19 September 2011

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုအား ပြင်ပပညာရှင်များဖြင့် စစ်ဆေးသွားမည်

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်တွင် ဆောက်လုပ်ရေး ကုမ္မဏီတို့မှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တည်ဆောက်နေခြင်း ရှိ/မရှိကို စစ်ဆေးရန် အင်ဂျင်နီယာပညာရှင်များ ပါဝင်သည့်အဖွဲ့ကို မကြာမီ ဖွဲ့စည်းသွားရန် ရှိကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

နေပြည်တော်ရှိအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သော ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် အဓိကပါဝင်သူဖြစ်သည့် China Power Investmsent (CPI)ကုမ္မဏီသည် မြစ်ဆုံစီမံကိန်း ဧရိယာတွင် ရစ်ချတ်တာ စကေး(၈)အထိ ပြင်းထန်သည့် ငလျင်ဒဏ်အား ခံနိုင်ရန်အဆောက်အဦးနှင့် တာတမံများကို တည်ဆောက်သွားမည်ဟု ကတိပြုထားသည့်အတွက် ယင်း စီမံကိန်းတည်ဆောက် နေစဉ်ကာလအတွင်း အရည်အသွေး ထိန်းသိမ်းရေးကိစ္စရပ်များကို မကြာမီဖွဲ့စည်းမည့် အင်ဂျင်နီယာအဖွဲ့များဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း ဦးဇော်မင်းက ဆက်လက်ပြောကြားသည်။

“စီမံကိန်းလုပ်ဆောင်နေချိန်မှာရယ်၊စီမံကိန်းပြီးစီးတဲ့ အချိန်မှာရယ်၊ ပြောင်းလဲလာတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သက်ရောက်မှုတွေကို လေ့လာ မှာပါ”ဟု ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း စဉ်ဆက်မပြတ် လေ့လာ သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဖြစ်ပေါ်နေသည့် သဘာဝပတ်ဝန်းကျင်ယိုယွင်း ပျက်စီးနေမှုများကို ပညာရှင်များ၏ အကြံပြုချက်ဖြင့် အမျိုးသားအဆင့် Action Plan ရေးဆွဲကာဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

သတင်း...YC(KS)