31 October 2009

မေမေ့သား မှာစကား

မေမေ့သား မှာစကား

သမိုင်းအစ ရှစ်လေးလုံးက
ကျောင်းသူ၊ ကျောင်းသား
အများအပြားပေါ့။

ဒီမိုကရေစီအရေး
လူတိုင်းတွေး၊ လူတိုင်းရေး
လူတိုင်းအော်သံ ဆူဆူညံခဲ့
အော်သံလူထု အခြေပြု
ပုခက်လွှဲသောလက်
ငါ့လက်တဖက်
ကျစ်ကျစ်ပါအောင် ဆုပ်
မိုးကောင်းကင် မြှောက်ထုတ်။

ပေးပါ၊ ပေးပါ ဒီမိုကရေစီ
ရေးပါ၊ ရေးပါ လူ့အခွင့်ရေး
တွေးပါ၊ တွေးပါ နိုင်ငံရေးပေါ့
အော်သံမဆုံး တဒုန်းဒုန်း
ဖြိုခွင့်ပစ်ခတ် ရက်စက်ကြတဲ့
စစ်အာဏာဘီးလူး အရူးအမူးတွေပေါ့
သွေးချင်းနီရဲ လူတွေထဲ
အားပြုပြီး အကြည့် ငါ့အသိ
လေးတန်းကျောင်းသား
မောင်ရွှေပွား။

ဘုရားဘုရား ငါ့သားပါလား
ဆူညံမစဲ ကျည်ဆံကြားထဲ
ပြေးဝင်ထွေးပိုက် ကြည့်နေခိုက်
တစ်ခွန်းစကား သားမှာကြားခဲ့
အာဏာစစ်ဘီးလူး အရူးအမူးတွေကို
ဆုပ်ထားလက်သီး မေမေဖြေပြီး
လက်နက်စွဲကိုင်
လက်ညှိုး မောင်းခလုပ်
မေမေဖြုတ်လော့။


အာဏာရူး စစ်ဘီးလူးတွေကို
အနိုင်ပြိုင်လိုက်စမ်းပါ
မေမေရယ်။


္ဌ္ဌ မေမေ့သားမှာစကားဆိုတဲ့ကဗျာလေးကိုရေးသားခဲ့သောဗိုလ်မှူးမျိုးချစ်သည်မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း(၂၀၆)၏တပ်ရင်းမှူးဖြစ်ခဲ့ပြီး(၃၁.၁၀.၁၉၉၉)
ကျဆုံးသွားခဲ့ပါသည်။ကျဆုံးချိန်တွင် ဒီမိုကရက်တစ် ကျောင်းသားများအဖွဲ့၏(DSO)၏ဥက္ကဌ အဖြစ်
တာဝန်ယူနေချိန်ဖြစ်ပါသည်။၈၈၈၈(၁၃)နှစ်မြောက်အထိမ်းအမှတ် စာပေပြိုင်ပွဲ မြန်မာဘာသာ
ကဗျာကဏ္ဍတွင်ပထမဆု ရရှိခဲ့သော ပြိုင်ပွဲဝင် ကဗျာလည်းဖြစ်ပါသည်။

ဗိုလ်မှူးမျိုးချစ် ၏ဇနီးဖြစ်သော ကျမတို့ပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၏
အမျိုးသမီးတာဝန်ခံ ဒေါ်လှမြင့် သည် ဗိုလ်မှူးမျိုးချစ်၏ဒီနေ့ကျရောက်သော (၁၀)နှစ်မြောက်
အောက်မေ့ဘွယ် ပြုလုပ်ရာတွင်ပြန်လည် ဖြန့်ဝေပေးခဲ့ပါသည်..။

မြတ်လေးငုံ..။

မလေးရှားထောင်

(၁) မလေးရှားနိုင်ငံ ကွာလာစလန်းဂေါပြည်နယ်တွင်ရှိသော လင်းခေးကန့်နင့် စမုံညင်းကန့်၊

(၂) လင်းခေးကန့်တွင်စုစုပေါင်း လူပေါင်းတစ်ထောင်ကျော်ရှိပြီး စမုံညင်းတွင် လူ ခြောက်ရာကျော်ရှိ၊

(၃) ထိုသူများမှာ မလေးရှားဥပဒေအရ ထောင်ကျပြီး အမိနိုင်ငံသို့ ပြန်ရန် ( သို့ ) UNHCR မှလာရောက်ခေါ် ဆောင်ရန်စောင့်နေသူများ၊

(၄) ကန့်ထဲတွင်ရောက်ရှိနေကျသော မြန်မာလူမျိုးများအား တရားဝင်ပြည်ပြန်ခွင့်ရရှိနိုင်ရန် မလေးရှားအစိုးရနှင့်သံရုံးနှစ်ဘက်ညှိနိုင်းပြီးဆောင်ရွက်လျက်ရှိရာတရားဝင်မလေးရှားသို့ထွက်ခွါလာ
သူများသာသံရုံးမှလုပ်ဆောင် ပေး၊

ဥပမာ ။ မြန်မာနိုငံမှ အေးဂျင့်ဖြင့် ဆက်သွယ်ကာ မလေးရှားနိုင်ငံတွင်တရားဝင်အလုပ်လုပ်ခွင့် တစ်နှစ်ဗီဇာဖြင့် နေထိုင်လုပ်ကိုင်သော်လည်း အေးဂျင့်ပြောသည့်ုလုပ်အားခနှင့် လက်ရှိလုပ်အားခကွာခြားနေပြီး ဘယ်လိုမှအ ဆင်မပြေတော့သည့်အတွက် မိမိ၏ ပတ်(စ်)ပို့ကိုအေးဂျင့် သို့ သူဌေးလက်ထဲတွင်ထားခဲ့ကာ တခြားတနေရာသို့ ပြောင်းရွှေ့လုပ်ကိုင်ပြီးအဖမ်းခံရသူများ ပတ်(စ်)ပို့ လက်ထဲတွင်ကိုင်ဆောင်ထားသော်လည်း အလုပ်လုပ်သည့် နေရာနှင့် အလုပ်လုပ်ခွင့်ပါမစ်ထဲတွင်ရှိနေသောနေရာ မတူညီတဲ့အတွက်ဖမ်းဆီးခံရခြင်း ထိုသူများကို လက်ခံ ပြန်ပို့ပေးနေပါသည်။

(၅) မလေးရှားအခေါ် အောက်လမ်းမှလာသူများ ထိုင်းနိုင်ငံမှတဆင့်မလေးရှားသို့ နယ်စပ်မှဖြတ်ကျော်လာသူ များအား သံရုံးမှ တာဝန်မယူပါ။

(၆) မလေးရှား UNHCR ကိုစောင့်နေသူများ ဗမာအပါအ၀င် တိုင်းရင်းသားစုစုပေါင်းမှာ လူ ( ၃၀၀၀ ) ကျော်ရှိ၊ သို့သော လက်ရှိအခြေအနေအရ ဘာသာရေး လူမျိုးရေးခွဲခြားမူများရှိနေ၊ ဗမာဆိုလုံးဝမပေး၊ ချင်းအတွက်နဲ့ ခရစ်ယာန်တွေအတွက် ဖွဲ့စည်းပေးထားသလိုဖြစ်နေ၊ UNHCR ကို ၂၀.၁၀.၀၉ ခုနှစ်က လင်းခေးကန့်ထဲမှာ မလေးရှား လ.၀.က မှ အဆောင်(၄)ဆောင်ရှိလူများကိုခေါ်ထုက်ပြီး ဗုဒ္ဓဘာသာနှင့် တခြားဘာသာဝင်များ ကိုခွဲထိုင်ခိုင်းကာ UNHCR မှ တောင်းခိုင်းထားသည်ဟုပြောဆိုပြီး တခြားဘာသာဝင်များ၏ နာမည်နှင့် ထောင် ၀င်နံပါတ်ယူသွားပြီး ဗုဒ္ဓဘာသာဝင်များကို မိမိနိုင်ငံသို့ပြန်ရမည်ဟုပြောဆိုကာ အဆောင်ထဲသို့ပြန်ဝင်ခိုင်းပါ သည်။ ကျနော်တို့အမိမြန်မာပြည်သို့ပြန်လို့မရတော့ပါလို့ ထပြောသော်လည်း ထိုအရာရှိမှ မင်းတို့ဗမာတွေ အကုန်ပြန်လို့ရပါသည် ဟုပြောဆို၊

(၇) မြန်မာပြည်သို့ ပြန်လို့မရတော့သည့်သူများရှိနေ၊

ဥပမာ - စစ်ပြေးများ၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖမ်းခံနေရသည့်သူများ၊ အခြားအကြောင်းများ၊

(၈) UNHCR မှလာဘ်စားမှုများရှိနေ၊ တဦးကို မလေးရှားရင်းဂစ် ၁၅၀၀ ပေးမှ အင်တာဗျူးဖြေဆိုခွင့်ရ (ဗုဒ္ဓဘာ သာမရ)

(၉) လူမျိုးရေးနှင့်ဘာသာရေးခွဲခြားသည့်အတွက် ဗမာလူမျိုးများ (၅) လမှ ( ၂ ) နှစ်ထိ ကန့်ထဲတွင်နေထိုင် နေရ၊ ဒါကြောင့်ထိုသူများအတွက် မေးခွန်းများဖြစ်ပေါ်နေ၊ UNHCR ဆိုတာ ချင်းအတွက်လား၊ ဒုက္ခသည်လူမျိုး များအတွက်လား၊ ဒါကြောင့် ထိုသူများ အနာဂါက်ပျောက်ဆုံးနေ၊၊

သတင်းပေးပို့ပေးသူ.. ကိုကျော်ကျော် (မလေးရှား) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ (လွတ်မြောက်နယ်မြေ) ။

30 October 2009

“ ကံ ” ကိုအကြောင်းပြု၍...။



ပုံလေးကိုနှိပ်ပြီးဖတ်စေချင်ပါတယ်ရှင်..။တချို့သောသူများလဲ ဖတ်ဘူးကြမယ်ထင်ပါတယ်..။
Mail ထဲမှာ ဖတ်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်..။
မြတ်လေးငုံ...။

မန္တလေးမြို့တွင် ဘုရားပွဲကြေးအတွက် ဘုရားလူကြီးများမှာ အလှူငွေများကို အတင်းအဓမ္မ လိုက်လံကောက်ခံခြင်း။


မန္တလေးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရပ်ကွက်ဘုရားပွဲများအတွက် သက်ဆိုင်ရာ ရပ်ကွက်သူ၊ ရပ်ကွပ်သားများမှ စေတနာထက်သန်စွာဖြင့် ပါဝင်လှူဒါန်းကြမြဲဖြစ်ပါသည်။ သို့သော် ယခုနှစ်တွင် ကုန်ဈေးနှုန်းမြင့်မားခြင်း၊ စီးပွါးရေးကျပ်တည်းခြင်းတို့ကြာင့် ရပ်ကွက်သူ၊ ရပ်ကွက်သားတိုင်းလိုလိုမှာ ယခင်နှစ်များကဲ့သို့ အလှူအတန်းပြုလုပ်ရန် အခက်ခဲများ ရှိနေပေသည်။

သို့ရာတွင် ပြည်သူလူထု၏ အခက်အခဲကို မစာနာ၊ မထောက်ထားဘဲ မန္တလေးမြို့၊ ပြည်လုံးချမ်းသာ
ရပ်ကွက်ရှိ၊အရာတော်ဝင်းဘုရားပွဲအတွက်အကွက်(၅၇)မှဘုရားလူကြီးများသည်အလှူငွေများကို
အိမ်တိုင်းစေ့မထည့်မနေရစနစ်ဖြင့်လိုက်လံကောက်ခံလျက်ရှိသည်။အဆိုပါရပ်ကွက်သူတဦးက
'ကျနော်တို့ရပ်ကွက်မှာအရင်ကဒီလိုမဟုတ်ဘူးဗျ..။အရင်ကဆိုကိုယ့်စေတနာ၊သဒ္ဓါတရားအလျောက်
ထည့်ရတာ။မဖြစ်မနေသဘောမျိုးဆိုရင်လည်းထည့်ရတာနည်းတယ်..အခုဟာကအဲ့ဒီလိုမဟုတ်ဘူးဗျ..။
တစ်အိမ်ကိုဝေယျာဝစ္စကြေး(၄၀၀၀)ကျပ်ထည့်ရတယ်..။အဲ့ဒါမထည့်မနေရအိမ်တိုင်းထည့်ရတာ။
ဒါကဘုရားသပိတ်ဖိုးမပါသေးဘူးဗျ.။

အရင်နှစ်တွေကဘုရားဝေယျာဝစ္စကြေးက(၁၀၀၀)၊သပိတ်ဖိုးက(၃၀၀၀)နဲ့ပြီးရော....အခုဟာကသူတို့ဝေယျာဝစ္စကြေးကြီးဘဲကိုကျနော်တို့ကပေးရတာ...မဖြစ်သင့်ဘူးလေဗျာ..။လူအများစားဝတ်နေရေးကျပ်တည်းနေတဲ့အချိန်မှာဒီလိုအတင်းဓမ္မကောက်ခံတာဘယ်ကောင်းမလဲဗျာ..။ အကုန်လုံးကို ကုသိုလ်တပဲ၊ ငရဲတပိဿာ ဖြစ်အောင်လုပ်တာနဲ့အတူတူပဲ''ဟု ဆိုပါသည်။

ရပ်ကွက်ထဲမှအမျိုးသမီးကြီးတဦးကလည်း''ကျွန်မတို့ဖြင့်တခါမှမကြားဖူးပေါင်.....တခါတည်း(၄၀၀၀)ကျပ်မထည့်နိုင်ရင်တပတ်ကို(၁၀၀၀)ခွဲထည့်ရမယ်တဲ့....မကြားဖူးပါဘူးတော်''လို့ပြောဆိုနေတာကိုလည်း
ကြားသိခဲ့ရပါသည်။

Mail ထဲသို့ပေးပို့ လာသောကြောင့် ပြန်လည်ဖြန့်ဝေ တင်ပြ ပေးလိုက်ပါသည်..။

မြတ်လေးငုံ...။

29 October 2009

မြို့နယ် စည်ပင်က နာရေးကူညီမှုအသင်းကို တရားစွဲတော့မည် ...။


ဇူလိုင်လက မြောက်ဒဂုံကို ပြောင်းရွှေ့ဖွင့်ထားတဲ့ နာရေးကူညီမှုအသင်း ဆေးခန်းအဆောက်ဦးကို အသုံးပြုခွင့်မရသေးဘဲ ဆေးခန်းဖွင့်မှုနဲ့ နာရေးကူညီမှုအသင်းကို မြို့နယ်စည်ပင်သာယာက တရားစွဲဖို့ ပြင်နေပါတယ်။ မြောက်ဒဂုံကို ပြောင်းရွှေ့ဖွင့်ထားတဲ့ နာရေးကူညီမှုအသင်း ဆေးခန်းရှေ့ ရေမြောင်း မတူးလို့ဆိုပြီး မြို့နယ်စည်ပင်က အဆောက်အဦး အသုံးပြုခွင့် ချမပေးဘူးလို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ က ပြောပါတယ်။ ဒီလဆန်းပိုင်းက ၅ ပေအကျယ် ၅ ပေ အနက်ရှိတဲ့ ရေမြောင်းတခု ဆေခန်းရှေ့မှာတူးဖို့ မြို့နယ်စည်ပင်က ညွှန့်ကြားခဲ့ပြီး မတူးရင် အဆောက်အဦး အသုံးပြုခွင့် မပေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ ပတ်ဝန်းကျင်က ရေမြောင်းမတူးဘဲ နာရေးကူညီမှုအသင်း ဆေးခန်းရှေ့တခုတည်းမှာသာ တူးထားမယ်ဆိုရင် ရေလှောင်ကန်လို ဖြစ်သွားပြီး ခြင်ပေါက်ဖွားလာနိုင်လို့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် မတူးတာလို့ ဦးကျော်သူ က ပြောပါတယ်။

အဆောက်အဦး အသုံးပြုခွင့် မရသေးဘဲ ဆေးခန်းဖွင့်နေတဲ့အတွက် တရားစွဲဆိုဖို့ မြို့နယ်စည်ပင်က ဒီနေ့ ဆင့်ခေါ်ထားတယ်လို့ ဦးကျော်သူ က ပြောပါတယ်။ “စွဲတော့ မစွဲသေးဘူး စွဲဖို့လုပ်နေပြီ။ ဒီနေ့ပဲမြို့နယ်ရုံးကို တရားစွဲဖို့ကိစ္စပြောဖို့ ဆိုပြီးတော့ ခေါ်တာပဲ။ ကျနော်တော့ မသွားဘူး။ မသွားတာက တရားစွဲမယ်ဆိုရင် နာမည်ပေးပါတဲ့၊ ဘယ်သူ့ကို စွဲရမလဲတဲ့၊ ကျော်သူကို စွဲပါဆိုပြီးတော့ ကျနော့်နာမည် ပေးထားပြီးပြီ။ရုံးချိန်းခေါ်လည်း မသွားဘူး၊ တရားရုံးခေါ်လည်း မသွားဘူး၊ ဖမ်းသာ ဖမ်းလိုက်တော့လို့ ကျနော် ပြောထားပြီးပြီ။” မြို့နယ်စည်ပင်ရုံးရဲ့ ဆင့်ခေါ်မှုကို မသွားတာနဲ့ ပတ်သက်ပြီးတော့လည်း ဦးကျော်သူက ပြောပါတယ်။ “ကျနော်တို့က မှန်တဲ့ဟာ လုပ်နေတာ။ တိုင်းပြည်ကို ပုန်ကန်ဖို့ လုပ်နေတာ မဟုတ်ဘူး။ ပြည်သူကို ပံ့ပိုးကူညီတဲ့ ကိစ္စလုပ်နေတာ၊ ကုသိုလ်ဖြစ် အားလုံး အခမဲ့ လုပ်ပေးနေတာ။ ဒီလို တရားစွဲမယ်ဆိုလည်း စွဲတော့ပေါ့၊ မတတ်နိုင်တော့ဘူး။” နာရေးကူညီမှုနဲ့ ဆေးခန်းကို ရပ်ထားလို့ မရတဲ့အတွက် အဆောက်အဦးကို ဆက်လက်အသုံးပြုခွင့်ပေးဖို့ အထက်ကို စာတင်ဖို့ လုပ်နေဆဲလို့လည်း ဦးကျော်သူက ပြောပါတယ်။ “စာတင်ဖို့လုပ်နေတယ်။

ခရိုင်က ကျနော်တို့ အဆောက်အဦးကို လာကြည့်ပြီး ရဆကသအားတ်ပုံတွေဘာတွေ ရိုက်ပြီးသွားတော့ သူတို့ဆီက ခွင့်ပြုတယ်ဆိုတဲ့ဟာနဲ့ ကျနော်တို့ ပြန်တင်ရမှာ။ သူတို့ဆီက ခွင့်ပြုတယ် ဆိုတဲ့စာက အခုအထိ မရသေးဘူး။ အဲဒီစာရမှ ကျနော်တို့ကမြို့နယ်ကို လျှောက်ရမှာ။ ခရိုင်ကစာ မရသေးတော့ လျှောက်လို့ မရသေးဘူး။ “မရဘူးဆိုပေမယ့် ကျနော်တို့က လုပ်မှာပဲ။ ရပ်လို့မရဘူး။ ဒီဟာက လူနာတွေက တောက်လျှောက် ကြည့်ပေးနေရတာ။ ဥပမာ မျက်စိခွဲစိတ်မယ့်လူ လာတယ်ဆိုရင် ခွဲပြီးရင်လည်း ဆရာဝန်နဲ့ အဆက်ပြတ်လို့ မရဘူး။ ဆရာဝန်က ဆက်ပြီး ကြည့်ပေးနေရတယ်။ ဆေးခန်းပိတ်လို့ မဖြစ်ဘူး၊ လုံးဝ ပိတ်လို့မရဘူး။ နာရေးကိစ္စလည်း ပိတ်လို့မရဘူး။ ကျနော်တို့ ဒီအလုပ်က လုပ်နေရမှာပဲ။” နာရေးကူညီမှုအသင်းကို ၂ဝဝ၁ က စတင် ဖွဲ့စည်းခဲ့ပြီး နာရေးကိစ္စ အခက်ကြုံနေသူတွေကို အခမဲ့ ကူညီသင်္ဂြိုဟ်ပေးနေတဲ့အပြင် စေတနာရှင် ဆရာဝန်တွေရဲ့ ကူညီမှုနဲ့ သုခဆေးခန်းကို တည်ထောင်ထားပြီး တနေ့ကို လူနာ ၂ဝဝ နီးပါး အခမဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။

ရင်းမြစ်...။ DVB..။

အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂ ဦး ကျန်းမာရေး ဆိုးဝါးနေ...။

အင်းစိန်ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ဦးတင်ယုကို ထောင်ဆေးရုံတင်ထားရတဲ့အတွက် မိသားစုက စိုးရိမ်နေပါတယ်။ ဦးတင်ယုဟာ အဖမ်းမခံရခင်ကနဲ့ စစ်ကြောရေးမှာ အရိုက်ခံရတဲ့ ဒဏ်တွေကြောင့် မျက်လုံးဝေဒနာနဲ့ အရိုးကျီးပေါင်းတက်တဲ့ ဝေဒနာတွေ ခံစားနေရတာပါ။ မျက်လုံးကို ခွဲစိတ်ကုသလို့ မရတော့ကြောင်း ဆရာဝန်က ပြောတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။ ဦးတင်ယုရဲ့သား ကိုသန်းဇော်မြင့်ကိုလည်း ထောင်နှစ်ရှည်ချပြီး သထုံထောင်ကို ပို့ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မိခင်ဖြစ်သူ ထောင်ဝင်စာ သွားတွေ့ပေမယ့် တိုက်ပိတ်ထားတာကြောင့် တွေ့ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုရွှေဂျိုး လည်း သွေးတိုးဝေဒနာ ဆိုးဝါးနေတဲ့အတွက် အင်းစိန်ထောင်ဆေးရုံတင်ထားရပါတယ်။ အင်းစိန်ထောင်ဆေးရုံမှာ ဆေးကုသခံနေတဲ့ အကျဉ်းသား၂ ဦး မနေ့ညက သေဆုံးသွားတာကြောင့် ထောင်ဆေးရုံ တင်ထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

ရင်းမြစ်..။DVB..။

ဒဂုံတက္ကသိုလ် သင်ပုန်ကြီးဖတ်စာ..။







mail ကနေပို့ပေးလာသောကာတွန်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်..။ဖတ်ဘူးတဲ့သူတွေ့ကတော့
အဟောင်းလေးပေါ့..။မဖတ်ဘူးတဲ့သူကတော့အသစ်လေးပေါ့....။

မြတ်လေးငုံ...။

28 October 2009

ဘဘ ဦးဝင်းတင် ကန်တော့ပွဲ အမှတ်တရ ကဗျာ..။


ကဗျာဆရာ သစ္စာဒီလှိုင်းက ကဗျာဖြင့် ပူဇော်ပါတယ်။ အီးမေးမှပေးပို့လာသောကြောင့် ပြန်လည် မျှဝေလိုက်ပါသည်..။


မြတ်လေးငုံ...။

ကိုညီညီအောင်မှ ဝိုင်းဝန်းမေးမြန်းစုံစမ်း ကူညီပေးနေတဲ့ သူတွေအာလုံးကို ကျေးဇူးတင်ကြောင်း အမှာစကား ပြောကြား။( မနက်ဖြန်ကိုညီညီအောင် အသက်၄၀ပြည့်မွေးနေ့ပါ)။



အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ အမေရီကန်နိုင်ငံသား ကိုညီညီအောင်နဲ့ ယနေ့နေ့လည် (၁)နာရီမှ (၂)နာရီ အထိတွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း ကိုညီညီအောင်ရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

...ဒီနေ့ အန်ကယ် အင်းစိန်ထောင်မှာ .. ကိုညီညီအောင်နဲ့ နေလည် (၁)နာရီမှ (၂)နာရီအထိ (၁)နာရီလောက် ဘဲတွေ့ခွင့်ရခဲ့ပါတယ်။.... အဓိကကတော့ အခုစွဲထားတဲ့ အမှုနဲ့ ပတ်သတ်ပြီး ခုခံရေးလမ်းကြောင်းတွေကို ရှင်းပြပါတယ်။ သူလည်း သဘောတူပါတယ်။ .... အရင်သူ့ကို ထားတဲ့နေရာက သန့်ရှင်းရေးရော အနံ့ အသက်ရော မကောင်းဘူးလို့ ပြောပါတယ်။ ... အခုတော့ အာဏာပိုင်တွေကို ပြောလိုက်လို့ ... အခုတော့ နေရထိုင်ရတာ ...အဆင်ပြေသွားပြီး ပြောပါတယ်။.... အခုရန်ကုန်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေနဲ့ အတူတူ နေရတယ်လို့ ပြောပါတယ်။....ကျန်းမာရေး လည်းကောင်းပါတယ်။...

.....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။

စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ယခုနောက်ဆုံး လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုဖြင့် စွဲချက်တင်ထားပါတယ်။

...ဆက်လက်ပြီး.....ရှေ့နေကြီး ဦးဥာဏ်ဝင်းမှ... ကိုညီညီအောင်က ပြောပါတယ် ... ဒီမှတ်ပုံတင် ကပ်ခွါလုပ်တယ်ဆိုတာ .. သူမသိဘူး .. သူလုပ်တာ လည်းမဟုတ်ဘူးလို့ ပြောပါတယ်။... အသုးံပြုတယ် ဆိုတဲ့ .. သက်သေလည်းမရှိပါဘူး ...။ ဥပဒေအရ ပြောရရင်တော့ သူလုပ်တယ် မလုပ်တယ်ဆိုတာထက် . ... အသုံးမပြုဘူး .. အသုံးပြုတယ် ဆိုတဲ့သက်သေ မရှိဘူးဆိုရင် ... ဥပဒေမမြောက်ပါဘူး။.. စွပ်စွဲတာပဲရှိပါတယ်..... ...... ကိုညီညီအောင်က သူ့ကိုဝိုင်းဝန်း မေးမြန်းစုံစမ်း ကူညီပေးနေတဲ့ သူတွေအာလုံးကို ကျေးဇူးတင်ကြောင်း အမှာစကား ပါးလိုက်ပါတယ်။.... မနက်ဖြန်သူ့ရဲ့ အသက်(၄၀)ပြည့် မွေးနေ့ပါ။ သူ့အဒေါ်က ကိုညီညီအောင် မွေးနေ့အတွက် ဘုန်းကြီး(၅)ပါး ဆွမ်းကျွေး အလှူလုပ်ပါမယ်။.. သူ့ဆွေမျိုးတွေနဲ့ တော့တွေ့ခွင့် မရသေးပါဘူး။ ပစ္စည်းတော့ ပို့လို့ရတယ်လို့ ပြောပါတယ်။ ဒီနေ့ အန်ကယ်ဦးကြည်ဝင်း အမှုကိစ္စရှိတဲ့ အတွက် အန်ကယ်တစ်ယောက်ပဲ သွားတွေ့ခဲ့တာပါ။ ....ဟုကိုညီညီအောင်၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လာမည့်(၃၀)ရက်နေ့ သောကြာနေ့မှာ ကိုညီညီအောင်ရဲ့ အမှုကို မင်္ဂလာဒုံတရားရုံးမှာ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေဟာ မကြာခဏ မိမိတို့မပြုလုပ်ရသော စွဲချက်မျိုးစုံဖြင့် တရားစွဲဆို ခံရပြီး နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်ခံရပါတယ်။ ကိုညီညီအောင်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။....။

ကိုညီညီအောင် အသက်(၄၀)ပြည့် မွေးနေ့မှာ ကိုညီညီအောင်နှင့် တကွ မတရားအဖမ်းအဆီး ခံနေရသော နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်လွတ်မြောက် ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။.....။

သတင်း ပေးပို့သူ ...ဒီမိုဝေယံ...။

27 October 2009

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားအဖွဲ့ချုပ် (အေးလွင်)၏ မသမာခြေလှမ်းများ။

Photobucket

ပေးပို့ ပေးသူ..ဒီမိုဝေယံ...။

ထောင်ထဲမှာ ဘုရားစာ မရွတ်ရဲတော့ဟု ဇာဂနာ ပြော ...။

(ကိုဇာဂနာ)
မြစ်ကြီးနားထောင်မှာ ထောင်ဒဏ်နှစ်ရှည် ကျနေတဲ့ စွယ်စုံအနုပညာရှင် ဇာဂနာကို မိသားစုက ထောင်ဝင်စာသွားတွေ့ရာမှာ ထောင်လုံခြုံရေးကို အရင်ထက် တင်းကျပ်ထားပြီး ထောင်ဝင်စာ ပစ္စည်းတွေကိုလည်း အသေးစိတ် ရှာဖွေမှုတွေ လုပ်တယ်လို့ မိသားစုက ပြောပါတယ်။ ကိုဇာဂနာကို လွန်ခဲ့တဲ့ ဇွန်လကုန်က ထောင်ဝင်စာ နောက်ဆုံးတွေ့ခဲ့ပြီးနောက် ၃ လအကြာ ဒီလ ၂၃ ရက်နေ့မှာ မိသားစုက ထောင်ဝင်စာ သွားတွေ့ခဲ့တာပါ။ ဒီ ၃ လအတွင်း ထောင်လုံခြုံရေး ပြောင်းလဲသွားတာကြောင့် ခရီးဝေးကလာတဲ့ မိသားစုတွေမှာ လူပန်း စိတ်ပန်း ဖြစ်ရတယ်လို့ ကိုဇာဂနာ့ မိသားစုဝင် မငြိမ်းက ပြောပါတယ်။ “အခုက ပေးချင်တာ ပေးလို့ရတယ်။ အဝင်ရယ် အထွက်ရယ် အရမ်းစစ်တယ်။

ထောင်ဗူးဝကနေ အထဲအထိ တော်တော် ဝင်ရသေးတာကိုး။ အဲ့ဒီမှာ တချက်စစ်၊ ပစ္စည်းတွေကို ထုတ်ပြရတယ်။ လေယာဉ်၊ ကား၊ ရထားနဲ့ လာတဲ့လူပဲဖြစ်ဖြစ် စီစဉ်ပြီးထုပ်လာတာကို သူတို့က တခုချင်းစိစစ်နေတော့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ပြန်စီရတဲ့ ဒုက္ခပေါ့။ အင်းစိန်ထောင် ပုံစံမျိုးတွေ လုပ်လာပြီ။” ကိုဇာဂနာရဲ့ သွေးတိုး၊ နှလုံး ကျန်းမာရေး အခြေအနေက ပုံမှန် ဆေးသောက်နေတဲ့အတွက် ဆိုးဆိုးဝါးဝါးမရှိဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မြစ်ကြီးနားမြို့မှာ ညဥ့်နက်သန်းခေါင် မိုးကြီးလို့ မြောင်းရေလျှံပြီး တိုက်ထဲကို ရေဝင်တာကြောင့် အခန်းပစ္စည်းတွေ အပါအဝင် စာအုပ်တွေ ရေစိုသွားတယ်လို့ မငြိမ်းက ပြောပါတယ်။

ဒီလ ၁၅ ရက်နေ့တုန်းက ဗြိတိသျှစာပေအနုပညာရှင်များအဖွဲ့က ချီးမြှင့်တဲ့PEN Printer
ဆုရရှိသူ နာမည်ကျော်ကဗျာဆရာ တိုနီဟယ်ရီဆင်က သူ့ရဲ့ဆုကို ကိုဇာဂနာကို ပြန်လွှဲပြောင်း ပြောင်းချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုပေးပွဲမှာ အကျဉ်းကျခံ စာရေးဆရာများဥက္ကဋ္ဌ ကာရိုးလ်က ကိုဇာဂနာ စပ်ဆိုခဲ့တဲ့ ‘အကျဉ်းခန်းထဲကို၊ လရောင်ထိုးကျ၊ ခြေသံတွေလည်း၊ တိတ်ဆိတ်သွားချိန်မှာ၊ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို သတိရလို့၊ တရားမှတ်ရင်း၊ လွတ်မြောက်မယ့်ရက်တွေကို စောင့်စားနေတယ်’ ဆိုတဲ့ ကဗျာကို ရွတ်ဆိုသွားခဲ့ပါတယ်။

ကိုဇာဂနာ က အဲဒီဆုအတွက် ကျေးဇူးတင်ကြောင်းနဲ့ သူ ရေးခဲ့တဲ့ အဲ့ဒီကဗျာထဲကလို ဘုရားစာ ဂုဏ်တော်တွေကို ထောင်ထဲမှာ မရွတ်ရဲတော့ဘူးလို့ သတင်းပါးလိုက်တယ်လို့ မငြိမ်းက ပြောပါတယ်။ “ကဗျာတွေက သူ ၉ဝ တုန်းက ရေးခဲ့တာတဲ့။ သူတို့ကို ပြောတော့ ပြောပြလိုက်ပါတဲ့၊ဗုဒ္ဓတ ရားတော်လည်း ထောင်ထဲမှာ မရွတ်ဖြစ်တော့ပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့၊ဗုဒ္ဓတ ရားတော်ရွတ်နေတဲ့ ဘုန်းကြီးတွေတောင် ထောင်ထဲရောက်နေတော့ ကိုယ်လည်း မရွတ်ရဲတော့ဘူးတဲ့။” စွယ်စုံအနုပညာရှင် ဇာဂနာကို နအဖ အစိုးရက ရှစ်လေးလုံး လူထုအုံကြွမှုအပြီး ၁၉၈၈ မှာ ၁ ကြိမ်၊ ၁၉၉ဝ ရွေးကောက်ပွဲမတိုင်ခင် မေလမှာ ၁ ကြိမ် ဖမ်းဆီး ထောင်ချခဲ့ပါတယ်။ ၂ဝဝ၈ မှာ နာဂစ်မုန်တိုင်းဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ရင်း အားကစားအယ်ဒီတာ ကိုဇော်သက်ထွေးနဲ့အတူ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၅၉ နှစ် အပြစ်ပေးတာ ခံခဲ့ရပါတယ်။ အဲ့ဒီနောက် အယူခံလျှော့ပေါ့ပေးတဲ့အတွက် လောလောဆယ် ထောင်ဒဏ် ၃၅ နှစ်နဲ့ မြစ်ကြီးနားထောင်မှာ အကျဉ်းနေတာ ဖြစ်ပါတယ်။

ရင်းမြစ်..။DVB

မြတ်လေးငုံ..။

26 October 2009

စာရေးဆရာမ နှင်းပန်းအိမ် ရဲ့ ထောင်ဝင်စာ အတွေ့အကြုံနှင့် သူ့၏ဘဝ အကြောင်း..။



ဆရာမနှင်းပန်းအိမ်

မေး..။
ဆရာမရဲ့ မမေ့နိုင်စရာ ငယ်ဘဝ ပုံရိပ်ကဘယ်လိုလဲ။ ငယ်စဉ်ဘဝ အတွေ့ အကြုံတချို့ကို ပြောပြပေးပါရှင်။

ဖြေ..။
ကျမ(၆)နှစ်သမီး အရွယ်မှာ ကျမဖေဖေ နိုင်ငံရေးမှုနဲ့ အဖမ်းခံ ရပါတယ်။ ကျမ သုံးနှစ်သမီးအရွယ်မှာ မေမေနဲ့ အတူဖေဖေ့ကို လူပျောက်ရှာခဲ့ရတယ်။ မန္တလေးမီးရထား ထိုင်ခုံအောက်မှာ မေမေကကျမ ကိုဖက်ပြီး အိပ်ရတာကို ခုချိန်ထိမှတ်မိနေတယ်။ နောက်ဖေဖေက ကိုကိုးကျွန်းကနေ မေမေ့ဆီကို(၆)လ တကြိမ်စာပို့ရင် မေမေကကျမကို ဖတ်ပြတဲ့ ဖေဖေလက်ရေးနဲ့ စာကိုမှန်းဆပြီး ဖေဖေ့ကိုကျမချစ်ရတာပါဘဲ။

ကျမ(၇)နှစ်သမီးမှာ ဖေဖေထောင်က လွတ်လာတယ်။ ဖေဖေနဲ့အတူဖေဖေ့ ရဲဘော်တွေပါလာတော့ ဘယ်သူက ကျမအဖေမှန်း မသိပါဘူး။ ကျမတံခါးကြားမှာ ပုန်းနေတာ တော်တော်နဲ့မထွက်ဘူး။ အဲဒီညကကျမတို့ မိသားစုသုံးယောက် အတူအိပ်ရတယ်။ ညသန်းခေါင်မှာ ဖေဖေ့က မေမေလည်ပင်းကို ထညှစ်တော့တာပဲ။ ဖေဖေ့ရဲဘော်တွေ ကျမငိုသံနဲ့ နိုးကုန်ကြတယ်။ “ဗိုလ်ဓမ္မကျွန်တော်တို့ အိမ်ရောက်နေပြီး” လို့ဝိုင်းပြောကြတယ်။ ထောင်တွင်းဖိနှိပ်မှု စိတ်ဒဏ်ရာဆိုတာ ကျမအရွယ်ရောက်မှ သိခဲ့ရတယ်။ ဖေဖေက အင်မတန်နုးညံ့ သိမ်မွေ့တဲ့သူပါ။

ကျမတို့သားအဖ ရင်းနှီးအောင် ဖေဖေ့ကို လေးစားတန်းဖိုး ထားတတ်အောင် ဖေဖေ့ရဲဘော်တွေနဲ့ မေမေက ကြိုးစားပေးကြတယ်။ ကျမတို့ငယ်ငယ်ထဲက “သမီးကတိုင်းပြည်ကို ကယ်တင်မှာလားဆိုတဲ့ မေးခွန်းကြီးနဲ့ ကြီးပြင်းခဲ့ရတာပါ။” တကွက်တည်းနဲ့ တပွဲလုံးမရှုံးစေနဲ့ ကိုယ့်ကိုယ်ကိုယ် နေရာချတတ်ဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် နေရာချတတ်ရမယ်၊ အသိတရား ဘယ်ကလာလဲ။ ပတ်ဝန်းကျင်က လာတယ် ။ဖေဖေနဲ့ဖေဖေ ရဲဘော်ကျမ ဦးလေး ဦးလှရွှေနဲ့ ဒေါ်ဒေါ်ဒေါ်ခင်မာအေး၊ ဦးလှတင်အောင်၊ အန်ကယ်ကြီးဦးတင်အောင် တို့က ငယ်ငယ်ထဲက ဓမ္မနဲ့ အဓမ္မ ခွဲခြားတတ်အောင် ပုံသွင်းပေးခဲ့တယ်။

မေး..။
စာရေးဆရာမ ဘဝကိုပိုင်ဆိုင်ဖို့ ဆရာမဘယ်လို ကျော်ဖြတ်ခဲ့တာလဲ.။

ဖြေ..။
ကလေးအကျဉ်းထောင်ကို ထောင်ဝင်စာ သွားတွေ့မယ့် ကျမကို ကဗျာဆရာကြီးဦးတင်မိုးက အဘွား လူထုဒေါ်အမာဆီ စာရေးပေး လိုက်တယ်။ အဘွားဆီ ကျမရောက်တော့ အဘွားကကျမ ဘဝအကြောင်းကို မေးတယ်။ ကျမကပြောတော့ နားထောင်ပြီး “ငါ့သမီးစာရေးပါလား၊ ငါ့သမီးတို့ ဘဝတွေက စာရေးဘို့ကောင်း” လို့တွန်းအား ပေးခဲ့တယ်။ ကျမကိုစာပေ မျိုးစေ့ချပေးတာ အဘွား လူထုဒေါ်အမာပါ။

ကျမပထမဆုံး ဆောင်းပါး ပြိုင်ပွဲဝင်ခဲ့တာ(၁၉၉၉) ဒေါ်အောင်ဆန်းဆုကြည်မွေးနေ့ မြန်မာနိုင်ငံအမျိုးသမီး များနေ့။ အဲဒီပြိုင်ပွဲမှာပထမရခဲ့တယ်....။ မှတ်မှတ်ရရ စာမူကို ဒေါက်တာသန်းငြိမ်းဇနီး အန်တီဒေါ်ခင်အေး ကဖတ်ပြပါတယ်။ ကျမဆောင်းပါးကိုနားထောင်ပြီး ဘဘဦးတင်ဦးက ကျမကိုလက်ဆွဲ နှုတ်ဆက်တယ်။ ဘဘတို့ ကိုကိုးကျွန်းနဲ့ ပတ်သက်တဲ့ သမိုင်းတရားခံပါလို့ ကြေကြေကွဲကွဲ ပြောခဲ့တယ်။ ဘဘဦးတင်ဦး ကိုအဲ့လို ရိုးသားတဲ့ စိတ်ထားတွေကြောင့် သိပ်ကိုလေးစားကြတာပါ။

ကျမကို စာပေစင်မြင့် တင်ပေးခဲ့သူက ဒေးဒရဲဦးမြတ်ဆွေနဲ့ ဆရာနတ်နွယ်ပါ။ ကျမရဲ့ထောင်ဝင်စာ ခရီးဖြတ်သန်းမှု ဘဝအချို အခါးတွေ၊ ထောင်ဝင်စာ သွားခဲ့ရတဲ့လမ်းခရီး၊ သဘာဝတရားနဲ့ လူနဲ့တိုက်ပွဲ၊ အုပ်စိုးသူနဲ့ ဖိနှိပ်ခံပြည်သူ ကျမရဲ့တိုက်ပွဲတွေ။ ခင်ပွန်းနဲ့သားကို တလှည့်စီလွမ်းရတဲ့ အလွမ်းတွေကို ခံစားပြီးရေးတဲ့ ဆောင်းပါး၊ ဝတ္တု၊ အက်ဆေးတွေက ကျမနှလုံးသွေးတွေနဲ့ ရေးခဲ့တာပါ။ ထောင်ဝင်စာသွား တွေ့တဲ့ခရီးမှာ မဟာမြိုင်ထဲမှာ ကားပျက်တာ တောထဲ(၃)ရက် ကြာတယ်။ တောတောင်ထဲမှာကျမက
ထောင်ထဲကခင်ပွန်းနဲ့ ရန်ကုန်သားကို တလှည့်စီလွမ်းပြီး “ကောင်းကင်က လမင်းကို တမိုးအောက်မှာ
မိသားစု အတူကြည့်ခွင့် ကြုံပါရစေ” ဆိုပြီးလမင်းကို ကြည့်ဆုတောင်းဖူးပါတယ်။ အဲဒီစာသားလေး စာပေစီစစ်ရေးမှာ မျက်စိလည်ပြီး လွတ်ခဲ့တယ်။


မေး..။
ဆရာမရဲ့ မိသားစုဘဝ တစိတ်တပိုင်း အကြောင်း စာဖတ်ပရိသတ်ကို မျှဝေပေးပါရှင်။ ဆရာမရဲ့မိသားစု
ဘဝကို ဘယ်လိုစပြီး တည်ဆောက်ခဲ့လဲ.။

ဖြေ..။
ကျမတို့မှာ ညီအကိုမောင်နှမ လေးယောက်ရှိတယ်။ ကျမကသမီးအကြီးဆုံးပါ။ သမီးအကြီးပီပီ အိမ်ရဲ့တာဝန်ကို ကျမထမ်းရွက်ခဲ့ရတယ်။ ဖေဖေဒုတိယအကြိမ် အဖမ်းခံရတဲ့ အချိန်မှာ ကျမငယ်ငယ်ရွယ်ရွယ်နဲ့ စာသင်ခန်းကို ကျောခိုင်းခဲ့ရတယ်။ ကျမငယ်ငယ်ထဲက အဖြူအစိမ်းဝတ် ကလေးတွေကို မြင်ရင်မျက်ရည်စို့တဲ့ အထိ ကျောင်းနေချင်ခဲ့တာ။

ကျမမေမေ သတ္တိခွန်အားတွေကို ကျမ ရခဲ့တယ်လို့ ပြောရမယ်။ မေမေက သာမာန်ကျေးတောသူ ဆိုပေမယ့် ဘဝကို ရဲရဲရင်ဆိုင် ပြီးဖေဖေ့ပါရမီ ဖြည့်ပေးခဲ့တယ်။ ကျမခင်ပွန်းဆီ ထောင်ဝင်စာသွားတွေတဲ့ အချိန်ဆို သားငယ်လေးကို မေမေ စောင့်ရှောက်ခဲ့ရတယ်။ ကျမရဲ့ ဒုက္ခကို ကျမမေမေတဝက်မျှခံ ခဲ့ရတယ်။ ကျမခရီးထွက်ခါနီး ဝတ်တဲ့အကျီင်္ကို သားကဘယ်တော့ အလျှော်မခံဘူး။ ဘွားဘွားရယ် မေကြီးအကျီင်္ကို မလျှော်ပါနဲ့ မေကြီးကိုယ်နံ့နဲ့ သားအလွမ်းဖြေရတာတဲ့။ လောကဓံကိုရင်စီးခံတဲ့ မေမေ သူ့မြေးစကားနဲ့ မျက်ရည်ကျခဲ့တယ်။


ကျမခင်ပွန်းနဲ့ ကျမယုံကြည်ချက် တူတဲ့အတွက် (၁၉၉၂)မှာ လက်ထပ်ဖြစ်တယ်။ သူရိုးသားတယ်၊၊ ပွင့်လင်းတယ်။ ကျမတို့ နှစ်ယောက်စလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေပါဘဲ။ နိုင်ငံရေးသမား တယောက်ရဲ့ ဘဝခရီးကတော့ ဆင်းးရဲပင်ပန်းမှုတွေပဲ လောက လက်ဆောင်ရခဲ့တာ။ သားလေးကို (၁၉၉၃)ဒီဇင်ဘာ (၁၅)ရက်မှာမွေးခဲ့တယ်။ မြန်မာပြည်ရဲ့ အနာဂတ်ကိုရေးဖို့သားကိုပါဝင် စေချင်ပါတယ်။ ဒါကကျမတို့ ဇနီးမောင်နှံရဲ့ ဘဝပါပဲ။

မေး..။
ဆရာမရဲ့ အမျိုးသားနိုင်ငံရေးမှုနဲ့ ထောင်ကျတဲ့အချိန်မှာ ဆရာမဘယ်လို ခံစားခဲ့ရလဲ။ မိသားစုကိုလည်း ဆရာမတယောက်တည်း ဘယ်လိုဦးဆောင်ခဲ့ပါသလဲ။

ဖြေ..။
(၁၉၉၈) ဖေဖော်ဝါရီ(၁၈)ရက် မှာအဖမ်းခံရတဲ့ ခင်ပွန်းသည်ကို ထောင်ဒဏ်(၁၄)နှစ်နဲ့ ကလေးအကျဉ်းထောင် ကိုပို့လိုက်တယ်။ အဲဒီအချိန်မှာ ပြစ်ဒဏ်အများဆုံးနဲ့ နယ်ဝေးထောင်တွေ ပို့တာပထမဆုံးပါဘဲ။ ကျမတို့ ဘဝမှာ ငြိမ်သက်ချင်းမရှိဘူး။ အသစ်အသစ်တွေက တခုမဟုတ် တခုပြောင်းလဲနေတယ်။ ပင်ပန်းဆင်းရဲ တာကို စာဖွဲ့ရင်တောင် ပီပြင်မှာ မဟုတ်ဘူး။ ထောင်ဝင်တခါမှ မတွေ့ရဘဲ နယ်ဝေးထောင်ကို တခါတည်းတန်း ပို့လိုက်တယ်။ သားလေးနဲ့ ကျမဘဝရဲ့ ရှေ့ခရီး။ ခင်ပွန်းကိုစိုးရိမ်တဲ့ ကျမသောကမီးကို မေလရဲ့နွေအပူ
ကမှီမယ် မထင်ပါဘူး။

၁၄နှစ်ဆိုတဲ့ ထောင်ဝင်စာ ခရီးအတွက်ကျမတို့ နေတဲ့အိမ်ကို ၁၅ကျပ်တိုးနဲ့ပေါင်ပြီး၊ ဘယ်တုံးက မရောက်ဘူးတဲ့ ဝန်းကျင်သစ်မှာ ထောင်ဝင်စာတွေ့ရင်း ဈေးရောင်းခဲ့ရတယ်။ အချိန်၂၀၊ ၃၀ပိသာ ကိုစက်ဘီးနဲ့တင်ပြီး ကလေးမြို့နယ် ကျေးရွာအနှံ မျှင်ငပိရောင်းခဲ့ရတယ်။ ဒီလောက်ဝေးတဲ့နေရာ ကိုအပါတ်စဉ် ထောင်ဝင်စာ တွေ့နိုင်တာဘယ်သူ အကူအညီရလဲဆိုပြီး ကလေးမြို့နယ် ထောက်လှမ်းရေးတပ်မှူး ဦးစိုးမြင့်ကကျမကို စစ်ကြောရေး ဝင်ခြိမ်းခြောက်ခဲ့တယ်။ ကျမငပိရောင်း တဲ့နောက် ထောက်လှမ်းရေးက အမြဲလိုက်ကြည့်တယ်။ အဲဒီလိုအာဏပိုင်ရဲ့ ဖိအားပေးခံရမှုကြောင့် ကလေးမြို့လူထုက ငပိကိုလိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ အားပေးကြတယ်။ အဲဒီအတွက် ကလေးမြို့သူမြို့သား များကို အမြဲအမှတ်ရ ကျေးဇူးတင်ရပါတယ်။ ကျမကို ကလေးမြို့လူထုက အမြဲစောင့်ရှောက်ခဲ့တာပါ။

မေး..။
ဆရာမ ပြည်ပထွက်လာဖို့ ဘယ်လိုအကြောင်း တွေကြောင့် ဆုံးဖြတ်ခဲ့တာလဲ။

ဖြေ..။
နိုင်ငံရေးကို အသွေးသားလို တန်ဘိုးထားတဲ့ ခင်ပွန်းသည်က ထောင်ထဲမှာ(၄၀၁) ကိုလက်မှတ်ထိုးဖို့ အကြိမ်ကြိမ် ငြင်းခဲ့တယ်။ (၄၀၁)ဆိုတာ နောက်နောင် နိုင်ငံရေးမလုပ်ပါဘူးလို့ ဝန်ခံကတိထိုးရတာပါ။ ထောင်ဆိုတာ မနေသင့် မနေအပ်တဲ့နေရာ။ ဒါပေမယ့် သူ့ယုံကြည်ချက်ကို အပွန်းမခံဘူး။ (၂၀၀၅)မှာ လွတ်လာတော့လည်း နိုင်ငံရေးသူ ဆက်လုပ်တယ်။ ထောင်ဒဏ်၁၂နှစ်နဲ့ မအူပင်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသမား ကိုခင်မောင်ဝင်းနဲ့ ခင်ပွန်းသည်က အမှုတွဲပါ။ ကိုခင်မောင်ဝင်းကို ဖမ်းပြီးမကြာခင်မှာ ခင်ပွန်းသည် လွတ်မြောက်တဲ့ နေရာကို ပြေးရပါတယ်။ ကိုခင်မောင်ဝင်းကို အမိန့်ချမယ့်နေ့ တရားခွင်မှာ လက်မှတ်ထိုးခဲ့တဲ့ သူ့ချစ်သူ မပန်းဝါကကျမရဲ့ တူမပါ။ ကျမတို့ရဲ့ ဘဝလုံခြုံမှုကို မိသားစုချစ်ချင်း မေတ္တာတွေနဲ့ လဲလှယ်ခဲ့ ရပါတယ်။ ပြည်ပကို ထွက်လာဖို့ ကျမကို ဘဝကေ၇ွးချယ်လိုက်တာပါ။


မေး..။
မြန်မာနိုင်ငံမှာ ရှိတဲ့စာရေးဆရာ၊ ဆရာမတွေကိုရဲ့ ဘဝကိုဘယ်လိုမြင်လဲ။

ဖြေး.။
ကျမတို့ မြန်မာနိုင်ငံက ရသစုံတယ်။ အလင်္ကာစုံတယ်။ နွေ၊မိုး၊ဆောင်း၊ စုံပြီးလွမ်းစရာ ပေါတဲ့နိုင်ငံပါ။ အနုပညာသမားဆိုတာ ကိုယ့်ပတ်ဝန်းကျင် ရိုက်ခတ်လာတဲ့ ခေတ်စနစ်ရဲ့ ခံစားပြီး နှလုံးသားနဲ့အနုပညာ ကို တည်ဆောက်ကြတာပါ။

စာပေလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့် မရှိတဲ့ ကျမတို့မြန်မာနိုင်ငံမှာ စာရေးဆရာတွေရဲ့ ဘဝက ကြိုးတန်း လမ်းလျှောက် နေရသလိုပါပဲ။ အာဏာရှင်ကို ထိခိုက်ဖို့ဝေး ထိခိုက်မယ်ထင်တဲ့ ကဗျာ၊ ဆောင်းပါး၊ ဝတ္တု၊အကုန်လုံး စာဖြုတ်ခံရတယ်။ စာပေစိစစ်ရေး လွတ်ပြီး မဂ္ဂဇင်းထွက်မှသူတို့ မကြိုက်တဲ့ကဗျာ၊ ဆောင်းပါး ၊ ဝတ္တုပါသွားရင် ရေးတဲ့ကလောင် အပိတ်ခံရပြီသာမှတ်။

ဒီတော့ စာရေးဆရာတွေ၊ အနုပညာသမားတွေက နိမိတ်ပုံတွေနဲ့ စာဖတ်သူတွေကို တင်ပြ၊ စာဖတ်သူကလည်း အားစိုက်တွေးယူဖတ်နဲ့ အသားကျနေပြီး ဝာမိုးထားတဲ့ စာပေစိစစ်ရေး အောက်စာရေးဆရာတွေ တထိတ်ထိတ်နဲ့ အနုပညာ ဖန်တီးနေရတာ သနားစရာကောင်းပါတယ်။ အဲဒီဓားအောက်ကပဲ ခေတ်စနစ် တွေကို ကျမတို့ ဂုဏ်ယူရမှာပါ။

မေး..။
ဆရာမရဲ့မျှော်လင့်ထားတဲ့အဖြစ်ချင်ဆုံးဆန္ဒလေးကိုသိပါရစေ..။

ဖြေ..။
ကျမတို့ မြန်မာပြည်အတွက် စစ်မှန်တဲ့ ဒီမိုကရေစီ လိုချင်ပါတယ်။ ကျမတို့ ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲတွေ၊ အကျဉ်းထောင် အသီးသီးမှာ ယုံကြည်ချက်နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေနဲ့ အကျဉ်းကျ မိသားစုတွေ့ရဲ့ ဒုက္ခဆင်းရဲတွေ လွန်မြောက်မယ်။ မိသားစု ချစ်ချင်းတရားကို ခွဲခွာခြင်းဆိုတာ မရှိတော့ဘူး။

မထင်မရှားနဲ့ မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေး အတွက် အသက်တွေ စတေး၊ ဘဝတွေ စတေးခံရတဲ့ ရဲဘော်တွေနဲ့ သူ့မိသားစု တွေကိုလည်း စုံစမ်းမေးမြန်း ကူညီစောင့်ရှောက် ပေးချင်ပါတယ်။ ကျမချစ်တဲ့ အမိမြန်မာပြည်ကြီးမှာ ပြည်သူလူထုနဲ့ အတူလျှောက်ခွင့် ရချင်ပါတယ်။ ဒါကျမဆန္ဒအမှန်ပါပဲ။ အဲဒီဆန္ဒတွေ တကယ်ဖြစ်အောင် ကျမတို့ကြိုးစားသွားမယ်။


ကျမ ချိုးလင်းပြာ အတွက် အင်တာဗျူးခံရတာကို ဝမ်းမြောက် ဂုဏ်ယူတယ်ဆိုတာပြောပါရစေ။ ချိုးလင်းပြာမှ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ကျမမြတ်လေးငုံ ကိုယ်တိုင် အမကြီးမသန္တာကိုလဲ ထောင်ဝင်စာ အတွေ့အကြုံနဲ့ သူ့ခင်ပွန်း ကိုနေဦးကိုလဲ မေးမြန်းပြီး ထပ်မံ ဖော်ပြ ပေးပါအုံးမယ်..။ မသန္တာဆိုတာ ကျမတို့ အမကြီးတယောက်ပါဘဲ။ သိပ်ကိုလေးစားဘို့ ကောင်းတဲ့သူရဲ့ စိတ်ဓာတ်ကို ကျမဂုဏ်ပြုချင်လို့ ပြန်တင်ပြ ပေးထားချင်း သာဖြစ်ပါတယ်..။

မျှဝေခံစားနိုင်ပါစေရှင်..။

မြတ်လေးငုံ..။


၂၀၀၉ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေငြာချက်များ။....။

၂၀၀၉ခုနှစ် NLD ကြေငြာချက်များ

ပေးပို ပေးသူ.... ဒီမိုဝေယံ...။

25 October 2009

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း။.....။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း။.....။

အီးမေး မှပေးပို့လာလို့ ပြန်လည်မျှဝေလိုက်ပါတယ်..။
မြတ်လေးငုံ..။

ရဲရဲတောက်အမေ...။

ရဲရဲတောက်အမေ။
ရဲရဲတောက်အမေ
၁၉၈၉ခုနှစ် ဒေါ်စုအတွက် သုံးရောင်ခြယ်ရဲ့ ကဗျာလေးပါ။..။
ကိုထင်ကျော် သုံးရောင်ခြယ်မှ ပြန်လည်မျှဝေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်...။

Photobucket