28 March 2014

စစ်တွေမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွား.. ဒေါသထွက်နေသော ဒေသခံများက ကုလနှင့် အိုင်အင်န်ဂျီအိုဝန်ထမ်းများ၏ ရုံးနှင့်နေအိမ် ၃၀ ခန့်ကို ဖျက်ဆီး

အိုင်အင်န်ဂျီအိုတစ်ခုမှ နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်သည်ဟု သတင်းများထွက်ပေါ်ရာမှတစ်ဆင့် စစ်တွေမြို့ တွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အကြိမ်ကြိမ် မိုးပေါ်ထောင်၍ ပစ်ဖောက်ထိန်းသိမ်းခဲ့ရကြောင်း သတင်းရရှိသည်။
မတ်လ ၂၆ ရက် ညပိုင်းမှ စတင်ခဲ့သော ရုန်းရင်းဆန်ခတ်မှုများကြောင့် ကုလနှင့် အိုင်အင်န်ဂျီအိုအဖွဲ့အစည်းများ၏ နေအိမ်၊ ရုံးအဆောက်အအုံ ၃၀ ခန့် ပျက်စီးခဲ့ပြီး နိုင်ငံခြားသားများအပါအဝင် ဝန်ထမ်း ၇၄ ဦးကို လုံခြုံရေးအစောင့်အရှောက်ဖြင့် ထားရကာ အချို့ကို ရန်ကုန်မြို့သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပဋိပက္ခဖြစ်စဉ်တွင် စတင်ပါဝင်ပတ်သက်ခဲ့သော  အိုင်အင်န်ဂျီအိုဝန်ထမ်း နိုင်ငံခြားသူနှင့် ၎င်း၏ခင်ပွန်းတို့ကို ရန်ကုန်သို့  ပို့လိုက်ပြီဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပြီး ရဲတပ်ဖွဲ့ကမူ စစ်တွေမြို့တွင် ကာကွယ်စောင့်ရှောက်ထားကြောင်း ပြောသည်။
ရုန်းရင်းဆန်ခတ်မှုများကြောင့် မတ်လ ၂၆ ရက် ညပိုင်းမှစတင်၍ မတ်လ ၂၇ ရက် ညနေအထိ လေးကြိမ်၊ လေးနေရာခန့် သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်လူစုခွဲခဲ့ရပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နံနက် ၆ နာရီမှ ည ၆ နာရီအထိ အချိန်တိုးမြှင့်လိုက်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောသည်။
ယခင်က စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ကို ည ၁၂ မှ နံနက် ၆ နာရီထိ သတ်မှတ်ထားခြင်းဖြစ်သည်။
မတ်လ ၂၆ ရက် ည ၆ နာရီကျော်တွင် စစ်တွေမြို့ရှိ Malteser International မှ နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦးက ၎င်းတို့ ငှားရမ်းနေထိုင်ရာ နေအိမ်တွင် လွှင့်ထူထားသော သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီခါးကြားထဲတွင် ထိုးထည့်ကာ ထဘီကဲ့သို့ ပတ်သွားသည်ဟု သတင်းများ ထွက်ပေါ်လာရာမှ လူစုလူဝေး စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းသာသနာ့အလံသည် သန်းခေါင်စာရင်းကို သပိတ်မှောက်သည့်အနေဖြင့် လွှင့်ထူထားခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံခြားသူက ထဘီကဲ့သို့ ဝတ်ဆင်၍ လမ်းပေါ်လျှောက်သွားနေသည်ကို ဒေသခံအချို့က မြင်တွေ့ရာမှ သတင်းပျံ့နှံ့ပြီး ည ၈နာရီခန့်တွင် Malteser အဖွဲ့နေအိမ်ရှေ့တွင် လူရာဂဏန်းခန့် စုဝေးလာပြီး ခဲများဖြင့် စတင်ပစ်ခဲ့ခြင်းဖြစ်ကြောင်း  ဒေသခံများက ပြောသည်။
သို့သော် Malteser International  ၏ ပြောရေးဆိုခွင့်ရှိသူ Johannes Kaltenbach ကမူ အိမ်ဝန်ထမ်းတစ်ဦးလွှင့်ထူထားသော သာသနာ့အလံကို ၎င်းတို့ Pro-gramme  Coordinator က အဖွဲ့အစည်း၏ ဘာသာရေး၊ နိုင်ငံရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို မရောထွေးစေသည့် မူဝါဒအရ ဖယ်ရှားခဲ့ခြင်းသာဖြစ်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း DVB သတင်းဌာနသို့ ပြောကြားထားသည်။
ရဲတပ်ဖွဲ့ဝင်များက  လာရောက်ထိန်းသိမ်းခဲ့သော်လည်း လူထုအင်အားထောင်ဂဏန်းထိ ရောက်ရှိလာပြီး အခြားအင်န်ဂျီအိုရုံးများကိုပါ ခဲဖြင့်ပစ်ပေါက်မှုများ ရှိလာသည့်အတွက် ည ၁၁ နာရီ ကျော် ၁၂ နာရီခန့်တွင် သေနတ်အချက် ၃၀ ခန့် ပစ်ပေါက်လူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘အိမ်ထဲမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား၊ မြန်မာနိုင်ငံသား  ၁၁ ဦးကို ခေါ်ထုတ်ပြီးပါပြီ။ မိုးပေါ်ပစ်လူစုခွဲခဲ့ရတယ်။ ထိခိုက် ဒဏ်ရာရတာမရှိပါဘူး’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦး က မတ်လ ၂၆ ရက် ညဥ့်သန်းခေါင်ကျော်တွင် ပြောကြားခဲ့သည်။
စစ်တွေဒေသခံပြည်သူများက ယင်းနိုင်ငံခြားသူသည် သာသနာ့အလံကို မဖွယ်မရာလုပ် စော်ကားသည့်အတွက် ဥပဒေနှင့် အညီ အရေးယူပေးရန် လိုလား၍ စတင်တောင်းဆိုခဲ့ခြင်းသာဖြစ်ပြီး ယခင်ကပင် အိုင်အင်န်ဂျီအိုများအပေါ် မယုံကြည့်သည့်အတွက် ၎င်း၏လုပ်ရပ်မှာ ပဋိပက္ခများကို လှုံ့ဆော်သလိုဖြစ်နေကြောင်း ပြောသည်။
မတ်လ ၂၇ ရက် နံနက်ပိုင်းတွင်လည်း သာသနာ့အလံကို မဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် မကျေမနပ်ဖြစ်နေသည့် ဒေသခံများ ပြန်လည်စုဝေးလာပြီး ကုလ လက်အောက်ခံအဖွဲ့အစည်းများ အပါအ၀င် အိုင်အင်န်ဂျီအိုအဖွဲ့ နေအိမ်များ၊ ရုံးများကို ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘ဒီနေရာမှာစုလိုက်၊ လုံခြုံရေးတွေသွားလိုက်၊ နောက်တစ်နေရာမှာဖြစ်လိုက်ဆိုတော့ နည်းနည်း အခက်အခဲရှိပါတယ်’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကပြောသည်။
မတ်လ ၂၆ ရက် ညပိုင်းမှ စတင်၍ မတ်လ ၂၇ ရက် ညနေပိုင်းအထိ နေအိမ် ၃၀ ခန့် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။ ထို့အပြင် လုံခြုံရေးအခြေအနေအရ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကိုလည်း အချိန်တိုးမြှင့်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။
‘‘ဒီနေ့အခြေအနေကတော့  အသေးစိတ်မသိရသေးဘူး။ အိုင်အင်န်ဂျီအိုတချို့လည်း ရန်ကုန်ပြန်ပါ ပြီ။ ပုဒ်မ ၁၄၄ ကို မနက် ၆နာရီ ည ၆နာရီတိုးလိုက်တယ်’’ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က မတ်လ ၂၇ ရက် ညနေပိုင်းက ပြောသည်။
ယူအင်န်နှင့် အိုင်အင်န်ဂျီအိုများမှ ၀န်ထမ်းများအား ၎င်းတို့ဆန္ဒအရ စစ်တွေဟိုတယ်တွင် ၂၅ ဦး၊ ရဲတပ်ရင်း ရိပ်သာတွင် ၄၀ ဦးကို လုံခြုံရေးဖြင့် စောင့်ရှောက်ထားပြီး ၉ ဦးမှာ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပို့ဆောင်လိုက်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အရာရှိတစ်ဦးက မတ်လ ၂၇ ရက် ည ၈ နာရီကျော်တွင် ပြောသည်။
‘‘ဒီနေ့ သုံးကြိမ် သုံးနေရာလောက် မိုးပေါ်ထောင်ပစ် လူခွဲခဲ့ရပါတယ်’’ဟု အထက်ပါအရာရှိကဆိုသည်။
အဆိုပါ သာသနာ့အလံကို ဖြုတ်ချခဲ့သည်ဟု ဆိုသော Malteser ၀န်ထမ်းမှာ မည်သည့် နိုင်ငံသားဖြစ်သည်ကို ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်မေး မြန်းသော်လည်း အတည်ပြု ချက်မရသေးပေ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှလည်း နိုင်ငံတကာအဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် လူအုပ်စုဖွဲ့အကြမ်းဖက်မှုများကြောင့် အနည်းဆုံး အမေရိကန်နိုင်ငံသား သုံးဦး ပါသော အိုင်အင်န်ဂျီအိုဝန်ထမ်းများကို ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့် ယမန်နေ့က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပေါ် လေးလေးနက်နက်စိုးရိမ်ကြောင်း မတ်လ ၂၇ရက်က သတင်းထုတ်ပြန်သည်။ 
တည်ငြိမ်သည့်ငြိမ်းချမ်းရေးနှ့င် ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီး ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ရေရှည်ခိုင်မာသည့်ဖြေရှင်းနည်းဖြင့် ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ကမ္ဘာကုလသမဂ္ဂအဖွဲ့နှင့် ဗြိတိသျှသံရုံးတို့ကလည်း စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍ လေးလေးနက်နက်စိုးရိမ်ပူပန်ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုများဆိုင်ရာ ၀န်ထမ်းများအနေဖြင့် လုပ်ငန်းများကို အဟန့်အတားမရှိ  လုံခြုံစိတ်ချစွာဖြင့် ဆောင်ရွက်နိုင်ရန်မှာ အဓိကအကြောင်းအရာဖြစ်ပြီး ဗြိတိန်အနေဖြင့် အခြေအနေကို နီးကပ်စွာစောင့်ကြည့်နေမည်ဖြစ်ကြောင်း ဗြိတိန်သံရုံးက မတ်လ ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။
ကုလအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၏ နေအိမ်နှင့် ရုံး သုံးဆယ်ခန့် ဖျက်ဆီးခံခဲ့ရပြီး ပုဒ်မ ၁၄၄ အချိန်တိုးမြှင့်လိုက်မှုကြောင့် အခြေအနေ ငြိမ်သက်သွားပြီဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မတ်လ ၂၇ ရက် ညပိုင်းကပြောသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ရဲတပ်ဖွဲ့နှင့် ပြည်နယ်အစိုးရက အတည်ပြုချက်မပေးပေ။
ရခိုင်ပြည်နယ်တွင် ကုလအပါအ၀င် အိုင်အင်န်ဂျီအိုအဖွဲ့အစည်း ခြောက်ဆယ်ကျော်ရှိပြီး အစိုးရနှင့် နားလည်မှုစာချွန်လွှာထိုး လုပ်ကိုင်နေသော အဖွဲ့အစည်း (၁၅)ဖွဲ့ ပါဝင်ကြောင်း ပြည်ထောင်စုအစိုးရက တရားဝင်ပြောကြားထားသည်။

  • စစ်တွေမြို့တွင် ဖြစ်ပွားသောအကြမ်းဖက်မှုများအတွက် အမေရိကန်နှင့် ဗြိတိန်သံရုံး၊ ကုလသမဂ္ဂအဖွဲ့တို့က အခြေအနေကို အထူးစိုးရိမ်ကြောင်း မတ်လ ၂၇ ရက်တွင် ကြေညာချက် အသီးသီး ထုတ်ပြန်သည်။

  • အကြမ်းဖက်မှုများကြောင့် ကုလနှင့် အိုင်အင်န်ဂျီအို အဖွဲ့အစည်းများ၏ နေအိမ်နှင့် ရုံး ၃၀ခန့်ပျက်စီးပြီး နိုင်ငံခြားသားများအပါအ၀င် ၀န်ထမ်း ၇၄ ဦး လုံခြုံရေးအတွက် အစိုးရက ကာကွယ်စောင့်ရှောက်ထားရသည်။

  • မတ်လ ၂၇ ရက်မှစတင်၍ စစ်တွေမြို့တွင် ည ၆ နာရီမှ နံနက်၆ နာရီထိ ညမထွက်ရအမိန့် အရှိန်တိုးမြင့်လိုက်သည်။

  • အကြမ်းဖက်မှုများဖြစ်ပွားစဉ် လေးနေရာခန့်တွင် သေနတ်ဖြင့်မိုးပေါ်ထောင်၍ ပစ်ကာ လူစုခွဲခဲ့သည်။


သတင်း....

26 March 2014

ပခုက္ကူဆန္ဒပြပွဲပါဝင်သူကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ ဦးကို ပခုက္ကူရဲတပ်ဖွဲ့ခေါ်ယူ

ပခုက္ကူမြို့ဆန္ဒပြပွဲ အောင်မြင်စွာ ပြီးဆုံး
=====================
ပခုက္ကူမြို့အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြသူများသည် နံနက် ၁၀း ၁၅ နာရီတွင် ပခုက္ကူမြို့၊ ၁၂ ရပ်ကွက်ရှိ အမှတ် ၂ အခွန်လွတ်ဈေးအရောက် စီတန်းလှည့်လည်ခြင်းကို အဆုံးသတ်ခဲ့ကြပြီး အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ ဟောပြောပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီးနှင့် မနီလာသိန်းတို့က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာများကို ဟောပြောခဲ့ကြပြီး နံနက် ၁၀း ၄၅ နာရီတွင် ဆန္ဒဖော်ထုတ်ပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။


ပခုက္ကူဆန္ဒပြပွဲပါဝင်သူ   ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ဦးကို ပခုက္ကူရဲတပ်ဖွဲ့ခေါ်ယူ
=============================
ယနေ့ မတ်လ ၂၆ ရက် နံနက် ပခုက္ကူမြို့တွင် ခွင့်ပြုချက်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည်၊ ဟောပြောပြီး ဆန္ဒဖော်ထုတ်ကြသူများအနက် ပခုက္ကူဒေသခံများဖြစ်ကြသော ကိုသန်းနိုင်၊ ကိုသက်ကြူနှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ဦးကို ပခုက္ကူရဲစခန်းမှ စခန်းမှူးက လာခေါ်ကြောင်း နှင့် ၈၈ မျိုးဆက်တို့က ထမင်းစားပြီးမှ လာခဲ့မည်ဟု အကြောင်းပြန်ထားကြောင်း ယခု ၁၂း၀၀ နာရီတွင် ပခုက္ကူမှ သတင်းရသည်။


 

သတင်း - Ant Bwe Kyaw