26 December 2009

သနား စရာ ကဗျာ.။

သနား စရာ ကဗျာ.။


သနားစရာ

မြို့ပျက်ကြီးထဲလူတချို့

အုပ်ဆိုင်းမှိုင်းညို့နေတဲ့ကောင်းကင်အောက်မှာ

နေမ၀င်ခင် အပေးအယူမမျှ

ထချကြတဲ့ပွဲလေးပါ ။

ကဲဗျာ အခုတော့

ဟိုတိုင် ဒီတိုင်

နှစ်ဘက်လုံးကတိုင်တန်းနေကြ

ကြည့်မြင်တိုင်တဘက်ကမ်းက

ရမ်းခဲ့ကြတဲ့ ရန်ပွဲ

လူရမ်းကားနဲ့မခြား

သန္ဓေအနေထားကိုဖေါ်ပြ

ဗီဇနဲ့သရုပ်အထုတ်ကို

အဟုတ် ဖြည်ပြလိုက်တာပါ

ကြံ့ဖွတ်နဲ့ ရဲထွန်း

နယ်မြေလု ရိုက်တဲ့ပွဲ

သူမှန်ငါမှန်တွေကြားမှာ

အလံတွေမီးရှို့ခဲ့ကြတယ်

ဘယ်သူတွေ အပြစ်ရှိလဲ

ကဲသေသေချာစဉ်းစားကြစမ်း

လူရမ်းကားတွေ ဖြစ်နေကြပါရော့လား ။

အရိုက်ခံရသူ ဆေးရုံရောက်

ရိုက်တဲ့သူက ရဲတိုင်

သူတိုင်ငါတိုင်

အမှုတွေအပြိုင်ဖွင့်နေကျ

နင်တို့ဘ၀ သနားစရာ

တို့တိုင်းပြည်မှာ

ဥပဒေဆိုတာဘယ်အရာလဲ

အမှန်တရားဘယ်နားမှာလဲ

သေချာကြည့်စမ်း

စဉ်းစားစမ်းပါ

မင်းတို့ဘ၀က သနားစရာပေါ့ ။



ငထ(ဘလုပ်မြေ)
၂၃-၁၂-၂၀၀၉

ဤ ကဗျာ အား
ပြည်တွင်းမှ ကိုယ်တိုင် ရေးသားပေးပို့ ပေးသော ကဗျာဆရာ ငထ(ဘလုပ်မြေ) အားကျေးဇူးတင်
ပါသည်.။

နေမွန်းတည့်လုချိန်(၁၁း၄၈)



ကလိမ်ကကျစ် ကကြိုးဆွဲနေတဲ့ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းနဲ့  မလွန်ဆန်ရဲဘဲ လိုရာကြိုးဆွဲကနေရတဲ့ အောင်ဆန်းဦး။

ကလိမ်ကကျစ်ကကြိုးဆွဲနေတဲ့မိန်းမယုတ်လဲ့လဲ့နွယ်သိန်းနဲ့မလွန်ဆန်ရဲဘဲလိုရာကြိုးဆွဲကနေရတဲ့
အောင်ဆန်းဦး။


ဒေါ်အောင်ဆန်းစုကြည်ကို အနှောင့်အယှက်ပေးနေတဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်း
အကြောင်းပြောရရင်အောင်ဆန်းဦးတို့ရဲ့နေအိမ်ဟာအမေရိကန်နိုင်ငံဆန်ဒီဂို(SanDiego)၊ ကယ်လီဖိုးနီးယားပြည်နယ် (California) မှာ ရှိပါတယ်။ အမေရိကန်နိုင်ငံသား ခံယူထားကြတဲ့
အောင်ဆန်းဦးတိုဟာမြန်မာပြည်ကိုသွားရောက်လည်ပတ်ပြီးအာဏာရူးနအဖတွေနဲ့ဆက်ဆံ
ရေးပြုလုပ်ကြပါတယ်။

အောင်ဆန်းဦးရဲ့မိန်းမလဲ့လဲ့နွယ်သိန်းဟာစာရေးဆရာမမေတ္တာဦးအမည်ခံခရီးသွားဆောင်းပါး
တွေရေးနေတဲ့သူဖြစ်ပါတယ်။အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ ဟာ နအဖအာဏာရူးတွေနဲ့
ဆက်ဆံရေးပြုလုပ်ပြီး ကိုယ်ကျိုးစီးပွားရေးတွေ တည်ဆောက်နေကြပါတယ်။ အာဏာရူး နအဖ
ကလည်းအောင်ဆန်းဦးလဲ့လဲ့နွယ်သိန်းတို့ကိုအဆောက်အဦးလုပ်ပိုင်ခွင့်တွေပေးပြီးနိုင်ငံရေးမှာ
အသုံးချတာ လုပ်နေပါတယ်။


အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့ မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင်
မဟုတ်ဘဲ၊နအဖအလိုကျတင်မဟုတ်ဘဲကိုယ်ကိုတိုင်ကပါမြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင်
အောင်ဆန်းဦးရဲ့ မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။


လဲ့လဲ့နွယ်သိန်းဟာမြန်မာပြည်ကိုသွားရောက်လည်ပတ်စဉ်မှာအကြားအမြင်ဗေဒင်ဆရာတစ်ဦးဆီကို သွားရောက်ပြီး “သူမရဲ့ ယောင်္ကျား အောင်ဆန်းဦးအနေနဲ့  မြန်မာပြည်ရဲ့  ၀န်ကြီးချူပ် ဖြစ်ဖို့  ရှိပါသလား”
လို့  မေးမြန်းခဲ့ပါတယ်။ အောင်ဆန်းဦးကို ၀န်ကြီးချူပ်ဖြစ်စေလိုတာထက် လဲ့လဲ့နွယ်သိန်းဟာ မြန်မာနိုင်ငံ
ရဲ့  ၀န်ကြီးချူပ်ကတော် သမတကတော် ဖြစ်လိုနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့  First Lady လို
မျိုး မြန်မာနိုင်ငံရဲ့  first lady အဖြစ် စိတ်ကူးယဉ် ရူးသွပ်နေသူဖြစ်ပါတယ်။

လဲ့လဲ့နွယ်သိန်းဟာဗိုလ်ချူပ်အောင်ဆန်းသမီးဒေါ်အောင်ဆန်းစုကြည်အပေါ်မှာမနာလိုစိတ်တွေ များပြားနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဘ၀ ပျက်စီးရေးအတွက် ဖျက်လို့ ဖျက်ဆီးနဲ့ ယုတ်မာ
သော ကလီကမာ ဥာဏ်နီဥာဏ်နက်နဲ့  လုပ်ကြံနေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အတွက် ပထမဦး
ဆုံး စတင်တာကတော့ ယောင်္ကျားဖြစ်သူ အောင်ဆန်းဦးကို အသုံးချတာဘဲ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်း
ဟာအောင်ဆန်းဦးအပေါ်အကြပ်ကိုင်အနိုင်ယူထားတဲ့အချက်တွေကိုခုတုံးလုပ်ပြီးအောင်ဆန်းဦးကို ရုပ်သေးရုပ်တစ်ရုပ်လို ကြိုးဆွဲကစေခဲ့ပါတယ်။

အောင်ဆန်းဦးဟာ ညီမရင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း
မိခင်ဖြစ်သူ ဒေါ်ခင်ကြည်တို့ ရဲ့  မျက်နှာကိုမှ မထောက်ဘဲ မိန်းမယုတ်ဖြစ်သူ လဲ့လဲ့နွယ်သိန်းရဲ့ 
ပြောဆို ခိုင်းစေသမျှကိုသာ နာခံပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကိုယ်ကျိုးမဘက်ဘဲ စွန့် လွှတ်
အနစ်နာခံ မှုပေါင်းများစွာနဲ့  ကြိုးစားဆောင်ရွက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကိုရင်း
ဖြစ်သူကိုယ်တိုင်က မညှာမတာ ဖျက်လို့ ဖျက်ဆီးလုပ်ရက်ခြင်းဘဲ ဖြစ်ပါတယ်။

လဲ့လဲ့နွယ်သိန်းဟာ အောင်ဆန်းဦးနဲ့  မရယူခင်မှာ ယောင်္ကျားရှိခဲ့ဖူးသူဖြစ်ပါတယ်။ လည်ပတ်
လွန်းတဲ့ လဲ့လဲ့နွယ်သိန်းဟာ ဂုဏ်ပကာသနတွေ မက်မောသူဖြစ်ပြီး ကိုယ်ကျိုးအတ္တကြီးမားသူဖြစ်
်တဲ့အလျောက် အောင်ဆန်းဦးကို အရယူခဲ့သူ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  လဲ့လဲ့နွယ်သိန်း
ရဲ့  ချယ်လှယ်မှုကို မလွန်ဆန်ရဲတာရော ကျန်းမာရေးမကောင်းမွန်မှုများအရရော မိန်းမယုတ်
လဲ့လဲ့နွယ်သိန်းရဲ့  စီစဉ်ဆောင်ရွက်မှုတွေအရ နောက်ဆုံးမှာ နအဖအဏာရူးတွေနဲ့  ဆက်ဆံပါ
တော့တယ်။

အောင်ဆန်းဦးဟာ မွေးသဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မိန်းမယုတ်
တစ်ဦးရဲ့လိုရာကြိုးဆွဲကခံနေတာဟာအောင်ဆန်းဦးအနေနဲ့ရှက်ဖို့အလွန်ကောင်းပါတယ်။
အောင်ဆန်းဦးအနေနဲ့မည်သို့သောအကြပ်ကိုင်မှုအရဖြစ်စေအကြောင်းပြချက်အရဖြစ်စေ
ကျန်းမာရေးအရဖြစ်စေ ဆင်ခြေပေးအကြောင်းမပြဘဲ မိမိရဲ့  အမိအဘဂုဏ်သိက္ခာ ကိုယ်ရဲ့ 
ဂုဏ်သိက္ခာကို ထိန်းသိန်းစောင့်ရှောက်တဲ့ အမျိုးသားကောင်းတစ်ယောက်အနေနဲ့  ခံယူခဲ့
သင့်တာပါ။

အောင်ဆန်းဦးအနေနဲ့  အသက်ကြီးပြီး နောင်တရရမယ့်အစား မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့ 
ကြိုးကိုင် ချုပ်ကိုင်မှုတွေကို မလွန်ဆန်ရဲဘဲ အောင်ဆန်းဦးအမည် အသုံးချတာကို ဆက်လက်
ခံနေပြီး အဖေဗိုလ်ချုပ် (ဦး) အောင်ဆန်း၊ အမေ ဒေါ်ခင်ကြည်တို့ မျက်နှာကို သားရင်းဖြစ်သူ
ကိုယ်တိုင်က အိုးမည်းသုတ် ဖျက်ဆီးပစ်နေပါတယ်။

အောင်ဆန်းဦးအနေနဲ့  အမှန်တကယ်လုပ်သင့်ခဲ့တာက တိုင်းပြည်နဲ့ လူမျိုးမျက်နှာထောက်ပြီး
မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မဟုတ်မမှန်လုပ်ရပ်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ရမှာပါ။
ညီမရင်း ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အပေါ် အကိုရင်းဖြစ်သူကိုယ်တိုင်က ရဲရဲရင့်ရင့်နဲ့ 
အကာအကွယ်ပေး စောင့်ရှောက်မှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့ရမှာပါ။

ယခုကတော့အောင်ဆန်းဦးဟာမိန်းမယုတ်လဲ့လဲ့နွယ်သိန်းရဲ့မျက်နှာတစ်မျက်နှာထဲကြည့်ပြီး မလွန်ဆန်နိုင်တာတွေ ကျန်းမာရေးမကောင်းတာတွေ အကြောင်းပြပြီး မိမိရဲ့  ဂုဏ်သိက္ခာကို မိမိ
ကိုယ်တိုင် အဖတ်ဆည်မရအောင် ကျဆင်းစေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ထိုက်တန်တဲ့ တုန့် ပြန်
မှုတွေကိုပြည်သူတွေကနေပေးမှာဖြစ်ပါတယ်။အောင်ဆန်းဦးအနေနဲ့အချိန်မီပြန်လည်အဖတ် ဆည်ချင်တယ်ဆိုရင်တော့ အောင်ဆန်းဦး ဘာလုပ်သင့်သလည်းဆိုတာ အောင်ဆန်းဦး သိမှာပါ။

ဒီလိုမှ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်နှောင့်ယှတ်နေဦးမယ်၊ နအဖအာဏာရူး
တွေနဲ့ဆက်လက်ဆက်ဆံနေဦးမယ်ဆိုရင်တော့အောင်ဆန်းဦးဟာအမျိုးသားသစ္စာဖောက်၊ မိဘဂုဏ်ကျေးဇူးအပေါ် သစ္စာဖောက်၊ သွေးသားညီမအရင်းအပေါ် သစ္စာဖောက်သူ ဆက်လက်ဖြစ်
နေမှာဖြစ်ပြီး လူသေပြီးနောက်တောင် နာမည်ပျက်နဲ့  သစ္စာဖောက် အောင်ဆန်းဦးအနေနဲ့ 
သမိုင်းမှာ ဖျက်မရတဲ့ အမည်းစက် တင်ကျန်နေမှာ ဖြစ်ပါတယ်။

ဒီလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့တစ်ဝှန်းလုံးက နိုင်ငံတကာအစိုးရများ
ကိုယ်တိုင်ကပါ ဂုဏ်ပြုချီးကျူးထားခြင်းကို ခံရတဲ့ နိုဘယ်ငြိမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို
အကိုဖြစ်သူ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကနေ နေအိမ်ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုမှု
ပြုလုပ်နေတာဟာ သာမန် မိသားစုအရေးပြဿနာမဟုတ်ဘဲ မြန်မာပြည် ဒီမိုကရေရရှိရေးကို
အနှောင့် အယှက်ပေးနေတာ ဖြစ်တဲ့အတွက် အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းဟာ အမျိုးသား
သစ္စာဖောက်တွေ ဖြစ်နေပါပြီ။

ထို့အတူအမေရိကန်နိုင်ငံကနေဒေါ်အောင်ဆန်းစုကြည်ရဲ့မြန်မာပြည်လွတ်မြောက်ရေးကြိုးပမ်းမှုကို ပံ့ပိုးအားပေးနေမှုကို အမေရိကန်နိုင်ငံသားခံယူထားကြသူများဖြစ်တဲ့ အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်း
တို့ကဆန့်ကျင်နေတာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံသားတစ်ဦးအနေနဲ့အမေရိကန်နိုင်ငံအပေါ် သစ္စာဖောက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကနေစီးပွားရေးပိတ်ဆို့ထားတဲ့အာဏာရူးနအဖတွေနဲ့ပြောင်ပြောင်တင်းတင်းစီးပွားရေး ဆက်ဆံမှုတွေတိုက်ရိုက်သွားရောက်ပြုလုပ်နေပြီးရရှိနေတဲ့ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေအားလုံးကို အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ဟာအမေရိကန်နိုင်ငံမှာပြန်လည်သုံးစွဲနေတာဖြစ်တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ကိုအမေရိကန်နိုင်ငံဥပဒေများအရ အရေးယူသင့်နေပါပြီ။

ဒီကိစ္စကိုအမေရိကန်နိုင်ငံမှာရောက်ရှိနေထိုင်နေကြတဲ့မျိုးချစ်မြန်မာများအနေနဲ့ဖေါ်ထုတ်တင်ပြပြီး အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ရဲ့ပိုင်ဆိုင်မှုတွေအမေရိကန်နိုင်ငံသားအဖြစ်ခံယူထားမှုတွေကို
စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးဖို့  တရားဝင် တောင်းဆိုသင့်ပါတယ်။

မြန်မာပြည်တွင်းမှာရှိကြတဲ့မြန်မာပြည်သူလူထုအနေနဲ့လည်းအောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ကို ရှုတ်ချကန့်ကွက်မှုတွေ၊အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့လိုအမျိုးသားသစ္စာဖောက်တွေရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေကိုတားဆီးဟန့်တားမှုတွေပြုလုပ်သင့်ပြီးမြန်မာပြည်သူပြည်သားများ လွတ်မြောက်ရေးလမ်းခရီးမှာ ခလုတ် စူးငြောင့်လို ဒုက္ခပေးနေတဲ့သူတွေကို ဒီအတိုင်း လက်ပိုက်
ကြည့်ကာ ခွင့်လွတ်နေရမယ့် အချိန် မဟုတ်တော့ပါဖူး။

ဒီလိုစူးငြောင့်ခလုပ်ကန်သင်းတွေကိုမဖယ်ရှားဘဲလစ်လျူရှုထားမယ်ဆိုရင်အဆိုပါအမျိုးသား သစ္စာဖောက်များဟာတဖြည်းဖြည်းနဲ့ပိုမိုအတင့်ရဲလာပြီးပြည်သူလူထုရဲ့အကျိုးကိုနစ်နာထိ
ခိုက်စေတဲ့လုပ်ရပ်များ ပိုမိုလုပ်လာရုံသာမကအာဏာရူးနအဖတွေကိုထောက်ပံ့ပေး
နေတဲ့နအဖလက်ပါးစေ အကြီးစားလက်ရုံးများဖြစ်လာပြီး သူတို့ ကိုယ်တိုင် အာဏာရှင်များ
သဖွယ်ဖြစ်လာတာမို့  တိုင်းပြည်ရဲ့  လူမျိုး အနာဂတ်အတွက် အထူးရင်လေးစရာ ဖြစ်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကိုလုပ်ကြံဖျက်ဆီးနေခြင်းဟာမြန်မာပြည်သူလူထုရဲ့ခေါင်းဆောင်ကို
လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့  အနာဂတ်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။
ဒီအတွက်မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လူထုခေါင်းဆောင်ရဲ့ဘ၀လုံခြုံမှုကိုအကာအကွယ် ပေးစောင့်ရှောက်ကြရမှာဖြစ်သလိုအနှောင့်အယှက်ပြုသူတွေကိုဖယ်ရှားပစ်ရမှာအရေးကြီးဆုံး အမျိုးသားရေးတာဝန်တစ်ရပ်လို့  ခံယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

သတင်းပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

25 December 2009

သံတိုင်ကြားက N.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များနှင့် သူ ၏ စိတ်ခံစားချက်များ ကိုထင်ကျော်..။

ko htin kyaw


(သုံးရောင်ခြယ် ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် မိသားစု ပုံ)


(သုံးရောင်ခြယ်ကျောင်းသား များအမှတ်တရပုံ လေးပါ.။လူစုံတော့မဟုတ်ပါဘူး.။)

နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား...။.


ပြီးခဲ့တဲ့ (၂၄)ရက်နေ့ ကြာသာပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အယူခံအမှုကိစ္စ အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေဆုံခွင့်ရခဲ့ပါတယ်။ ရှေ့နေများသွားရောက် မတွေ့ဆုံမှီ တရက်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုအား အမေရိကန်၌ နေထိုင်နေသူ အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးဟန်တိုးမှ ကန့်ကွက်ခဲ့သဖြင့် မြို့တော်စည်ပင်က ရပ်ဆိုင်းခိုင်းခဲ့ပါတယ်....။

အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက အိမ်ရဲ့လက်ရှိ အခြေအနေကို ပြောဆိုရာမှာ " အန်ကယ်တို့ အမြင်မှာကတော့ နေရတာ အဆင်မပြေဘူးလို့ မြင်ပါတယ်..... ဘာလို့လဲဆိုတော့ အိမ်မှာ မျက်နှာကျက်တွေက အစခွာထားတယ်.... တခြမ်းကို ပြင်ဆင်နေတဲ့ အတွက် အိမ်ရဲ့တခြားဘက်အခြမ်းမှာ သွားနေနေရတာပါ.... အိမ်က ပြင်ဆင်နေဆဲကာလ ဖြစ်တဲ့အတွက် အဆင်မပြေတာတွေ အများကြီးပေါ့... ပြတင်းပေါက်က သံပန်းတွေတောင် ခွာပြီးပြင်ဆင်ထားရတာ.... အခုလို အိမ်ပြင်ဆင်ရေးကို ရပ်ဆိုင်းလိုက်ရတော့ အိမ်ရဲ့ ပြတင်းတံခါးတွေတောင် ပြန်မတပ်ရသေးဘူး.. အဲ့ဒါကို အလုပ်သမားလေးတွေက သစ်သားတွေနဲ့ ပြန်ရိုက်ပေးထားရတာပေါ့....." ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်...။

နေအိမ်ပြင်ဆင်ဆဲ ကာလမှာ မည်သူမဆို အခိုက်အတန့်တော့ ဒုက္ခရောက်ကြပါတယ်... အိမ်ပြင်ဆင်ပြီး နေသားတကျဖြစ်မှသာ အစစအရာရာအဆင် ပြေကြတာပါ.... ယခုလိုပြင်ဆင်နေတာကို ရပ်ဆိုင်းလိုက်တာဟာ နေထိုင်နေရသူတွေ အတွက်အင်မတန်မှ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ လုံခြုံမှုလည်း အနည်းနဲ့ အများထိခိုက် စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်ပြင်ဆင်ခွင့်ရဖို့ မြို့တော်စည်ပင်ရဲ့ ခွင့်ပြုချက်ရယူပြီးမှ အာဏာပိုင်များနဲ့ ညှိနှိုင်းပြီး ပြင်ဆင်ခွင့်ရလို့ ပြင်ဆင်ခဲ့တာပါ.... ။

ဆက်လက်ပြီး ရှေ့နေကြီးဦးဥာဏ်ဝင်းမှ " ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စအပေါ်မှာ တစုံတရာ Complain တက်ခြင်း မရှိပါဘူး.... ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ အိမ်ပြင်ဆင်ဆဲ ကာလမှာ အိမ်ပြင်ဆင်မှု ရပ်ဆိုင်းတဲ့ အတွက် အဆင်မပြေတာတွေ ရှိပေမယ့် အမှတ်မထားပါဘူး... အမိန့်ပေးတဲ့ ညွန်ကြားချက်ကို လိုက်နာပါမယ်လို့ ပြောဆိုပါတယ် ..... " ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်... ။

ဒါဟာလူထုခေါင်းဆောင်ရဲ့ အင်မတန်ပျော့ပြောင်းတဲ့ သဘောထားနဲ့ တွေ့ဆုံဆွေးနွေးရေးကို အထိအခိုက်မခံလိုတာ ပေါ်လွင်စေပါတယ်.....။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ ဒေါ်သိန်းလဲ့နွယ်(ခေါ်)ဒေါ်လဲ့လဲ့နွယ်သိန်း)တို့ ပါဝင်ပတ်သတ်နေကြောင်း သိရှိရပါတယ်...။ ဦးအောင်ဆန်းဦးကို စစ်အစိုးရမှ မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များပေးခြင်း၊ အိမ်ဆောက်ရာမှ ကူညီပံ့ပိုးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ ဒေါ်သိန်းလဲ့နွယ်(ခေါ်) လဲ့လဲ့နွယ်သိန်းဘက်မှ ဆွေမျိုးများဟာ ယခုနေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများမှာ လုပ်ပိုင်ခွင့်များ ရရှိနေပါတယ်။

သတင်း...ဒီမိုဝေယံ။



ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ ၂၀၀၈ခုနှစ်က နေအိမ်ကိစ္စနဲ့ပတ်သတ်တဲ့ မူရင်းစာကိုလည်း ကိုဖိုးတရုတ်ဘလော့မှ ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်.....
http://www.photayokeking.org/Articlesmm/dassk-was-assassinated-of-the-mind-by-gen-than-shwe.html
BMALH
BMALH2


သတင်းပေးပို့ ပေးသော ဒီမိုဝေယံအားကျေးဇူးတင်ပါတယ်.။

မြန်မာနိုင်ငံရေးအကျဉ်းသား မတင်တင်ထွေး ၏ နာရေးသတင်း နောက်ဆက်တွဲ..။

မြန်မာနိုင်ငံရေးအကျဉ်းသား မတင်တင်ထွေး အကျဉ်းကျနေစဉ် ကွယ်လွန်ခြင်းနှင့်ပတ်သက်
သည့် နောက်ဆက်တွဲသတင်းမတင်တင်ထွေးသည် အသက် ၃၈ နှစ်ရှိပြီး အမှတ် ၄၈ (ဘီ)၊
အုဌ်လမ်း ဗဟန်းမြို့နယ်တွင်နေထိုင်သူဖြစ်ပါသည်။ သားသမီး ၃ ယောက်ရှိပြီးအကြီးဆုံးသားမှာ
တက္ကသိုလ်တွင် ပထမနှစ်ကျောင်သားတဦးဖြစ်ပါသည်။


မတင်တင်ထွေးးသည် ရွှေဝါရောင်တော်လှန်ရေးကာလတွင် တက်ကြွစွာပါဝင်ခဲ့ပြီး စစ်ထောက်လှန်း
ရေးတို့၏ဖမ်းဆီးမှုခံရကာထောင်ဒဏ်၃နှစ်၃လချမှတ်ခံခဲ့ရပါသည်။မတင်တင်ထွေးသည်နိုင်ငံရေး
ရပ်တည်ချက်နှင့်
ပတ်သက်၍၎င်း၊ ထောင်တွင်းဖြတ်သန်းမှုများနှင့် ပတ်သက်၍၎င်း ရပ်တည်ချက် ခိုင်မာသူတဦးလည်း ဖြစ်ပါသည်။

မကွယ်လွန်မီ၎ရက်အလိုစနေနေ့(ဒီဇင်ဘာ၁၉၊၂၀၀၉)တွင်မိသားစုနှင့်နောက်ဆုံးထောင်ဝင်စာ
တွေ့ဆုံခဲ့သည်
်ဟုသိရပါသည်။ထောင်ဝင်စာတွေ့ဆုံစဉ်မိသားစုအားဗဟန်းမြို့နယ်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ရုံး စည်းအဖွဲ့ဝင်များနှင့်သွားတွေ့ရန် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။


၎င်းသည် သွေးတိုးရောဂါရှိသူတဦးဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက် အင်္ဂါနေ့တွင် အင်းစိန်ဆေးရုံသို့တင်ပြီး နောက်တရက် ဒီဇင်ဘာ ၂၃ ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ ကွယ်လွန်ပြီးချိန်တွင်
မိသားစုက ၎င်း၏ရုပ်အလောင်းကိုပြန်ထုတ်ရာတွင် ဆူဆူပူပူမလုပ်ရန်အတွက် ထောင်အာဏာပိုင်
များထံ လက်မှတ်ထိုးခဲ့ရပါသည်။


ယခုလည်း သူမ၏နာရေးအခမ်းအနားတွင် ဓါတ်ပုံ မထောင်ရန်၊ မချိတ်ရန်အတွက် မြို့နယ်အာဏာ
ပိုင်များက မိသားစုကို လာရောက် ပိတ်ပင်ထားပါသည်။ ၎င်း၏ မိသားစုဝင်တချို့မှာ စည်ပင်သာယာမှ ၀န်ထမ်းများဖြစ်ပြီး အာဏာပိုင်တို့၏ ဖိအားပေးမှုများကြောင့် ၎င်း၏အသုဘအခမ်းအနားကိုအဖွဲ့ချုပ် အဖွဲ့ဝင်များအား ဖိတ်ကြားရန် မ၀ံ့မရဲဖြစ်နေကြပါသည်။


သို့အတွက်ကြောင့်၎င်း၏နာရေးသတင်းနှင့်ပတ်သက်၍မီဒီယာများ၏စုံစမ်းမေးမြန်းမှုများကိုလက်ခံ
ဖြေကြား
ပေးမည့်သူမရှိဘဲ ဖြစ်နေသည်ဟု နောက်ဆုံးအချိန်အထိ စုံစမ်းသိရှိရပါသည်။

ဇေယျာသော် အတွက် အမှတ်တရ.။



ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း


ငါပြောတာကို မင်းကြားပါစ ?
ဒါမှ မဟုတ်,
ငါ့စကားဟာ နားခါးစေတာမို့
မကြားသလိုများ နေ,နေလိုက်တာလား ?
သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘဝ
ချွတ်ခြုံကျ ၊ ဒုက္ခတွေက အထွေထွေ
ဒီအမှန်တရားတွေကို...
မကြားဘဲမနေလိုက်ပါနဲ့......သူ* *ငယ်ချင်း ။ ။

'မြင်အောင်ကြည့်ပါ'လို့ ငါကပြောတော့
မင်းကဖြေတယ်,
'မြင်တယ်လေမြင်တယ်' ၊ 'မြင်နေသားဘဲ'တဲ့ ။
ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲ ?
သတိပဋ္ဌာန်တရားတွေ ရှု့တ်ပွားနေသလို
'မြင်တယ်' လို့မှတ် ၊ 'မြင်သိစိတ်' မှာတင်ရပ် နေရင်
ဟောဒီ လောကီအရေးမှာ..
အလုပ်ဟာ မဖြစ်သေးဘူး.....သူငယ်ချင်း ။

မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်ဝန်းကျင်အသံ
မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့လောကဓံ
မင်းဝေဖန် ဆန်းစစ်ကြည့်ပါ ။
ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့
ယောင်ယောင်ဝါးဝါးလုပ်နေဖို့ကို
အချိန်တွေမပိုတော့ဘူး..သူငယ်ချင်း။

မင်းတို့ငါတို့ ဘ၀တွေဟာ
'နမောတေ' ဂါထာ အခါခါရွတ်ရုံနဲ့ဘဲ
ဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား ?
မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာ
လတ်တလောအတွက်လဲ မကြီးပွား
နောင်, နတ်သိကြား မလေးစားရင်နေပါ
'အမှန်တရား' တော့ ဖြစ်ဖို့လိုတယ်...သူငယ်ချင်း ။


ဒါပေမယ့်,
လိုချင်တာ 'အမှန်တရား' မှာ
လိုနေတာ 'ရဲဝံ့ခြင်းများ' ဆိုရင်
မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး ။
မကြိုက်တာကို ငြင်းဖယ်လွှဲပြီး
ကြိုက်တာကိုလဲ တောင်းဆိုရဲရမယ် ။
မနှက်သက်တာတွေ မဖြိုဖျက်နိုင်ဘဲ
နှက်သက်တာလဲ မထူထောင်နိုင်သမျှ
ငါတို့ တော်လှန်ရေးက
မပြီးဆုံးသေးဘူး...သူငယ်ချင်း ။

မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ
(အသံစုံကို ကြားအောင်လို့)
မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါ
(မညီတာတွေ မြင်စေဖို့)
ကြားလား ?..... မြင်လား ?.... မေ၀၀ါးနဲ့
ငါပြောတာကို မင်းကြားပါစ...သူငယ်ချင်း ။



ဇေယျာသော် ၁၂ရက်နေ့ ဧပြီလ ၂၀၀၈ခုနှစ်
(ထောင်တွင်းမှရေးသားပေးပို့သည့် ကဗျာ)..။

ဇေယျာသော်သည် ဟစ်ဟော့ ဂီတ ပုံစံသစ်ခေတ်တစ်ခေတ်ကို မိတ်ဆက်ပေးနိုင်ခဲ့သည့် ဟစ်ဟော့ အဆိုတော်တစ်ဦး ဖြစ်သည်။ နာမည်ရင်းမှာ ကျော်ကျော်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ ဇေယျာသော်၊ အနဂ္ဂ၊ ဟိန်းဇော်(ကွယ်လွန်)၊ Rဇာနည်ရန်ရန်ချမ်းတို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။

၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဆရာစံလမ်းမရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဇေယျာသော်နှင့် အပေါင်းပါ ၆ ဦးအား စစ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

၂၀၀၈-ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ဇေယျာသော် အသက်(၂၇) နှစ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမ၀င် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ နှင့် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပြီး ယခု ကော့သောင်ထောင်တွင် ကျခံနေရသည်။

ဇေယျာသော်၏သီးချင်းများကို နားထောင်ခဲ့ရင်း.. သူ့အတွက် အမှတ်တရ အနေနဲ့
သူ၏ကဗျာ များပြန်လည်ဖော်ပြ ခြင်းသာဖြစ်ပြီး ဇေယျာသော်အား ဤနေရာမှဂုဏ်ပြုလိုက်ပါသည်.။

24 December 2009

ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် လူငယ် နိုင်ငံရေးအကျဉ်သား မတင်တင်ထွေး နာရေးသတင်း..။

အဖွဲ့ချုပ်လူငယ် အမျိုးသမီးတယောက် မနေ့ကဘဲ ဆုံးသွားတယ်လို့
သတင်းရပါတယ်။


နာမည်ကမတင်တင်ထွေးပါ။၂ဝဝ၇ရွေဝါရောင်လှုပ်ရှားမှုမှာထောင်၃ နှစ်ကျပြီး မကြာခင်အင်းစိန်
အကျဉ်းထောင်မှလွတ်ရက်စေ့ပြီးပြန်လွတ်တော့မဲ့နိုင်ငံရေးအကျဉ်းသားတယောက်ပါ။

သူ့၏ကျန်းမာရေးကတော့အစာအိမ်ရောဂါကိုခံစားနေရပါတယ်လို့သိရပါတယ်.။
အစာအိမ်အချဉ်ပေါက်တယ်လို့သတင်း ကြားပါတယ်။ဒါေ
ကြာင့်အင်းစိန်ထောင်ထဲကနေအပြင်
ဆေးရုံကိုထုတ်ပြီးဆေးကုသမှုကိုခံယူပါတယ်။အပြင်ဆေးရုံတွင်တက်ရောက်ဆေးကုသခံယူနေစဉ် အတွင်းနိုင်ငံရေးအကျဉ်းသားမတင်တင်ထွေးသည် ၂၃ရက်နေ့တွင် ကွယ်လွန်သွားပါတယ်။


နိုင်ငံရေးအကျဉ်းသားမတင်တင်ထွေး၏အလောင်းကိုသူ့၏နေအိမ်သို့ပြန်ပြီးသယ်ယူလို့ရပါကြောင်း
ကိုအာဏာပိုင်များကပြောကြားပါတယ်။၂၃ရက်နေ့မှာဆုံးပြီး ၂၅ ရက်နေ့မှာ အသုဘ ချပါမယ်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ်အဖွဲ့ဝင်တဦးလဲဖြစ်နိုင်ငံရေးအကျေဉ်းသားတဦးလဲဖြစ်တဲ့
မတင်တင်ထွေး မှာ ဗဟန်းမြို့နယ်မှာနေပါ
တယ်၊


ဤသို့ နိုင်ငံရေး အကျဉ်းသားများ မသေဆုံးသင့်ဘဲသေဆုံး ရသည့်မှာ မြန်မာနိုင်ငံတွင်းရှိ
အကျဉ်းထောင်များ၌လုံလောက်
သောဆေးဝါး များမရှိခြင်း။ ထိထိရောက်ရောက် ဆေးဝါးကုသမှု
မပေးခြင်း။ဆေးဝန်ထမ်းများအားလဲ
တတ်ကျွမ်းနားလည်သော ဝန်ထမ်းများကို ထားရှိမှုမရှိခြင်း။
အဟာရရှိသောအစားအစာများက
ိုလဲလုံလောက်စွာမကျွေုးခြင်း။လူတွေကိုလူလိုမဆက်ခြင်း.။
တကိုယ်ရည်သန့်ရှင်းမှုများကိုလဲသေချာ
မပြုလုပ်ရခြင်း.။အာဏာပိုင်များဟာနိုင်ငံရေးအကျဉ်းသား
များအပေါ်လူ့အခွင့်ရေးချိုးဖောက်မှုများ
ကိုပြုလုပ်နေသည်ကိုပေါ်လွင်အောင်ပြသထားပါသည်.။
မတင်တင်ထွေးလို နိုင်ငံရေးအကျဉ်းသား များဟာမသေသင့်ဘဲ
အသက်ဆုံးရှုံးမှု မျိုးတွေကို
များစွာတွေ့မြင် နေရပါသည်.။အာဏာပိုင်များ၏ လူသားခြင်းစာနာထောက်ထား
မှု မရှိခြင်းများဟာ
တနေ့တခြား ပိုမိုဆိုးးရွာမှု တွေကို လုပ်ဆောင်နေကြောင်းကို ထင်ဟပ်ပေါ်လွင်စေပါသည်.။


မတင်တင်ထွေး၏နာရေးသတင်းအား ပြည်ပတွင် ရောက်ရှိ နေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်
အဖွဲ့ဝင် များအား အကြောင်းကြားအပ်ပါတယ်.။

ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် အတွက် အမေရိကန်လွှတ်တော် အမတ်များ၏ တောင်းဆိုချက်....။

ko nyi nyi aung

ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင် ရဲ့ကိုယ်တိုင်ရေးမှတ်တမ်းလေးပါ....

KNNA BIO

အကိုဖြစ်သူ၏ကန့်ကွက်မှုကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ပြင်ဆင်မှုကို ယနေ့ ညနေမှစပြီးစည်ပင်သာယာမှရပ်ဆိုင်းလိုက်ကြောင်း..။


နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ရှေ့နေဦးဟန်တိုးမှ ကန့်ကွက်သဖြင့် ယနေ့ညနေမှစ၍ ရပ်ဆိုင်းလိုက်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီကနေ့ ညနေကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ဆင်နေမှုတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးဟန်တိုးက ကန့်ကွက်လို့ဆိုပြီး စည်ပင်က ရပ်ဆိုင်းခိုင်းပါတယ်။ ဒီညနေပဲ ရပ်ဆိုင်းလိုက်ရလို့ ပြင်ဆင်နေတာတွေ တိုးလို့တန်းလန်း ဖြစ်ကုန်ပါတယ်။ ဒီအိမ်ပြင်ဆင်ခွင့် ရဖို့ ဒေါ်အောင်ဆန်းစုကြည်က အိမ်ကိုမြို့တော်စည်ပင်မှာ ခွင့်ပြုချက်တောင်းပြီး ပြင်ဆင်ခွင့်ရလို့ ပြင်ဆင်တာပါ.... အခုနေအိမ်ပြင်ဆင်ခွင့် ရပ်ဆိုင်းရာမှာ မေးမြန်းခြင်း၊ စီစစ်ခြင်းမရှိပဲ ရပ်ဆိုင်းခိုင်းပါတယ်... ဒေါ်အောင်ဆန်းစုကြည် ကလည်းရပ်ဆိုင်းပေးမယ် ပြောပါတယ် ဟု အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား
ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့နွယ်သိန်း(မေတ္တာဦးကလောင်နာမည်ဖြင့် သရဖူ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ) တို့ ပါဝင်ပတ်သတ်နေကြောင်း၊ ဦးအောင်ဆန်းဦး၏ လက်မှတ်ကို သံရုးံမှ တဆင့်ရယူ စေခဲ့ကြောင်း ထိုစဉ်က အမေရိကန်နိုင်ငံ၌သံမှုးကြီးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သော စစ်ထောက်
လှမ်းရေးဗိုလ်မှုးဟောင်းဦးအောင်လင်းထွဋ်မှတွေ့ဆုံမေးမြန်းခန်းတခုတွင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဦးအောင်ဆန်းဦးကို စစ်အစိုးရမှ မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များပေးခြင်း၊ အိမ်ဆောက်ရာမှ ကူညီပံ့ပိုးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ ဦးအောင်ဆန်းဦး၏ ဇနီးဒေါ်လဲ့လဲ့နွယ်ဘက်မှ ဆွေမျိုးများဟာ ယခုနေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများမှာ လုပ်ပိုင်ခွင့်များ ရရှိနေပါတယ်။


သတင်းပေးပို့သူ ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

aljazeera သတင်းဋ္ဌာနက ထုတ်လွှင်တဲ့(Myanmar: Beneath the surface)..။



Two years ago the world watched in dismay as Myanmar's military junta brutally crushed the so-called Saffron Revolution. It was the only show of mass opposition to have occurred inside the country in almost 20 years.

Now, that same junta is moving towards elections some time in 2010, but no one expects them to be either free or fair, based as they are on a constitution seemingly designed to ensure the survival of those in power.

Filmmaker Hazel Chandler entered the country undercover for People & Power, to find out how Myanmar's people are fairing, and to investigate disturbing claims that the regime may be trying to develop nuclear weapons.

This episode of People & Power can be seen from Wednesday, December 23, 2009, at the following times GMT: Wednesday: 0600, 1230; Thursday: 0130, 1400, 1930; Friday: 0630, 1630; Saturday: 0330, 2030; Sunday: 0030, 0530; Monday: 0830.

23 December 2009

မွေးရပ်မြေ ရဲ့ အကြောင်း ...။



မွေးရပ်မြေ ရဲ့ အကြောင်း

ကမ္ဘာအရပ်ရပ်က‘‘ရွှေ’’.....တံဆိပ် လော်စပီကာတွေ
ကူပါကယ်ပါ တကြော်တကြော် အော်နေရတဲ့
ကျတော့ရဲ့ မွေးရပ်မြေ အကြောင်းနဲ့
ခင်ဗျားတို့ နားထဲကို သံရည်ပူလောင်းပါရစေ။

ဆရာဝန်တွေက ဆေးရောင်း၊
အင်ဂျင်နီယာတွေက ဈေးရောင်း၊
တော်သူတွေ အကုန် ဘေးဂျောင်း၊
လူငယ်တွေ အကုန် အတွေးစောင်း၊
ခွင်ရှာနိုင်မှ သူဋ္ဌေးလောင်း ဖြစ်နိုင်မယ်။

အစိုးရကအစ သူခိုးဓါးပြတွေ ဆို..
ပေါင်းစားတက်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တခုလုံး ပိုးကျနေလို့
သူများဆီမှာ ကျွန်ခံဖို့ go ကြပေသဗျို့ ။



ညာဥ့်ငှက်မလေးတယောက်က
ဖောက်သည်မျှော်၊
မိန်းမတန်ဖိုးကိုရောင်းစားဖို့ စောင့်နေမယ်နော်..တဲ့
ဈေးသည်မလေးတယောက်က ၀ယ်သူမျှော်၊
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်၊
ခေတ်ကြီးကိုယ်က လည်သူဆော်။
ရှေ့နောက်မစဉ်းစားမိတဲ့ မောင်နှံ၊
ရှိသမျှပစ္စည်းတွေကို ပေါင်နှံ၊
မွေးလာမယ့်ကလေးက အချောင်ခံ။

ဂျာနယ်တွေက အတင်းအဖျင်းရောင်းစား၊
လူပွဲစားတွေက အချင်းချင်းရောင်းစား၊
လူတချို့ကလမ်းမတွေပေါ်မှာတောင်းစား၊
ကလေးငယ်တစ်ယောက်မျက်နှာငယ်လေးနဲ့ကျောင်းသွား၊
ပါရာဒိုတစီးက ဗွတ်တွေစင်အောင်မောင်းသွား၊
ငါတို့ငိုသံတွေကို
ိုအိမ်နီးချင်းနိုင်ငံတချို့က မကြားချင်ယောင်ဆောင်နေကြတယ်၊
ဖျာခင်းချင်သူတချို့ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။

မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့...
ဦးတည်ချက်ဆယ့်နှစ်ရပ်နဲ့ တိုင်းပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံးကြီးကြီးတွေက ကော်ပီသံစဉ်တွေပါ၊
တပြည်လုံးလည်းနားညည်းနေပြီ အော်ဂလီဆန်ချင်စရာ။



ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်းဒီနေရာ
ဒီနှစ်လည်းဒီနေရာ
ရပ်နေလည်းဒီလောက်
ပြေးသွားလည်းဒီလောက်မို့
ငါ့ခြေထောက်တွေကတောင် ငါ့ကိုပြောတယ်
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်
အရှုံးပေးလက်မြောက်ပြီး ထောက်ခံတယ်။

ဒီလိုနဲ့.....
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့အိပ်မက်တွေလည်း ခေါက်ရိုးကြေ၊
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့သက်တမ်းတ၀က်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း လာပြန်ပြီ၊
ကျန်တဲ့သက်တမ်းတ၀က်ကို ဆက်လျှောက်လှမ်းဖို့တောင် အီလာပြီ။

‘‘ဆန်တပြည်ကို ၁၅၀၀ တောင်’’ အဲဒါ အဖွားညည်းတဲ့အသံ၊
‘‘မြန်မာပြည်ဟာ ဘယ်သူမှမနေချင်တော့တဲ့ အရပ်ဖြစ်သွားပြီ’’
အဲဒါ ခါးသီးတဲ့အမှန်။

ဒီကြားထဲ.....
နာဂစ်ကတချက်မွှေ့၊
ဧရာဝတီက လူတွေခမျာ အသက်စေ့၊
တချို့လူတွေကလည်း အကွက်ရွေှ့၊
အစိုးရ ကုလားထိုင်ကတော့ တချက်မရွေ့၊
မြန်မာပြည်ကြီးကတော့...
ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။
အစိုးရကအစ သူခိုးဓါးပြတွေဆို၊
ပေါင်းစားတက်မှ မိုးကျရွှေကိုယ်၊
တိုင်းပြည်တခုလုံး ပိုးကျနေလို့၊
သူများဆီမှာ ကျွန်ခံဖို့ go ကြပေသဗျို့........။

ပျော်ရွှင်ပါစေ....

ကောင်းကင်ကို..။


ကဗျာ....ကောင်းကင်ကို.။

ဓာတ်ပုံ ...ကိုမျိုးချစ်မြန်မာ.။

22 December 2009

စင်္ကြာဝတေး မင်းဖြစ်ချင်သူ ..။

သူကိုယ်တိုင်လည်း စင်္ကြာဝတေးမင်းဖြစ်ချင်သူ အာဏာရူးကြီး


ဤပုံပြင် လေးကိုတင်ပြ လိုက်ရခြင်းကတော့ ပုံပြင်လေးကိုဖတ်ပြီး
ကျမတို့ တိုင်းပြည်တွင်း ၌လည်း ဤသို့သော် ဦးနှောက်နည်းပြီး
ပညာမရှိသော လူတွေ အုပ်ချုပ် နေတာကို တွေးပြီး ယှဉ်လို့ရအောင်
တင်ပြလိုက်ခြင်းသာဖြစ်ပါတယ်.။



ဟိုရှေးရှေးတုန်းက အာဏာစက် မရောက်နိုင်တဲ့ နေရာ မှာ
လူဆိုးသူခိုးတေလေဂျပိုးတွေ နေတဲ့ အလွန့် အလွန်ကို ကြီးမားတဲ့ နေရာ
တခုရှိသတဲ့။

အဲ့ဒီနေရာမှာ ဘုရင်မရှိတဲ့အခါကျတော့ ခုဏကောင်တွေ အားလုံးပေါင်းပြီး
ဘုရင်တယောက်ကို ရွေးလိုက်ကြတော့တာပေါ့။
အဲ့ဒီလို နဲ့ အမိုက်ဆုံး နဲ့ ဥာဏ်ပညာမရှိဆုံး တကောင်က ဘုရင်ဖြစ်လာပါလေရော့လား.
သူလည်း ဘုရင်ဖြစ်ရော တတိုင်းပြည်လုံးမှာ ရှိတဲ့ ပစ္စည်းမှန်သမျှကို
ငါးမူးနဲ့ ပဲ ရောင်းခိုင်းတော့တယ်။
သုဟာသူ အပြင်မှာ ဘယ်လောက်ပဲ ဈေးများများ သူနိုင်ငံမှာတော့ ငါးမူးပဲ.
တပွဲ ကို ၈၀၀ကျပ် လောက်ဈေးရှိတဲ့ ထမင်းကစားငါးမူး ပဲပေးရတယ်။

တနေ့ မှာတော့ ဒေသန္တရ ဗဟုသုတ ရှာဖို့ ထွက် လာတဲ့ တက္ကသီလ က ဆရာနဲ
့သူရဲ့ အထူးချွန်ဆုံး တပည့် လည်ရင်းပတ်ရင်းနဲ့  အဲ့ဒီနိုင်ငံ
ရောက်လာကြတာပေါ့။
ဆရာ တော့အဲ့ဒီဒေသ ကို သိပ်သဘောမတွေ့ ဘူးပေါ့။
သူတပည့် က တော့ မတရား သဘောကျတယ်.
အရာအားလုံး ငါးမူးကို နော်။
သူမှာ က ပိုက်ဆံ ၈သိန်းတောင်ပါလာတာဆိုတော့ တသက်လုံး နေလို့ ရတယ် လို
့ပြောလို့ ရတာပေါ့။

ပြန်မယ့် အချိန်လည်းရောက်ရော တပည့်ဖြစ်တဲ့သူ ကမပြန်ချင်တော့ဘူး။
ဆရာက ပြောတယ်ဒီမှာ ငါ့တပည့် စဉ်းစာဥာဏ် မရှိတဲ့သူ အုပ်ချူပ်တဲ့
တိုင်းပြည်မှာ မနေ သင့်ဘူးတို့ ဘာတို့ ပေါ့လေ။တပည့် က တော့ နိုးပါ
အနော် ကဒီနေရာမှာနေရင် တသက်လုံး ထိုင်စားနေလို့ ရတယ် ဆရာကြီးရေ
ပညာသင်တာ က အဲ့ သလို နေ ဖို့ ပဲလေ တို့ ဘာတို့ ပြော ပြီးတော့
နေချင်ကြောင်းကို ထိုင်ပြောနေတော့ဆရာ ဖြစ်သူ လက်လျှော့ ရတာပေါ့
ဆရာပြန်ခါနီး သူတပည့်ကို ဂါထာတပုဒ် သင်ပေးလိုက်တယ်။

တပည့်ကြီးရေ တကယ်လို့ ဆင်းရဲ ဒုက္ခတွေ့ နေ ရရင် ဒီဂါထာ ကို တခါရွက်လိုက်
ဆရာရောက်လာမယ် လို့ ပြော ပြီးတော့ ပြန်သွားပါလေရောတပည့် က လည်း ဟုတ်ကဲ့ခင်ဗျား
လို့ ပြော ပြီး အဲ့ဒီ နိုင်ငံမှာ နေခဲ့တော့တာပေါ့ပြီးတော့ ငါးမူးတန် အစားအစာ တွေ စားရင်နဲ့ 
မတရား ကြီး ကို ၀လာတယ်.၊၀တာမှ တကယ် ကို အကြီးအကျယ် ၀လာတာ.။

တရက်မှာ အဲ့ ဒီနိုင်ငံမှာ သူခိုးတယောက် သေဆုံးသွားတယ်ဘာ လို့ လည်း ဆို တော့အမတ်ချူပ်ကြီးရဲ့ နေ အိမ်ကို အုတ်တံတိုင်းအပြင်ဘက်ကနေ ပြီးတော့ မြောင်းဖောက်ပြီး ၀င်တာအုတ်တံတိုင်း ပြို ကျလို့ 
ခေါင်းပြားပြီး သေသွားတယ်။သူခိုးမိန်းမက မကျေနပ်ဘူးဘုရင် ကြီးကို သွားတိုင်တယ်။

အိုဘယ့် ရေရှင် မြေရှင် ခြံစည်းရိုးပိုင်ရှင် ဘ၀ရှင်အမိုက်တကာထိပ်ခေါင် ကိုယ်တော်မြတ်ကြီးဘုရား
အကျွန် မျိုး ချစ်လင် မတော်မတရား သေဆုံးခြင်းကို ကို တရားမျှတမှု ရှိစေတော်မူပါ
သူုခများ မယားကျွေးရန် စီးပွားရှာ ခြင်းသာ ဖြစ် ပေသည်.မရှိသောကြောင့် ခိုး မိခြင်း ကို
အ ပြစ် ဟု မဆို သင့်ပါအရှင်မင်းကြီးဘုရားပေါ့.။

ဘုရင် ကလည်း တရားမျှတမှုဆိုတာကြီး ကို မြတ်နိုးတတ်သလို လို ဖြစ် လာ တယ်။
အဲ့ဒါနဲ့  အမတ်ချူပ် ကြီးကို သေဒဏ် ပေးလိုက်တယ်သေဒဏ်ဆိုတာ က ကြိုးပေးသတ်စေ ပေါ့။


အမတ်ချုပ်ကြီးကအယူခံဝင်တယ်
အရှင်မင်းကြီး ထိုအခြင်းအရာမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်း

ဒါနဲ့ 
ပန်းရံဆရာ ကြိုးပေးခံလိုက်ရရောပန်းရံ ကလည်း လျှောက်ပြန်တယ်၊
မှန်လှပါဘုရား အကျွန်နှင့် လားလားမျှသက်ဆိုက်ခြင်းမရှိပါ
ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည်..။


ဘိလပ်မြေရောစပ်သူ ထိုအလုပ်သမားအားယခုချက်ချင်းပင် သေဒဏ်ပေး၍
တရားမျှတမှုကို တည်ဆောက်အံ့မောင်အလုပ်သမားကလည်းလျှောက်တင်ပြန်တယ်
ဘ၀ရှင်မင်းတရားကြီးခင်ဗျား၊ရေထမ်းသမား ရေပို ဖြည့်ထားသောကြောင့်ဖြစ်ပါသည်။

ရေထမ်းသမားအားသေဒဏ်သူလည်းမခေပါဘူးလျှောက်လိုက်တာကတော့အရှင်မင်းကြီး အကျွန်ရေဖြည့်ခြင်းမှာ ပုံမှန်သာဖြစ်ပါသည်အိုးကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်းဖြစ်ပါသည်။

အိုးထိန်းသည်အားသေဒဏ်ပေးစေ၊သူကထပ်လျှောက်တင်ပြန်တယ၊်အကျွန်လက်က ပုံမှန်လက်
ပါခင်ညားပုံမှန်အတိုင်းဆိုရင် ရေအိုးကြီးစရာ အကြောင်းမရှိပါဘူး၊ဒါပေမယ့် အဲ့ဒီနေ့ က အိုးလုပ်
နေတုန်း အင်မတန်တောင့်ဖြောင့်တဲ့ အမျိုးသမီးအကျွန်ရှေ့က ခဏခဏ ဖြတ်သွားဖြတ် လာလုပ်
ပါတယ်၊ထိုအမျိုးသမီးအား ငေးကြည့်မိသောကြောင့် အိုးကြီးရခြင်းဖြစ်ပါသည်။

လာထား
ဖြတ်လျှောက်သော ထိုအမျိုးသမီးအား သေဒဏ်အမျိုးသမီးက ထပ်လျှောက် ပြန်တယ်။


မှန်လှပါ ကရုဏာ ကြီးမားလွန်းပြီး
အစွန်းရောက်မိုက်ခြင်းတရား ဖြင့် နိုင်ငံတော်ကို သာယာဝပြောလှစေသူဘ၀ရှင်မင်းတရားကြီးရှင်
အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ ဒိုဘီအား အ၀တ်အပ်ထား၍လျှော်ပြီးမပြီး သွားရောင်စစ်ဆေး ခြင်းသာ
ဖြစ်ပါ သည်၊မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါ သည်။

ဒီလို နဲ့ ပဲ ဒိုဘီကို လှမ်းခေါ်လိုက်တယ်
ဘုရင်ကြီး မိန့်တော်မုပုံ ကမောင်မင်းအသင်အ၀တ်အစား ကို အချိန်မှီ မလျှော်ဖွပ်နိုင်သောကြောင့် 
ထိုမိန်းမအကြိမ်ကြိမ်ဖြတ်ရ လေသည်ငေးမိသော အိုးထိန်းသည် ကြောင့် ထိုအိုးသည် နဂိုအရွယ်
အစားထက် ကြီးမားလာတော့သည်ရေ ဖြည့်သော လုလင်က ရေ ပို ဖြည့်မိလေရာဘိလပ်မြေ
ရောစပ်သောသူ က ရေများများ လောင်း၍ အင်္ဂ့တေ ပျော့သွားသည်ထို့ ကြောင့် ပင် ပန်းရံဆရာ တည်ဆောက်သော အမတ်ချူပ်ကြီးနေအိမ်အုတ်တံတိုင်း ပြို ကျ၍ သူခိုးသေဆုံးရလေသည်.။


ငါကိုယ်တော်မြတ်၏ သေချာတိကျသော ဆက်ဆပ်တွေးခေါ်မှုကြောင့် အသင်တရားခံ
ပြေးမလွှတ်တော့ချေ။အသင်၏ထင်ရှား ကြီးမားလွန်းလှသော ပြစ်ချက်အတွက် သေဒဏ်
ကံဆိုးချင်တော့ ကြိုးကွင်းက အသေကြီးအလျှော့အတင်းလုပ်လို့ မရ ဘူး။ဒိုဘီက အရမ်းပိန်
လွန်းတဲ့အခါ ကြတော့ ဘယ်လို မှ စွပ်လို့ မရဘူး။

ဘုရင်ကြီးက အသိညဏ် ကြီးမားစွာနဲ့ မိန့် တော်မူတယ်။
ဒီကောင့်ခေါင်းက မတော်ဘူး၊တော်တဲ့ ကောင်ကို ရအောင်ရှာ ပြီး ကြိုးပေးလိုက်ပေါ့။

ဒီလို နဲ့ မင်းချင်းတို့ ရှာလိုက်ကြတော့ ခုဏက တပည့်ကလေး ကို သွားတွေ့ တယ်။
သူက အရမ်းဝနေတော့ ကြိုးကွင်းနဲ့ ကွက်တိဖြစ်နေ တာ ကိုး၊သူကို သေဒဏ် ချလိုက်ရော။

တပည့်က ဆရာပေးတဲ့ ဂါထာကို မန်းမုတ်လိုက်တယ်ဆိုရင်ပဲ ဆရာ ချက်ချင်းရောက်လာတယ်
ဆရာ တပည့် နှစ်ယောက်က တယောက် ကို တယောက် အချက် ပြ ပြီးကြိုးကွင်းထဲ သူဝင်မယ်
ငါဝင်မယ် လို့  လုနေလိုက်ကြတာမှ မသတ်ရုံ တမယ် ပဲလို့ ကို ထင် ရတယ်.။

ဘုရင်ကြီးအံ့သြော်တာပေါ့
ဘယ့်နှယ် သူများတွေ က သေဖို့ ကြောက်နေတဲ့ အ ချိန်မှာ ဒီနှစ်ကောင်ကြိုးကွင်းကို ပြိုင်လုနေ
ရတာတုန်းဘုရင်ကြီးက မေးလိုက်တာပေါ့၊ဘာ လို့ လည်းပေါ့နော်၊ ဆရာက ဖြေတယ်။
မှန်လှပါ တရားသဖြင့် လောကပါလနတ်မင်းအား အစဉ် ပြုံးရွှင် စေတော်မူသော်

အိုဘယ့်သမားသမတ်အရှင်မင်းကြီးခင်ဗျား
အကျွန်က တက္ကသီလ မှ ဆရာတည်း
ဗေဒင် သုံးပုံ ကို အရည်ကြို သောက်ခဲ့သူ လည်း ဖြစ် ချေတော့သည်တမုံ။


ယနေ့ နက္ခတ် ၊ဂြိုလ် ၊ပက်ကျိ နှင့် ခွေးချီးတို ၏ တည်နေရာအားသေချာတိုင်းတာ၍ စစ်ဆေးကြည့်ရာ
ယနေ့ သေသောသူ သည် သည် မလွှဲဧက မုချအမှန် စင်္ကြာဝတေးမင်း ဖြစ်လတ္တံ့။သို့ဖြစ်ပါ၍ ကြိုးကွင်း
လုနေခြင်း ဖြစ်ပါသည်။

ဘုရင်က အံကြိတ်ပြီး ရှေ့တိုးလာတယ်
သယ်............ငါ ကိုယ်တော်မြတ်ရှိရက်နဲ့ သည်ငမိုက်သားတွေ စင်္ကြာဝတေးမင်း
ဆုကို ယူစရာအကြောင်းမရှိ...။

နင်တို့ ဖယ်ကြကွယ်ရို့ ........ဟူသတည်း........သူကိုယ်တိုင်ကြိုးကွင်းကိုစွပ် ပြီးသေဒဏ်
ကိုခံလိုက်သတဲ့..။

ကိုင်းပုံ ပြင် လေးကတော့ ဤမျှပါဘဲ .။စင်္ကြာဝတေး မင်းဖြစ်ချင်သူ နှင့် ကျမတို့ တိုင်းပြည်မှာ
ယခု အုပ်ချုပ်နေသော အာဏာရှင် များနှင့် နှိုင်းယှဉ် လိုက်လျှင် ဖမ်းဆီးမယ် ထောင်ချမယ်
သူ့တို့ဘာမှမသိ၊တရားခွင်ကိုလဲလုပ်ချင်သလိုလုပ်ပြီး စဉ်းစားဥာဏ်မရှိတဲ့ကျမတို့ တိုင်းပြည်ကို
အုပ်ချုပ် မင်းလုပ်နေသော ခေါင်းမရှိသောစစ်အာဏာရှင်များနှင့်သူမသာကိုယ်မသာတွေဘဲဆို
တာကို ထင်ဟပ် လို့ရပါတယ်နော်.။

ဓာတ်ပုံ အား ကိုမျိုးချစ်မြန်မာ ဘလော့မှ ကူးယူပြီး ဖော်ပြထားခြင်းသာဖြစ်ပါတယ်ရှင်.။

ကိုယ်ကျိုးစွန့်အနစ်နာခံသူ သျှမ်းလူငယ်တဦးအား သုစန္ဒီခေါင်းဆောင်ဆုချီးမြှင့် ..

သီပေါစော်ဘွား စ၀်ကြာဆိုင်နှင့် မဟာဒေ၀ီ သုစန္ဒီ (အင်ဂါ ဆာဂျဲင့်)

ယခင်သီပေါစော်ဘွား မဟာဒေ၀ီ ကမကထပြုသော အမေရိက အခြေစိုက် Burma Lifeline က လူမှုအဖွဲ့စည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံသူ Burma Lifeline အဖွဲ့ဝင် သျှမ်းလူငယ် စိုင်းဆဲန်ဖန်းအား ယခုနှစ် Sao Thusandi Leadership Award သုစန္ဒီ ခေါင်းဆောင်ဆု ဆုရှင်အဖြစ် ရွေးချယ်ဖိတ်ကြားပြီး ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းက ချင်းမိုင်မြို့၌ဂုဏ်ပြုအပ် နှင်းပွဲ ကျင်းပခဲ့သည်။

“ဆုပေးရတဲ့ရည်ရွယ်ချက်ကအနာဂတ်လူငယ်တွေကိုယ်ကျိုးစွန့်တတ်ဖို့၊စံပြအများအကျိုးဆောင်ရွက်သူတွေကို အတုယူ တတ်ဖို့ဖြစ်တယ်။ အဲဒီလိုလူငယ်တွေ များများတိုးပွားလာရင် သျှမ်းပြည်ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးအတွက်အထောက် အကူဖြစ်မယ်” - ဟု သုစန္ဒီဆု အပ်နှင်းရေး ကော်မတီဝင်တဦးဖြစ်သူက ပြောပါသည်။


၁၉၉၆-၉၇-၉၈ သျှမ်းပြည်တောင်ပိုင်း ကျေးရွာပေါင်း ၁၅၀၀ ကျော် မီးရှို့ဖျက်ဆီး/အဓမ္မမောင်းထုတ်ခံရပြီး၊ ရွာသား ၆၆၀ ကျော် အသတ်ခံရကာ လူပေါင်း ၃ သိန်းအိုးမဲ့အိမ်မဲ့ဘ၀ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့စဉ်စိုင်းဆဲန်ဖန်းက Dispossessed အစီရင်ခံစာထုတ်ဝေရေး၌ အချက်အလက် ရှာဖွေစုဆောင်းပေးခဲ့သည်။ ထို့အပြင်ဆန်စပါးဒုတိယအများ ဆုံးထွက်သည့် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြ့နယ် စပါးထွက်နှုန်း အနိမ့်ဆုံးကျဆင်းမှုအပေါ် Deserted Fields ဆိုသည့် အစီရင်ခံစာ ရေးသား ထုတ်ဝေနိုင်ရန် အချက်အလက်စုဆောင်းခဲ့သောကြောင့် သုစန္ဒီဆုနှင့်အထူး ထိုက်တန်သည်ဟု ဆိုပါသည်။

“သျှမ်းပြည်မှာနေတုန်းက ဗမာစစ်တပ် အမျိုးမျိုးနှိပ်စက်လို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက သူထိုင်းထဲဝင်လာတယ်။ ရွှေ့ပြောင်း အလုပ်သမားဘ၀နဲ့နေထိုင်ခဲ့ပေမယ့် ဘ၀ကိုအရှုံးမပေးဘူး။ တိုးတက်လမ်းရှာတယ်။ စစ်သလင်းထဲ အကြိမ်ကြိမ် သွားရောက်ပြီး မတရားမှုတွေကို သူဖေါ်ထုတ်ခဲ့တယ်။ စိုင်းဆဲန်ဖန်းဟာ ရဲရင့်ပြတ်သားတယ်။ အမှန်တရား ပြောဖို့ ၀န်မလေး ဘူး၊ မဟုတ်မမှန်ရင် သူ့ကိုထောက်ပံ့တဲ့ ဒိုနာတွေကိုတောင် သူထောက်ပြရဲတယ်။ အဲဒါ့ကြောင့် သူ့ကို ရွေးချယ်ရခြင်းဖြစ် တယ်”- ဟု BRC အကြီးအကဲ ဆရာမ ဖိဖါ့ ကလဲ ဂုဏ်ယူပြောဆို၏။

“ကျနော်တယောက်ထဲ ချီးမြှင့်တယ်လို့ မခံစားမိဘူး၊ SRDC (Shan Relief and Development Committee) နဲ့ လုပ်ဖေါ်ကိုင် ဖက်အားလုံးကို ချီးမြှင့်တယ်လို့ယူဆပါတယ်” - ဟု စိုင်းဆဲန်ဖန်း က အခမ်းအနားတွင် ကျေးဇူးတင်စကား ပြောကြား၏။

စိုင်းဆဲန်ဖန်းသည် သျှမ်းပြည်အမျိုးသားလူငယ်များကျောင်း SSSNY ကျောင်း ဒုတိယအပတ်စဉ် ကျောင်းသားဖြစ်ခဲ့၏။ နောက်ပိုင်း FAT (Foreign Affair Training) ကျောင်းနှင့် ထိုင်းစာသင်တန်းကျောင်းများတက်ပြီး ဘ၀တိုးတက်လမ်းရှာကာ တဘက်တွင်လည်း SRDC (Shan Relief and Development Committee) မှ ပေးအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်း တာဝန် များ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။

အမေရိကန် ဒေါ်လာ ၃၀၀၀ ပေးအပ်သည့် ၂၀၀၈ သုစန္ဒီခေါင်းဆောင်ဆုကို သျှမ်းရွှေ့ပြောင်း အလုပ်သမားအရေးလုပ်ရှား သူ Migrant Justice Program of the Human Rights Development Foundation (HRDF) မှ သျှမ်းလူငယ် စိုင်းဖူးမိန်းက ပထမ အကြိမ်လက်ခံ ရရှိသည်။

သုစန္ဒီခေါင်းဆောင်ဆု Thusandi Leadership Award ကို သီပေါစော်ဘွားကြီး၏ မဟာဒေ၀ီ သြစတေးလျလူမျိုး အင်ဂါ ဆာဂျဲင့် ခေါ် စ၀်သုစန္ဒီက စီစဉ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ စ၀်သုစန္ဒီသည် ၁၉၆၂ စစ်အစိုးရ အာဏာသိမ်းပြီး သီပေါ စော်ဘွားကြီး စ၀်ကြာဆိုင် ဖမ်းဆီးအစဖျောက်ခံရပြီးနောက်ပိုင်း ဇာတိမြေပြန်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် Twilight over Burma ‘မုံရီမှိုင်း တိုင်းမြန်မာ’ စာအုပ်ရေးသားပြီး နောက်တနှစ်အကြာ Burma Lifeline ခေါ် ဗမာပြည် ဒုက္ခသည်များ ကူညီရေးဆိုင်ရာ NGO အဖွဲ့ ဖွဲ့စည်းထူထောင်ခဲ့သည်။

ရင်းမြစ်..။သျှမ်းသံတော်ဆင့်


21 December 2009

ဘာမှ မထူးဆန်းဘူး..။

(သရုပ်ဖေါ် ပန်းချီ ဦးဝင်းဖေ)


ဘာမှမထူးဆန်းဘူး




လျှောက်နေကျလမ်းလေးအတိုင်း

လမ်းလျှောက်ထွက်ခဲ့ကာ

မြင်နေကျရှုမျှော်ခင်းတွေနဲ့

ရှူနေကျလေကိုပဲရှူလို့၊

ဘာမှမထူးဆန်းဘူး

အကြိမ်ကြိမ်အထပ်ထပ်

တင်ဆက်ပြီးသားပြဇာတ်မှာ

ယခင်ဇာတ်ရုပ်အတိုင်းပဲ သရုပ်ဆောင်လို့

ရယ်နေကျအခန်းတွင် ၀င်ရောက်ရယ်မောကာ

ကျပြီးသား မျက်ရည်ကိုပဲ တစ်ခါ

ပြန်ကျပြရတာပေါ့။


ဘာမှ မထူးဆန်းဘူး

အရာရာဟာ ဒီလိုပဲ

အဖြစ် အပျက်တွေဟာ ဒီလိုပဲ

လူတွေ တစ်ယောက်ကို တစ်ယောက် ချစ်မက်ကြတာ ဒီလိုပဲ

လူတွေ တစ်ယောက်ကို တစ်ယောက် ကျွန်ပြုကြတာ ဒီလိုပဲ

လူတွေ အဆောက်အဦးတွေ ဖြိုကြ ဆောက်ကြတာ ဒီလိုပဲ။

တကယ်တော့ စစ်ပွဲတွေဟာလဲ ဘာမှမထူးဆန်းဘူး

တကယ်တော့ ရှင်ဘုရင်ဆိုတာလဲ ဘာမှ မထူးဆန်းဘူး

တကယ်တော့ အင်္ဂါဂြိုလ်ဆိုတာလဲ ဘာမှ မထူးဆန်းဘူး

တကယ်တော့ ငါတို့သိပြီးသား ကမ္ဘာကြီးနဲ့

မသိသေးတဲ့ ကမ္ဘာကြီးဟာလဲ

ဘာမှ မထူးဆန်းဘူး။

ဟုတ်တယ်



ရနံ့တွေ၊ အိပ်မက်တွေ၊ ဒုက္ခတွေ၊ အရသာတွေ

ဘာမှ မထူးဆန်းဘူး

ဓါတ်တိုင်တွေ၊ ငှက်တွေ၊ ဆူညံသံတွေ၊ ရမ္မက်တွေ

ဘာမှ မထူးဆန်းဘူး

ကျွန်တော်တို့ မဆုတ်မနစ် စေးကပ်ငြိတွယ်မိရာ လောကကြီး

ဘာမှ မထူးဆန်းဘူး

သမိုင်းဖတ်စာထဲမှာ ဗီလိန်များ၊ သူရဲကောင်းများ

ဘာမှ မထူးဆန်းဘူး

ကျွန်တော်တို့ အစီအစဉ်တကျ အစီစဉ်မဲ့စွာ

ရောက်ရှိလာကြပေါ့

ဘာမှ မထူးဆန်းဘူး

လူတွေ မိမိစိတ်ကို မိမိစူးစမ်းဖို့ရာ မေ့လျော့နေကြ

ဘာမှ မထူးဆန်းဘူး

လူတွေ ကိုယ့် ယုတ္တိနဲ့ကိုယ် လုံလောက်နေခဲ့ကြ

ဘာမှ မထူးဆန်းဘူး

လူဆိုတာ အမြဲတမ်း ပြာယာခတ်နေတတ်ကြ

လူဆိုတာ သူတို့လိုချင်တဲ့အရာကို သူတို့ မဝေခွဲတတ်ကြ

လူဆိုတာ သူတို့မွေးမြူတဲ့ ဒုက္ခကို သူတို့ မခံနိုင်ကြ

ဘာမှ မထူးဆန်းဘူး

ငါတို့ဟာ စစ်ပွဲကြီးတွေ အကြောင်း

သီချင်းဖွဲ့ခဲ့ကြတယ်

ဒုက္ခတရားကို သီချင်းဖွဲ့ကြတယ်

ချစ်ခြင်းမေတ္တာကို သီချင်းဖွဲ့ကြတယ်

ကမ္ဘာလောကကြီးကို သီချင်းဖွဲ့ကြတယ်

ဘာမှ မထူးဆန်းဘူး

ငါတို့ဟာ လေယာဉ်ပျံတွေ တီထွင်နိုင်ခဲ့ကြတယ်

ငါတို့ဟာ ရာဇ၀င်ခေတ်ကြီးတွေ ထူထောင်နိုင်ခဲ့ကြတယ်

ငါတို့ဟာ ဧည့်ခံပွဲတွေ တက်ခဲ့ကြတယ်

ငါတို့ဟာ စကားလုံးတွေ ရေရွတ်ခဲ့ကြတယ်

ငါတို့ဟာ ‘ဆင်းရဲ ဒုက္ခ ကင်းပကြပါစေ’

မေတ္တာပို့ကြတယ်

ဘာမှ မထူးဆန်းဘူး

ကလေးတွေ ပြေးလွှား ကစားကြတယ်၊ ဂျုံတွေ စိုက်ကြတယ်

လူတွေ ငတ်မွတ်ကြတယ်

ဘာမှ မထူးဆန်းဘူး။

အရာရာဟာ ဒီလိုပဲ၊ ဘာမှ မထူးဆန်းဘူး

အမှားအယွင်းတွေ၊ ဘာမှ မထူးဆန်းဘူး

မြစ်ရေကြီးတာ၊ ဘာမှ မထူးဆန်းဘူး

ကပ်ကြီးသုံးပါး၊ ဘာမှ မထူးဆန်းဘူး

ကျွန်တော်တို့ရဲ့ ပေါ့ဆမှုများ၊ ဘာမှ မထူးဆန်းဘူး

အဆန်းတကြယ် ရရှိမှုများ၊ ဘာမှ မထူးဆန်းဘူး

မထူးဆန်းဘူး

ဘာမှ မထူးဆန်းဘူး

ဘာဆိုဘာမှ မထူးဆန်းဘူး။

ဘ၀ခရီး ဖြတ်သန်းကြတယ် ဆိုတာကလဲ

ရောက်ပြီးသား ပင်လယ်ကို

တစ်ကြိမ်ပြန် ရွက်လွှင့်ရတာမျိုးပဲ မဟုတ်လား။



(ဘုန်းသက်ပိုင်)



ကောင်းကင် မဂ္ဂဇင်း။


အင်္ဂါနေ့အား တပတ်၏ ငြိမ်းချမ်းရေးနေ့မေတ္တာနေ့ အဖြစ်သတ်မှတ်ပြီးနေရာအနှံ့မှာမေတ္တာသုတ်ရွတ်ဆိုကြပါရန်။


အင်္ဂါနေ့အား တပတ်၏ ငြိမ်းချမ်းရေးနေ့ မေတ္တာနေ့ အဖြစ်သတ်မှတ်ပြီး မေတ္တာသုတ်ကို နေရာအနှံမှာ ရွတ်ဆိုကြပါရန် နှိုးဆော်အပ်ပါသည်။

အကယ်၍ မိတ်ဆွေတို့ အနေနှင့် မေတ္တာသုတ်မရလျှင်စီဒီ ကက်ဆက်ခွေဖွင့်ပြီး နေရာတိုင်း အိမ်တိုင်းမှာ အနုနည်းဖြင့် အိမ်ထဲကနေ မေတ္တာ ငြိမ်းချမ်းရေးကို ကျယ်ကျယ်လောင်လောင် တောင်းဆိုကြပါရန် အထူးတောင်းဆို မေတ္တာရပ်ခံအပ်ပါသည် သူတော်ကောင်းအပေါင်းတို့

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး လိုလားသူများအဖွဲ့

International Peace Makers


ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

အလင်းပျိုးမယ့် လက်များ..။


အလင်းပျိုးမယ့်လက်များ…



အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံ ကလေးသူငယ်များအတွက် စာနာမှု ကဗျာရွှတ်ပွဲအတွက် ၂၀ ရက် ဒီဇင်ဘာလ ၂၀၀၉ အင်ယားကန်စောင်း စိမ်းလန်းစိုပြေဥယျာဉ်မှာကျင်းပသွားပါသည်။

ရွတ်ဆိုခဲ့ကြတဲ့ကဗျာများက

၁။မင်းယွန်းသစ်( သုခကြယ်)
၂။ မောင်ဖုန်းမြင့် ( အနာဂတ်ရှိ/ ဖြစ်တယ်)
၃။ သူရဿဝါ ( အလင်းပျိုးမဲ့လက်များ)
၎။ မိုးလှိုင်ည (ဆူလွယ်နပ်လွယ် သားကောင်)
၅။ နေနှင်းစက်( လက်ကမ်းလို့ကြိုမယ်)
၆။ လူလိန် (ဖြစ်ရပ်မှန်)
ရ။ မင်းယွန်းသစ် ( မြန်နှုန်းမြင့်စိတ်နဲ့ မေ့မေ့ကိုဆက်သွယ်လိုက်ပါတယ်)
၈။ Mirror ( ငါတို့ရဲ့လက်တွေ)
၉။ ဆူးခက်မင်း ( အနာဂတ်မဲ့ လက်များရဲ့မနက်ဖန်)
၁၀။ သူရဿဝါ ( လင်းနေတဲ့အပိုင်းဆို မင်းတို့ပဲလုပ်ထားတာ မှောင်နေတဲ့အပိုင်းတွေက ငါတို့အပြစ်လို့ရှိပါစေ)
၁၁။ မိုးလှိုင်ည ( မှောင်နေတဲ့အလင်း)
၁၂။ မင်းယွန်းသစ် ( မေ့မေ့ဆီရေးတဲ့ စာမျက်နှာမှာ ခြစ်ရာတွေဗရပွနဲ့)
စတဲ့ကဗျာ တွေကိုရွတ်ဆိုခဲ့ကြပြီ… ကဗျာချစ်သူများပါ ပါဝင်နိုင်တဲ့ ပါဖောင့်မန့်အက် ကဗျာကိုလည်း စုစည်းရေးစပ်ခဲ့ကြပါတယ်…
HIV .. သရုပ်ဖော်.. ပြကွက် တစ်ခုကို ပါဝင်ပြသခဲ့ပါတယ်... ကဗျာများကို.. မအိဒြာ၊ မင်းယွန်းသစ်၊ သူရသ၁၀ါ၊ မောင်ဖုန်းမြင့်၊ သွယ်လင်းဆက်၊ မိုးလှိုင်ည၊ Mirror ၊အမည်မဲ့ HOE၊ သိုးထိန်း
စတဲ့ကဗျာဆရာများကပါဝင်ရေးဖွဲ့ ခဲ့ခြင်းဖြစ်ပါတယ်...။ ကဗျာကိုမြတ်နိုးကြတဲ့လူငယ်များနဲ့ ဂျာနယ်လစ်များ.. လူမှုရေးလုပ်ငန်းများစိတ်ပါဝင်စားသည့် လူငယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်..။
အဖွင့်သီချင်းအနေနဲ့ တိုချစ်တဲ့ကမ္ဘာ တို့ချစ်တဲ့ကလေးတွေ သီချင်းကိုစုပေါင်းသီဆိုကြပြီး... Michale Lann- Sleeping Child .. သီ ချင်းနဲ့ ကဗျာရွတ်ပွဲလေးကို အဆုံးသတ်ခဲ့ကြပါတယ်..။
-----------------------------------------------------------------။


အနာဂတ် (ရှိ / ဖြစ်) တယ်

ပေးသမျှယူဆိုလို့
တစ်လောကလုံးစာ ယူလိုက်ရတယ် (ဒုက္ခသက်သက်)
နုပျိုခြင်းတူညီဝတ်စုံတွေဝတ်လို့
သူတို့ ပျော်ရွှင်နေကြ …
သူတို့မှာ အဖေရှိချင်မှရှိမယ်
သူတို့မှာ အမေရှိချင်မှရှိမယ်
သူတို့မှာ ရီမုကွန်ထရိုးနဲ့မောင်းလို့ရတဲ့ ကား ရှိချင်မှရှိမယ်
သူတို့မှာ ငါးကျပ်တန်ချိုချဉ်ရှိချင်မှရှိမယ်
သူတို့မှာ ညအိပ်ယာဝင်ပုံပြင်ရှိချင်မှရှိမယ်
သူတို့မှာ ဗလာစာအုပ်ကောင်းကောင်းရှိချင်မှရှိမယ်
သူတို့မှာ မနက်ခင်းနို့တစ်ခွက်ရှိချင်မှရှိမယ်
သူတို့လက်ထဲမှာ အနာဂတ်ရှိတယ်
နာကျင်ခြင်းဟာသူတို့ရဲ့လက်ဝဲလက်ယာ လက္ခဏာဖြစ်နေ
မှောင်မိုက်ခြင်းဟာသူတို့ရဲ့ နက္ခတ်ဇာတာဖြစ်နေ
သလား
ဘယ်လိုပဲဖြစ်ဖြစ်
ယူလိုက်ကြ
ဒီမှာ ဂီတရှိတယ်
ကဗျာရှိတယ်
ဘာသာရှိတယ်
သာသနာရှိတယ်
ပြင်မပြီး ပြုမပြီးအဖာတစ်ရာ ကမ္ဘာရှိတယ်
ယူလိုက်ကြတော့
မင်းတို့ဟာ ဒုက္ခကိုပြောင်းပြန်လှန်
ကမ္ဘာကိုတစ်ဖန် ပြန်ကယ်ကြပေါ့
အနာဂတ်ဟာ မင်းတို့လက်ထဲမှာရှိတယ်
ဒါကြောင့်
မင်းတို့ဟာအနာဂတ်ဖြစ်တယ်။ ။

(ကြက်သွန်)
+++++++++++++++++++။

" အနာဂတ်မဲ့လက်များရဲ့မနက်ဖြန် "

မိဘမေတ္တာ တဲ့
အရောင်အနံ့အရသာအထိအတွေ့
အာရုံငါးပါးခံစားမှု ကိုငါတို့တွေတစ်စက်လေးမှမရခဲ့ကြဘူး
ပူလား.....အေးလား
အဖြူလား အမဲ လားဆိုတာလည်း သိခွင့်မရခဲ့ကြဘူး
ကျွန်တော်တို့ရဲ့သက်တမ်းလေးမှာ
အဖေအမေဆိုတာသာယာနာပျော်ဖွယ်တေးသွားတစ်ခုလား
ဘီလူးဆိုင်းသံလားနတ်ဆိုင်းသံလား ညည်းချင်းတစ်ပုဒ်လား
ဘာဆိုဘာမှ သိခွင့်မရတဲ့ကျွန်တော်တို့ရဲ့ဘ၀ဟာ
အပွင့်အလင်းလွန်ခဲ့တဲ့လိင်ယဉ်ကျေးမှုတွေကြောင့်
ခန္ဓာကိုယ်အနှံ့အပြားမှာ အိပ်ခ်ျ အိုင်ဗွီ ပိုး ကူးစက်ခံခဲ့ရတယ်
ကျွန်တော်တို့မှာ ခေါ်စရာ အဖေ မရှိခဲ့ဘူး
အဖေ....ဘယ်မှာလဲ
ကျွန်တော်တို့ခေါ်ခွင့်မရခဲ့ဘူး
ကျွန်တော်တို့မှာ ခေါ်စရာ အမေ မရှိခဲ့ဘူး
အမေ.....ဘယ်မှာလဲ
အမေဆိုတဲ့ အခေါ်အဝေါ်လေးတောင်
ကျွန်တော်တို့ခေါ်ခွင့်မရခဲ့ရှာဘူး
ကံကြမ္မာရေ.....
ကျွန်တော်တို့ရဲ့အနာဂတ်ကိုမှ ဘာကြောင့်များမဲ့စေရတာလဲ
ကျွန်တော်တို့ကိုမှရွေးချယ်ပြီးဘာကြောင့်များထိုးနှက်တိုက်ခိုက်ရတာလဲ
ဘာကြောင့်များကျွန်တော်တို့အိပ်မက်တွေတွန့်လိမ်ကြွေမွကုန်ရတာလဲ
ကျွန်တော်တို့ဘာများလွန်ကျူးခဲ့မိလို့လဲ ဗျာ
ကျွန်တော်တို့ကူးစက်ခံရတဲ့အရာကအပေါင်းလက္ခာပါတဲ့ အိပ်ခ်ျအိုင်ဗွီတဲ့
အဖေရေ...............အဖေ့ကို
လူမဆန်ခဲ့ဘူး လူ့ကျင့်ဝတ်နားမလည်ခဲ့ဘူးလို့
ကျွန်တော်တို့မှာပြောခွင့်မရှိခဲ့ဘူး
အမေရေ...................မေမေက
လူ့ကျင့်ဝတ်မစောင့်ထိန်းခဲ့လို့လား
စောင့်ထိန်းရမယ့်စည်းကျော်လွန်ခဲ့တာလား
ကျွန်တော်တို့တွေးတောပိုင်ခွင့်မရှိခဲ့ဘူး
ကျွန်တော်တို့သွေးတွေထဲမှာလေ
စီးဆင်းမြဲစီးဆင်းနေတာက အပေါင်းထပ်တင်ထားတဲ့အိပ်ခ်ျ အိုင်ဗွီ ပိုးတဲ့ ။
လူ့ဘ၀ကြီးထဲကို ကျွန်တော်အလင်းမဲ့စွာရောက်ရှိခဲ့ပြီ
ကျွန်တော်တို့ရှေ့ဆက်ရမယ့်လမ်းတွေက မှောင်မှောင်မဲမဲ
လူလို့ဖြစ်မှာလာပြီးမှ
ရှင်လျှက်နဲ့သေနေရတဲ့ဘ၀ကိုကျွန်တော်တို့မလိုလားစွာပိုင်ဆိုင်ခဲ့ရတယ်

အိပ်ခ်ျ အိုင် ဗွီ (HIV)ပိုးဆိုတဲ့ အပေါင်းထပ်တင်ထားတဲ့သတ္တ၀ါက
ကျွန်တော်တို့တွေအပေါ်မှာပဲကွက်ကျားမိုးအဖြစ်ရွာချတာနဲ့တူပါတယ်
ကျွန်တော်တို့တွေလူဖြစ်ရကျိုးမနပ်ခဲ့ဘူးလူဖြစ်ရကျိုးမနပ်ကြဘူး
လူသားအချင်းချင်းစာနာထောက်ထားမှုဆိုတာလေးတစ်ခုတည်းနဲ့
ကျွန်တော်တို့အပြုံးတွေရှင်သန်ခဲ့ရတယ်
ကျွန်တော်တို့ရဲ့ကမ္ဘာငယ်လေးအလင်းမဲ့စွာဖွံ့ဖြိုးခဲ့ရတယ်
ကျွန်တော်တို့ဟာလူကမွေးတယ်ဆိုတဲ့
အသိအမှတ်ပြုခံရတာလေးကတစ်ချက်ကလွဲရင်
ကျွန်တော်တို့ရဲ့အနာဂတ်က မပီပြင်ဘူး
ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကဘာလဲ
ကျွန်တော်တို့ရဲ့မနက်ဖြန်ကဘာလဲ
နောက်ဆုံးကျွန်တော်တို့ရဲ့ပန်းတိုင်ဆိုတာ သေ ခြင်း တ ရား လား ။
ကျွန်တော်တို့ အတွက် အလင်းပျိုးမယ့်လက်များကို မျှော်နေပါတယ် ဗျာ ။

အမည်မဲ့ ( HOE )

++++++++++++++++။
မှောင်နေတဲ့ အလင်း
သူငယ်ချင်းရေ........................
ကျွန်တော် ဘာများမှားခဲ့လို့လဲ
မှောင်မိုက်တဲ့အခန်းကျဉ်းလေးထဲမှာ
အထီးကျန်မှုတွေ တစူတဝေးနဲ့ ရှင်သန်ရတယ်
ကျွန်တော် မသိလိုက်ခင်ပဲ ဒီရန်သူက
ကျွန်တော့်သွေးသားထဲ
လှည့်ပတ်စီးဆင်းနေခဲ့ပြီတဲ့
ဖေဖေ နဲ့ မေမေ ရေ...........
ဒီလို ကျွန်တော့်ရဲ့ တမ်းတမ်းမက်မက်ခေါ်သံကို
မကြားနိုင်တော့တဲ့ အရပ်ဆီ
သူတို့ စွန့် ခွာခဲ့ပြီ
သူငယ်ချင်းရေ..................................
ကျွန်တော် မင်းကို မနာကျင်စေရပါဘူးကွယ်
မင်းလက်လေး ငါ့ကိုကမ်းပါ
ကျွန်တော်တို့ အတူ ကစားပါရစေ
မင်းနဲ့ အတူ
ကော်ဖီတခွက် အတူသောက်ခွင့်ငါ့ကိုပေးပါ
နေ၀င်ချိန်ကို အတူကြည့်ခွင့်ငါ့ကိုပေးပါ
သူငယ်ချင်းရေ...................
နာကျင်မှုတဲ့................
ဒီအရာက ကျွန်တော့် နှလုံးအိမ် မှာလား
ကျွန်တော့ ခနာကိုယ်မှာလား
စစ်ခနဲ စစ်ခနဲ................
ဒီအရိပ်မဲကြီးက ရိုးခနဲ ရိပ်ခနဲ
ကျွန်တော့် မျက်ရည်တွေဟာလည်း
ပိုးခနဲ ပေါက်ခနဲ
သူငယ်ချင်းရေ........................
ကျွန်တော် ဘာများမှားခဲ့လို့ လဲ
ကျွန်တော် ဘာများ
မှားခဲ့
လို့ လဲ...
ကျွန်တော်
ဘာ
များ
................. ၊၊ ၊၊
ကေး ( D O I )

++++++++++++++++++။
လက်ကမ်းလို့ကြိုမယ်

ဂရုဏာဒေါသနဲ့
မင်းကို ဖွဖွလေးဆူခဲ့တာကလွဲရင်
အာဃာတ မဆိုဘိ
အမုန်းတရားလေးတောင် မရှိခဲ့..........
ကြင်နာသောစကားနဲ့
အားပေးလို့ဆိုရင်း
ငါတို့ရဲ့ခွန်အား
မင်းကိုယ်ပေါ်မှာ ထွန်းညှိလို့ထားမယ်..........
အတူတူသွား အတူတူစား
အတူတူသောက်
တို့တွေက တစ်လမ်းထဲ
အတူတူလျှောက်နေကြတဲ့ လူတွေလေ..........
ဖေးမလို့ကူ
မင်းပြိုလဲရင် ငါကထူရမှာပေါ့
လူ.....လူသားချင်း
လူသားတရားကို နားလည်ရမယ်..........
အားငယ်စရာမရှိ
သိမ်ငယ်စရာမရှိ
အပြစ်ကို အပြစ်မှန်းသိရင်
အဲဒီထဲမှာ စိတ်ထပ်မနှစ်ဖို့လိုတယ်..........
လောကဓံတရား
ဘယ်တော့မှ ရှစ်ပါးထက်မပိုပါဘူး
မင်းလည်းလူ ငါလည်းလူ
ကံကြမ္မာကို ကလူကျီစယ်လို့ရတယ်..........
ဘဝဆုံးတိုင်း စိတ်ဓါတ်မဆုံး
စိတ်ဓါတ်ဆုံးမှသာ ဘဝကလုံးလုံးဆုံးတာ
Ryan Wayne White ရဲ့သွေးတစ်စက်
တစ်ကမ္ဘာလုံး ရဲပတောင်းခတ်ခဲ့တယ်..........
မျှော်လင့်ချက်တွေ ဝေနေသူအတွက်
အနာဂါတ်ဆိုတာ ဘယ်တော့မှမသေဘူး
ဒီလို နေ့သစ်ရက်ပျိုမှာ
မင်းကို ငါတို့ လက်ကမ်းလို့ကြိုမယ်..........
+++++++++++++++++++++++။
Ryan Wayne White (6/20/1971 - 8/4/1990) ~ အသက် (၁၃)နှစ် အရွယ်တွင်

သွေးသွင်းရာမှ HIV ကူစက်ခံရပြီး ကမ္ဘာ့ AIDS ရောဂါတိုက်ဖျတ်ရေးပိုစတာတွင်

Poster Child အဖြစ်ရိုက်ကူးဆောင်ရွက်ရင်း ရင်ဆိုင်မှုပေါင်းများစွာဖြင့် တစ်ကမ္ဘာလုံးကို သိစေခဲ့သူ။
သွယ်လင်းဆက် ( http://txwelynnset.blogspot.com )

ဆူလွယ်နပ်လွယ်သားကောင်
ခေတ်ကိုက ဆူလွယ်နပ်လွယ်ရယ်...
ဆူလွယ်နပ်လွယ်ဖြစ်ဖို့ပဲ တွေးတောကြံဆနေကြရ
ဘာကြောင့်လဲ..ဘာကြောင့်များလဲလို့
မှတ်မိအောင်
ကိုယ့်ကိုယ်ကို နှစ်ထပ်၊နှစ်ခါထပ်မေးကြည့်နေမိတယ်....။
ဆူလွယ်နပ်လွယ်ခေတ်ထဲမှာ
ကိုယ်တွေကပါ ဆူလွယ်နပ်လွယ်ဖြစ်လို့
ငါတို့မှာ
တစ်ယောက်ထဲနေရင်းကပဲ
ဟိုဘက်နဲနဲတိုးပါဦး လို့
ကြပ်တည်းနေကြရတာ...
မြေပထ၀ီအခွံပေါ်မှာ ဘာတွေကို စုပ်ယူဖို့၊
ဘာတွေ ပြောင်းလဲတပ်ဆင်ဖို့ ကြိုးစားနိုင်ဦးမလဲ......
ငါတို့တွေဟာ...
ကွဲလွဲတဲ့ကိုယ်ပိုင်ချဉ်းကပ်မှုတွေနဲ့
ကိုယ့်ဘ၀ကိုချဉ်းကပ်ကြည့်ခြဲ့ကတယ်
ကိုယ့်ခရီးကိုယ်
ခြေလှမ်းတွေတစ်လှမ်းချင်းရေတွက်လျှောက်ခဲ့ကြတယ်။
ကုန်လွန်ခဲ့တာတွေက
အလကားမဖြစ်ဘူး။
သက္ကရာစ်ပေါင်းအခု ၂၀ ကျော်။
သို့ပေမယ့်
ခြေထောက်တွေက ခုထိမခိုင်သေးဘူး ..။
တဘုန်းဘုန်းလဲကျနေတုန်း..
တရုန်းရုန်းနဲ့ ပြန်ထနေရတုန်း...။
ဘ၀ဆိုတာ ခင်းထားပြီးသားလမ်းတစ်ခုဖြစ်တယ်..
ကိုယ့်ဘာသာကိုယ်ထွင်ပြီးလျှောက်ရင်းက
အပေါ်ရောက်လိုက်၊အောက်ရောက်လိုက်လဲ ရှိမယ်..
ပြုခဲ့ဖူးတဲ့ ကောင်းမွေဆိုးမွေအရပေါ့...
အဲ့သလို အမေကတော့ပြောတော့
ကျမအသက် ၆၀ မဟုတ်ဘူး အမေ..
အဲ့ဒိလို....အဲ့ဒိလို..နဲ့
ကိုယ့်လမ်းကိုယ် စမ်းတ၀ါးဝါးနဲ့ခင်းနေခဲ့တာ..။
ဆင်းရဲမွဲတေမှု
ခေါင်းပုံဖြတ်မှု၊
မသာမာမှု၊လူသားမဆန်မှု
အာဏာတလွဲသုံးမှု
လောင်စာဆီမှု
အိုဇုန်းအလွှာပေါက်တဲ့အမှု
ပူလောင်အိုက်စပ်မှု၊
ဘာမှု၊ညာမှု...ဟိုအမှု၊ဒီအမှု
ဘ၀မှာ....
အဲ့ဒါတွေ
ခွဲခြမ်းစိတ်ဖြာ ကြည့်ဖူးပါရဲ့လား
ခွဲခြမ်းစိတ်ဖြာဖို့ရော အခွင့်အရေးတစ်ခု ရရှိဖူးပြီးခဲ့ပြီလား။
အဲ့ဒါတွေ ဘာအဓိပ္ပာယ်လဲဆိုတာ ငါလဲသေချာမသိသေးဘူး။
အဲ့ဒါတွေ ဘယ်လောက်အတိမ်အနက်ရှိလဲ ငါမသိသေးဘူး။
နေသာသလိုနေနေလို့တော့ တို့သမိုင်းကတောက်ပြောင်လာမှာမဟုတ်ဘူး။
အစေ့ကျရာ အပင်ပေါက်တဲ့ ခေတ်ကလဲ ကုန်လွန်ခဲ့ပြီ..
အစေ့ကျရာအပင်ပေါက်ချင်တဲ့စိတ်နဲ့
ငါတို့လိုချင်တပ်မက်တဲ့ အာသီသကို ဖြေဖျောက်ဖို့ရာ..မလွယ်ကူလှဘူးထင်ရဲ့....။
Mirror
++++++++++++++++++++။
ငါတို့ရဲ့လက်တွေ...

ငါတို့မှာ လက်တွေရှိတယ်
လက်တွေဟာ ဘာလုပ်ဖို့လည်း
ငါတို့မှာလက်တွေရှိတယ်
လက်တွေကို ဂရုစိုက်ပါ
လက်တွေကို သန့်သန့်စင်စင်ထားပါ
လက်တွေကို မကြမ်းတမ်းပါစေနဲ့
လက်တွေကို သွေးမစွန်းပါစေနဲ့....
လက်တွေက ကဗျာရေးတယ်
လက်တွေက ပန်းချီဆွဲတယ်
လက်တွေက ဂီတကို တီးခတ်တယ်
လက်တွေက လက်နှက်ကိုင်တယ်
လက်တွေက ပုခက်လွှဲတယ်...
လက်မှတ်ထိုးတဲ့လက်က မြို့ကိုဖျက်သတဲ့လေ
ငါတို့လက်တွေက မြို့ကို မဖျက်မိဖို့
လက်တွေကို ဂရုစိုက်ရမယ်....
လက်တွေက ငါတို့အတွက် အရေးတကြီး
လက်တွေဟာ အနုပညာဆန်ရဲ့
လက်တွေဟာ မေတ္တာ တန်ခိုးတော်ရှိရဲ့
ဒါကြောင့်
လက်တွေနဲ့ မျက်ရည်သုတ်ရမယ်
ငါ့တို့ပါးပြင်ပေါ်က
တခြားသူတွေရဲ့ ပါးပြင်ပေါ်က
လက်တွေက မျက်ရည်သုတ်ဖို့အတွက် အကောင်းဆုံးပဲ
ငါတို့ ချစ်ကြစို့
လက်တွေနဲ့ ပွေ့ဖက်ထားကြမယ်...
ကမ္ဘာကြီးကို....


(မိုးလှိုင်ည)
++++++++++++++++။
မြန်နှုန်းမြင့်စိတ်နဲ့ပဲ မေမေ့ကို ဆက်သွယ်လိုက်တယ် ။


ဟဲလို . .
မေမေလား
ကျနော်နေကောင်းပါတယ်
နှလုံးသားကသာ ခဏ ခဏ ဖျားတာ
နေပူပူ ၊မိုးရွာရွာ သူ့မှာ အကာအကွယ် မပါဘူး မေမေ ။
မေမေရေ . .
ခါးတာတွေ ဆက်တိုက်စားမိတော့
လျှာဖျားတွေတောင် ယားတယ်
မုတ်သုန်မိုး တဖြိုက်နှစ်ဖြိုက်ကျရုံနဲ့
ကန္တာရပင်တွေတောထ
လူအဖြစ်ရရှိခဲ့မှုကြီးက ခါးသက်လှပေါ့မေမေ ။
မေမေရေ. .
ဆင်သေကောင်နား တဝဲလည်လည်ဆိုတဲ့
ပြဇာတ်ထဲ
အသဲကွဲသမားအဖြစ် သရုပ်ဆောင်ရတဲ့သားဟာ
အော်စကာလျာထားချက်ထဲ
ထိပ်တန်းစာရင်းကပါတယ်တဲ့ မေမေ ။
မေမေရေ. .
လောကကြမ်းကြမ်းကြီးထဲ
ခလုတ်ကန်သင်းတွေပေါလွန်းလှတယ်
ကျနော့်ကို ငြိသောဆူးများ ဒီထက်ပိုမို ထက်ရှကြပါစေ
ကျနော် ထိမိတဲ့ ခလုတ်တွေ ဒီထက်ပိုမို အလုပ်ရှုပ်နိုင်ကြပါစေ
အိုးကင်းပူထဲ အလှော်ခံနေရသလိုပါပဲ မေမေ
ဘဝဆိုတာကြီးက
အထက်မီး အောက်မီးနဲ့ ဖုတ်ခံနေရတဲ့ ကိတ်မုန့်ကြီးပေါ့ ။
မေမေရေ. .
ရရှိခဲ့တာတွေသိပ်များတော့
ကဗျာတွေတဖွားဖွား ထွက်ကျလာတယ် ။
ဒီနှစ်ထဲမှာ . . . အဆုံးအရှုံးသိပ်များတယ်
ဒီနှစ်ထဲမှာ . . . အချစ်ရေးအဆင်မပြေဘူး
ဒီနှစ်ထဲမှာ . . . ကျနော့်ယာခင်းက အသီးအနှံမဖြစ်ထွန်းဘူး
ဒီနှစ်ထဲမှာ . . . စီးပွားပျက်ကပ်ဆိုက်တယ်
ဒီနှစ်ထဲမှာ . . . အလုပ်လက်မဲ့
ဒီနှစ်ထဲမှာ . . . နစ်နစ်နေတယ်
နှောက်နှစ်တွေဆိုရင် စားပွဲမှာ ဓါးမြှောင်စိုက်
ကဗျာနဲ့ပဲ မိုက်တော့မယ် ။
မေမေရေ . .
အိမ်ပြန်လာရာလမ်းကလေးက
တဖြေးဖြေးမှုန်ဝါးသွားတဲ့ ရုပ်ရှင်ပြကွက်လေး
ကျွန်တံဆိပ်တီရှပ်က အသက်ရှုကျပ်တယ် မေမေ ။
ဟုတ်ကဲ့ မေမေ. .
ကျနော်အခု မေတ္တာဧရိယာပြင်ပမှာ ရောက်ရှိနေတာပါ ။ ။

(ဖုန်းမြင်)့
++++++++++++++++++++။
*နတ်ဆိုးနမ်းသွားတဲ့ ပန်း*

ဘာကြောင့်များလဲ . . .
ကမ္ဘာတစ်ခြမ်းလုံးပွင့်နေကြတဲ့
ပန်းတွေထဲမှာ
သူတို့ကိုမှ ပိုးရွေးကိုက်သွားရတာ၊
ဘာကြောင့်များလဲ. .
သူတို့မှာလည်း တောင်တန်းတွေ
တစ်မျှော်တစ်ခေါ်ရှည်လျားခဲ့မှာပဲ
သူတို့မှာလည်း နောက်တစ်နေ့တွေကို
ရောင်စုံခြယ်ဖူးကြမှာပဲ
သူတို့က မြှားတွေကိုယ်စီချွန်လို့
သူတို့က ဓားတွေကိုယ်စီသွေးလို့
ဘာကြောင့်များ
သူတို့က စစ်ပွဲမှာ လိုက်ပါခွင့်မရခဲ့တာလဲ၊
ဟုတ်တယ် ...
သူတို့ မှာ လကမ္ဘာကိုလည်ပတ်ချင်စိတ်ရှိမယ်
ပန်းနဲ့ သီတဲ့ ဒိုင်ယာရီတွေ ရေးချင်လိမ့်မယ် ...
ညခင်းတိုင်းမှာ
လသာချင်ရှာလိမ့်မယ်၊
ကံကြမ္မာဆိုတာကြီးရယ် ...
အဖန်တစ်ရာထေအောင်ပဲ ကြင်နာလိုက်စမ်းပါ
မနက်ဖြန်တွေ သူ့ အတိုင်းသူ ရှိနေစေဖို့ လေ။ .
အနာဂတ်ဆိုတဲ့ ယာဉ်ကြီးကို သူတို့ စီး
နယူတန်လိုပဲ ပန်းသီးတွေကို သူတို့ ကောက်ကြ
ကမ္ဘာကြီးကို သူတို့ လက်ချောင်းလှလှ လေးတွေနဲ့  ပုံသွင်းကြ ...
သူတို့  အတွက်ရနိုင်သမျှ ပေးဆပ်ခြင်းတွေနဲ့ 
သူတို့  ဦးခေါင်း တွေ မြင့်မြတ်နိုင်ကြစေ၊
ယူသလောက်မရရင်တောင်မှ
ရသလောက်တော့ယူနိုင်ကြပါစေ၊
ဒါဟာ . . . နောင်လာမယ့်သမိုင်းကြောင်းအတွက်
သူတို့ရေးမယ့်စာမျက်နှာပဲ ။

*-ရိုးရာ၊နေ့ သစ်*

စာကြွင်း- ကဗျာ နှစ်ပုဒ်ခန့် ကြွင်းကျန်ရစ်ခဲ့ပါသည်.. အမြန်ပြန်စုဖို့
ကဗျာဆရာ တချို့နဲ့ လတ်တလော အဆက်သွယ်မရလို့ပါ.. ။
နောက်များမှထပ်မံပေးပို့ပေးပါမည်..။

ခင်မင်လေးစားစွာဖြင့်
မိုးလှိုင်ည

ကဗျာများရွတ်ဆိုအပြီးမှာတော့ အခမ်းအနားတက်ရောက်လာသူများနှင့်
အတူ performance တစ်ခုကို ပျော်ပျော်ပါးပါး ပူးပေါင်းဖန်တီးနိုင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ အထူးအစီအစဉ်အနေဖြင့် HIV စာလုံးအား ပူးပေါင်း သရုပ်ဖော်ခဲ့ကြပါတယ်။ ထို့နောက်မှာတော့ Michel Learns ရဲ့ Sleeping Child သီချင်းကို ကိုသားငယ်M.B.S နှင့် ကိုလင်းနစ်တို့မှ ဂစ်တာဖြင့်တီးခတ်ပေးပြီး တက်ရောက်လာသူများအားလုံးမှ သံပြိုင်သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပါတယ်။ ဒီကနေ့ပွဲလေးမှာ စုစုပေါင်း အလှူငွေ သုံးသိန်းငါးထောင် (၃၀၅၀၀၀) ကျပ်တိတိရရှိပါတယ်။ထိုအလှူငွေများဖြင့် လာမည့် 25.12.2009 တွင် မြောက်ဒဂုံ သုခရိပ်မြုံမိဘမဲ့ကလေးကျောင်းသို့ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်ခင်ဗျာ။





သတင်းပေးပို့ ပေးသော မောင်လေး စိုင်းငယ် အားကျေးဇူးတင်ပါသည်.။
ဓာတ်ပုံ ပေးပို့ ပေးသော ကိုလူချော အားကျေးဇူးတင်ပါသည်.။