုးတွေသိမ်းရင် အခု တရားရုံးက ပုံတွေက ဘာလို့ ချိတ်ထားတာလည်း။ ကျနော်တို့ လက်ထဲက ထားခွင့် မရှိလို့လား။ အဲဒါပြစ်မှုမြောက်နေလို့လား။ ကျနော်ဆီကသိမ်းသွားတဲ့ ဗိုလ်ချုပ်ပုံတွေ ပြန်ပေးပါ။ ဥပဒေထဲမှာ ဘယ်နေရာမှာဆိုထားပါသလဲ ပြပါ။ ကျနော်လည်း ဥပဒေကျောင်းသားပါ လုပ်ပါလေရော။ ပြီး ဗိုလ်ချုပ်ပုံကို သူက အလေးပြုလိုက်သေးတယ်။

ထားပါ အခု နိုင်ငံတကာကလိုချင်နေတဲ့ ဘင်လာဒင် ပုံသိမ်းထားရင် ပြစ်မှုမြောက်ပါသလား။ တချို့အိမ်တွေမှာ ဒေါ်စုပုံတွေဆို အကုန်သိမ်းတာ။ ဒါပြစ်မှုနဲ့ ဆက်နွှယ်နေလို့လား။ သိမ်းတာမှ ကြီးကြီးးသေးသေး အရေအတွက်တောင် ရေတွက်ပြီးသိမ်းတာ။ ပါးစပ်ကပါ ပြောလိုက်သေး ဒေါ်စုကြည်ပုံက ဘယ်နှစ်ပုံ ဆိုလိုက်သေး။ အဲဒါပြစ်မှုလား။ အဲဒါဆို ဒေါ်စုနဲ့ ဗိုလ်ချုပ်မှုးကြီး လက်ဆွဲ နှုတ်ဆက်နေတဲ့ပုံ ကို ထားရင်ကော...???? ကျနော့်ဆီမှာ သမ္မတကြီး ကနေဒီပုံတွေ သူ့မိန့်ခွန်းတွေ သမ္မတ ကလင်တန် မိန့်ခွန်းတွေ ရှိတယ် မသိမ်းသွားဘူး။ နိုင်ငံခြား ဗွီဒီယိုအခွေတွေ သိမ်းတယ်။ ငှားလာတာက စစ်တပ်က ဖွင့်ထားတဲ့ဆိုင် အမှုကပ်မလို့ပဲ တရားရုံးကျတော့ ဘယ်ရမလဲ။ ကျနော်ကို Australia- channel-9 ကလွှင့်တဲ့ ဒေါ်စုအင်တာဗျူး ဗိုလ်ချုပ်ထွန်းကြည် အင်တာဗျူး စတာတွေ ပါတဲ့အခွေအမှုနဲ့ တရားစွဲတယ်။ ဗွီဒီယို အက်ဥပဒေတဲ့။ ကျနော်က ဟိုရုပ်ရှင် ဆင်ဆာမဲ့ ဗွီဒီယို အခွေ ခြောက်ခွေပါ အမှုဖွင့်ပါ တောင်းတာပေါ့။ အဲဒါစာရင်းထဲ မပါလာဘူး လုပ်တယ်လေ။ ဖွင့်ရင် သူတို့ အခွေဆိုင်ပိုင်ရှင် တပ်က ဗိုလ်ကြီးပါ ငြိနေတာလေ။ တခြားပြင်ပ ဆိုင်ကဆိုရင် အမှုကပ်မှာလေ။ အဲဒါဥပဒေက မျက်နှာ မလိုက်ပါဘူးတဲ့လား။ ကျနော်ကတောင်းဆိုနေတာနော်။

(၆) ရဲစခန်းပါဝင်မှု ပြစ်မှုဆိုရင် ရဲကစစ်ချက်အရင်ယူရဖို့ ရဲစခန်းကိုခေါ်သွားရမှာလေ။ ရဲစခန်းကို မခေါ်ဘူး။ ထောက်လှမ်းရေးစခန်းကို တန်းခေါ်သွားတာ။ ဘာရဲမှလဲ မမြင်ဘူးပါဘူး။ ထောင်သာကျသွားတယ်။ မြင်တောင်မမြင်ဘူးလိုက်ပါ ။

(၇) စစ်ကြောခြင်းမှာ လိမ်ထားမှု / ခိုးဝှက်မှု / ရိုက်နှက်မှု ဘာမှ ပြစ်မှုနဲ့ ဆိုင်တာမစစ်ဘူး။ တခြားသူတော့မသိ ကျနော်ကို (၁၂ ချက်) မေးခွန်းချပေးထားပြိး အဲဒီမေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေခွန်းတွေထဲမှာ အဓိကက * ဒေါ်စု အပေါ်ဘယ်လို သဘောထားသလဲ။ * မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လို မြင်သလည်း။ ဒေါ်စု မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတာ တိုင်းပြည် ထိခိုက်သလား မထိခိုက်ဘူးလား။ သူနဲ့ မြန်မာနိုင်ငံရေး ပါဝင်ပတ်သက်ခွင့် ရှိရဲ့လား။ အမျိုးသားညီလာခံ အပေါ်ဘယ်လို မြင်သလည်း။ စီးပွားရေးပိတ်ဆို့ တာလုပ်ရင် အကျိုးဆက်တွေ ဘာတွေဖြစ်လာမလဲ။

အကုန်တော့ မမှတ်မိတော့ပါဘူး။ ပြစ်မှုမြောက်စေတာ တခုမှမမေးဘူး။ ဒါတွေ အပြင်မှာ မေးတယ်။ ဥပမာဗျာ ခင်ဗျားကို လာမေးတယ် အပြင်လူပေါ့။ ကျနော်ဖြေထားသလို ဖြေလိုက်တယ်။ အဲဒါပြစ်မှု မြောက်လား။ အဖြေက ထပ်တူ။ လူက တဦးကအပြင်မှာ တဦးက ဖမ်းထားသူ။ တနည်းဗျာ ကျနော့်ကို မေးထားတဲ့မေးခွန်းတွေ အပြင်လူတွေ ကိုဖြေခိုင်း မေခွန်းထုတ်ပေးလိုက်ပါ။ ဘယ်လိုအရေးယူမလဲ။ ဘာပြစ်မှုနဲ့  သက်ဆိုင်တာ တခုမှ မမေးခဲ့ပါဘူးဗျာ။

(၈) ရမန်ယူခြင်း --- နိုင်ငံရေးအကျဉ်းသားတွေဟာ ရမန်ကြီး နှစ်ပတ် တခါ ယူတာလုပ်ပါတယ်။  သာမန်လူနားလည်အောင် ၂၈- ရက်တခါ တရားရုံး တရားသူကြိးဆီမှာ နိုင်ငံရေးသမားကို ဆက်လက် ဖမ်းဆီးထားမိန့် တောင်းပါတယ်။ အဲဒီလိုတောင်းတာ သူတို့ဟာသူတို့ တောင်းနေသလား ဘာမှမသိရပါဘူး။ ကျနော်တို့ကို တရားရုံး ခေါ်သွားပြိးတောင်းတာမဟုတ်ပါဘူး။  မျက်ကွယ်မှာ လုပ်နေကြတာပါ။

တခြားလူသတ်မှု အင်မတန်ဆိုးတဲ့ မန္တလေးက သူခိုးကြိး @ ရမ်ဘို @ တရုတ်ကြိး ဆိုရင် တရားရုံးထုတ်တာ နှစ်ခါ ရဲတွေကို ရိုက်နှက် ထွက်ပြေးသူကိုတောင် တရားရုံးကို ဆက်ထုတ်ပေးပါတယ်။ ရမာန်ကိုတရားရုံးမှာ လူပါ ၀င်လျှောက်ထားခွင့်ပေးပါတယ်။

(၉) အချုပ် ထောင်ဝင်စာ ---(၅ / ည) တွေမှာ ဖမ်းသွားတဲ့နေ့ ကနေစလို့  တိုက်ခန်းအပြင်မှာ မိသားစုနဲ့ ပြန်ဆုံခွင့်ရတာက ထောက်ချခံရပြီးမှ ထောင်ဝင်စာမှာ တွေ့ရတာပါ။ အချုပ်ကာလမှာ အပြင်လူ ဘယ်သူနဲ့မှ တွေ့ခွင့်မရှိပါ။ အချုပ်ကာလမှာ ထောင်ဝင်စာ တွေ့ခွင့်လဲမရှိပါ။ လူသတ်မှု/ ဓါးမြမှု/ မုဒိန်းမှုသမားတွေက အချုပ်ကာလမှာကို တပတ်တကြိမ် တင်္နလာနဲ့ အင်္ဂါမှာ သူတို့ထောင်ဝင်စာ (အချုပ်ထောင်ဝင်စာ) ဆိုပြိးတွေ့ရပါတယ် ။

နောက်တခါ သူတို့က နှစ်ပတ်တခါ (ရမန်-တပတ် ၁၄- ရက်) တခါ တရားရုံးထွက်ရတော့ ရုံးမှာ မိသားစုတွေ ရှေ့နေတွေ နဲ့တွေ့ခွင့်ရပါတယ်။ အထုပ်လေး ဘာလေး ထပ်သွင်းခွင့်ရပါတယ်။ အဲဒီတော့ တကယ် ပြစ်မှုသမားတွေဟာ မိသားစုနဲ့ တလကို အချုပ်ထောင်ဝင်စာက နှစ်ကြိမ် လာဘ်ထိုးနိုင်သူဆို အကြိမ်ကြိမ် တရားရုံးမှာက နှစ်ကြိမ် တလကို လေးကြိမ်တွေ ဆုံခွင့်ရကြပါတယ်။ ၅ / ည တွေကတော့ အချားနိမ်း ပါဘဲ။ ထောင်ထမင်းကို ဘားလေးနဲ့ ပလွေးနေရတာပါ။ တပတ်တခါ ပေးတဲ့ ငုံးနဲ့ကြက် မှားအိပ်ထားတဲ့ ကြက်ဥလေးတလုံး စားရပါတယ်။

(၁၀) ချုပ်နောင်ထားရှိမှု ၅ / ည တွေကို အချုပ်ကာလမှာလဲ ပြင်ပထွက်ခွင့်ရှိတဲ့ (တရားရုံး) ထွက်ခွင့်ရတဲ့ ခိုးဆိုးပြစ်မှု ကျူးလွန်ထားသူတွေ နေတဲ့အဆောင်မှာ မထားပါဘူး။ တိုက်ထဲမှာမှ သီးသန့်ထားပြီး လူသူ မဆက်သွယ်နိုင်အောင် သီးသန့်ချုပ်ထားပါတယ်။ ထောင်ကျပြီးသူ တခြား ၅/ည တွေနဲ့တောင် ဆက်သွယ် မရအောင် လုပ်ထားပါတယ်။

(၁၁) ရှေ့နေငှားရမ်းခွင့် ၅/ည ထိန်းသိမ်းထားသူတွေဟာ ရှေ့နေငှားရမ်းခွင့် လုံးဝ မပေးပါ။ အပြင်လူဘယ်သူနဲ့မှ ဆက်သွယ်ခွင့်မပေးပါဘူး။ မိသားစုနဲ့ ဆက်သွယ်တာ မိရင် နောက်ထပ်ပြစ်မှုပါ ထပ်လုပ်ပါတယ်။ အပြင်က အဆက်အသွယ်လက်ခံသူရော အဆက်အသွယ် လုပ်ပေးသူပါ အဖမ်းခံရပါတယ်။ ဒုစရိုက်ပြစ်မှု ကျူးလွန်သူတွေ ကိုတော့ ရှေ့နေနဲ့  တွေ့ခွင့်တောင် သီးသန့် ပေးပါတယ်။ တတ်နိုင်ရင် နိုင်ငံခြားရှေ့နေငှားချင်လား ပေးတယ်။

(၁၂) တရားရုံး ၅ / ည- တွေကို အင်းစိန်ထောင်ဝင်းအတွင်း တနေရာမှာ ရှိတဲ့ အထူးတရားရုံးမှာ အပြင်လူ လုံးဝ ၀င်ခွင့်မပေးဘဲ တရားခံ သက်သေ ကလည်း ကိုယ်ကလည်း သူ့မမြင်ဘူး သူကလည်း ကိုယ့်မမြင်ဘူးသူတွေ ထိုင်ပေးနေစေပါတယ်။ တရားလိုသက်သေကလည်း ကိုယ်မသိသူတွေ ရှေ့နေဆိုတာလဲ ဘယ်သူမှန်း မသိသူတွေပါ။ တချို့အမှုတွေဆို တထိုင်တည်း အမိန့်ချလိုက်ပါတယ်။ ပြီး တရားခွင်အတွင်းမှာ နိုင်ငံတကာနဲ့ ကမ္ဘာ့ ထုံးထမ်းစဉ်လာက ဓါတ်ပုံရိုက်ခွင့် ကင်မရာယူခွင့်မရှိတဲ့ နေရာပါ။ အဲဒီမှာ ထောက်လှမ်းရေးတွေက ဓာတ်ပုံတွေ ဖလင်တွေ တလိပ်ပြီး တလိပ်ရိုက်ပါတော့တယ်။ ကျနော်တို့လည်း ရုပ်ရှင်မင်းသားတွေ ဖြစ်မှန်းမသိ ဖြစ်နေရတာပါ။ အဲဒီလို တရားရုံး လက်စွဲကို ချိုးဖေါက်ကြတာပါ။ ခိုးဆိုးဓါးမြတွေကျတော့ တရားရုံးရင်ဆိုင်နေလိုက်ရတာ အိမ်ကျန်ခဲ့ ဗိုက်ကြီးသယ်ဇနီး ကလေး မူကြိုတက်ချိန်တောင်ရောက်တဲ့အထိ မပြီးပြတ်တဲ့အမှုတွေ ရှိပါတယ်။

(၁၃) အမှုသက်သေစစ်ဆေးခြင်း ၅/ည တွေမှာ သက်သေ တင်ပြခွင့် မရှိပါဘူး။ ဥပမာ ယခု၂၀၁၀ သင်္ကြန်ဗုံးခွဲမှုပေါ့။ တရားခံက သူက ဗုံးကွဲချိန်မှာ အလုပ်မှာ ရှိနေပါတယ်ကို သက်သေအခိုင်အမာနဲ့ ပြချင်ပါတယ်ပေါ့။ ပြနိုင်တယ်ပေါ့။ ဘယ်သူကို စစ်ပေးပါ တောင်းဆိုခွင့် မပြုပါဘူး။ သူတို့ ခေါ်ပြီး ဟန်ပြတင်ပေးထားတဲ့ ဖိုးသူတော်လား ဆိတ်ကျောင်းသားလား မသိရသူတွေက ထိုင်ရုံလေး ထိုင်ပေးထားတာပါ။ ဘာမှသူတို့ကို မေးမြန်းချင်း စစ်ဆေးခြင်းမလုပ်ပါဘူး။ နောက်ဆုံးဗျာ ကျနော်အတွက် ကျနော့်ကို ကာကွယ် ထွက်ဆိုပေးမယ့် ကူညီထွက်ဆိုပေးမယ့် မှိုင်တိုင်တိုင် ထိုင်နေတဲ့ အဲဒီ့ချာတိတ်လေးတွေနဲ့ မိတ်ဆက်တာတောင် လုပ်မပေးပါဘူးဗျာ။ ဥပမာဗျာ ကျနော်က ဒေါ်စုကို န.အ.ဖ ကိုဘယ်လို တိုက်ပါတင်ပြမှုနဲ့ စွပ်စွဲရင် သက်သေအဖြစ် ဒေါ်စုကို ဟုတ်ပါသလားမေးရမှာပေါ့။ ဒေါ်စု ခေါ်ပေးပါ တင်ပြရင် ရပါလိမ့်မယ်။ ခိုးဆိုးတွေကျတော့ အမေလင်ရဲ့  အကိုတ၀မ်းကွဲရဲ့  မိတ်ဆွေရဲ့  ညီမကို ခေါ်ဦးမလား ရတယ်။ အဲဒီလူ ရုံးမလာရင် တခါထပ်ချိန်း။ အိုကေကို ဆိုပြေလို့။ အဲဒီလို။

(၁၄) ပြစ်ဒါဏ်ချခြင်း ၅ / ညတွေကို အများဆုံး ရုံးထုတ်ရင် သုံးကြိမ်ပါဘဲ။ တကြိမ်က အမှုက ဒါတွေ ဒါတွေ ဖတ်ပြတယ်။ နောက်တချိန်းက သက်သေဆိုပြိး ရဲစခန်းမှုးတွေ ရပ်ကွက်လူကြိးတွေ စွမ်းအားရှင်တွေ ကို တရားလိုပြ သက်သေစစ်တယ်။ (ရပ်ကွက်လူကြီး / စွမ်းအားရှင်တွေခမျာ မတရားအမှုတွေမှာ သူတို့လည်း သိတာမဟုတ်ဘဲ ထွက်ခိုင်းတာတွေကို ဟုတ်ပါတယ်။ မြင်ပါတယ် လိမ်ထွက် တဖက်သားကို ဒုက္ခပေးရမှ စားရသောက်ရတဲ့ အဖြစ် အဲဒီအကျိုးတွေ နောင်ဘ၀ ဘယ်လောက် ကံဆိုးကြမယ်တောင် မမြင်နိုင်ရှာကြဘူး)။ ကိုယ့်ဘက်က ဘာသက်သေမှ ခေါ်ခွင့်မရှိဘူးနော်။ တတိယ တချိန်းကတော့ အမိန့် ချတာပါဘဲ။ တချို့ဆိုရင် ရုံးတထိုင်ထဲနဲ့ ချလွှတ်လိုက်တာပါ။

ကျနော်တို့ အမှုတုန်းက ကျနော့်ကို အမှုနှစ်ခု အပိုစွဲဆိုထားပါသေးတယ်။ တမှုက (JENE SHARP) ရဲ့ အာဏာရှင်စံနစ်မှ ဒီမိုကရေစီသို့ ဆိုတဲ့စာအုပ်ဖြန့်ဝေမှုပါ။ တရာရုံးမှာ ကျနော့်အမှုတွဲ တောင်ကြီးအမတ် ဦးကျော်ခင်ဆီက အဲဒီစာအုပ် မိတ္တူကူးထားပြိး စာအုပ်မချုပ်ရသေးတဲ့ စာဖေါင်တွေ အထပ်လိုက်ရယ် စာအုပ်က တဒါဇင်လောက် မိထားပါတယ်။ တရားသူကြိးက ခင်ဗျား ဂျင်းရှပ်စာအုပ် ဖြန့်တယ်ပေါ့။ ဟုတ်ပါတယ်။ ကျနော် အစောင်ရေ ၃၅အုပ်လောက်ဖြန့်ပါတယ်။ အခုတရားသူကြီးမင်းပြတာက စာအုပ်လေး။ မတူဘူး စာအုပ်လေးကြည့်ပါရစေပေါ့။ လာပြခိုင်းပါတယ်။ ကျနော်ကဟာ ကျနော်ဖြန့်တာက ဂျင်းရှပ်ရေးတာပါဘဲ။ ဒါက အာဏာရှင်ကို အကြမ်းမဖက်ဆန္ဒပြပြီး အနုနည်းနဲ့ တော်လှန်နည်းတွေလို့ ကြားဖူးတယ်။ ကျနော်ဖြန့်တာက အာဏာရှင်ကို အကြမ်းဖက် ဖြုတ်ချနည်းဗျ။
ဒီလိုစာအုပ်မဟုတ်ဘူး။ ဒီလောက်မထူဘူး။ ပါးပါးလေး။ ဒီလို ရှည်ရှည်လေး။ စာဆောင်ပုံစံလေး။ ပါတာကလဲ ၂၉- ချက်ထဲပါတာ ကျနော်က အနုနည်းကို လုံးဝမယုံတဲ့သူ။ အသာလွတ် လိမ်တာပေါ့။ စာအုပ်ဖြန့်ရင် ပုံနှိပ်မှုက ပုံနှိပ်အက်ဥပဒေက - ၇-နှစ်။ စာအုပ်ဖြန့်မှုက နောက်ထပ် - ၇-နှစ်။ ပေါင်း ၁၄ - နှစ်ပါ။ ကျနော်တို့ တကယ်ဖြန့် ခဲ့တာက ဒီစာအုပ်မှ ဒီစာအုပ်ပါဗျာ။ ဟိုကျနော်ပြောတဲ့ စာဆောင်ဆိုတာ တကယ် မရှိသောအရာပါ။ အခုထိမရှိပါဘူး။ ကျနော်မလိမ်တတ်ပါဘူး။ မလိမ်ပါဘူး။  တသက်မှာ ဒီတခါ လိမ်လိုက်ရတာ ဘ၀မှာ အလွန်အရသာရှိသော လိမ်ခြင်းပါ။ သူတို့ ဘာလုပ်ရမှန်း မသိတော့ဘူး ။ 

ကျနော့်ကို စစ်ကြောရေးပြီးစ နှစ်ပတ်လောက်မှာ အရာရှိနှစ်ဦး လာဆွေးနွေးတုံးက အစိုးရကို အကြံပေးလုပ်ပေးရင် လွှတ်ပေးမယ်။ ကျနော်တောင်းဆိုချက် နိုင်ငံသားတွေ တနေ့ အနိမ့်ဆုံးလုပ်ခ တနေ့ ၃.၀- ဒေါ်လာ ရအောင် ပန်းတိုင်ထားရေးမှာ သဘောမတူနိုင်တော့ ခင်ဗျား ကျနော်တို့ခေါ်တာသာ လုပ်ခဲ့ပါ  ခင်ဗျားမိသားစုအရေးသာ စဉ်းစားပါ။ ခင်ဗျားခေါင်းအုံး သူများအုံးသွားမယ်ပေါ့။ ခင်ဗျားကို ချမဲ့အမှုက အနှစ်လေးဆယ်အောက် မလျှော့ဘူးနော်တဲ့။

နောက်တမှုက အခု ကိုမင်းကိုနိုင်တို့နဲ့ တတိယအကြိမ် ထောင်ပြန်ကျတဲ့ (မားကီ @ ကိုကျော်ကျော်ထွေး) တို့ကျောင်းသားအုပ်စုနဲ့ တွဲထားတဲ့အမှု။ အဲဒါလဲ သူတို့ဖြန့်တဲ့ အစိုးရဆန့်ကျင်ရေးစာရွက်။ အဲဒါလည်း အခုဖြန့်တဲ့ စာရွက်မှာ ကျနော်မပါဘူး။ ကျနော်ဖြန့်မှာက နောက်အခုရေးထားပြီးပြီ မရှုက်ရသေးဘူးပေါ။့  ဟိုကလည်း ဟုတ်ပါတယ်ပေါ့။ လွတ်ပြန်ကော။ သူတို့ကို ၁၃- နှစ်မောင်းလိုက်တာပါ။ သူတို့က တရားသူကလဲ ဟန်ပြပါ။ တရားသူကြိးတွေက ကျနော်တို့က စိုက်ကြည့်ရင် ကျနော်တို့ မျက်လုံးဒါဏ်ကို ရင်မဆိုင်ရဲရှာဘူး။ မျက်နှာလွှဲလွှဲ နေရရှာတာ။ တရားသူကြိးမင်းကို သနားတောင် သနားသေးတယ်။ သူတရားစီရင်ခဲ့တာ ဒီမိုကရေစီရရင် ပြန်ခေါ်ပြီး ပြန်စစ်ခိုင်းရင် ထိုင်ငိုရှာရမှာပါ။

တရားသူကြီးတွေက ခင်ညွှန့်ရုံးက ရေးပေးထားတာလေး ဖတ်နေရတာပါ။ အဲဒီတော့ကျနော်က ဗြောင်လိမ်လိုက်တော့ သူလဲဘာလုပ်ရမှန်း မသိတော့ဘူး။ အမှုတွဲတွေကလဲ တခြားအမှုတွေတွေက တပြုံကြီး။ အားလုံးနောက်တပတ် ရုံးချိန်းမှာ အမိန့်ချရတော့မှာ။

(၁၅) အမိန့်ချမှုအတိုင်းအတာ ၅ /ည တွေကို အမှုအတွက် အမိန့်ချရင် တရားသူကြီး တကယ်တော့ သူဘာမှ ကိုယ်ပိုင် ဆုံးဖြတ်ရတာ မဟုတ်ပါဘူး။ ခင်ညွှန့်ရုံးကပေးလာတဲ့ ချိတ်ပိတ်ထားတဲ့ စာအိတ်လေးဖေါက်ပြိး ဖတ်ပေးရရှာတာပါ။ အမိန့်ကလည်း ဥပမာ ဥပဒေထဲမှာ ဆိုထားတာ ယခုပြစ်ဒါဏ်အတွက် အနိမ့်ဆုံး ထောင်ဒါဏ် - ၃- ကနေ အမြင့်ဆုံး ထောင်ဒါဏ် - ၇ နှစ် အထိချမှတ်နိုင်သည် လို့  ဆိုထားရင် ၅ / ည တွေဟာ ဘယ်တော့မှ အနိမ့်ဆုံး ဒါဏ်ကို ခံစားခွင့်မရှိပါဘူး။  အမြင့်ဆုံးဒါဏ်ကိုသာ ချမှတ်ပါတယ်။ ခိုးဆိုးမှုတွေမှာတော့ အများအားဖြင့် အနိမ့်ဆုံး ဒါဏ်ကို ချမှတ်ပေးတတ်ပါတယ် ။

(၁၆) ပြစ်မှုတခုအထက် နိုင်ငံရေးအကျဉ်းသားများကို မ.ဆ.လ. ခေတ်က နိုင်ငံရေးပြစ်မှုဟုသာ အမှုတပ်ပြီး ပြစ်ဒါဏ်တခါပဲ ချတာများပါသည်။ ပြစ်မှုတခုကို နှစ်မျိုး သုံးမျိုးခွဲခြားပြီး နှစ်တွေပိုများအောင် မချပါဘူး။ သန်းရွှေ တက်လာပြီးနောက်ပိုင်း ဥပမာ စာစောင်တခု /ကဗျာလေးတခု ဖြန့်ရင် လက်ရေးနဲ့ ကူးဖြန့်တာကိုပါ ပုံနှိပ်အက်ဥပဒေနဲ့ တမှု စွဲပြီး၇ -နှစ်ချပါတယ်။ ဖြန့်မှုက နောက်တမှု နောက်ထပ် ၇-နှစ်ချပါတယ်။ ပြီးအမှုကိုတပေါင်းတည်း မပေးတော့ (သီးခြား) ဟုလုပ်လိုက်တော့ စုစုပေါင်း - ၁၄ - နှစ်ကျပါတော့တယ်။ အဲဒီတော့ကဗျာတပုဒ်ရေးပြီး  သူငယ်ချင်းတယောက်ထဲ ပေးမိတာလေးနဲ့တင် ထောင်ဒါဏ်- ၁၄ -နှစ်ကျပါတော့တယ်။

ခိုးဆိုးမှု တခုကိုပဲ ဥပမာပေးပါမယ်။ ဒါတကယ့်ဖြစ်ရပ်အမှန်။ မန္တလေးထောင်မှာ ကျနော်တို့နဲ့ တတိုက်ထဲ နေခဲ့ရတဲ့ ကြက်ကုလားမြင့်ဦး ( သူ့အိမ်ကကြက်ဒိုင်မို့ပါ)။ သူကလက်ဝယ်မှာ ဘိန်းဖြူမိလို့ အချုပ်ကျပါတယ်။ အထက်က ဆိုခဲ့တဲ့အတိုင်း အမှုကစစ်နေတာ မပြီးဘူး။ အမှုစစ်နေတုန်း ထောင်ထဲမှာ နောက်ထပ် ဘိန်းဖြူထပ်မိပြန်ပါတယ်။ ဖြစ်စဉ်နစ်ခုဟာ အချိန်အားဖြင့် တနှစ်ကျော်ခြား ပြီးဖြစ်တာပါ။ တနေရာစီမှာ ဖြစ်တာနော်။ ဒါပေမဲ့ သူ့ အမှုနှစ်ခုကို တမှုအတွက်- ၅နှစ်။ နောက်တမှု အတွက်လည်း-ငါးနှစ်။ ပြိးအမှုကို တပေါင်းထဲ ဆိုပြိးပေးလိုက်တော့ စုစုပေါင်းမှ - ၅-နှစ်ဘဲကျပါတော့တယ်။ တမှုက အပြင်မှာဖြစ်ခဲ့တာ။ တမှုက ထောင်ထဲရောက်မှ ထပ်မိတာနော်။ သန်းရွှေဟာ ခိုးဆိုးမှုတွေအပေါ် အဲဒီလိုပြန်ကြည့်တာ။ သူ့ တရားသူကြိးတွေလည်း  အလုပ်ဖြစ်လေ။ win - win ဆုချတာလေ။

တကယ်က ဥပဒေမှာ ဆိုထားတာက ဘိန်းဖြူလက်ဝယ်မိရင် (သူမိတာက အများကြီး) ထောင်ဒါဏ် ၅ နှစ်ကနေ ၁၀-နှစ်ဆိုထားတာနော်။ ချတော့လဲ အနည်းဆုံး ပြစ်ဒါဏ်ကိုပေးတယ်။ နှစ်ခါ သီးခြား ဖြစ်ခဲ့တာပါ။ တချိန်စီ တနေရာစီ ဖြစ်တာကို တပေါင်းထဲ ခံစားခွင့်ပေးတာပါ။ မြင့်ဦးဟာ ၂၀၀၈ -နှစ်ကုန်လောက်မှာ ရဲဘက်စခန်းမှာ H.I.V နဲ့သေဆုံးသွားပါတယ်။ သန်းရွှေတို့က အဲဒီလိုပါဆို။ အဲဒီ့နေရာမှာ  နိုင်ငံရေးသမားတာဆို တွက်သာကြည့်ပေတော့။ သူခိုးချင်းပြန်ကြည့်တယ်ဆိုတာ ဒါမျိုးခေါ်တာပါခိုးဆိုးချင်း ပြန်ညှာတာနေတာလေ။ နိုင်ငံရေးသမားသာဆိုရင် ဥပမာ စာအုပ်ဖြန့်မှုပေါ့။ မြင့်ဦးလို ချုပ်ထားတုံး နောက်ထပ် စာအုပ်တခု ထပ်မိကြည့်ပါလား ရိုက်နှက်စစ်ဆေးပြိး ဒီစာအုပ် ဘယ်သူ့ဆီက ရတာလည်း ဖေါ်ထုတ်ပြိး အဲဒီစာအုပ်ပေးတဲ့ လူကိုဖမ်းမယ်။ အဲဒီလူကို ထပ်ပြီးထုထောင်းပြီး နောက်ထပ် ပေးသူတွေ တသီကြိးဖေါ်ထုတ်မယ် တပြုံကြီးထောင်ချပါမယ်။ မြင့်ဦးကို ထောင်ထဲမှာ ဘိန်းဖြူကို ဘယ်သူ သွင်းပေးတယ် ဆိုတာတောင် မစစ်ပါဘူး။ ဗမာပြည်မှာ နိုင်ငံရေးအမှုဖြစ်ရင် တသီကြီးဖမ်းတယ်။ ဘိန်းဖြူကျတော့ တဦးဘဲဖမ်းတယ်လေ။ ဘိန်းဖြူအမှုတွေများလာတာ အဆန်းမဟုတ်ပါဘူး။ နိုင်ငံရေးအမှုကျတော့ ကဗျာကို လက်ရေးနဲ့ကူးပြီး ဖြန့်တာ အမှုကတခုထဲကို ပြစ်မှု နှစ်ခု သီးခြားခွဲ အမိန့်ချတာ။ ဒါလည်း တကယ့်အဖြစ်မှန်ပါ။
ဘုရားကအောက် မျောက်ကအထက် ထိုင်းမြန်မာနယ်စပ် တာချီလိတ် လူဝင်မှုကြီးကြပ်ရေးရုံးမှ မြင်ကွင်းတစ်ခု..
သန်းရွှေက ယောက်ျားတန်မဲ့ ၂၀၀၈ တပ်မတော်နေ့ မိန့်ခွန်းမှာ အခုနိုင်ငံရေးသမားတွေဟာ ကျနော်တို့နဲ့  အမြင်မတူကြပေမယ့် တိုင်းပြည်ကောင်းအောင် လုပ်နေကြသူတွေချင်းမို့ ညီရင်းအကိုလို သဘောထားပါတယ်တဲ့။ ဒါကြောင့် မပင်မပန်း ရှာဖွေ စားသောက် မနေရအောင် နေရေးထိုင်ရေး စားရေး မပူပင်ရ လုံခြုံရေးအပြည့်နဲ့ (ဖရီး) နှစ်အကြာကြီး ကျွေးမွေးစောင့်ရှောက် ပေးထားချင်လို့ ထောင်ဒါဏ်နှစ်များများ ချပေးထား ပြီး ထောင်ထဲမှာ အားတွေ မွေးခိုင်းထားတာပါ။

ကျနော့်အမှုမှာလဲ ဗွီဒီယို အက်ဥပဒေနဲ့ ဆင်ဆာမဲ့ အခွေအတွက်က ၃-နှစ်။ ဒီအခွေကိုကျောင်းသားတွေကို ဘာသာပြန်ပြောပြတာကို နိုင်ငံတော်အကြည်အညိုပျက်အောင်ပြောတယ်ဆိုပြိး က နိုင်ငံရေးအမှု ၇နှစ်။  နှစ်ခုခွဲပြီးချတာပါ။ ခိုးဆိုးတွေ မိပါတယ်။ ညစ်ညမ်းဗွီဒီယိုနဲ့ ဆင်ဆာမဲ့ ဗွီဒီယိုအမှုတွေ ထောင်ထဲ ရောက်လာတာတွေ ဆုံပါတယ်။ တနှစ်ဘဲမောင်းထာပါတယ်။ တချို့ဆို ၆-လ ထဲချပါတယ်။ သန်းရွှေ မဟုတ်ဘူး ငြင်းရဲရင် ရှင်းချင်ပါတယ်ဗျာ။ တရားသူကြိးချုပ်က ငြင်းချင်လဲ ရှင်းချင်ပါတယ်။ ဆင်ဆာမဲ့ ဗွီဒီယိုအမှုချင်းအတူတူနော်။

(၁၇) အကျဉ်းသားထားရှိမှု နိုင်ငံရေးအကျဉ်းသားတွေကို တိုက်ခန်းတွေထဲမှာပဲ ထားပါတယ်။ အမိန့်ချတိုင်း အလုပ်ကြမ်းနဲ့ ထောင်ဒါဏ်။ နိုင်ငံရေးသမားတွေကို ခိုးဆိုးတွေနဲ့ ရောပြီး အတူမထားရဲတော့ အလုပ်လည်း မခိုင်းပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေက ခိုးဆိုးတွေကို လူ့အခွင့်အရေး ဒိမိုကရေစီ သဘောတရားတွေ ဟောတတ်လို့ပါ။ ကျန်ပြစ်မှု အကျဉ်းသားတွေ နိုင်ငံရေးအသိ လူအခွင့်အရေးအသိတွေ သင်ပြပေးလိုက်မှာကို ကြောက်တာပါ။

(၁၈) ထောင်ဝင်စာတွေ့ရခြင်း နိုင်ငံရေးအကျဉ်းသားတွေကို ရန်ကုန်ထောင်မှာ ကျန်ထောင်ကျ အကျဉ်းသားတွေ ထောင်ဝင်စာတွေ့တဲ့နေ့မှာ အတူတူတွေ့ဆုံရတာပါ။ ဒါပေမယ့် တသုတ်ထုတ်ရင် ခိုးဆိုးတွေက ၃၀ -၄၀လောက် ထွက်တွေ့ရပြီး နိုင်ငံရေးအကျဉ်းသားက တသုတ်ကိုမှ ၅-ယောက်ကနေ ၇-ယောက်ဘဲထုတ်ပါတယ်။ ပြီးနိုင်ငံရေးအကျဉ်းသားတွေ မိသားစုနဲ့ စကားပြောတာကို ၀န်ထမ်းရယ် အကျဉ်းသား (ခိုးဆိုး) ပေါင်းနှစ်ဦးက ပြောတာတွေ နားနဲ့ကပ်နားထောင်ပြီး လိုက်ရေးရပါတယ်။ တနေရာကတော့ အသံဖမ်းစက်ပါ တပ်ထားပါတယ်။ ကျနော်ဟာ အမြဲ အဲဒီမှာဘဲ တွေ့ရပါတယ်။ တခြားသူက အရင် ရောက်နေရင်တောင် ဖယ်ခိုင်းပြိး ကျနော်ကို အဲဒီမှာဘဲ ထိုင်ခိုင်းပါတယ်။

ကျန်ခိုးဆိုးတွေ အပြင်လူနဲ့ တွေ့ရင် နောက်ထပ် ပြစ်မှုကျူးလွန်ဖို့တွေ တိုင်ပင်လည်း အရေးမကြီးပါဘူး။ ၅ / ည တွေ မိသားစုအကြောင်းကလွဲလို့ တခြားအကြောင်းပြောမိရင် ထောင်ဝင်စာ နှစ်လ ပိတ်ပါတော့တယ်။ အဲဒီလိုလိုက်ရေးတာမျိုးကို မ.ဆ.လ ခေတ်ကလည်း မလုပ်ခဲ့ပါဘူး။ စောမောင် လက်ထက်မှာလည်း မလုပ်ခဲ့ပါဘူး။ ၉၅- နှစ်ကုန်မှာ ကျမှ သန်းရွှေ စခဲ့တာပါ။ အဲဒီလိုလုပ်ခွင့် ထောင်လက်စွဲထဲမှာ မပါရှိပါဘူး။

(၁၉) အလုပ်ခိုင်းစေမှု ၅ / ညတွေကို အမိန့်ချမှတ်တိုင်း အလုပ်ကြမ်းနဲ့ ထောင်ဒါဏ်လို့ အမြဲချပါတယ်။ တခါမှ မခိုင်းပါဘူး။ တချို့ကိုတော့ ချွင်းချက်နဲ့  မဲပြီး ရဲဘက်စခန်း ပို့တာတွေ ရှီပါတယ်။ ဥပမာ လူရွှင်တော် ပါပါလေး တို့ပါ။ ဒူးဂေါင်းကြီးယောင်နေလို့ လမ်းမလျှောက် နိုင်နေတာကိုတောင် အခြားအကျဉ်းသားတဦးကို ကျောပိုးခိုင်းပြီး ထုတ်သွားတာသာ ကြည့်ပေတော့။ အဲဒီ့လို နိုင်ငံကိုအုပ်ချုပ်သူရဲ့ စိတ်ဓါတ်က ဒီလောက်နိမ့်ကျမှတော့ ဒီတိုင်းပြည် နိမ့်ကျနေတာ ဘာဆန်းလဲ။

(၂၀) ထောင်အချိုးကျ လျှော့ရက် ၅ / ည တွေကို အခြားအကျဉ်းသားနည်းတူ ထောင်ကျတဲ့ နှစ်တွေထဲက တနှစ်ကို လျှော့ရက် ကွာလို့ ခေါ်တယ် ပေးပါတယ်။ ထောင်မှာ ကွာ သုံးမျိုးရှိပါတယ်။ A- ကွာ က တနှစ်ကို လျှော့ရက် - ၁၂၀ လောက်ရပါတယ်။ ရဲဘက်စခန်း ထွက်သူတွေ / မိလ္လာထမ်း အလုပ်လုပ်ရသူတွေ / တန်းစီးတွေ ကိုပေးပါတယ်။ ဥပမာ ထောင်ဒါဏ် ၁၀- နှစ်ကျတယ်။ အေ- ကွာရရင် တနှစ်ကို လေးလလောက် လျှော့ရက်ရတော့ ထောင်ထဲမှာ ဆယ်နှစ် (လပေါင်း- ၁၂၀ ပေါ့) မှာ (လပေါင်း -၄၀) လျှော့ရက်ရတော့ လ-၈၀ နေပြီးရင် လွတ်တော့တာပေါ့။ ဒီလိုဘဲ B- ကွာက တနှစ်ကို ၃-လလောက် (ရက်အားဖြင့် ၁၀၀-လောက်) ရတယ်။ သူက ထောင်မှာ တခြားအလုပ်လုပ်နေတဲ့သူတွေ။ C- ကွာ .ဒါကတော့ အလုပ်မလုပ်တဲ့သူတွေ ကိုပေးတာ။ တနှစ်ကို ရက်- ၇၅ -ရက်လောက်။ နိုင်ငံရေးအကျဉ်းသားတွေက စီ-ကွာဘဲ ရပါတယ်။ 

 သွားလေသူ သမိုင်းတရားခံများ... (တတိယမြောက် အတွင်းရေးမူး-၂ တင်ဦး)
အဲဒါကို အတွင်းရေးမူး-၂ တင်ဦးက ၁၉၉၉- နှစ်ကုန်မှာ I.C.R.C. International Red Cross Committee နိုင်ငံတကာကြက်ခြေနီ ကိုထောင်ထဲဝင်ခွင့်ပြုလိုက်ရတော့ ၅ / ညတွေကို ICRC က (လုံခြုံရေးအရ ထိန်းသိမ်း - SECURITY DETAINEES) (ဖမ်းဆီးလို့ မဆိုထားဘူးနော်) ထားသူများအဖြစ် သတ်မှတ်ချက်ရအောင် ( သတ်မှတ်ပေးအောင်ဖိအားပေးပြိး) လက်ခံမှ ၀င်လာတွေ့တာနော်။ အဲဒီ့မှာ တင်ဦးက ထိန်းသိမ်းထားတာ ထောင်ချထားတာ မဟုတ်တော့ ထောင်ကျထားသူတွေ ပေးထားတဲ့ အကျဉ်းသား ခံစားခွင့် ဖြစ်တဲ့ လျှော့ရက်ကို ထိန်းသိမ်းရုံ ထိန်းသိမ်းထားသူတွေနဲ့ မသက်ဆိုင်စေရလို့ လုပ်လိုက်ကတည်းက လျှော့ရက်တွေကို ပေးထားပြီး သားတွေပါ ပြန်ရုတ်သိမ်းလိုက်တယ်။

ဥပမာ ၅ / ည တဦးက ထောင်ဒါဏ် ၁၀- နှစ် (လပေါင်း ၁၂၀) ကျထားတယ်။ ထားပါ သူက ၁၉၉၂- နှစ်အစ လောက်က ကျထားတော့ စီကွာနဲ့တွက်တော့ တနှစ်ကို နှစ်လခွဲ လျှော့ရက်ရတော့ သူဟာ ၂၀၀၀-ခုနှစ် ဇွန်လမှာ လွတ်ပါမယ်။ အဲဒီ့တင်ဦးအမိန့်နဲ့ သူရထားပြီးသား (ပေးထားပြီးသားတွေနော်) ပြန်ရုတ်သိမ်းလိုက်တော့ (၂၀၀၀- ဇွန်လမှာ) မလွတ်တော့ပဲ။ ဆယ်နှစ်အပြည့်ဖြစ်တဲ့ ၂၀၀၂ နှစ်အစကျမှ ပြန်လွတ်ပါတော့မယ်။ အဲဒါ ၅ / ညပါ။ တင်ဦးလည်း အဲဒီ့အမိန့်ထုတ်ပြိး - ၃-လ မပြည့်ခင် ခွေးသေးဝက်သေ သေရတော့တာပါဘဲ။ သူအမိန့်ထုတ်ပြီး ၇၅ရက်-ခန့်ပေါ့။ ၅ / ညတွေ ရတဲ့ လျှော့ရက်နဲ့ နီးပါးအကွာမှာ ခွေးသေ၀က်သေ သေရတော့တာပါဘဲ။

(၂၁) SECURITY DETAINEES လုံခြုံရေးအရ ထိန်းသိမ်းထားသူများ ဒါကတော့ ICRC ဟာ မြန်မာပြည်မှ ရုံးခန်းဖွင့်ထားတာ ၁၉၉၀ -ခုနှစ်ကတည်းကပါ။ သို့သော် စောမောင် လက်ထက်ကတည်းက လုံခြုံရေးအရ ထိန်းသိမ်းထားသူများ ဆိုတဲ့ သတ်မှတ်ချက်မှာ ညှိနိုင်းမရတာရယ် ၅/ညတွေ အပါအ၀င် အကျဉ်းသားတွေကို တွေ့ဆုံတဲ့အခါ လွတ်လပ်စွာတွေ့ဆုံခွင့် (အပြည့်အ၀) မရလို့ ထောင်တွေထဲ မ၀င်ဘဲ ကြာနေပါတယ် ။

၁၉၉၉- သြဂုတ်လက စတင်ပြီးထောင်ထဲမှာ အကျဉ်းသား အားလုံး (၅ /ည အပါအ၀င် ခိုးဆိုးတွေအပါအဝင်) ကိုလာရောက်တွေ့ဆုံပါတယ်။ ၅ / ညတွေကိုတော့ တဦးချင်းစီရဲ့  ကိုယ်ရေးရာဇ၀င် အမှုဖြစ်စဉ် တွေကို ဘာသာပြန်နဲ့ (ဘာသာပြန်က သူတို့လူမျိုးတွေဘဲ -မြန်မာစကားသင်ထားတာ) နဲ့မေးမြန်း မှတ်တမ်းတင်တာ လုပ်ပါတယ်။ နောက်ပိုင်း ခြောက်လတခါ လာကြည့်ပါတယ်။ ၅ / ည မိသားစုတွေကို ထောင်ဝင်စာသွားတွေ့ဖို့ လမ်းစားရိတ် အပြင် ငွေသားသက်သက် ၂၀၀၀ -ကနေ ၃၀၀၀ လောက်ကူညီပါတယ်။ ဒါပေမဲ့ ဒီပဲယင်းယုတ်မာမှုကြိးအပြီးမှာ ကြံ့ ဖွတ်က သူလည်း လူမှုရေးအဖွဲ့မို့ ICRC နဲ့အတူ လိုက်ပါ တွေ့ဆုံပါမယ် လုပ်လာလို့ ICRC က လွတ်လပ်စွာတွေ့ခွင့် မရမချင်း ထောင်ထဲ မ၀င်တော့ပါဘူး။ ထောင်ဆေးရုံကိုလဲ ဆေးဝါးတွေ ပေးထားပါတယ်။ အများကြီးပေးထားတာပါ။ အကျဉ်းသား အာလုံးအတွက် ပေးတာပါ။

အခု အစိုးရကလဲ အစိုးရအသစ် ကြံ့ဖွတ်ကလည်း ပါတီ ဖြစ်သွားပြီမို့  ပြန်ညှိနိုင်းသင့်ပါပြီ။ ၅ / ည တဦးစီကို ICRC နံပတ်တွေပေးပါတယ်။ ထောင်ကျကဒ်ပြားတွေ ကိုထောင်ပိုင်ရုံးခန်းမှာ ပေးထားပါတယ်။ ထောင်ကလွတ်ရင် အကျဉ်းဦးစီးကပေးတဲ့ ကဒ်ပြားရော + ICRC ကပေးတဲ့ ကဒ်ပြားရော ထုတ်ပေးပါတယ်။ ခိုးဆိုးတွေကိုတော့ ကဒ်ပြားမပေးပါဘူး။ သိပ်ကျန်းမာရေး ဆိုဝါးသူဆိုရင်တော့ ထုတ်ပေးပါတယ်။

ဆက်လက်ဖေါ်ပြပါမည်
လေးစားလျှက်

လှိုင်မြင့်..