28 May 2011

ဘောကျိ လို့ ခေါ်ပြီး အလုပ်လုပ်နေရတဲ့ မြန်မာပြည်က ကလေးငယ်လေး တယောက်

တလောကပေါ့ လူက စိတ်ဓါတ်တွေကကျ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတာ။ လုပ်ငန်းကလဲရပ် အလုပ်လက်မဲ့ပုံစံနဲ့ မနက်လင်းရင် ဘာလုပ်ရမလဲ စဉ်းစားနေရတာ ပျင်းလာတယ်။ ကိုယ့်ဘာသာကိုယ်လဲ တော်တော် သောက်သုံးမကျတဲ့ ကောင်ဆိုပြီး စိတ်ညစ်လာပြန်ရော။ သေရင် အေးမယ် ဆိုပြီး တွေးမိတာလဲ အကြိမ်ကြိမ်။ ခံနိုင်ရည်က မဲ့လာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲ စဉ်းစားလို့ကို မရဘူး ဖြစ်နေပြန်တယ်။ ခက်တယ်ဗျာ ခက်တယ်။ သို့ပေမယ့် သို့ပေမယ့်ပေါ့လေ . . . . .

တနေ့က အဖေနဲ့ အပျင်းပြေ လိုက်သွားလိုက်တယ်။ သူကလဲ ပွဲစားတန်းဘက် သွားရအောင်တဲ့ သွားလေဆိုပြီး ပေါ့ပေါ့ပါးပါးပဲ လိုက်သွားတယ် ဟိုရောက်တော့ အဖေက သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတယ် ကားကိစ္စ ဘာညာပေါ့။ ကျွန်တော်လဲ ပျင်းတာနဲ့ အပင်အရိပ်အောက်မှာ ထိုင်နေလိုက်တယ်။ ထိုင်နေတုန်းရှိသေးတယ် ဘေးနားကနေ ကလေးတစ်ယောက်က လာခေါ်တယ် ရုတ်တရက် နားမလည်ဘူး သူခေါ်လိုက်တဲ့ အသံကို ဘာတဲ့ “ဘောကျိ” တဲ့ ကျွန်တော်လဲ ပြန်မေးလိုက်တယ် ဘာလဲဆိုတော့ ဘေးက အဖေ့သူငယ်ချင်းက ရှင်းပြတယ် “ဘောစိ (Boss)” လို့ခေါ်တာတဲ့။ သြော်ဒါနဲ့ ပြုံးမိတယ်။


ဘာတုန်းဆိုတော့ “အနော်ကားဆေးပေးမယ်နော်တဲ့” လူက လေးနှစ်သာသာလောက်ရှိဦးမယ်။ ကျွန်တော် ဘာမှ မပြောပဲ ကြည့်နေလိုက်တယ်။ အဖေ့သူငယ်ချင်း မေးတယ် “မင်းကားဆေးမှာက ဟုတ်ပါပြီ ပြီးရင် မုန့်ဖိုးတောင်းမှာလားတဲ့” ဟိုကလေးက “ဟီး ဟီး အနော်က ခင်လို့ ဆေးပေးမှာပါတဲ့” ဒါနဲ့ ဟိုက ဆက်ပြောတယ် “မင်းထမင်းစားပြီးပြီလားဆိုတော့” ကိုယ့်ဆရာက ဗိုက်ကလေးပွတ်ပြီး မစားရသေးဘူးတဲ့ ကျွန်တော် နာရီကြည့်လိုက်တော့ ညနေ ၃ နာရီလောက် ရှိတော့မယ် ဒီအချိန်ထိ ဒီကလေး ထမင်းမစားရသေးဘူးဆိုတော့ ရင်ထဲ ချိသွားတယ်။ ကျွန်တော် လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေးကို လှမ်းခေါ်ပြီး မုန့်တစ်ပွဲမှာလိုက်တယ်။ လာပို့သွားတယ် ဟိုကလေးကတော့ ကားဘီးတွေကို ရေဆေးနေတယ်။ ကျွန်တော် ကြည့်နေရင်းက သူ့ကိုလှမ်းခေါ်လိုက်တယ်။

“ဘောကျိ ဘာခိုင်းမလို့လဲ”

“မခိုင်းပါဘူးကွာ မင်းကို မုန့်စားခိုင်းမလို့”

“ဒါတွေ စားရမှာလား”

“အေး စားလိုက် မင်းဖို့ မှာထားတာ”


ချာတိတ်က ချက်ခြင်းမစားသေးဘူး အဖေ့ သူငယ်ချင်းကို လှမ်းကြည့်တယ်။ ဟိုက စားလေကွာဆိုတော့ စားတယ်။ စားလိုက်တာ အကုန်ပဲ ဆာနေမှာပေါ့လေ။ စားပြီးတော့

“အား . . . ဗိုက်ဝသွားတာပဲ”


ကျွန်တော်ပြုံးမိတယ်။ ပြီးတော့ ကားဘီးတွေ သွားဆေးနေတယ်။ ကားလေးဘီးလုံးကို သူ့အရွယ် ငယ်ငယ်လေးနဲ့ လိုက်ဆေးနေတယ်။ ကျွန်တော် မနေနိုင်တော့ဘူး ထားလိုက်တော့ ပြီးပြီ တော်တော် သန့်သွားပြီဆိုပြီး ပြောလိုက်တော့ ရတယ် ဘောကျိ ရတယ်ဆိုပြီး လုပ်နေတယ်။ ခနနေတော့ ကျွန်တော် ချက်ခြင်း ရပ်ခိုင်းလိုက်တယ် ပြီးတော့ မုန့်ဖိုး ၁၀၀၀ ထပ်ပေးလိုက်တယ်။ အဖေ့သူငယ်ချင်းက ကျွန်တော့်ကို ကြည့်ပြီး ပြုံးတယ်။ ပြီးတော့ ကျွန်တော်က သူ့ကို မေးလိုက်တယ်။ ဒီကလေး ဘယ်ကလဲဆိုတော့။

“ဒီလိုပဲကွ ဒီမှာလာပြီး ရေသန့်ပုလင်းတွေ ကောက်တဲ့ မိသားစုထဲက”

“အင်း . . . ”

“အဲဒီ့ ကလေးက တနေ့ကို ပိုက်ဆံ ၅၀၀ ရအောင် ရှာရတယ် မရရင် မပြန်ရဘူးကွ”

“ဗျာ . . .”

“ဟုတ်တယ် ဒီကောင် တခါ ညနေ ၇ နာရီကျော်နေလို့ မပြန်သေးလို့ မေးကြည့်တာ ၄၀၀ ပဲရသေးလို့ ဆက်နေရတယ်တဲ့ အဲဒါ လိုတဲ့ ပိုက်ဆံကို ချက်ခြင်းပေးပြီး သူ့မိသားစုပါ ခေါ်ပြောလိုက်ရသေးတယ်”

“ဟာ ဗျာ . . . ”

“မဟာနဲ့ဦးဟေ့ တခါတလေ ဒီကောင်က လက်ဘက်ရည်ဆိုင်မှာ ခုံလေးတွေ ဆက်ပြီး အိပ်တာ”

“ဟူး . . . မောတယ်ဗျာ ကြားရတာ”

“သူ့အသက်က ၄ နှစ်သာသာပဲ ရှိဦးမယ် ဒီအရွယ်လေးနဲ့ လောကဓံကို ခံနေရပြီ”

“အဲဒီ့ ကလေးတွေကို စောင့်ရှောက်ဖို့လိုတယ် ဦးလေး ကျွန်တော် ဒါမျိုးတွေတွေ့ရင် မခံစားနိုင်ဘူး”

“အေးပေါ့ကွာ ငါတို့လဲ အဲဒါကြောင့် ထမင်းစားလဲ ခေါ်ကျွေး ပိုက်ဆံဆိုလဲ ပေးပေါ့ ဒီလိုပဲ နေနေရတာပဲ သိပ်လဲ မပေးရဲဘူး အကျင့်တွေ ပျက်ကုန်မှာစိုးတယ် အလကားမပေးတာကို ပြောတာ ခိုင်းချင်လို့ ခိုင်းနေတာ မဟုတ်ဘူး ငွေတန်ဖိုးနားလည်အောင် အလုပ်ကလေးသိအောင် ခိုင်းတာ ဘယ်ခိုင်းရက်ပါ့မလဲကွာ ဒီအရွယ်လေး ဒါကြောင့် သူနဲ့ တန်တဲ့ ရေသန့်ဗူးလေး ဝယ်ခိုင်းတာ ဘာညာပဲ ခိုင်းတယ်။ ပိုက်ဆံ ဒီအတိုင်းပေးရင် သူတောင်းစား ဖြစ်သွားမှာစိုးလို့ ငွေကို တောင်းတိုင်းရရင် သူတောင်းစားဖြစ်သွားမှာစိုးတယ်ငါ့တူရ အဲဒါကြောင့်”

“ဟုတ်ပါတယ် ကျွန်တော် ဒါကို လက်ခံတယ်။ ဒါပေမယ့်ဗျာ သူ့ဘဝကို ကြည့်ရတာ အဆင်မပြေဘူး စိတ်ထဲ မကောင်းလိုက်တာ”

“ဒါကတော့ ငါ့တူရယ် ဒီလိုပဲ သူ့လို ကလေးမျိုး တို့နိုင်ငံမှာ အများကြီးပဲ မင်းသိတဲ့အတိုင်းပဲ”

“အင်း . . .”

ကျွန်တော် ဘာမှ ဆက်မပြောဖြစ်တော့ဘူး။ ခနနေတော့ ညနေစောင်းသွားပြီး ဟိုကလေးကတော့ ကျွန်တော့်နားမှာ ဆော့နေတယ် ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်တော့ “ဘောကျိ နက်ဖန် လာဦးမှာလားတဲ့” အေးကွာလို့ တိုတိုတုတ်တုတ်ဖြေပြီး သူ့ခေါင်းလေးကို ပွတ်ပြီး နှုတ်ဆက်လိုက်တယ်။ လူက စွပ်ကျယ်အကြီးကြီးဝတ်ထားတယ် နှပ်ချီးကတွဲလောင်းနဲ့ ဒါနဲ့ ကားထဲက တစ်ရှူးထုတ်ပြီး နှပ်သုတ်ပေးလိုက်တယ်။ ပြီးတော့ ကားပေါ်မှာပါတဲ့ အရုပ်ကလေးတစ်ရုပ်ပေးဖြစ်လိုက် တယ်။


အဖေကတော့ ဘာမှ မပြောဘူး ကျွန်တော့်ကိုပဲ ကြည့်နေတယ်။ သားအဖနှစ်ယောက်လမ်းပေါ်မှာ စကားမပြောဖြစ်ဘူး။ အိမ်ပြန်ရောက်ပြီး သူငယ်ချင်းတွေက ဖုန်းဆက်ခေါ်တော့ လာခဲ့လေဆိုပြီး ပြောလိုက်တယ်။ သူငယ်ချင်းတွေ ရောက်လာတော့ ဟိုပြောဒီပြောနဲ့ ဘီယာဆိုင်ရောက်သွားတယ်။ စမ်းချောင်းက ယူနန်ပေါ့ ထုံးစံအတိုင်းပေါ့။ စိတ်ကညစ်နေတော့ သောက်ပြီးရင်သောက်လေ့ရှိတာကိုး။ ကားပါကင် အထဲမှာ မရတော့အပြင်မှာ ရပ်လိုက်တယ်။ ကားပေါ်က ဆင်းတော့ “ဘောကျိ” ဆိုပြီး ခေါ်သံကြားလို့ ကြည့်လိုက်တာ လားလားလား ညနေက ဆရာသမားဖြစ်နေတယ်။


“ဟေ့ကောင် မပြန်သေးဘူးလား ဆိုတော့” ပြန်မှာတဲ့ သူ့အမေကို စောင့်နေတာတဲ့။ ခပ်လှမ်းလှမ်းမှာ ရေသန့်ဗူးတွေ ကောက်နေတဲ့ မိန်းမတစ်ယောက်ကို တွေ့လိုက်တယ်။ ကျွန်တော့်သူငယ်ချင်းတွေလဲ ကျွန်တော့်ကို ငေးနေတယ်။ ပြီးတော့ ချာတိတ်ထွက်သွားတယ်။ ကျွန်တော်တို့ ဆိုင်ထဲကို ဝင်လာတယ်။ ဆိုင်ထဲမှာထိုင်နေရင်းနဲ့ ဘီယာမှာတယ် သောက်မယ်ပေါ့။ သူငယ်ချင်းက မေးတယ်။ ကျွန်တော် ပြောပြလိုက်တယ် ညနေက အဖြစ်အပျက်ကို အကုန်လုံး တိတ်သွားတယ် ဆက်မပြောတော့ဘူး။ ဘီယာ လာချပေးတယ်။ ကျွန်တော် သူငယ်ချင်းတွေကို ပြောလိုက်တယ်။

“ငါတို့သောက်တာ တိုက်ဂါး တစ်လုံး ၁၃၀၀ ပေးရတယ် တနေ့ကို တစ်ယောက် ၅ လုံးလောက်သောက်တယ်။ စဉ်းစားကြည့်ရင် ဟိုကလေးအနေနဲ့ဆို ဘယ်နှစ်ရက်သုံးလို့ရမလဲ” အဲဒီ့လိုလဲ ပြောလိုက်ရော ဘယ်ကောင်မှ မလှုပ်တော့ဘူး ကျွန်တော်ကိုယ်တိုင်လဲ မြိုမကျတော့ဘူး အဲဒီ့နေ့က ဘီယာ တစ်ခွက်စီလောက်ပဲသောက်တယ် တိုင်ပင်စရာ မလိုဘူး ပြန်မယ်ဆိုပြီး ထပြန်တယ်။ စိတ်ထဲမှာလဲ တနေ့ကို ငါးရာ ရှာရတယ်ဆိုတဲ့ ဟိုချာတိတ်ကိုပဲ မြင်နေမိတယ်။

ကျွန်တော်တို့ တနေ့ကို ငွေဘယ်လောက် ဖြုန်းတီးမိပြီလဲ ကျွန်တော်တို့ ဖြုန်းတဲ့ငွေတွေနဲ့ ကျွန်တော်တို့ လူတွေ ဘယ်လောက်ကယ်နိုင်မလဲ ခင်ဗျားတို့ စဉ်းစားကြည့် အသက်က ၄ နှစ်ကျော်ကျော် တနေ့ ငါးရာ တဲ့ စဉ်းစားစမ်းဗျာ။ ကျွန်တော် ကိုယ့်ဘာသာစိတ်ဓါတ်ကျတာလဲ ပျောက်သွားတယ်။ အဲဒီ့ကလေးရဲ့ အားမာန်တွေ ကျွန်တော့်ကိုယ်ထဲ စီးဝင်လာတယ်။ သူနေတတ်တယ် နေပျော်အောင်နေတယ်။ အရွယ်နဲ့သောကမမျှဘူး ဒါပေမယ့် လောကဓံကို ခံနိုင်တယ်။ ကျွန်တော်တို့ ဘာလို့ မခံနိုင်ရမှာလဲ နောက်တစ်ခု ကျွန်တော် ငွေကို ပိုရှာဖို့ လိုလာတယ်။ ဟုတ်တယ် ပိုက်ဆံရှိရင် ခုနကလို ကလေးတွေကို အများကြီး ပြုစုစောင့်ရှောက်လို့ရမယ်။ ကဲ စဉ်းစား။ ခင်ဗျား တစ်နေ့ ဘယ်လောက်သုံးနေသလဲ ဘယ်လောက်ဖြုန်းနေလဲ ခင်ဗျား စိတ်ဓါတ်ကျစရာက ဘယ်လောက်ကြီးသလဲ စဉ်းစား။ ကျွန်တော်တော့ စဉ်းစားလို့ပြီးပြီ ကျန်တဲ့သူတွေ ဆက်စဉ်းစားစေချင်တယ်။ ဒါပါပဲဗျာ အခုလို ပြန်ပြောရတာတောင် မောလှပြီ။ နားထဲမှာ တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း “ဘောကျိ” ဆိုတဲ့သူ့အသံပဲ ကြားကြားနေတယ်။

စိတ်ရောကိုယ်ပါရွင်လန်းချမ်းမြေ့ပါစေ. . . .
အားလုံးကိုချစ်ခင်လေးစားလျှက်...
မောင်မောင်ပြည့်ဖြိုး.........

ကိုရီးယားရုပ်ရှင် ၁၉၈၃ ခုနှစ် ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု ဇာတ်ဝင်ခန်း




၁၉၈၃ ခုနှစ်အချိန်ကာလက မြန်မာပြည်ကို နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ တောင်ကိုရီးယား သမ္မတကို မြောက်ကိုရီးယားမှ သတ်ဖြတ်လုပ်ကြံဖို့  အတွက် ရန်ကုန်မြို့ ရှိ ဗိုလ်ချူပ်အောင်ဆန်းနှင့်တစ်ကွသော အာဇာနည်ခေါင်းဆောင်ကြီးများရဲ့  အုတ်ဂူများတည်ရှိရာ အာဇာနည်ဗိမာန်အတွင်း မျက်နှာကျက်ပေါ်မှာ ချိန်ကိုက်ဗုံးထောင်ပြီး ဖောက်ခွဲခဲ့လို့  မြန်မာနဲ့  တောင်ကိုရီးယားအချို့  သေဆုံးခဲ့ပြီး မြန်မာပြည်ရဲ့  သမိုင်းဝင် အာဇာနည်ဗိမာန်လည်း ပျက်ဆီးခဲ့ပါတယ်။

ဒီ ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု သမိုင်းမှတ်တမ်းကို ယခု ကိုရီးယားရုပ်ရှင် City Hunter မှာ ဇာတ်ဝင်ခန်းအဖြစ် စတင်ပြသထားတာ ဖြစ်ပါတယ်။

Lee Yoon Sung (Lee Min Ho) works at the Blue House’s National Communication Network Team and received his Ph.D at M.I.T. Kim Na Na (Park Min Young), a former judo athlete who works as a bodyguard for the President’s residence, the Blue House. Kim Na Na will eventually be involved in a love triangle with Lee Yoon Sung and prosecutor Lee Joon Hyuk (Kim Young Joo). The drama also marks Goo Ha Ra’s acting debut and she will play the role of the President’s daughter, Choi Da Hye.

ယခု ရုပ်ရှင်အား အချိန်နှင် ဖိုင်ဆိုဒ်အနေအထားအရ အစအဆုံး ဖေါ်မပြဖြစ်သည့်အတွက်နှင့် ကိုရီးယားဘာသာစကား ဖြစ်နေသောကြောင့် ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု သမိုင်းမှတ်တမ်းပါရှိသည့် အပိုင်းကိုသာ ပြသရခြင်းအတွက် တောင်းပန်အပ်ပါသည်။


ရန်ကုန် အာဇာနည်ကုန်း ဗုံးကွဲမှု မူလသမိုင်းမှတ်တမ်းအားလည်း ပြန်လည်ကြည့်ရှူနိုင်ရန်အတွက် ထပ်မံဖေါ်ပြအပ်ပါသည်။







မြန်မာပြည်မြေပေါ်မှာ ရိုင်းစိုင်းစော်ကားစွာနဲ့  ရန်ကုန် အာဇာနည်ဗိမာန်ကို ဗုံးခွဲပြီး မြန်မာပြည်သူပြည်သားများကို မျက်နှာပျက်စေခဲ့ရုံသာမက အသက်တွေ သေကြေဆုံးရှုံးခဲ့ရမှုအတွက် မြောက်ကိုရီးယားကို နှစ်ပေါင်းများစွာ သံတမန်အဆက်အသွယ်ဖြတ်တောက်ခဲ့တာကို သန်းရွှေ သိန်းစိန် အာဏာရူးအုပ်စုကတော့ မြောက်ကိုရီးယားကို အောက်ကျို့ စွာ ပြန်လည်လက်ခံပြီး ဖက်လဲတကင်း ပေါင်းဖက်နေပါတယ်။ မြန်မာပြည်ရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မြန်မာပြည်သူပြည်သားတွေရဲ့  အမျိုးသားအရေးကိုမှ မထောက်ထားဘဲ မြောက်ကိုရီးယားကို ပေါင်းဖက်နေတာမို့  သန်းရွှေ သိန်းစိန်တို့ ဟာ အမျိုးသားသစ္စာဖောက်တွေ ဖြစ်ကြပါတယ်။ ယခုလည်း သိန်းစိန်က တရုတ်ပြည်ကို သွားပြီး မြောက်ကိုရီးယားနဲ့  တွေ့ ဆုံနေပါတယ်။

မြန်မာပြည်ရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မြန်မာပြည်သူပြည်သားတွေရဲ့  အမျိုးသားအရေးကိုမှ မထောက်ထားဘဲ မြောက်ကိုရီးယားကို ပေါင်းဖက်နေတာမို့  သန်းရွှေ သိန်းစိန်တို့ ဟာ အမျိုးသားသစ္စာဖောက်တွေ ဖြစ်ကြပါတယ်။

ပြန်လည်မျှဝေ ပေးသော ကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့မှာ ကျင်းပတဲ့ လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများ ကြိုဆိုနှုတ်ဆက်ပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနား....

အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် အမှုဆောင် လူကြီးများအား တွေ့ရစဉ်...
အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဘဘဦးတင်ဦးအား အဖွဲ့ချုပ် ပါတီဝင် အမျိုးသမီးကြီးတစ်ဦးမှ ဂုဏ်ပြုပန်းစည်းပေးအပ်နေပုံ
အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် အခမ်းအနား ကျင်းပရာ အဖွဲ့ချုပ်ရုံးချုပ်သို့ အလာတွင် အဖွဲ့ချုပ်ပါတီဝင် အမျိုးသမီးများမှ ဂုဏ်ပြုပန်းစည်းများနှင့် ကြိုဆိုနှုတ်ဆက်နေကြစဉ်...
အဖွဲ့ချုပ်လူငယ် တာဝန်ခံကိုရာဇာနှင့် ရင်းနှီးစွာ နှုတ်ဆက် စကားပြောနေတဲ့ HIP HOP အဆိုတော် ကိုဇေယျာသော်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် စာတမ်း ကိုင်ဆောင်ထားသော အဖွဲ့ချုပ် ပါတီဝင်တစ်ဦးအား အဖွဲ့ချုပ်ရုံးရှေ့၌ ယနေ့နံနက် ၁၀း၃၀ အချိန်တွင်တွေ့ရစဉ်...

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂၁ နှစ်မြောက်နေ့ ဖြစ်သည့်  ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင်  လွတ်မြောက် နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့်အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင်လူကြီးများ၊ အဖွဲ့ချုပ်ပါတီဝင်များနှင့် HIP HOP အဆိုတော် ကိုဇေယျာသော်၊ ကိုမျိုးသိန်း(ခ)ဂျွန်နသန် အစရှိသည့် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံကြခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အကျဉ်းသား(၅၆)ဦး တက်ရောက်ခဲ့ပါသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ဦးဖြိုးမင်းသိန်း၊ SNLD မှ ဦးစိုင်းစောအောင်နဲ့ အဖွဲ့ချုပ်မှ ဦးဝင်းမြင့်တို့ ပြောကြားချက်များ...

၂၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မ၀င်ခဲ့သလဲ (ဦးဖြိုးမင်းသိန်း) ဟောပြောချက်

25 May 2011

ဘုရင်ရူးရူးနေတဲ့ သန်းရွှေရဲ့ အပါးစေလူယုံတော်ကြီး သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ရာဇပလ္လင်ကြီး ရောက်လို့  နေ။

အောက်ဖေါ်ပြပါ ပုံက ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ထားရှိထားတဲ့ သီပေါဘုရင် ထိုင်ခဲ့တဲ့ သီဟာသန ပလ္လင်ကြီး ဖြစ်ပါတယ်။

























အခုတော့ ဘုရင်ရူးရူးနေတဲ့ သန်းရွှေရဲ့ အပါးစေလူယုံတော်ကြီး သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ရာဇပလ္လင်ကြီးကို ထားထားတာ အင်မတန် မသင့်တော်တဲ့ လုပ်ရပ်ပါဘဲ။












ရာဇပလ္လင်ဆိုတာ ရှေးခေတ် မြန်မာနိုင်ငံရဲ့  သက်ဦးဆံပိုင် ဘုရင်တွေ ထိုင်ခဲ့တဲ့ အထွဋ်အမြတ်ထားရာ နေရာထိုင်ခင်း ဖြစ်ပါတယ်။ ရာဇပလ္လင်တစ်မျိုးဖြစ်တဲ့ သီဟာသနပလ္လင်ဆိုတာ ခြင်္သေ့ရုပ်ခံဖြစ်ပြီး ယမနေသားနဲ့  ထုဆစ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ဟာ လွှတ်တော်ကျင်းပရာခန်းမဆောင်အတွင်းမှာ ထားရှိပြီး လွှတ်တော်အတွင်း မှူးမတ်အပေါင်းတို့ ရဲ့  ပူဇော်ခံပြီး လွှတ်တော်ကျင်းပတာ ဖြစ်ပါတယ်။ သီဟာသနပလ္လင်ဟာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ပလ္လင် (၈) ပါးထဲက အထွဋ်အထိပ်ထားတဲ့ အမြင့်မြတ်ဆုံး ပလ္လင်ဖြစ်ပါတယ်။

နေပြည်တော်ဆောက်လုပ်နေစဉ် သတင်းထွက်ပေါ်လာခဲ့တဲ့ ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ထားရှိထားတဲ့ သီပေါဘုရင် ထိုင်ခဲ့တဲ့ သီဟာသန ပလ္လင်ကြီးနဲ့  ပုံစံတူတဲ့ ပလ္လင်ကြီးတစ်ခုကို နေပြည်တော်ကို ရွှေ့ တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့တာ အခုတော့ တကယ်ကို သိန်းစိန်ရဲ့  ရုံးခန်းထဲမှာ ရောက်နေတာ တွေ့ မြင်ရပါပြီ။

ဒီနေရာမှာ ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ခေတ်အဆက်ဆက်က ထားရှိခဲ့တဲ့ သီဟာသနပလ္လင်ကြီးရော ဆက်ရှိနေသေးရဲ့ လား၊ အခု သိန်းစိန်ရဲ့  ရုံးခန်းထဲကို ရောက်နေတဲ့ သီဟာသနပလ္လင်ကြီးက အမျိုးသားပြတိုက်ထဲကနေ ပြောင်းယူခဲ့တဲ့ ပလ္လင်အစစ်ဖြစ်နေပြီး ရန်ကုန်က အမျိုးသားပြတိုက်ထဲမှာတော့ အတုနဲ့ အစားထို့  လဲထားပြီး အများပြည်သူအမြင်မှာ ဟန်မပျက်ရှိနေအောင် ဖန်တီးထားသလားဆိုတာ မေးစရာဖြစ်နေပါပြီ။

သန်းရွှေတို့  သိန်းစိန်တို့  အာဏာရူးတွေ ဖြောင်ပြစ်နေတဲ့ အစစ်ကို အတုနဲ့  ပှုံမှားရိုက်ပြီး အစားထိုးထားတဲ့ မြန်မာ့ရှေးဟောင်းအမွေအနှစ်တွေ ဘုရားစေတီပုထိုးက သယံဇာတတွေ ဌာပနာတွေ ဘယ်လောက်တောင်ရှိနေပြီးလည်း ကုန်ဆုံးပျောက်ကွယ်နေပြီလည်းဆိုတာ တွေးကြည့်ရပါတော့မယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးတောင် ရွှေ့ ယူလို့ ရမယ်ဆိုရင် အခုဆို နေပြည်တော် ရောက်နေလောက်ပါပြီ၊ နောက်ဆုံး ဘုရားစေတီပုထိုးတွေ အတုလိုက်လုပ်ပြီး တန်ခိုးအရှိအ၀ါရှိအောင်ဆိုပြီး မလုပ်သင့်တာ လုပ်နေတဲ့ သန်းရွှေတို့  သိန်းစိန်တို့ အာဏာရူးတွေရဲ့  ပြောမယုံ ကြုံဖူးမှသိဆိုသလိုဘဲ အခု သိန်းစိန်ရဲ့  ရုံခန်းထဲရောက်နေတဲ့ သီဟာသနပလ္လင်ကြီးက သက်သေပြနေပါပြီ။

သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ အလှပြထားရမယ့်အရာ မဟုတ်ပါဖူး။ နိုင်ငံခြားသား သံတမန်တွေ လူမျိုးခြား ဧည့်သည်တွေကို မြန်မာပြည်ရဲ့  အခြားသော လက်မှုအနုပညာများနဲ့  ပြသလို့  ရပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့  တော်ဝင်ပစ္စည်း သမိုင်းအမွေအနှစ်တွေကို အစစ်ကိုဖြစ်စေ ပုံတူတုလို့ ဘဲ ဖြစ်စေ တန်ဖိုးမဲ့စွာ လုပ်ပြဖို့  မသင့်တော်ဖူးဆိုတာ တိုင်းပြည်ရဲ့  ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုပြီး ပြောပြောနေတဲ့ သန်းရွှေတို့  သိန်းစိန်တို့  က အမျိုးမျိုး ဖောက်ပြန်လုပ်ဆောင်နေတာပါလား။










































































သမိုင်းအမွေအနှစ်တွေ ပြည်သူပိုင်ပစ္စည်းတွေ တိုင်းပြည်ရဲ့  ရှေးဟောင်းအမွေအနှစ်တွေကို သိန်းစိန်တို့  အခုလို လက်လွတ်စပယ်လုပ်နေကြတာဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို အကြီးအကျယ် စော်ကားနေတာ ဖြစ်ပါတယ်။


ပုဆိန်ရိုးစစ်စစ်တွေက ဘယ်သူတွေလည်းဆိုတာ ပြည်သူတွေ သိကြပါတယ်။

23 May 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးတဲ့ “အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ..

မဇ္ဈိမလှိုင်း ကိုရဲလွင်..
ပြီးခဲ့တဲ့ မေလ၁၇ရက်နေ့က ကော့သောင်း အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ကိုဇေယျာသော်အား အဖွဲ့ချုပ်လူငယ်များ နှင့်အတူ တွေ့ရစဉ် ... ယနေ့လူထုခေါင်းဆောင်နှင့်တွေ့ဆုံဖို့ ရှိပါတယ်..။ လေးစားဂုဏ်ယူပါတယ်... ကိုဇေယျာသော်..
ယနေ့ မနက် ၁၀ နာရီက ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ ပြင်ပဓါတ်ပုံပညာရှင်များနဲ့ အဖွဲ့ချုပ်မှ ဓါတ်ပုံဝါသနာရှင်များ ပူးပေါင်းပြီး ဓါတ်ပုံပြပွဲ ခင်းကျင်းပြသ ခဲ့ပါတယ်။ ပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အထွေထွေအတွင်းရေးမှုး) ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဓါတ်ပုံပြပွဲ ကဒ်တလောက်များကို ဒေါ်အောင်ဆန်းစုကြည်မှ အမှတ်တရလက်မှတ် ရေးထိုးပေးခဲ့ပါတယ်။ ဓါတ်ပုံ များကို အမှတ်တရအဖြစ် ၀ယ်ယူသိမ်းဆည်း လိုသူများအတွက်ဓါတ်ပုံတပုံလျှင်(ကျပ်၅သောင်း)နှုန်းဖြင့် ရောင်းချ ပေးပါတယ်။ ရောင်းရသောငွေကြေးများကို ဓါတ်ပုံပညာရှင်များမှ အဖွဲ့ချုပ်သို့ အထွေထွေရန်ပုံငွေအဖြစ် လှုဒါန်း ပေးအပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ သတင်းယူနေစဉ် အချိန်အတွင်းမှာပင် ဓါတ်ပုံမြတ်နိုးသူများမှ ဓါတ်ပုံ(၇)ပုံ ၀ယ်ယူအားပေးသွားကြောင်း သိရှိရပါတယ်။ ကြွရောက်လာကြသော ဓါတ်ပုံပညာရှင်များ၊ ဧည့်သည့်တော်များ နှင့်နိုင်ငံခြား ဧည့်သည်များအား ကော်ဖီဖြင့် တည်ခင်း ဧည့်ခံခဲ့ပါတယ်။ ပြပွဲကို မေလ ၂၃ရက်မှ ၂၅ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းဓာတ်ပုံ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်..

၂၀၁၁ ပညာသင်နှစ်တွင် မူလတန်းအဆင့် ပညာရေးအခမဲ့လို့ ပညာရေးဝန်ကြီးပြောကြားပေမယ့် မူလတန်းကျောင်းအပ်နှံခံ တသောင်းခွဲ ပေးနေရပါသေးလား..။

ရန်ကုန်မြို့ရှိ အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းအပ် လက်ခံရာ၌ ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ငွေကျပ် တစ်သောင်းခွဲကျော် ပေးသွင်း နေရကြောင်း ကျောင်းသားမိဘ တချို့ထံက သတင်း ရရှိသည်။ “ကျောင်းတစ်ကျောင်းရဲ့ နာမည်ပါတဲ့ လေးကြောင်းမျဉ်း ဗလာစာအုပ်နဲ့ နှစ်ကြောင်းမျဉ်း ဗလာစာအုပ် ၂ ဒါဇင်ပဲ ပေးလိုက်တယ်။ အဲဒီ စာအုပ်တွေက အပြင်မှာဝယ်ရင် လေးငါးထောင် လောက်ပဲ ရှိမယ်။ နောက် သဘာဝသိပ္ပံ ဖတ်စာအုပ် တစ်အုပ် ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။

“အဲဒီကျောင်းမှာ သူငယ်တန်း အပ်ခဲ့တုန်း ကလည်း သုံးသောင်းလောက် ပေးခဲ့ရတယ်၊ ကျောင်းက ကျောက်တံတား မြို့နယ်ထဲမှာ၊ ကျွန်မတို့ သန်းခေါင် စာရင်းကလဲ ကျောက်တံတား မြို့နယ်ထဲမှာ၊ ကျွန်မကလေးကို အတန်းကောင်း ရအောင် ပြောလို့ ပေးခဲ့ရတာလဲ မဟုတ်ဘူး။ ကျောင်းအပ် လက်ခံတယ် ဆိုလို့ သွားအပ်တာ ကလေးက B ခန်းပဲ ရတာပါ။ အတန်းကောင်း ရအောင်လဲ မပြောခဲ့ဘူး၊ ကျောင်းက သူ့ဟာသူ ကောက်ခံတာ၊ အဲဒီကျောင်းက ကျောင်းအပ်တာကို အစောကြီး လက်ခံလေ့ ရှိတယ်” ဟု ၎င်းက ပြောသည်။

အထက်ပါကဲ့သို့ ပေးခဲ့ရခြင်းမှာ မိဘများ အနေဖြင့် မိမိကလေး အတန်းကောင်း ရရန် သို့မဟုတ် နေထိုင်ရာ ဒေသတွင် အပ်နှံခြင်း မဟုတ်သဖြင့် ညှိနှိုင်းပေးခဲ့ခြင်း ဟုတ်မဟုတ် မေးမြန်းရာတွင် ၎င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ သက်ဆိုင်ရာက သတ်မှတ်ထားသည့် ကျောင်းအပ်ရာတွင် ကုန်ကျမည့် စရိတ်များအရ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းနှင့် ပတ်သက်၍ မည်သည့် ငွေကြေးမှ ပေးသွင်းရန် မလိုပဲ ပြဋ္ဌာန်း စာအုပ်ကြေး ရာဂဏန်း ဝန်းကျင်သာ ပေးသွင်းရန် လိုအပ်ကြောင်း သိရသည်။

ကျောင်းအပ်နှံ ချိန်တွင် အလှူငွေ ကောက်ခံခြင်း၊ ရန်ပုံငွေ ပစ္စည်းများ ရောင်းချခြင်း မပြုရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပညာရေး တာဝန်ရှိသူများသို့ ညွှန်ကြားပြီး ဖြစ်၍ ယင်းသို့ ကောက်ခံပါက တိုင်ကြားနိုင်သဖြင့် ၎င်းကျောင်းသား မိဘကို တိုင်ကြားဖို့ လိုကြောင်းပြောကာ ၎င်းက “မတိုင်တော့ပါဘူး၊ တိုင်လိုက်ရင် ကျွန်မကလေး ပညာရေး ထိခိုက်မှာ စိုးတယ်”ဟု ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း အဆင့်အတွက် ကျောင်းသုံး စာအုပ်များ အခမဲ့ ဖြန့်ဝေသွားရန် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြအေးက တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံစဉ် ဆွေးနွေး ပြောကြား သွားခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်း၏ ဆွေးနွေး မှာကြားချက် များထဲတွင် အခြေခံပညာ အဆင့်မှ စ၍ အင်္ဂလိပ်စာနှင့် သချာင်္ ထူးချွန်သူများ ပေါ်ထွန်းလာရန် လေ့ကျင့် သင်ကြားပေးရန်နှင့် ၂၀၁၂-၁၃ ပညာသင်နှစ်တွင် စတုတ္ထတန်း၊ အဋ္ဌမတန်း၊ ပညာသင်ဆု (စကောလားရှစ်) နှင့် တက္ကသိုလ် ပညာသင်ဆု (စကောလားရှစ်)များ ပေးအပ်သွားရန် စီစဉ်နေကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြနေ

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြနေ

သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ။ ၂၁ မေလ၊ ၂၀၁၁ ခုနှစ်

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား၂၂ ဦးသည် အကျဉ်းသားများရပိုင်ခွင့်များ ရရှိရေးအတွက် ယနေ့ မေလ ၂၁ ရက်နေ့မှစ၍ ဆန္ဒပြနေကြောင်းသိရှိရသည်။

ပထမအဆင့် အနေဖြင့် မေလ ၂၁ ရက်နေ့ မနက်မှ စ၍ အခန်းထဲမှ အခန်းပြင်မထွက်ပဲ ဆန္ဒပြ
မည်ဖြစ်ပြီး မေလ ၂၂ ရက်နေ့ နေ့လည်မှစ၍ အစာငတ်ခံ ဆန္ဒပြသွားမည် ဟု သိရှိရသည်။

ထိုသို့ဆန္ဒပြရသည့်အကြောင်းအရင်းများမှာ အောက်ပါအခြေအနေများကြောင့် ဆန္ဒပြရခြင်း ဖြစ် ကြောင်းသိရှိရသည်။

- ထောင်မှကျွေးမွေးသော ဟင်းများသည် အရသာကင်းမဲ့စွာ အရွက်များကို ရေလုံပြုတ် ထာသော(တာလဘော) ဟင်းဖြစ်သည်။ ငပိရည်ချိုမှာ အနံ့ဆိုးပြီး အညံ့ဆုံးငပိကို ရွေးချယ်အသုံးပြုပြီး ရေများများနှင့် ကျဲတောက်စွာ ချက်ထား ပါသည်။ ထို့ကြောင့် ယား နာများ။ သွေးတိုးရောဂါများ၊ ဖြစ်ပွားလျက်ရှိပါသည်။ အကျဉ်းသားတဦးကို တပါတ် လျှင် (၂) ကြိမ် ကျွေးမွေးသော အသားဟင်းလျာများမှာ အလေးချိန် မပြည့်ခြင်း။ အရသာ ကင်းမဲ့ခြင်း။ မနူးခြင်းများဖြင့် စားသုံးရပါသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ထုတ် Living Colour မဂ္ဂဇင်းတွင် အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး ဦးလှ ကြည်မှ အကျဉ်းသားများအား အပတ်စဉ် အသီးအရွက်ကြော်ကျွေးသည်ဟု ပြောကြားခဲ့ပါသည်။ အမှန်တကယ်တွင် ယနေ့အချိန်ထိ တခါမျှ အသီးအရွက်ကြော် မကျွေးခဲ့ပါ။ ၂၀၀၇ ခုနှစ် အထိ တပါတ်လျှင် သုံးကြိမ် နံနက်စာ ထမင်းကြော် ကျွေးခဲ့သော်လည်း နောက်ပိုင်း၌ မကျွေးတော့ပါ။

- အကျဉ်းသားများအား ထုတ်ပေးသော ပုံစံဝတ်စုံမှာ ပါးလွှာခြင်း၊ အနံ့ဆိုးခြင်း၊ ကွင်းကျဉ်းခြင်း တို့ကြောင့် မိမိတို့ အရှက်ကို လုံခြုံမှုမရှိပဲ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါသည်။

- ကြမ်းပိုးကိုက်ခြင်း၊ အိပ်ချိန်လုံလောက်စွာမရခြင်း။ ၀ဲ၊ ယားနာ စသောကူးစက်ရောဂါများ ဖြစ်ပွားလျက်ရှိပါသည်။ ကြွက်၊ ခြင်၊ ယင်ကြောင့် ၀မ်းပျက်ရောဂါများ ဖြစ်ပွားလျက်ရှိပါသည်။ ခြင်အန္တရာယ်ကြောင့် ငှက်ဖျား၊ သွေးလွန်တုတ်ကွေးရောဂါများ ဖြစ်ပွားလျှက်ရှိပါသည်။ အကျဉ်းသားများကို ဆေးထိုးအပ် ကိုင်ခိုင်းထားပါသည်။

- အကျဉ်းကျခံနေရစဉ် စာပေလေ့လာခြင်း၊ ဘာသာစကားလေ့လာခြင်း တို့ကို အထောက် အကူပြုစေရန် စာရေးကိရိယာများနှင့် ခွင့်ပြု စာအုပ်များကို လွတ်လပ်စွာဖတ်ရှုခွင့်မရပါ။

- နအဖ အစိုးရဟောင်းမှ အကျဉ်းသားများအား အဆင့်အတန်း ခွဲခြားထားပါသည်။ ခံစားခွင့်နှင့် ရပိုင်ခွင့်များ ခွဲခြားသတ်မှတ်ထားပါသည်။ သီးသန့်၊ သာမန်အကျဉ်းသားများသည် လျော့ရက်ခံစားခွင့် မရရှိခဲ့ပေ။

- နိုင်ငံခြားသားများ ထောင်ဝင်စာတွေ့ဆုံရာတွင် မည်သည့် အကာအရံ အတားအဆီးမျှ မရှိပဲ မိသားစုနှင့်အတူ လွတ်လပ်စွာ တွေ့ဆုံစကားပြောခွင့် ပေးထားပါသည်။ သီးသန့်၊ သာမန်သီးသန့် အကျဉ်းသားများ ထောင်ဝင်စာတွေ့ဆုံရာတွင် မှန်၊ သံဇကာများ ကာရံထားပါသည်။ CCTV နှင့် ၀န်ထမ်းများ လိုက်လံရေးသား မှတ်တမ်းတင်ခြင်းကြောင့် မိမိတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ မိသားစု အရေးများ လွတ်လပ်စွာ ပြောဆိုလို့ မရပါ။

အထက်ပါအခြေအနေများကြောင့် အောက်ပါတောင်းဆိုချက်များ တောင်းဆို ဆန္ဒပြ နေကြောင်း သိရှိရပါသည်။

ထိုတောင်းဆိုချက်များမှာ..

၁။ ထောင်မှနေ့စဉ်ကျွေးမွေးသော အစားအစာများကို အကျဉ်းဦးစီးဌာနမှ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ပြည့်ပြည့်၀၀ ကောင်းမွန်စွာ ချက်ပြုတ် ကျွေးမွေးရန် နှင့် အသီးအရွက်ကြော် အပတ်စဉ်ကျွေးမွေးရန်။

၂။ လူ့ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ စီမံချုပ်လုပ်ထားသော ထောင်တွင်းသတ်မှတ်ပုံစံ ၀တ်စုံအား ၆ လ တစ်ကြိမ် အကျဉ်းသားများအားထုတ်ပေးရန်။

၃။ ပျမ်းမျှအကျဉ်းသားဦးရေ ၁၁၀ ခန့်ထားရှိသော အခန်း ၃၀ ပေ x ၅၅ ပေ အတွင်း ကြွက်၊ ခြင်၊ ကြမ်းပိုး အန္တရာယ်ကင်းဝေးစေရန်အတွက် ကောင်းမွန်သော အခင်းထားရှိရန်။ ခြင်အန္တရာယ်ကင်းဝေးစေရန် ပန်ကာ သို့မဟုတ် ခြင်ထောင်ထားရှိပေးရန်။

၎။ တရားဝင် ဗလာစာအုပ်၊ ခဲတံ ကိုင်ဆောင်ထားရှိခွင့်နှင့် ရေးသားခွင့်ပေးရန်။

၅။ လျှော့ရက်ခံစားခွင့်မရရှိသော သီးသန့်/ သာမန်သီးသန့် အကျဉ်းသားများအား သီးခြားထားပေးရန်။

၆။ လျှော့ရက်ခံစားခွင့်မရရှိသော သီးသန့်/ သာမန်သီးသန့်အကျဉ်းသားများအား ထောင်ဝင်စာတွေ့ဆုံရာတွင် နိုင်ငံခြားသားအကျဉ်းသားများနည်းတူ လွတ်လပ်စွာ တွေ့ဆုံ ခွင့်ပေးရန် စသည်တို့ဖြစ်သည်။

အထက်ပါတောင်းဆိုချက်များမှာအကျဉ်းဦးစီးဌာန၏လုပ်ပိုင်ခွင့်ဘောင်အတွင်းတောင်းဆိုခြင်းဖြစ်ပြီးပြည်ထဲရေး ၀န်ကြီးဌာနသို့ တရားဝင် အကြောင်းကြားပြီး တောင်းဆိုသွားမည်ဟု သိရှိရသည်။

ထို့အပြင် မေလ ၁၆ ရက်နေ့တွင် ကြံ့ဖွံ့အစိုးရမှ ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို မကျေနပ်သဖြင့် အင်းစိန်ထောင် အမှတ် (၇) ဆောင်ရှိ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားများမှ လည်း မေလ ၁၇ ရက်ကတည်းက ယနေ့တိုင် အစာမစားဘဲ ဆန္ဒပြနေကြောင်း သိရှိရသည်။


နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်…

ကိုတိတ်နိုင်(အတွင်းရေးမှုး) +၆၆(၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည်(တွဲဖက်အတွင်းရေးမှုး) +၆၆(၀) ၈၁ ၉၆၂ ၈၇၁၃

22 May 2011

အညတြသူရဲကောင်းဆု ရရှိခဲ့သူ အညတြ သူရဲကောင်း(၃)ဦး၏ ကိုယ်ရေးအကျဉ်း.....

မြန်မာနိုင်ငံအတွင်း အနယ်နယ် အရပ်ရပ်က အကျဉ်းထောင်များ အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ကျော်ရှိပါတယ်...။ လူသိထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိသလို တစ်ချို့မှာလည်း နာမည်မထင်မရှားနဲ့ လူထုအတွက် ဘဝတွေပေးဆပ် တိုက်ပွဲဝင်ပြီး အသက်တွေ၊ ခန္ဓာတွေ၊ မိသားစုဘဝတွေ ဘဝတွေပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ အညတြသူရဲကောင်းတွေ အများအပြားရှိပါတယ်...။  ပြည်သူကို နှိပ်စက်ညှင်းပန်းတဲ့  အာဏာရှင်အစိုးရတွေ ရှိနေသရွေ့တော့ ဒီလို ပြည်သူတွေအတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ အသြတြ သူရဲကောင်းတွေ အမြဲမပြတ် ပေါ်ထွက်နေမှာပါပဲ..။ 

ထိုသို့ နာမည်မထင်မရှား လူမသိသူမသိ အညတြသူရဲကောင်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပထမအကြိမ်  အညတြသူရဲကောင်းဆုချီးမြှင့်ရေး အခမ်းအနားကို ပြည်တွင်းမှာ အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ဂျပန်နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အညတြသူရဲကောင်းများ  ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေးအခမ်းအနားကို ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပြီး ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများနဲ့ ပြည်ပနိုင်ငံအသီးသီးမှ စိတ်ပါဝင်စားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအသီးသီးကိုလည်း ဖိတ်မန္တက ပြုထားပါတယ်..။

ပြီးခဲ့တဲ့ ဧပြီလ(၁၇)ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့က ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပထမအကြိမ် အညတြသူရဲကောင်း ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဆုရရှိသူ မိသားစုဝင်များအား ကိုယ်တိုင်ချီးမြှင့် ပေးအပ်ခဲ့ပါတယ်...။ ထို့အတူ အဆိုပါ လူမသိသူမသိ အညတြသူရဲကောင်း (၃)ဦးရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်း တစ်ချို့ကို ဖော်ပြလိုက်ပါတယ်...။

ပထမအကြိမ် အညတြ သူရဲကောင်းအဖြစ် ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ် ၃ ဦးကတော့
ဦးဣန္ဒက၊ ဘိုးတော်ခေါ် ဦးခင်ဝင်းနဲ့ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။
ဆရာတော် ဦးဣန္ဒက
ဆရာတော် ဦးဣန္ဒက
ဆရာတော် ဦးဣန္ဒကဟာ မဂ္ဂင်ကျောင်းတိုက် နောက်ဆုံးဆရာတော် ဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလက အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် ထောင်ဒဏ် ၂၆ နှစ်နဲ့ လာရှိုးထောင်မှာ ကျခံနေရ ပါတယ်။ (ကိုယ်ရေးအကျဉ်းကို ထပ်မံဖော်ပြပေးပါမယ်...)

ဘိုးတော်ခင်ဝင်း
(ဘ)ဦးအောင်သိန်း
(ဓာတ်ပုံ ရရှိပါက ထပ်မံ ဖြည့်စွက် ဖော်ပြပေးပါမယ်)
လုပ်သားများကောလိပ်မှဘွဲ့ရရှိခဲ့ပါသည်..။ ၁၉၇၄ခုနှစ် မှိုင်းရာပြည့်တွင် ပါဝင်ပြီး ဆလအစိုးရမှ ထောင်ဒဏ်ဆယ်နှစ်ကျော် ချမှတ်ခြင်းခံရပြီး ၁၉၈၁ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးသဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်..။ ထောင်တွင်းမသန့်ရှင်းမှု အစားသောက်များကြောင့် ၀မ်းကိုက်ရောဂါပိုး ပါလာပြီး ယင်းရောဂါကို ကုသရန်ဆေးခန်းပြရင်း သူနာပြုဆရာမ ဒေါ်အုံးမြိုင်နဲ့ အကြောင်းပါ အိမ်ထောင်ကျခဲ့ပါသည်။ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး.. ဆေးရုံသမဂ္ဂ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါသည်..။ နအဖအာဏာသိမ်းပြီး ပါတီများတည်ထောင်ရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်ခဲ့ပြီး ကမာရွတ်မြို့နယ် စည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်..။ သွေးသစ်ပါတီကို တည်ထောင်ပြီး ပါတီတည်ထောင်သူ ဥက္ကဌအဖြစ်တာဝန် ထမ်းရွက်ခဲ့သည်..။ ၁၉၈၉ဂျွန်လတွင် ထပ်မံ ဖမ်းဆီးခံရပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ကွန်ယက်ထဲပါဝင်သည်ဆိုသည့် စွပ်ဆွဲချက်ဖြင့် န၀တအစိုးရမှ ထောင်ဒဏ်နှစ်နှစ်ဆယ် ထပ်မံချမှတ်ခံရသည်။ အိမ်ထောင်ဖက် ဖြစ်သူမှာလည်း သူနာပြုဆရာမ အဖြစ်မှ ဖြုတ်ပစ်ခြင်းကို ခံရသည်။ ၂၀၀၀ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာပြီး ကမာရွတ်နေအိမ်မှ ဖယ်ရှားခြင်းခံရပြီးနောက် မြောက်ဒဂုံတွင် အစားထိုးမြေကွက်ပေးသဖြင့် မြောက်ဒဂုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပြန်လည် လွတ်မြောက်လာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချှုပ် ကမာရွတ်မြို့နယ်စည်းအဖွဲ့ ရန်ကုန်တိုင်း စည်းရုံးရေးအဖွဲ့တို့တွင် ပြန်လည်တာဝန်ယူခဲ့သည်။ ၂၀၀၂ခုနှစ်တွင်ပြည်ပနှင့် အဆက်သွယ် လုပ်သည်ဆိုကာ ပြည်တွင်း မြေအောက်လှုပ်ရှားမှုအတွက် ငွေယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထပ်မံဖမ်းဆီးခံပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရပြန်သည်။ ယခုအခါ အင်းစိန်အကျဉ်းထောင်တွင်း လေဖြတ်ဝေဒနာခံစားနေရပြီး ထောင်တွင်းတွင် မကျန်းမမာဖြင့် နေထိုင်နေရပါသည်။ ဘိုးတော်ခင်ဝင်းသည် အာဏာရှင်အဆက်ဆက်ကို တော်လှန်ရင်း သုံးကြိမ်တိုင်တိုင် နှစ်ရှည်လများ ထောင်တွင်း ဖမ်းဆီးထိန်းသိမ်း ခံနေရပြီး အမည်နာမ မထင်မရှား သည့် အညတရသူရဲကောင်း တစ်ယောက် ဖြစ်ပါသည်။

ကိုသန်းနိုင်

မွေးသက္ကရာဇ် သြဂုတ်၊၁၉၆၆
အဘအမည် ဦးဆိုင်း(ကျောင်းဆရာ/ငြိမ်း)+အမိဒေါ်မမကြီး
မွေးချင်းရှစ်ဦးအနက် (၅)ဦးမြောက် သားဖြစ်သည်။
နေရပ်လိပ်စာ တောင်တွင်းကြီးမြို့၊ အုန်းတော(၂)လမ်း

- ၁၉၈၈မကွေးကောလိပ်၊ရုက္ခဗေဒနောက်ဆုံးနှစ်ကျောင်းသား

- ဒီမိုကရေစီ အရေးတော်ပုံကာလ- ၈၈သြဂုတ်(၁၂)ရက်နေ့၌ တောင်တွင်းကြီးမြို့တွင် စတင်သပိတ်မှောက်စဉ် ဦးဆောင်ပါဝင်ခဲ့ ပါသည်။ အရေးတော်ပုံကာလတွင်၊ ကျောင်းသာသမဂ္ဂ (တောင်တွင်းကြီးမြို့နယ်၊ ဒုဥက္ကဌ အဖြစ်လည်းကောင်း၊ မြို့နယ်သပိတ်စခန်း ကော်မတီစည်းရုံးရေးမှုး အဖြစ်လည်းကောင်း၊ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါသည်။

- ၁၉၈၉ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (တောင်တွင်းကြီးမြို့နယ် စည်းရုံးရေးမှုး)အဖြစ်လည်းကောင်း ဗ.က.သ များအဖွဲ့ချုပ် (တောင်တွင်းကြီးမြို့နယ်တွင် ပါဝင်လှုပ်ရှားခဲ့ပါသည်။ - ၁၉၈၉ မတ်လတွင် မိတ္တီလာထောက်လှမ်းရေးမှ လာရောက်ဖမ်းဆီးကာ မိတ္ထီလာစစ်ကြောရေးစခန်းတွင် (၁၈)ရက်ကြာ ကြမ်းတမ်းစွာ ရိုက်နှက် စစ်ဆေးခြင်းခံရပြီး တိုက်ပိတ်ထားခံခဲ့ရသည်။ ထိုသို့ဖမ်းဆီးခံစဉ် အ၀တ်တထည်၊ ကိုယ်တစ်ခုဖြင့်သာ နေရပြီး ရေချိုး သန့်စင်ခွင့် လုံးဝမပေးပဲ၊ မ၀ရေစာ အစာကြမ်းများ ကျွေးကာ ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် ယခုတိုင်အတွင်း  ဒဏ်ရာမျာဖြင့် မကြာခဏ နာကျင်ခံစား နေရပါသည်။ မိတ္ထီလာ စစ်ကြောရေးစခန်းတွင် (၁၈)ရက်ကြာပြီးနောက် တောင်တွင်းကြီး အချုပ်စခန်းသို့ပြန်ပို့ကာ နောက်တစ်နေ့၌ တောင်တွင်းကြီး တရားရုံးမှ ထုချေလျှောက်လဲခွင့်၊ ရှေ့နေငှားခွင့်လုံးဝမပေး၊ မည်သို့သော ပုဒ်မမှန်မသိပါပဲ၊ ထောင်ဒဏ်၇နှစ် ချမှတ်ကာ၊ သရက်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့။

- ၁၉၉၇တွင် မအေးအေးခိုင်နှင့် အိမ်ထောင်ပြုကာ သမီးနှစ်ယောက်ဖြစ်သော မအိသဉ္ဖာနိုင်နှင့် မမြတ်သိဂီင်္ ခိုင်တို့ထွန်းကားခဲ့...။ 

- ၂၀၀၃ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးများ ပြန်လည်ဖွင့်လှစ်သောအခါ မြို့နယ် NLD လူငယ်တာဝန်ခံ၊ မြေလတ်ဒေသ NLD လူငယ်စည်းရုံးရေးမှုးနှင့် မကွေးတိုင်(၂၅)မြို့နယ် လူငယ်တာဝန်ခံအဖွဲ့တွင် လည်းကောင်း တက်ကြွစွာဖြင့် ဆက်လက်လှုပ်ရှားခဲ့...။

- ၂၀၀၇ စက်တင်ဘာတော်လှန်ရေးတွင် (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့(ရန်ကုန်)နှင့်အတူ ပါဝင်လှုပ်ရှားရင်း ၂၀၀၇ စက်တင်ဘာ ၂၆ ရက်၌ ရွှေတိဂုံဘုရား အရှေ့မုဒ် တွင်ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။

- ၂၀၀၈ အောက်တိုဘာ ၂၂ တွင်အင်စိန်ထောင်မှ ထောင်ဒဏ် ၁၄နှစ် ချမှတ်ကာ ယခုတိုင် မအူပင်ထောင်တွင် အကျဉ်းခံနေရပါသည်။

အညတြသူရဲကောင်းများ  ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေး အခမ်းအနားကို တစ်နှစ်(၂)ကြိမ် ကျင်းပပြုလုပ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်...။ ပြီးခဲ့တဲ့ မေလ ၁၇ရက်နေ့က သမ္မတဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ဘယ်လိုထုတ်ပြန်ခဲ့ပြီး၊ ဘယ်လို လုပ်ဆောင်ခဲ့တယ်ဆိုတာ အများသိပြီးဖြစ်ပါတယ်..။ မြန်မာပြည်သူပြည်သားတွေနဲ့ နိုင်ငံတကာကို လက်ရှိအစိုးရရဲ့ စေတနာအစစ်အမှန်နဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင် စေခဲ့ပါပြီ...။ မြန်မာပြည်သူတွေ လွတ်မြောက်ရေး အတွက် အသက်တွေ၊ ဘဝတွေ၊ အနာဂတ်တွေ အဆုံးရှုံးခံ တိုက်ပွဲဝင်နေတဲ့ ပြည်တွင်းမှ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကျွန်တော်တို့ ပြည်ပမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေ မိမိတို့ အနေနဲ့ တတ်နိုင်သလောက် ငွေအား၊လူအား၊ စိတ်ဓာတ်အားနဲ့ အင်တိုက်အားတိုက် အုတ်တစ်ချပ် သဲတစ်ပွင့် ဝင်ရောက်ကူညီပေးကြရန် တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်....။

ဒီမိုဝေယံ..

ကိုမင်းထက်ဇော်အား ကျေးဇူးတင်ပါသည်...

ဆက်သွယ်ရန်ဖုန်းနံပါတ်များ..

81+ 080 3682 202။ 090 9828 2240။ 080 4137 7138 ။ 080 4204 9292။ 090 9917 3383။ 080 3699 6045။ 090 6658 4835။ 090 1695 3579။

ဆက်သွယ်ရန် အီးမေးလ်လိပ်စာများ...

phoezaw2004@gmail.com
mya1964320@gmail.com
laylaytokyo2005@yahoo.com