18 September 2011

အလွမ်းများနှင့် ဧရာဝတီ


ဝေးကွာနေတဲ့ နေရာကနေ အမိမြန်မာပြည်ရဲ့ နာကြီးချက်တွေ ကို အတတ်နိုင်ဆုံး ၀ိုင်းဝန်းပံ့ပိုးကြတဲ့တနည်းအားဖြင့် ဒီနေ့မြန်မာ ပြည်သူတွေရဲ့ စစ်အာဏာရှင် လက်အောက်က ဘ၀ပုံရိပ်တွေပေါ်ကနေ ပေါ်ပေါက်လာတဲ့ ဧရာဝတီ လူသတ်သမားကြီးများ အကြမ်းဖက်နေကြတာကို နှလုံးနာလွန်းလို့ပြောနေရအုံးမှာဘဲ။ မှန်ပါတယ် ဧရာဝတီ ဆိုတာ အမိမြန်မာပြည်ရဲ့ပင်မ သက်သွေးကြောမြစ်ကြီးလို့ ဆိုရပါမယ်။ ဧရာဝတီမှာ အလွမ်းတွေ၊ ဒဏ်ရာတွေ၊ အံကြိတ် တောက်ခေါက်သံတွေ၊ အညတြတွေရဲ့  သောက အမောတွေနောက်က ညည်းတွားသံတွေ ပြည့်လျှံနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာ သူရဲကောင်းတွေရဲ့ရာဇ၀င်တွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်နေသူရဲ့ တေးသံတွေလို ဧရာဝတီကို နောက်မဆုတ်တမ်း စီးဆင်းသွားစေမယ့် အရေးတော်ပုံ ပုံရိပ်တွေကလည်း အလျံဝင်းဝင်း တောက်ပနေတယ်ဆိုတာ သက်သေခံပြီးဖြစ်ပါတယ်၊၊

တကယ်တော့ ဒီလို တေးသံ၊ အလွမ်း၊ ဘ၀ ဇာတ်တွေဆိုတာ စစ်အာဏာရှင် လက်အာက်က မြန်မာ ပြည်သူတွေ နေ့တဓူဝ ခံစားနေရတဲ့ ပုံရိပ်တွေ ထဲက တစိပ်တပိုင်းလို့လည်း ဆိုနိုင်ပါတယ်။ ကျွန်တော်ဒီနေရာမှာ အဓိကပြောချင်တာက စစ်အာဏာရှင်စနစ်ရဲ့ လူမဆန်တဲ့ ဥပက္ခာပြုမှု ဥပဒေမဲ့ အနိုင်ကျင့် စော်ကားမှုတွေရဲ့ နောက်မှာ ပြည်သူလူထုရဲ့ဆန္ဒနဲ့ ဘ၀များစွာတွေဟာ လွတ်လပ်မှုကို အခွင့်ရှိတိုင်းအခါရှိတိုင်း တောင်းဆိုနေဆဲဖြစ်မယ်ဆိုတာ နေရာတိုင်း မြန်မာတွေရှိတဲ့နိုင်ငံတိုင်းမှာ တွေ့ မြင်နေ
ရဦးမှာပါဘဲ။

အနီးဆုံးကိုပြောပြပါဆိုရင် နာဂစ်မုန်တိုင်းက သိန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ကြပြီး သန်းနှင့်ချီ ဘ၀ပျက်ခဲ့တာကို မြန်မာ ပြည်သူတွေမမေ့သလို ဒီနေ့တနိုင်ငံလုံး စစ်ကျွန်ဘ၀ ရောက်အောင် ဇာတ်သွင်းနေတဲ့ အတွက် မြန်မာပြည်သူတွေ ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး၊၊ စစ်အာဏာရှင်တွေဘက်ကသာ သိသိချည်းနှင့် အရှက်တရားမဲ့ လူထုဆန္ဒမပါ အဓမ္မ ပုံသွင်းနေတာဖြစ်ပါတယ်။ ဒါကို မှတ်တမ်းတခု ရာဇ၀င် အဖြစ် ရေးဖွဲ့ချင်ကြတဲ့ အနုပညာရှင်၊ စာပေတော်လှန်ရေးသမားများရဲ့ ကြိုးစားအားထုတ်မှုကို လက်ကမ်းကြိုဆိုရင်း အောက်ကကဗျာလေးနှင့် ကျွန်တော် အသက်သွင်း ပြီးတင်ပြလိုပါတယ်၊၊ နောက်တစ်ခုကတော့ ဧရာဝတီကို ဘယ်သူမှ မပိုင်ပေမယ့် မြန်မာနိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ အမြင်ကို (လက်မခံရင်တောင်) ထည့်သွင်း စဉ်းစားသင့်ပါတယ်။

ဧရာဝတီရဲ့ အတိတ်လှိုင်း

နွေခေါင်ခေါင် နေပူထဲမှာ

စစ်တုရင် မကစားဖူးတဲ့ တရုပ်စုတ်တွေရဲ့ ဒဏ်

ပွဲပြီးမှ ထိုးကျွေးခံရမှန်း ငါသိခဲ့ရတယ်

ငါမသိတဲ့ ငါ့ကံကြမ္မာက

မင်းလက်ထဲကမှောက်ဖဲတစ်ချပ်တဲ့လား။

လျှပ်စီးတွေ တဖြန်းဖြန်းလက်တဲ့အလား

အပြစ်ကင်းမဲ့ စွာ စီးဆင်းနေတဲ့

မိခင်ဧရာ မြစ်ကြီးကို ချစားခံရတော့မတဲ့

တရုတ်ကြီးရဲ့ အပြုံးက

သိန်းစိန်အမုန်းထက် ကြောက်ဖို့ကောင်းတယ်။

ပြည်သူတွေ အားကိုး ကျေးဇူးတရားကြီးမား

အတိတ်တွေ စီးဆင်းနေတဲ့

အမိဧရာဝတီရဲ့ နာကျင်ခြင်းရနံ့တွေ ရှိုက်မိတိုင်း

ကောင်းကင်ထက်က အလင်းပျောက်ကြယ်ဟာ

အသက်ရှူကြပ်ခဲ့ရတယ်

ဗိုလ်ချုပ်ကြီးများရဲ့ အိမ်မက်ဟာ

တရုပ်သိုင်းကား ကြည့်ပြီး ခြောက်လှန့်ခံနေရဆဲပဲ ။

ဘုရားသခင်ဖန်ဆင်းထားသလို ဘဲ

ကောင်းကင်းတစ်ခုလုံး တိမ်တွေညိုရင်

အလွမ်းရဲ့ ကြယ်တွေငိုတော့မယ်

မိုးတွေ တေးဆိုတဲ့အခါ

ဧရာဝတီ ရဲ့ အတိတ်လှိုင်းဟာ မေခနဲ့ မလိခမြစ်ပုရပိုဒ်မှာ

ကြေကွဲခြင်း ဆိုင်းသံကို မကြာခင်တီးခတ်လိမ့်မယ် ။

တိမ်ပြာတွေ မီးတောက်ခဲ့တဲ့

ဧရာဝတီ ရဲ့ အတိတ်လှိုင်း မြို့ရိုးမှာ

ခုနှစ်စဉ်ကြယ် အိပ်မက်တွေ

ဖဲတစ်ချပ်လို လွယ်လွယ်

အမှောက် ခံလိုက်ရပြီပဲ

ဖြစ်ခဲ့သမျှ အားလုံးအတွက်

ငါ ရင်ထုမနာ ဖြစ်နေဆဲဘဲ

အလွမ်းများနဲ့ ဧရာဝတီ... ရေ။

ထွန်းဝေ တိုကျို ။
9.17.2011

ရေးသားသူ.. ထွန်းဝေ ( တိုကျို )