26 January 2012

ဒီ စကား (ဒေါ်အောင်ဆန်းစုကြည်) ဒီလှိုင်း အမှတ် ၀၂



ဒီမိုကရေစီ

ဒီလှိုင်း

ဒီရေ

ဒီအရေး

ဒီစကား တွေကတော့

အများကြီးပါပဲ။



ဒီအပတ်တော့ ဒီမိုကရေစီရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဒီမိုအကြောင်း နည်းနည်းဆွေးနွေးချင်ပါတယ်။ဒီမိုကရေစီ ဆိုတဲ့ စကားလုံးက ဂရိဘာသာကလာတာပါ။ ဒီမို(စ်) (demos) ပြည်သူနဲ့ ကရာတို့(စ်)(kratos) အင်အား ၊ အာဏ ကို ပေါင်းစပ်ထားတဲ့ (demokratia) က ဆင်းသက်လာတာပါ။ ဒီတော့ဒီမိုကို ပြည်သူလို့ အဓိပ္ပာယ် ဖော်ရမှာပါ။ အချိန်နေရာမရွေး အမြဲကြားနေတဲ့ပြည်သူပါပဲ။ ဒီနိစ္စဓူဝသုံးနေတဲ့ စကားလုံးအကြောင်းကို စဉ်းစား မိပါတယ်။

ကျွန်မတို့ငယ်ငယ်တုန်းက ဇာတ်ပွဲတွေမှာ မကြာခဏ ၀န်ကြီးတွေ ၊ အမတ်ကြီးတွေ ပုံစံနဲ့လူရွှင်တော်တွေ က ခန့်ခန့်ကြီး တစ်လှမ်းခြင်းလျှောက်ပြီး စာလိပ်ကြီးကိုမြှောက်၊ တိုင်းသူပြည်သားလူအများတို့လို့ အသံအောကြီး နဲ့ဖက်လိုက်တာနဲ့ ၊ မောင်းကိုထမ်းလာတဲ့ တပည့်တွေက ''ဒူ -အူ-အူ''လို့ မြည်းဟည်းအောင်တီးလိုက်ကြပါတယ်။ အဲ့ဒီတော့ ကျွန်မက ''တိုင်းသူပြည်သား လူအများတွေဟာ တော်တော်အရေးပါပါလားလို့ ထင်မိပါတယ်။

ဘာမှန်းသိပ်နားမလည်ပေမယ့် ဆော့ကစားတဲ့အခါ''တိုင်းသူပြည်သား လူအများတို့ ၊ ဒူ-အူ-အူ လို့အော် ဟစ်ပြီး ပြောရာ တာ ပြောစရာကြီးပါပဲ။ ဇာတ်ဆရာတွေရဲ့ ရည်ရွယ်ချက်ကတော့ ဘာလို့မသိပါဘူး၊ ကျွန်မကတော့ ပြည်သူတွေကို ဦးထိပ်ထားတယ်လို့ယူဆမိပါတယ်။

ဒီမိုကရေစီဟာ '' ပြည်သူ့အင်အား၊ အာဏာ'' ကိုမဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးစနစ်ဖြစ်လို့ တိုင်းသူပြည်သား လူအများ တို့ရဲ့ ခံစားချက်၊ မျှော်လင့်ချက်တွေကို အလေးအနက်ထားရမှာပါ။ ''ကျုပ်တို့ ဆင်းရဲသားတွေက ဘယ်အစိုးရ တက်တက် ဆင်းရဲနေမှာပဲ'' ''နင်းပြားက နင်းပြားပါပဲ'' လို့ စိတ်လျှော့လက်လျှော့၊မျှော်လင့်ချက် စွန့်လွှတ်ထား သူတွေကို ယုံကြည်နိုင်အောင် လက်တွေ့လုပ်ပြကြရမယ်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံမဲ့ အမတ်လောင်းတွေ (ကျွန်မအပါအ၀င်) ရဲ့တာဝန်ပါပဲ။

ဒီနေ့တော့ဒီမျှသာ… အောင်ဆန်းစုကြည်

ပြန်လည်ဝေမျှပေးသော ဒီမိုဖက်တီး အားကျေးဇူးတင်ရှိပါသည်.။

နို့​ဖိုး​ဒုက္ခသည်စခန်း​အနီး​ရှိ ထိုင်း​ရွာ ပစ်ခတ်ခံရ၊​ ရွာသား​အချို့​သေဆုံး

ထိုင်း​နိုင်ငံ တာ့​ခရိုင် အုန်း​ဖန်မြို့​နယ် မြန်မာဒုက္ခသည်များ​နေထိုင်ရာ နို့​ဖိုး​ဒုက္ခသည်စခန်း​အနီး​က ​ကျေး​ရွာတရွာကို အမည်မသိ လက်နက်ကိုင်​တွေ ဝင်​ရောက်ပစ်ခတ်လို့​ ရွာသား​နှစ်ဦး​ ​သေဆုံး​ပြီး​ တဦး​ ဒဏ်ရာရသွား​ပါတယ်။

မ​နေ့​ညက နို့​ဖိုး​ဒုက္ခသည်စခန်း​ ​တောင်ဘက် ၁၀ မိုင် အကွာ နယ်စပ်ဂိတ်အနီး​ ပန်း​ခလယ်ရွာရှိ ရပ်ကွက် ၉ ထဲကို အမည်မသိ တပ်တတပ်က ဝင်လာပြီး​ အိမ်​ပေါ်မှာ အိပ်​ပျော်​နေတဲ့​ ရွာသား​တွေကို ပစ်ခတ်သွား​တာလို့​ ရွာသား​တွေက ​ပြောပါတယ်။

ထိုင်း​မီဒီယာ​တွေမှာ​တော့​ မြန်မာဘက်က အမည်မသိ လက်နက်ကိုင်​တွေက ဝင်​ရောက်ပစ်ခတ်ခဲ့​တာလို့​ ​ပြောဆို​ပေမယ့်​ ဘယ်အဖွဲ့​ဆိုတာ မ​ပြောနိုင်​သေး​ပါဘူး​။

ဒီပစ်ခတ်မှု​ကြောင့်​ ထိုင်း​ လင်မယား​နှစ်ဦး​ ​သေဆုံး​ခဲ့​ပြီး​ ၁၄ နှစ်အရွယ် မိန်း​က​လေး​တဦး​ ​သေနတ်ဒဏ်ရာ​ကြောင့်​ မဲ​ဆောက်​ဆေး​ရုံ ပို့​ခဲ့​ရ​ပေမယ့်​ အ​ခြေအ​နေ မစိုး​ရိမ်ရဘူး​လို့​ ရွာသား​တွေက ​ပြောပါတယ်။

အခင်း​ဖြစ်ပွား​ရာ ​နေရာကို ထိုင်း​လုံခြုံ​ရေး​ အဖွဲ့​တွေကို လိုက်လံပြသတဲ့​ ပန်း​ခလယ်ရွာသား​ နိုင်ချတ်ချဝမ်က “ဒီဘက်က​နေ သိပ်မကြား​ရဘူး​။ လူနာနဲ့​ လိုက်သွား​တဲ့​ က​လေး​က ဒီမှာအိပ်တာ။ ​ပြောကြတာက အများ​ကြီး​လာတယ်။ ၁၀ ​ယောက်​ကျော်၊​ ၁၅ ​ယောက်ရှိတယ်။ လက်နက်လာစမ်း​တာ။ ဟိုမှာ​တွေ့​လား​ ​သွေး​တွေ စီး​ကျ​နေတာ” လို့​ ​ပြောပါတယ်။

အုန်း​ဖန်မြို့​ အုပ်ချုပ်​ရေး​မှူး​က အခင်း​ဖြစ်ပွား​ရာ ​ဒေသမှာ နယ်ခြား​ကန့်​သတ်ထား​တဲ့​ ခြံစည်း​ရိုး​တွေ မရှိ​တော့​တဲ့​အတွက် နှစ်ဘက်နိုင်ငံက လူ​တွေ အမြဲ ကူး​လူး​သွား​လာ​နေကြ​ကြောင်း​၊​ လွန်ခဲ့​တဲ့​နှစ် ဒီဇင်ဘာလကလည်း​ အခုလို အမည်မသိတပ်​တွေ ဝင်လာပြီး​ ထိုင်း​ရွာသား​နှစ်​ယောက်ကို ပြန်​ပေး​ဆွဲပြီး​ သတ်ဖြတ်သွား​တယ်လို့​ပြောပါတယ်။

မဲ​ဆောက်အ​ခြေစိုက် ထိုင်း​နယ်ခြား​စောင့်​ ရဲနဲ့​ အထူး​ ​ခြေမြန် တပ်ရင်း​တွေက ပန်း​ခလယ် ရွာက​နေ အုန်း​ဖန်မြို့​အကြား​ နယ်စပ်တ​လျှောက် မ​နေ့​ကစပြီး​ လုံခြုံ​ရေး​ တိုး​မြှင့်​ထား​ပါတယ်။

သတင်း.....DVB

မြန်မာခေါင်းဆောင်များအား ဥရောပသမဂ္ဂ ပြည်ဝင်ခွင့်ပြုပြီ

မြန်မာနိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များအား ဥရောပသမဂ္ဂနိုင်ငံများက ပြည်ဝင်ခွင့်ပိတ်ပင်ထားခြင်းကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်သော ဥရောပသမဂ္ဂနိုင်ငံ များမှ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတွင် ထိုသို့သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

"ကောင်စီက ပထမအဆင့်အနေနှင့် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ် များအား ဥရောပသမဂ္ဂဝင် နိုင်ငံ ၂၇ နိုင်ငံက ပြည်ဝင်ခွင့်ပိတ်ပင်ထားခြင်းကို ယခု ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း၊ ဆက်လက် ဖြေလျှော့ရန်ကိုမူ ဆက်လက်ဆွေးနွေးကြဦးမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာချက်တွင် ပါရှိသည်။

ထိုသို့ ပယ်ဖျက်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သိသာထင်ရှားသည့် အပြောင်းအလဲများကြောင့် ဖြစ်ကြောင်းလည်း ယင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ဥရောပသမဂ္ဂကောင်စီ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ခေါင်းဆောင် ကက်သရင်းအက်ရှ်တန် ကလည်း "အခုလ အတွင်းမှာကို အတော်ထူးခြားတဲ့ ပြောင်းလဲမှုတွေကို တွေ့လာရတယ်”ဟု ပြောကြားသည်။

၎င်းသည် ဧပြီလတွင် မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်ရန်ရှိကြောင်း သိရသည်။

သတင်း.... yangonchronicle

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နှင့် ၈၈၈၈ကျောင်းသားခေါင်းဆောင်များ ညစာစားပွဲ မှတ်တမ်းဓာတ်ပုံ










ဓာတ်ပုံများ အတွက် ကိုကျော်သူရကိုကို အားကျေးဇူးအထူးတင်ရှိပါသည်.။

25 January 2012

ပြန်လွတ်လာသည့် ဒီဗွီဘီသတင်းထောက် ကိုဝင်းမော်နှင့် မေးမြန်းချက်


၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှုကို ဗွီဒီယိုနဲ့ မှတ်တမ်းတင်ခဲ့ပြီး ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ကို ပေးပို့ခဲ့တဲ့ ဂီတသမား ရွှေသံစဉ် တီးဝိုင်းခေါင်းဆောင် ကိုဝင်းမော်ဟာ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ကျခံနေရာက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်မှာ ကျောက်ဖြူထောင်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံတွေ၊ ယုံကြည်ချက် ခံယူချက်တွေနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားပါတယ်။

ပထမဆုံးအနေနဲ့ ကိုဝင်းမော် စအဖမ်းခံရတဲ့အချိန် ၂၀၀၇ နိုဝင်ဘာ ၂၇ ရက်နေ့ ထင်တယ်။ အဲဒီနေ့မှာ ဘယ်နေရာမှာ ဘယ်လို အဖမ်းခံရတယ်ဆိုတာကို ပြောပြပေးပါလား။

“ကျနော်အဖမ်းခံရတာ Moon Bakery လက်ဖက်ရည်ဆိုင်မှာ အဖမ်းခံရတာပါ။ မြို့ထဲက ဆူးလေဘုရားလမ်းမှာ စရဖ ကလူတွေ၊ နာမည်တွေတော့ မသိတော့ဘူး။”

နောက်တော့ ဘယ်ကိုခေါ်သွားလဲ။

“၉ မိုင်လို့ ကြားတယ်။ သေချာ မသိရဘူး။ မျက်စိတွေဘာတွေ ပိတ်ပြီးတော့ ခေါ်သွားတာ။”

အဲဒီမှာ စစ်ကြောရေး ရိုက်နှက်တာတွေ ညှဉ်းပန်းနှိပ်စက်တာတွေ ရှိပါသလား။

“ကြီးကြီးမားမားတော့ မရှိဘူးဆိုပေမယ့် နည်းနည်းတော့ ရှိတယ်။ အဖွဲ့အစည်း ပေါင်းစုံ စစ်တာကို၊ ကျနော့်ကို အက်စ်ဘီက ထင်တယ်။ တချို့အဖြေလေးတွေ သူတို့လိုချင်တာ မပေးလို့ဆိုပြီး ခေါင်းကို လက်သီးနဲ့ ထိုးတာတော့ ရှိတယ်။ တခြား ကျနော့်ထက် ဆိုးတဲ့လူတွေတော့ ရှိသေးတယ်။ ဥပမာ ကိုမင်းကိုနိုင်ရဲ့ ညီ ကိုမျိုးအောင်နိုင်တို့ ဘာတို့ဆိုရင် လက်မောင်း နှစ်ဖက်လုံးပြုတ်ပြီး အင်းစိန်ထောင်ကို ရောက်လာတာ။ အဲလိုမျိုးတွေတော့ ရှိတယ်။”

နောက်တော့ သံတွဲထောင်ကို ရောက်သွားပြီးမှ ကျောက်ဖြူထောင်ကို ရောက်သွားလား။

“ဟုတ်တယ်။ အဲဒီမှာ အမိန့်ချပြီးတော့ ထောင်ကိုပြန်မပို့ဘဲ သံတွဲကိုပို့တယ်။ သံတွဲကနေ ၀န်ထမ်းတွေ၊ အရာရှိတွေ အပြောင်းအလဲဖြစ်ပြီး ကျနော်တို့ ၅ ယောက် အုပ်စုကို ထောင်တွေ ခွဲပြီး ပို့လိုက်တယ်။ တချို့က ဘူးသီးတောင်ထောင်၊ တချို့က စစ်တွေ ရောက်တယ်။ ကျနော်က ကျောက်ဖြူကို ရောက်တယ်။”

ဘယ်သူတွေနဲ့ အဓိက အနီးကပ်နေခဲ့ရလဲ။

“သံတွဲမှာဆိုရင် မျိုးရန်နောင်သိမ်း (အခုဗေဒါဖောင်းဒေးရှင်း)နဲ့ တခန်းတည်း အတူနေခဲ့ရတယ်။ ဟိုဘက်ခန်းမှာဆိုရင် စမ်းချောင်း ကိုကိုကြီး၊ ငွေကြာယံ ဆွမ်းစားကျောင်း ဆရာတော်ဦးဇာနိယနဲ့ နေခဲ့ရတယ်။ ဒါက သံတွဲမှာပေါ့။ ကျောက်ဖြူရောက်တော့ ဇော်ထက်ကိုကို၊ ဇော်မင်း (ခ) ဘောင်းဘောင်း၊ နောက် ဦးစိုင်းလှအောင် (ရှမ်းပြည်) က ၇၉ နှစ် ကျတဲ့ လူပေါ့။ သူတို့နဲ့ အတူတူ နေခဲ့ရတယ်။ လွတ်တော့လည်း အတူတူ လွတ်လာတယ်။”

သူတို့နဲ့ အတူနေခဲ့ရတဲ့အချိန်မှာ အစ်ကိုအနေနဲ့ အမှတ်တရ တခုလောက် ပေးလို့ရမလား။

“ကောင်းတာ ပြောရမယ်ဆိုရင်တော့ သံတွဲထောင်မှာ ကျနော်နဲ့ ဆရာကြီး ဦးမြင်လွင်နဲ့က ၁၀ ရက်စခန်းတွေ စပြီးလုပ်ပေးခဲ့တယ်။ ထောင်ပိုင်နဲ့ညှိပြီးတော့ ထောင်ထဲမှာ တခြားအကျဉ်းသား ရာဇ၀တ်မှုသမားများပါ ဖတ်လို့ရအောင် စာအုပ်တွေ လှူပေးခဲ့တယ်။ တရားစခန်းတွေ စပြီးဖွင့်ပေးခဲ့တယ်။ ကောင်းတာလေးတွေ လုပ်ဖြစ်ခဲ့တယ်။ ကျနော်တို့ ရောက်တုန်း ကျနော်တို့ထဲကနေ ကိုဇေယျာဦးတို့ဆိုတာ ဗကသကို အင်္ဂလိပ်စာ သင်ပေးမှုနဲ့ ကျတဲ့ ဂျာနယ်လစ်တွေ ရှိတယ်။ သူတို့တွေနဲ့ ကျနော်တို့နဲ့ ညှိပြီးတော့ အကျဉ်းသားတွေကို အင်္ဂလိပ်စာ သင်ပေးတာ၊ ကွန်ပျူတာသင်ပေးတာ။ အဲဒါမျိုးတွေ နောက်ဆုံး ရာဇ၀တ်မှုနဲ့ကျတဲ့ အကျဉ်းသားတွေ အတွက်ဆို `အ´သုံးလုံး သင်ပေးဖို့ ကျောင်းလေးတွေ ဖွင့်ပေးဖို့တွေ ကျနော်တို့နဲ့ ထောင်ပိုင်ကြီးနဲ့ အဲဒီထောင်ပိုင် တာဝန်ခံအရာရှိက ကောင်းတော့ ညှိပြီးတော့ ထောင်တွင်း တိုးတက်ရေးတော့ အများကြီး လုပ်ပေးဖြစ်ခဲ့တယ်။ အဲဒါတော့ သံတွဲထောင်ပေါ့။”

၉၆ ခု နိုဝင်ဘာလက ကျတုန်းက ထက်စာရင် အခုတကြိမ် ကျတာက တော်တော်ပြောင်းလဲ ကွာခြားသွားပြီလို့ ပြောလို့ရပြီပေါ့။

“ဒါကတော့ ပြောလို့ရပါတယ်။ ပြောလို့ရတယ်ဆိုတာက အစိုးရဘက်က သူတို့ဘာသူတို့ ပြောင်းလဲချင်လို့ ပြောင်းလဲလာတာတွေ ဘာတွေလည်း ရှိကောင်းရှိမယ်။ သို့သော် ၉၆ ခုနှစ်မှာ တော်တော် ဆိုးသေးတယ်။ နိုင်ငံရေး အကျဉ်းသားက ထောင်ထဲတွေမှာ အရိုက်အနှက်တွေ ခံနေရတယ်။ ညှဉ်းပန်း နှိပ်စက်ခံနေရတာ ကျနော်တို့ မျက်စိရှေ့တင်။ ၉၉ ခုနှစ်လောက်ကစပြီး အိုင်စီအာစီက ထောင်တွေထဲကို ၀င်ခွင့်ရပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း တိုးတက်လာတယ်။ ဥပမာ မိလ္လာစနစ်၊ ကျန်းမာရေးစနစ်၊ ဆေးဝါးကုသမှု စနစ် အကုန်လုံးပါပဲ။ အစစအရာရာပဲ။ အရင် ၉၆ တုန်းက ကျနော်တို့ ထောင်ထဲ ရောက်တုန်းက ဘုရားစာအုပ်တောင် မဖတ်ရဘူး။ စာအုပ်နဲ့ ပတ်သက်ရင် ဘာစာအုပ်မှ မဖတ်ရဘူး။ ဘာစာရွက်၊ ဘာဘောလ်ပင်မှ မကိုင်ရဘူး။ ဘာမှရှိလို့ မရဘူး။”

ကိုဝင်းမော် ပထမအကြိမ် ထောင်ကျတုန်းက ကိုမွန်းအောင်ဆိုတဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းခွေမှာပါတဲ့ `ဧည့်ဆိုး´ သီချင်း၊ နောက် အေအေပီပီက နောက်ဆုံးထုတ်ခဲ့တဲ့ `ချယ်ရီ´ သီချင်းတို့ ထောင်ထဲမှာ ဖန်တီးဖြစ်ခဲ့တယ်။ အခုကော အဲဒီလို သီချင်းမျိုးကော ထောင်ထဲမှာ ရေးဖြစ်ခဲ့လား။

“ရေးဖြစ်ခဲ့ပါတယ်။ ပထမ တခေါက်တုန်းကတော့ ဂစ်တာတွေ ဘာတွေ သိပ်အဆင်မပြေဘူး။ ကိုယ့်ဘာကိုယ် လုပ်ရတာ။ ဒီတခေါက်တော့ တာဝန်ခံ အရာရှိတွေကို တင်ပြပြီးတော့ သံတွဲမှာ ဂစ်တာတွေ ဘာတွေပါ တောင်းခွင့်ရတယ်။ ထောင်ပိုင်ကိုယ်တိုင်က ဂစ်တာဝယ်ပေးတယ်။ ပြီးတော့ ကိုယ့်ရဲ့ ဘ၀တူ အကျဉ်းသားတွေကို ပြန်သင်ပေးခွင့် ရခဲ့တယ်။ အဲဒီမှာ ဂစ်တာလေးရှိတော့ ပိုရေးဖြစ်တာပေါ့။”

ဘယ်သီချင်းလဲ။ နာမည်လေး ပြောပြပေးလို့ ရမလား။

“ကျနော် ဒီတခေါက် we shall over come ဆိုတာ မာတင်လူသာကင်းကို ဂုဏ်ပြုထားတဲ့ သီချင်းလေးရှိတယ် မူရင်း။ အဲဒါလေးကို ဘာသာပြန်ပြီးတော့ မြန်မာမှုပြုခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့ တောင်ငူမှာတုန်းက Freedom from Fear ဆိုတာကို ကျောင်းသားလေးတွေ ၂ ယောက်၊ ၃ ယောက်လောက် ပေါင်းရေးထားတာ ရှိတယ် အင်္ဂလိပ်လို။ အဲဒါကို ဒီတခေါက် အထဲထဲ ကျမှပဲ မြန်မာမှုလေး ပြန်ပြုပြီးတော့ ရေးစပ်ခဲ့တယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ Freedom from Fear ကို မှီငြမ်းထားတာ။ ရှင်သန်လွတ်မြောက်ခြင်းလို့ ပေးထားတယ်။ ဒီဗွီဘီက ၂၀၀၇ တုန်းက တောက်လျှောက်လွှင့်နေတဲ့ ကော်နီ သီချင်းကလည်း တောင်ငူမှာ ရေးခဲ့တာ။ အဲဒါတွေအားလုံးက ပြန်ထွက်မှ အကုန်လုံး အချောလုပ်မှာလေ။ ပထမ ဒီမိုဗားရှင်းတွေပဲ ပေးထားတာတွေက တချို့သူငယ်ချင်း မိတ်ဆွေတွေက တင်ပေးတာ ပေး။ ဖေ့စ်ဘုတ်ပေါ် တင်ပေးတာတင်၊ သတင်းဌာနတွေ ပို့တာပို့၊ အဲလို လုပ်ပေးကြတယ်။”

ဂီတာသမား တယောက်ကနေ စစ်အာဏာရှင် ဆန့်ကျင်တဲ့ တော်လှန်ရေးသမားတယောက် ဖြစ်ခဲ့တယ်။ နောက် ဗွီဒီယို သတင်းသမား အဖြစ် ပတ်သက်ပြီး ထောင်တွေကျခဲ့တယ်။ ဘာကြောင့် ဒီလိုမျိုး အပြောင်းအလဲတွေ ဖြစ်ခဲ့ရတာလဲ ခင်ဗျာ။

“တိုတိုလေး ပြောရင်တော့ နိုင်ငံသားတိုင်းက ဒီမိုကရေစီမှာ တာဝန်ရှိကြတာပဲလေ။ ဘယ်သူမဆိုပေါ့။ အဲဒီမှာ ကျနော်တို့ ဂီတာသမား တယောက်မှာလည်း တာဝန်ရှိတာပဲ။ ကျနော်တို့ဆို ဒီဟာကြီးကို ရဖို့တောင်းဆိုမယ်၊ ပူးပေါင်းဆောင်ရွက်ကြမယ်။ တော်လှန်ရေးတွေလုပ်ကြ၊ အဲဒါကြောင့် ဒီအသီးအပွင့်တွေက နောင်တချိန်မှာ ကျနော်တို့ သားစဉ်မြေးဆက် ခံစားရမှာလေ။ လူတိုင်းမှာ တာဝန်ရှိတာပေါ့။ အဲဒီအတွက်ပါ။ ဒါကတော့ တိုတိုလေး ပြောလိုက်တာပေါ့။ ကျနော်တို့ ကိုးကွယ်တဲ့ ရတနာသုံးပါးကို ဦးထိပ်ထားတဲ့ သံဃာတော်တွေကို လမ်းမပေါ်မှာ ရက်ရက်စက်စက် လုပ်နေတာတွေကို ကျနော်တို့ မြင်ရတဲ့အခါမှာ ဒါတွေကျတော့လည်း မခံစားနိုင်ဘူး။ ဒီအတွက် ကျနော်တို့ မီဒီယာအနေနဲ့ ၀င်ရောက် ပါဝင်ပြီးတော့ ဒီဗွီဘီကို သတင်းတွေပေးပို့တယ်။ ဒါက ကမ္ဘာ့မိသားစုကြီးကို သိစေချင်လို့ ကျနော်တို့ လုပ်နေကြတာ။ ကျနော်တို့တွေက သတင်းထောက်သက်သက် လုပ်နေတာ မဟုတ်ဘူး။ ကျနော်တို့က နိုင်ငံအတွက် တာဝန်တခု ထမ်းဆောင်ကြမယ်လို့ လုပ်ကြတာ။ ပိုဆိုးတာက ရတနာသုံးပါးထဲက တပါးကို ရက်ရက်စက်စက် ချေမှုန်းတာကြီးကို ကျနော်တို့ မကြည့်ရက်ဘူး။ ကျနော်တို့ဆို ဗွီဒီယို တည်းဖြတ်လုပ်ရင်းနဲ့ မျက်ရည်တောင်ကျတယ်။ အဲဒီအကြောင်းတွေ သမီးကို ပြောပြတော့ သမီးရဲ့ သမ္မတကြီးထံ အိတ်ဖွင့်ပေးစာထဲမှာ အဲဒီအကြောင်းလေးတွေ ပါလာပါတယ်။”

အစ်ကို ပေးပို့ခဲ့တဲ့ မှတ်တမ်းတွေနဲ့ပဲ ဘားမားဘီဂျေ ရုပ်ရှင်မှတ်တမ်းဆိုပြီး ကမ္ဘာမှာ တော်တော် အောင်မြင်ခဲ့တယ်။ အော်စကာ နောက်ဆုံးစကာတင် အဆင့်တောင်မှ ပါခဲ့တယ်။ ဒါကြောင့်လည်း အစ်ကိုအနေနဲ့ ထောင်ဒဏ်တွေပိုပြီး အပြစ်ပေးခံရတာလည်း ကြားရတယ်။ ဒီအပေါ်မှာ အစ်ကိုအနေနဲ့ ဘယ်လိုမျိုး ခံစားခဲ့ရလဲခင်ဗျ။ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး အစ်ကိုရဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍ

“အဲဒီတုန်းက ကျနော်တို့က ဒီဗွီဘီအတွက် ပြည်တွင်းမှာရှိတဲ့ လူတွေ ရိုက်ကြတဲ့အချိန်မှာ ကျနော်တို့လူငယ်တွေ အုပ်စုလေးတွေ ရှိတယ်။ အကုန် ရိုက်ကြတယ်။ ကျနော်တို့ ကတ်တွေက ရန်ကုန်မှာတော့ အများဆုံးပေါ့။ နေရာလေးတွေ တာဝန်ခွဲပြီး ယူကြတယ်။ မြို့ထဲဆူးလေမှာ ဂျပန်ကြီး သတင်းထောက် အပစ်ခံရတဲ့ ကတ်က ကိုအောင်ကြီးတို့၊ အဲလိုမျိုးပေါ့။ ကျနော်က ဘုရားပေါ်မှာ တာဝန်ယူထားတယ်။ တချို့တွေက ငွေကြာယံဘက်၊ အဲလိုပေါ့။ ဖြစ်နေတဲ့ နေရာတွေမှာ လူစုတွေခွဲပြီး လုပ်ကြတော့ အစိတ်အပိုင်းတွေ အားလုံးက တနည်းတဖုံနဲ့တော့ အဲဒီကတ်တွေ အားလုံးကတော့ ပြန်သုံးထားကြတယ်။ ဆိုလိုတာက အဲဒီအတွက်က တိုင်းပြည်အတွက် လုပ်ကြတာပဲလေ။ အဓိကတော့ စစ်အစိုးရတွေရဲ့ မတရား လုပ်ရပ်တွေကို ကမ္ဘာ့မိသားစုကြီး သိအောင် လုပ်ကြတာပဲ ဆိုတော့ ကောင်းပါတယ်။ အောင်မြင်သွားတယ်ဆိုတာ ကျနော်တို့လည်း ကျေနပ်တာပေါ့။ ကျနော်တို့ကို နှစ် ထပ်တိုးတာတို့၊ နိုင်ငံတော်အစိုးရကနေ ကျနော်တို့ကို ပိုပြီိးအငြိုးတွေ ကြီးသွားတာတို့ ဒါတွေကတော့ ဖြစ်လာလည်း မတတ်နိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ ဒီမှာ ဒီလို ရက်ရက်စက်စက် ကျူးလွန်မှုကြီး တခုက ဖြစ်ခဲ့တယ်ဆိုတာ ကမ္ဘာ့မိသားစုကြီး သိဖို့တော့ အရေးကြီးတယ်လေ။ အဲဒါကြီး သိသွားတယ်ဆိုရင် ကျနော်တို့ တာဝန်ကျေတယ်လို့ အဲလိုခံစားရတယ်။”

နောက်ဆုံး ကျနော်မေးချင်တာက ကိုဝင်းမော်အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာလုပ်သွားမလဲ။ ဂီတသမားအဖြစ်ပဲ ဆက်လက် ရပ်တည်သွားမလား။ ရွှေသံစဉ် တီးဝိုင်းကိုပဲ ပြန်ပြီးတော့ ထူထောင်သွားမလား။ ဒါမှမဟုတ်ရင် ဗွီဒီယို သတင်းထောက်အဖြစ် ရပ်သွားမလား။

“အဓိကတော့ ကျနော်တို့ ပရော်ဖက်ရှင်နယ်က ဂီတပဲလေ။ ဂီတကို ဆက်လုပ်မှာပါ။ ဒါပေမယ့် ဟိုးကတည်းက အောင်မြင်ခဲ့တဲ့ အလင်္ကာဆိုပြီးတော့ ကျနော် တီးခဲ့သေးတာကို၊ ပထမအကြိမ် ပြန်လွတ်လာတော့။ ရွှေသံစဉ်နာမည်ကို သုံးခွင့်မပေးဘူး။ အဲဒီအတွက် အလင်္ကာဆိုပြီး ထောင်ခဲ့တာ။ ခုတော့ တော်တော် ပွင့်လင်းလာပြီဆိုတော့ ကျနော်တို့ ရွှေသံစဉ်နာမည်နဲ့ ပြန်သုံးဖို့ နိုင်ငံရေးလောကက သူငယ်ချင်း မိတ်ဆွေတွေကော၊ ဂီတလောကက မိတ်ဆွေတွေ အားလုံးက တိုက်တွန်းကြတဲ့အတွက် အခု ရွှေသံစဉ်နာမည်နဲ့ လာမယ့် ၂ ရက်နေ့လား၊ ၄ ရက်နေ့လား မသိဘူး။ မျှော်စင်ကျွန်းမှာ မဖြူဖြူသင်းရဲ့ အေအိုင်ဒီအက်စ် ရန်ပုံငွေပွဲကနေစပြီးတော့ ရွှေသံစဉ်နာမည်နဲ့ ပြန်တီးဖို့ လုပ်ထားတယ်။ ဂီတတော့ အဓိက နံပါတ်တစ်ပေါ့။ ကျန်တာတော့ ခဏနည်းနည်းလေး နားချင်သေးတယ်။ မိသားစုနဲ့ နားချင်သေးတယ်။ ကျနော့်အဖေဆိုရင် အသက် ၈၉ နှစ်ရှိပြီ။ ကျနော့်မိဘတွေနဲ့ မိသားစုနဲ့ ခဏနွေးနွေးထွေးထွေး။ သားသမီးတွေနဲ့ ဆိုရင်လည်း ပထမအကြိမ်၊ ဒုတိယအကြိမ် ၂ ကြိမ်လုံးမှာ ၁၀ နှစ်လောက် ခွဲခွာနေခဲ့ရတာဆိုတော့ သူတို့နားမှာ ခဏလောက်တော့ နေပေးချင်တယ်။”

သတင်း....DVB

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေး၏ အချက်အချာကျသော ပုဂ္ဂိုလ်ဖြစ်လာ




(Times of India မှ 23 January 2012 ရက်စွဲပါ AFP ၏ Suu Kyi becomes key to complex Myanmar politics ကို YC မှဘာသာ ပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် အရေးပါသောကဏ္ဍတွင် တိုး၍ ပါဝင်လာလျက်ရှိသည်။ သူမသည် စောင့်ကြည့်လေ့လာသူများကို အံ့အားသင့်စေခဲ့သော ပြုပြင်ပြောင်းလဲရေးများ လုပ်ခဲ့သူ ဗိုလ်ချုပ်များကို ထောက်ခံလျက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီး ရက်မကြာမီတွင် နေအိမ်အကျယ်ချုပ်မှ လွတ်လာခဲ့ပြီး ထိုအချိန်မှစ၍ အရေးပါသောနေရာတွင် ရောက်လာခဲ့သည်။ သူမသည် ပြီးခဲ့သည့်နွေရာသီက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြင့် ဧပြီလ ၁ ရက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။ အသက် ၆၆ နှစ်ရှိပြီဖြစ်သော သူမအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်လာခြင်းသည် ယခင်စစ်အစိုးရ၏ ခေါင်းဆောင်မှုချဉ်းကပ်ပုံမှ ကွဲထွက်ပြီး သမိုင်းဝင် အပေါင်းလက္ခဏာ ဆောင်သောပြောင်းလဲမှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အရေးယူမှု ချမှတ်ထားသော အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို နွေးထွေးလာစေသည်။ စောင့်ကြည့်လေ့လာသူများက ပြောကြားရာတွင် အစိုးရသစ်၏ ပါဝါချိန်ခွင်လျာသည် ပြုပြင်ပြောင်းလဲရေးသမား အငြိမ်းစားဗိုလ်ချုပ်ကြီးနှစ်ဦး ဖြစ်သည့် ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့အပေါ်တွင်သာ ရှိနေရာမှ ဒေါ်အောင်ဆန်းစုကြည်သည် တတိယ ပလေယာတစ်ဦး ဖြစ်လာသည်ဟု ဆိုကြသည်။

“စစ်တပ်က မျိုးဆက်သစ်တွေဟာ သူမနဲ့အတူတကွ အလုပ်လုပ်ဖို့ နည်းလမ်းရှာဖွေခဲ့ပြီး သူမကလည်း အဲဒီ မျိုးဆက်သစ်တွေနဲ့ အတူ အလုပ်လုပ်ဖို့ သဘောတူခဲ့ပါတယ်” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။ “ဘဝမှာ တစ်ခါသာ ရနိုင်တဲ့ ပြောင်းလဲမှုအတွက် အခွင့်အလမ်းကို ကျွန်တော်တို့ ပထမဆုံးတွေ့ရပါပြီ” ဟု ယင်းက ဆိုသည်။

ယခင်စစ်အစိုးရတွင် နံပါတ်သုံးခေါင်းဆောင်ဖြစ်ခဲ့သူ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းသို့ ရောက်လာမည်ကို ကြိုဆိုကြောင်း အခမ်းအနားတချို့တွင် ပြောကြားခဲ့သည်။ ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလွန်မုန်းတီးသဖြင့် နှစ်ပေါင်းများစွာ အကျဉ်း ချထားခြင်း ခံရသော ဒေါ်အောင်ဆန်းစုကြည်အဖို့ ဦးရွှေမန်း၏ မှတ်ချက်မှာ အလွန်ကြီးမားသော နိုင်ငံရေးအရ ပြန်လည်မွေးဖွားခြင်း အထိမ်းအမှတ်ပင် ဖြစ်သည်။

ဦးသန်းရွှေသည် တရားဝင်အနားယူသွားပြီဟု ဖော်ပြကြသော်လည်း ဩဇာရှိနေဆဲဟု အများက ယုံကြည်လျက် ရှိသည်။ စောင့်ကြည့်လေ့လာသူ များက အလေးအနက်ထား ပြောကြားသည့်အချက်မှာ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ အချိန်မရွေး ပျက်သွားနိုင်ကြောင်း၊ စစ်တပ်တွင်း ပြောင်းလဲမှုများအတွက် တုန်လှုပ်ပြီး စိုးရိမ်နေမည် ဖြစ်ကြောင်း ဆိုသည့်အချက်ဖြစ်သည်။ အများစုက ပြုပြင်ပြောင်းလဲရေးသမားများ အောင်မြင်မည် သို့မဟုတ် မအောင်မြင်မည်ကို သတိဖြင့် စောင့်ကြည့်လျက်ရှိသည်။ ယခုစနစ်သစ်သည် အများ၏ အားကောင်းစွာ ထောက်ခံမှုရရေးအတွက် စီးပွားရေးအရ အောင်မြင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေလျက် ရှိသည်။ ထို့ကြောင့် အစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံပံ့ပိုးမှုနှင့် အရေးယူမှုများ ရုတ်သိမ်းသွားရန် လိုလားလျက်ရှိသည်။ ထိုကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာလွှမ်းမိုးမှုမှာ ကြီးမားလှသည်။ သူမအပေါ် အီးယူနှင့် အမေရိကန် တို့က သဘောကျလေးစားလျက်ရှိရာ ပြည်သူ့အမြင်အတွက် သူမသည် အားကောင်းစွာ ဩဇာလွှမ်းမိုးလျက်ရှိသည်။

“ကျွန်တော်တို့က သူမကို ဗီတိုအာဏာ လုံးဝပေးတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် သူမ ယုံကြည်စိတ်ချတာနဲ့အမျှ ကျွန်တော်တို့ကလည်း စိတ်ချယုံကြည်မှာပါ” ဟု ဆီနိတ်တာ Joseph Lieberman က မကြာသေးမီက ဘန်ကောက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ မကြာသေးမီလများအတွင်းက သူမသည် နိုင်ငံခြားမှ ခေါင်းဆောင်များ လာရောက်သည့်အခါ မရှိမဖြစ် ဆွေးနွေးဖက် ဖြစ်လာခဲ့ပြီး ထိုအခါမျိုးတွင်လည်း သူမအနေဖြင့် အစိုးရအား မဝေဖန်မိအောင် သတိထားဆွေးနွေးသည်ကို တွေ့ရသည်။ “သူမဟာ ထင်ရှားတဲ့ ဇာတ်ကောင်တစ်ဦး (Icon) ဘဝကနေ အန္တရာယ်တွေပါဝင်နေတဲ့ မရှောင်သာတဲ့ ဝိရောဓိတွေကြားမှာ နိုင်ငံရေးသမားတစ်ဦးအဖြစ် အသွင်ပြောင်းသွားပါတယ်” ဟု သူမထံ မှန်မှန်လည်ပတ်လေ့ရှိသော စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

ဖခင်ဖြစ်သူဦးရွှေမန်းအား ကူညီလုပ်ကိုင်ပေးနေသော သားဖြစ်သူ ဦးတိုးနိုင်မန်းက အစိုးရ၏ ထိပ်တန်း ပြုပြင်ပြောင်းလဲရေးသမားနှစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်ရေးသည် တိုင်းပြည်အနာဂတ်အတွက် သော့ချက်ဖြစ်သည်ဟု ယုံကြည်ထားသည်။ “သူတို့သုံးဦးဟာ နောက်ထပ်ငါးနှစ် အတူတကွ အလုပ်လုပ်နိုင်ပါသေးတယ်။ ဒါဟာ သူတို့ရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော အခွင့်အရေးပါပဲ။ ဒီအခွင့်အလမ်းကို ယူနိုင်မယူနိုင် ဆိုတာကတော့ သူတို့အပေါ် တည်ပါတယ်။” ဟု ယင်းက AFP သို့ ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်နှင့် စကားပြောပြီးနောက် နိုင်ငံရေး ပင်မရေစီးကြောင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ အချို့ကောလဟာလများက သူမသည် မကြာမီ အစိုးရအဖွဲ့တွင်းသို့ ရောက်ရှိနိုင်သည်ဟု ဆိုသော်လည်း မဖြစ်နိုင်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

ဗိုလ်ချုပ်ကြီးများသည် ပါလီမန်ဒီမိုကရေစီကို သယ်ဆောင်လာသူများဖြစ်သော်လည်း ဥပဒေပြုရေးတွင် စစ်တပ်မှ လွှမ်းမိုးနေဆဲ ဖြစ်ရာ သူမ အနေဖြင့် အခန်းကဏ္ဍသစ်အတွက် အလျင်အမြန်လေ့လာနေရသည်။ “ဒေါ်အောင်ဆန်းစုကြည်အဖို့ သူတစ်ခါမှမကြုံဖူးတဲ့ အခြေအနေကို ရောက်နေပါတယ်” ဟု စောင့်ကြည့်လေ့လာသူမှာ ဆိုသည်။ သို့သော်သူမသည် ဒီမိုကရေစီလှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေရန်လည်း ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားသည်။ ထိုကိစ္စကို NLD မှ ခွဲထွက်ထားသော အမျိုးသားဒီမိုကရေစီအင်အားစု (NDF) မှ အဖွဲ့ဝင်များက ခါးသီးသော်လည်း ထိုလမ်းကို သိရှိထားပြီဖြစ်သည်။ NDF က NLD သည် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်းကို မှားယွင်းသည်ဟု ယုံကြည်သူများဖြစ်သည်။

NDF ခေါင်းဆောင်ဦးခင်မောင်ဆွေက ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးကတည်းက ယင်းတို့နှင့် အဆက်အသွယ်မရှိခြင်းအပေါ် နားမလည်ဖြစ်ရကြောင်း ဆိုသည်။ လွန်ခဲ့သော တစ်နှစ်ခွဲကတည်းက ဝင်ခဲ့မည်ဆိုပါက အသိအမှတ်ပြုလိမ့်မည်ဖြစ်ကြောင်း ယင်းက ပြောသည်။ “အဲဒီအချိန်တုန်းက မင်းတို့မှန်ပါတယ်။ ငါတို့ မှားခဲ့ပါတယ်လို့ ပြောဖို့အင်အား ရှိမယ်မထင်ပါဘူး” ဟု ဦးခင်မောင်ဆွေက ပြောသည်။ “သူမဟာ ကျွန်တော်တို့ထက် အများကြီး ကြီးကျယ်တဲ့သူပါ။ ကျွန်တော်တို့ကို တွေ့ဖို့အချိန်ရမယ် မထင်ပါဘူး။” ဟုလည်းဆိုသည်။ သို့သော် သူမသည် အတိုက်အခံတို့၏ စစ်မှန်သော ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ကြောင်း ဝန်ခံသည်။ “ပြည်သူတစ်ရပ်လုံး အပေါ်မှာ ဩဇာလွှမ်းမိုးနိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးစတင်


NLD ပါတီမှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေး လုပ်ဆောင်မှုများကို ဇန်န၀ါရီလ ၂၉ရက်နေ့မှစတင်၍ ထားဝယ်သို့ နေ့ချင်းပြန်သွားမည်ဖြစ်ပြီး ကျန် တိုင်းနှင့်ပြည်နယ်များကိုလည်း သွားရောက်ရန်ရှိသေးကြောင်း သိရသည်။

ထိုသို့ နယ်လှည့်ခရီးသွားရာတွင် ဖေဖော်ဝါရီလ ၄ရက်နေ့နှင့် ၅ရက်နေ့တွင် မန္တလေးသို့ တစ်ညအိပ်ခရီးနှင့် ၇ရက်နေ့တွင် ပုသိမ်မြို့သို့ နေ့ချင်းပြန် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

“ဒီခရီးတွေက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် သွားမှာမဟုတ်ဘဲ ဝင်ပြိုင်တဲ့နေရာတွေကို သွားရောက်လေ့လာ စည်းရုံးရေးဆင်းမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ မဲဆွယ်တဲ့အပိုင်းကို သေချာစိစစ်ပြီးမှ လုပ်ခွင့်ရှိမှာဖြစ်တယ်”ဟု NLD ပါတီမှ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ထို့ပြင် ယင်းခရီးစဉ်များအား သက်ဆိုင်ရာအသီးသီးသို့ အသိပေးမှုများပြုလုပ် မည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေးကိစ္စများကို NLD မှ တာဝန်ယူမည်ဖြစ်ကြောင်း ၎င်းမှ ထပ်မံပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအား တရားဝင်လုပ်ဆောင်ခွင့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအား မှတ်ပုံတင်ခဲ့ပြီး ဦးစွာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်းတွင် ပါတီရုံးခွဲများကို ဖွင့်လှစ်ပြီး စည်းရုံးရေးအတွက် ဟောပြာမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

သတင်း..... yangonchronicle

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နှင့် ၈၈၈၈ ကျောင်းသားခေါင်းဆောင်များ

၂၂ နှစ်တာကာလအတွင်း ၈၈၈၈ ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေ ၆ နာရီက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းအတွင်းပထမဆုံးအကြိမ် ညစာစားပြီး တွေ့ဆုံကြသည်။

ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ နှင့်အတူ (၀ဲယာ) ကိုပန်ဏ္ဍိတ်ထွန်း၊ ကိုအောင်သူ၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုကိုကြီး (ကေကျူ)၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်(ခ)ကိုပေါ်ဦးထွန်း၊ ကိုဋ္ဌေးကြွယ်၊ ကိုအံဘွယ်ကျော် (ကိုဘွယ်ကြီး)၊ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုတို့ ဖြစ်ကြပါသည်.။

ဓာတ်ပုံ ....NLD

ကိုငြိမ်းလူ(ခ) ကိုသက်နွယ် ဈာပန အခမ်းအနား

Heading PP

ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ်။







ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသော ၈၈ ကျောင်းသားများသည် သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးသည့်နောက် မိမိတို့ယုံကြည်ချက်အတိုင်း ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ဆက်လက်ချီတက် လျှောက်လှမ်းကြမည်ဖြစ်သည့်အတွက် အကျဉ်းထောင်အတွင်း ခံစားခဲ့ရသော ကျန်းမာရေးဝေဒနာများကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌ အသီးသီးလာရောက်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

၂၄.၁.၂၀၁၂ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ ကိုသက်နွယ် အသက် (၅၄)နှစ်၏ ရုပ်အလောင်းအား မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကို နိုင်နှင့် အဖွဲ့သည် သွားရောက်ခဲ့ပြီးသည့်နောက် မြောက်ဒဂုံမြို့နယ်ရှိ ဝဋ်ကြွေးတော်ပြေ ဆရာတော်ကြီး အား သွားရောက်ဖူးမြော်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက် ၍ လေ့လာခဲ့ကြသည်။ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တွေ့ဆုံစကားပြောဆိုပြီးသည့်နောက် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ လုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံရှင်းလင်းပြသခဲ့ကာ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အချိန်မအားလပ်သည့်ကြားမှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သွေးဖောက်၍ ကျန်းမာရေးစစ်ဆေးမှုကို ခံယူခဲ့သည်။ ကိုမင်းကိုနိုင် သွေးဖောက်စစ်ဆေးစဉ် ဥက္ကဋ္ဌ ဦးကျော်သူမှ “ကိုပေါ်ဦးရဲ့သွေးက ကျွန်တော်တို့ထက်ရဲတယ် .. ဟေ့” ဟု ပြောကြားခဲ့ရာ အဖွဲ့သား အားလုံးတို့အတွက် အားဆေးတစ်ခွက် တိုက်ကျွေးခဲ့ရသလို ဖြစ်တော့သည်။

ကျန်းမာရေးစစ်ဆေးရန် ကျန်ရှိသော ၈၈ ကျောင်းသားအဖွဲ့များအားလည်း မိမိတို့ အားလပ်သည့် နေ့ရက်၊ အချိန်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်၍ သွေးဖောက်ခြင်း၊ ECG၊ Ultra Sound၊ ဓါတ်မှန်ရိုက်ကူးခြင်းတို့အပြင် သက်ဆိုင်ရာဆရာဝန်ကြီးများနှင့် ဆေးဝါးကုသမှုများကိုလည်း ပြုလုပ်ပေးလျှက်ရှိပါသည်။

24 January 2012

ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေးအလွဲသုံးစားမှုနှင့် စပ်လျဉ်း၍တွေ့ ဆုံမေးမြန်းခန်း

ငွေလိမ်လည်မှုအခြေအနေ ဥပဒေရှုဒေါင့် အမှုအသွားအလာ ဒီမိုကရက်တစ်မြန်မာ့အသံ အကျိုးဆောင်ရှေ့နေရဲ့ ရှင်းလင်းချက်။

မဲဆောက်ရှိ မြန်မာ့အရေး လုပ်ရှားသူများထဲတွင် ပထမဆုံး ပြည်တော်ပြန်သူရွှေ့ပြောင်းဆရာမဒေါ်စန္ဒာဝင်း


မြန်မာအစိုးရ၏ ဖိတ်ခေါ်မှုကြောင့် ထိုင်း-မြန်မာ နယ်စပ်မဲဆောက်အခြေစိုက် ရွှေ့ပြောင်းမြန်မာ ပညာရေးဌာနမှ ဆရာမ ဒေါ်စန္ဒာဝင်းသည် ယနေ့ ညနေပိုင်းက မဲဆောက်-မြ၀တီလမ်းကြောမှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သွားသည်။

ဒေါ်စန္ဒာဝင်းက “အစိုးရရဲ့ ဖိတ်ခေါ်မှုကြောင့် ကျမ ပြန်တာပါ။ မပြန်ခင် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကိုလည်း အဆက်အ သွယ် လုပ်ခဲ့ပါတယ်။ အဓိက ကျမတို့မိသားစု ပြန်လည်ပေါင်းစည်းရေးအတွက် ပြန်တာပါ။ ဒီဘက်မှာရှိတဲ့ နိုင်ငံရေးအခြေအ နေတွေကိုတော့ လောလောဆယ် ဘာမှတ်ချက်မှ မပေးလိုပါဘူး။ မြန်မာနိုင်ငံထဲ ပြန်ရောက်မှပဲ နိုင်ငံရေးခံစားချက်တွေကို ပြောတော့မယ်။”ဟု ဆိုသည်။

ဒေါ်စန္ဒာဝင်းသည် မဲဆောက်ရှိ မြန်မာ့အရေး လုပ်ရှားသူများထဲတွင် ပထမဆုံး ပြည်တော်ပြန်သူဖြစ်ပြီး သူမပြန်မည့်အကြောင်း ကို လုပ်ဖေါ်ကိုင်ဘက်များအား ကြိုတင်အသိပေးခဲ့ပြီးနောက် ခင်ပွန်းသည်ဖြစ်သူ ဦးမြင့်ဦးက လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဒေါ်စန္ဒာဝင်းသည် မဲဆောက်တွင် မြန်မာနိုင်ငံ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကော်မတီ CPPCR တွင် ရုံးအုပ် အဖြစ်လည်းကောင်း၊ မြန်မာရွှေ့ပြောင်းကျောင်းဆရာများအဖွဲ့ BMTA ၌ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အမေ့အိမ်နှင့် လှည်းဘီးကျောင်းများတွင် ကျောင်းဆရာမ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါ်စန္ဒာဝင်း၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သည့် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်က “သူမပြန်ခင် ကျမကိုပြောတာက အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် လည်း ရွေးကောက်ပွဲဝင်တော့ မယ်။ မြန်မာနိုင်ငံမှာ လည်း နိုင်ငံရေးအရ ပြောင်းလဲမှုတွေရှိလာတဲ့အတွက် ပြန်တာလို့ ပြောပါတယ်။ ကျမအမြင် ကတော့ မြန်မာ့အရေး လုပ်မဲ့သူတွေဟာ သူတို့ ကျွမ်း ကျင်ရာဘာသာအလိုက် ဘယ်မှာပဲလုပ်လုပ် အခက်အခဲမရှိနိုင်ဘူးလို့ ထင်တယ်။”ဟု ပြောသည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မကွေးတိုင်း အမျိုးသမီးဥက္ကဌ ဒေါ်စန္ဒာဝင်းသည် ပြည်ပတွင် မြန်မာ့ဒီမိုကရေစီ ရရှိ ရေးအတွက် ပိုမို ဆောင်ရွက်နိုင်ရန် ထိုင်း-မြန်မာနယ်စပ်သို့ ၂၀၀၅ခုနှစ်က ထွက်လာခဲ့ပြီးနောက် ပညာရေးဌာနတွင် ၇နှစ်ခန့် လုပ်ကိုင်ပြီး ယနေ့တွင် ပြည်တော်ပြန်ခြင်းဖြစ်သည်။

သမတဦးသိန်းစိန်က ပြည်ပရောက် မြန်မာများကို ပြန်တော်ပြန်ရန် ဖိတ်ခေါ်ခဲ့ပြီးနောက် ၅လခန့်အကြာတွင် ထိုင်းနိုင်ငံအခြေ စိုက် မြန်မာ့အရေးလှုပ်ရှားသူများက မြန်မာသံရုံးနှင့်ဆက်သွယ်ကာ မြန်မာနိုင်ငံသို့ အပြီးအပိုင် ပြန်သွားသူများနှင့် ခေတ္တ ပြန် သွားသူများ အရေအတွက်မှာ ၁၅ဦးခန့်ရှိပြီး ဖြစ်သည်။

သတင်း .....(ကေအိုင်စီ)

ဇန္နဝါရီလ ၂၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈၊၉၆၊၉၈ ကျောင်းသားများ တွေ့ဆုံ










ဇန္နဝါရီလ ၂၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈၊၉၆၊၉၈ ကျောင်းသား လူငယ်ဘဝနှင့်ဖြတ်သန်းပြီး အကျဉ်းထောင်အသီးသီးတွင်ကျခံခဲ့သောသူများ ဖြစ်ကြပြီး စုစုပေါင်း (၃၅) ဦး ဖြစ်ကြပြီး ၉၈-၉၉ မှ ကျောင်းသား (၇)ဦးပါဝင်ခဲ့ပါသည်.။ ၁နာရီနှင့် ၁၅မိနစ်ကြာမြင့်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ် ။

ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။

တကယ့်ကို ရဲရင့်သော မျိုးချစ်အာဇာနည် ရဟန်းတော်တစ်ပါးအတွက် အမြဲဂုဏ်ယူလျှက်ပါ။


22-1-12 နေ့ ၊ နံနက်(၁၀း၃၀)တွင် မစိုးရိမ်တိုက်သစ် နာယက (၁၃)ပါးနှင့် အတူ ဆရာတော် ဦးဝိစိတ္တသာရ (ဦးဝီရသူ) သည် ကံဆောင် သိမ်ဝင် မည် ဖြစ်သည်။

ပြန်လည်ဝေမျှပေးသော ကိုရဲရင့်ကျော် အားကျေးဇူးတင်ရှိပါသည်.။

လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်လာသော သံဃာတော်အရှင်သူမြတ်(၄၁)ပါးအား ဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပြု


ယနေ့နံနက် ၉နာရီတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်လာသော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတော်အရှင်သူမြတ်အပါး (၄၁)ပါးအား ဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပွဲအခမ်းအနားကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ အနော်ရထာလမ်း အတွင်းရှိ မကွေးပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အရှင်ဂမ္ဘီရ (မဂ္ဂင်ကျောင်း)အပါအဝင် သံဃာအပါး(၄၁)ပါးမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရွှေဝါရောင်အရေးခင်းတွင် ပါဝင်ခဲ့သောကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော သံဃာတော်များဖြစ်သည်။

‘အားလုံးက မေတ္တာတရားတွေနဲ့ချည်း သွားကြမယ်။ တစ်ဖက်က ဒီမိုကရေစီပေးနေပြီ တစ်ဖက်ကလဲ စစ်မှန်တဲ့ ဒီမိုကရေစီတွေကို ထပ်တောင်းဆိုနေကြပြီ။ ဒီမိုကရေစီချင်းဆိုတာ မတူစရာအကြောင်းမရှိပါဘူး။ အားလုံးတူညီလို့ရှိရင် ပေါင်းသင်းလို့ရတာချည်းပါပဲ။ ဖြူစင်တဲ့ သန့်ရှင်းတဲ့ အစိုးရကြီးပေါ်ပေါက်လာပါစေလို့ ဘုန်းကြီးတို့ မျှော်လင့်ပါတယ်’ ဟုမကွေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန ဦးပါမောက္ခ မှ မိန့်ကြားသည်။

ထို့နောက် အရှင်ဂမ္ဘီရမှ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီနိုင်ငံတစ်ခုမှာ နိုင်ငံရေးအကျဉ်းသားလုံးဝမရှိကြောင်း အကယ်၍ရှိခဲ့ပါက နိုင်ငံရေးမငြိမ်မသက် ဖြစ်တတ်ကြောင်း ထိုသို့သောအကြောင်းအရာများ မရှိသေးပါက စစ်မှန်သော ဒီမိုကရေစီနိုင်ငံတစ်ခုဟု သတ်မှတ်၍ မရကြောင်း အရှင်ဂမ္ဘီရမှ မိန့်ကြားသည်။

‘လူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်နေတယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်လို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံဒီမိုကရေစီရေး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးတွေ ဆက်ပြီးတော့ အလုပ်လုပ်သွားကြမယ် ’ဟု အရှင်ဂမ္ဘီရ မှ မိန့်ကြားသည်။

အခု လာရှိုးထောင်ကလွတ်လာပြီး မြင်နေရတဲ့ အနေအထားအရ အများကြီးတိုးတက်မှုလမ်းကြောင်းတွေပေါ် ရောက်လာပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အခုလိုပွဲမျိုး ကျွန်တော်မကြုံဘူးပါဘူး။ အခု ကျွန်တော်တို့ ရောင်နီပျပျမြင်နေရပါပြီ။ ကျွန်တော်မေတ္တာရပ်ခံပါတယ်။ အားလုံးကိုလည်း မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့ နောက်ပြန်မဆုတ်ကြပါနဲ့။ အစောကမြင်နေရတဲ့ ရောင်နီပျပျလေး ပိုပြီးတော့ လင်းလာအောင် ပိုပြီးတော့ မြင်ရအောင် ကျွန်တော်တို့ စုပေါင်းပြီးတော့ ချီတက်ကြပါစို့လို့ပြောချင်ပါတယ် ’ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းဇေယျမှပြောသည်။

အဆိုပါအခမ်းအနားအား ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရရှိရန်နှင့် အကျဉ်းသားများ လွတ်မြောက်ရန် ရည်ရွယ်၍ တစ်မိနစ် ငြိမ်သက်ခြင်းအပါအဝင် အစီအစဉ်(၉) ရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် တက်ရောက်သူ ဦးရေ ၂၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

သတင်းများပြန်လည်ဝေမျှ ပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

ဒေါ်အောင်ဆန်းစုကြည် မှ ကချင် စစ်ပြေးဒုက္ခသည်များ ဆီသို့ .....


အခု ကျွန်မအနေနဲ့ ကချင်ဒုက္ခသည်တွေ အထူးသဖြင့် ဒီဒုက္ခသည်တွေထဲက အမျိုးသမီးတွေနဲ့ကလေးတွေကို
ဦးတည်ပြီးတော့ ကျွန်မ ပြောချင်ပါတယ်။အခု အချိန်မှာ ဆိုလို့ရှိရင် ကချင်ပြည်နယ်မှာ မငြိမ်မသက်မှုတွေကြောင့်
မို့လို့ ငြိမ်းချမ်းရေး မရှိတာ ကြောင့်မို့လို့ ဒုက္ခသည် အများအပြားဟာ ကိုယ့် အိုးအိမ်ကို စွန့်လွှတ်ပြီးတော့ ထွက်ပြေးနေရတယ်ဆိုတာကျွန်မတို့ကြားပါတယ်။ဒီလိုပြေးနေရလို့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုအမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်(ဗဟို)က သိန်းသုံးရာ၊ပြည်နယ်ကနေပြီးတော့ (၁၃)သိန်းထောက်ပံ့ခဲ့ ပါ တယ်။ဒါပေမယ့်လည်း ဒါဟာ လိုအပ်တာထက် စာလို့ရှိရင် အင်မတန်မှ နည်းတဲ့ ထောက်ပံ့မှုမျိုးဆိုတာ ကျွန်မတို့ နားလည်ပါတယ်။

အဲ့ဒါ ကြောင့်မို့လည်း ကျွန်မတို့ ထပ်ပြီးတော့ ကြိုးစားပြီးတော့ ၀ိုင်းဝန်းပြီးတော့ ကူညီပါ့မယ်။ အခုအချိန်မှာ ကျွန်မအဓိကပြောချင်တဲ့ စကား ကတော့ မျှော်လင့်ချက်ကိုလက်မလွှတ်ပါနဲ့။ကျွန်မတို့ နိုင်ငံဟာ တစ်ချိန်တစ်ခါမှာအင်မတန်မှ ငြိမ်းချမ်းပြီးတော့ ညီညွှတ်တဲ့ ပြည်ထောင်စုတစ်ခုဖြစ်ဖို့ ကျွန်မတို့ အားလုံးကြိုးစားနေပါတယ်။အဲ့ဒီတစ်ချိန်တစ်ခါကလည်း ဟိုး … အဝေးကြီးမှာလို့ ကျွန်မတို့ ဒီလို မမြင်ပါဘူး။အတက်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင်လုပ်ပါမယ်။

ဒီကြားထဲမှာ ကျွန်မတို့ရဲ့ ဒုက္ခသည်များ အထူးသ ဖြင့် အမျိုးသမီးတွေနဲ့ကလေးတွေကို စာနာတယ်လို့
ကျွန်မပြောတာကို အမျိုးသားတွေက စိတ်မဆိုးကောင်းပါဘူးနော်။အဲ့ဒီ တော့ ကျွန်မတို့ အမျိုးသမီးတွေ
နဲ့ ကလေးတွေဟာ ဒီလိုအေးတဲ့ ရာသီမှာ ကိုယ့်အိမ်မှာ နွေးနွေးထွေးထွေးမနေနိုင်ပဲနဲ့ လမ်း ဘေး ကိုယ့်အိမ်
မဟုတ်တဲ့နေရာတွေမှာဖြစ်သလိုနေနေရတယ်ဆိုတာ ကျွန်မတို့ အများကြီးစာနာတာ သိစေချင်ပါတယ်။

ကျွန်မတို့ဟာ ရန်ကုန်မှာနေပြီးတော့ အေးအေးချမ်းချမ်း လုံလုံခြုံခြုံနဲ့ နေရတယ်ဆိုပေမယ့် ကျွန်မတို့ နိုင်ငံက
ပြည်သူ ပြည်သားတွေ အားလုံး မလုံခြုံ သရွေ့ တကယ်တော့ ကျွန်မတို့လည်း မလုံခြုံပါဘူး။လုံခြုံမှုဆိုတာ
ခွဲခြားလို့ မရပါဘူး။ တစ်တိုင်းပြည်လုံး လုံခြုံမှာ ပြည်သူလူထု တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ လုံခြုံမှုကို
လည်း စိတ်ချရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ ဒီအချိန်မှာ ကချင်ပြည်နယ်က ဒုက္ခသည်တွေကို ကြိုးစားပြီးတော့ ထပ်မံပြီးတော့ ကျွန်မတို့
ကူညီ ထောက်ပံ့ပါ့မယ်။ကျွန်မတို့ရဲ့ ကူညီထောက်ပံ့မှုတွေ မလုံလောက်တာကိုလည်း ကျွန်မတို့ကိုခွင့်လွှတ်ပါလို့
ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့လည်း ရှိတဲ့ ရန်ပုံငွေတွေနဲ့ စုဆောင်းပြီးတော့လုပ်ရတာပါ။

ဒီလို လိုချင်သလောက် ကျွန်မတို့ လုပ်ပေးချင်သလောက် မလုပ်ပေးနိုင်ပေမယ့်လည်း ကျွန်မတို့ရဲ့ မေတ္တာတွေ
က အတိုင်းအဆမရှိဖြစ်ပါတယ်လို့ ပြောချင် ပါတယ်။မေတ္တာရော ကရုဏာရော စာနာမှုရော အထူးသဖြင့် ကျွန်မ
တို့ ပြည်ထောင်စုကြီးဟာ တစ်နေ့တစ်ချိန်တစ်ခါမှာ အားလုံး လုံခြုံနိုင်မယ့် ပြည်ထောင်စုကြီးဖြစ်ဖို့ကို ကျွန်မတို့
တကယ်ပဲ အသည်းထဲ နှလုံးထဲကနေပြီးတော့ ဆုတောင်းလျက် ရှိပါတယ်။

ခုဒုက္ခသည်တွေထဲမှာလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိပါလိမ့်မယ်။ဘာလူမျိုးပဲဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်
ကိုးကွယ် ဒါတစ်မြေထဲနေ တစ်ရေထဲသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေမို့လို့ အားလုံးဟာ ကျန်းမာ
ချမ်းသာစွာနဲ့ မိမိတို့နေအိမ်ကိုပြန်နိုင်ပါစေလို့ ကျွန်မ အခုဆုတောင်းမေတ္တာပို့လိုက်ပါတယ်။


ဒီမိုဖက်တီး အားကျေးဇူးတင်ရှိပါသည်.။

23 January 2012

ဖဒိုမန်းငြိမ်းမောင်အား လွှတ်ပေးရန် အစိုးရစဉ်းစား


လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူခြင်းခံထားရသည့် ဖဒိုမန်းငြိမ်းမောင်ကို ပြန်လည်လွှတ်ပေးရန် စဉ်းစားသွားမည်ဟု ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ပထမအဆင့်အနေဖြင့် အရေးယူအပြစ်ဒဏ် ချမှတ်ခြင်းကို ခံရမည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်လည်စဉ်းစား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

KNU တာဝန်ရှိတစ်ဦးက ဖဒိုမန်းငြိမ်းမောင်အပြင် ဖမ်းဆီးထောင်ချထားသော KNU အဖွဲ့ဝင်များကိုလည်း ပြန်လည်လွှတ်ပေးရန် အစိုးရထံ တောင်းဆိုသွားမည်ဟု ပြောကြားသည်။

ယင်းတောင်းဆိုမှုသည် KNU နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပြီးနောက် တောင်းဆို လိုက်ခြင်း ဖြစ်သည်။

ဖဒိုမန်းငြိမ်းမောင်ကို တရုတ်ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ သာထူးဇော်အမည်ဖြင့် ဝင်ရောက်လာစဉ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်း၏နိုင်ငံကူးလက်မှတ်အား စစ်ဆေးရာတွင် တံဆိပ်အတုများ ရိုက်နှိပ်ထားသည်ကို တွေ့ရှိရသည့်အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ခြောက်လ၊ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃(၁) အရ ထောင်ဒဏ်ခြောက်လ စုစုပေါင်း ထောင်ဒဏ် တစ်နှစ်ကို မင်္ဂလာဒုံတရားရုံးမှ အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ် တရားရုံးမှ ဖဒိုမန်းငြိမ်းမောင်အားဆက်လက်စစ်ဆေးရာတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ တပ်မပာာ(၆)တွင် လည်းကောင်း၊ KNU အထူးတပ်ရင်း (၁၀၀) ဝမ်မဂိတ်တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် KNU ဗပိာုညီလာခံ ကော်မတီ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်ပာု စစ်ဆေးတွေ့ရှိရသည့်အတွက် တရားရုံးမှ မတရားအသင်း အက်ဥပဒေဖြင့် ဆက်လက်တရားစွဲဆိုရန် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင်မှုကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာရေးအတွက် နိုင်
ငံရေးအင်အားစုများက တောင်းဆိုလာသည့်အတွက် အစိုးရကလည်း ပြန်လည်စိစစ်လျက်ရှိသည်။

သတင်း....yangonchronicle
ခရမ်းမြို့နယ်တွင် အားကစားဖွင့်ဖြိုးတိုးတက်စေရန်မြို့မိမြို့ဖများမှကော်မတီ တစ်ခုဖွဲ့စည်းခဲ့ပါ သည်။ခရမ်းကော်မတီမှငွေကြေးသိန်းပေါင်းများစွာစိုက်ထုတ်၍ အာကစားကွင်းနှင့် အားကစားရုံ ကိုပြုပြင်ခဲ့ပါသည်။

ထိုအခါ အုပ်ချုပ်ရေးမှူး ဦးတင်မြင့်မှ ကော်မတီတွင်နာယကအဖြစ်ဆောင် ရွက်ပြီးအား/ကာမှာ အစဉ်အဆက်
ငွေကြေးအရှုပ်အရှင်းများရှိနေပါသဖြင့် အုပ်ချုပ်ရေးဌာနမှငွေကြေးဝင်ရောက်ကိုင်တွယ်သုံးစွဲခြင်း မည်သည့်လွှမ်းမိုးမှုမှပြုလုပ်မည် မဟုတ်ကြောင်း ပထမ ဆုံးအစည်းအဝေးပွဲပြောကြားခဲပါသည်။

ဆက်လက်၍အား/ကာ ပြင်ဆင်မှုများအတွက် ရက်ကွက် ၁၂ရက်ကွက် ၊ကျေးရွာ ၅၄ရွာအုပ်ချုပ်ရေးမှူးများ ထံမှ ၁၄၁ သိန်းကောက်ခံပေးမည်ဟု ကတိစကားပြေားကြားခဲပါသည်။ ထို့ကြောင့် အား/ကာ ကော်မတီမှငွေကြေးများစိုက်ထုတ်၍ ပြင်ဆင် မှုများပြုလုပ်ပြီး မြို့နယ်ပညာရေးမှူးဖလား U-10 နှင့်
အုပ်ချုပ်ရေးမှူးဖလား U-23 ဘောလုံးပွဲများ ကျင်းပနိုင်ကြပြီ ဖြစ်ပါသည်။

ပြိုင်ပွဲကျင်းပနေစဉ် မြို့မိမြို့ဖများအား ကြီးကြပ်ရေးကော်မတီ ဆိုပြီးလွှမ်းမိုးမှု စတင်ခဲပါသည်။ မြို့မိမြို့ဖကော်မတီများ အားအသိမပေးပဲဒေသခံဒိုင်များအား တာဝန်မှ ရပ်နားခြင်း၊ ဆုချီးမြှင့်မည့်ဆုံးဖြတ်ချက်များကို ပယ်ဖျက်ခြင်း ၊ ကွင်းဝင်ခွင့်လက်မှက်များကို ပယ်ဖျက်ခြင်း၊အထွထွေ အုပ်ချုပ်ရေးမှူးမှ ကိုယ်ပိုင်လက်မှတ်များကိုရိုက်နှိပ်ထုတ်ဝေရောင်း ချခြင်း စသည့် မတရားမှုများကိုစတင်လုပ်ဆောင်လာခဲ့ပါသည်။နေရာတိုင်းတွင် တာဝန်နှင့် လုပ်ကိုင်ခွင့် ဆိုတာရှိပါသည်။

စစ်တပ်တွင်ရှိသလိုပြည်သူလူထုတွင် လည်းရှိကြောင်း ဗိုလ်ကြီးဟောင်းအုပ်ချုပ်ရေးမှူးဦးတင်မြင့် သိဟန်မတူပါ။ လက်မှတ် ဘယ်လောက်ရိုက်သည် ၊ဘယ်လောက်ရောင်းရသည် ၊ ငွေကြေးမည်မျှရသည်ကို အား/ကာ ကော်မတီနှင်မြို့မိမြို့ဖများ အား အသိပေးခြင်း မပြုပဲ ထင်ရာစိုင်းကာ အာဏာပါဝါပြ၍မတရားသဖြင့် နိုင့်ထက်စီးနင်း ပြုနေ ပါသည် ။အား/ကာကော်မတီမှစိုက်ထုတ်ငွေများကိုလည်း ပြန်လည်ပေးအပ်ခြင်း မပြုသေးပါ ။ ကော်မတီမှရမည်ဆိုသော ၁၄၁ သိန်းအနက်မှ ၂၀၂၅၀၀၀ (သိန်း၂၀ကျော်)သာရရှိခဲပါသည်။

ကျန်သောငွေကြေးများ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကိုလည်း မသိရပါ ၊ထို့ကြောင့် အုပ်ချုပ်ရေးမှူး ဦးတင်မြင့် မတရားသဖြင့် ကိုယ်ကျိုးရှာလာဘ်စားနေမှုအား နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့်ပြည်ထဲရေး ၀န်ကြီး ဌာန တို့ သိစေရန် ခရမ်းမြို့မှ အသိပေးတိုင်ကြား အပ်ပါသည်။ ကြိုက်သ လိုမေး ကြိုက်သလိုစစ် ရိုက်မစစ်ပဲဖြေမည့် --- ဒီမိုကရေစီခရီးလမ်းမှ ဆူးကြမ်းများကို ဖယ်ရှားပေးပါရန် ရဲဝံ့စွာ တိုင်ကြားအပ်ပါသည်။

(ခရမ်းသားများ)

၈၈ မျိုးဆက်ကျောင်းသားများသတင်းစာရှင်းလင်းပွဲတွင်အချက်၉ ချက်ပါရှိသည့် သဘောထားကြေညာချက်ကို ထုတ်ပြန်



၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲယနေ့မွန်းလွဲ ၂ နာရီမှစတင်ကျင်းပပြီး သတင်းစာရှင်းလင်းပွဲတွင်အချက်၉ ချက်ပါရှိသည့် သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ပေးပို့ပေးသော ဖိုးရှုပ်လေး အားကျေးဇူးတင်ရှိပါသည်.။