24 September 2011

ဧရာဝတီမြစ်ကို ထာဝရရှင်သန်စေလိုသူများ နှင့် နာရေးကူညီမူအသင်း (ရန်ကုန်) တို့မှာ ပူးပေါင်းစီစဉ်၍ “လူငယ်နှင့် ဧရာဝတီ” ခေါင်းစဉ်


၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့၌ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဧရာဝတီကို ထာဝရရှင်သန်စေလိုသူများ (IRRAWADDY FOREVER) တို့ပူးပေါင်း စီစဉ်၍ “လူငယ်နှင့် ဧရာဝတီ” ခေါင်းစဉ်အမည်ဖြင့် အခမ်းအနားတစ်ခုပြုလုပ်ခဲ့သည်။

နံနက် ၁၀ ၌စတင်မည်ဟု ကြေညာခဲ့သော်လည်း အခမ်းအနား တက်ရောက်သူဦးရေမှာ များပြားခဲ့သောကြောင့် နေရာထိုင်ခင်းများ ပြန်လည်ပြင်ဆင်ပေးရသည့်အတွက် နာရီဝက်နီးပါး နောက်ကျပြီးမှ အခမ်းအနားအား စတင်ခဲ့သည်။

အဆိုပါပွဲအား နာရေးကူညီမှုအသင်း (ရန်ကုန်)၌ ပင်ကျင်းပခဲ့ပြီး ပွဲအားလက်ခံကျင်းပပေးသော ဦးကျော်သူမှ အဖွင့်မိန့်ခွန်းအား ၅ မိနစ်ခန့် ပြောကြား၍ အခမ်းအနားကို စတင်ခဲ့သည်။

ထို့နောက် ဧရာဝတီနှင့်ပတ်သတ်သော ဥပဒေရေးရာများအား ဦးမျိုးမြင့်မှ စာတမ်းဖတ်ကြားခဲ့ပြီးနောက် ကဗျာဆရာများနှင့် အဆိုတော်များမှ ဧရာဝတီနှင့်ပတ်သတ်သော ကဗျာများ၊ သီချင်းများ သီဆိုဖျော်ဖြေခဲ့ကြကာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များဖြစ်ကြသော ဦးအုန်း၊ ဒေါ်ဒေဝီသန့်စင်တို့မှလည်း ဧရာဝတီနှင့် ပတ်သတ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို ဟောပြောခဲ့ကြသည်။ ထို့ပြင် သတင်းစာဆရာလူထုစိန်ဝင်း၏ အမှာစကားကိုလည်း ပရိုဂျက်တာဖြင့် ပြသခဲ့သည်။

ယင်းအခမ်းအနားတွင် ဧရာဝတီနှင့်ပတ်သတ်သော ကဗျာများရွတ်ဆိုကြရွတ်ဆိုကြရာ၌ ကဗျာဆရာ လင်းသဏ်ညီက တေးဆိုနှင့် တေးရေးဆရာ ထူးအိမ်သင်၏ “ရာဇဝင်များရဲ့သတို့သမီး” သီချင်းစာသားအား ကဗျာအဖြစ်ပြန်လည်ဆိုခဲ့ပုံအား ပြောပြခဲ့သည်။

“ဒီသီချင်းက ဧရာဝတီနဲ့ပတ်သတ်တဲ့ အဓိပ္ပါယ်တွေများကြီးပါတယ် ကျွန်တော်က အဲဒီအတွက် ဒီသီချင်းထဲက ကျွန်တော် ဆဒ္ဒရှိတဲ့ အပိုဒ်လေးကို ကဗျာအဖြစ်ပြန်ဆိုထားတာပါ။ ကျွန်တော့်အနေနဲ့လည်း ဧရာဝတီမြစ်ကြီးကိုလည်း လက်ရှိအတိုင်းပဲ စီးဆင်းစေချင်တဲ့ဆဒ္ဒ ရှိတယ်” ဟု ကဗျာဆရာ လင်းသဏ်ညီက ပြောသည်။

အဆိုပါပွဲ၌ နာရေးကူညီမှုအသင်း စတင်ထူထောင်သူ ဦးကျော်သူမှလည်း ၎င်းရေးစပ်ထားသော ဧရာဝတီနှင့်ပတ်သတ်သော ကဗျာတစ်ပုဒ်အား သက်ဆိုင်သောရုပ်ပုံများဖြင့် ပရိုဂျက်တာ ပိတ်ကားပေါ်၌ လာရောက်သောဧည့်ပရိတ်သတ်များအား ဖွင့်ပြခဲ့သည်။

“တော်တော်များများကတော့ ‘ဧရာဝတီ’ ကို ‘မိခင်ဧရာဝတီ’ ဆိုပြီးတော့ တင်စားထားတယ်။ ကျွန်တော်ကတော့ ‘ဖခင်ဧရာဝတီ’ ဆိုပြီးတော့တင်စားထားပါတယ်။ ဒါကလည်း ကျွန်တော် ‘နိုင်းနိုင်းစနေ’ ရဲ့ ဘလော့ဝတ္တုကို အမှတ်တမဲ့ဖတ်ပြီးတဲ့အချိန်မှ ဒီအကြောင်းအရာက ခေါင်းထဲဝင်လာတာပါ” ဟု ဦးကျော်သူက ပြောပြခဲ့သည်။

သတင်း...ရန်နိုင်၊ ဥာဏ်ဥာဏ်(မြစ်မခ)