18 February 2012

လွတ်လပ်စွာစည်းရုံးမဲဆွယ်ခွင့်ကို ထိခိုက်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောပြီ



လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်အား ကန့်သပ်ခြင်းသည် ညွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို အနှောက်ယှက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၁၇ရက်နေ့ ဖျာပုံမြို့တွင် ပြောကြားလိုက်သည်။

“လွတ်လွတ်လပ်လပ် စည်းရုံးပိုင်ခွင့်ကို အနှောက်အယှက်ဖြစ်စေမဲ့ ကိစ္စမှန်သမျှဟာ ကျွန်မတို့ရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလည်း အနှောက် အယှက်ဖြစ်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖျာပုံမြို့တွင် ဒေါ်အောင်ဆန်းစုကြည်ဟောပြောရန်အတွက် ဖျာပုံမြို့အားကစားကွင်း တွင် ပြင်ဆင်ထားသော်လည်း သက်ဆိုင်ရာမှ တားမြစ် လိုက်သည့်အတွက် ဖျာပုံမြို့အဝင် လယ်တောထဲသို့ ပြောင်းရွှေ့စီစဉ်လိုက်ရကြောင်း NLD ဖျာပုံကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေက ပြောကြားသည်။

အလားတူ မန္တလေးမြို့၌လည်း အားကစားကွင်း၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခွင့် မရလိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးစည်းရုံးရေးခရီးစဉ်ကို ယာယီရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။ ယင်းအကြောင်းများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ရွေးကောက်ပွဲကော်မရှင်သို့ စာတင်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးခရီးစဉ်၌လည်း ဟောပြောမည့်အားကစားကွင်း ကို ဟောပြောခွင့်မပြုသည့်အတွက် ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲကော်မရှင်ကို အသိပေးလိုက်ခြင်းကြောင့်သာ ဟောပြောခွင့် ပြန်လည်ရရှိကြောင်း NLD လှည်းကူးကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ဥပဒေစိုးမိုးရေးကို ယုံကြည်တာနဲ့အလျောက် စည်းမျဉ်းစည်းကမ်းနဲ့အညီ ကျွန်မတို့ကလုပ်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောဆိုခဲ့သည်။

၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည်က မလိုအပ်သည့် ကန့်သပ်ချုပ်ချယ်မှုတွေကို ဖယ်ရှားပေးရန်နှင့် အထောက်အကူဖြစ်မည့် စည်းမျဉ်း စည်းကမ်းများကိုလည်း အကောင်အထည်ဖော်ပေး ရမည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ကလည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်စသည့် အခြေခံ လူ့အခွင့်အရေးများကို လေးစားလိုက်နာရမည် ဟု ဖေဖော်ဝါရီလ ၃ ရက် နေ့တွင် ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲတိုင်းအတွက် အရေးကြီးတာကတော့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ပါပဲ။ အဲဒီမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်တို့လည်း ပါပါတယ်။ ကျွန်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ပြီး ဒီအကြောင်းတွေကို ဆွေးနွေးခဲ့သေးတယ်”ဟု Ojea Quintana က ဆိုသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံ အနှံ့အပြားရှိ ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်များက ဝိုင်းဝန်း ကူညီရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ဖူးသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတရန် နိုင်ငံတကာကဖိအားပေးသည့်အပြင် အမေရိကန်နိုင်ငံနှင့် ဥရောပ နိုင်ငံများက ပိတ်ဆို့ထားမှုများဖြေလျှော့ရေးအတွက် ယင်းအချက်သည်လည်း အရေးပါကြောင်း ပြောကြားထားသည်။

သတင်း....Transparency Myanmar

‎"ပြည်သူကို ချော့ပြီးလဲ မစည်းရုံးခဲ့ဘူး။ ခြောက်ပြီးလဲ မစည်းရုံးခဲ့ဘူး။" (ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့နယ် သဲကွင်း ဟောပြောချက် အစအဆုံး၊

17 February 2012

ပြည်သူတွေ ရဲ့ ဆန္ဒအမှန် ကိုဖော်ထုတ်ပြသလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ ဖျာပုံ အောင်နိုင်ရေးခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို ဖျာပုံ၊ ဒေးဒရဲ မဲဆန္ဒနယ် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေနှင့် အတူ တွေ့ရစဉ်










ဓာတ်ပုံ.....Messenger News Journal's ။ ဥက္ကာကိုကို ။

ရေခရီးက လှေစီးပြီး ဒေါင်းအလံ တလူလူ လွှင့်လို့ .......... ဧရာဝတီရေ .. အမေစု လာနေပြီ ။









ဓာတ်ပုံ များအတွက် ကိုအဘယ အားကျေးဇူးတင်ရှိပါသည်.။

မိန်းမချင်း စာနာမိပါတယ်ရှင့်

နိုင်ငံတော်အကြီးအကဲများရှင့်

ကျွန်မအေးအေးကြည် ဂျပန်နိုင်ငံသားနှင့်ဖြစ်သည့် အမှုကစ်စ အတွက်ကြေအေးပေးရန်တရားရုံသို့လာရောက် ရန် အကြောင်းကြားပါသဖြင့် 15.2.2012 တွင်သွားရောက် ခဲ့ပါသည်။

တရားသူကြီးမှ ဂျပန်ဘက်မှ ကျွန်မ ကို အကြမ်းဖက်တာဆီးမှု နှင့် တရားဆွဲဆို ထားကြောင်း ထို့ကြောင့် အားမ ခံပါသလားဟုမေးပါသည်။ ကျွန်မ မှ အံအားသင်လျှက် ကျွန်မ ဂျပန် ကို ဘာမှ အကြမ်းဖက်မှု လည်း မလုပ်ခဲ့ပါသဖြင့် ဘာကြောင့် တရားဆွဲခံရပါလည်းဟု ပြန်လည် လျှောက်ထားခဲ့ပါသည်။ ထိုအခါတရားသူကြီး မှ ဆရာမလည်းမသိပါ သူတို့တရားဆွဲ ဆို ထားပါသည်။ ထို့ကြောင့် အာမခံပါသလားဟုပြောသည် ကျွန်မက မပါပါ ဟုပြန်လည်ဖြေကြားခဲ့ပါသည်။ထို့နောက် တရားသူကြီးမှ ညနေ4နာရီတွင် ရုံးပြန်ချိန်း မည် ထိုအတောအတွင်း သိန်းတရာတန် အာမခံပေးနိုင်မည့် အာမခံနှစ်ဦး ရှာထားပါ၊ မရှာ နိုင်လျှင် အချုပ်ခံရမည်ဟုပြောပြီး ရုံးဆင်းလိုက်သည်။ကျွန်မ သည် သာမာန် ၀န်ထမ်း တစ်ဦး သာဖြစ်ပါသည်။သိန်တစ်ရာတန်အားမခံနှစ်ဦးရှာ ဖို့ဆိုတာ မလွယ်ကူပါ။ဟိုတယ်မှ တာဝန်ရှိသူများက ကျွန်မအတွက် အာမခံလုပ်ပေးခဲ့ပါသည်။

အကယ်ရွေ့ ကျွန်မအတွက် ဟိုတယ်မှ အာမခံမလုပ်ပေးခဲ့ပါက ကျွန်မ ဘာများဆက်ဖြစ်မည်လည်းဆိုတာ တော်တော် ကြောက်ရွံ့နေခဲ့ရပါသည်။အမှန် ဆင်စစ် ကျွန်မက အရိုက်ခံရသူပါ။တိုင်းတပါသူ လီဆယ်တိုင်ကြားတာကို သိလျှက်နဲ့ အာမခံနှင့် ထွက်ဆိုပါဟုပြန်လည်းတရားဆွဲဆိုခံခဲ့ရပါတယ်။ကျွန်မဟာ အခု ဆိုရင် ဟိုတယ် က လူကြီးမင်းများရဲ့ အာမခံမှုနှင့် အပြင်တွင်နေထိုင်နေရခြင်းဖြစ်ပါတယ်။

ယခုမတရားမှု အတွက်မည်သူကို တင်ပြရမည်ကိုမသိတဲ့အတွက် လူကြီးမင်းများမှ ကူညီပေးးပါရန် ပန်ကြားအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည့် မန္တလေးအောင်နိုင်ရေးခရီးစဉ် ပြန်လည်စတင်မည်


“အဖွဲ့ချုပ်ဥက္ကဌက ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ(၄)ရက်က လာဖို့ပျက်သွားတော့ သူကြေငြာထားတဲ့အတိုင်း လာဖို့ရှိပါ တယ် ၊ လာမှာပါ။ မတ်လဆန်းမှာဖြစ်ပါတယ်ရက်အတိအကျတော့ ကျနော် မပြောနိုင်သေးပါဘူး ၊ ကျနော်တို့မန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့နဲ့ ကျန်တဲ့မြို့နယ်အောင်နိုင်ရေးအဖွဲ့တွေက ကြိုဆိုဖို့လုပ်နေကြပါပြီ ” ဟု မဟာအောင်မြေမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးအုန်းကြိုင်က ပြောသည်။

“ဒီတစ်ခေါက်လည်း ကျွန်တော်တို့က ဗထူးကွင်းကိုပဲ ချိတ်ထားပါတယ်။ဗထူးကွင်းကို သွားကြည့်ပြီးပြီ ၊ အကျယ်အ၀န်းအားဖြင့်တော့အခြားသူ့ထက်သာတဲ့ ကွင်းတွေရှိတယ် သို့သော်လည်းဗထူးကွင်းကမြို့လယ်
ကောင်လည်းကြတယ် ၊ သက်ဆိုင်ရာကိုလည်းတင်ပြမှာပါ ။နောက်တစ်ခြားကွင်းတွေလဲကြည့်ထားပါတယ် ၊ အောင်မြေမန္တလာကွင်းရယ် ၊မန္တလေးတောင်ခြေကကွင်းရယ် အဲဒါတွေလဲ ကြည့်ထားပါတယ် ” ဟု ဦးအုန်းကြိုင်က ဆက်လက်ပြောဆိုသည်။

တောင်သူလယ်သမားတွေရဲ့ဘဝကိုဘယ်တော့မှ မမေ့ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား



တောင်သူလယ်သမားများ နေထိုင်ကြသော လှည်းကူးမြို့နယ် သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ စဉ် တောင်သူလယ်သမားများ၏ ဘဝကို ဘယ်တော့မှမမေ့ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

တောင်သူလယ်သမားရဲ့ဘဝ မြှင့်တင်ရေးအတွက် အခုကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ကိစ္စကို လေ့လာပြီးတော့ စဉ်းစားနေပါတယ်။ တောင်သူ လယ်သမားများ အားမငယ်ပါနဲ့ စိတ်မပျက်ပါနဲ့ အခုကမ္ဘာ့ရဲ့အခြေအနေအရဆိုလို့ရှိရင် လက်ရာထွက်ပစ္စည်းတွေရဲ့ တန်ဖိုးတွေဟာ တက်နေပါတယ် ဆိုတဲ့ အားပေးစကားပြောပါရစေ” ဟု ပြောကြားသည်။

အစိုးရမှလည်း တောင်သူလယ်သမားများ ဘဝနေထိုင်မှု အဆင်ပြေစေရေးအတွက် ပြည်တွင်း၌ ဆန်းစပါးဈေး မကျစေရန် ဆန်ဈေးကို ထိန်းညှိနိုင်သည့် အရံဆန် အမြောက်အများကို သိုလှောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

လယ်သမားအရေးနှင့်ပတ်သက်၍ လွှတ်တော်တွင် အတည်ပြုပြဌာန်းလိုက်သည့် မြေယာ ဥပဒေမူကြမ်းသည် တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို အခိုင်အမာ ပြဌာန်းထားသော ဥပဒေများ မပါရှိသည့်အတွက် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် တောင်သူလယ်ကမား အရေး လုပ်ဆောင်သူများနှင့် နိုင်ငံရေးအင်အားစုများ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သမ္မတဟောင်း ဒေါက်တာမောင်မောင် ကလည်း ၁၉၄၈ ခုနှစ်တွင် “မြန်မာလယ်သမားများက ကြီးမြတ်တယ်လို့ ကျုပ်ကမြင်တယ်။ ဒီအမြင်ကတော့ ကျုပ်မပြောင်းလဲတော့ဘူး” ဟုပြောဆိုခဲ့ဖူးသည်။

လယ်သမားအရေးသမိုင်းတွင်လည်း ဆရာစံသည် ၁၉၃၀ ခုနှစ်တွင် ဆင်း ရဲချို့တည့်ကြသည့် သာယာဝတီနယ်မှ လယ်သမား သူပုန် များကို ဦး ဆောင်ပြီး အင်္ဂလိပ် နယ်ချဲ့စနစ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ သည်။

မြန်မာနိုင်ငံရှိ လူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် လယ်ရာလုပ်ငန်းကို မှီခိုလုပ်ဆောင်နေသူများဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ပြောကြားသည်။

သတင်း....... yangonchronicle

16 February 2012

(၁၇.၂.၂၀၁၂) ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ထူးခြားဖြစ်စဉ်များ


ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အားကစားကွင်း (ဘောလုံးကွင်း) အသုံးပြုခွင့် ပိတ်ပင်ခံရပြီးတဲ့နောက်မှာ ... ငိုရခက် ရယ်ရခက်ဖြစ်ရပ်တစ်ခု မနေ့က ထပ်မံဖြစ်ပျက်ခဲ့ပါတယ်။

ဖျာပုံမြို့ရဲ့ နာမည်ကျော်ကြားတဲ့ ရှေးဟောင်းသမိုင်းဝင် သာစည်ဘုရားကြီးဝင်းအတွင်းမှာ (ဘ၀အလှဆင် ဓမ္မသဘင်အဖွဲ့) ကနေ တပေါင်းလဆုတ် (၁) (၂) (၃) ရက်များမှာ ကြီးမှူး ကျင်းပမယ့် ဆရာတော် ဦးကောဝိဒတရားပွဲအတွက် ပြင်ဆင်ထားတဲ့ တရားဟော မဏ္ဍပ်ကို ဖျက်သိမ်းခိုင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီ တရားဟောမဏ္ဍပ်ဟာ အခုမှ စတင်ဆောက်လုပ် တာမဟုတ်ဘဲ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက ရှင်ဇ၀န (မေတ္တာရှင် ရွှေပြည်သာ) တရားပွဲ အတွက်ဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ နောက်ထပ် တရားပွဲတစ်ခု ထပ်မံကျင်းပဖို့ရှိတာကြောင့် ဖျက်သိမ်းခြင်း မပြုဘဲ ဒီအတိုင်းထားခဲ့တာဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီကနေ လွှတ်တော်အမတ်ဖြစ်သွားခဲ့တဲ့ ဦးလှဝင်းဗိုလ်က ဦးဆောင်ပြီးတော့ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ကို လာရောက်ပြောဆို ဖျက်သိမ်းခိုင်းခြင်းဖြစ်ပါတယ်။ မဏ္ဍပ်တစ်ခုလုံး ကို ဖျက်သိမ်းခိုင်းတာမျိုးမဟုတ်ဘဲ ကြမ်းခင်းတွေကို ခွာပေးထားဖို့ လာရောက်ပြောဆို သွားခြင်းဖြစ်ပါတယ်။ ဘာကိစ္စကြောင့် အခုလိုလုပ်ခိုင်းတယ်ဆိုတာကိုတော့ ပြောဆိုသွားခဲ့ခြင်း မရှိဘူး လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲခရီးစဉ်အတွင်းမှာ နေရာအခက်တွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတဲ့ ဒီလုပ်ရပ်ဟာ မရိုးသားမှုတွေရှိနေတယ်ဆိုတာ ထင်ရှား ပေါ်လွင် နေပါတယ်။ တရားပွဲဖြစ်မြောက်ရေးအဖွဲ့က တာဝန်ရှိသူတွေကလည်း ဒီကိစ္စအပေါ်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေကြတာကို ကြားသိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုမှာ အခုလိုအဖြစ်အပျက်တွေ (တရားဓမ္မကို ပိတ်ပင်သလိုဖြစ်နေတဲ့ လုပ်ရပ်တွေ) ဖြစ်ပေါ်နေတာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး လို့လည်း ပြောဆို နေကြပါတယ်။

ဖျာပုံမြို့နယ် NLD အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့
'' ကျွန်တော်တို့ NLD အနေနဲ့ ဒီလို ဘာသာရေးနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဟောပြောပွဲတွေ ပြုလုပ်ဖို့ ကြိုတင်စီစဉ်ထားခြင်းမရှိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်လို ထောက်ခံအားပေးမှု အလွန်များတဲ့ လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ဒီလို နေရာကျဉ်းကျဉ်းလေးမှာ ဟောပြောပွဲပြုလုပ်ဖို့အတွက် ဘယ်လိုမှမဖြစ်နိုင်ပါဘူး " လို့ ဖြေကြားပါတယ်။

ဖျာပုံမြို့ခံ ပြည်သူလူထုတွေကတော့ ဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲ ကို အတတ်နိုင်ဆုံး နှောက်ယှက်မယ်ဆိုတဲ့ မသမာတဲ့ အကြံအစည်မျိုးနဲ့ လုပ်တဲ့ လုပ်ရပ်ပဲဖြစ်တယ်လို့ ယူဆ ပြောဆိုနေကြကြောင်းပါဗျာ ... ... .... ။

(မူယင်းလင့် - Bryan Adams)

ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆိုရန် ဖျာပုံသားတို့၏ ဒုက္ခ

၁၇.၂.၂၀၁၂ ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးအတွက် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် လူထုဟောပြောပွဲပြုလုပ်ရန် ဖျာပုံမြို့နယ် အားကစားကွင်း (ဘောလုံးကွင်း) အား အသုံးပြုခွင့်မရရှိသဖြင့်၊ ဟောပြောပွဲမပျက်စေရန် မြို့ပြင်လယ်ကွင်းများထဲတွင် အခမ်းအနားကျင်းပရန်အတွက် ဖျာပုံမြို့နယ် NLD အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးသူများ၊ပင်ပန်းဆင်းရဲစွာကြိုးစား နေကြ ရသော သတင်းရရှိပါသည်။

သတင်း...... ရွှေဟင်္သာ သတင်းဌာန

15 February 2012

ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူးမြို့နယ်မဲဆွယ်စည်းရုံးရေးခရီးစဉ်










ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် လှည်းကူးမြို့နယ်သို့ ၁၁ နာရီကျော်တွင် ၀င်ရောက်လာခဲ့ရာ သောင်းနှင့်ချီသော လူထုကြီးက တခဲနက်ကြိုဆိုနှုတ်ဆက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လှည်းကူမြို့နယ်တွင် နေ့လည်စာစားသောက်ပြီး မြို့နယ်အားကစားကွင်းတွင် လူထုအား မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဓာတ်ပုံ-ဝေယံ နှင့် Messenger News Journal

မရမ်းကုန်းမြို့နယ်တွင်မဲဆွယ်စည်းရုံးရေးခရီးစဉ်







ဓာတ်ပုံ....7Day News Journal

ABSDF မြောက်ပိုင်း သတ်ဖြတ်မှုနှင့် ပက်သက်ပြီး RFA မှ မေးမြန်း တင်ပြချက်

RFA interviews with Ex-ABSDF by Ko Htike 1

ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်မှု တောင်ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲမှ ပလပ်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်အရည်အချင်း ညီညွှတ်မှုမရှိပာု ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်ရီ၏ ကန့်ကွက်မှုအား တောင်ပိုင်း ခရိုင်ကော်မရှင်ရုံးမှ ပလပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့်အပေါ် ပြိုင်ဘက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီက “ဒေါ်အောင်ဆန်းစုကြည်ပာာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ညီညွှတ်မှုမရှိတဲ့အတွက် ဇန်နဝါရီလ ၆ ရက်နေ့မှ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံကို ကန့်ကွက်လွှာ တင်သွင်းခဲ့ပါတယ်” ပာု ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းကြောင်း ဦးတင်ရီ၏ ကန့်ကွက်မှုအပေါ် တောင်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ခွဲမှ ပယ်ချခဲ့သည့်အတွက် ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးပါတီအနေဖြင့် တိုင်းကော်မရှင်၊ ဗပိာုကော်မရှင်နှင့် လွှတ်တော်သို့ထိတိုင် တက်၍ ဆက်လက် ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအလုပ်အမှု ဆောင်အစည်းအဝေးခေါ်ယူ၍ ပါတီမှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ၎င်း အစည်းအဝေး၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ကန့်ကွက်သူမရှိ တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ဇန်နဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ နိုင်ငံရေးပါတီမှတ်ပုံတင် ၄၇ ဖြင့် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့သည်။

သတင်း..... yangonchronicle

14 February 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံကလေးများနေ့ မိန့်ခွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉၇ နှစ်ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်း

"ဒီကနေ့ကို ကလေးများနေ့လို့ ဘာလို့သတ်မှတ်လဲဆိုတာ ပြောပြချင်ပါတယ်။ အမေတို့နိုင်ငံက ကလေးတွေက မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ ဘယ်လိုဖြစ်သင့် တယ်၊ ဘယ်လိုစိတ်ဓာတ်မျိုးထားသင့်တယ်ဆိုတာကို နားလည်အောင်လို့ ဒီနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်တာပါ။ အခုဒီကဗျာလေးမှာဆိုရင် ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား ဆိုတာမှာ ဇာနည်ဆိုတာ အာဇာနည်ကနေလာတာ ၊ အာဇာနည်ဆိုတာ မူလအဓိပ္ပာယ်အရ၊ အိန္ဒိယကလာတဲ့အဓိပ္ပာယ်အရ ပြောရရင် မျိုးရိုးကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒါပေမယ့် တချို့ ကမျိုးရိုးဆိုတာ အလွယ်စဉ်းစားလိုက် လို့ရှိရင်တော့ မိဘ၊ မိသားစုကောင်း တယ်မြင့်တယ်လို့သတ်မှတ်ကြတယ်။ အမေတို့တကယ့် အာဇာနည် တကယ့်မျိုးရိုးကောင်းတယ်ဆိုတာ စိတ်ထားမှန်ကန်ပြီး စိတ်ထားဖြူ စင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ ဒီလိုပဲ အမေတို့က သတ်မှတ်တယ်။ ဒါကြောင့်မို့လို့ ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာလုပ်တယ်ဆိုတာ ကလေးများကတကယ်ကို မြင့်မြတ်တဲ့ စိတ်ထားတွေထားနိုင်အောင်လို့ဖြစ်တယ်။ ကလေးတွေက ကလေးများနေ့ကိုလာလို့ရှိရင် မုန့်စားရမယ်။ လက်ဆောင်လေးတွေရမယ်။ ပြိုင်ပွဲလေးတွေဝင်မယ်။ ဒီလိုပျော်တာလည်း မှန်ပါတယ်။ အမြဲပဲစဉ်းစားရမှာက ဘာဖြစ်လို့ ကလေးတွေကို ဒီလိုပျော်အောင်လုပ်သလဲဆိုတာက ကလေးတွေကို ပျော်အောင်လုပ်ပြီးတော့ အမှန်ပြောရရင် မှန်မှန်ကန်ကန် သင်ပေးချင်လို့။ ကျောင်းကိုသွားရရင် ပျော်တဲ့ကလေးတွေရှိတယ်။ ကျောင်း သွားတာ ပျော်ကြရဲ့လား။ တစ်ချို့ကလည်း ပျော်တယ်။ တစ်ချို့ကလည်း မပျော်ဘူး။ ကျောင်းသွားတာပျော်မှ စာသင်ယူလို့ရမယ်။ ကျောင်းမှာမပျော်လို့ရှိရင် စာသင်ယူလို့မရဘူး။ ဒါကြောင့်မို့ အမေတို့ကနေပြီးတော့ ကလေးများနေ့မှာ ကလေးတွေကို ပျော်အောင်လုပ်တဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေကို မှန်မှန်ကန်ကန် သင်ခန်းစာတွေ သင်ပေးချင်လို့ပဲ။ ဒီလိုဘာဖြစ်လို့ ကလေးများနေ့လုပ်လဲ။ ကလေးတွေဟာ ဘယ်လိုလူကြီးတွေဖြစ်လာစေချင်သလဲဆိုတာကို အမေတို့က ပြချင်လို့ ဒီလိုကလေးများနေ့ လုပ်ရတာဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေဟာ ကလေးများနေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါ။ စားရတာလည်း ကောင်းကောင်းစားပါ။ ရတဲ့လက်ဆောင်တွေအတွက်လည်း ၀မ်းသာကြပါ။ ပြိုင်ပွဲဝင်တဲ့ကလေးတွေလည်း ဆုရကြပါစေ။ ဒါပေမယ့် ဘယ်တော့မှ မမေ့ရမယ့်ကိစ္စကတော့ ဒီကလေးလေးတွေဟာ တစ်ချိန်တစ်ခါမှာ အမေတို့ရဲ့နိုင်ငံကို အကျိုးပြုရမယ့်ကလေးလေးတွေ၊ နိုင်ငံအတွက် အလုပ်လုပ်ရမယ့်ကလေးတွေမို့ ဒီလိုအလုပ်လုပ်ရမယ့် လူကြီးတွေဖြစ်လာရမယ်ဆိုတာလည်း မမေ့ပါနဲ့လို့ ကလေးတွေကို တိုတိုတောင်းတောင်းပဲ ပြောချင်ပါတယ်။ ရှည်ရှည်ပြောရင် ကလေးတွေက နားမထောင်ချင်ဘူး။ တက်ရောက်လာတဲ့ ကလေးလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ပါသည်။

မဂ္ဂင်ကျောင်းတိုက် ပြန်လည်ပြင်ဆင်ရန် လိုအပ်

ခြောက်နှစ်ကျော်ကြာ ပိတ်ထားပြီး ဖေဖော်ဝါရီ ၁၀ ရက်မှပြန် လည် ဖွင့်လှစ်ခွင့်ရသော မဂ္ဂင် ကျောင်းတိုက်အား ပြန်လည်ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးဣန္ဒက ပြောသည်။

“ပိတ်ထားစဉ်ကာလတုန်းက မုန်တိုင်းတွေ ဘာတွေ တိုက်တာ ရှိတယ်လေ။ ခေါင်တွေ လန်သွား တယ်။ ကြမ်းတွေ ဆွေးကုန်တယ်” ဟု ဆရာတော်က မိန့်သည်။

ထို့အပြင် ဆရာတော်က “ပြင်ရင် ခဏခဏ ပြင်ရမယ်။ ဖြစ်နိုင်ရင် တစ်ခါတည်း သုံးထပ် ကျောင်းဆောက်ချင်တာ။ မြေနေ ရာကလည်း ကျဉ်းတော့ သုံးထပ် ကျောင်းလောက်မှ သံဃာများများ နေလို့ရမယ်” ဟု ဆရာတော်က ဆိုသည်။

မဂ္ဂင်ကျောင်းတိုက်အား ရွှေဝါရောင်တော်လှန်ရေးဖြစ်သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာမှစ၍ ပိတ်ခဲ့ရပြီး ၂၀၁၂ ဖေဖော်ဝါရီ ၁၀ ရက်တွင် သက်ဆိုင်ရာ ပြန်ဖွင့်ပေးခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးတွင် အဆိုပါ ကျောင်းတွင် သီတင်းသုံးနေသော ကျောင်းထိုင် ဆရာတော်နှင့် တခြားသံဃာတစ် ပါးအား ဖမ်းဆီးခဲ့ပြီး ၂၀၁၂ ဇန်န၀ါရီ ၁၃ ရက်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ရသဖြင့် သီပေါထောင် မှ ပြန်လွှတ်ခဲ့သည်။

ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ် ခွင့်ရပြီးနောက် မဂ္ဂင်ကျောင်းတွင် ဦးပဇဉ်းသုံးပါးနှင့် ကိုရင်တစ်ပါး သီတင်းသုံးနေထိုင်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၃ ရက်ထိ မဂ္ဂင်ကျောင်းတိုက်အား လာရောက်ပြုပြင်ပေးသူ မရှိသေးဘဲ အဖွဲ့တစ်ဖွဲ့က ပြုပြင်ရန် ကမ်းလှမ်းလျက်ရှိထားကြောင်း သိရသည်။

သတင်း....... 7Day News Journal

13 February 2012

ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်းဖွင့်ပွဲ။


ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အရှင်ဆန္ဒာဓိက လှူဒါန်းသည့် ငွေကျပ် ၃၂ သိန်းကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံစဉ်။




ကိုမင်းကိုနိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်။

ချစ်ဦးညိုနှင့် ဦးတင်ဦး။

ဦးကျော်သူနှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်။
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ဗိုလ်ချုပ်နေရာမှ အရွေးချယ်ခံမည့်သူတစ်ဦးနှင့် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး။
"ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌကျော်သူဧ။်ဖခင်အမျိုးသားရုပ်ရှင် ပိုင်ရှင်ဦးစိန်တင်က အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးအားအပြီးပြတ် လှူဒါန်းစဉ်။"


ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဇာတ်မင်းသား ဖိုးချစ်မှ ငွေကျပ်သိန်းလေးဆယ်လှူဒါန်းစဉ်။

ဓာတ်ပုံ.....ဥက္ကာကိုကို

' ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုဆောင်းပါး' ( ရေးသူ-ဒေါ်အောင်ဆန်းစုကြည်)

' ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုဆောင်းပါး'

ရေးသူ-ဒေါ်အောင်ဆန်းစုကြည် -မြန်မာပြန် - ဒေါက်တာအောင်ခင်

ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့် ” ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘ၀ လုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေအထောက်အထားများကို ကျမ စတင် စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများထံမှ သိရှိရသော အချက်အလက်များ အပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲ ခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဥာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ သြဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာ ကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်း ရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။

အောင်ဆန်းကို မြန်မာနိုင်ငံ အညာဒေသရှိ နတ်မောက်မြို့ကလေး၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ဖွားမြင်ပါသည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုန်းစေပြီး မြန်မာတနိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း(၃၀) အကြာတွင် ဖြစ်ပါသည်။

နတ်မောက် နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။ အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ်သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက်လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။

ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်းဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ “ကုလားတို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင်ဆန်းမိသားစုနှင့် နယ်သူနယ်သားများ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။

ညီအကိုမောင်နှမ (၆) ဦး (ကလေးဘ၀ကပင် ကွယ်လွန်ကြသူများအပါအ၀င်ဆိုလျှင် မွေးချင်း - ၉ ဦး) အနက် အထွေးဆုံးဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစားကြူး၍ လုံးဝနှစ်လိုဖွယ်မဟုတ်သော ကလေးတဦးဖြစ်ပါသည်။ စကားပြောလည်း နောက်ကျလှသဖြင့် မိသားစုက ‘ဆွံ့အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်းကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသား ဖြောင့်မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာတတ်ခြင်း စသော ချစ်စဖွယ် စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့ အား ငယ်စဉ်က ကောင်းစွာသိခဲ့သူများနှင့် သူ့မိသားစုဝင်များက ကောက်ချက်ချကြပါသည်။

အောင်ဆန်းမိသားစုမှာ ဥာဏ်ရည်ကောင်းပြီး ပညာဖက်တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်းရထား ပါသည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင်ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။ စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဟု ဆိုရမည် ဖြစ်သော ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အလိုလိုက်ထားခဲ့၏။

သို့ဖြင့် (၈) နှစ်သား အရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အကိုဖြစ်သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ၀င်သောအခါ၌ ဘုန်းကြီးကျောင်းနေ သံဃာတို့ဘ၀ကို သဘောကျ၍ပေလား၊ ရှင်လောင်းများစီးသည့် ကကြိုးတန်ဆာ ဆင်ရင်ထားသော မြင်းဖြူလေးကို သဘောကျ၍လားမသိ၊ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာပါတော့သည်။ လိမ္မာပါးနပ်သော အမေက အခွင့်ကောင်းကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြလိုက်ပါသည်။

ကျောင်းစတက်သည်ဆိုသည်နှင့် အောင်ဆန်းသည် ထူးချွန်သော ကျောင်းသားတဦးဖြစ်ကြောင်း ပေါ်လွင်လာပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ် ထိပ်တန်းက ရှိနေခဲ့ပါသည်။ အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။ လောကုတ္တရာပညာသာမက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။

ထိုအချိန်က အထက်တန်းပညာသင်ကြားရာ၌ လိုအပ်ချက်တခုဖြစ်သော အင်္ဂလိပ်စာကို အကိုကြီးများက သင်ထားပြီးဖြစ်သည့်အတိုင်း အောင်ဆန်းကလည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ဖြင့် အောင်ဆန်းလည်း ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါသည်။ သားထွေးလေးကို အိမ်မှ ခွဲခွာမသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်းတက်ခွင့်ရရန် အောင်ဆန်း အစာငတ်ခံဆန္ဒပြပွဲလေးတခုကို ဆင်နွှဲခဲ့ရပါသေးသည်။

ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတဦးအဖြစ် အလုပ်လုပ်နေသော အကိုကြီး ဦးဘ၀င်း၏ ထိန်းကျောင်း စောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘ၀င်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်း ကမ်းရှိရှိ၊ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။ ညီဖြစ်သူကလည်း ပညာရေးဖက်တွင် အားကောင်းကြောင်း ဆက်လက်ပြသကာ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်း စာမေးပွဲတွင် ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ကြေးဆုကို ရရှိခဲ့၏။

အမျိုးသားကျောင်းများမှာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင် သူများကယူဆခဲ့ပါသည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်တို့အား သူတို့၏ ကိုလိုနီလက်အောက်ခံ ဘ၀အခြေအနေကို နိုင်ငံရေးအသိတရားအရ ခံစားနားလည်စေပြီး၊ ထိုဘ၀မှ လွတ်မြောက်လိုစိတ်များ အသည်းနှလုံးအတွင်းမှ ဖြစ်ပေါ်လာရန် ကျိုချက်ပေးလိုက်သော နေရာများသဖွယ် ဖြစ်ပါသည်။

မိမိ၏ နိုင်ငံကို လူမျိုးခြားတို့အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသောဆန္ဒသည် ရေနံချောင်း အမျိုးသားကျောင်း မတက်မီကာလကပင် အောင်ဆန်း၏စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရပါသည်။ ကလေးဘ၀က ဗြိတိသျှတို့အား ပုန်ကန်မောင်းထုတ်ရန် နည်းအမျိုးမျိုးကို ကြံစည်စဉ်းစားခဲ့ပုံ၊ တခါတရံ ပြဒါးရှင်လုံးကဲ့သို့သော တန်ခိုးသိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကိုရယူရန် စိတ်ကူးယဉ်ခဲ့ပုံအကြောင်းကို သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးတွင် ရေးသားထားပါသည်။

အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ်ဝင်စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ သူ၏ ဟောပုံပြောပုံမှာ အားတက်စရာ မဟုတ်သော်လည်း ကိုင်တွယ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထားခြင်း၊ ယုံကြည်ချက် အပြည့်အ၀ရှိခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့၏။

ကျောင်းဂျာနယ် စာတည်းအဖြစ်လည်း ဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်းများတွင် ပါဝင်သော်လည်း တယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံ ထောင့်မကျိုးခြင်းတို့ကြောင့် အောင်ဆန်းကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်များက မြင်ကြပါသည်။ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ် ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပညာဆက်သင်ရန် ရောက်သွားပါသည်။

အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်းကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလကပင် ဖြစ်ပါသည်။ တောင်သူလယ်သမားများ ခံစားနေရသော အတိဒုက္ခများမှ ပေါ်ပေါက်လာရသော ပုန်ကန်မှုကို ဗြိတိသျအစိုးရက ရှင်ဘုရင်ဖြစ်လိုသော အယူသည်းသူတယောက် ဦးဆောင်သည့် တောသူတောင်သား ပုန်ကန်မှုမျှသာဖြစ်သည်ဟု သေးသိမ်စေရန် နှိမ်၍ဖော်ပြခဲ့ပါသည်။ သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲခဲ့သူ မများပြားသော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင် ဂရုဏာထားကြပါသည်။ ဆရာစံကို စွဲဆောင်နိုင်စွမ်းရှိသူတဦးအဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန်တို့ကို များစွာသနား ကြင်နာခဲ့ ကြ၏။

ဗြိတိသျှအုပ်ချုပ်မှု အစောပိုင်းကာလတွင် ကျင့်သုံးသော ငြိမ်ဝပ်အေးချမ်းရေးလမ်းစဉ်မှာ အတော်အတန် အောင်မြင်မှုရှိခဲ့ သော်လည်း လူမျိုးခြားကြီးစိုးမှုကို မြန်မာများက ကျေနပ်စွာ လက်ခံခြင်းမရှိပါ။ ကိုလိုနီအစိုးရ ပိုမိုခိုင်မြဲလာသည်နှင့် အုပ်ချုပ်သူလူမျိုးခြားတို့၏ ပလွှားမောက်မာသော အမူအကျင့်များနှင့် တိုင်းပြည်အတွက် စစ်မှန်သော ကောင်းကျိုးကိစ္စရပ်တို့ကို လျစ်လျူရှုမှုများသည် တိုင်းသူပြည်သားတို့၏ မနှစ်သက် မကျေနပ်စိတ် များကို ဆွပေးသကဲ့သို့ ဖြစ်လာပါသည်။

ပထမဦးစွာပေါ်ထွန်းခဲ့သော အမျိုးသားရေးရာ အဖွဲ့အစည်းများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု တည်တံ့ခိုင်မြဲရန် နှင့် သန့်ရှင်းစင်ကြယ်ရန်ကိုသာ ဆောင်ရွက်ကြသည်။ သို့သော် ခေတ်ပညာတတ် မြန်မာလူငယ် အရေအတွက် များပြားလာသည်နှင့်အမျှ နိုင်ငံရေးရည်မှန်းချက်များပါ ပေါ်ပေါက်လာပါသည်။ ၁၉၀၆ ခုနှစ်တွင် တည်ထောင်သော ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(၀ိုင်အမ်ဘီအေ)သည် နိုင်ငံရေးရာများကို စတင် ကိုင်တွယ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သပိတ်ကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။

အမျိုးသားလှုပ်ရှားမှု အရှိန်အဟုန်ရလာသောအခါ ‘၀ိုင်အမ်ဘီအေ’ သည် ၁၉၂၀ ခုနှစ်၌ ‘ဂျီစီဘီအေ’ အသွင် သို့ ကူးပြောင်းသွားပါသည်။ ပထမဦးဆုံး ပေါ်ပေါက်လာသော အမျိုးသားမဟာမိတ်အဖွဲ့ဟု ခေါ်နိုင်ပါသည်။ မြန်မာ့အမျိုးသားရေးရာလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည်သွင်းပေးလိုက်သော ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်သည်။ ဆရာတော်၏ စိတ်အားထက်သန်သော လွတ်လပ်ရေးတောင်းဆိုမှုတို့ကြောင့် နိုင်ငံတ၀ှမ်းတွင် မျိုးချစ်စိတ်ဓာတ်ပြင်းပြစွာ တက်ကြွလာပါသည်။သို့သော်လည်း စုပေါင်းညီညာသော လွတ်လပ်ရေးလှုပ်ရှားမှု ပေါ်ပေါက်စေမည့် အင်အားများမှာ နိုင်ငံရေး အကွဲအပြားများကြောင့် လွင့်စင်သွားရ၏။

၁၉၂၂ ခုနှစ်တွင် (၂၁) ဦးပါတီသည် ဂျီစီဘီအေမှ ခွဲထွက်သွားပြီးနောက်တွင် ထပ်မံကွဲကြပြန်သဖြင့် ၁၉၂၀ ခု နှစ်များ ကုန်ဆုံးခါနီးတွင် အဖွဲ့အစည်း (၃) ဖွဲ့ ဖြစ်သွားပါတော့သည်။ ၁၉၃၀ ခုနှစ်များ၏ အစပိုင်းကာလတွင်မူ ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲထားသင့်၊ မထားသင့် ဟူသော “ခွဲရေး-တွဲရေး” ကိစ္စအပေါ် မြန်မာနိုင်ငံရေးသမားများ စိတ်ဝင်စားစွာ အငြင်းပွားကြသည်ကို တွေ့ရပါသည်။

ထိုနိုင်ငံရေးသမားများအနက် အချို့မှာ ဆရာစံသူပုန်တို့အား ဗြိတိသျှအစိုးရက ခုံရုံးတင်စစ်ဆေးရာ၌ သူပုန်များဘက်မှ ခုခံကာကွယ်ပေးခဲ့သဖြင့် ထင်ပေါ်ကျော်ကြားလာသူများဖြစ်ပါသည်။ တချိန်တည်းမှာပင် ငြိမ်၍ ခေါင်းငုံ့ခံသည့်ကာလမှာလည်း ဆုံးခန်းသို့ ဦးတည်လာကာ ထိုးနှက်တိုက်ခိုက်ခြင်း သဘောဆောင်သော နည်းဗျူဟာများသုံးစွဲရန် တွန့်ဆုတ်လိမ့်မည် မဟုတ်သော အမျိုးသားရေး စိတ်ဓာတ်ရှိသည့် မျိုးဆက်သစ်များလည်း နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရောက်ရှိလာပါသည်။

အသက် (၁၈) နှစ်အရွယ် အောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားကလေးပင်ဖြစ်ပါသည်။ မိမိတို့ကိုယ်မိမိတို့ လူ့မလိုင်ဟု အထင်ရောက်နေကြပြီး ကြော့ရှင်းဝံ့ကြွားစွာ ၀တ်ဆင်နေထိုင်ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အသိုင်းအ၀ိုင်းတွင် မျက်နှာထားရှုသိုးသိုးနှင့် အ၀တ်အစား ပိုသီပတ်သီဝတ်ဆင်သော အောင်ဆန်းသည် အံမ၀င်ဂွင်မကျ ဖြစ်နေ၏။ ထို့အပြင် သူ့ထက်သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက်ပြောင်မှုကိုလည်း ဂရုမစိုက်ကြောင်း စောစီးစွာပေါ်လွင်စေခဲ့၏။

အောင်ဆန်း တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတရပ် ကျင်းပပါ သည်။ ထိုစကားရည်လုပွဲအပြီး၌ အောင်ဆန်းသည် ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင်သွင်းသော “ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်” ဟူသည့် အဆိုကို ထောက်ခံလိုက်ပါသည်။ ဤသည်မှာ မိသားစုသွေးစည်းရေး သဘောဆောင်သည့် အပြုအမူမဟုတ်ပါ။ ယုံကြည်ချက်အရ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။

အောင်ဆန်း အင်္ဂလိပ်စကားပြောရာတွင် အသံထွက် အမှားမှားအယွင်းယွင်း ကို့ယို့ကားရား ချောမွေ့ပြေပြစ် ခြင်း မရှိသောကြောင့် သူ့စကားများမှာ နားမလည်နိုင်သလောက်ပင်ဖြစ်၏။ ပရိသတ်က ပြောင်လှောင်သရော် အော်ဟစ်ကြသဖြင့် အကိုဖြစ်သူ အတော်ပင် အနေရခက်သွား၏။ အောင်ဆန်းကမူ ကြောက်ရွံ့၍ အသံပျောက် သွားခြင်းမရှိ။ ကဲ့ရဲ့သံများ၊ မြန်မာစကားနှင့်သာပြောရန် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်သံများကို လျစ်လျူရှုကာ အဆင့်အတန်းမမီသော သူ့အင်္ဂလိပ်စကားကို ပါဠိအသုံး အနှုန်းများဖြင့် ဖြည့်စွက်၍ သူပြောလိုရာအားလုံးကို ပြီးဆုံးအောင် ဆက်လက်ပြောဆိုသွားပါသည်။

ထိုပထမစကားရည်လုပွဲ အဖြစ်အပျက်သည် နောင်အတွက် အစဉ်အလာတရပ် ချမှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ ပရိသတ်က ကဲ့ရဲ့ရှုတ်ချနေသည့်ကြားကပင် သူပြောလိုရာကို အင်္ဂလိပ်စကားနှင့်ပြောခြင်း၊ သုန်သုန်မှုန်မှုန် နေတတ်ခြင်းတို့ကြောင့် သူသည် အူကြောင်ကြောင်နိုင်သော အရူးတယောက်ဟူ၍ပင် နာမည်ရခဲ့၏။

သို့သော် အောင်ဆန်းသည် အဝေဖန်ခံရမည်ကို ကြောက်ရွံ့ပြီး သူလုပ်ကိုင်ရန် ဆုံးဖြတ်ထားသောကိစ္စများကို မလုပ်ဘဲနေမည့် လူမျိုးမဟုတ်ပါ။ ခေတ်ပြိုင်ကမ္ဘာတွင် အင်္ဂလိပ်စကား အရေးပါပုံကို သိရှိနားလည်သဖြင့် အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင် သုံးစွဲနိုင်ရန် သူ ကြိုးစား၏။ အင်္ဂလိပ်စာအုပ်များကို သဲကြီးမဲကြီးဖတ်ခြင်း၊ အခြားသူများ ပြောပုံဆိုပုံကို နားထောင်လေ့လာခြင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သူ မိတ်ဆွေရင်းတဦးထံမှ အကူအညီယူခြင်း စသည်တို့ဖြင့် ဘုန်းကြီးကျောင်းထွက် အညာသားတဦးအတွက် ထူးခြားလောက်သော အင်္ဂလိပ်စကားကျင်လည်မှုကို သူရရှိလာ၏။

ထိုပထမစကားရည်လုပွဲတွင် အောင်ဆန်း ထောက်ခံခဲ့သောအဆိုမှာ သူ၏ ရေရှည်ယုံကြည်ချက် တရပ်အား ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ကို သတိမူသင့်ပါသည်။ ထိုယုံကြည်ချက်မှာ သံဃာတော်များ နိုင်ငံရေးတွင် ၀င်ရောက်လုပ်ကိုင်ခြင်း မပြုသင့်ကြောင်းပင် ဖြစ်ပါသည်။ မကွယ်လွန်မီ တနှစ်ကျော်ခန့်က ပြောကြား ခဲ့သော ရွှေတိဂုံစေတီတော် အလယ်ပစ္စယံညီလာခံမိန့်ခွန်း၌ “ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏”ဟု ပြောခဲ့၏။ ရဟန်သံဃာများအား “အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ – ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည် -- ဤကဲ့သို့ဆောင်ရွက်မှုသည် သာသနာ ဖက်ကသာကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ၊ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေး ကို ဆောင်ရွက်ရာ ရောက်ပါသည်ဘုရား” စသဖြင့် လျှောက်ထားခဲ့ပါသည်။

အများက နိုင်ငံရေးသတ္တ၀ါ ပကတိအဖြစ်ဖြင့်မြင်ကြသော အောင်ဆန်းမှာ စင်စစ်တွင် ဘာသာရေး၌ လေးနက်စွာ တသက်လုံး စိတ်ဝင်စားသူပင် ဖြစ်ပါသည်။ ရေနံချောင်း၌ ကျောင်းတက်နေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ၀မ်းနည်းကြေကွဲကာ ရဟန်းဘောင် ၀င်ရန်ပင် စိတ်ကူးခဲ့ပါသည်။ တက္ကသိုလ်ရောက်စအချိန်ကလည်း အီတလီလူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးလောကနန္ဒကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော်နှင့် အတူလိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ အခွင့်တောင်းဖူး၏။ အခွင့်ကား မရခဲ့ပေ။ သို့သော် လောကုတ္တရာကိစ္စများကို အောင်ဆန်း ဆက်လက်၍ ဂရုတစိုက် အလေးထားပါသည်။

နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ပြီးနောက်ပိုင်း၌ပင် သူနှင့် အရင်းနှီးဆုံး မိတ်ဆွေတဦးအား သူ၏ “သစ္စာတရားနှင့် လုံးဝ အပြစ်ကင်းစင်မှု ရှာပုံတော်ဘ၀ခရီး” အကြောင်းနှင့် ကာယကံ၊ ၀စီကံ၊ မနောကံအရ ရိုးဖြောင့်နိုင်ရန် သတိပြုကြိုးပမ်းနေကြောင်းတို့ကို စာရေး၍ ရှင်းပြဖူးပါသည်။ ခေတ်လူငယ်များ စိတ်ပိုင်းဆိုင်ရာ အသိတရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ လောကဒဏ်လှိုင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန်နိုင်စွမ်းမရှိပါက ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ် ဗလ မွဲပြာကျသောအဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန်မိကြောင်း စသဖြင့်လည်း ရေးသားထားပါသည်။

မှတ်သားစရာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ

စုံတွဲတွေကို အခန်းမဲဖောက်ပေးမယ့် ဖျော်ဖြေပွဲ


တစ်နေ့က လူငယ်လေးယောက် ရောက်လာကြတယ်။ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပုံကိုကြည့်ပြီး ကျောင်းသားတွေဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိလိုက်တယ်။ ရုပ်ရှည်လေးတွေလည်း သန့်ပြန့်မွန်ရည်ကြတယ်။ သူတို့ကိုယ်သူတို့ မိတ်ဆက်တော့ ရေကြောင်းတက္ကသိုလ်က ကျောင်းသားတွေမှန်း သိရတယ်။



ကြက်သီးထစရာ

'ဗလင်တိုင်းဒေး'လို့ ခေါ်ကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ် မယ့်ဖျော်ဖြေပွဲ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေနဲ့ပတ်သက်ပြီး ပြောချင်ကြလို့ ရောက်လာကြတာပါ။ ပွဲက ကန်တော်ကြီးမျှော်စင်ကျွန်းမှာ လုပ်မှာဖြစ်ပြီး လူငယ်တွေကြား ရေပန်းစားနေတဲ့ လူငယ်အဆိုတော်တွေပါ ၀င်ပါတယ်။ မြို့တွင်း လူစည်ကားရာနေရာတွေမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ထောင်ထားပါတယ်။ လူငယ်တစ်ယောက်က အသင့်ပါလာတဲ့ အိတ်ဆောင် ကွန်ပျူတာကိုထုတ်ပြီး ကြည့်ပါဦးဆိုပြီး စားပွဲပေါ်တင်လိုက်တယ်။ ပထမပုံတစ်ပုံကိုကြည့်လိုက်တော့ ရေးထားတဲ့စာသားတွေက ကြက်သီးထစရာကောင်းလွန်းလို့ ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင် ဖြစ်ရတယ်။

အရေးယူလိုရတယ်

ပထမဆုံးစုံတွဲ ၅၀၀ အား ဗေ ဒင်တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေးပြီးအလိုက်ဖက် ဆုံးစုံတွဲများအား ပန်းချီပုံဆွဲပေး၍ Dinner စားခွင့်နှင့် အခန်းများကို ကံစမ်းမဲဖောက်၍ ပေးသွားပါမည် 'အဲဒီကြော်ငြာ စာသားတွေဖတ် ပြီး စာဖတ်သူများရော ကြက်သီးမထဘဲ နေနိုင်ပါ့မလားခင်ဗျာ။ ဒီစာသားဟာ ဘယ်အထိ အဓိပ္ပာယ်သက်ရောက်သွားတယ်ဆိုတာ မစဉ်းစားမဆင်ခြင်နိုင်ဘဲ လက်မှတ်များများရောင်းရပြီး အမြတ်များများ ရဖို့သာ လောဘဇောတိုက်နေတာ မဟုတ်ဘူးလား။ ပြောရရင်တော့(ကန်တော့ပါရဲ့)ဆောင်ကြာမြိုင်လုပ်ငန်းကို ပေါ်တင်ကြီးလုပ်မှုနဲ့ အရေးယူလို့တောင် ရနိုင်ပါတယ်။

ပြောင်းလိုက်မှပိုဆိုး

ဒီကြော်ငြာဆိုင်းဘုတ်ကြီး အင်တာနက်ပေါ်တက်လာတော့ ကန့်ကွက်သံတွေညံနေအောင် ထွက်ပေါ်လာတယ်။ ပြည်တွင်းက လူတွေသာမက ပြည်ပရောက်နေသူတွေကလည်း ၀ိုင်းရေးကြတယ်။ အဲဒီကန့်ကွက်သံတွေ ညံလာတော့ ဆိုင်းဘုတ်တချို့က စာသားတွေကိုပြင်ပြီး ရေးလိုက်တယ်။ တချို့မပြင်ဘဲ ကျန်နေတာတွလည်း ရှိတယ်။ ပြင်ရေးလိုက်တာက -'ပထမဆုံးစုံတွဲ ၅၀၀ အား ဗေဒင် တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေး၍ Dinner စား ခွင့်နှင့် ချောင်းသာခရီးစရိတ်ငြိမ်း (အခန်းခ၊ စားစရိတ်၊ ကားခ) ငါးဦးကို ကံစမ်းမဲများဖောက်ပေးသွားပါမည်။ ကံစမ်းမဲတစ်စောင်ပေါက် လျင် နှစ်ဦးသွားခွင့်ရှိသည်' လို့ဖြစ်တယ်။

ပိုက်ဆံတွေအလကားရသလို

ပြင်လိုက်မှပိုဆိုးသွားသေးတယ်။ တစ်ခါတည်း 'ဟန်းနီးမွန်း' ထွက်ခိုင်းလိုက်သလို ဖြစ်သွားတော့တယ်။ သားသမီးရှိတဲ့မိဘတိုင်း ရင်လေးမိကြမှာ အမှန်ပဲ။ ပိုက်ဆံတွေအလကား ရသလိုရချင်တိုင်းရနေတဲ့ လူ့အသိုင်းအ၀ိုင်း ကလေးတစ်ခုအတွင်းမှာ ဖြစ် ချင်သလိုဖြစ်နေကြတဲ့ သတင်းတွေ ကြားနေရတာကြာပြီ။ သူတို့အသိုင်းအ၀ိုင်းအတွင်းမှာ ဖြစ်နေတာပဲဆိုပြီး သိပ်မစိုးရိမ်ခဲ့ဘူး။ အခုတော့ ဗြောင်ကျကျ မြို့လယ်ကောင်မှာ ဆိုင်းဘုတ်ကြီးတွေထောင်ပြီးတောင် ကြော်ငြာတာကတော့ အတင့်ရဲလွန်းရာ ကျတယ်။ ဒီစရိုက်မျိုးတွေ တစ်စထက် တစ်စ ကျယ်ပြန့်သွားမှာ စိုးရိမ်မိတယ်။

လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွားကာကွယ်ရေး' မူဝါဒတွေ၊ ဥပဒေတွေ ရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မထိခိုက်အောင် တားသင့်တာတား၊ ပိတ်သင့်တာ ပိတ်လုပ်ပေးကြရတယ် ...

ကန်ပေါင်ပေါ်ကစုံတွဲ

ကျယ်ပြန့်သွားမှာစိုးရိမ်ကြောင်းပြောတော့ လူငယ်တစ်ယောက်က အင်တာနက်မှာတွေ့ရတဲ့ ပုံတစ်ပုံအကြောင်းပြောပြတယ်။ အင်းယားကန်ပေါင်ပေါ်မှာ စုံတွဲတစ်တွဲ မျက်နှာချင်းအပ်ပြီး နှုတ်ခမ်းချင်း ဂဟေဆက်နေပုံကို တင်ထားတယ်တဲ့။ ပုံ အောက်မှာ ဝေဖန်ရှုတ်ချတဲ့စာတွေရေးကြတော့ ဒါလောက် အမြင်ကျဉ်းရသလား၊ ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်တာမဟုတ်လို့ ကိုယ်မကြိုက်လည်း သည်းခံရမှာပေါ့။ ဒါသူတို့ရဲ့ လွတ်လပ်ခွင့်ပဲလို့ ပြန်ရေးသူက ရေးသတဲ့။ ကဲ စာဖတ်သူများရော ဘယ်လိုသဘောထားပါသလဲ။ ကိုယ့်သားသမီးဆိုရင် ဒါမျိုးမလုပ်ဖို့ တားမြစ်မှာလား၊ ခွင့်ပြုထားမှာလား။

ကူးလူးယှက်နွှယ်နေကြတယ်

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကူးသန်းရောင်ဝယ်မှုတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ကြသလို၊ ယဉ်ကျေးမှုတွေလည်း နိုင်ငံတစ်ခုနဲ့တစ်ခု အပြန်အလှန် လွတ်လွတ်လပ်လပ် ကူးလူးယှက်နွှယ်နေကြမှာဖြစ်တယ်။ ဒါကို ဘယ်လိုမှပိတ်ပင်တား ဆီးလို့မရဘူး။ ပြုလည်း မပြုအပ်ဘူး။ ဒါပေမဲ့ လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွား ကာကွယ်ရေး' မူဝါဒတွေ ဥပဒေတွေရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေမထိခိုက်အောင် တားသင့်တာ တား၊ ပိတ်သင့်တာ ပိတ် လုပ်ပေးကြရတယ်။

သဘာဝချစ်သူများ

အိမ်ထောင်သားမွေး၊ လူရေးလူမှုကိစ္စတွေမှာ အင်မတန်လွတ်လပ်တဲ့ အနောက်နိုင်ငံကြီးတွေမှာ 'သဘာဝချစ်သူများ' အဖွဲ့ (Nature Society) ဆိုတာမျိုးတွေရှိကြတယ်။ အဲဒီအဖွဲ့တွေက သီးသန့်သတ်မှတ်ထားတဲ့ တောအုပ်ကနေရာမျိုး၊ ဒါမှမဟုတ် ပန်းခြံမျိုးမှာ အ၀တ်အစားမ၀တ်ကြဘဲ သဘာဝအတိုင်းနေထိ၊ လေထိခံကြတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ သူတို့ရဲ့ သီးသန့်နေရာတွေမှာ သူတို့ကြိုက်သလို နေကြ ထိုင်ကြတာကို ဘယ်သူကမှ ပိတ်ပင်တားဆီးမလုပ်ဘူး။ ဒါပေမဲ့ သီးသန့်နေရာက အပြင်ထွက်လာပြီး လမ်းတွေပေါ်မှာ အ၀တ်မပါ၊ ဗလာ ကိုယ်ချည်းလျောက်သွားရင်တော့ Decency Act ဆိုတဲ့ ယဉ်ကျေးမှု အက်ဥပဒေတစ်မျိုးမျိုးနဲ့ အရေးယူ တရားစွဲခံရပါတယ်။

မတင့်တယ်တဲ့ကိစ္စ

ဒီယဉ်ကျေးမှု အက်ဥပဒေဆိုတာက နိုင်ငံတစ်ခုနဲ့တစ်ခု၊ ကွဲပြားခြား နားမှုရှိကြတယ်။ Decent ဖြစ်တယ်။ ယဉ်ကျေးတယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ နိုင်ငံတစ်ခုနဲ့တစ်ခု လူမျိုး တစ်မျိုးနဲ့တစ်မျိုး၊ နောက်ခံယဉ်ကျေးမှု ဓလေ့စရိုက်ကွာ ခြားရင် ကွာခြားသလောက် မတူ မတူကွဲပြားသွားကြတယ်။ အနောက်တိုင်းယဉ်ကျေးမှုအရ လူမြင်ကွင်းမှာ ယောက်ျားနဲ့မိန်းမ ဖက်ယမ်းနမ်းရှုံ့လုပ်တာကို မတင့်တယ်တဲ့ကိစ္စလို့ သဘောမထားကြဘူး။ မြန်မာအပါအ၀င် အရှေ့တိုင်းဓလေ့စရိုက်အရ တော့ ဒီလိုလုပ်တာဟာအများအမြင်မှာ မတင့်တယ်တဲ့ မဖွယ်မရာကိစ္စလို့ သဘောထားကြတယ်။

တင်းတင်းကြပ်ကြပ်ကာကွယ်ထား

အိမ်နီးချင်းနိုင်ငံအတော်များများမှာ အနောက်ယဉ်ကျေးမှုတွေကို လက်ခံကျင့်သုံးသူတွေ တစ်နေ့တခြား များသထက်များလာပေမယ့် မြန်မာတွေကတော့ အတော်လေး တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ရှောက် ထားကြတယ်။ ဒီလို ကာကွယ်စောင့် ရှောက်ထားတဲ့ကြားက ဒီလောက် ပြောင်ပြောင်တင်းတင်းနဲ့ လက်ရဲ ဇက်ရဲ လုပ်ရဲလာကြတာတွေ့ရတော့ အတော်ကြီးကို အလန့်တကြား ဖြစ်သွားရတယ်။ လူငယ်တွေအတွက် စိုးရိမ်သလို တိုင်းပြည်ရဲ့အနာဂတ်ကိုလည်း တွေးပြီးရင်လေးမိတယ်။

အားသစ်တွေတိုးလာတယ်

ဒါပေမဲ့ဒီစိုးရိမ်စိတ်က ချက်ချင်းပျောက်သွားတယ်။ ဟေးလားဝါးလားနဲ့ ပေါက်လွှတ်ပဲစားနေကြတဲ့ လူငယ်မျိုးက များများစားစားရှိတာ မဟုတ်ပါဘူး။ အထက်မှာရေးခဲ့သလို ပိုက်ဆံကို အလကားရသလို၊ ရ ချင်တိုင်းရနေတဲ့ လက်တစ်ဆုပ်စာ ရေပေါ်ဆီ အသိုင်းအ၀ိုင်းထဲမှာပဲ ရှိနေတာဖြစ်တယ်။ အခုဒီကိစ္စလာပြောပြတဲ့ သန့်သန့်ပြန့်ပြန့် လူငယ်လေးတွေလို၊ လူငယ်တွေက တစ်နိုင်ငံလုံးအနှံ့ သန်းပေါင်းများစွာ ရှိနေကြတယ်။ ဒီလူငယ်လေးတွေ က အမြင်မတော်တာကို လက်ပိုက်ပြီးငုတ် တုတ်ထိုင် ကြည့်နေကြမှာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သူတို့အကောင်းဆုံး ကာကွယ်စောင့်ရှောက်ကြမှာ သေချာတယ်။ ရေကြောင်း တက္ကသိုလ်က လူငယ်လေးယောက်ကိုကြည့်ပြီး အားသစ်တွေ တိုးလာတယ်။ တိုင်းပြည်ကို သူတို့လူငယ်တွေလက်ထဲ အမြန်ဆုံးထည့်ပေးလိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတော့တယ်။

ရေးသားသူ........ လူထုစိန်ဝင်း

12 February 2012

၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ABSDF(NB)တွင်ရက်စက်စွာ ညှင်းဆဲသတ်ဖြတ်ခံခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များအား ရည်စုး၍ အမျှဝေ

သွေးစွန်းခဲ့သော အာစံကုန်းနောက်ခံဖြင့် တရားနာ ရေစက်ချ အမျှဝေ

ကိုမောင်မောင်ကြွယ် အတွက် တာဝန်အပြည့်အ၀ယူမယ်ဆိုတဲ့ ကိုမြအေး ။
ကျဆုံးသွားသော ကျောင်းသားရဲဘော်များကို ဂုဏ်ပြုသောအားဖြင့် တစ်မိနစ် ငြိမ်သက်စွာ ဂုဏ်ပြု

ရေစက်ချ အမျှပေး

ကိုထွန်းအောင်ကျော်နှင့်တကွ ကျဆုံးခဲ့သူများ အမှတ်တရ

ကျဆုံးသွားသော ကျောင်းသားရဲဘော်များအတွက် ၀မ်းနည်းခြင်း ပန်းပွင့်များ

မြောက်ပိုင်းတွင် ကျဆုံးသွားခဲ့သော ကိုမောင်မောင်ကြွယ်ဧ။်မိခင် အမှန်တရားဖော်ထုတ်ရေးအတွက် မန်းပွဲသို့ ဒေါ်ချိုချိုကျော်ငြိမ်း တက်ရောက်လာ
ဝမ်းနည်းအထိမ်းအမှတ်ရင်ထိုး

ကျဆုံးသွားသော ကျောင်းသားရဲဘော်များအတွက် ၀မ်းနည်းခြင်း ပန်းပွင့်များ

ဓာတ်ပုံ...Kyaw Swar (FACE BOOK) မှ ပြန်လည်ဝေမျှလိုက်ပါတယ်ရှင်.။