04 March 2011

နအဖ သန်းရွှေတို့ ရဲ့  ယုတ်မာမှုကြောင့် မတရားထောင်သွင်းအကျဉ်းချခံနေကြရသူတွေထဲက နိုင်ငံရေးအကျဉ်းသူတစ်ဦး ဖြစ်တဲ့ မနီလာသိန်း၏ မွေးနေ့ အချိန်အခါ။















ယနေ့  မတ်လ (၄) ရက်နေ့ ဟာ တိုင်းပြည်နဲ့  လူမျိုးအတွက် စွန့် လွှတ်အနစ်နာခံရင်း အမိမြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရရှိရေး လူတိုင်းခံစားပိုင်းခွင့်ရှိသော လူ့ အခွင့်အရေး ရရှိရေး ပြည်သူပြည်သားအားလုံး အာဏာရှင်လက်အောက်ဘ၀ ဖိနှိပ်ချူပ်ချယ်ခံနေရမှုမှ လွတ်မြောက်ရေးတို့ အတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ မှ မနီလာသိန်းရဲ့  (၃၉) နှစ်မြောက် အချိန်ကာလဖြစ်ပါတယ်။

သို့ သော်လည်းဘဲ မနီလာသိန်းဟာ နအဖအာဏာရူးတွေရဲ့  မတရားဖမ်းဆီးအကျဉ်းချထားမှုကို သရက်အကျဉ်းထောင်မှာ နှစ် (၆၅) နှစ်တိုင်အောင် သတ်မှတ်ခံထားရသူဖြစ်တဲ့အတွက် ပျော်ရွှင်စရာမွေးနေ့ ပွဲကို မိသားစုနဲ့ အတူ လွတ်လပ်စွာ ကျင်းပခွင့် မရရှိရှာပါဖူး။ မနီလာသိန်းရဲ့  ကြင်ယာဖြစ်သူ ကိုဂျင်မီဟာလည်း (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ဖြစ်ပြီး ကိုမင်းကိုနိုင်တို့ ကဲ့သို့  နှစ်ပေါင်းများစွာ မတရားအကျဉ်းချခံနေရပါတယ်။ ဒီထက်ပိုဆိုးတာကတော့ မိဘနှစ်ပါးဖြစ်သူ ကိုဂျင်မီရော မနီလာသိန်းရော သူတို့ ရဲ့  ရင်သွေးငယ်လေးနဲ့  မွေးပြီင်္းကာစ လပိုင်းအရွယ်ကတည်းက ဝေးကွာနေရတာဖြစ်ပါတယ်။















မိခင်ဖြစ်သူ မနီလာသိန်းနဲ့  ဖခင်ဖြစ်သူ ကိုဂျင်မီတို့ အနေနဲ့  တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေးအတွက် ဦးစားပေး အနစ်နာခံ ဆောင်ရွက်မှုကြောင့် မိမိရဲ့  ရင်သွေးငယ်နဲ့  ဝေးကွာနေရတဲ့ ခံစားမှုကို ကိုယ်ချင်းစာ ခံစားပေးကြည့်ကြမယ်ဆိုရင် လူသားချင်း ကိုယ်ချင်းစာတတ်သူ မိဘချင်းကိုယ်ချင်းစာတတ်သူတွေအဖို့  ရင်နင့် အောင် ခံစားမိကြမယ်ဆိုရင် ကာယကံရှင်တွေ ဖြစ်ကြတဲ့ မိဘဖြစ်သူ ကိုဂျင်မီနဲ့  မခင်နီလာသိန်း၊ သမီးငယ်လေးတို့ ဆိုရင် ဘယ်လောက်တောင် ခံစားကြရမယ်ဆိုတာ ပြောဖွယ်ရာ မရှိတော့ပါဖူး။

မနီလာသိန်းရဲ့  မိခင်တစ်ဦးအနေနဲ့  ဝေးကွာနေရတဲ့  သမီးငယ်လေးအတွက် ရင်တွင်းက ခံစားမှုတွေကို ဖေါ်ထုတ်ထားတဲ့ စကားတွေကို အခြေခံပြီး ရင်းနှီးသူ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ဘလော့ဂါ မမြတ်လေးငုံမှ ပြန်လည်သီဖွဲ့ ပေးထားတဲ့ “ချစ်သမီးရေ .. “ အမှာစကားလေးကို ထပ်မံဖေါ်ပြပေးလိုက်ရပါတယ်။

မနီလာသိန်းရဲ့  (၃၉) နှစ်မြောက် မွေးနေ့ အချိန်အခါသမယဖြစ်တဲ့ ယနေ့  မတ်လ (၄) ရက်နေ့ မှာ မွေးနေ့ ဆုတောင်းပေးလိုတာကတော့ ဖခင်ဖြစ်သူ ကိုဂျင်မီ၊ မိခင်ဖြစ်သူ မနီလာသိန်းနဲ့  သမီးလေးတို့  မိသားစု မကြာခင်သောအချိန်မှာ ပြန်လည်ဆုံဆည်းကြပြီး ပျော်ရွှင်ဖွယ်ရာ မိသားစုဘ၀ကို ထာဝရ လက်ချင်းတွဲလို့  စိတ်ချမ်းသာမှုအပြည့်ရရှိကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

ချစ်သမီးရေ……

ပြည်သူတွေရဲ့ အလျံငြီးငြီး လောင်နေတဲ့ မီးက…….သောက၊

မလောက်ငှတဲ့ ၀င်ငွေနဲ့ နေ့စဉ် အသုံးစရိတ်ကြား

ကျောင်းနေရွယ် ကလေးငယ်တွေ….. စာသင်ကျောင်း ကို ကျောခိုင်းပြီး လုပ်ငန်းခွင်မှာ မနိုင်ဝန် တွေ ထမ်းနေကြရတယ်။

စစ်တပ်ထဲမှာ အသက်မပြည့် သူတွေကို မိုင်းနင်းခိုင်းဖို့ ၊ ရင်နဲ့ ရင်းပြီး အသေခံ ခိုင်းဖို့၊ သူတို့ရဲ့ အာဏာ တည်မြဲဖို့ ဆန္ဒ မပါဘဲ အတင်းဆွဲ ခေါ်နေတယ်။

အမျိုးသမီး မှန်ရင် စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကား တာ ကို အချိန်မရွေး ခံရ နှိုင်တယ်။

မှားတာ ကို မှားတယ် လို့ ထောက်ပြသူ၊ ပြင်ဖို့ လိုတာကို ပြင်သင့်တယ်လို့ ဆိုသူတွေဟာ သူတို့ရဲ့ ရန်သူ၊ ပြင်းပြင်းထန်ထန် နိုပ်ကွက် ပစ်လိုက်တတ်တယ်။

သမီးရေ……ပြည်သူတွေ ဘ၀ လုံခြုံ ဖို့ အရမ်းလိုအပ်တယ်၊

ဒါကြောင့်… မေမေတို့ ရှေ့တန်းက တိုက်နေတယ်၊

သမီးရေ….နီလာနဲ့ဂျင်မီ ရဲ့ သမီးအဖြစ် ပြည်သူ့ အချစ်ကို ခံယူနော်။

သမီးရေ…….မျိုးဆက်သစ် ပီသ ပါစေ၊

သမီးရေ…….မေမေတို့ ခေတ်မှာ မညံခဲ့ဘူး၊ သမီးတို့ ခေတ်ရောက်ရင် တော်အောင် ကျိုးစားနော်၊ ဒါမှ မျိုးဆက်သစ်။
သမီးရေ…..သမီးလိုဘဲ မိဘ ရဲ့ ရင်ငွေ့ မှာ ခိုလှုံ ခွင့် မရ တဲ့ ကလေးတွေ သန်းနဲ့ချီပြီး ရှိတယ်၊

သမီးကမှ အရိပ် အမိုး ရှိသေးတယ်၊ တချို့ ဆိုရင် အရိပ် အမိုး မဲ့ နေကြတယ်၊ ဒီလို ကလေးတွေကို သူတို့ တွေကဘဲ ပြည်ပ နှိုင်ငံတွေ ကို ရောင်းစား လိုက်ကြတယ်၊ သန်းနဲ့ချီတဲ့ ကလေးတွေ အတွက် အရိပ် အမိုး မဖြစ်ရင်တောင်မှ အမိုး မိုးဖို့ ဒေါက်တိုင် ဖြစ်ရင် မေမေ့ တို့ အတွက် သမီးဂုဏ်ယူနော်။

(အမေ နီလာသိန်း)။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဗဟိုအလုပ်အမှုဆောင်များနှင့် ရန်ကုန်တိုင်းမှ မြို့နယ်နှင့် တိုင်း စည်းရုံးရေးမှူးများ တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်။

















မြန်မာပြည်သူလူထု လက်ရှိ ခံစားနေရတဲ့ နိုင်ငံရေး ခံစားချက်တွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပိုပြီးသိအောင် တိုးမြှင့် လုပ်ဆောင်ကြဖို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်နဲ့ တိုင်း စည်းရုံးရေးမှူးတွေ NLD ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ပွဲမှာ အခုလို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာ ပြည်သူလူထုတွေရဲ့ ခံစားနေရမှုတွေကို NLD ပါတီက ပိုပြီး သိရအောင် လူထုဆီက အသံတွေ နားထောင်ဖို့၊ တုံ့ပြန်ချက်တွေ ပေးနေတဲ့ လူထုဆီကို NLD ပါတီဝင်တွေ အရောက်သွားဖို့ ကိစ္စတွေကို ဒီကနေ့ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

















“အဓိက ရည်ရွယ်ချက်ကတော့ ပါတီတရပ်မှာ အထက် အောက် အမြဲတမ်း ထိတွေ့ဆက်ဆံဖို့ရယ်၊ ပြီးတော့ လက်ရှိ နိုင်ငံရေး အခြေအနေပေါ်မှာ ပြည်သူလူထုဆီက တုံ့ပြန်မှု၊ ခံစားမှု ဒါတွေကို သိချင်တယ်။ နောက် ဒီအပေါ်မှာ ဆွေးနွေးတာပေါ့။ နိုင်ငံရေးဆိုတာ ပြည်သူလူထုအတွက် လုပ်တာ။ အဲတော့ ပြည်သူလူထုဆီက ခံစားမှုကို သိနေရမယ်။ သူတို့က လာမပြောတောင် ကိုယ်က ဒီဟာကို သွားရောက် နားထောင်ဖို့၊ လေ့လာဖို့ တာဝန်ရှိတယ်။ ဒီတာဝန်တွေကို ကျေကျေပွန်ပွန် ဆောင်ရွက်ကြဖို့၊ ဒါကို ဆွေးနွေးကြတာ။”

















NLD ပါတီဟာ လူထုကြား အရောက်သွားဖို့နဲ့ ပြည်သူတွေ အကျိုးအတွက် တောင်းဆိုနေတဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စကိုလည်း ယုံကြည်ချက် အပြည့်နဲ့ ရှေ့ဆက်ဖို့ NLD ပါတီခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်။

















“ပြည်သူတွေဆီက သတင်းမရရင်တောင် ကိုယ်က သတင်းကို၊ ပြည်သူတွေ ခံစားမှုကို သိအောင် လုပ်ရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေကို ပြောကြားတဲ့ စကားပါ။ အမျိုးသား ရင်ကြားစေ့ရေးဆိုတာ ပြည်သူတွေရဲ့ အကျိုးအတွက် တောင်းဆိုတာ၊ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံး နည်းလမ်းနဲ့ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်တာ။ ဒီဥစ္စာက မဖြစ်သေးဘူးလို့ အပြစ်ပြောနေမယ့်အစား ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။”


















NLD ရုံးချုပ်မှာ ဗဟိုကော်မတီ အဖွဲ့ဝင်တွေနဲ့ NLD တိုင်းနဲ့ပြည်နယ် ၁၃ ခုက စည်းရုံးရေး အဖွဲ့ဝင်တွေဟာ ဒီကနေ့ မတ်လ ၃ ရက်နေ့ကစလို့ မတ်လ ၁၈ ရက်နေ့ထိ အလှည့်ကျ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ ပထမဆုံးနေ့မှာ ရန်ကုန်တိုင်း တာဝန်ခံ စည်းရုံးရေးမှူးတွေ၊ ရန်ကုန်တိုင်း အတွင်းက မြို့နယ်တာဝန်ခံ စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲ စခဲ့ပါတယ်။ အထူးသဖြင့် ကိုယ်ယူထားတဲ့ တာဝန်ကို ကျေပွန်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

ရန်ကုန်တိုင်းဟာ ဗဟိုအဖွဲ့ချုပ်နဲ့ အနီးဆုံးဖြစ်တာမို့ တခြားမြို့နယ်နဲ့ တိုင်း၊ ပြည်နယ်တွေထက်စာရင် စံပြအဖွဲ့အစည်းတခု ဖြစ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားသလို ကိုယ်ယူထားတဲ့ တာဝန်ကို မကျေဘူးဆိုရင်လည်း လူထုကို အားနာစရာ ကောင်းတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ တခါ NLD ပါတီဟာ လှုပ်ရှားသင့်သလောက် မလှုပ်ရှား၊ လုပ်သင့်သလောက် မလုပ်သလို တက်ကြွသင့်သလောက်လည်း တက်ကြွတာ မတွေ့ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်သွားပါတယ်။

ကိုယ့်ကို ထောက်ခံတယ်ဆိုပြီး ထိုင်မနေကြဖို့နဲ့ ကိုယ့်ကို ထောက်ခံစေချင်ရင် ကိုယ့်ဘက်ကလည်း လူထုအတွက် ကြိုးစား အလုပ်လုပ်ကြရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံမှာ အကြောက်တရား ကင်းဖို့အတွက် ကြောက်တဲ့သူဘက်ကလည်း အဲဒီခံစားမှု ပျောက်အောင် ကြိုးစားရမှာ ဖြစ်သလို မကြောက်စေချင်သူဘက်လည်း ကြိုးစားရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ လက်ရှိ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်တွင်းကနေ ထွက်လာတဲ့ ဥပဒေတွေနဲ့ လူထုကို အသိပေး တင်ပြဖို့ ဆက်လက် ဆွေးနွေးသွားမယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။


















“ပြည်သူလူထု သိသင့်သိထိုက်တဲ့ ကိစ္စတွေ ကျနော်တို့ နောက်ထပ် စာတွေ ထုတ်ဖို့လည်း စီစဉ်ပါတယ်။ ဒါ ပြည်သူတွေကို အသိပေးမှာ။ လက်ရှိ လွှတ်တော်ကြီးလည်း ခေါ်နေတယ်၊ ဥပဒေတွေကလည်း ထုတ်နေတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး အသိပေးဖို့ အစီအစဉ် ရှိပါတယ်။ ပါတီတရပ်က အမြဲတမ်း သိရှိနေရမယ်၊ သိရှိအောင်လည်း လုပ်ဖို့ တာဝန်ရှိတယ်၊ ဒီတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြဖို့ ပြောတာပါ။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မတ်လ ၁၈ ရက်နေ့ထိ ကျင်းပသွားမယ့် NLD ပါတီရဲ့ ဆွေးနွေးပွဲမှာ နိုင်ငံရေး အခြေအနေတွေအပြင် လူမှုရေးနဲ့ စီးပွားရေး ကိစ္စတွေကိုပါ အပြန်အလှန် ဆွေးနွေးကြပြီး လူထုကို တင်ပြဖို့ စီစဉ်ထားတယ်လို့လည်း NLD ပါတီက ပြောပါတယ်။

ဒီမိုကရေစီ ဖော်ဆောင်ရေး ဆွေးနွေးပွဲ(ဒေလီ) ဓာတ်ပုံ၊ သတင်း

 

ဒီမိုကရေစီဖော်ဆောင်ရေး ဆွေးနွေးပွဲ(ဒေလီ)
၃-၃-၂၀၁၁

(၂)ရက်ကြာ မြန်မာ့အရေးရာဆွေးနွေးပွဲ တခုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ယနေ့စတင်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကို မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေး Democratisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီတက္ကသိုလ် ဇခါဟူစိန်ကောလိပ်(Zakir Husain College)တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး BCD (Burma Centre Delhi)နှင့်ယင်းကောလိပ်တို့က ဦးစီးကျင်းပခဲ့သည်ဟု သိရသည်။

ယနေ့ ကျင်းပသည့် ပထမပိုင်း အစီစဉ်တွင် မြန်မာပြည်ဆိုင်ရာ အိန္ဒိယ သံအမတ်ဟောင်းနှင့် နိုင်ငံခြားရေးဌာန အတွင်းဝန်ဟောင်း ရှယ်မ်ဆရန်(Shyam Saran) နှင့် ဖို့ဒ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စစ် ဗီနာဆီကရီ (Amb.Veena Sikri)တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။မစ္စတာ ရှယ်မ်ဆရန်မှာ လက်ရှိ အိန္ဒိယ၏ ဗမာပြည်ဆိုင်ရာ မူဝါဒဖြစ်သည့် အလုပ်သဘောဆက်ဆံရေး (Working Relationship)ကို   ဖော်ထုတ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူတဦးဖြစ်သည်။ ဂျမီးယား မီလီယာ အစ္စလမ်မီးယား တက္ကသိုလ်မှာ မစ္စတာ ဗလာဒတ် ဂိုရှယ်လ်(Baladas Ghoshal, Academy of Third Word Studies, Jamia Milia Islamia)က မြန်မာပြည်ကို အထီးကျန်ထားရေးထက် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ အကြား လက်တွဲခေါ်ဆောင်ဖို့ လိုအပ်ကြောင်း၊ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းသင့်ကြောင်း၊ မြန်မာပြည်မှာ လူလတ်တန်းစား တိုးပွားအောင် လုပ်ဆောင်ပြီး တဖြည်းဖြည်းနှင့် ဒီမိုကရေစီကို ပြောင်းလဲယူသွားရမည်လို့ ပြောကြားခဲ့ပါသည်။

JNU တက္ကသိုလ်မှ အရှေ့တောင် အာရှလေ့လာရေးဌာနမှ မစ္စစ် မိုဟီနီကောလ်(Man Mohini Kaul,Southeast Asian Studies,JNU)က လက်ရှိဗမာပြည် အစိုးရဟာ အရပ်ဖက် စစ်အစိုးရဖြစ်ကြောင်း၊ လူထု ပါဝင်ပတ်သက်မှုတွေ ရှိလာပြီဖြစ်ကြောင်း နှင့် အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်း သင့်ကြောင်း၊ အရေးယူပိတ်ဆို့မှုတွေဟာ စစ်အာဏာရှင်တွေထက် လူထုကို ပိုမိုထိခိုက်ကြောင်း ဆွေးနွေးသွားခဲ့သည်။

မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ညစ်ပတ်မှု မတရားမှုတွေရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိအခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေးအတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ်ကြောင်း။ အကြောင်းကတော့ လူနည်းစုဒေသများတွင် တိုင်းရင်းသားများလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်း စီးပွားရေး အခြေနေများ အလွန်ဆိုးဝါးနေပြီး အလျှင် အမြန်အရေးယူဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ဆွေးနွေးသွားခဲ့ပါသည်။

အထက်ပါဆွေးနွေးချက်တို့ကို မြန်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်သန်းက စစ်အာဏာရှင်တွေရဲ့ ဖွဲ့စည်းပုံဟာ တရားမ၀င်ရေးဆွဲ အတည်ပြုထားသလို ဒီမိုကရေစီစံတွေနဲ့ လုံးဝ မကိုက်ညီဘူး၊ လွှတ်တော်ထဲမှာ စစ်တပ်က လေးပုံတပုံ ယူထားရုံမကပဲ အမျိုးသားလုံးခြုံရေးကောင်စီ ဆိုပြီးဖွဲ့ထားတယ်၊ သူ့မှာ အာဏာသိမ်းခွင့်တောင် အပ်နှင်းထားတယ်၊ အဖွဲ့ဝင် (၁၁)ယောက်ရှိတာမှာ (၇)ယောက်ဟာ စစ်တပ်ကဖြစ်တယ်၊ဒီလို အခြေနေမှာ ဒီမိုကရေစီရဖို့ အခွင့်လမ်း တံခါးပေါက်တွေ ရှိတယ်ဆိုတာ တကယ် ယုံကြည်သလားလို့ ဂိုရှယ်မ်နှင့် မဇ္ဈိမ သတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်ကို မေးခွန်းထုတ်ခဲ့ပါသည်။

ပြီးတော့ ဆန်ရှင်ဟာ လူထုကိုပဲထိတယ် စစ်တပ်ကို မထိဘူးဆိုတာလက်မခံဘူး၊ ဆန်ရှင်ကြောင့် အလုပ်လက်မဲ့ ဖြစ်တဲ့သူဟာ ၅-သောင်း ၆-သောင်းပဲရှိတယ်၊ ပြည်ပမှာ တရားမ၀င် အလုပ်လုပ်နေတဲ့ လူဦးရေက ၅-သန်းကျော် ရှိတယ်လို့ဆိုတယ်၊ ဆန်ရှင် ရုပ်သိမ်းတာနဲ့ ပြည်ပက တရားမ၀င် အလုပ်သမားတွေ ဘ၀ ပြေလည်သွားမည်လို့ယုံကြည်ပါလား။ တကယ်တော့ မြန်မာပြည်လူထုဟာ စစ်အုပ်စုကိုယ်တိုင်လုပ်တဲ့ ပိတ်ဆို့မှုတွေကြောင့် ဆင်းရဲကြပ်တည်းနေရတာက ပိုပါတယ်၊ သွင်းကုန်ထုတ်ကုန်တွေကို ပိတ်ဆို့ထားတယ်၊ ဥပမာအားဖြင့် ဒေါ်လာ ၃၀ လောက်သာရှိတဲ့ ဖုန်းတလုံးကို ဗမာပြည်တွင်းမှာ ၁၅ သိန်းလောက် ပေးဝယ်နေရတာတွေဟာ စစ်အုပ်စုရဲ့ ပိတ်ဆို့မှုကြောင့် ဖြစ်တယ်ဆိုတာကို ပြောကြားခဲ့ပါသည်။

အခမ်းအနား တက်ရောက်လာသူများကို နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

ရာမ(ဒေလီ)

ပေးပို့ပေးတဲ့ ကိုအောင်နိုင်အား ကျေးဇူးတင်ပါသည်။ သတင်းထဲက ပြောဆိုချက်တွေနဲ့ ပတ်သတ်ပြီး စာဖတ် ပရိသတ် အနေနဲ့ သေသေချာချာ လေ့လာဖတ်ရှု စေချင်ပါတယ်..။

ဒို့  တပ်မတော်ဆိုတာ တပ်မတော်သားတွေ သိစေဖို့  သီချင်းလေး နားထောင်ကြည့်ကြပါ။





























အာဏာရှင် ကဒါဖီဘက်ကို မလိုက်ဘဲ ပြည်သူတွေနဲ့  တပ်မတော်က ပူးပေါင်းလိုက်တာမို့  ပြည်သူ့ တပ်မတော်အဖြစ် ဂုဏ်ယူဝင့်ကြွားစရာ တန်ဖိုးရှိ သမိုင်းတွင်စေပါတယ်။


















မြန်မာပြည်မှာလည်း ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းက ရဟန်းရှင်လူပြည်သူအပေါင်းနဲ့  လက်တွဲခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားတွေ ရှိခဲ့ကြပါတယ်။

ယခုဖေါ်ပြပါ သီချင်းကို အာဏာရူး သန်းရွှေတို့  လက်ထက်မှာ လုံးဝ မကြားရပါဖူး။ အာဏာရူး သန်းရွှေတို့ ကလည်း ဒီသီချင်းကို မလွှင့်ရဲပါဖူး။

ဒို့  တပ်မတော်ဆိုတဲ့ သီချင်းလေးကို တပ်မတော်သားတွေ နားထောင်စေချင်ပါတယ်။ ပြည်သူတွေအတွက် ကာကွယ်မနော်၊ ပြည်သူ့ အကျိုးဆောင် တပ်မတော်တဲ့ဗျာ။

ဒို့ တပ်မတော် - ပြည်သူ့ အကျိုးဆောင် တပ်မတော် ဖြစ်ဖို့  အချိန်ကျနေပါပြီ။

အာဏာရူး သန်းရွှေတို့  အကျိုးဆောင် မဖြစ်စေဘဲ ပြည်သူ့ အကျိုးဆောင် တပ်မတော် ဖြစ်ကြပါစေ။

03 March 2011

“အမေ့အိမ်” ပညာဒါန အခမဲ့စာသင်ကျောင်း။



















မိဘမဲ့ကလေးများ ကျောင်းမတက်နိုင်သည့် ကလေးများ ငွေကြေးချို့ တဲ့မှုကြောင့် ကျောင်း မနေနိုင်သည့် ကလေးများအတွက် အထူးရည်စူးကာ ရန်ကုန်တိုင်း လှိုင်သာယာမြို့ နယ် (၁၄) ရက်ကွက် မေခလမ်း အမှတ် (၅၄၈) မှာ ဖွင့်လှစ်လိုက်တဲ့ “အမေ့အိမ်” ပညာဒါန အခမဲ့စာသင်ကျောင်းအတွက် စုပေါင်းလှုဒါန်းမှုများကို အားလုံးသာဓုခေါ်နိုင်ရန် မျှဝေပေးလိုက်ပါတယ်။

ယခုအခါ မတ်လ (၇) ရက်နေ့ တွင် ဖွင့်လှစ်မည့် နွေရာသီ Summer Course အတွက် ကျောင်းသားများ လက်ခံနေကြောင်း သိရှိရပါတယ်။ လက်ရှိမှာ ကျောင်းသားစုစုပေါင်း အယောက် (၁၃၀) ဦး စာရင်းပေးသွင်းထားပြီး ဖြစ်ပါတယ်။

လောလောဆယ်တွင် “အမေ့အိမ်” ပညာဒါန အခမဲ့စာသင်ကျောင်း၏ ကြမ်းခင်းအား သဲဖြင့် ယာယီခင်းထားသော်လည်း လာမည့် မိုးရာသီတွင် မိုးရွာသွန်းမှုကြောင့် စိုစွတ်နိုင်သည့်အတွက် ကွန်ကရစ်ကြမ်းခင်းအတွက် အလှုရှင်များအား ဖိတ်ခေါ်လျက် ရှိပါကြောင်း သိရှိရပါသည်။
























“အမေ့အိမ်” ပညာဒါန အခမဲ့စာသင်ကျောင်းအား ဆက်သွယ်လိုသူများအတွက် ဖုန်းနံပါတ်မှာ ၀၉၅၁၆၂၀၆၀ ဖြစ်ပါသည်။

စံပါယ်ဖြူတိုက်ပွဲ တိုက်တွန်းနှိုးဆော်ချက်..

စံပါယ်ဖြူတိုက်ပွဲ တိုက်တွန်းနှိုးဆော်ချက်..

Justice တရားမျှတမှူ
Able စွမ်းရည်သတ္တိရှိသော
Sacred မြင့်မြတ်သော
Making တိုးတက်သော
Independent လွပ်လပ်သော
Nice ကောင်းမွန်သော
Environment ပါတ်ဝန်းကျင်

ဖြစ်လာဖို့ စံပါယ်ပန်းလေးတွေနဲ့ ပြောင်းလဲကြစို့ ။ မည်သူမဆို ပါဝင်နိုင်သည်။

လူစည်ကားသည့် နေရာများတွင် စံပါယ်ပန်းကုံးလေးများ ဝေပေးပါ။ မိမိတို့ ၏အိမ်၊ ဆိုင်၊ ကားတို့တွင် စံပါယ်ပန်းကုံးလေးများ ဝေေ၀ဆာဆာ ချိတ်ပေးပါ။ မိမိတို့ သက်ဆိုင်ရာ ဘာသာအလိုက် စေတီပုထိုး၊ ဘုရားကျောင်းတို့တွင် စုပေါင်းပြီး စံပါယ်ပန်းများ လှူဒါန်းပါ။ အမျိုးသမီးများ ဦးခေါင်းတွင် ဝေေ၀ဆာဆာ စံပါယ်ပန်းများ ပန်ပေးပါ။ လူငယ်များ ခောတ်မီနည်းပညာများ အသုံးပြုပြီး စံပါယ်ဖြူ Campaign တွင်ပါဝင်ပေးကြပါ။

စံပါယ်ဖြူတိုက်ပွဲ အောင်ရမည်။ ။


ပေးပို့လာသူအား ကျေဇူးတင်ပါသည်..။ အလွယ်တကူ အများပါဝင် လုပ်ဆောင်နိုင်တဲ့ ကမ်ပိန်း တစ်ခုဖြစ်တဲ့ အတွက် အများသိစေရန် ဖော်ပြပေးလိုက်ပါတယ်...။ လက်ဆင့်ကမ်းပေးကြပါ။

02 March 2011

တပ်မတော်ကို ခုတုံးလုပ် စစ်အသုံးစရိတ်ငွေကို အဆမတန် များပြားစွာ လျာထားသတ်မှတ်သုံးစွဲမှာ တိုင်းပြည်တစ်ပြည်လုံးစရိတ်ရဲ့  ၂၅% နီးပါးတောင်တဲ့။























ဒီနှစ်အတွက် နအဖ အာဏာရူး သန်းရွှေနဲ့  ဗိုလ်ချူပ်ကြီးတွေဟာ တပ်မတော်ကို ခုတုံးလုပ်အသုံးချပြီး စစ်အသုံးစရိတ်တွေကို နိုင်ငံရဲ့  စုစုပေါင်းအသုံးစရိတ်ရဲ့  လေးပုံတစ်ပုံ ၂၅% နီးပါးတောင် သုံးစွဲဖို့  သတ်မှတ်လိုက်တယ်လို့  အစီရင်ခံစာတွေအရ သိရှိရပါတယ်။

နိုင်ငံတနိုင်ငံမှာ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေအတွက် သင့်လျော်သော အချိုးကျနှုန်း သတ်မှတ်ချက်နဲ့  သုံးစွဲကြရတာပါ။ တိုင်းပြည်ရဲ့  စီးပွားရေးတိုးတက်မှုအပေါ်မူတည်ပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး၊ စီးပွားရေး၊ အုပ်ချူပ်ရေး၊ ကာကွယ်ရေး အစရှိတဲ့ အဓိကလုပ်ငန်းတွေမှာ သုံးစွဲငွေတွေကို စနစ်တကျလေ့လာစစ်ဆေးမှုအရ လိုအပ်ချက်တွေအပေါ် မူတည်ပြီး သုံးစွဲရမယ့် သုံးစွဲဖို့ သင်တဲ့ သုံးစွဲဖို့  လိုအပ်မှုအရ အခန်းကဏ္ဍအလိုက် နိုင်ငံသုံးစွဲငွေ လျာထားချက်တွေ (ဘတ်ဂျက် Budgets) တွေကို သတ်မှတ်ကြရပါတယ်။

နိုင်ငံအသီးသီးမှာ နိုင်ငံတော် သုံးစွဲငွေ လျာထားသတ်မှတ်ချက်တွေမှာ တိုင်းပြည်ရဲ့  အကျိုးစီးပွား၊ ပြည်သူပြည်သားတွေရဲ့  လူနေမှုအဆင့်အတန်း တိုးတက်စေရေးတို့ အတွက် စီးပွားရေး ပညာရေး ကျန်းမာရေး လူမှုဖူလုံရေး အစရှိတဲ့ လုပ်ငန်းကြီးတွေမှာ သုံးစွဲငွေကို ဦးစားပေးသုံးစွဲကြပြီး ကာကွယ်ရေး စစ်အသုံးစရိတ်အစရှိတဲ့ လုပ်ငန်းတွေမှာတော့ လုံလောက်သင့်တော်ရုံလောက်သာ သုံးစွဲကြပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံအတွက် ကာကွယ်ရေးနဲ့  စစ်အသုံးစရိတ်တွေကို မလိုအပ်ဘဲ အများအပြားသုံးစွဲမိရင် တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုတွေ ရင်ဆိုင်ရသလို အဓိကသုံးစွဲသင်တဲ့နေရာတွေမှာ သုံးစွဲရမယ့်ပမာဏ ယုတ်လျော့စေပါတယ်။ ဒီအတွက် နိုင်ငံအသီးသီးမှာ ကာကွယ်ရေးနဲ့  စစ်အသုံးစရိတ်ဟာ အခြားသော ပညာရေး ကျန်းမာရေး လူမှုဖူလုံရေးသုံးစွဲငွေတွေထက် အများကြီး ကွာခြားစွာ လျှော့ချသုံးစွဲကြလေ့ရှိပါတယ်။

သန်းရွှေတို့  အာဏာရူးဗိုလ်ချူပ်ကြီးတွေကတော့ စစ်အသုံးစရိတ်ကို တိုင်းပြည်တစ်ပြည်လုံး သုံးစွဲငွေရဲ့  ၂၅% နီးပါးကို သုံးစွဲဖို့  သတ်မှတ်လိုက်တာ တိုင်းပြည်အတွက်လား ပြည်သူပြည်သားတွေအတွက်လား တပ်မတော်အတွက်လား သူတို့ အာဏာရူးဗိုလ်ချူပ်ကြီးတွေအတွက်လားဆိုတာ သုံးသပ်ရပါတော့မယ်။

သန်းရွှေတို့  အာဏာရူးဗိုလ်ချူပ်ကြီးတွေရဲ့  စစ်အသုံးစရိတ်သတ်မှတ်မှုဟာ တိုင်းပြည်တစ်ပြည်လုံး သုံစွဲစရိတ်ထဲက ၂၅% နီးပါးခန့် ဟာ မြန်မာ ကျပ်ငွေ ၁.၈ တြီလီယျံ (တရားဝင် ငွေလဲနှုန်းအရ ဒေါ်လာငွေ ၂ ဘီလီယျံခန့် ) တောင် ရှိပါသတဲ့ဗျာ။ မတရား အချိုးနှုန်းကွာခြားလွန်းလှတဲ့ စစ်အသုံးစရိတ်ပြဌာန်းမှုပါဘဲ။

တိုင်းသူပြည်သားတွေအတွက် သုံးစွဲမယ့် ကျန်းမာရေးအတွက် သုံးစွဲမယ့်ငွေကတော့ ၁.၃ % မျှသာ ရှိပါသတဲ့ဗျာ။ နအဖ သန်းရွှေတို့  အာဏာရူး ဗိုလ်ချူပ်ကြီးတွေရဲ့  နိုင်ငံနဲ့  ပြည်သူပြညသားတွေအပေါ် ထားရှိတဲ့ စေတနာက ဒီလိုပါတဲ့။ ကျန်းမာရေးအတွက် သုံးစွဲမယ် ၁.၃ % မျှဟာ တိုင်းပြည်မှာ ယနေ့  ကြုံတွေ့ ရင်ဆိုင်နေကြရတဲ့ ဆေးရုံ ဆေးဝါးပစ္စည်း မလုံလောက်မှုတွေ ကျွမ်းကျင်တတ်မြောက်တဲ့ ဆရာဝန် သူနာပြု ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်မှုတွေ ကျန်းမာရေး ဆေးဘက်ဆိုင်ရာ အတတ်ပညာ နိမ့်ကျမှုတွေအတွက် ဘယ်လိုမှ ဖြည့်စည်းနိုင်မှာ မဟုတ်ပါဖူး။ ကျန်းမာရေးအခန်းကဏ္ဍအတွက် သုံးစွဲငွေ ဒီလိုမဖြစ်လောက် သတ်မှတ်မှုကြောင့် ပြည်သူပြည်သားတွေ အသက်ဆုံးရှုံးနေကြရချိန်မှာတော့ သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ မိသားစုတွေကတော့ တိုင်းပြည်ဘဏ္ဍာငွေတွေနဲ့  နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက် ဆေးကုသခံကြလေရဲ့ ။

တပ်မတော်ကို ခုတုံးလုပ်အကြောင်းပြကာ စစ်အသုံးစရိတ်သုံးစွဲငွေလို့  လျာထားသတ်မှတ်တဲ့ ဒီ ၂၅% (ဒေါ်လာငွေ ၂ ဘီလီယျံ) ကို ဒီနှစ်အတွက် လာမည့် ဧပြီလကနေ စပြီး သုံးစွဲပါတော့မယ်တဲ့။

သန်းရွှေတို့  ဒီလို စစ်အသုံးစရိတ် အဆမတန် များပြားစွာ ပိုသုံးတယ်ဆိုလို့  တပ်မတော်အတွင်းက အောက်ခြေအဆင့် ဗိုလ်အကြပ်တပ်သား ရဲဘော်တွေရဲ့  စားဝတ်နေရေး အဆင်ပြေစေဖို့ အတွက်များ ပိုသုံးတယ်များ ထင်ရင်တော့ အမှားကြီး မှားပါလိမ့်မယ်။

သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ ၀ါဒဖြန့် ချီရေးအတွက် စစ်သင်တန်းဆင်းပွဲတွေ ညစာစားပွဲတွေ စစ်အခမ်းအနားတွေ အစရှိတဲ့ တစ်လွဲဆံပင်ကောင်းနေတဲ့ မလိုအပ်တဲ့ နေရာတွေမှာ ဒီစစ်အသုံးစရိတ်တွေထဲကနေ သုံးနေကြပါတယ်။ သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ မိသားစုဝင်တွေကို အလေးပြုကြရဖို့ အတွက် ခမ်းခမ်းနားနား ကျင်းပနေကြတဲ့ စစ်သင်တန်းဆင်းပွဲ ကုန်ကျစရိတ်တွေ၊ သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ မိသားစုတွေ စည်းစိမ်ခံ စားသောက်နေကြတဲ့ နိုင်ငံတော် ညစာစားပွဲတွေ စစ်သင်တန်း ညစာစားပွဲတွေ ဧည့်ခံပွဲတွေရဲ့  ကုန်ကျစရိတ်တွေဟာ သိန်းပေါင်း သန်းပေါင်းမြောက်မြားစွာ အကုန်ကျခံနေကြတာ ဒီ စစ်သုံးစရိတ်ဘတ်ဂျက်ငွေတွေထဲက ဖြစ်တယ်ဆိုတာ။ တိုင်းပြည်ရဲ့  ဘဏ္ဍာငွေတွေကို သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေ အကြောင်းအမျိုးမျိုးပြပြီး စည်းစိမ်ခံနေကြချိန်မှာ တပ်မတော်အတွင်းက သာမန်ဗိုလ်အကြပ်တပ်သားတွေ ဘ၀တွေ မိသားစုတွေဘ၀တွေကတော့ အကြပ်အတည်းပေါင်းများစွာနဲ့ ရုန်းကန်လှုပ်ရှားနေကြရတယ်ဆိုတာ တပ်မတော်သားတွေ အသိဆုံးပါဘဲ။

သန်းရွှေတို့  စစ်အသုံးစရိတ်ပိုသုံးတာကတော့ သူတို့ ဗိုလ်ချူပ်ကြီးတွေ လုံခြုံရေး၊ သူတို့  ဗိုလ်ချူပ်ကြီးတွေ သုံးစွဲငွေတွေ ပိုမိုရေး ပိုမိုစည်းစိမ်ခံနိုင်ရေး၊ တိုင်းရင်းသားပြည်သူတွေကို မတရားစစ်တွေ ဆင်နွဲတဲ့နေရာမှာ လူသတ်လက်နက်ကြီးတွေ ပိုမိုဝယ်ယူရေး၊ မြန်မာပြည်သူပြည်သားတွေကို ဖိနှိပ်ချူပ်ချယ် သတ်ဖြတ်ရေးတွေမှာ အသုံးချရေးနဲ့  နောက်ဆုံး သန်းရွှေတို့  အကြောက်ကြီး ကြောက်နေတဲ့ စစ်လက်နက်အင်အားသာလွန်းတဲ့ နိုင်ငံကြီးတွေကများ ၀င်ရောက်တိုက်ခိုက်ခဲ့ရင် ကာကွယ်လို့ ရအောင်ဆိုတဲ့ ကြောက်စိတ်တွေကြောင့် နိုင်ငံတစ်နိုင်ငံမှာ တိုင်းပြည်ဘဏ္ဍာငွေကို လေးပုံတစ်ပုံနီးပါးထိ တရားလွန်သုံးစွဲတာ ပြည်သူပြည်သားတွေအနေနဲ့  လုံးဝ လက်မခံသင့်သလို တပ်မတော်အတွင်းက သာမန် ဗိုလ်အကြပ်တပ်သားရဲဘော်တွေကလည်း ဒီလို စစ်အသုံးစရိတ်တွေဟာ ဗိုလ်ချူပ်ကြီးများအတွက်သာ သုံးစွဲနေတာကို တပ်မတော်အသုံးစရိတ်မဟုတ်ဖူးဆိုတာနဲ့  ခွဲခြားမြင်သင့်နေပါပြီ။ တပ်မတော်အတွင်းမှာ အောက်ခြေ ဗိုလ်အကြပ်တပ်သားတွေ လက်တွေ့ ကြုံတွေ့  ရင်ဆိုင်နေရတဲ့ ကြပ်တည်းမှုတွေကို ကိုယ်တိုင်သိနေကြတာမို့  အထူးပြောပြနေစရာ မလိုပါဖူး။

တပ်မတော်သားတွေအနေနဲ့  ဒီလို သန်းရွှေတို့  ဗိုလ်ချူပ်ကြီးတွေရဲ့  စစ်စရိတ်သုံးစွဲမှုအကြောင်းပြ စည်းစိမ်ခံကုန်ကျစရိတ်တွေဟာ သန်းရွှေတို့ အာဏာရူးဗိုလ်ချူပ်ကြီးတွေအတွက်သာ ဖြစ်တယ်ဆိုတာ သိရှိနားလည်ကြပြီး၊ တိုင်းပြည်ရဲ့  ဂုဏ်သိက္ခာ၊ တပ်မတော်ရဲ့  ဂုဏ်သိက္ခာတွေကို တကယ်တမ်း ဆောင်ရွက်ကြိုးပမ်းလိုကြတယ်ဆိုရင်တော့ လက်ထဲမှာ ကိုင်ထားတဲ့ သေနတ်ပြောင်းတွေကို အာဏာရူးကြီးတွေဘက်ကို ရဲရဲဝန့် ဝန့်  လှည့်ကြရဖို့  အချိန်သင့်နေပြီဆိုတာ ပြောလိုပါတယ်။

VOA မတ်လ ပထမပတ် တီဗီ မဂ္ဂဇင်း... (ရုပ်သံ)

အာဏာရှင်ကိုဆန့်ကျင်ဘို့ ခုပဲစကြစို့ (Just Do it against Military Dictatorship)

ဓာတ်ပုံ (Just Do it against Military Dictatorship) Facebook မှာ သွားရောက်ကြည့်ရှုနိုင်ပါသည်.. http://www.facebook.com/pages/Just-Do-It-against-Military-Dictatorship/194818177209500
ကိုမောင်မောင်ဝမ်းအား ကျေးဇူးတင်ပါသည်..။

အင်းစိန်မြို့နယ်မှာ ဗုံးပေါက်ကွဲမှုနှင့် ပါတ်သတ်ပြီး အလုံမြို့နယ်မှ ချင်းအမျိုးသားတစ်ဦးအား မှားယွင်းဖမ်းဆီးခဲ့ပြီးမှ ပြန်လွတ်ပေးခဲ့..

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ရန်ကုန် အင်းစိန်မြို့နယ်မှာ ဗုံးပေါက်ကွဲမှုနှင့် ပါတ်သတ်ပြီး အလုံမြို့နယ်မှ ချင်းအမျိုးသားတစ်ဦးအား မှားယွင်းဖမ်းဆီးခဲ့ပြီး မိသားစုမှ သွားရောက်ရှင်းလင်း ပြောဆိုရာမှ နောက်တနေ့မှာ ပြန်လွတ်ပေးခဲ့ကြောင်း သိရှိရပါတယ်..။

အဆိုပါ ဗုံးပေါက်ကွဲတဲ နေ့ညသန်းခေါင် အချိန်က အလုံမြို့နယ် စောရန်ပိုင် အနောက်ရပ်ကွက်  နှင်းဆီကုန်းလမ်း အိမ်အမှတ် ၃၁ နေ စာရေးဆရာ ဆလိုင်းရွှေလင်းအား စရဖမှ ဦးဆောင်ပြီး အာဏာပိုင်များ မြို့နယ်ရဲများဖြင့် ပိတ်ဆို့ ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်..။ ဆလိုင်းရွှေလင်းမှာ ချင်းတိုင်းရင်းသားဖြစ်ပြီး ချင်းပါတီတခု၏ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်.။

ဆလိုင်းရွှေလင်းဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဓမ္မစာပေများကို ဓမ္မဒါနဖြန့်ပေးနေသူ တစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ပြီး တနလာင်္နေ့ညက အာဏာပိုင်များမှ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ သိရှိရပါတယ်.။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တစ်ဦးဖြစ်ပြီး အကြမ်းမဖက် အမျိုးသားလှုပ်ရှားနေသူ တစ်ဦး ဖြစ်တဲ့ ကိုလူမော်လတ်မှ မိသားစုအား သွားရောက် တွေ့ဆုံမေးမြန်းရာမှာ မနေ့ည သန်းခေါင်ယံက ပြန်လည် လွတ်မြောက်လာကြောင်း မိသားစုမှ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ 

ယခုဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ကိုလူမော်လတ်အား ဆက်သွယ် မေးမြန်းခဲ့ရာမှာ မြို့နယ်တွင်းမှာ အခုလို ထင်သလို မှားယွင်းဖမ်းဆီးနေသည့် ထူးခြားမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျွန်တော်တို့ အလုံNLDကနေ ရန်ကုန်တိုင်း NLDကို မှတ်တမ်းပေးပို့ သွားမှာပါ..။ ပြန်လွှတ်ပေးတော့ တော်သေးတယ်။ ဒီလိုပဲ ထင်ရာဆိုင်း ဖမ်းထည့် ပြီးရင် အမှုတွေဆင် တရားစွဲ ဘာမှ အထောက်အထားမပါပဲ နှစ်ကြီးတွေချတော့ မတရား မဆီမဆိုင်ခံရသူတွေ နစ်နာတယ်။ ဒါမျိုးတွေ မရှိစေချင်တော့ဘူး။ မလိုအပ်ပဲ စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးတာတွေ ဘယ်သူကိုမှ မခံစားစေချင်ဘူး။ မဟုတ်ဘဲ မတရားစွပ်စွဲ အဖမ်းဆီးခံရတာ အရမ်းသနားဖို့၊ ရင်နာဖို့ကောင်းပါတယ်။ ကိုယ်ကိုယ်တိုင်ကော မတရား မဟုတ်မမှန် စွပ်စွဲအဖမ်းခံရရင် ဘယ်လိုနေမလဲ.. ကိုယ်ချင်းစာကြည့်ပါ..။ လုံခြုံရေးအားနည်းလို့ ဖြစ်တဲ့ကိစ္စမှာ ဘယ်ကဗုံးမှန်းမသိပဲ အထက်က ဖိအားပေးတော့ ရတဲ့သတင်း အခြေခံပြီး မှန်မမှန် မစဉ်းစားတော့ပဲ ရရာ ဆွဲဖမ်းတော့တာပဲ။ ဖမ်းခံရတဲ့ ကာယကံရှင်တွေ တကယ်လည်းမလုပ်ရပဲ ထောင်ထဲမှာ ဘဝတွေပေးဆပ်ရတာပါ။ ဒီလိုကိစ္စတွေကို ရပ်တန်းကရပ်သင့်ပါပြီ။ အခုထိ ဘယ်သူမှန်း သူတို့ကောင်းကောင်း မဖော်ထုတ်နိုင်သေးဘူး။ အမှုဆင် တရားစွဲရင် ရှင်းရခက်တယ်။ အမှုမဆင်ခင် သက်ဆိုင်ရာလူကြီးတွေကို ပြောနိုင်မှ တော်ကာကြမယ်.. မဆိုင်သူတွေ မနစ်နာရအောင်ပါဟု အလုံအဖွဲ့ချုပ် လူငယ်တစ်ဦးဖြစ်ပြီး အကြမ်းမဖက် အမျိုးသားလှုပ်ရှားနေသူ တစ်ဦးလည်းဖြစ်တဲ့ ကိုလူမော်လတ်မှ ပြောပါတယ်..။

မြန်မာနိုင်ငံ၌ အာဏာပိုင်များမှ တရားခံ အစစ်အား ဖမ်းဆီးနိုင်ခြင်း မရှိပဲ အမှုနှင့် ပတ်သက်မှု မရှိသည့် သူများအား မတရားဖမ်းဆီး ထောင်ချမှုများ အဆက်မပြတ် ဖြစ်ပေါ်လျှက်ရှိတဲ့ အတွက်ကြောင့် မဆိုင်သူများမှာ အင်မတန်မှ နစ်နာလှပါတယ်။ အထူးသဖြင့် ရပ်ကွက်အတွင်းမှ စွမ်းအားရှင်၊ ကြံဖွံ့ အစရှိသည့် သတင်းပေးများမှ မိမိနှင့် အဆင်မပြေသူများအား မထင်လျှင် မထင်သလို မတရားစွပ်စွဲ သတင်းပေးခြင်းများ ပြုလုပ်လျှက်ရှိပါတယ်။ သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များမှလည်း အမှုမှန်ထက် မိမိ အာဏာ ရာထူးတည်မြဲရေးအတွက် မတရား ညှင်းဆဲ နှိပ်စက်ခြင်း၊ ဖြောင့်ချက်ပေးခိုင်းပြီး ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်နေပါတယ်..။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ကလည်း ရန်ကုန် သင်္ကြန်မဏ္ဍပ် X2O ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး သံသယဖြစ် ဖမ်းဆီးခံရသူ လူငယ်(၅)ဦးအား နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပါတယ်..။

သတင်း... ဒီမိုဝေယံ

01 March 2011

နာရေးကူညီမှုအသင်း (ရန်ကုန်) သတင်း၊ ဓာတ်ပုံများ....



ဂါရ၀တရား

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် (၁၀) နှစ် ပြည့်ခဲ့ပြီဖြစ်သလို အများပြည်သူတို့အတွက် အခမဲ့ ဆေးဝါးကုသပေးခဲ့သော “သုခကုသိုလ်ဖြစ် ဆေးခန်း” သည်လည်း ၂၀၁၁ ခုနှစ်၊ မတ် (၂) ရက်နေ့တွင် (၄) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှစ၍ ကျန်းမာရေးဝန်ဆောင်မှုများ၊ ဆေးဝါးကုသပေးမှုများ၊ တစ်ကြိမ်တည်း အသက်နှစ်ချောင်း ကယ်ရာရောက်သည့် ခွဲစိတ်မွေးဖွားမည့် ကိုယ်ဝန်ဆောင်မိခင်များအား ကူညီဖေးမ ခွဲစိတ်မွေးဖွားပေးမှုများကို လုပ်ဆောင်ပေးခဲ့ရာမှ ယခုဆိုလျှင် ဓါတ်ခွဲခန်း၊ ရောဂါရှာဖွေရေး တီဗီ ဓါတ်မှန်ခန်း၊ သွားရောဂါကုသမှု၊ မျက်စိဝေဒနာရှင်များအား ကုသပေးမှု၊ ကလေးအထူးကု၊ အရေပြား အထူးကု၊ နား နှာခေါင်း လည်ချောင်း အထူးကု၊ အပ်စိုက်အထူးကု၊ အရိုးအကြော အထူးကုနှင့် အထွေထွေရောဂါ ကုသမှုများအပြင် မျက်စိခွဲစိတ်ခန်းအားလည်း ၂၀၁၁ ခုနှစ်၊ ဧပြီလ အတွင်းတွင် စတင်၍ ခွဲစိတ်ပေးမှုများကို လုပ်ကိုင်ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

သုခကုသိုလ်ဖြစ်ဆေးခန်း (၄) နှစ်ပြည့် အခမ်းအနားအား ၂၇.၂.၂၀၁၁ (တနင်္ဂနွေ) နေ့၌ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အားကိုးတကြီးဖြင့် လာရောက် ကုသကြသော လူနာများအား မေတ္တာ၊ ဂရုဏ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြု၍ အခမဲ့ လာရောက်ကုသပေးခဲ့သော လူမှုရေးဆရာဝန်ကြီး / ဆရာဝန်မကြီးများ (၄၈) ဦးတို့၏ ကျေးဇူးတရားများအား မှတ်တမ်းတင် ဂါရ၀ပြုအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်း အခမ်းအနားတွင် ကြွရောက်လာကြသော ဆရာဝန်ကြီးများ / ဆေးပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်၍ ကြက်သားပလာတာဖြင့် သုခအဟာရ စားသောက်ဆောင်တွင် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ 

သုခကုသိုလ်ဖြစ်ဆေးခန်း (၄) နှစ်ပြည့် အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်မှ ကျေးဇူးတင်စကား ပြောကြားခြင်းတို့အပြင် ဆရာဝန်ကြီးများ / ဆေးပညာရှင်များ၏ အကြံပြုချက် များကို သုခကုသိုလ်ဖြစ်ဆေးခန်း ဆေးကော်မတီအဖွဲ့ဝင်များမှ ရှေ့ဆက်၍ အများပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဆထက်တိုး၍ ကူညီဖေးမ ကုသမှုများပြုလုပ်နိုင်ရန် ဆွေးနွေး ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့ပါသည်။ ယင်း ဆွေးနွေးညှိနှိုင်းမှုများကို အကောင်အထည်ဖော် ဆောင်ရွက်မှု ပြုလုပ်ရန် သုခကုသိုလ်ဖြစ် ဆေးခန်း တာဝန်ခံ / ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ အလုပ်အမှုဆောင်အဖွဲ့၊ ဆေးကော်မတီအဖွဲ့ဝင်များအား ပြောကြားခဲ့ပါသည်။

တစ်ရွာမပြောင်း သူကောင်းမဖြစ်

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၁၀.၃.၂၀၁၁ (ကြာသပတေး) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ဒုတိယအကြိမ်အဖြစ်စတင်၍ သင်ကြားပို့ ချပေးတော့မည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသော တတိယတန်းမှ အဌမတန်းအရွယ် ကလေး ငယ်ပေါင်း (၃၀၀) ဦးခန့် လာရောက်စာရင်းပေးသွင်းပြီး ဖြစ်ပါသည်။ ယင်းကလေးငယ်များအား ၅.၃.၂၀၁၁ (စနေ) နေ့တွင် သင်တန်း Levels ခွဲခြားရန်အတွက် စမ်းသပ်ဖြေဆိုမှုများ ပြုလုပ်၍ အတန်းခွဲ (၆) ခု ခွဲခြားကာ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။

၂၀၁၀ ခုနှစ် ပထမအကြိမ် အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ကလေးငယ်ပေါင်း (၄၀) ဦးခန့်သာ ရှိခဲ့သောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်ဦး အပေါ်ထပ်တွင် သင်ကြားမှုကို အသင်းသားများဖြစ်သော လူမှုရေး ဆရာ/မများ၏ အကူအညီဖြင့် ကုသိုလ်ဖြစ် သင်ကြားပေးနိုင်ခဲ့သည်။ ယခု ကလေးငယ်ပေါင်း (၃၀၀) ဦး ခန့် တိုးပွားလာသည့်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်း သင်ကြားမည့် စေတနာဝန်ထမ်း ဆရာ/မများလည်း လိုအပ်လျှက် ရှိပါသည်။ စိတ်ပါဝင်စား၍ သင်ကြားလိုသည့် စေတနာ့ဝန်ထမ်း ဆရာ/မများသည် နာရေးကူညီမှု အသင်း(ရန်ကုန်) ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၀၉-၈၆ ၄၀၂၂၀ သို့၎င်း၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လာရောက်စုံစမ်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ထပ်မံ၍ ၁၄.၃.၂၀၁၁ မှ ၁၈.၃.၂၀၁၁ နေ့ရက်များတွင် ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ ကလေး သင်တန်းနှင့် ဧပြီလတွင်လည်း မျိုးဆက်သစ်ကလေး ပန်းချီသင်တန်းတို့အား ပညာရှင်ကြီးများမှ လာရောက်သင်ကြား ပို့ချမည်ဖြစ်သည်။ ထို့အပြင် မျိုးဆက်သစ်ကလေးငယ်များ သက်တောင့်သက်သာစွာဖြင့် ပညာသင်ကြားနိုင်စေ ရန် သင်တန်းခန်းမများအား ထပ်မံ၍ အလိုရှိသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း အပေါ်ထပ်ရှိ “သုခအလင်း” စာကြည့်တိုက်၊ ပြန်ကြားရေးဌာနအခန်းနှင့် ဘုရားခန်း (အစည်းအဝေးခန်းမ) တို့အား ယခု ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သည့် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်အဆောက်အဦးသို့ သက်ဆိုင်ရာပစ္စည်းများ၊ စာအုပ်/စာပေများ၊ ကွန်ပျူတာ ပစ္စည်းများ၊ ဘီဒိုများ အစရှိသည်တို့ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေး အသင်းသား/ သူများ၏ လုပ်အားဖြင့်စုပေါင်း၍ ၂၇.၂.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ပြောင်းရွေ့ခဲ့ကြပါသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်...။

28 February 2011

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်။ Battle for Peace! Fight for Peace!

သီချင်းဖိုင်အား ဒေါင်းလုပ်ရန်အတွက် - http://www.multiupload.com/O0X5H46OBI



သီချင်းဖိုင်အား ဒေါင်းလုပ်ရန်အတွက် - http://www.multiupload.com/O0X5H46OBI

အမေ့အိမ် ပညာဒါနကျောင်းရဲ့ တရားဝင် မှတ်ပုံတင် လျှောက်ထားခြင်းအား လှိုင်သာယာမြို့နယ် ပညာရေးမှုးရုံးက လက်ခံ..

 
 
 
 
သူငယ်ချင်းတို့ရေ

ပြီးခဲ့တဲ့ (၁၈) ဖေဖေါ်ဝါရီ မှာ အမေ့အိမ် ပညာဒါနကျောင်းရဲ့ တရားဝင် မှတ်ပုံတင် လျှောက်ထားခြင်းကို လှိုင်သာယာမြို့နယ်ပညာရေးမှုးရုံးက လက်ခံလိုက်ပြီလို့ ကျောင်းတာဝန်ခံကိုအေးဗိုလ်က တဆင့်သိရလို့ သူငယ်ချင်းတို့လည်း ၀မ်းသာရအောင်မျှဝေ လိုက်ပါတယ်။

အခုလာမဲ့ နွေရာသီမှာလည်း Summer Course အနေနဲ့ သူငယ်တန်းကနေ ငါးတန်းအထိ English , Math and General Knowledge ဘာသာရပ်များကို တနင်္လာနေ့ မှ သောကြာနေ့ အထိ မတ်လ(၇) ရက် မှစတင် သင်ကြားပေးမယ်လို့ သိခဲ့ရတယ်။

မနေ့ ကတော့ဗလာစာအုပ်တွေ နဲ့ စာရေးကိရိယာတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ ကိုယ်စား သွားလှုဖြစ်ခဲ့လို့ ဓါတ်ပုံတွေ တင်ပေးလိုက်ပါတယ်။ အမေ့အိမ် ပညာဒါနကျောင်းလေး ရေရှည် တည်တံ့အောင်မြင်ပြီး နွမ်းပါးတဲ့ကလေးများရဲ့ ပညာရေးကို တစ်ဒေါင့်တစ်နေရာမှ ကူညီ ဖြည့်ဆည်း ပေးနိုင်ဖို့ တို့အားလုံး ကူညီပံ့ပိုးကြပါစို့ ။

သူငယ်ချင်းတို့ရဲ့
ကိုငယ်
အခုဆိုရင် အမေ့အိမ်မှ ပညာရည်နို့သောက်စို့နေတဲ့ ကလေးငယ်ပေါင်း ( ၂၂၉ ) ဦးရှိနေပြီလို့သိရပါတယ် ။ မူကြိုမှာ (၂၃ )ဦး ၊ သူငယ်တန်းမှာ ( ၂၂ ) ဦး ၊ ပထမတန်း ( ၃၇ )ဦး ၊ ဒုတိယတန်း ( ၂၇ ) ဦး ၊ တတိယတန်း ( ၃၁ ) ဦး ၊ စတုတ္ထတန်း ( ၄၉ ) ဦး နဲ့ ပဉ္စမတန်း ( ၄၅ ) ဦးတို့ဟာ ပျော်ပျော်ရွင်ရွင် အေးအေးချမ်းချမ်းနဲ့ ပညာသင်ကြားနေကြောင်းသိခဲ့ရပါတယ် ။ စာသင်ခန်းက တစ်ခန်းတည်းရှိတာ မို့ မနက်နဲ့ည အတန်းချိန်တွေ ခွဲပြီး သင်ကြားနေကြရပါတယ် ။ တချို့ကလေးတွေအတွက်ဆို ကျောင်းကဖတ်စာအုပ်ရော ၊ ရေးဖို့ ဗလာစာအုပ်ပါ အားလုံး အခမဲ့ထုတ်ပေးရကြောင်း သိရပါတယ် ။ သူတို့လေးတွေဟာ မကြာတော့တဲ့အနာဂါတ် မှာတိုင်းပြည်အတွက် ၎င်း ၊ လူအဖွဲ့ အစည်း အတွက် ၎င်း ၊ မိသားစုအတွက် ၎င်း ၊ ကျရာအခန်းကဏ္ဍများတွင် ခေါင်းဆောင်များ ဖြစ်လာကြပါတော့မည်။ ဗိုလ်ချုပ်လို ရိုးသားဖြောင့်မတ်တည်ကြည်တဲ့ အောင်ဆန်းလေးတွေ ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ ။ ဒါကြောင့် သူတို့လေးတွေကို အမေ့အိမ်မှ မောင်ထိန်လင်းလေးများလို့ တင်စားချင် ပါတယ်။

ကိုငယ်...


ဗိုလ်ချုပ် မွေးနေ့က ဆရာတင်မိုး ရေးသားတဲ့ " ဗိုလ်ချုပ်ဦးအောင်ဆန်း "ကဗျာကို အမေ့အိမ်မှ  မောင်ထိန်လင်းလေးများမှ ရွတ်ဆိုခဲ့ကြပါတယ်...။

" ဗိုလ်ချုပ်ဦးအောင်ဆန်း "

အရုဏ်ဦးက ကြယ်နီဖြာ 
ဗိုလ်ချုပ်အောင်ဆန်းပါ 
တို့ဗမာပြည် အမှောင်ခွင်း 
သူခေါင်းဆောင်လို့လင်း

စိတ်ရင်းမှန်လို့ သစ္စာတည် 
ဗိုလ်ချုပ်အာဇာနည်
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူဂုဏ်ဘယ်မညှိုး

ရိုးသားဖြောင့်မတ်သူမူရာ 
ငယ်ငယ်ထဲကပါ
ဗမာပြည်သူ့ အချစ်ပန်း 
ဗိုလ်ချုပ်ဦးအောင်ဆန်း

27 February 2011

ခံစားမှု၏နိဂုံး

သင်တို့နှင့်ကျွန်ုပ် . . . ဆန့်ကျင်ဘက်ကြီး ဖြစ်ချင်ဖြစ်နေလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . နားလည်မှုတွေ တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . လျှောက်လှမ်းကြသည့်လမ်း တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . ရည်ရွယ်ချက်ခြင်း တူချင်မှတူလိမ့်မည်။
မည်သို့ဖြစ်စေ …. ဤအရာများသည် ခံစားမှုမှ ပေါ်ပေါက်လာခြင်းပင် ဖြစ်တော့သည်။
တကယ်တော့ …. ခံစားမှုဟာ
နူးညံ့သိမ်မွေ့တဲ့ ကဗျာစာနုတွေ ထွက်လာသလို
ကြမ်းတမ်းဆိုးမွေ့တဲ့ ကဗျာစာကြမ်းတွေ ပေါ်ပေါက်စေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
ငြိမ်းချမ်းရေးသံစဉ်ဂီတတွေ မွေးဖွားစေသလို
ပေါက်ကွဲမှုဂီတသံစဉ်တွေကို ပေါ်ပေါက်စေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
သမိုင်းကို ပျက်ရယ်ပြုနိုင်ခဲ့သလို
သမိုင်းရဲ့ အတ္ထုပ္ပတိကို အတည်ပေါက်လုပ်ပြနိုင်ခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
လူသားများကို ချွတ်ခြုံကျ ငတ်ပြတ်စေနိုင်သလို
လူသားများ တိုးတက်ကြီးပွား အောင်မြင်မှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ …. ခံစားမှုဟာ
စည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံစိတ်ကို မွေးဖွားနိုင်စေတယ်။
တကယ်တော့ …. ခံစားမှုဟာ
ကမ္ဘာမြေပြင်ကြီး သွေးချောင်းစီးစေနိုင်သလို
ကမ္ဘာမြေပြင်ကြီး စိမ်းလန်းသာယာမှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ …. ခံစားမှုဟာ
အာဏာရှင်တွေ ပေါ်ပေါက်လာနိုင်စေသလို
အဖိနှိပ်ခံ ပြည်သူတွေကို မွေးဖွားပေးစေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
ဒို့အရေးတွေ ပေါက်ကွဲစေသလို
ငြိမ်းချမ်းတဲ့ မေတ္တာပို့သံတွေ လွှမ်းခြုံနိုင်ခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
လောကကြီးကို ဖြိုခွင်းမယ့် အနုမြူတွေကို ဖော်ထုတ်နိုင်တဲ့ ယမမင်းဖြစ်သလို
လောကကြီးအတွက် ငြိမ်းချမ်းရေးပန်းပွင့်တွေကို ပွင့်စေနိုင်တဲ့ ဥယျာဉ်မှူးဖြစ်တယ်။
တကယ်တော့ …. ခံစားမှုဟာ
အဆိုးမြင်ဝါဒများကို မွေးဖွားပေးသော “ဗာလမိခင်” ဖြစ်သလို
အကောင်းမြင်ဝါဒများကို မွေးဖွားပေးနိုင်သော “ပဏ္ဍိတမိခင်” ဖြစ်တယ်။
တကယ်တော့ …. ခံစားမှုဟာ
တုံ့ပြန်မှုကို တန်ပြန်စေနိုင်သလို
တန်ပြန်မှုကို ရိုက်ချိုးနိုင်စေတယ်။
တကယ်တော့ …. ခံစားမှုဟာ
ဝါဒအစွဲများ ပေါ်ပေါက်လာစေသလို
ဥပေက္ခာဝါဒလည်း မွေးဖွားပေးနိုင်တယ်။

တကယ်တော့ …. ခံစားမှုဟာ
သုံးတတ်ရင် “ဆေး”
မသုံးတတ်ရင် “ဘေး”
တကယ်တော့ …. ခံစားမှုဟာ
ခံစားခဲ့ကြရတဲ့ အမှုအခင်းလေးပါ။
ကြီးတဲ့အမှုကို ငယ်အောင်လုပ်
ငယ်တဲ့အမှုကို ပပျောက်အောင်လုပ်
ဒါမှ … ခံစားမှု မဇ္စျိမပဋိပဒါ ဥပဒေသ
မြတ်ဗုဒ္ဓရဲ့ ဓမ္မနည်းဥပဒေသ ဖြစ်တော့မှာ။
တကယ်တော့ …. ခံစားမှုဟာ
ဖန်ဆင်းရှင်မဟုတ်ဘူး ခံစားမှုသက်သက်သာဖြစ်တယ်။
ခံစားမှုကို အကျိုးရှိအောင် သုံးတတ်ဖို့ပဲလိုတယ်။
ကျွန်ုပ်အတွက်တော့ ခံစားမှုတိုင်းဟာ ငြိမ်းချမ်းမှုပန်းပွင့်တွေကိုဘဲ ပွင့်စေနိုင်ရမယ်။
ဒါကြောင့်, ကျွန်ုပ်၏ ခံစားမှုနိဂုံးဟာ …. ကျွန်ုပ်ရဲ့ ငြိမ်းချမ်းမှု
ကျွန်ုပ်၏ ငြိမ်းချမ်းမှုဟာ …. ကျွန်ုပ်၏ ထွက်ရပ်လမ်း
ကျွန်ုပ်၏ ထွက်ရပ်လမ်းဟာ …. ကျွန်ုပ်၏ ထွက်ပေါက်
ကျွန်ုပ်၏ ထွက်ပေါက်ဟာ …. ကျွန်ုပ်၏ ဗြဟ္မစိုရ်တရားဘဲ ဖြစ်တော့တယ်။

၂၂.၂.၂၀၁၁ (03:00 am)
ကျော်သူ

(လူမှုရေး … ပြည်သူ့အရေး … နိုင်ငံ့အရေးကို စိတ်ဓါတ်မကျ စိတ်မပျက်ဘဲ စွဲစွဲမြဲမြဲ စိတ်နာနာနဲ့ ဖိလုပ်ခဲ့ရာမှ (၁၀) နှစ်ကျော်ကာလ၊ (၂) လ စွန်းစွန်းအချိန်ကာလမှာ ပေါ်ပေါက်လာတဲ့ ခံစားမှု)

ပိုင်ရှင်မဲ့များ

ပိုင်ရှင်မဲ့များ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သန္ဓေတည်ခဲ့ပုံမှာ ကျေးဇူးရှင် စာရေးဆရာ/ဒါရိုက်တာကြီး ဘဘ ဦးသုခ ဆေးရုံတက်စဉ်အချိန်ကာလမှ စတည်ခဲ့ပါသည်။ ဘဘ ဦးသုခ၏ ဆေးရုံကုတင် နံဘေး တွင် ဆေးဝါးလာရောက်ကုသနေသော အမေအိုကြီးကို အမေအိုကြီး၏ မိသားစုမှ နေ့စဉ် အမေအိုကြီး အား လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။ အမေအိုကြီး၏ မိသားစုသည် ဆင်းရဲနွမ်းပါးလှသော မိသားစုဖြစ်သည်။ တစ်ရက်တွင် အမေအိုကြီး၏ မိသားစုအား သက်ဆိုင်ရာဆရာဝန်ကြီးမှ အမေအို ကြီးအား နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လိုပါက ခေါ်ဆောင်သွားနိုင်ပြီဖြစ်ကြောင်း ဆေးဝါးကုသမှု အပိုင်းကဏ္ဍသည်လည်း အစွမ်းကုန်ကုသပေးခဲ့ပြီးဖြစ်ကြောင်း သို့သော် အမေအိုကြီး၏ ရောဂါသည် ကျွမ်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနေ့မှစ၍ အမေအိုကြီး၏ မိသားစုသည် ဆေးရုံသို့ လာရောက်ခြင်း မပြုခဲ့သည်ကို ဘဘ ဦးသုခ သတိထားမိသည်။ အကြောင်းမှာ အမေအိုကြီးအား မိသားစုမှ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားပါက အမေအိုကြီးအား ပြုစုဂရုစိုက်မည့် အဖော်မရှိခြင်း အမေအိုကြီးအား ကျွေးမွေးပြုစုရမည့် စရိတ်မရှိခြင်း၊ အမေအိုကြီး ဆုံးပါးသွားပါကလည်း အမေအိုကြီး အား မီးသင်္ဂြိုလ်ရန် စရိတ်၊ အသုဘစရိတ်၊ နိဗ္ဗာန်ယာဉ်ငှါးခစရိတ် စသည့် စသည့် ကုန်ကျစရိတ်များ မတတ်နိုင်၍ ဖြစ်ကြောင်းဟု နောက်ပိုင်းတွင် သိရှိခဲ့ရတော့သည်။ အမေအိုကြီးမှာ ယင်းဆေးရုံတွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီး ပိုင်ရှင်မဲ့အနေဖြင့် ဆေးရုံမှ သင်္ဂြိုလ်ပေးခဲ့ရသည်။

ထို့ကြောင့် ထိုစဉ်အခါက ဘဘ ဦးသုခသည် အခြားသော (ခရစ်စယာန်၊ ဟိန္ဒူ၊ အစ္စလာမ်) စသည့် ဘာသာများတွင် နာရေးကူညီမှုလုပ်ငန်းများ ရှိနေခဲ့ပြီး မြန်မာပြည်တွင် မြန်မာလူမျိုး ဗုဒ္ဓဘာသာလူမျိုးများအတွက် နာရေးကူညီမှုလုပ်ငန်း ဟူ၍ မရှိသေးသောကြောင့် ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် စေတနာရှင်လူမှုရေးသမားများနှင့် ပူးပေါင်း၍ နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော (အခမဲ့) နာရေးကိစ္စများကို ဖေးမကူညီ ထမ်းဆောင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ နာရေးကူညီမှုအသင်း (ရန်ကုန်)သည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများဖြစ်ပေါ်လာပါက (အခမဲ့) မီးသင်္ဂြိုလ်ပေးခြင်း၊ အအေးခန်းထားပေးခြင်းတို့ကို အလူမီနီယမ်အခေါင်းများ၊ မှန်ခေါင်းများဖြင့် ကူညီမှုကို လုပ်ဆောင်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်တော့သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ပိုင်ရှင်ရှိ သေဆုံးသွားသူများအပြင်၊ ပိုင်ရှင်မဲ့ (အမည်၊ လိပ်စာ၊ မိသားစု) မသိသူများ၏ ရုပ်အလောင်းများကိုပါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သယ်ဆောင်သင်္ဂြိုလ်ခြင်း၊ သက်ဆိုင်ရာရင်ခွဲရုံများသို့ ပို့ဆောင်ပေးခြင်းများကို ပေးဆပ်လျှက်ရှိသည်။ 

ပိုင်ရှင်မဲ့များသည် လမ်းဘေးတွင် သေဆုံးခြင်း (အဆိပ်မိခြင်း၊ လုယက်ခံရခြင်း၊ ခိုက်ရန်ဖြစ် ပွားခြင်း)၊ ရေနစ်သေဆုံးခြင်း၊ ရထားကြိတ်သေဆုံးခြင်း၊ ကားတိုက်သေဆုံးခြင်း စသည့်တို့ဖြစ်သည်။ ယင်းတို့သည် မိသားစုနှင့် တကွဲတပြား ဖြစ်နေသော လမ်းဘေးတွင် လေလွင့်နေသော ကလေးငယ်များ လူငယ်/ရွယ်များနှင့် သားသမီးတို့မှ စွန့်ပစ်ခြင်းခံခဲ့ရသည့် မိဘများတို့ဖြစ်ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် ဤကဲ့သို့ ဖြစ်ရပ်များသည် မဖြစ်ပေါ်သင့်၊ မမြင်သင့်၊ မကြားသင့်ပေ။ လောကဓံ၏ ရိုက်ပုတ်ခြင်း ဒဏ်ရာဒဏ်ချက်တို့ကို ကြံ့ကြံ့ခံနိုင်ဖို့ အရေးကြီးလှသည်။ အမှန်စင်စစ် ပိုင်ရှင်မဲ့ ဟူသည် မရှိသင့်သော စကားရပ်ဖြစ်သည်။ လူရယ်လို့ လူ့လောကကြီးထဲ ရောက်ရှိလာ ကတည်း က ပိုင်ရှင်များရှိကြသည်။

မည်သို့ဖြစ်စေ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ တာဝန်မှာ သေဆုံးသွားသူ တို့၏ ရုပ်အလောင်းများကို ကောင်းမွန်စွာသင်္ဂြိုလ်ပေးရန်သာ ဖြစ်ပေသည်။ ကမ္ဘာမြေပြင်ပေါ်တွင် အာဏာကြောင့် တိုက်နေတဲ့စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့စစ်ပွဲ၊ အာဃာတကြောင့် တိုက်နေတဲ့စစ်ပွဲ၊ စီးပွားရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ လူမှုရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ကျန်းမာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အိမ်ထောင်ရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ရေးကြောင့် တိုက်နေတဲ့စစ်ပွဲ … စတဲ့ စတဲ့ ၀ိရောဓိစစ်ပွဲများတွင် ကျဆုံးသွားသော၊ ဆုံးပါးသွားသော သူများ၏ ရုပ်အလောင်းများအား လူလူချင်း စာနာစိတ်မွေးကာ ဗြဟ္မစိုရ်တရားလက်ကိုင်ပြု၍ ကူညီဖေးမသွားကြဖို့ အရေးကြီး လှပေသည်။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။