03 April 2010

ဧပြီလ (၁) ရက်နေ့ ထုတ် သတင်းစာမှာ အဲလိုပါလို့ သန်းရွှေသေပြီးဖြစ်ခဲ့တာပါ..



ဧပြီလ တရက်နေ့ထုတ် အစိုးရသတင်းစာ ခေါင်းစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်နှင့် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ထားဖေါ်ပြခဲ့ခြင်းကြောင့် သတင်းစာတိုက်မှ ၀န်ထမ်းများ ပြဿနာဖြစ်နေကြောင်း ကြားသိရသည်


ပြီးခဲ့သည့် ရက်ပိုင်းက ပျံလွန်တော်မူ ခဲ့သည့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဌ မကွေးဆရာတော်၏ ရုပ်ကလပ်ကို နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖူးမြော်ကန်တော့ ဆိုသည့် သတင်းကို ရေးသားရာတွင် သတင်းခေါင်းစဉ်နေရာတွင် ဗိုလ်ချုပ်မှူးကြီး အမည်ကို ရှေ့ဆုံးမှ တင်ရိုးထုံးစံရှိသည့် အတိုင်းရေးသားပြီးမှ `ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ဖေါ်ပြခဲ့ရာ နအဖ ခေါင်းဆောင်အတွက် မကောင်းသည့် နိမိတ်အဖြစ် ယူဆက သတင်းစာတိုက်မှ ၀န်ထမ်းများ ပြစ်တင်ပြောဆိုခံရခြင်း ဖြစ်သည်။

နအဖ ခေါင်းဆောင်များနှင့် ပတ်သက်သည့် သတင်းများရေးသားရာတွင် သတင်းစာပညာရပ်၏ ထုံးထမ်းနည်းနာများကို ဆန့်ကျင်ပြီး အစဉ်အမြဲ ရှေ့ဆုံးသို့မဟုတ် ထိပ်ဆုံးမှ ဖေါ်ပြရေးသား ခံလိုခြင်း၊ ဘွဲ့နှင့် ရာထူးအပြည့်အစုံကို မည်သည့် သတင်းတွင်မဆို ရေးသားရမည့် ထုံးစံရှိခြင်းတို့ကြောင့် အစိုးရပိုင် သတင်းစာ အနေဖြင့် သတင်းစာပညာ သင်ကြားချက်များကို လျစ်လျူရှုကာ အာဏာရှင်များအကြိုက် ရေးသားဖေါ်ပြ နေကြရသည်။

ထိုသို့ အရှေ့ဆုံးမှ ဖေါ်ပြရမည်ဟူသည့် ညွှန်ကြားချက် အတိုင်းရေးသားခဲ့ရာမှ ယခုလို ရုတ်တရက် နားလည်မှုလွဲစေနိုင်သည့် သတင်းခေါင်းစဉ်မျိုး ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ပြည်တွင်းမှ ၀ါရင့် သတင်းထောက် တဦးက ပြောသည်။

အဆိုပါ သတင်းထောက်က

“အစိုးရသတင်းစာ မှာ နအဖခေါင်းဆောင် တွေအကြောင်းရေးသား ဖေါ်ပြတယ်ဆိုရင် အဲဒီသတင်းတွေဟာ သတင်းစာပညာအရာ အညံ့ဆုံး နမူနာတွေ ဖြစ်နေတတ်တယ်။ ဘာကြောင့်လဲဆို တိုအောင် ရှင်းအောင် စာဖတ်သူနားလည်လွယ်အောင် ရေးခွင့်မရှိပဲ သူတို့ရဲ့ ဘွဲ့ထူးဂုဏ်ပုဒ်တွေကို တန်းစီပြီး ရေးလိုက်တာ စာကြောင်းသုံးကြောင်း လောက်ရောက်တာတောင် ဘယ်သူဆိုတာ မသိနိုင်သေးတဲ့အဖြစ်မျိုး၊နောက်တခါ ဘာသတင်းလဲ ဆိုတာထက် လာကြည့်တဲ့သူ၊ လာစစ်ဆေးတဲ့သူကို ဦးစားပေးဖေါ်ပြတဲ့ အတွက်မူရင်းရေးချင်တဲ့ အကြောင်းက နောက်မှာ မှိန်မှိန်ပဲ ကျန်တော့တဲ့ ဟာမျိုး၊နောက် နိုင်ငံခြားခေါင်းဆောင်တွေ လာတွေ့တယ်ဆို ဘာတွေဆွေးနွေးတယ် ဆိုတာတလုံးတပါဒမှ မပါဘဲ ၊ ဘယ်သူတွေရှိနေကြတယ်ဆိုတာပဲ ပါတာမျိုးပေါ့ ဒါကြောင့် သတင်းစာပညာ သင်တန်းတွေမှာ အညံ့ဆုံး ဥပမာပေးရင် အစိုးရသတင်းစာက သတင်းတွေကို ဥပမာပေးလေ့ရှိတာ”ဟု ဆိုသည်။

ယခုအဖြစ်အပျက်ကြောင့် အစိုးရသတင်းစာတိုက်မှ တာဝန်ရှိ ၀န်ထမ်းများအား ဖမ်းဆီးခြင်းသို့မဟုတ် ရာထူးမှ ထုတ်ပယ်ခြင်းမျိုး မကြားသိရသေးသော်လည်း ဖြေရှင်းတောင်းပန်ရသည်ဆိုသည့် အနေအထားတွင် ရှိသည်ဟု အစိုးရ သတင်းစာတိုက်ဝန်ထမ်း တဦးကပြောသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်းတွင် ဗိုလ်ချုပ်ခင်ညွှန့်သတင်းနှင့် ကမ္ဘာ့လူလိမ်ကြီးများဟူသည့် သတင်းတို့ကို ဟိုဘက်ဒီဘက် ဖေါ်ပြမိသည့် အတွက်သတင်းစာတိုက်ဝန်ထမ်းများ အဖမ်းခံရခြင်း၊ ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင် ဆိုသည့် စကားရပ်ကို `မ´ဖြုတ်လိုက်ပြီး ဒီမိုကရေစီရနိုင် ဟုဖေါ်ပြမိသဖြင့် ၀န်ထမ်းများ စစ်ဆေးခံရပြီး အလုပ်မှထုတ်ပယ်ခဲ့ခြင်း တို့မကြာခဏဖြစ်ပွားခဲ့သည်။



သတင်းရင်းမြစ်..မိုးမခ

ထောက်လှမ်းရေး ၆ နဲ့ ရေနံချောင်းချောက်မြို့နယ်ကကျောင်းသား စကားအချေအတင် ပြောပုံလေးပါ..

ကျနော်တို့နဲ့ အင်းစိန်ထောင်မှာ အတူနေခဲ့တဲ့ ကိုမိုးမြင့် တယောက် မှော်ဘီမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားတယ် ဆိုတဲ့ သတင်းက ကျနော်တို့ဆီကို ၀င်လာတယ်၊ အဲဒီတုန်းက ၁၉၉၆ ခုနှစ် လောက် ထင်တယ်။ ကျနော်တို့ကလည်း ဗမာပြည် ကျောင်းသားလူငယ်များ ပြန်လည် စုစည်းရေး ကော်မတီ (ဗကလစ)ဖွဲ့စည်းပြီး လှုပ်ရှားနေတဲ့ အချိန်၊ ကျနော်တို့ အချင်းချင်းကတော့ ဗကလစ ကို ဗိုလ်ကြီးလှစိန်အဖွဲ့လို့ ခေါ်ပါတယ်၊ ဒါနဲ့ပဲ ကျနော်တို့ မှော်ဘီက ကိုမိုးမြင့်အိမ်ကို လိုက်သွား ကြ မယ်ပေါ့၊

ကျနော်တို့ ၆ ယောက် မှော်ဘီကိုသွားဖို့ပြင်ကြတယ်။ အခုထိုင်းမြန်မာ နယ်စပ်ကိုရောက်နေတဲ့ မောင်မောင် ၀မ်း လည်းပါတယ်။

သွားဖို့ပြင်နေတုန်းမှာပဲ ထောက်လှမ်းရေး ၆ က ဘယ်လိုသတင်းရသွားလည်း မသိဘူး။ ဒါ နောက်မှ ထောက်လှမ်းရေး ၆ က ပြန်ပြောလို့ သိရတာပါ။


ထောက်လှမ်းရေး ၆ က မှော်ဘီရဲစခန်းကို ဖုန်းလှမ်းဆက်တယ်။

“ရန်ကုန်က ကျောင်းသားတွေ မှော်ဘီကိုလာလိမ့်မယ်၊ စခန်းမှာခဏ ခေါ်ထား၊ ထောက်လှမ်းရေး ၆ အဖွဲ့ တွေလည်း ရဲစခန်းကို အခု လာနေပြီ”လို့ ဆက်လိုက်တယ်။


ဒါနဲ့ရဲစခန်းကို ကျနော်တို့ ၆ ယောက် ရောက်သွားတဲ့အချိန်မှာ ရဲစခန်းအ၀င်ဝမှာ ကင်းစောင့်နေတဲ့ ရဲ တပ်ဖွဲ့ ၀င် တယောက်က မေးတယ်။

“ဆရာတို့ ၆ ကလား”တဲ့ ။

ကျနော်တို့ အဖွဲ့ထဲက မောင်မောင်ဝမ်းက ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။

“အေး ၆ က ပဲ”

အဲဒီလို ဖြေလိုက်သံကြားရတဲ့ အချိန်၊ ကျနော့် ခေါင်းကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရတယ်။ မောင်မောင်ဝမ်းကို လှမ်းကြည့်တော့ မျက်စိမှိတ်ပြတယ်၊ သူ ဘာမှမပြောလိုက်သလိုပဲ။

ဒါနဲ့ စခန်းမှူးအခန်းထဲကိုရောက်သွားတဲ့ အခါမှာ စခန်းမှူးက -

“ဆရာတို့ ၆ အဖွဲ့ကိုမျှော်နေတာနဲ့ အတော်ပဲ”လို့ ပြောဆိုနှုတ်ဆက်တယ်။

ပြီးတော့ ကော်ဖီနဲ့ကိတ်မုန့်တွေ ချကျွေးတယ်။ ကျနော်တို့ မောင်ကျောင်းသားများကလည်း ၀ိုင်းတွယ်လိုက် ကြတာ တက်တက်စင် ပါလေရော။

စားသောက်ပြီးလို့ စခန်းမှူးနဲ့ ကျနော်တို့နဲ့ သေဆုံးသွားတဲ့ ကိုမိုးမြင့်ကိစ္စကို ပြောကြဆိုကြပေါ့။ စခန်းမှူးကလည်း ရှာဖွေဝရမ်းတွေ အကုန်ထုတ်ပြလိုပြ။

ကျနော်ကတော့ ၆ က ဆိုတဲ့ကိစ္စပဲ ခေါင်းထဲရောက်နေတယ်။ ဘယ် အချက် ပြဿနာတက်မလဲပေါ့။

ထင်တဲ့အတိုင်းပါပဲ စကားပြောနေရင်းနဲ့ စခန်းမှူးက ကောက်ခါငင်ကာ ထမေးတယ်။

“ဆရာတို့ ဘယ် ၆ က လဲ”တဲ့။

“ရေနံချောင်း ချောက်ကပါ”လို့ မောင်မောင်ဝမ်း က ပြန်ဖြေလိုက်တယ်။

အဲဒီမှာ စခန်းမှူးမျက်နှာကြီးနီရဲ လာပြီး ရှေ့က စားပွဲကို ဒုန်းခနဲ လက်နဲ့ထထုလိုက်တယ်။

“ခင်ဗျားတို့ကို ၀န်ထမ်း အယောင်ဆောင်မှုနဲ့ တရားစွဲလို့ရတယ်၊ အခုဖမ်းချုပ် လို့ရတယ်”လို့ ဒေါသ တကြီး လည်း ပြောတယ်။

ကျနော့်တို့ မောင်မောင်ဝမ်းကတော့ အေးအေးဆေးဆေးပဲပြန်ပြောတယ်။

“ခင်ဗျားတို့ မေးတုန်းက ကျနော့်ကို ထောက်လှမ်းရေး ၆ ကလားလို့ မေးလို့လား၊ ၆ က လားပဲမေးတော့ ကျနော်က ရေနံချောင်း ချောက်သားပဲ ချောက်ကလို့ပြန်ဖြေတာ မှားလို့လား” တဲ့ ။

စခန်းမှူးလည်း ဘာပြန်ပြောရမှန်း မသိဖြစ်နေတုန်း ခုနက ဂိတ်ဝမှာ ကင်းစောင့်နေတဲ့ ရဲသားလေး က စခန်းမှူးအခန်းထဲကို အမောတကောဝင်လာပြီး ပြောလိုက်တယ်။

“စခန်းမှူး အပြင်မှာ ၆ က အဖွဲ့ရောက်နေတယ်”

အဲဒီမှာ စခန်းမှူးက ချက်ချင်း ရှေ့က စားပွဲကို ဒုန်းခနဲ တချက်ထပ်ထုပြီး
အော်ပြောလိုက် တာကတော့ -

“လာပြန်ပြီလား ဒီ ၆ ”တဲ့။


(ထက်ရာဇာ)

နှလုံးဟာဒယ ရွှင်ပြနိုင်ကြပါစေ။



ဖခင်ကိုဂုဏ်ယူတယ်ဆိုတဲ့ သမီး မျိုးဆက်သစ့်ရဲ့ ရင်ဖွင့်ခြင်း..

မြဝတီ နယ်စပ် စီးပွားရေးစက်မှုဇုံရှိ အထက်တန်းစားသူခိုးများကို နအဖ မှ ထိရောက်စွာ အရေးမယူရဲသေး..

မြဝတီ စီးပွားရေးစက်မှုဇုံ အရာရှိများ အပြောင်းအလဲလုပ်ပြီး လာဘ်ပေးလာဘ်ယူမှုများကို ထိထိရောက်ရောက် အရေးယူခြင်းမရှိကြောင်း တပ်မဗျူဟာမှူးနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။

ယမန်နေ့က လက်ရှိညွှန်ကြားရေးမှူးနေရာသို့ ယခင်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးအောင်စိုးသိန်းအား ပြန်လည်တာဝန်ပေးအပ်ပြီး ၎င်းတို့အနေဖြင့် အဂတိလိုက်စားမှုများ ရှိခဲ့ခြင်းကို အရေးယူခြင်းမရှိကြောင်း ဒေသခံက ပြောသည်။


“အခု ဦးဝင်းမြင့်နေရာမှာ အရင်က ဒီမှာတာဝန်ကျခဲ့ဖူးတဲ့ ဦးအောင်စိုးသိန်းကို (၃၁.၃.၂၀၁၀) ရက်နေ့ ရက်စွဲနဲ့ ပြန်ခန့်လိုက်တယ်။ ဦးအောင်စိုးသိန်းက တရားမဝင် ငွေကြေး၊ ကုန်ပစ္စည်းတွေသွင်းတာ လုပ်တယ်၊ တခြားအာဏာပိုင်တွေနဲ့လည်း အဆင်ပြေတော့ ကုန်စည်နဲ့လိုင်စင်မဲ့ကားတွေကိုလည်း ပတ်လမ်းကနေ သွင်းတာလုပ်တယ်၊ အဲဒါကို ပေါ်တင်ကြီးလုပ်တာ အရေးယူတာ တခါမှ မလုပ်ဖူး” ဟု တပ်မဗျူဟာမှူးနှင့် နီးစပ်သူက ပြောသည်။

ထို့အပြင် တပ်မဗျူဟာမှူးအနေဖြင့်လည်း ဝင်ငွေလျော့နည်းလာသည့်အတွက် ဒေသခံရဲများကို အစည်းဝေးခေါ်ယူ၍ ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။

“တပ်မနဲ့ တံတားကျိုးဂိတ် ပတ်လမ်းတွေကို ဖောက်ခွဲပစ်ခတ်မှုတွေလုပ်မဲ့ သတင်းတွေရထားတယ်ဆိုပြီး ရဲတွေကို တပ်မမှူးက ခေါ်ပြောတော့ ရဲတွေကလည်း ဂိတ်မစောင့်ရဲတော့ဘူး၊ အဲဒီမှာ လိုင်စင်မဲ့ကားတွေ ဖြတ်တာကို ငွေကောက်တာတွေလုပ်နေတာ” ဟု ပြောသည်။

ကုန်စည်ပစ္စည်းများ တင်ဆောင်လာသည့် ကားကြီးတစင်းလျှင် မြဝတီမှအထွက် လမ်းဂိတ်ကြေး ကျပ်( ၇၀,၀၀၀) မှ (၁၈၀,၀၀၀) အထိ ပေးဆောင်နေရကြောင်း တပ်မဗျူဟာမှူးနှင့် နီးစပ်သူက ဆက်ပြောသည်။

လိုင်စင်မဲ့ကားများ ဖြတ်ကျော်လျှင် တစီး ကျပ်ငွေ တသိန်းမှ နှစ်သိန်းအထိ တောင်းယူ၍ ဖြတ်သန်းခွင့် ပြုထားပြီး ယင်းကဲ့သို့ နယ်စပ်ကုန်သွယ်ရေး ဂိတ်များတွင် တာဝန်ကျသည့် အရာရှိများ ဥပဒေမဲ့လုပ်ရပ်များကို စစ်အစိုးရအနေဖြင့် အရေးယူခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။

သတင်းရင်းမြစ်...ရိုးမ(၃)

လူထုနှင့် ထိတွေ့မည့် လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ပြီး ဆက်လက်ရပ်တည်သွားရန် အဖွဲ့ချုပ် လျာထား







မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီးနောက် ပါတီရှေ့လုပ်ငန်းစဉ်တွင် လူထုနှင့် ထိတွေ့မည့် လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ပြီး ဆက်လက်ရပ်တည်သွားရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နည်းလမ်းများ ရှာဖွေနေသည်။

“နိုင်ငံတကာ ဆက်ဆံရေးလည်း ဆက်လုပ်သွားမယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးဆိုတဲ့ ဟာမျိုးပေါ့။ လူထုရဲ့ အကျိုးစီးပွားကိုလုပ်တဲ့ ဟာမျိုးတွေ၊ ဆောင်ရွက်တဲ့ ဟာမျိုးတွေကို ဆက်လုပ်သွားမယ်။ ပြည်သူလူထု အကျိုးစီးပွားတွေ၊ လူထုသက်သာချောင်ချိရေးတွေပေါ့ဗျာ” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

HIV/AIDS စွဲကပ်နေသူများအား ကူညီစောင့်ရှောက်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ ကူညီပံ့ပိုးသည့် လုပ်ငန်းများကို နမူနာပြ၍ သူက ပြောဆိုသွားသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ် ရုံးချုပ်တွင် ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အစည်းအဝေးက အန်အယ်ဒီနှင့် တိုင်းရင်းသားပါတီများ၊ မဟာမိတ်အဖွဲ့အစည်းများအကြား ဆက်လက်ပူးပေါင်းကာ လူထုကိုတိုက်ရိုက်ထိတွေ့သည့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

အဓိက အတိုက်အခံပါတီကြီးဖြစ်သော အဖွဲ့ချုပ် က စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများကို ဆန့်ကျင်သောအားဖြင့် ပြန်လည်မှတ်ပုံတင်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ရှေ့လုပ်ငန်းစဉ်က အရေးပါလာခဲ့သည်။ နောက်ဆုံးသတ်မှတ်ထားတွင် မှတ်ပုံမတင်လျှင် ပါတီဖျက်သိမ်းခံရမှာ ဖြစ်သည့်အတွက် တရားဝင်ပါတီ မဟုတ်တော့သည့်အခါ မြန်မာ့နိုင်ငံရေးမှ ပျောက်ကွယ်သွားလိမ့်မည်ဟု စိုးရိမ်မှုများ ရှိလာသည်။

“အဓိက လတ်တလော အဖွဲ့ချုပ် ရဲ့ ရပ်တည်ချက်ပေါ့။ နောက်တခါ ရှေ့ဆက်ပြီးတော့ ဘယ်လို တိုင်းရင်းသား ပါတီများနဲ့ လက်တွဲဆောင်ရွက်သွားမလဲဆိုတာကို အဓိကထားပြီး ဆွေးနွေးကြပါတယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

CRPP အစည်းအဝေးပွဲကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များဖြစ်သော ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်းတို့ အပါအဝင် CRPP အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့သည်။

အဖွဲ့ချုပ် က မိမိရဲ့ မူဝါဒအပေါ်မှာ ပြတ်ပြတ်သားသား ရပ်တည်တဲ့အတွက်ကြောင့် ဒီရပ်တည်ချက်ကို အားလုံးက အလေးထားတယ်။ ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်း၊ ဆက်လက်ပြီး CRPP မှာ အဖွဲ့ချုပ် နဲ့ အတူ လက်တွဲဆောင်ရွက်သွားဖို့ သဘောထားတွေကို ဆွေးနွေးကြတယ်” ဟု ဦးအေးသာအောင်က ပြောသည်။

စစ်အစိုးရအနေဖြင့် အဖွဲ့ချုပ် အား အတင်းအကျပ် ဖျက်သိမ်းခိုင်းခဲ့လျှင်လည်း ပျက်ပြယ်သွားသည်ဟု မယူဆဘဲ၊ ဆက်လက်ရပ်တည်နိုင်ရန် ကြိုးစားသွားမည်ဆိုသည့် အချက်အပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းရင်းမြစ်.. (မဇ္ဈိမ)

မြန်မာပြည်ကို လက်နက်အားကိုးနဲ့ မတရားအုပ်ချူပ်ထား တဲ့ စစ်အုပ်စုရဲ့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ ဖြေပါ.။

Question

၂၀၁၀ရဲ့ ရွေးကောက်ပွဲဟာ တရားလား မတရားလား ဆိုတာကို လာဖတ်လိုက်ပါ မျက်မမြင် တွေပါမကျန် လိမ်နေကြတဲ့စစ်အုပ်စု...။


မြန်မာနိုင်ငံက မျက်မမြင်လူဦးရေ (၂) သိန်းလောက်ကို နအဖက ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲပေးခိုင်းမယ်၊ တစ်ကိုယ်တည်းသမား မျက်မမြင်တွေဆိုရင် မဲရုံမှူးတွေက ကိုယ်စား ဆောင်ရွက်ပေးမယ်တဲ့။ ဖြစ်ရလေ နအဖရွေးကောက်ပွဲရယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ သိန်းစိုး ( နအဖစစ်ဥပဒေချူပ်ရုံးမှာ တာဝန်ယူခဲ့ပြီး ယူနီဖောင်းချွတ် အရပ်ဝတ်နဲ့  ပြည်သူကို မတရားဥပဒေများနဲ့ ဖိနှိပ်ဆက်ဆံနေသော နအဖလက်ပါးစေ ဒုတိယတရားသူကြီးချူပ်) က သန်းရွှေရဲ့  တော်ကောက်ခြင်း ခံရလို့  အရှင်မွေးတော့ နေ့ ချင်းညချင်းဆိုသလို ထင်ပေါ်လာပေမယ့် အရှင်သခင်ရဲ့  ညွှန်ကြားချက်အတိုင်း ဤ သည် မရွေး ပြောပြ လုပ်ပြနေရတာကတော့ အောက်ဖေါ်ပြပါ ဒို့ တာဝန် (၃) ရပ်ပါဘဲ။




နအဖလက်ပါးစေ သိန်းစိုးက ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးကတော့ ၁။ တက်ရောက်ကြသည်၊ ၂။ ဆွေးနွေးမှာကြားသည်၊ ၃။ ရုပ်သိမ်းလိုက်သည် ဆိုတဲ့ (၃) ခုပါဘဲ။

ဒီအစည်းအဝေးတွေက ပေါ်ထွက်လာတဲ့ ဆုံးဖြတ်ချက်များကတော့ နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲ လိမ်ဆင်ကြီး ဇာတ်လမ်းအတွက် မျက်မမြင်တွေဆီကပါ မဲလိမ်ယူကြဦးမှာ ဖြစ်ကြောင်းပါ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

02 April 2010

မြန်မာပြည်မှဂန္ဒီဟုတင်စားခံရသောလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ချုပ်ဗဟိုကော်မတီဝင်များပါတီဝင်များအားလုံးကိုလေးစားစွာဖြင့်ဦးညွှတ်ပါတယ် NLD





မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံး နိုင်ငံရေး ပါတီကြီးဖြစ်သော အဖွဲ့ချုပ်ပါတီ၏ အီးစီစုံညီ ဗဟိုကော်မတီ အစည်းအဝေးက နအဖ ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ဆိုင်ရာနှင့် ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ တရားမျှတမှု မရှိခြင်းကြောင့် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်တော့မည် မဟုတ်ကြောင်း ယနေ့ ဆုံးဖြတ်ချက် ချခဲ့ ပါသည်။


ထိုဆုံးဖြတ်ချက်ကို အဖွဲ့ချုပ် ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော အဖွဲ့ချုပ်ဗဟိုကော်မတီ အစည်းအဝေးက ယနေ့ နေ့လည်ပိုင်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတွင် ဗဟို ကော်မတီဝင် ၁၁၃ဦး တက်ရောက်ခဲ့ ကြပါသည်။ ထိုဗဟိုကော်မတီ အစည်းအဝေးကပင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများကို ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်သည် နအဖက ယခုနှစ် အတွင်း ကျင်းပမည့် တဖက်စောင်းနင်း ရေးဆွဲထားသည့် ၂၀၀၈ အခြေခံ ဥပဒေကို မူတည်ပြီး ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ကြီးစွာသော သက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။


အဖွဲ့ချုပ်၏ ဒုတိယ ဥက္ကဌ ဦးတင်ဦးက အစည်းအဝေးအပြီး သတင်းသမားများကို ပြောပြ ရာတွင် အဖွဲ့ချုပ်ပါတီသည် မိမိတို့ပါတီကို ဖျက်သိမ်းမည်မဟုတ်ပဲ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြည်သူ လူထုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် လက်တွဲကာ ပါတီမရှိတော့လျှင်ပင် ဆက်လက် လုပ်ဆောင်သွား မည်ဟု ဆိုပါသည်။ ထို့အတွက် စစ်အစိုးရအနေနှင့် သူတို့အားလုံးကို ဖမ်းဆီးသည်ဖြစ်စေ ကြိုက်သလို ဆောင်ရွက်နိုင်ကြောင်း အဖွဲ့ချုပ် အနေဖြင့် ဖိနှိပ်မှု အားလုံးကို ရင်ဆိုင်သွားရန် အသင့်ဖြစ် နေပြီဟု ကြေငြာ သွားခဲ့ပါသည်။


ယနေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ကလဲ သူမ၏ သဘောထား အမြင်ကို ဗဟိုကော်မတီသို့ ပေးပို့ခဲ့ပါသည်။ ထိုသဘောထားကို ယူဆောင်လာခဲ့သူ ဦးဥာဏ်ဝင်းက ပြန်လည် ပြောပြရာတွင် သူမအနေနှင့် အချက်၆ချက်ပါ သဘောထားအမြင်ကို ပေးပို့ ခဲ့သည်ဟု ဆိုပါသည်။ ထိုသဘောထားများမှာ-

၁။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
၂။ တရားမျှတမှု မရှိ၊ တစ်ဘက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းလမ်း မကျ။
၃။ အဖွဲ့ ချူပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်။
၎။ အဖွဲ့ ချူပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝ မကြိုက်၊ လက်မခံ။
၅။ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားပါ။
၆။အဖွဲ့ ချူပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ ချူပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်း မဟုတ်။

ထို ဆုံးဖြတ်ချက်သည် အဖွဲ့ချုပ် ပါတီအတွက် သမိုင်းဝင်စေမည့် ဆုံးဖြတ်ချက်ပင် ဖြစ်ပါ သည်။ ထိုကဲ့သို့ ဆုံးဖြတ်ခြင်း အတွက် အဖွဲ့ချုပ် သည် စစ်အာဏာရှင်များနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ငြိမ်းချမ်းသော နည်းလမ်းကိုသာ ကိုင်စွဲထားသည့် အဖွဲ့ချုပ် အတွက် လက်ရှိအာဏာကို စစ်အာဏာသိမ်း ချုပ်ကိုင်ထားသူ စစ်အုပ်စု၏ ဖိနှိပ်မှု အမျိုးမျိုးကို ရင်ဆိုင်ရပေတော့မည်။ ပါတီကို မတရား ဖျက်သိမ်းခံရ နိုင်သည်ကို သိလျှက်၊ မိမိတို့ကို အချိန်မရွေး ဖမ်းဆီးနိုင်သည်ကို သိလျှက်နှင့်ပင် ထိုဆုံးဖြတ်ချက်ကို တညီ တညွတ်တည်း ချမှတ်ခဲ့ ကြခြင်းသည် သူတို့၏ အံ့ချီးဘွယ်ရာ သတ္တိကို ပြလိုက်ခြင်းလည်း ဖြစ်သည်။



အကယ်၍ အဖွဲ့ချုပ် ကသာ ယနေ့ အစည်းအဝေးတွင် မှတ်ပုံတင်မည်ဟု ဆုံးဖြတ်ခဲ့ပါလျှင်၊ စစ်အာဏာရှင်တို့ စိတ်ကြိုက် တဖက်သတ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် လည်းကောင်း တဖက် စောင်းနင်း ရွေးကောက်ပွဲ ဥပဒေများသည် လည်းကောင်း သက်ဝင်လာတော့မည် ဖြစ်ပေသည်။


အာဏာလက်ရှိ လက်မဲ့ကို မစဉ်းစားပဲ တရားဝင်မှုကိုသာကြည့်လျှင်၊ စစ်အုပ်စုသည် ၁၉၈၈ခုနှစ် ပြည်သူ တို့၏ သဘောဆန္ဒကို ဆန့်ကျင်၍ အလောင်းချင်းထပ်အောင် ပစ်သတ်ကာ အာဏာသိမ်းခဲ့ သူများဖြစ်ပြီး ၊ အဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ တခဲနက် ထောက်ခံမှုဖြင့် အနိုင်ရကာ လူထုက အာဏာ အပ်နှင်းခဲ့သော ပါတီဖြစ်သည်။ ထိုအချိန်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင် ထိုရွေးကောက်ပွဲသည် တရားမျှတပါသည်ဟု ဝန်ခံခဲ့ပြီးဖြစ်သည်။ မည်သူက တရားဝင် သည်ကို နှိုင်းယှဉ်၍ပင် မရပါ။ လက်နက်ရှိရုံမျှဖြင့် တရားမဝင်သူက တရားဝင်သူကို ဖျက်သိမ်းလျှင် စုစည်း ငြိမ်းချမ်းစွာဖြင့် ရင်ဆိုင်ကြရုံသာရှိသည်။



တကယ်က ယခုဆုံးဖြတ်ချက်သည် ယနေ့တက်ရောက်လာကြသော ဗဟိုကော်မတီဝင် ၁၁၃ ဦး၏ သဘော ထားသာ မဟုတ်ပဲ ၄င်းတို့ ကိုယ်စားပြုလာကြသော ပြည်နယ်၊ တိုင်း၊ မြို့နယ် အသီးသီးမှ ပါတီဝင် အားလုံး၏ သဘောထားသာ ဖြစ်သည်။ ထို့အတူ ပြည်သူလူထုက အာဏာလွဲအပ်ထားသော ပါတီဖြစ်သဖြင့် ပြည်သူ လူထု တရပ်လုံး၏ သဘောထားလည်း ဖြစ်ပါသည်။ တနည်းဆိုရလျှင် အဖွဲ့ချုပ် သည် သူ့အားယုံကြည်စွာ ထောက်ခံခဲ့ကြသော ပြည်သူလူထုများ အပေါ်တွင် တင်လာသည့် စစ်ကျွန်ပြုရေး တံပိုးကြီးကို ရိုက်ချိုးလိုက် ပြီ ဖြစ်သည်။


နအဖအနေနှင့် မည်သို့ပင် သပ်လျှို၊ ဖြိုခွဲ ဖိနှိပ်ကာ အဖွဲ့ချုပ်ပါတီ တရပ်လုံးကို ခြေမှုန်း လိုက်သော်မှ ထိုသမိုင်း ဝင် ဆုံးဖြတ်ချက်ကို ပျက်ပြယ်စေနိုင်သော အကြောင်း တစုံတရာ မရှိပါ။ အာဏာရပါတီ အဖွဲ့ချုပ်အပေါ် ဖိနှိပ် လုပ်ဆောင်ချက် မှန်သမျှသည် နိုင်ငံတကာ ရာဇဝတ် တရားရုံး(ICC) တွင် တရားစွဲဆိုစရာ သက်သေခံ ချက်များ အဖြစ်ကို ရောက်ရှိလာမည်သာ ဖြစ်သည်။


မည်ကဲ့သို့သော နှောင့်နှေးမှုများ ရှိခဲ့သည်ဖြစ်စေ လက်ရှိ အခြေအနေတွင် အဖွဲ့ချုပ် သည် သူတို့အား ယုံကြည် လေးမြတ်စွာ ထောက်ခံခဲ့သော ပြည်သူလူထုကြီး တရပ်လုံးအတွက် ထိုက်တန်စွာ ပြန်လည် အလုပ်အကြွေး ပြုခဲ့ပြီဖြစ်သည်။ မကြာသေးခင်ကမှ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခဲ့သူ အဖွဲ့ချုပ်ဒုတိယ ဥက္ကဌ ဦးတင်ဦး တင်စား ချီးကျူးခဲ့သည့် မြန်မာပြည်မှဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်သည် သူမဘဝ တခုလုံးနှင့် ရင်းနှီးကာ ပေးဆပ်နေသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူ လူထုများ အတွက် သူမကဲ့သို့ပင် ပေးဆပ် အလုပ်အကျွေးပြုရန် သူမ ဦးဆောင်ခဲ့သည့် ပါတီကို ပြောင်မြောက်စွာ လမ်းညွှန်ပြသခဲ့ပါပြီ။


သို့ဖြစ်ပါ၍ မြန်မာပြည်၏ဂန္ဒီ ဒေါ်အောင်ဆန်းစုကြည်နှင့် မိမိတို့ အတွက် မငဲ့ကွက်ပဲ ပြည်သူလူထုများပေါ်တွင် တင်နေသည့် စစ်ကျွန်တံပိုးကို ရိုက်ချိုးခဲ့ကြသည့် အဖွဲ့ချုပ်ဗဟိုကော်မတီဝင်များနှင့်တကွ ပါတီဝင်များ အားလုံးကို လေးစားစွာဖြင့် ဦးညွှတ် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

ကဗျာဆရာကိုစောဝေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် မှကိုမြင့်စိုးတို့ ကြာသာပတေးနေ့ နေ့လည်က ပြန်လည်လွတ်မြောက်လာ..

ဘယ်ဘက်ကမျက်မှန်နဲ့ ကဗျာဆရာ ကိုစောဝေပါ။
၂ဝဝ၈ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က “အာဏာရူးကြီး မှူးကြီး သန်းရွှေ” ကဗျာရေးသားမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရတဲ့ ကဗျာဆရာကိုစောဝေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့မှ ကိုမြင့်စိုးတို့ ကြာသာပတေးနေ့ နေ့လည်ကပြန်လည်လွတ်မြောက် လာကြောင်းသိရှိရပါတယ်။

ကဗျာဆရာကိုစောဝေဟာ ၂၀၀၈ခုနှစ် က ဇန်နဝါရီလက အချစ်ဂျာနယ်မှာ ချစ်သူများနေ့အထိမ်းအမှတ် ဖေဖော်ဝါရီ ၁၄ကဗျာဖြင့် " အာဏာရှုးကြီးမှုးကြီးသန်းရွှေ "စာသားကို ရေးသားမှုဖြင့် ထောင်ဒဏ်(၂)နှစ် ချမှတ်ခြင်းခံခဲ့ရပြီး ဧပြီလ၁ရက်နေ့က ပြန်လည် လွတ်မြောက်လာပါတယ်။ ကဗျာဆရာကိုစောဝေရဲ့ ကဗျာကို ထည့်သွင်းခွင့်ပြုတဲ့ အချစ်ဂျာနယ်အယ်ဒီတာချုပ် စစ်အစိုးရ အလိုတော်ရိ မီဒီယာကို မီဒီယာဖြင့်တိုက်မယ်ဆိုတဲ့ ဗိုလ်ကျော်ဆန်းရဲ့တပည့် မြတ်ခိုင်ဖြစ်ပြီး၊ ထုတ်ဝေသူကတော့ ဂျပန်ပြန် သာကူး မောင်ပန်းမွှေးဖြစ်ပါတယ်။ ထိုစဉ်ကကိုစောဝေရဲ့ ကဗျာကို မြတ်ခိုင်မှ တာဝန်ယူသည်ဆိုပြီး အချစ်ဂျာနယ်တွင် ထည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ တာဝန်ခံမြတ်ခိုင်နှင့် မောင်ပန်းမွှေးတို့မှာမူ အရေးယူခံရခြင်းမရှိခဲ့ပါဘူး။

Feb14
ကဗျာဆရာကိုစောဝေရဲ့ ဖေဖော်ဝါရီလ ၁၄ကဗျာ

မနေ့က ပြန်လည်လွတ်မြောက်တဲ့ သူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့မှ ကိုမြင့်စိုးလည်း ပါဝင်ကြောင်းသိရှိရပြီး (၂)ဦးလုံး လွတ်ရက်စေ့ပြီးမှ လွတ်မြောက်လာသူတွေ ဖြစ်ကြောင်းသိရှိရပါတယ်။

သတင်း... ဒီမိုဝေယံ

01 April 2010

ဧပြီလ(၁)ရက်နေ့ နေ့စွဲ့ဖြင့် နအဖ စစ်အစိုးရ အတွက် အထူးအစီအစဉ် သင်္ကြန်စာကို ထုတ်ဝေလိုက်ပါပြီ..

၁၃၇၂ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅ - ရက်၊ ခရစ်နှစ်၊ ၂၀၁၀ခု၊
ဧပြီလ ၁၄ ရက်၊ဗုဒ္ဓဟူး နေ့၊ မြန်မာစံတော်ချိန် နံနက်၊ စက် ၃ နာရီ ၁၅ မိနစ် ၃၆
စက္ကန့် …..။



“ဗမာပြည်” အမည်ရှိသော ဗြဟ္မာမင်းဦးခေါင်းကို ကိုင်ထားသည့် သောကြာသားသည်အစိမ်းရောင် အဝတ်ကို ဝတ်ဆင်လျှက် အင်္ဂါသမီးထံ လွှဲအပ်ရမည့်အစား “ပေးဘူး၊ပေးဘူး” ဟု အတင်း ကာရော ငြင်းဆန်ကာ ဆက်လက် ကိုင်ဆောင် ထားဦးမည်ဖြစ်သောကြောင့် မိုးတွင်းတွင် မိုးရွာလတ္တံ့၊ မိုးတဖြိုက်နှစ်ဖြိုက်ရွာရုံမျှဖြင့် ရန်ကုန်တွင် ရေကြီးအံ့၊ ထီပေါက်သူများ ပိုက်ဆံဝင်လတ္တံ့၊ လျှပ်စစ် မီးကြောင့်ဖြစ်သော ဓာတ်လိုက်ခြင်း အန္တရာယ်ကင်းဝေးလတ္တံ့၊ ကိုရီးယားကား လူကြိုက်များလတ္တံ့၊ အင်တာနက် ဆက်သွယ် ရေးနှေးအံ့၊ တိုင်းသူပြည်သားများမှာ ဆန်အစား ဆန်ကွဲကို စားရသောကြောင့်အစာကြေလွယ်အံ့၊ ညဘက်မီးမှန်မှန် ပျက်သောကြောင့် စောစောအိပ်ရာဝင်ရ လတ္တံ့၊ခြင်အစရှိသော အတောင်ပါသော သတ္တဝါများ ပေါများသောကြောင့်ခြင်ထောင်မရှိသူများ ဂေါ်ဇီလာဖြင့် အိပ်ရအံ့။

သင်္ကြန်အခါရှောင်ကျဉ်ရန်အမှုများကား နိုင်ငံရေးတံဆိပ်များပါသည့်တီရှပ်ဝတ်ဆင်ခြင်းဖြစ်ပေသည်။ ဤကား စစ်အစိုးရအလိုတည်း။

သင်္ကြန်အကျအလိုမူကား ကြောင်းလျားစုံစေ့သင်္ကြန်နေ့၌အင်းလျားလမ်းတွင်မဏ္ဍပ်ဝင်က၊ကညာနှမ
မြင်သမျှမှာ လှချင်တိုင်းလှ၊ ဗိုက်ပေါ်ခါးပေါ်ပေါ်ချင်သလို ပေါ်၍ တွေ့မရှောင်ငမ်း ကြမ်းရမ်းဂီတ ဖွင့်
ကုန်ကြရင်း
မျောက်လိုကကာသောက်ထုတ်သေရက်ဤတချက်ကိုလူ့ပြည်လူ့ခွင်လူကိုစင်ထားမြင့်မိုရ်
ဖျားဝယ် သိကြားသော်မှ ခွက်ပုန်းချရ၏ သို့သော်မြန်ပြေ (ပြည်)ဆန်းသည့်မြေ၌ အရက်စတုဒီသာ
ပေးနေ ပါ၍ သိကြားထက် ထူးသည့် ကုသိုလ်တည်း။စတုဒီသာ ကုန်သွားပါက စပွန်ဆာရှာ၍
သောက်ပါလေ။


တနင်္ဂနွေသားသမီး (အေး) သည် - အနေအထိုင်မတတ်ပါက ရာထူးကျကိန်းရှိပြီးကံဆိုးပါက ရာထူးမှ ဖယ်ရှားခံရကိန်းရှိသည်။ ယတြာအနေဖြင့် သောကြာသား၏အနားမှ တဖဝါးမှမခွာဘဲ ဝတ်ကြီးဝတ်ငယ် ပြုစုကာ ..ကြာသပတေးနာမ်နှင့်ဆိုင်သော ကိစ္စများ ဆောင်ရွက်ပါလေ (ဥပမာ - ဖားခြင်း၊ပေါင်းခြင်း၊ ပေါတောတော နေကာ ရူးချင်ယောင်ဆောင်ခြင်း)

တနင်္လာ သားသမီး (ကြိုင်) သည် - သောကြာသားသမီးကို ညွှန်ကြားနိုင်သောအရည်အချင်း ရှိပေသည်။ သူများ မသထာ ရေစာများ စားနေသောကြောင့်ထမင်းစားလျှင် မကြာခဏ နင်ကိန်းရှိသည်။ ယတြာမှာ အုန်းသီးတလုံးကိုအခွံမနွှာဘဲ အာမထိလျှာမထိမြိုပါ။ အညံ့များ အားလုံး ကင်းစင်မည်။

အင်္ဂါ သားသမီး (စု) သည် - အရူးတသိုက်၏ ချုပ်နှောင်ထားခြင်းခံရကိန်းရှိသည်။ ရူးနေသူများ ဖြစ်သောကြောင့် လွှတ်ပေးပြီးလျှင်လည်းပြန်ဖမ်းကောင်း ဖမ်းနိုင်သည်။ ကြာသပတေးနာမ်ဖြင့် စသော နိုင်ငံရပ်ခြားမှအကူအညီ ရချင်ရနိုင်သော်လည်း သောကြားသား အဖျက်ရှိသည်။ ယတြာမှာ“လုပ်ချင်တာသာ လုပ်ကြတော့ဟေ့” ဟု သုံးကြိမ်အော်၍ ဘာမှမလုပ်ဘဲငုတ်တုတ်ထိုင်စောင့်ပါလေ။

ဗုဒ္ဓဟူးသားသမီး (ရွှေ) သည် - စိတ်မမှန်သော အထက်လူကြီးက မကြာခဏဟိန်းဟောက်ကာ မကြာခဏ ဆုလာဘ် ချပေးသောကြောင့် မကြာခဏ ကြောင်တောင်တောင်ဖြစ်တတ်သည်။ သားဖြစ်သူ တနင်္ဂနွေ သား၏ စီးပွားရေးလုပ်ငန်းမှာ အထက်လူကြီး၏မိုးလေဝသ အခြေအနေ ပေါ်တွင်သော် လည်းကောင်း အင်္ဂါနာမ် တခု ပေါ်တွင်လည်းကောင်း မူတည်နေသည်။ ယတြာမှာ ကုန်း၍ “ဆန်ရှင်မြန်မြန် ရုပ်မှပါပဲ” ဟုလိပ်ခေါင်း မထွက်မချင်း အော်ပါ။

ကြာသပတေး သားသမီး (မင်း) သည် - အရူးများ၏ နှိပ်စက်ခြင်းမှမကင်းလွတ်နိုင်သေးပေ။ အညံ့ကာလ ဖြစ်နေသည်။ ယတြာမှာ အနောက်အရပ်ကိုမျှော်ရင်း “သောကြာသား နင်သေမှ အေးမဟဲ့” ဟု သုံးကြိမ် အော်ပါ။

သောကြာသားသမီး (သန်း၊ သိန်း) သည် - ဘုရင်ရူးရူးနေသောကြောင့် ပလ္လင်ပေါ်မှဒလိန့်ကောက်ကွေး ကျကိန်း ရှိသည်။ ပေါင်းလျှင် ၃ ရသောနှစ်၌ ထူးထူးခြားခြားမဟုတ်တရုတ်လုပ်လိမ့်မည်။ လူအများ ပို့သသော မေတ္တာကြောင့် ကျန်းမာရေးအထူးကောင်းနေသေး သော်လည်း မကြာခင် ငေါက်ခနဲ သေကိန်းရှိသည်။ ယတြာမှာတနင်္လာသမီး၏ ထဘီစကိုဆွဲ၍ ဆူးကြီးကြီး ဒူးရင်းသီတလုံးကို ပုံစံမပျက်မြိုပါ။

စနေသားသမီး (တေ) သည် - ပွဲလန့်တုန်းဖျာခင်းတတ်သော အရည်အချင်းကြောင့်ကြီးပွားကိန်း
ရှိသည်။ ကြာသပတေးနာမ်နှင့်ဆိုင်သော အလုပ်များ (ဥပမာ -ဖားခြင်း) အထူးကျွမ်းကျင်ပြီး
အင်္ဂါနာမ် (ဆန်ရှင်)ကြောင့် လတ်တလောဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဗုဒ္ဓဟူးနာမ် အကြိုး
ပေးမည် (ဥပမာ -ပိုင်ဆိုင်သော လေယာဉ်တစီးစီး ရပ်နေရင်း ခါးမှထက်ပိုင်းပြတ်ကြိုးသွားခြင်း)
ယတြာမှာ “အနောက်က ဆန်ရှင်ရင်အောက်ကသစ်ခိုး ထုတ်မယ်” ဟူ၍ သက်တမ်းရင့် ကျွန်းပင်ကြီး တပင်ကိုဖက်ရင်းလည်ချောင်းကွဲသည်ထိ အော်ပါ။

သင်္ကြန်အတာ တက်အံ့သောအခါကား .. အမူးလွန်၍ အန်ဖတ်ဆို့သေကြသူများ၊ ရေနစ်၊ရန်ဖြစ် ယာဉ်မတော် တဆဖြစ်၍ မာလက ဈာန်ကြွကြသူများ၊ ဆေးရုံရောက်သူများ၊အကဲ လွန်သောကြောင့် ဗိုက်ထွက် ကြသူများ စာရင်း ထွက်ပေါ်ချိန်တည်း။

အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း ..နှစ်ကို ၁ နှင့် ၃ ရှိထားပြီးဖြစ်သော ဖဲသမားစောင့်၏၊ လ ကို မီးပျက်သည့်ညတိုင်းစောင့်၏၊ ရက်ကို နှလုံးထီသမား စောင့်၏၊ မြေကိုမြေပိုင်ရှင်စောင့်၏၊ ရေကို ရေစည်လှည်းတွန်းသူ စောင့်၏၊ မိုးကို တနွေလုံးရေမချိုးရ သူများစောင့်၏၊ လူတို့၏အဓိပတိကား အရူး၊ ငှက်တို့၏ အဓိပတိကားလင်းတ၊ ငါးတို့၏ အဓိပတိကား ငါးရွှေ၊ အပင်တို့၏ အဓိပတိကား ကြက်ဆူပင်။

နက္ခတ် ၃ လုံး ငုတ်၏၊ ၄ လုံးပေါ်၏ ၃ နှင့် ၄ ကို တနှစ်လုံးမွေးထိုးကမနှေးအမြန် မွဲကိန်းမြင်၏။ မိုးရွာလျှင် ရေရအံ့၊ ခြင်ပေါအံ့၊မြောင်းပုပ်နံ့ နံအံ့၊ ဝဲပေါက်အံ့၊ လူတို့ အနာအဖျား များသည့်အခါအစိုးရမင်းများ၏ စေတနာကြောင့် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဆေးကုရအံ့၊မကုနိုင်သူများ သေအံ့၊ ပြည်ရွာ မီးလောင်လျှင် မီးသတ်တွင်ရေမရှိသောကြောင့်ပြာဖြစ်အံ့၊ မြန်မာ့ လောင်းကစား ကမ္ဘာကိုလွှမ်းအံ့၊ ဂျီအက်စ်အမ်ဖုန်းများ
ဆက်သွယ်ရေးခက်ခဲအံ့၊ ထိုနှစ်ဖွားသော သားကား ကံဆိုးသောကြောင့်မြန်မာပြည်တွင်လူဖြစ်အံ့။

.
......................................................။.........................................................


April Fool Day (April 1)





၁။ အုပ်စိုးသူ အစိုးရကောင်း၊ မင်းကောင်းတို့မည်သည် ဘက်လိုက်ခြင်း၊ အဂတိလိုက်စားခြင်း၊
တိုင်းသူပြည်သား၊ လူအများတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်းသည် တရပ်၊
၂။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် တိုင်းသူပြည်သားတို့အပေါ်
အမုန်းစိတ်ထား၍ ဆက်ဆံခြင်းမပြုခြင်းသည် တရပ်၊
၃။ အုပ်စိုးသူ မင်းကောင်းအစိုးရကောင်းတို့မည်သည် တရားမျှတမှုရှိသော တရားဥပဒေ
ကို ပြဌာန်းရာ၍ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်းလည်း တရပ်၊
၎။ မင်းကောင်း၊ အစိုးရကောင်းတို့မည်သည် မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာ
သိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့်
ပြဌာန်းခြင်းမပြုအပ်၊ တရားဥပဒေကို ပြဌာန်းရာ၌ အကြောင်း ယုတ္တိ ခိုင်လုံမှုရှိပြီး စိတ်
နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည်။"

စက္က၀တ္ထီသီဟနန္ဒသုတ်

"အပြစ်မရှိတဲ့ တိုင်းသူပြည်သားတွေကိုသာ အပြစ်ဒဏ်ပေးပြီး တကယ့်လက်သည် တရားခံ ကို တော့ အပြစ်မပေးဘဲ ထားတဲ့မင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မသင့်တဲ့မင်းဖြစ်တယ်..."

မဇ္ဈနိမနိကာယ်

"အင်အားပါဝါကိုအသုံးပြုပြီးလုပ်တဲ့ပြုပြင်ပြောင်းလဲရေးဟာ ခဏပဲခံတယ်။
ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြုပြင် ပြောင်းလဲရေးမှာ စွဲစရာအဖြစ်မပါဘူး။
တကယ်တမ်းပြုပြင်ပြောင်းလဲရေြး
ဖစ်ဖို့ကတော့ ပြုပြင်ပြောင်းလဲ လို တဲ့ စိတ်ဓာတ်အမှန် အဆင်သင့်ဖြစ်နေမှသာ ဖြစ်နိုင်မယ်။"

“အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာ၏၊
ရှုံးနိမ့်သူကား ဆင်းရဲစွာ နေကြရသည်၊
အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်းသုခနှင့်ငြိမ်းချ
မ်းခြင်းကို ရနိုင်သည်”

ဓမ္မပဒ


သင်္ကြန်မဏ္ဍပ်ကြီးများတွင် ရေပက်ကစားသူများသည် မလုံ့တလုံဝတ်စားဆင်ယင်မှု မပြုလုပ်ရန် စစ်အစိုးရစည်းကမ်းထုတ်

သင်္ကြန်မဏ္ဍပ်ကြီးများတွင် ရေပက်ကစားသူများသည် မလုံ့တလုံဝတ်စားဆင်ယင်မှု မပြုလုပ်ရန်နှင့် မဏ္ဍပ်အမည်များကို မြန်မာလိုပေးရန် စစ်အစိုးရက စည်းကမ်းထုတ်ပြန်လိုက်သည်။ ပေ ၅ဝ အထက်မဏ္ဍပ်များသည် ”မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မအပ်စပ်သော ဝတ်စားဆင်ယင်ပြုမှု ကခုန်မှုများ” ၊ မဏ္ဍပ်နာမည်ပေးရာတွင်လည်း မြန်မာအမည်သာပေးရန် အပါအဝင် ”မြန်မာ့ရိုးရာ” ဟူသော စကားလုံများများပါဝင်သည့် အချက်ပေါင်း ၃၉ ချက်ရှိ စည်းကမ်းများကို ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတဦးက ပြောသည်။


မလုံ့တလုံဝတ်ဆင်မှုကို မြန်မာ့ယဉ်ကျေးမှုနှင့် မအပ်စပ်သော ဝတ်ဆင်မှုဟု သူက ရည်ညွှန်းပြီး မဏ္ဍပ်နာမည်များကို ”ဥပမာ ရွှေပိတောက်၊ ပိတောက်ရိပ် စသဖြင့်” ဟုဆိုကာ မြန်မာနာမည်သာ ပေးရမှာဖြစ်သည်ဟု ဆိုသည်။ မဏ္ဍပ်၏ နောက်ခံကားချပ်အပြင်အဆင်တွင် ရိုးရာအတာသင်္ကြန်ပုံပေါ်သည့် ပန်းချီဒီဇိုင်းများသာ ရေးဆွဲရမှာဖြစ်ပြီး ဖွင့်ပွဲနေ့တွင် ငွေဖလားတွင် အမွှေးနံ့သာရည်ထည့်၍ ရေကစားခြင်းကို ထည့်သွင်း ဆောင်ရွက်သွားရန်တို့လည်း စည်းကမ်းချက်တွင် ပါရှိသည်။


မြန်မာနိုင်ငံတွင် ယခုနှစ်တွင် ဧပြီ ၁၄ ရက်နေ့သည် သင်္ကြန်အကျနေ့ဖြစ်ပြီး ဧပြီ ၁၆ ရက်နေ့သည် သင်္ကြန်အတက်နေ့ဖြစ်ကာ မဏ္ဍပ်ကြီးများပါမစ်လျှောက်ထားသူသည် ကျပ်ငွေ သိန်း ၃ဝ ပါ စပေါ်တင်ရသည်။ ပေ ၂၅ ပေအောက် မဏ္ဍပ်ငယ်များကိုလည်း စိစစ်ပြီးမှ ခွင့်ပြုသွားမှာဖြစ်သည်။ “ထမီကြီးဝတ်ပြီး သင်္ကြန်လည်ရမယ်ဆိုတာလည်း မဟုတ်သေးပါဘူး။ ဖော်ဝတ်ပြီးမှ သင်္ကြန်ကို ကဲရတယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ လုံလုံခြုံခြုံလေးနဲ့ ဘောင်းဘီရှည်၊ အကျီလက်ရှည်ဖြစ်စေ ဝတ်ပြီး တော့ ဆင်နွှဲမယ်ဆိုရင်လည်း အားလုံး အဆင်ပြေမှာပါ” ဟု ရန်ကုန်မြို့နေ အမည်မဖော်လိုသူ အမျိုးသမီး မော်ဒယ်တဦးက ပြောသည်။ ယခုနှစ် သင်္ကြန်ရေကစားမဏ္ဍပ်များကို ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်းနှင့် ဆရာစံလမ်း၊ ရန်ကုန်မြို့လည်နေရာများတွင် စိစစ်ပြီး တည်ဆောက်ခွင့်ပေးမည် ဖြစ်သော်လည်း အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အချို့နေရာများတွင်မူ ခွင့်မပြုကြောင်း သိရှိရသည်။ မဏ္ဍပ်အရွယ်အစားအလိုက် မြေအသုံး ပြုခ လမ်းတံတားကြေးံ၊ ရေဆက်သွယ်သုံးစွဲခနှင့် သန့်ရှင်းရေး ဝန်ဆောင်ခနှုန်းထားများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ကြိုတင်ပေးသွင်းရသည်။

ပေ ၁ဝဝ ရှိသော မဏ္ဍပ်များအတွက် လမ်းတံတားကြေးနှင့် သန့်ရှင်းရေးခ ကျပ် ၁၂ဝဝဝဝ ပေးဆောင်ရပြီး ပေ ၅ဝ ရှိသောမဏ္ဍပ်များမှာ လမ်းကြေးနှင့် သန့်ရှင်းရေးခ ၈ဝဝဝဝ ပေးရသည်။ ၂၅ ပေအောက် မဏ္ဍပ်များအတွက် ကျပ် ၄ သောင်းဖြစ်သည်။ ၂ လက်မ ပိုက်ဖြင့် ရေသွယ်လိုလျှင် ကျပ် ၁ဝဝဝဝဝ ပေးရပြီး ၁ လက်မခွဲအထိ ကျပ် ၆ဝဝဝဝ ဖြစ်သည်။

ရင်းမြစ်..
(မဇ္ဈိမ)

........................................။.....................

စစ်အစိုးရ လက်ထက်ပထမဦးဆုံးအကြိမ် ဘီကီနီ ဖက်ရှင်ပြိုင်ပွဲ
.......................................................................................

ငွေဆောင်ကမ်းခြေတွင် ကျင်းပ

.........................................................




စည်းကမ်းထုတ်တာ နအဖ စစ်အုပ်စု စည်းကမ်းချို့းဖောက်တာလည်း နအဖ စစ်အုပ်စု ငါလုပ်သလို
လိုက်မလုပ်နဲ့ငါပြောသလိုလုပ်နဲ့ဆိုပြီးလက်နက်အားကိုးနဲ့ပြည်သူတွေကိုစည်းကမ်းတွေလိုက်နာခိုင်း
တယ်။နအဖ စစ်အုပ်စု လုပ်လို့ ခုခေတ်မြန်မာမိန်းကလေးတော်တော်များများဖျက်ဆီးနေတာကို ကြည့်ကောင်းကောင်း ကြည့်နေတယ်.။ပြည်သူတွေကို ထားတဲ့သဘောထား ကိုထင်ဟပ်ပေါ်လွင်
အောင်ပြသထားပါတယ်.။မြန်မာယဉ်ကျေးမှု ဆိုတာဘာကိုခေါ်တာလည်းလို့ နအဖ စစ်အုပ်စု
ကိုပြန်မေးရမယ့်ပုံဖြစ်နေပါပြီး။မဟာသင်္ကြန်မှာမြန်မာယဉ်ကျေးမှုကို စောင့်ထိန်းရမယ့်လို့ပြောတဲ့
နအဖ စစ်အုပ်စုရဲ့စည်းကမ်းချက်တွေကို ပြန်ရုတ်သိမ်းသင့် ပါတယ်။အနှစ်(၂၀)လုံးလုံး ကျင်းပပေးခဲ့ပြီး
ခုကျမှ စည်းကမ်းလာထုတ်နေတာ ပြည်သူတွေကိုလှောင်နေသလို သရော်နေသလို ဖြစ်နေပါသည်.။

လက်နက်ကိုင် ကာ ကျည်ဖြည့် အုပ်ချုပ်နေသရွေ့ စစ်အုပ်စုများအနေဖြင့် ဘေးတွေ့မည့် ၂၀၁၀ရွေးကောက်ပွဲကိုသာ ရင်ဆိုင်တွေကြုံရမည်..




ယခုလပိုင်း၊ ရက်ပိုင်းအတွင်း ကရင်ပြည်နယ်၌ ဖောက်ခွဲမှု၊ သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှု နောက် ထပ် ဖောက်ခွဲမှု စသည့်သတင်းများကို ထပ်ခါထပ်ခါ ကြားနေရသည်။ ထိုသို့သော အကြမ်းဖက်လုပ်ရပ် များ ဖြစ်ပေါ်လာတိုင်း အပြစ်မဲ့ ပြည်သူလူထုမှာ မြေဇာပင်သာ ဖြစ်ကြရသည်။ နိုင်ငံတော်ဟု စစ်အုပ်စုက သုံးနှုံးခေါ်ဝေါ်လေ့ရှိသော အမိဗမာပြည်ကြီးတွင် ပြည်နယ်၊ ပြည်မရှိ ပြည်သူများအတွက် အခြေခံ လူ့အ ခွင့်အရေး အလုံးစုံ ပျောက်ဆုံးနေသလို လုပ်ကြံဖန်တီးထားသည့် အကြမ်းဖက်လုပ်ရပ်များ အောက်တွင် လည်း လူထုမှာ လည်စင်းခံနေကြရသည်။



ချောက်ထဲကျလုဆဲဆဲ နိုင်ငံတော်ကို ကယ်တင်ခဲ့သည်ဟု မိမိကိုယ်ကို လီဆယ်ပြောဆိုလေ့ရှိ သည့် အစိုးရအမည်ခံ စစ်အုပ်စုသည် လူထုကို လုံခြုံမှုပေးရန်ထက် နေ့တဓူဝ အန္တရာယ်ပေးနေသည်မှာ ခံစားနေရသည့် လူထုတရပ်လုံး အသိပင်။ မြူတမှုန်စာမျှ ကာကွယ်မှုမလုပ်ပေးနိုင်ဘဲ ကရင်လူထုကို ရက် စက်စွာ လုပ်ကြံသတ်ဖြတ်ပြီး အတိုက်အခံမှန်သမျှကို တဖက်သတ် စွပ်စွဲခဲ့သည်။ မိမိတို့အာဏာ အဓွန့် ရှည်ရေး ၂၀၁၀ ရွေးကောက်ပွဲနှင့် အဆုံးအဖြတ်ပေးရန်အတွက် ဂမူးရှူးထိုးဖြစ်ကာ အကွက်ဆင်သည့် လုပ်ရပ်ပေါင်းစုံကို နိုင်ငံကြီးသား မပီသစွာ လုပ်ဆောင်လျက်ရှိသည်။



ဗမာပြည်မှ ထွက်ရှိသည့် မြေပေါ်၊ မြေအောက် သယံဇာတမျိုးစုံကို အစအန မကျန်အောင် ဖြုန်း တီးပစ်လိုက်သလို၊ နိုင်ငံတ၀ှမ်းလုံးရှိ တိုင်းရင်းသား ပြည်သူလူထု၏ လူနေမူစနစ်တအုံလုံးကို ချွတ်ခြုံကျ အောင် ဖျက်ဆီးကာ ကမ္ဘာ့အလယ် လူထင်သေးခံရသည့် နိုင်ငံသားအဖြစ်ရောက်အောင် ဆွဲချနေသည့် သမိုင်းတရားခံ အစစ်ဟုဆိုလျှင် ဧကန်မုချ မလွဲပင်။



နိုင်ငံ့အနှစ်သာရကို ၀ါးမျိုကာ အာဏာရှုးဖြစ်နေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွေနှင့် အပေါင်းပါတစု သည် အတိုက်အခံ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အ ရေး လှုပ်ရှားသူများ၊ မှန်ကန်သည့် ဥပဒေဘက်တော်သားများနှင့် လွတ်လပ်သည့် သတင်းမီဒီယာများကို အမိုက်မှောင်တွင်း သက်ဆင်းနေသူများပမာ စွပ်စွဲပြစ်တင်ပြောဆိုကာ လူထုကို ထင်ယောင်ထင်မှားဖြစ် အောင် သွေးထိုးစည်းရုံးလျှက်ရှိသည်။



လူထုမှာ မိမိရပ်ရွာတွင်ပင် စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်းမအိပ်ရ ဖြစ်နေကြရသလို နယ်စွန်နယ်ဖျားရှိ ဒေသခံများမှာလည်း တည်ငြိမ်စွာ လုပ်ကိုင်စားသောက်ခွင့်မရှိဘဲ ရွာပြေးများအဖြစ် လည်းကောင်း၊ သူတပါးနိုင်ငံတွင် ကျားသနားမှ နွားချမ်းသာမည့်အဖြစ်မျိုးနှင့် ရင်ဆိုင်လုပ်ကိုင်နေကြရသူ များအဖြစ်လည်းကောင်း၊ တွန်းပို့ခဲ့၊ တွန်းပို့ဆဲ၊ တွန်းပို့သွားမည့် လူ့စည်းကမ်း၊ ဘာသာရေးနည်းလမ်း မဲ့ နေသော လက်တဆုပ်စာ စစ်အုပ်စုကို အောက်ခြေရှိ တပ်မတော်သားများပင် မေတ္တာမရှိကြ။



အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်မည့်ကိန်းဆိုက်နေသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲကြီးမှာ တဖြည်းဖြည်းနှင့် နှီးကပ်လာနေပေပြီ။ ဗမာပြည်သူလူထုမှာ ထိုအချင်းအရာကို စိတ်မ၀င်စား။ ၎င်းတို့စစ် အုပ်စုကသာ ကသောကမျောဖြင့် ငွေစက္ကူသစ်ထုတ်၊ လစာတိုးကာ စည်းရုံးနေသော်ငြား အချည်းအနှီးပါ တကား။ ကုန်ဈေးနှုန်းကို မထိန်းနိုင်၊ လူထုဝမ်းရေးကို ပြည့်မှီအောင် မဖြည့်တင်းနိုင်ဘဲ လက်နက်ကိုင် ကာ ကျည်ဖြည့် အုပ်ချုပ်နေသရွေ့ စစ်အုပ်စုအနေဖြင့် ဘေးတွေ့မည့် ရွေးကောက်ပွဲကိုသာ ရင်ဆိုင်ရ လတံ့ဟုပင် ကရင်သတင်းစဉ်က ဝေဖန်ဟောကိန်း ထုတ်လိုက်ချင်ပါသည်။




ရင်းမြစ်...ကရင်သတင်းစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပပြုလုပ်တဲ့ (ဂျပန်လွှတ်တော် အတွင်းမှ) လက်ရှိမြန်မာ့အရေးဆွေးနွေးပွဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဦးစီးကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်နှင့် လက်ရှိမြန်မာနိုင်ငံရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နေ့လည် ၃နာရီမှ ၄နာရီအထိ ဂျပန်လွှတ်တော် အဆောက်အဦး Dai 2 ခမ်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ဒီမိုကရေစီအရေး ဂျပန်လွှတ်တော်များသမဂ္ဂမှ ဥက္ကဋ္ဌ Mr.Suematsu နှင့် ဂျပန်လွှတ်တော် ကိုယ်စားလှယ်များ.... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ တာဝန်ရှိသူများ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေတဲ့ ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးများ စုစုပေါင်း ၅၀ကျော်ခန့် တက်ရောက်ကြပါတယ်။

အခမ်းအနားကို ဂျပန်လွှတ်တော်များသမဂ္ဂမှ ဥက္ကဋ္ဌ Mr.Suematsuမှ စတင်ဖွင့်လှစ်ပေးပြီး .. မိတ်ဆက်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ရှင်းလင်းပြောပြပါတယ်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဋ္ဌဦးသန့်ဇင်ဦးမှ စစ်အစိုးရရဲ့ (၂၀၁၀) ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိတဲ့ အကြောင်းရှင်းလင်း ပြောပြပြီး အကယ်၍စစ်အစိုးရမှ အတင်းအကြပ် ကျင်းပပြုလုပ်ခဲ့ရင် ထွက်ပေါ်လာတဲ့ အစိုးရကို ဂျပန်အစိုးရမှ အသိအမှတ်မပြုဖို့နဲ့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ မဝင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တစုံတခု အန္တရာယ်ပေးခဲ့သည်ရှိသော် ဂျပန်အစိုးရမှ အဖွဲ့ချုပ်ဘက်မှ အပြည့်အဝ ရပ်တည်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ ဂျပန်နိုင်ငံမှ ဂျပန်အစိုးရအား သံတမာန်အဆင့်အတန်း လျော့ချပေးရန်တို့ကို တင်ပြ တောင်းဆိုသွားပါတယ်။

ဆက်လက်ပြီး CHRISTIAN SOLIDARITY WORLDWIDE အရှေ့တောင်အာရှ တာဝန်ခံ မြန်မာ့အရေးကျွမ်းကျင်သူ Mr.Ben Rogerမှ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် နယ်စပ်ဒေသမှ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို ဆလိုက်ရှိုးများဖြင့် ပြသရှင်းလင်းပြောပြသွားပါတယ်။ ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ (ဒု)ဥက္ကဋ္ဌဦးလှဟန်မှ လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပြီးခဲတဲ့ ရက်ပိုင်းအတွင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Okada မှ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ပြုလုပ်ထားခြင်းနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအား လူသားချင်းဆိုင်ရာ အထောက်အပံ့များ၊ စီးပွားရေးဆိုင်ရာ ထောက်ပံ့ငွေများ ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို တရားဝင် ဥပဒေတခုအဖြစ် ပေါ်ထွက်နိုင်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားပြီး ၁။ စစ်အစိုးရအာဏာပိုင်များ ထုတ်ပြန်ထားသော ရွေးကောက်ပွဲဥပဒေများကို ကန့်ကွက်ပေးရန် ၂။ တရားမျှတမှုမရှိသော ရွေးကောက်ပွဲဥပဒေကို အခြေခံ၍ ကျင်းပသော ရွေးကောက်ပွဲကိုရလာဒ်ကို အသိအမှတ်မပြုနိုင်ကြောင်း ထုတ်ပြန်ပေးရန်၊ ၃။ ဂျပန်အစိုးရမှ အသိအမှတ်မပြုသော ရွေးကောက်ပွဲ ရလာဒ်မှ ဖွဲ့စည်းထားသော မည်သည့်အစိုးရကိုမှ ဂျပန်နိုင်ငံမှ မည်သည့်အကူအညီ အထောက်အပံ့များ မပြုလုပ်နိုင်ကြောင်း အသိပေးရန်၊ ၄။ သံတမာန်အဆင့် လျော့ချတဲ့အထိ အရေးယူမည်ဟု ဖိအားပေးတောင်းဆိုမှုများ ပြုလုပ်ပေးရန်နှင့် လက်ရှိပြသနာတွေ ဖြေရှင်းနိုင်ဖို့ အတွက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့ ပြည်သူလူထုကို ထိတွေ့ခွင့်ပေးမှ ပြေလည်နိုင်မှာ ဖြစ်ကြောင်း တို့ကို ရှင်းလင်း တင်ပြ တောင်းဆိုသွားပါတယ်။

ဆက်လက်ပြီး ဂျပန်လွှတ်တော် အမတ်များရဲ့ မေးမြန်းချက်ကို ဥက္ကဋ္ဌဦးသန့်ဇင်ဦးနှင့် Mr. Ben Roger တို့မှ ပြန်လည်ဖြေကြားသွားပါတယ်။ ယနေ့အစည်းအဝေး၌ မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေနဲ့ ၂၉ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေငြာချက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထား (၆)ချက်ပါ ကြေငြာချက်တို့ကို အင်္ဂလိပ်၊ ဂျပန်ဘာသာတို့ဖြင့် ရှင်းလင်းချက်များအား ဝေငှခဲ့ပါတယ်။ ညနေ(၄)နာရီမှာ ဂျပန်လွှတ်တော်အတွင်း မြန်မာ့အရေးဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတယ်။

သတင်း၊ဓာတ်ပုံ .. ဒီမိုဝေယံ....

စစ်အစိုးရလုပ်ရပ်ကြောင့်သူတို့ဘဝတွေပျက်နေကြရတဲ့ ဗမာအမျိုးသမီးတစ်ယောက်ပြောတဲ့ {ပြောတော့ မျှတတဲ့ ရွေးကောက်ပွဲတဲ့လား.}

ဗမာပြည်က မိန်းကလေးတွေ အတော်များများဟာ ထိုင်းနိုင်ငံမှာလာပြီး ဘ၀တွေပျက်တယ်။ ဒုက္ခတွေရောက်တယ်။ ဘာဖြစ် လို့ ဒုက္ခရောက်လဲဆိုတော့ ပြောမယ်။ ဗမာပြည်မှာ အလုပ်တွေက ပေါပါတယ်။ ရတဲ့လစာက မိသားစုအတွက် မလုံမလောက် ဘူး။ ဟုတ်လား။ အဲဒါကြည့်။ ဗမာပြည်က မိန်းကလေးတွေ ထိုင်းနိုင်ငံလာပြီး ဘ၀ပျက်တယ်။ ဒုက္ခတွေ ရောက်ကြတယ်။ နအဖ အဲဒါကို မကြည့်ဘဲနဲ့ လျစ်လျူရှုထားတယ်။ သူတို့ဘ၀အတွက်တော့ သူတို့ပဲ သတင်းတွေထဲမှာတော့ ဟုတ်နေတာပဲ။ ထိုင်းနိုင်ငံမှာ လာကြည့်ပါ။ သန်းရွှေ လာကြည့်ပါ။ ဗမာပြည်က မိန်းကလေးတွေဘ၀ဟာ ပျက်စီးပြီး ဒုက္ခတွေ ရောက်နေကြရတယ်။



ဒီဝမ်းရေးကြောင့် မိသားစုအတွက်ကြောင့် ဒီမှာလာပြီး စတေးချနေကြရတယ်။ နအဖကို အဲဒါ သိစေချင်တယ်လေ။ ဟုတ်တယ် မဟုတ်လား။ အပျော်တခုတည်းဆိုရင် မြန်မာပြည်မှာလည်း ပျော်လို့ရတာပဲ။ ဟုတ်တယ် မဟုတ်လား။ ဒါ နအဖက မသိဘူး။ အခုလို လူတန်းစား အဆင့်အတန်း ခွဲခြားတာလည်း ဒါ နအဖကြောင့်။ ချမ်းသာတဲ့သူက ချမ်းသာတယ်။ ဆင်းရဲတဲ့သူကလည်း ဆင်းရဲသွားတယ်။ ဒါ နအဖ မသိဘူးလေ။ သူတို့သာသိလို့ရှိရင် ကိုယ့်မြန်မာပြည်မှာပဲ ကိုယ် အေးအေးဆေးဆေး လုပ်ကိုင်ပြီး ကိုယ့်မိသားစုနဲ့ ပျော်ပျော်ပါးပါး နေမှာပေါ့။



သူတို့က ဒီမိသားစုတွေ၊ ကိုယ့်မြန်မာနိုင်ငံသားတွေ ဘာဖြစ်လို့ ဘယ်လိုဒုက္ခရောက်လဲ။ စီးပွားရေး အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကို သူတို့ မလေ့လာဘူးလေ။ သူတို့ကတော့ သတင်းတွေထဲမှာ ဘယ်လို ဆက်သွယ်ရေး၊ ဘယ်လိုမျိုးလမ်းကောင်း အောင်နဲ့ ဘယ်ဘုရားတည်မှာလဲ။ ဒါနဲ့ သူတို့က ဟုတ်နေတာပဲ။ ဒီလိုမျိုး မိန်းကလေးတွေ ဘ၀ပျက်တယ်။ မိသားစုနဲ့ဝေးပြီး ဒုက္ခရောက်နေတဲ့သူတွေကို လာပြီး မေးပါလား။ လာမေးလေ။ လာပြောလေ။ အခု ပတ်စ်ပို့ မရှိတဲ့ မိန်းကလေးတွေ ဒီမှာကြည့် လေ။ နေထိုင်ခွင့်ကဒ်ရှိမှ ပတ်စ်ပို့လုပ်လို့ရတယ်။ နေထိုင်ခွင့်မရှိတဲ့ ညီမတို့လို မိန်းကလေးတွေ ပတ်စ်ပို့ ဘယ်လိုသွားလုပ်မ လဲ။ တကယ်သာ မှန်ကန်တိကျတဲ့ နအဖက ပတ်စ်ပို့ရှိရှိ၊ မရှိရှိ။ နေထိုင်ခွင့်မရှိရှိ တကယ်အမှန်အကန် လုပ်ပေးရမယ် အကုန် လုံးကို။ နေထိုင်ခွင့်တွေ၊ ဘာတွေ ရှိစရာ မလိုဘူးလေ။ တကယ်မြန်မာပြည်သားတွေ အကုန်လုံးကို ပတ်စ်ပို့လုပ်ပေးတယ်ဆို ရင် အကုန်လုပ်ပေးရမှာပေါ့။ သူတို့က တခါတည်း ဟိုပတ်စ်ပို့ရှိမှ၊ နေထိုင်ခွင့်ကဒ်ရှိမှ၊ ဘာကန့်သတ်မှုရှိမှတို့ဆိုတော့ တွက် ကြည့်လေ။ အဲဒါ ဘာတုန်း။ အဲဒါ မျှတမှုလား။ မျှတတဲ့ ဥစ္စာလား။



ပြောတော့ မျှတတဲ့ ရွေးကောက်ပွဲတဲ့။ ဒီလုပ်ရိုးလုပ်စဉ်တောင် မမျှတဲ့ဟာကို ဒီရွေးကောက်ပွဲက မျှတပါ့မလား။ တကယ်သာ မှန်ကန်လို့ရှိရင် ဗမာမိန်းကလေးတွေ ဒီနိုင်ငံကို လာစရာ မလိုပါဘူး။ ဟို မြန်မာပြည်မှာ နေမှာပေါ့။ ဆန်ရေစပါး ထွက်တာက လည်း မြန်မာပြည်ကပဲ။ သယံဇာတတွေ ထွက်တာကလည်း မြန်မာပြည်ကပဲ။ ရေနံ၊ ဓာတုတွင်းထွက်ပစ္စည်း၊ သတ္တုတွေ ထွက် တာလည်း မြန်မာပြည်ကပဲ။ အဲဒါတွေထွက်ပေမယ့် မြန်မာပြည်က စီးပွားရေးဟာ ဘာမှ မပြောင်းလဲဘဲနဲ့ သူများနိုင်ငံမှာ မိန်း ကလေးတွေ ကျွန်လာလုပ်နေရတယ်ဆိုတော့ အဲဒါ သူတို့ မကောင်းလို့လား။ ဒီမိန်းကလေးတွေပဲ မကောင်းလို့လား။ ကောင်း လို့လား။ စဉ်းစားကြည့်ပေါ့။ သူတို့လည်း ဦးဏှောက်ရှိတဲ့ လူသားတွေပဲဟာ။ ဟုတ်တယ် မဟုတ်လား။ အဲဒါ အမှန်ပဲလေ။



ထိုင်းရောက် ဗမာမိန်းကလေး

31 March 2010

နေပြည်တော်ကြပ်ပြေးကနေ နအဖစစ်အုပ်စုတွေအမှန်တကယ်ပြေးရတော့မယ်ထင်တယ်..




မတ်လ(၃၀)ရက်နေ့တွင်ညနေပိုင်း(၅)နာရီခွဲမှစတင်လေပြင်းမုန်တိုင်းများတိုက်ခိုက်ရာညဘက်(၇)နာရီ
မှလေငြိမ်သွားသည်ဟုသိရပါသည်.။မိုးများစွာရွာပြီ လေပြင်းများ ကျရောက်ခဲ့ သောကြောင့်
နေပြည်တော်ရှိ အပင်ကြီးများမှာ အမြစ်မှနေလန်ပြီးပြိုကျ၊ ပျက်စီးခြင်း၊ အဆောက်
အအုံတချို့ အမိုးလန် ခြင်းများ ဆောက်လက်စအဆောက်အဦးများပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး
နေပြည်တော်ရှိ နအဖ စစ်အုပ်စုများထိတ်လန့် ခဲ့ကြရသည်ဟု သိရပါသည်.။

ညဘက်တွင်ကောင်းကင်ကြီးတခုလုံးနီရဲပြီးလေတိုက်သည့်အသံဟာကြောက်လန့်စရာအလွန်
ကောင်းသောအသံနှင့်အတူနအဖစစ်အုပ်စုများလည်းတော်တော်လေးကိုထိန့်လန့်နေကြောင်းကြား
ရပါသည်.။ထိုအချိန်တွင်လျှပ်စစ်မီးအားလုံးပြတ်တောက်သွားခဲ့သည်ဟုသိရသည်။လေပြင်းတိုက်ခိုက်
မှုငြိမ်သက်ပြီးအချိန်တော်တော်ကြာမှ လျှပ်စစ်မီးပြန်လာခဲ့သည်.။

မြန်မာနိုင်ငံ၏တိကျသေချာသောမိုးလေဝသခန့်မှန်းချက်ကလည်းကြိုတင်ပြောကြားခြင်းမရှိသဖြင့်
နအဖစစ်အုပ်စုမှာပြင်ဆင်ခွင့်မရဘူးဟုလည်းသိရပါသည်.။

နအဖစစ်အုပ်စုလည်း လေပြင်းမုန်တိုင်းနှင့်အတူ ကြပ်ပြေးကနေပြီးတော့ထာဝရပြေးရတော့
မည့်ကိန်းစိုက်နေပါပြီး။ပြေးဘို့သာပြင်ကြရတော့မည့် နိမိတ်တွေပြသနေပါတော့သည်.။

မေးလ်မှပေးပို့ ပေးသော ရန်ကုန်မှ သူငယ်ချင်းများအားကျေးဇူးတင်ပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပါတီမှတ်ပုံမတင်ရေးဆုံးဖြတ်ချက်အားတပ်ပေါင်းစုများ၏ပူးတွဲထောက်ခံကြေငြာချက်

Mar30NLDSupportStatement

ဖြိုခွင်းမှုသစ်များ လုပ်လာနိုင်ကြောင်း ဘဘဦးဝင်းတင်ပြော (ရုပ်သံ သတင်း)

ရှက်စရာကောင်းရာမှ ရယ်မောစရာ ကောင်းရာသို့ နအဖစစ်အုပ်စုရဲ့ ၂၀၁၀ရွေးကောက်ပွဲ






၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြေညာထားသည်။ စစ်အာဏာရှင်စနစ်ဖြင့် နှစ်ရှည်လများ အုပ်ချုပ်လာခဲ့ပြီးနောက် ယခုလို ကြေညာသည့်တိုင် မြန်မာပြည်သည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်လာတော့မည်ဟု မှတ်ယူဖို့ ခက်ပါသည်။


နအဖက တဘက်သတ် စိတ်ကြိုက်ရေးဆွဲ အတည်ပြုထားသည့် ၂၀၀၈ အခြေခံဥပဒေကို လေ့လာကြည့်ခြင်းအားဖြင့် တိုင်းပြည်၏ အနာဂတ်ကို အာဏာရှင်စနစ်ဖြင့် ဆက်လက် အုပ်ချုပ်သွားနိုင်ရေးအတွက် ပြင်ဆင်ထားခြင်း သက်သက်သာ ဖြစ်ကြောင်းကို တွေ့ရပါလိမ့်မည်။

ထို့နည်းတူ ယခု စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် စတင် ဖွဲ့စည်းလိုက်သော ရွေးကောက်ပွဲကော်မရှင်တို့ကို လေ့လာကြည့်လျှင်လည်း တိုင်းပြည်၏ အနာဂတ်ကို လက်ရှိ အာဏာရှင်အသိုင်းအဝိုင်းကပင် ချုပ်ကိုင်ထားမည်မှာ သိသာထင်ရှားလှသည်။

၂၀၀၈ အခြေခံဥပဒေ = စစ်တပ်အာဏာ သက်ဆိုးရှည်ရေး

“နိုင်ငံတော်သမ္မတသည် စစ်ရေးကျွမ်းကျင်သူနှင့် စစ်တပ်မှလာသူဖြစ်ရမည်” ဆိုသည်ကို အခြေခံဥပဒေထဲတွင် အတိအလင်းဖော်ပြသတ်မှတ်ထားသည်။ ထိုစစ်သား သမ္မတသည် အုပ်ချုပ်ရေးအစိုးရ၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးကောင်စီတို့၏ အာဏာများကို ချုပ်ကိုင်ထားသည့်အပြင် တရားစီရင်ရေးတွင်လည်း အာဏာကို ချုပ်ကိုင်ထားသေးသည်။

အထက်လွတ်တော် အမတ်နေရာ ၂၂၄ ဦးအနက် ၅၆ ဦးသည် စစ်သားများ ဖြစ်ရမည်ဖြစ်ပြီး အောက်လွတ်တော် ၄၄၀ ဦးအနက် ၁၁၀ ဦးသည် စစ်သားများဖြစ်ရမည် ဆိုသည်ကို အတိအလင်းရေးဆွဲ ချပြထားသည်။ ပြည်ထောင်စုလွတ်တော်တွင် အရပ်သားကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိနေသော်လည်း “တပ်မတော်တည်းသာ မြန်မာနိုင်ငံ၏ နိုင်ငံရေးကိုဦးဆောင်ရန်၊ ပြည်နယ်နှင့်တိုင်း အုပ်ချုပ်ရေး အာဏာအဆင့်ဆင့်ကို စီမံချုပ်ကိုင်ထားရန်နှင့် ဥပဒေပြုကဏ္ဍ အသီးသီးတွင် ပါဝင်ဦးဆောင်ရန်” ဟူ၍ အခြေခံဥပဒေက ဦးစားပေး ရေးဆွဲသတ်မှတ်ထားသည့်အတွက် အရပ်သားလွတ်တော်ကိုယ်စားလှယ်ဟူသည် ပြည်ထောင်စုလွတ်တော်၌ အမည်ခံသာရှိပြီး ဘာတခုမှ ကိုယ်စားပြုဆောင်ရွက်နိုင်ရန် အခွင့်အလမ်း မရှိနိုင်ပေ။

အစိုးရဖွဲ့စည်းခြင်းကို တပ်မတော်မှဖြစ်ပေါ်လာမည့် နိုင်ငံတော်သမ္မတကသာ စိတ်ကြိုက် ဖွဲ့စည်းပိုင်ခွင့်ရှိသည့်အတွက် ၂၀၁၀ အပြီး ဖြစ်ပေါ်လာမည့် အစိုးရအဖွဲ့မှ ၀န်ကြီးအသီးသီးနေရာတွင် လွတ်တော်မှာ ရောက်နေသည့် အရပ်သားပြည်သူတဦးစနှစ်ဦးစ ပါဝင်ခွင့်ရမည်ဆိုပါက အင်မတန်မှကံကောင်းသည်ဟု ဆိုရပေမည်။

အကယ်၍ အစိုးရဖွဲ့စည်းလျှင် လွတ်တော်မှ အမတ် ၂၅ ရာခိုင်နှုန်းလောက် ဆွဲထည့်ရမည်ဟု ဥပဒေက ပြဌာန်းထားလျင်ပင် တပ်မတော်မှသမ္မတဖြစ်သူက အရပ်သားလွတ်တော်ကို ၀န်ကြီးခန့်အပ်မည် မထင်ပေ။ “ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲဖိတ်”ဆိုသလို လွတ်တော်မှာ ၂၅ နှုန်း နေရာယူထားသည့် တပ်မတော်အမတ်တွေကိုသာ ဆွဲထည့်မည်မှာသေချာသည်။

ပြည်တောင်စုလွတ်တော်မှာ ပါဝင်ခွင့်မရှိကြသည့် တပ်မတော်များလည်း ပူပင်စရာမလိုပါ။ တပ်မတော်သမ္မတကသာ စိတ်ကြိုက်အစိုးရဖွဲ့စည်းနိုင်သည့်အတွက် လွတ်တော်မှာပါဝင်ခွင့်မရှိသော တပ်မတော်အရာရှိအရာခံနှင့် တပ်မတော်အငြိမ်းစာများကို ၀န်ကြီးများအဖြစ် ဆွဲခန့်နိုင်သည့် အခွင့်အရေးတွေကိုလည်း ၂၀၀၈ ဥပဒေတွင် ပြင်ဆင်ထားသည်။



မြန်မာနိုင်ငံတွင် “တပ်မတော်ကို တပ်မတော်ဖေးမ ကာကွယ်ရေးစနစ်” အဖြစ် ကျင့်သုံးပြီး အာဏာကိုယနေ့တိုင် တည်မြဲအောင် ဆုတ်ကိုင်လာနိုင်ခဲ့သည်။ မြန်မာ့တပ်မတော်တို့၏ နိုင်ငံရေးထုံးတမ်း အစဉ်အလာတခုဟူ၍လည်း ဆိုနိုင်ပေသည်။ ထိုတပ်မတော်နိုင်ငံရေး ထုံးတမ်းအစဉ်အလာကြီး မပြောက်ကွယ်သွားနိုင်ရေးအတွက် ၂၀၀၈ ဥပဒေကိုရေးဆွဲပြီး အတည်ပြုခဲ့ကြသည်။ အတိုချုပ်အားဖြင့် ၂၀၀၈ ဥပဒေသည် “တရားမ၀င်စစ်အစိုးရကနေ တရားဝင်စစ်တပ်ဦးဆောင်သည့်အစိုးရ” အဖြစ်ပြောင်းလဲခြင်းဟုဆိုနိုင်ပေသည်။

ရွေးကောက်ပွဲဆိုင်ရာဥပဒေ = ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ထုတ်ခြင်း

စစ်အစိုးရမှ ယခုလ(၉)ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာဥပေဒေကို ထုတ်ပြန်ပါသည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် ပါတီဟောင်းများအား ရက်ပေါင်း ၆၀ အတွင်း စာရင်းသွင်းရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း စာရင်းမသွင်းသည့်ပါတီများ အလျိုအလျောက် ဖျက်သိမ်းမည်ဖြစ်သည်။

လက်ရှိစစ်အစိုးရ၏ တည်ဆဲဥပဒေအရ စွဲချက်ခံထားရသူများ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မရှိကြောင်း ဥပဒေက သတ်မှတ်ထားသည့်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်တို့ အလျိုအလျောက် ရွေးကောက်ပွဲမှ ပထုတ်ပြီးသားဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာဥပဒေ၏ အဓိကရည်ရွယ်ချက်သည် လာမည့်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသော နိုင်ငံရေးသမားများ ပါဝင်ခွင့်မရှိအောင် ဖန်တီးထားသည့် စစ်တပ်၏ မဟာဗျူဟာထဲမှ တခုဟုဆိုနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အဖွဲ့ချုပ်သည် လွတ်လပ်ပြီးတရားမျှတသည်ဟု သတ်မှတ်ခြင်းခံခဲ့ရသည့် ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူဆန္ဒကို အပြည့်အဝရခဲ့သည့် ပါတီဖြစ်သည်။ အမတ် ၄၈၅ နေရာတွင် အဖွဲ့ချုပ်မှ ၃၉၂ နေရာရခဲ့သည့်အတွက်ကြောင့် စစ်တပ်အဖို့ တုန်လုပ်ခြောက်ခြားမှုများ ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက်စစ်တပ်မှ အာဏာမတရားသိမ်းယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နည်းအမျိုးမျိုးဖြင့် နေအိမ်အကျယ်ချုပ်ချထားသည်။ ဆယ်စုနှစ် ၂ ခုကျော်လွန်သွားပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူထုတို့၏ ထောက်ခံမှုနှင့်ယုံကြည်မှုတို့က ယနေ့တိုင် လျော့နည်းမသွားပါ။

၂၀၀၈ ဥပဒေကို စစ်တပ်အတွက် အရေးပေးအသာစီးပြီး မည်ကဲ့သို့ပင် လုပ်ထားလုပ်ထား ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်သာ သူမ၏အဖွဲ့ချုပ်ကိုဦးဆောင်ပြီး ၀င်ရောက်ရှင်ပြိုင်မည်ဆိုပါစို့ လူထု၏ထောက်ခံမှုကို ၁၉၉၀ ခုနှစ်အတိုင်းမရနိုင်ဘူးဟု ဘယ်သူမှမပြောနိုင်ပါ။

မြန်မာပြည်၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တလျေက်မှာ လူထုအသဲစွဲသည့် ဒေါ်အောင်ဆန်းစုကြည်မပါဝင်ဖို့က စစ်တပ်အတွက် အရေးကြီးဆုံးအချက်ပင်ဖြစ်သည်။ မကြာခင်မှာဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲရလာဒ်သည် ၁၉၉၀ အတိုင်းမဖြစ်ပေါ်စေဘို့ စစ်အစိုးရမှ “ဘာကိုဘယ်လိုဘဲလုပ်ရလုပ်ရ တဇွတ်ထိုးလုပ်မည်” ဖြစ်သည်။ ထို့ကြောင့် စစ်အစိုးရရေးဆွဲချမှတ်သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အရေးပါသည့် နိုင်ငံရေးခေါင်းဆောင်များအား မြန်မာ့နိုင်ငံရေးလောကမှ ပယ်ထုတ်ရန် ဖန်တီးခြင်းဖြစ်ပေသည်။

ရွေးကောက်ပွဲ ကော်မရှင် = စစ်တပ်က လူ

မတ်လ ၁၁ရက်နေ့က “တရားသူကြီးများ၊ ရှေ့နေများ၊ ပါမောက္ခများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ” ပါဝင်သည်ဟုဆိုသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဖြစ်ပေါ်လာပါသည်။ ထိုပုဂ္ဂိုလ်များသည် နာမည်နာမများနှင့် ခေါင်းစဉ်များကသာ ကြားနေဟန်ရှိသည်။ အမှန်တကယ်တွင် နောက်ခံကြိုးကိုင်သူများမှာ စစ်တပ်ဖြစ်သည်။

ဥပမာ ၁၇ ဦးတို့ပါရှိသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို အငြိမ်းစား ဗိုလ်ချုပ် ဦးသိန်းစိုးက ဥက္ကဌအဖြစ် ပါဝင်ဦးဆောင်နေခြင်း၊ တပ်မတော်၌ စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး အငြိမ်းစားယူပြီးနောက် စစ်အစိုးရက ၎င်းအား ဒုတိယ တရားသူကြီးချုပ် အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည့် ပုဂ္ဂိုလ်ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေတွင် မူကြမ်း ရေးဆွဲရေး ကော်မရှင်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ပေးအပ်ခံခဲ့သည်။

အဖွဲ့ဝင်အဖြစ် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနပါမောက္ခ ဒေါက်တာဒေါ်မြင့်ကြည်သည် စစ်အစိုးရ၏ အမျိုးသမီးရေးရာ အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ထန်းဆောင်ခဲ့ဖူးသည်။ အဖွဲ့ဝင်အဖြစ် တိုင်းရင်းသားကို ကိုယ်စားပြုသည်ဟုဆိုသည့် ကချင်တိုင်းရင်းသား ဦးအင်ဇော်နော်မှာ ဦးသိန်းစိုးကဲ့သို့ မူကြမ်းရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသည်။

ထိုသူတို့ကို စစ်တပ်ကလိုသည့်နေရာ၌ လိုအပ်သလို ရွေ့ပြောင်းခန့်အပ်လို့ရသည့် စစ်တပ်၏ ပညာရှင်များဖြစ်သည်။ တနည်းအားဖြင့် စစ်တပ်အာဏာရှင်တပည့်ခံ ပညာရှင်များဟူ၍လည်း မြင်လို့ရသည်။ ထိုသူတို့ကို ယခုလို ရွေးကောက်ပွဲကော်မရှင်များအဖြစ် ခန့်အပ်သည်မှာ မထူးဆန်းလှပါ။ ရွေးကောက်ပွဲတွင် စစ်တပ်ပါတီဖြစ်သည့် ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းနှင့် စစ်တပ်အားတပြည့်ခံသော နိုင်ငံရေးပါတီငယ်များ အားဦးစားပေးရေးအတွက်သာဖြစ်သည်။

လာမည့်ရွေးကောက်ပွဲ = လူထု စိတ်ဝင်စားမှုမရှိ

မြန်မာပြည်ရွေးကောက်ပွဲနှင့်ပတ်သက်လျင် လူထု၏ဆန္ဒမှာ ၁၉၉၀ ရွေးကောက်ပွဲကတည်းက အဆုံးသတ်ပြီးသားဖြစ်သည့်အတွက် ယခုစစ်အစိုးရမှ ကျင်းပမည့်ရွေးကောက်ပွဲတွင် စစ်တပ်ပါတီနှင့် စစ်တပ်တပည့်ခံပါတီများက ယှဉ်ပြိုင်ကြမည့်ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူလူထု စိတ်ဝင်စားမှုမရှိပါ။

သို့သော် ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ်ဆန္ဒခံယူပွဲကဲ့သို့ လူထုအနေဖြင့် အကြောက်တရားအောက်မှ သို့မဟုတ် သေနတ်ပြောင်းဝအောက်မှ မဲပြားများ လာရောက်ထည့်ပေးရမည့် အခြေအနေမှာရှိသည်။ ဥပမာ မဲများလာထည့်နိုင်ရေးအတွက် စစ်တပ်မှ ယခုကတည်းက အိမ်ထောင်စုစာရင်းများကို စစ်ဆေး ကောက်ခံသောကြောင့် မဲမထည့်ပါက အိမ်ထောင်စုစရင်းများ ပယ်ဖျက် ခံရမည်ဆိုသည့် ခြိမ်းခြောက်မှုများကို လူထုတရပ်အနေဖြင့် ကြောက်လန့်နေရသည်။

စစ်တပ်မှ ရေးဆွဲချမှတ်ထားသည့် ၂၀၀၈ ဥပဒေသည် မြန်မာပြည်တွင် စစ်တပ်အာဏာ တည်မြဲရေးအတွက်သာ ဖြစ်သည့်အတွက် နိုင်ငံတကာက “ရှက်စရာကောင်းသောဥပဒေ”ဟု ဝေဖန်ထားပြီး ရွေးကောက်ပွဲကိုလည်း “လွတ်လပ်ပြီး တရားမျှတမှုမရှိသော ရွေးကောက်ပွဲ”ဟူ၍လည်း သုံးသပ်ထားကြသည်။

ပြည်ပရောက် အတိုက်ခံအင်အားစုများထက်စာလျင် စစ်တပ်မှ ၎င်းတို့ချမှတ်ထားသည့် လမ်းပြမြေပုံအတိုင်း အဆင့်အဆင့် ခရီးရောက်အောင်ဖန်တီးနိုင်သည်။ သို့သော် ဤအဆင့်ဆင့်သွားနေသော စစ်တပ်၏ လမ်းပြမြေပုံသည် ရှက်စရာကောင်းရာမှ ရယ်မောစရာကောင်းလှသည့် ဟာသဇတ်လမ်းတပုဒ်လို ဖြစ်နေပေတော့သည်။

စေးရယ်စိုး

ရင်းမြစ်..ကန္တရဝတီတိုင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံမတင်သည့်အပေါ်ပြည်တွင်းးပြည်ပမှ အတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ

၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် ပါတီအဖြစ် ထပ်မံ မှတ်ပုံတင်တော့မည်မဟုတ်ကြောင်း မတ် (၂၉) ရက်၊ အန်အယ်လ်ဒီရုံးချုပ်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏အစည်းအဝေးမှ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်ခဲ့သည်။

ထိုသို့ စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီသည် ပါတီအဖြစ် မှတ်ပုံတင်ခြင်းမရှိသည့်အပေါ် ပြင်တွင်းပြည်ပမှ အတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားအမြင်များကို ခေတ်ပြိုင်က ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါသည်။




ဦးစိန်ဝင်း (၀န်ကြီးချုပ်)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)

အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့အပြည့်အ၀ ထောက်ခံတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပဲလို့ ကျနော်တို့မြင်ပါတယ်။ တရားဝင်မှုထက်စာရင် ပြည်သူလူထုရဲ့ ထောက်ခံမှုက ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ အန်အယ်လ်ဒီရဲ့အသံဆိုတာ မတိတ်ပါဘူး။ ဖိနှိပ်မှုတွေ အများကြီးရှိတာ၊ မတရားဥပဒေတွေ အများကြီးရှိတာ၊ မတရားလုပ်ငန်းစဉ်တွေ လုပ်နေတာ၊ ပြည်သူလူထုကို လုံးဝအရေးမထားဘဲနဲ့ အမျိုးမျိုး ဒုက္ခဝေအောင် လုပ်နေတာတွေ ရှိနေသမျှ တော်လှန်တဲ့အသံတွေကလည်း ထွက်နေမှာပါပဲ။ ရှေ့ဆက်ပြီး နိုင်ငံရေးလှုပ်ရှားဖို့ဆိုတာ ပြည်သူလူထုက လက်ခံရင် လုပ်လို့ရပါတယ်။

ဦးမောင်မောင် (အထွေထွေအတွင်းရေးမှူး)
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ)

ကျနော်တို့အနေနဲ့ အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်ကို အများကြီး ကြိုဆိုထောက်ခံတယ်။ ဆက်လက်ထောက်ခံသွားဖို့လည်း နည်းမျိုးစုံနဲ့ ကြိုးစားသွားမယ်။ ဒီဆုံးဖြတ်ချက်ရဖို့ တက်ညီလက်ညီလှုပ်ရှားခဲ့တဲ့ မြို့နယ်အဆင့် တိုင်းအဆင့်အဖွဲ့ဝင်တွေ အမှုဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သတ္တိဆုံးဖြတ်ချက် ပြတ်ပြတ်သားသားကို မြင်ရတဲ့အတွက် တော်တော်ကြီးကို ၀မ်းသာပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းမှာ အများပြောသလို အန်အယ်လ်ဒီဟာ သူ့ကိုပေးထားတဲ့တာဝန်ကို သူထမ်းဆောင်ဖို့ အဆင်သင့် ရှိတယ်ဆိုတာကို ပြလိုက်တာဖြစ်တယ်။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ပြည်သူက ရွေးချယ်ခဲ့တာ ဖြစ်တယ်။ ပြည်သူရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲကို ပုံမဖော်ဘဲနဲ့ နောက်ထပ်ရွေးကောက်ပွဲတခုကို လုပ်လို့မရဘူးဆိုတာကို အန်အယ်လ်ဒီက တိတိလင်းလင်း ပြလိုက်တာဖြစ်တယ်။

ကျနော်တို့အနေနဲ့ နိုင်ငံတကာမှာရှိတဲ့ အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းအားလုံးကိုရော အန်အယ်လ်ဒီနဲ့ ရွေးကောက်ပွဲအနိုင်ရ ပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှုကိုရော ၀ိုင်းဝန်းပြီးတော့ နည်းမျိုးစုံနဲ့ ထောက်ခံအားပေးသွားဖို့ ကြိုးစားနေပါတယ်။

ဦးဘိုလှတင့် (နိုင်ငံခြားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)

ဒီကိစ္စနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီဟာ အင်မတန်မှ ရဲရင့်ပြတ်သားပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချတယ်၊ အင်မတန်မှ သိက္ခာရှိတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တဲ့အတွက် ကျနော်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။

အန်အယ်လ်ဒီဟာ မြန်မာနိုင်ငံမှာ ဒိထက်ပိုပြီးတော့ ဖိနှိပ်ခံရဖို့ အကြောင်းရှိတယ်၊ ချုပ်ချယ်ခံရဖို့အကြောင်းရှိတယ်၊ ခေါင်းဆောင်တွေလည်း ဖမ်းဆီးထိန်းသိမ်းတာ ပိုပြီးခံရဖို့ အကြောင်းရှိတာကို သိလျက်နဲ့ တကယ်ကို မှန်ကန်တဲ့ဆုံးဖြတ်ချက် ချခဲ့တဲ့အတွက် သူတို့ဟာ ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ဖြစ်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမိသားစုကဖြစ်စေ၊ ပြည်တွင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကဖြစ်စေ၊ တကယ်တမ်း အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံထောက်ခံအားပေးကြမယ်ဆိုရင်တော့ နအဖ လုပ်ချင်တိုင်း လုပ်လို့မရဘူးလို့ မြင်ပါတယ်။

တကယ်တမ်းပြောရမယ်ဆိုရင် နိုင်ငံရေးပါတီ ပေါ်ပေါက်လာတာဟာ လှုပ်ရှားမှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ ရှိနေလို့ လှုပ်ရှားမှုကြီး ပေါ်ပေါက်တာမဟုတ်ပါဘူး။ အားလုံးသိတဲ့အတိုင်း ကျောင်းသားလူငယ်တွေက စပြီးတော့ ၈၈ ခုနှစ် လူထုလှုပ်ရှားမှုရဲ့ အကျိုးဆက်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ပေါ်လာတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုနဲ့ တကယ့်ဒီမိုကရေစီလှုပ်ရှားမှု ရှိတဲ့အတွက်ကြောင့်မို့သာလျှင် နိုင်ငံရေးပါတီဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ နိုင်ငံရေးပါတီ ထောင်ပြီးတော့မှ နိုင်ငံရေးတို့၊ ဒီမိုကရေစီရေးတို့ လှုပ်ရှားနိုင်တာမဟုတ်ပါဘူးလို့ ကျနော်တို့မြင်ပါတယ်။

ဦအောင်မိုးဇော် (ဥက္ကဋ္ဌ)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဒီပီအန်အက်စ်)

မနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ပြည်သူလူထုတရပ်လုံးရဲ့ သဘောထားကို ထင်ဟပ်စေတယ်။ ဒီနေ့လို အခြေအနေကာလမျိုးမှာ တိုင်းသူပြည်သားအားလုံး၊ ဒီမိုကရေစီအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေ အားလုံး အန်အယ်လ်ဒီနဲ့ တစိတ်တ၀မ်းတည်းရှိဖို့လိုပြီး ၀ိုင်းရံပံ့ပိုးကြဖို့ အထူးလိုအပ်တဲ့အချိန် ဖြစ်တယ်။ အဖွဲ့ချုပ်ကို နအဖက ဖျက်သည်ဖြစ်စေ၊ မဖျက်သည်ဖြစ်စေ အမျိုးသားဒီမိုကရေဒီအဖွဲ့ မပျက်ဘူးဆိုတာ ယုံကြည်တယ်။ အကယ်၍ နအဖက ဖျက်လိုက်ခြင်းအားဖြင့် တတိုင်းပြည်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဖြစ်သွားဖို့လိုတယ်။ ဖြစ်သွားလိမ့်မယ်လို့လည်း ယုံကြည်တယ်။ စစ်အုပ်စုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူလူထုအားနဲ့ တိုက်မှ ရမယ်ဆိုတာ အားလုံးလက်ခံပြီးသားဖြစ်တယ်။ ပြည်သူတွေ ရဲဘော်ရဲဘက်တွေအနေနဲ့ အဖွဲ့ချုပ်နဲ့ တစိတ်တ၀မ်းတည်း ရှိပြီးတော့ ကျားကုတ်ကျားခဲ ဆက်လက်ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုတယ်။

မိုင်းဘုန်းကျော် (အထွေထွေအတွင်းရေးမှူး)
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (အန်ဒီအက်ဖ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်မယ့်ကိစ္စကို ကန့်ကွက်သူမရှိ ဆုံးဖြတ်တာ မြန်မာပြည်သူတွေဘက်ကို ပြတ်ပြတ်သားသား ရပ်တည်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒီဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်။ အဖွဲ့ချုပ်က ဆက်လက်လှုပ်ရှားမယ့် လှုပ်ရှားမှုတွေအကုန်လုံးကို ၀ိုင်းရံပံ့ပိုးသွားမယ်။ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးကလည်း ၀ိုင်းရံပံ့ပိုးပေးဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ နအဖဟာ အဖွဲ့ချုပ်စတင်ဖွဲ့စည်းတဲ့ ၁၉၉၀ ကတည်းက တောက်လျှောက် ပြဿနာရှာနေတာပါ။ ဘယ်လိုပဲ ပြဿနာရှာရှာ အဖွဲ့ချုပ်ဟာ ပြည်သူထောက်ခံမှုနဲ့အတူ ကနေ့အထိ ရပ်တည်နေတာ ဖြစ်တယ်။ နအဖက ပြင်းထန်တဲ့ဖိနှိပ်မှုတွေ ဘယ်လိုပဲလုပ်လုပ် လူထုဝန်းရံမှုနဲ့အတူ အဖွဲ့ချုပ်ဟာ ဆက်လက်ရှင်သန်နေမယ်။ ကျနော်တို့လည်း အဖွဲ့ချုပ်နဲ့အတူ လှုပ်ရှားမှုတွေကို ဟန်ချက်ညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။

သခင်ချန်ထွန်း (၀ါရင့်နိုင်ငံရေးသမားကြီး)

ဒါက ရွေးကောက်ပွဲဥပဒေမှာ လက်မခံနိုင်တဲ့ အချက်တွေပါနေတော့ ဒီဟာတွေကို တောင်းဆိုပြီးတော့ အန်အယ်လ်ဒီက ရွေးကောက်ပွဲမ၀င်ဘူးလို့ ဒီလိုပဲမြင်ပါတယ်။ သူတို့က သေသေချာချာလေ့လာပြီးတော့မှ အဲဒီအခြေအနေပေါ်မှီပြီး ဆုံးဖြတ်တာဆိုတော့ သူတို့အယူအဆ သူတို့အတွေးအခေါ်နဲ့ ဆုံးဖြတ်တာဖြစ်တော့ ဒီရွေးကောက်ပွဲဝင်တဲ့အတွက် ပြဿနာတွေကို ကမ္ဘာက အသိအမှတ်ပြုမလား၊ မပြုဘူးလား ဆိုတဲ့ကိစ္စတွေ ပေါ်လာမှာပါ။ ဘာလို့လဲဆိုတော့ ကမ္ဘာကအသိအမှတ်ပြုထားတဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမ၀င်ရဘူးဆိုတာတွေကို တချို့က ထင်ထင်မြင်မြင် ကန့်ကွက်နေကြတာတွေလည်း ကြားနေရတယ်။ အမှန်ကတော့ ဒီရွေးကောက်ပွဲကြီးဟာ အောင်မြင်မယ်လို့ လုပ်တဲ့သူတွေက ထင်မြင်ကြပေမယ့် ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် ဥရောပ၊ အမေရိကန် အစရှိတဲ့နိုင်ငံတွေက ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုကြလိမ့်မယ် မထင်ဘူး။

ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အညွှန်းအရဆို ဘယ်လိုပဲဖျက်ဖျက် ပါတီမပျက်ဘူး။ ကျနော်တို့နိုင်ငံရေးမပျက်ပါဘူး။ နိုင်ငံရေးဆိုတာ ဒီမိုကရေစီနိုင်ငံရေးပဲ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီတည်ထောင်ဖို့၊ လူ့အခွင့်အရေးတွေ ပြည့်ဝဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ထွန်းကားဖို့ အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားဖို့ဆိုတဲ့ ကျနော်တို့ရဲ့ မူလနိုင်ငံရေးတွေက မပျက်ပါဘူး။ ကျနော်တို့ရဲ့ အသည်းနှလုံးထဲ၊ ခေါင်းထဲမှာ ဒီနိုင်ငံရေးတွေရှိနေရင် အဲဒီနိုင်ငံရေးတွေကို ကျနော်တို့က ဒီမိုကရေစီအဖွဲ့အစည်းတခုအဖြစ် ရပ်တည်ချိန်တုန်းက ရှိခဲ့တဲ့အတိုင်းပဲ ဒါတွေကို ဆက်လက် ထိန်းသိမ်းသွားရပါမယ်။ ပါတီတို့ဘာတို့ဆိုတာ ပုံသဏ္ဌာန်ပဲဗျာ။

ဦးအေးသာအောင် (အတွင်းရေးမှူး)
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)

အန်အယ်လ်ဒီဟာ စီအာပီပီအဖွဲ့ဝင်ပါတီတခုဖြစ်ပါတယ်။ အထူးသဖြင့် ဒီလို ပါတီမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲကို မ၀င်ဘူးဆိုတာဟာ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်နဲ့လည်းကိုက်ညီတယ်၊ စီအာပီပီရဲ့မူနဲ့လည်း ကိုက်ညီတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ဒါကို ကြိုဆိုပါတယ်။ အခုလို ဆုံးဖြတ်လိုက်တာဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အန်အယ်လ်ဒီက လက်မခံဘူးလို့ ထုတ်ပြန်ပြီးဖြစ်သလို အခု ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေဟာ တနည်းအားဖြင့် မမျှော်လင့်တဲ့ မထင်မှတ်တဲ့ နိုင်ငံရေးပါတီတွေကို ကန့်သတ်တားဆီး ချုပ်ချယ်မယ့် ဥပဒေတွေ ဖြစ်နေတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေအောက်မှာ လှုပ်ရှားရမယ့် နိုင်ငံရေးပါတီတရပ်အနေနဲ့ မှတ်ပုံမတင်တာဘဲ ကောင်းတယ်လို့ မြင်ပါတယ်။

အန်အယ်လ်ဒီဟာ မှတ်ပုံတင်ပြီးသားဖြစ်တယ်။ နောက်ထပ်မှတ်ပုံတင်စရာမလိုဘူး၊ ဆက်လက်ပြီးတော့ တိုင်းပြည်အတွက် နိုင်ငံရေးအရ လှုပ်ရှားသွားမယ်ဆိုတာ ပေါ်လွင်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားပါတီများနဲ့လည်း လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဦးဉာဏ်ဝင်း (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

အန်အယ်လ်ဒီ မှတ်ပုံတင်လိုက်ရင် နိုင်ငံရေးအပြောင်းအလဲက ပိုပြီးတော့ ဆိုးသွားမယ်။ မှတ်ပုံမတင်တာကမှ တော်တယ်ဆိုပြီး ဒီလိုယူဆတာပါ။ တလုံးတစည်းတည်း စစ်အာဏာရှင် ကျွန်ခံရမယ့်အလုပ်ကို ကျနော်တို့မလုပ်ဘူး။ နိုင်ငံရေးက ပါတီဆိုင်းဘုတ်ရှိမှ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံရေး ဆက်လုပ်သွားကြမယ်။

အာဏာရူးဦးသန်းရွှေ က ရွေးကောက်ပွဲတွင် ပြည်ပသွေးထိုးမှုရှိနေဟု သတိပေး(ရုပ်သံသတင်း)

ဒီမိုကရေစီဘက်တော်သားတို့အတွက် မြန်မာနိုင်ငံက အဆုံးအဖြတ်အခါသမယ




ဒီမိုကရေစီဘက်တော်သားတို့အတွက် မြန်မာနိုင်ငံက အဆုံးအဖြတ်အခါသမယ



ဦးဝင်းတင်



၃၀ မတ် ၂၀၁၀



မြန်မာပြည်ကစစ်အစိုးရဟာ ကျနော်တို့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ဆက်လက်ရပ်တည်လှုပ်ရှား မယ် မလှုပ်ရှားဘူးဆိုတာနဲ့ပတ်သက်ပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်တရပ် ချဖို့အခြေ ဆိုက်စေခဲ့ပါတယ်။




နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီလို့ ခေါ်တဲ့ အာဏာရဗိုလ်ချုပ်တွေဟာ ဒီလထဲမှာ မတရားတဲ့ ရွေး ကောက်ပွဲဥပဒေတစုံကို ထုတ်ပြန်ခဲ့ပြီး ကျနော်တို့ပါတီကို ရွေးကောက်ပွဲကော်မရှင်မှာ ရက် ၆၀ အတွင်း အသစ်ပြန်မှတ်ပုံမတင်ရင် ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။




ကျနော်တို့ဟာ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာတဲ့သဘာဝကို သိထားပါတယ်။ သူချမှတ်တဲ့ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှု စိုးစဉ်းလောက်ပြလိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ စစ်အစိုးရဟာ အဲဒီဥပဒေတွေသုံးပြီး ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို နိုင်ငံရေးလုပ်ငန်းကနေ ဖယ်ထုတ်ပစ်လိမ့်မယ်လို့လည်း မမျှော်လင့်မိခဲ့ပါဘူး။ စစ်အစိုးရဟာ ပါတီအားလုံးပါဝင်တဲ့ ပွင့်လင်းမြင်သာ လွတ်လပ် တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုချက်ကို လျစ်လျူရှုလိုက်ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆန္ဒကို အာခံလိုက်ပြန်ပါပြီ။




နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေက နိုင်ငံရေးအကျဉ်းသားအားလုံးကို မဲပေးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ နိုင်ငံရေးပါတီထောင်ခြင်း ဒါမှမဟုတ် ပါတီဝင်ဖြစ်ခြင်းတို့အားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်မှုကို ပိတ်ပင်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ့်ပါတီဝင်အဖြစ် ရှိမနေအောင် ပါတီတွေက အာမခံရမှာဖြစ်ပြီး နိုင်ငံ့ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာ စောင့်ရှောက်ပါ့မယ်၊ ရွေးကောက်ပွဲဥပဒေတွေကို လိုက်နာပါ့မယ်ဆိုတဲ့ ခံဝန်ချက်ကိုလည်း လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကိုလည်း မဖြစ်မနေ ဝင်ပြိုင်ဖို့လိုပါတယ်။ ဒီကန့်သတ်ချုပ်ချယ်ချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင် ပါတီဖျက်သိမ်းခံ ရမှာဖြစ်ပါတယ်။




ကျနော့်အတွက်တော့ ဆုံးဖြတ်ရတာ လွယ်ကူရိုးစင်းလှပါတယ်။ ဒါကတော့ ဘူး ဆိုတာပါဘဲ။ ကျနော်တို့ဟာ ဖောက်ပြန် ခြစားပြီး မတရားတဲ့ ဒီတရားရေးစနစ်အောက်မှာ အကျဉ်းချခံနေရ အကျဉ်းချခံခဲ့ရဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေကို မထုတ်ပစ်နိုင်ပါဘူး။ သူတို့မပါရင် ကျနော်တို့ပါတီဟာ အလကားဖြစ်သွားပါလိမ့်မယ်။ သူတို့ဟာ ဒီမိုကရေစီနဲ့ တရားဥပဒေ အာဏာပိုင်စိုးမှုကို ယုံကြည်လို့ ထောင်ထဲရောက်နေတာဖြစ်ပါတယ်။ ယုံကြည်လက်ခံလောက်ဖွယ် ဒီမိုကရေစီလုပ်ငန်းဖြစ်ဖို့ဆိုရင် သူတို့ကို ချက်ခြင်းလွှတ်ပေးပြီး ဗမာပြည်ရဲ့ နိုင်ငံရေးလုပ်ငန်းထဲ ပါဝင်ဆောင်ရွက်စေဖို့လိုပါတယ်။





ထာဝရ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ဖို့ ရည်ရွယ်ပြီး စစ်အစိုးရ တဖက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ကျနော်တို့ လက်မခံပါဘူး။ ဒီအခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒခံယူပွဲကို ၂၀၀၈ ခု နာဂစ်မုန်တိုင်းအပြီးမှာ ကျင်းပခဲ့ပြီး အဓမ္မဖိအားနဲ့ မသမာမှုနဲ့ "အတည်ပြုခဲ့"တာ ဖြစ်ပါတယ်။ ကျနော်တို့ရည်မှန်းချက်ကတော့ ဒီအခြေခံဥပဒေအတုအယောင်ကို ပယ်ချပစ်ပြီး အားလုံးပါဝင်တဲ့ စစ်မှန်တဲ့နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုကတဆင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တရားဥပဒေ အာဏာပိုင်စိုးမှုနဲ့ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှမှု ကိုအာမခံမယ့် အခြေခံဥပဒေတရပ် ဖန်တီးဖို့ဖြစ်ပါတယ်။ အတု အယောင်အခြေခံဥပဒေကို လိုက်နာပါ့မယ်လို့ ကျနော်တို့ ခံဝန်ချက်မထိုးနိုင်ပါဘူး။ ဒီလုပ်ငန်းကနေ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွက် လာမှာမဟုတ်ပါဘူး။





အဖွဲ့အစည်းတခုအဖို့ ဒီလိုဆုံးဖြတ်ချက်မျိုးချနိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူမပါတီ ရွေး ကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ "စဉ်းတောင်မစဉ်းစားဘူး" လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီကို သက်ဝင်ယုံကြည်တဲ့ ခေါင်းဆောင်တယောက်ပီပီ ပါတီကဘဲ ကိုယ့်ဖာသာကိုယ် ဆွေးနွေးဆုံးဖြတ်ဖို့ကို အလေးပေးခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ကျနော့်ရဲဘော်အားလုံးက ဒီမတရားမှုတွေကို အတူတကွရင်ဆိုင်ဖို့ သဘောတူခဲ့ကြပါတယ်။





တချို့ကတော့ ကျနော်တို့ပါတီ ဆက်လက်ပြီး တရားဝင်အနေအထားရှိဖို့ ပိုအရေးကြီးတယ်လို့ ယူဆကြပါတယ်။ သူတို့စဉ်း စားချက်အရ ကျနော်တို့ပါတီ တရားမဝင်ဖြစ်သွားရင် မြန်မာနိုင်ငံပြည်သူတွေအတွက် ဘယ်လိုအလုပ်လုပ်နိုင်တော့မှာလဲတဲ့။ ကုလ သမဂ္ဂနဲ့ တချို့နိုင်ငံတွေကလည်း စစ်အစိုးရကို ဒီမတရားဥပဒေတွေ ပြောင်းလဲပေးဖို့ ပန်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ ရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမှာပါဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းဟာ ဗမာပြည် အခြေအနေ ဆွေးနွေးနိုင်အောင် သူ့ရဲ့ "မြန်မာ့မိတ်ဆွေများအုပ်စု" အစည်းအဝေးတခု ခေါ်ယူကျင်းပခဲ့ပါတယ်။ အမေရိကန်အစိုးရ ဟာ ကျနော်တို့တိုင်းပြည်ထဲက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေးရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ "စုံစမ်း ရေးကော်မရှင်"တရပ်ကို ကုလသမဂ္ဂကနေထူထောင်ဖို့ အကြံပြုချက်အပါအဝင် ကုလ အထူးစုံစမ်းရေးသမား တောမတ်စ်အိုဟေး ယားကွင်တားနား မကြာခင်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ အကြံပြုတိုက်တွန်းချက်တွေကို "အလေးအနက်စဉ်းစား" နေတယ် လို့လည်း ကျနော်တို့ကြားရပါတယ်။ ဒီလိုနောက်ကွယ်က နိုင်ငံတကာ့အသံတွေရဲ့ ထောက်ခံအားပေးမှုနဲ့တင် မလုံလောက်နိုင်ပါ။ နိုင်ငံတကာ့အသံတွေ ကြေညာချက်တွေကို ဗမာပြည်နိုင်ငံရေးအကျပ်အတည်း ပြောင်းလဲပစ်ဖို့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေနဲ့ အားမဖြည့်တဲ့အတွက် ကျနော့်ရဲဘော်တွေ ပူပန်ကြောင့်ကြမိတာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။





ကျနော်တို့ပါတီဟာ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီအတွက် အသက်ပေးလှူသွားခဲ့ကြသူတွေရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ၁၉၈၈ ခု ဒီမိုကရေစီရေး လူထုအုံကြွမှုကနေ ပေါက်ဖွားလာ တာဖြစ်ပါတယ်။





ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့ပြီး နှစ် နှစ်ဆယ်ကျော်တိုင်အောင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီး ရဲ့ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမတရားတဲ့ ရွေးကောက်ပွဲ"ဥပဒေတွေ"ကို ဒူးထောက်ဖို့ငြင်းဆန်တဲ့အတွက် မကြာခင်မှာ စစ် အစိုးရကနေ ဖျက်သိမ်းတာကို ခံရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲင်အယ်လ်ဒီ ဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါ။ ကျနော် တို့ဟာ ပြည်သူတွေအကြားမှာ ပြည်သူတွေနဲ့အတူ ရှိနေမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်း သားလူမျိုးစုများတန်းတူရေးအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။





နိုင်ငံတကာ့အသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့နဲ့အတူ ရပ်တည်ဖို့ ကျနော်မျှော်လင့်ပါတယ်။ နိုင်ငံတကာကအစိုးရတွေဟာ စစ်အစိုးရရဲ့ရွေးကောက်ပွဲနဲ့ ကြိုတင်စီစဉ်ထားတဲ့ရလဒ်ကို လက်မခံကြောင်း ကြေညာဖို့လိုပြီး စစ်အစိုးရအနေနဲ့ ဗမာပြည်အတွက် သိသာထင်ရှားပြီး တိုးတက်တဲ့အပြောင်းအလဲလုပ်ဖို့ ဖိအားပေးသင့်ပါတယ်။ အပြောင်းအလဲဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ခြင်းလွှတ်ပေးတာနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စစ်ဆင်ရေးတွေ ရပ်စဲတာက အစချီရမှာဖြစ်ပါတယ်။ ဒီနောက် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စေ့စပ်ဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ငြိမ်းချမ်းစွာအဖြေရှာရမှာဖြစ်ပါတယ်။




ဦးဝင်းတင်



မတ်လ ၃၀ ရက် ၂၀၁၀ ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှ Decision Time in Burma for Democracy's Advocates ဆောင်းပါး



ဦးဝင်းတင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် စတင်တည်ထောင်သူလည်းဖြစ်ပြီး ၁၉၈၉ ခုကနေ ၂၀၀၈ ခုအထိ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပါတယ်။

ယနေ့နေ့စွဲ့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ မှတ်ပုံမတင်ကြောင်း အထူးကြေညာချက်အမှတ် (၄/၃/၁၀) ထုတ်ပြန်ခြင်း

NLD-Statement-

30 March 2010

စစ်အစိုးရ၏မတရားတဲ့ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၏ သဘောထား(၆ )ချက်အားဖော်ပြထားခြင်း

Burma Update - NLD Will NOT Register, Daw Aung San Suu Kyi's Six-point Message - 29 March 2010

အမျိုသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ထံ ပေးပို့ မှာကြားခဲ့တဲ့ အချက် (၆) ချက်။

မှတ်ပုံတင် ထပ်မံလုပ်ဖို့ မလို၊ ယခင် မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။

၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
1။ She would never accept the 2008 State Constitution of the military junta and would stick to Shwegonedine Declaration, which was issued by the NLD on April 29 last year.

၂။ တရားမျှတမှု မရှိ၊ တစ်ဘက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းလမ်း မကျ။
2။ She would never accept political party registration law and elections promulgated by the military junta as these laws are unjust and unfair.


၃။ အဖွဲ့ ချူပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်။
3။ The NLD is not her own property. Neither is it the property of anyone.

၎။ အဖွဲ့ ချူပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝ မကြိုက်၊ လက်မခံ။
4။ She is not in favour of hatching personal followers within the NLD.


၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားပါ။
5။ She would like to say the people of Burma that she would continue to strive for democracy in Burma.


၆။ အဖွဲ့ ချူပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ ချူပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်း မဟုတ်။
6။ Even if the NLD is abolished, she does not consider it as the end of the NLD.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ဆုံးဖြတ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှထောက်ခံကြိုဆိုကြောင်းထုတ်ပြန်ကြေငြာချက်..

Statement for NLD's Decision - Not Party ion

နအဖစစ်အစိုးရဲ့ နေပြည်တော်ကြပ်ပြေးမှာ လူတုပ်ကွေး ရောဂါဖြစ်ပွားနေကြောင်း




နေပြည်တော်မှာ လူတုပ်ကွေးလို့ ယူဆရတဲ့ ရောဂါတွေ ဖြစ်ပွားနေတဲ့အတွက် ပြီးခဲ့တဲ့ တော်လှန်ရေးနေ့အခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဌာနက လွှဲလို့ ကျန်ဝန်ကြီးဌာနတွေကို တော်လှန်ရေးနေ့ ချီတက်ပွဲမှာ အားပေးဖို့ မခေါ်ခဲ့ဘူးလို့ သိရပါတယ်။


ဒီလိုပြသနာမျိုးကို ပြီးခဲ့တဲ့ ပြည်ထောင်စုးအခမ်းအနားမှာလည်း ကြုံခဲံ့ရတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်က အရာရှိတစ်ဦးက ပြောပြခဲ့ပါတယ်။ ပြည်ထောင်စုနေ့ အခမ်းအနားပြီးသွားပြီး မတ်လဆန်းရောက်တာတောင် တိုင်းရင်းသားကိုယ်စားလှယ်အချို့ကို နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံမှာ ဆက်ကုသစေခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်လူတုပ်ကွေးလို့ ယူဆရတဲ့ ဗိုင်းရပ်ပိုးဟာ နေပြည်တော်ရဲ့ စစ်ကြောရေး တည်းခိုဆောင်တွေမှာ ရှိတာ ဖြစ်နိုင်တယ်လို့ နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တစ်ဦးက ပြောခဲ့ပြီး အဲဒီ စစ်ကြောရေးစခန်းရှိရာ နေပြည်တော် ရွာတော်ရပ်မှာ ပြီးခဲ့တဲ့ အမျိုးသားစာပေဆုနှင်းသဘင် ကျင်းပတုန်းကလည်း ဧည့်သည်တစ်ဦး ဖျားလို့ ဆေးရုံတက်ခဲ့ရတယ်လို သိရပါတယ်။



အခု တော်လှန်ရေးနေ့ အခမ်းအနား မစမီကတည်းက တုပ်ကွေး ဂယက်တွေ ပျံနှံ့နေခဲ့ပြီး တပ်ခွဲ အနည်းဆုံး နှစ်ခွဲလောက်အထိ အင်အားလျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ ထူးခြားချက်ကတော့ ခါတိုင်းလို တပ်မတော်နေ့မှာ ချီတက်တဲ့ ရဲဘော်တွေကို ကြိုဖို့ ပန်းကုံးစွပ်ဖို့အတွက် ၀န်ကြီးဌာနတစ်ခုကို လူအင်အား ငါးဆယ်တောင်းတာ လုံးဝမရှိတော့ဘူးလို့ သိရပါတယ်။ မနက်အစောကြီးသွားပြီး မကြိုချင်ကြိုချင် ကြိုရတဲ့ အဖြစ်က လွတ်ပြီမို့ ၀န်ထမ်းတွေ တော်တော်ကို ပျော်ကြတယ်လို့လည်း သိရပါတယ်။



ရွာတော်မှာရှိတဲ့ စစ်ကြောရေးတည်းခိုဆောင်ကို ဆေးဖျန်းတာမျိုး ကာကွယ်ဆေးတိုက်ကျွေးတာမျိုး ရှိခဲ့တယ်လို့ သိရပေမယ့် တပ်မတော်သား ဘယ်နှစ်ဦးလောက်ဆေးရုံတက်နေရတယ်ဆိုတာကတော့ မသိရပါဘူး။


နေပြည်တော်မှာ တပ်မတော် ဆေးရုံကြီး ကုတင် တစ်ထောင် ရှိပါတယ်။



ပေးပို့ ပေးသော ကိုဝဏ္ဏ ကိုကျေးဇူးတင်ပါသည်.။
ဓာတ်ပုံ ..မိုးမခ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံမတင်ရေး ကန့်ကွက်မဲမရှိ ဆုံးဖြတ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးပြောကြား..




စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ တရားမျှတခြင်း မရှိတဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ ၀င်ရေးအတွက် ထပ်မံ မှတ်ပုံတင်တော့မှာ မဟုတ်တဲ့အကြောင်း ဒီနေ့ ကျင်းပခဲ့တဲ့ ဗဟိုဦးစီး စည်းဝေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။ NLD ပါတီ ရှေ့ ဆက်လက် ရပ်တည်ရေး အပါအ၀င် ဒီနေ့ကျင်းပခဲ့တဲ့ စည်းဝေးပွဲနဲ့ ပတ်သက်လို့ ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းရာ ဦးတင်ဦးက အခုလို စပြောပါတယ်။



“အခုရှိနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ဥပဒေတွေ၊ မှတ်ပုံတင်ခြင်း ဥပဒေတွေ စသည်ဖြင့် အဲဒါတွေနဲ့ ပတ်သက်လို့ တရားမျှတမှု မရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်ကို ထပ်မံပြီး မှတ်ပုံတင်မည် မဟုတ်ကြောင်း ဆုံးဖြတ်တယ်ပေါ့ဗျာ။



“နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားများ အားလုံးတို့ကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးပါဆိုတာ ဆုံးဖြတ်ချက် ချတယ်၊ ဒါပါပဲ။ အဓိကကတော့ ဒီနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အရင်ကတည်းက ပြောထားတဲ့အတိုင်း ပြည်နယ်နဲ့တိုင်း ရှိတဲ့ ဦးစီးအဖွဲ့ဝင်များ၊ ဗဟိုဦးစီး အဖွဲ့ဝင်များ အကုန်လုံး ခေါ်လိုက်တော့ မကျန်းမာလို့ ဆေးရုံတက်နေတာရယ်၊ အကျဉ်းကျနေတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် လေးငါးယောက်ရယ် အဲဒါကလွဲလို့ ကျန်တာတွေ အကုန်လုံး တက်ရောက်ပါတယ်။ ဒါကြောင့် အစည်းအဝေးကတော့ အပြည့်အစုံ အထမြောက်ပါတယ်။




“ပြည်နယ်နဲ့တိုင်းအလိုက် အားလုံးဆွေးနွေးတာ၊ ကယားပြည်နယ်မှ အပပေါ့၊ ကျန်တဲ့ ပြည်နယ်နဲ့တိုင်း အားလုံးကတော့ ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ ဆွေးနွေးခွင့်ပေးတယ်။ ဆွေးနွေးခွင့်ပေးတာ ၂ ယောက်ပေါ့။ ၂ ယောက်ဆိုတာ တယောက်က သူ့အနေနဲ့ မှတ်ပုံတင်ခြင်း မပြုဘို့ ဆွေးနွေးတယ်ဆိုရင် အကယ်၍များ မှတ်ပုံတင်ခြင်း ရှိသလား၊ ဆွေးနွေးရအောင် ဆိုပြီး ပြည်နယ်နဲ့တိုင်းက ၂ ယောက်၊ ၂ ယောက် ကျနော်တို့ ခွင့်ပြုတယ်၊ ၅ မိနစ်စီပေါ့။ ဆွေးနွေးတာ အားလုံးကတော့ ၂ ယောက်စလုံးမှာလည်း ထပ်တူထပ်မျှပဲ သူတို့က လက်ရှိ ရှိနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အပေါ်မှာ မှတ်ပုံတင်ခြင်း မပြုဖို့ဆိုတာပဲ ပြောကြတာ များပါတယ်၊ ဆုံးဖြတ်ကျတာ များပါတယ်။ အများစု အကုန်လုံးပေါ့။




“တယောက်စ နှစ်ယောက်စကတော့ သူတို့ပင်ကိုယ် သဘောထားနဲ့ ပတ်သက်ပြီး မှတ်ပုံတင်ခြင်း မပြုခဲ့သည်ရှိသော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပယ်ဖျက်သွားမည် ဖြစ်တဲ့အတွက်ကြောင့် ဒါကို ဆက်လက်ပြီး ဘယ်လိုသွားမလဲ ဆိုတာမျိုးလောက်ကို ဆွေးနွေးပြီးတော့ အများဆုံးဖြတ်တဲ့၊ သူတို့အဖွဲ့က ဆုံးဖြတ်တာ အားလုံးကိုလည်း သူတို့က လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ပြောတာ များပါတယ်။




“တယောက်တလေကတော့ ပါတီ ဖျက်သိမ်းပြီးသွားရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရှေ့ကို ဘယ်လို အစီအစဉ်ဆွဲကြမယ် ဆိုတာနဲ့ ပတ်သက်လို့၊ စီစဉ်ကြအောင် ဆိုတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတာ များပါတယ်။ အကုန်လုံး ကြည့်လိုက်ရင်တော့ အကုန်လုံးက တက်တက်ကြွကြွပဲဗျ၊ သူတို့ အားလုံးကတော့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်တာ အားလုံးကိုတော့ တရားမျှတမှု မရှိတဲ့အတွက်၊ အဖွဲ့ချုပ်ကို ပိုပြီးတော့သာ ခြိမ်းခြောက်မယ် ဆိုတဲ့အတွက်၊ မှတ်ပုံတင်ပြီး ဆောင်ရွက်ချင်လည်း ဘာမှ ဆောင်ရွက်လို့ ရမှမဟုတ်ဘူး။




“အရင်တုန်းကလည်း ဒီလိုပဲ၊ အဖွဲ့ချုပ်က ဒီလောက်တောင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာ ဟိုတုန်းက တခဲနက် ရွေးကောက်ခြင်း ခံရသော်လည်း စပြီး အရွေးခံရတဲ့ အချိန်ကစပြီး ဒီနေ့အထိလည်း နှိပ်စက်ခြင်း၊ တင်းကျပ်ခြင်း၊ ချုပ်နှောင်ခြင်း၊ အတင်းအကျပ်တွေလည်း များနေတာ ဖြစ်တဲ့အတွက် အဖွဲ့ချုပ်က ပါတီဖွဲ့စည်းကတည်းက တောက်လျှောက် ရပ်ဆိုင်းခံထားရတာတွေပဲ၊ အဲဒါကြောင့် သူတို့က တခဲနက်ပဲ မှတ်ပုံတင်ခြင်း မပြုဘို့ ဆုံးဖြတ်တာပါပဲ။”




စောစောက ဘဘပြောတာ တယောက်နှစ်ယောက်က လွဲလို့ ဆိုတာက မှတ်ပုံမတင်ဘို့ ဆုံးဖြတ်တဲ့ အပေါ်မှာ သူတို့က ကန့်ကွက်တာလားခင်ဗျ။ မှတ်ပုံတင်ရေး အဆိုကို သူတို့က လိုချင်တာလား။



“မဟုတ်ပါဘူး။ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေ ကိုယ်တိုင်က အတင်းအကျပ်၊ အပိတ်အဆို့၊ အတားအဆီးတွေ ပေါ့ဗျာ။ ကျနော်တို့ ကြေညာထားတဲ့ အတိုင်းပဲ၊ တဦးတယောက်၊ တဖွဲ့တစည်းနဲ့ ပတ်သက်လို့ ဒါ သတ်မှတ်ထားတာတွေက အင်မတန် တင်းကျပ်လွန်းတယ်။ ပြီးတော့ ဥပဒေနဲ့ မညီဘူး၊ မမျှတလွန်းဘူးဆိုတဲ့ အပေါ် မူတည်ပြီးတော့ ဆွေးနွေးကြပြီးတော့ ဒါ မှတ်ပုံတင်ခြင်း မပြုဘို့ သူတို့က အကုန်လုံး အဆိုပြုသွားကြတာပဲလေ။”



တညီတညွတ်တည်း ဆုံးဖြတ်တယ်ပေါ့၊ ကန့်ကွက်မယ့်သူ မရှိဘဲနဲ့။



“ကန့်ကွက်တဲ့သူ မရှိဘူး။ ပြီးသွားတဲ့အခါကျတော့ တချို့ ပြည်နယ်၊ တိုင်းက တယောက်တလေကတော့ ကန့်ကွက်တာတော့ မဟုတ်ဘူး၊ သူတို့ သဘောထားနဲ့ ပတ်သက်လို့ မှတ်ပုံတင်ချင်တယ်ဆိုတာ သူတို့ပြောတယ်။ ဒါပေမဲ့ သူတို့ ပြည်နယ်၊ တိုင်းက စပြီး အခြေခံ ဆွေးနွေးလာကတည်းက သူတို့အဖွဲ့က ဆုံးဖြတ်လိုက်တာ၊ ဒါ သဘောတူတယ် ဆိုပြီးတော့၊ သူတို့ကိုယ်တိုင်ကလည်း မှတ်ပုံတင်ခြင်း မပြုတာကို သဘောတူတယ်ဆိုတာ ရောက်သွားပါတယ်လေ။ အဲဒါကြောင့် ကျနော်တို့က ကန့်ကွက်သူမရှိ၊ အများ သဘောတူ၊ ကန့်ကွက်သူမရှိ၊ ဆုံးဖြတ်သည်ဆိုတဲ့သဘော ဆုံးဖြတ်ချက် ချတာပါပဲ။”




ဆိုတော့ ပါတီအနေနဲ့ ဘယ်လိုဆက် ရပ်တည်သွားမလဲ၊ ဒီအတိုင်းပဲ ဆက်ပြီး ရပ်တည်သွားမလား၊ ရွေးကောက်ပွဲက မကြာခင် ဖြစ်တော့မယ်ဆိုတော့။



“ကျနော်တို့က မှတ်ပုံမတင်ဘူးဆိုတော့ ရွေးကောက်ပွဲ မ၀င်ဘူးပေါ့ဗျာ။ ဒါကတော့ ရှင်းသွားပြီပေါ့။ ရှေ့ဆက်လက်ပြီး သွားမယ် ဆိုတာကတော့ သူတို့က ကျနော်တို့ အဖွဲ့အစည်းကို မှတ်ပုံမတင်ရင် ပျက်ပြီဆိုတာ မှတ်ယူရမယ် ဆိုတာက၊ သူတို့ ဥပဒေ သဘော သဘာဝကိုက ဟုတ်မှ မဟုတ်ဘဲ။ ကျနော်တို့က မှတ်ပုံတင်ပြီးသား အဖွဲ့အစည်းပဲ။ အဲတော့ ကျနော်တို့ ရွေးကောက်ပွဲ မ၀င်တာနဲ့ ဒါကို ဆက်ပြီး မှတ်ပုံတင်ရမယ်၊ အသစ်တွေသာ မှတ်ပုံတင်ရမယ့်သဘော ရှိတာပေါ့။




“အဲဒါကို ကျနော်တို့ မှတ်ပုံမတင်ရင် ပျက်ပြယ်ပြီးသား ဆိုတာက သူတို့ဘက်က ပျက်ပြယ်ပြီးသား ဖြစ်စေကာမူ ကျနော်တို့က မပျက်ပြယ်ဘူးလို့ မှတ်ယူတာကိုးဗျ။ အဲဒါကြောင့် ကျနော်တို့ကတော့ ကျနော်တို့ အဖွဲ့အစည်းကို ကျနော်တို့ဘာသာ ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး။ သူတို့ဘာသာ သူတို့ ဥပဒေနဲ့မညီလို့ ရပ်တည်ပိုင်ခွင့် မရှိဘူးဆိုပြီး လာပြီး သိမ်းတယ်၊ ဖျက်တယ် ဆိုရင်တော့လည်း ဒါ သူတို့လုပ်လို့ရရင် လုပ်ပေါ့ဗျာ။ ဒါပဲပေါ့။”

ဟုတ်ကဲ့၊ NLD အနေနဲ့ကတော့ ရပ်တည်လို့ရသလောက် ဒီအတိုင်း ဆက်ရပ်တည်နေမယ်ပေါ့။



“ရပ်တည်သွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက အရင်တုန်းက တခဲနက် ထောက်ခံထားတာ ဖြစ်တဲ့အတွက်ကြောင့်၊ အခု အပြင်မှာလည်း ဒါနဲ့ပတ်သက်တာ အားလုံးကို ကျနော်တို့ရဲ့ သဘောသဘာဝကို ရောင်ပြန်ဟပ်တာတွေ အများကြီး ရှိတယ်ဗျ။ အများကြီး တော်တော်လေးကို ရှိနေကြတယ်။ အဲဒါကြောင့်မို့၊ တချို့ကတော့ ဘယ်လောက်ထိ ပြောနေလဲဆိုရင် NLD မှတ်ပုံမတင်ရင် သူတို့ မဲတောင် မပေးတော့ဘူး ဆိုတဲ့သဘော ပြောနေကြပြီဗျ။ NLD ကိုပဲ သူတို့ မဲပေးချင်တယ်၊ NLD မှတ်ပုံမတင်ရင် သူတို့ မဲမပေးဘူး။ ဒီလိုဖြစ်နေတယ်၊ အခုက။”



NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။



ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေကတော့ ကျန်းမာရေး အခြေအနေအရ ဒီနေ့ ကျင်းပတဲ့ စည်းဝေးပွဲကို လူကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ ပါတီမှတ်ပုံမတင်ရေး အဆိုပြုချက်ကို နေအိမ်ကနေပဲ သူ့ရဲ့သဘောထားပေးပြီး ထောက်ခံခဲ့တဲ့အကြောင်း သိရပါတယ်။




သတင်းရင်းမြစ်..VOA