03 November 2012

နိုင်ငံမဲ့ မြန်မာကလေးငယ် ၂သောင်းကျော်အတွက် CPPCR မွေးစာရင်းပြုလုပ်ပြီးစီး

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံသားမိဘများမှ မွေးဖွားသော ကလေးများနှင့် ဌာနေမဲ့ ကလေးများ ၏ မွေးရာပါ အခွင့်အရေးများ ရရှိရန် မွေးစာရင်း နှစ်သောင်း ကျော်ကို ပြုလုပ်ပြီးစီး သွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကလေးအခွင့်အရေး ကာကွယ် စောင့်ရှောက် မှုကော်မတီ(မြန်မာနိုင်ငံ)-CPPCR က ယနေ့ ပြုလုပ်သည့် ၎င်းတို့၏ ၁၀ နှစ်ပြည့်အခမ်းအနားတွင် ပြောကြားလိုက်သည်။ 

CPPCR စာရင်းပြုစုရေးဌာနမှ မအေးသန္တာအောင်က “၁၀ နှစ်တာသက်တမ်းတစ်လျှောက် လက်ရှိအချိန်အထိ ကျမတို့အနေနဲ့ မြန်မာနိုင်ငံသားကလေးပေါင်း နှစ်သောင်းတစ်ထောင်ခုနှစ်ရာကို တရားဝင် မွေးစာရင်းထုတ် ပေးပြီးပါပြီ။ သူတို့တွေအနေနဲ့ကလည်း ထိုင်းကျောင်းမှာ ပဲဖြစ်စေ၊ ရွှေ့ပြောင်းကျောင်းတွေမှာ ပဲဖြစ်စေ ကျောင်းတက်ခွင့်ရကြတယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် မယ်တော်ဆေးခန်းတွင်လည်းကောင်း၊ မဲဆောက်မြို့ရှိ ဆေးရုံ၊ ဆေးခန်းများ တွင်လည်းကောင်း မွေးဖွားလာသော ကလေးများသာမက မည်သည့်နေရာတွင်မဆို မွေးဖွား လာသည့် ကလေးများကို CPPCR မှ မွေးစာရင်းပြုလုပ်ပေးခြင်းဖြစ်သည်။

ယနေ့ နံနက် ၉နာရီအချိန်မှစ၍ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့ Quee Place Hotel တွင် ကျင်းပခဲ့သည့် CPPCR ၏ ၁၀နှစ်ပြည့် အခမ်းအနားတွင် CPPCR ဥက္ကဌ ဒေါက်တာစင်သီယာမောင်ကလည်း ယခုလို အမှာစကား ပြောကြားခဲ့သည်။

“ကျမတို့ဒီ CPPCRကို စပြီးတည်ထောင်ကတည်းကနေ ခုချိန်ထိ ကလေးအခွင့်အရေးဆိုင်ရာ ပညာပေးမှုတွေ၊ ဒီကလေးတွေရဲ့ မှတ်တမ်းမှတ်ရာတွေ ထိန်းသိမ်းဆောင်ရွက်မှုပိုင်းဆိုင်ရာရယ်၊ နိုင်ငံသား မပပျောက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မဲဆောက် ဒေသ၊ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ မြန်မာပြည်သားမိဘတွေပါ သိစေချင်တယ်”ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။

ထို့အပြင် CPPCR မှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကလေးငယ်များကို မွေးစာရင်းပြုလုပ်ပေးပြီး ထိုင်းအစိုးရ၊ မြန်မာ အစိုးရနှင့် ရှေ့နေများထံသို့ ၎င်းမွေးစာရင်းဆိုင်ရာ အချက်အလက်များကို တင်ပြခြင်း အားဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဆိုင် ရာ ဥပဒေတွင် မြန်မာနိုင်ငံ သား ပြန်လည်ဖြစ်မြောက်ရေး အတွက် အထောက်အကူအဖြစ် စုဆောင်းပေးထားနိုင်ကြောင်းလည်း သူမက ပြောသွားခဲ့သည်။

ယနေ့အခမ်းအနားတွင် ထိုင်း-မြန်မာနယ်စပ်ရှိ လူမှုအခြေပြုအဖွဲ့အစည်း(CBO)များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) များအပြင် မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများနှင့် ထိုင်းအစိုးရတာဝန်ရှိသူများ စသည့် လူဦးရေစုစုပေါင်း ၁၀၀ကျော် တက် ရောက်ခဲ့သည်။

၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC) မှ တွဲဖက်အတွင်းရေးမှူး ဦးမြင့်သိန်းက မြန်မာနိုင်ငံ ဥပဒေအ ကြောင်းနှင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းကလေးများ၏ အခွင့်အရေး ဆိုင်ရာ များနှင့် အနာဂတ်ခေါင်း ဆောင်များဖြစ်လာမည့် ကလေးများတွင် မွေးစာရင်းရှိရမည့်အကြောင်း တက်ရောက်လာသည့် ပရိဿတ်များအား ရှင်းလင်းပြောဆိုသွားခဲ့သည်။

သူက “မြန်မာနိုင်ငံမှာ ၁၀စုနှစ်ကျော်က ပြည်တွင်းစစ်တွေ စတင်ဖြစ်ပွားခဲ့တဲ့အတွက် မြန်မာနိုင်ငံသားတွေ လည်း ပြည်ပကို ထွက်ခွာခဲ့ကြရတယ်။ တခြားကလေးတွေလို ပညာသင်ကြားခွင့်မရကြဘူး။ ရရှိရမယ့်အခွင့် အရေးတွေကိုလည်း မရရှိကြဘူး။ နောက်ပြီး သူတို့ဟာ ဘယ်နိုင်ငံက မွေးဖွားခဲ့သလဲဆိုတာ မသိကြရဘူး”ဟု ပြောသည်။

CPPCR သည် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများနှင့် ဌာနေမဲ့မိသားစုများမှ ကလေးငယ်များ၏ နိုင်ငံသားအခွင့် အရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှု၊ ပညာသင်ယူသည့် အခွင့်အရေးများနှင့် မွေးစာရင်းများပြုလုပ်ပေးခြင်း၊ ကလေးများဖွံ့ဖြိုးတိုးတက်မှုအတွက် ကာကွယ်စောင့်ရှောက်ရန် စသည့်ရည်မှန်းချက်များဖြင့် ၂၀၀၂ခုနှစ်၊ နိုဝင်ဘာလ ၂ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ စတင် ဖွဲ့စည်းခဲ့သည်။

 သတင်း - ကချင်သတင်းဌာန

တုတ်ဓါး လက်နက်များနှင့် အတူ အဖမ်းခံရသူများ အာမခံမရ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် တုတ်၊ ဓါး၊ ဂျင်ဂလိ လက်နက်များနှင့် အတူ အဖမ်းခံရသူ ၄ ဦးကို နိုဝင်ဘာလ (၁)ရက်နေ့က ရုံးထုတ်ခဲ့ရာ အာမခံ မရဘဲ ဆက်လက် ဖမ်းဆီး ထားကြောင်း သတင်း ရရှိသည်။
“ဟုတ်ကဲ့။ သူတို့ (၄) ဦးကို ဒီကနေ့ ကြာသပတေးနေ့ နေ့လည် ၁ နာရီခွဲမှာ ရုံးထုတ်ပါတယ်။ လက်ခံ (အာမခံ)မပေးပါဘူး။ ရဲစခန်းမှာဘဲ ဆက်လက် ထိန်းသိမ်းထားပါတယ်” ဟု သံတွဲ ဒေသခံ တစ်ဦးက ပြောသည်။

သံတွဲ ဆေးရုံနောက်ဖက်တွင် နေထိုင်သည့် ဗလီ ဂေါပက အဖွဲ့ဝင် ဦးတင်အောင်နှင့် ဗလီတွင် နေထိုင်သူ မွတ်ဆလင် လူငယ် ၃  ဦးတို့အား လွန်ခဲ့သည့် ဗုဓ္ဒဟူးနေ့က လက်နက်များနှင့်အတူ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း သံတွဲ ဒေသခံက ဆက်ပြောသည်။



“မနေ့က နေ့လည်မှာ တပ်နဲ့ရဲက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ကျောင်း ဖြစ်တဲ့ ဗောဓိကုန်းကျောင်းနဲ့ မွတ်ဆလင် ဗလီတွေကို ၀င်ရောက်ရှာဖွေတဲ့ အခါ ဘုန်းကြီးကျောင်းကတော့ ဘာမှ မမိဘူး။ ဂျမတ် ဗလီကတော့ ဓါးတွေ၊ သံတုတ်တွေ၊ ဂျင်ဂလိတွေ အများကြီး ဖမ်းမိပါတယ်” ဟု သူက ဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်း မြို့နယ် အချို့တို့တွင် ပဋိပက္ခများ ဖြစ်ပွားနေ ခဲ့ရာ အုပ်စုဖွဲ့ တိုက်ခိုက်မှုများအတွင်း တုတ်၊ ဓါး၊ လှံ၊ တူမီး လက်နက်များ အသုံးပြုလာသည့်အတွက် ပဋိပက္ခ အခြေအနေကို ပိုမိုဆိုးရွာလာစေသဖြင့် ယင်းပစ္စည်းများအား ယနေ့မှစ၍ နိုဝင်ဘာလ (၃) ရက်နေ့အတွင်း နီးစပ်ရာ ရဲစခန်း၊ လုံခြုံရေးအဖွဲ့များထံ အပ်နှံကြရန် အောက်တိုဘာလ (၃၁) ရက်နေ့က သက်ဆိုင်ရာမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများအနက် ဂျင်ကလိ အလက် ၃၀၊ မျှားအချောင်း ၅၀၊ သံတုတ် အချောင်း ၃၀၊ သံဂေါ်လီ အလုံး ၁၅၀နှင့် ဓါးရှည် (၂)ချောင်း၊ သံ (၂)လက် တို့ပါဝင်သည်ဟု သူက ပြောသည်။

ပစ္စည်းများ ဖမ်းဆီးရမူနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် သံတွဲရဲစခန်းသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော် လည်း ဖုန်းမကိုင်သဖြင့် ဆက်သွယ်၍ မရခဲ့ပါ။

ယခုကဲ့သို့ ဖမ်းဆီမှုများ ရှိသော်လည်း သံတွဲမြို့အခြေအနေ တစ်စုံတစ်ရာ ထူးခြားမူ မရှိဘဲတည်ငြိမ်နေ ကြောင်း သိရသည်။

  သတင်း - နိရဉ္စရာ သတင်းဌာန

မူစယ် ၁၀၅ မိုင်ဇုန်ရှိ အလုပ်သမား ၂၅၀ ကျော် အလုပ်ဖြုတ်ခံရ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ ကုန်တင်ကုန်ချ အလုပ်လုပ်နေသော အလုပ်သမား ၂၅၀ ကျော်ကို သက်ဆိုင်ရာ အလုပ်သမားရုံးမှ လွန်ခဲ့သည့် တစ်ပတ်ခန့်က ရုတ်တရက် အလုပ်ထုတ်လိုက် သဖြင့် အလုပ်သမားမိသားစုဝင်များ စားဝတ်နေရေး အခက်တွေ့နေကြောင်း သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတြင် ကုန္ကားမ်ား ရပ္နားထားသည္ကို တြေ့ရစဉ်။ Photo - Myanmar time
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း Photo - Myanmar time

တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်း ဖြစ်သည့် မူစယ် - မန္တလေးလမ်း၌ တည်ရှိသော ၄င်းကုန်သွယ်ရေးဇုန်အတွင်း၌ ကုန်ထမ်း အလုပ်သမား ၈၀၀ ကျော်ခန့် ၀င်ရောက် လုပ်ကိုင်နေပြီး အဆိုပါ အလုပ်သမားများအား  ပါမစ် ၊ နေ့စား နှင့် ဖိုက်တာဟူ၍ အတန်းအစား ၃ မျိုးခွဲခြားထားကြောင်း သိရသည်။

ယခုအလုပ်ဖြုတ်ခံရသူများမှာ ဖိုက်တာဟု ခေါ်သော အောက်ခြေသိမ်း အလုပ်သမားအုပ်စု ဖြစ်ပြီး တစ်စုလျှင် လူ ၈ ဦးစီ ပါဝင်သည့် အုပ်စု ၃၂ စု၊  လူဦးရေအားဖြင့် ၂၅၀ ကျော်ခန့်ရှိကြောင်း အလုပ်ဖြုတ်ခံရသည့် အလုပ်သမား မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အလုပ်သမားရုံး ဦးစီးတွေက မင်းတို့မနက်ဖြန် အလုပ်မဆင်းနဲ့တော့ ဖြုတ်တယ် ဆိုပြီးတော့ အဲဒီအတိုင်းပဲ ပြောတာ ရာသီ သီးနှံတွေ ပဲ ၊ ပြောင်း ၊ ဆန်တွေ ၀င်နေတာပဲ အလုပ်ကပုံမှန်ရှိတယ် ဘာကြောင့် ဖြုတ်တယ် ဆိုတာ မပြောဘူး သူတို့က ဘာတာဝန်မှမယူတော့ မိသားစုတွေ စားဝတ်နေရေး အတော်ခက်နေကြတယ် တချို့ကလေးတွေက ကျောင်း တက်နေတာ” ဟု ၄င်းမိသားစုဝင်က ဆိုသည်။

၎င်းအလုပ်ဖြုတ်ခံရသူများအနက်  တချို့မှာ အလုပ်ရှာရန် တရုတ်နယ်စပ် ကြယ်ဂေါင်နှင့် မူစယ်ဘက်သို့ ထွက်ခွာလာ သူများ ရှိသလို တချို့မှာ နေရပ်ရင်းသို့ ပြန်သူများလည်း ရှိကြောင်း သိရသည်။

အလုပ်ဖြုတ်ခံအလုပ်သမားများ ပါမစ်ရအလုပ်သမားဖြစ်လိုပါက ကျပ်ငွေ (၇) သိန်း ပေးရမည်ဟု အလုပ်ကြပ် များက ပြောဆိုကြောင်းနှင့် ယခင်ကလည်း ကုန်ထမ်းအလုပ်ရရန် အလုပ်သမားတစ်ဦးလျှင် ကျပ်ငါးသောင်းမှ တစ်သိန်းခွဲအထိ အလုပ်သမားခေါင်းဆောင်များထံပေး ကမ်းခဲ့ရကြောင်း သူက ဆိုသည်။

“အလုပ်သမားခေါင်းနဲ့ ကြီးကြပ်ရေးမှူးက  အလုပ်သမား ၂ ယောက်စီ ခန့်ခွင့်ရှိတယ်ဆိုတော့ သူတို့က ပါမစ်ပြန်ခန့် ပေးမယ် ပေါ့နော် တစ်ယောက် (၇) သိန်းပေးရမယ်ပေါ့ အဲလိုဆိုတော့ အလုပ်ရဖို့ လယ်ပေါင် အိမ်ပေါင် ငွေတိုးယူဖို့ တချို့ ရွာပြန် သွားကြတယ်” - ဟု ဆိုသည်။

ယခု အလုပ်ဖြုတ်ခံရသည့်အုပ်စုမှာ ညအချိန်မတော် လုပ်ရသည့်အလုပ်များ အခြားသူများ မလုပ်လိုသည့် အလုပ်များကို ပင်ပန်းစွာလုပ်ကိုင်ရသော် လည်း ၀င်ငွေမှာ အနည်းဆုံးရရှိသူများ ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းခွင်တွင် အထက်အလုပ်ကြပ်အဆင့်ဆင့်၏ အကြောင်းအမျိုးမျိုးပြကာ ခေါင်းပုံ ဖြတ်ခြင်းခံရပြီး ၄င်းတို့၏ တစ်ရက် ၀င်ငွေမှာ ကျပ် ၅ ထောင်ခန့်သာ ရရှိပြီး ကြောင်း အဆိုပါ အလုပ်သမားက ပြောသည်။

မူစယ် ၁၀၅ မိုင်အလုပ်သမားရုံးတွင် အလုပ်သမားများကြား မကျေနပ်၍ တိုင်တန်းမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အလုပ်သမားဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးလေ့ရှိသော်လည်း အလုပ် ကြပ်များနှင့် နီးစပ်သည့် အလုပ်သမားများကိုသာ ရွေးထုတ် စစ်ဆေးခံခိုင်းသဖြင့် အကြောင်းအရင်းအမှန်ကို လူကြီးပိုင်းမှ သိရှိခြင်း မရှိကြောင်းလည်း ဆိုသည်။

ယခုအခါ အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများအကြား မကျေနပ်မှုများဖြစ်ပေါ်နေပြီး ဆန္ဒပြရန် အထိစီစဉ် နေကြောင်း နိုင်တကာအလုပ်သမား အဖွဲ့အစည်းဖြစ်သည့် ILO အပါအဝင် ပြည်တွင်းနိုင်ငံရေးအင်အားစုများ NGO အဖွဲ့များ၏ အကူအညီကိုမျှော်လင့်နေပါကြောင်းလည်း အဆိုပါ အလုပ်သမားအသိုင်းအဝိုင်းက ပြောဆို သည်။

သတင်း - သျှမ်းသံတော်ဆင့်သတင်း

02 November 2012

လုပ်အားပေးမလိုက်သည့် ကျောင်းသားတဦးလျင် ကျပ်ငွေ ၁၅၀၀ ပေးရ

ချင်းပြည်နယ်ထန်တလန်မြို့နယ် ကြောင်ထီးယားရွာ အစိုးရအလယ်တန်းကျောင်းမှ လုပ်အားပေး မလိုက်နိုင် သည့် ကျောင်းသူ ကျောင်းသား တဦးလျင် ကျပ်ငွေ ၁၅၀၀ နှုန်း ကျောင်းအုပ်ကြီးက ကောက်ခံနေကြောင်း ကျောင်းသားမိဘများက ပြောဆိုသည်။

အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသူကျောင်းသားများအား ကျောင်းအုပ်ဆရာကြီးမှ ၎င်း၏ ကိုယ်ပိုင် လယ်ယာ၊ စိုက်ခင်းများအပါအ၀င် အိမ်မှု ကိစ္စများကို လုပ်အားပေး ခိုင်းစေနေပြီး လုပ်အားပေးမလိုက်နိုင်သူများထံက ကောက်ယူခြင်း ဖြစ်သည်ဟု ကျောင်းသားမိဘတဦးက ပြောဆိုသည်။

“ကျောင်းသားတွေကို လုပ်အားပေးမခိုင်းဖို့ ရပ်မိရပ်ဖတွေက တောင်းပန်ပေမဲ့ လုပ်အားမပေးသူတွေကို တဦးလျှင် ကျပ်ငွေ ၁၅၀၀ အခု ကောက်နေတာပါ။” ဟု ရပ်မိရပ်ဖ တဦးက ပြောသည်။

ထို့အပြင် သောကြာနေ့တိုင်း ကျောင်းဥယာဉ် စိုက်ပျိုးရေး လုပ်ငန်းများကို ခိုင်းစေနေကြောင်းနှင့် ခြံထွက် သီးနှံများအား ကျောင်းအုပ်ကြီး တဦးတည်းသာ ယူငင်စားသောက်နေကြောင်း ဆက်လက်ပြောဆိုသည်။

အဆိုပါ ကြောင်ထီးယားရွာ အလယ်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး ပူးငွန်ထန်က (၁၅) နှစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ပြီး လောလောဆယ် ကျောင်းဆရာ တဦးနှင့် ဆရာမ (၅) ဦးရှိကြောင်းနှင့်  ဆရာမအချို့အတွက် ထင်းခွေပေးရကြောင်း သိရသည်။

“ကျောင်းဆရာမတွေဆိုတော့ မလုပ်တတ်မကိုင်တတ်တာဖြစ်မှာပါ၊ ဒါပေမဲ့ ခွဲပြီးသားထင်းကို လက်ခံပြီး မခွဲတဲ့ ထင်းကို လွှင့်ပစ်ကြတာ မကောင်းဘူးကွ" ဟု မိဘပြည်သူတဦးက ဆိုသည်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးရွာ ဘုန်းကြီးကျောင်းအလှူအတွက် အလယ်တန်း ကျောင်း သူတဦးအား ကျောင်းဆရာတွေက ထင်းခွေ ခိုင်းရာမှ လွန်ခဲ့သည် စက်တင်ဘာလ ၂၇ ရက်နေ့က သစ်တုံး ပိပြီး သေဆုံးခဲ့ဖူးသည်။

ထို့အပြင် ယခုနှစ်အတွင်း ချင်းပြည်နယ်ရှိ အခြားကျောင်းများတွင် ကျောင်းဝင်ကြေး ကောက်ခံခြင်း မရှိတော့ သော်လည်း ကြောင်ထီးယားရွာ အလယ်တန်းကျောင်းတွင် အလယ်တန်းအဆင့် ကျောင်းသား တဦးလျင် ကျပ်ငွေ ၃၀၀၀၊ မူလတန်းအဆင့် ကျပ်ငွေ ၂၀၀၀ နှုန်းဖြင့် ကျောင်း ၀င်ကြေး ပေးခဲ့ရကြောင်း ကျောင်းသား မိဘများက ဆိုသည်။

အစိုးရမှ ချင်းပြည်နယ်ရှိ ကျောင်း ဆရာများအား အထူး အစီအစဉ်အဖြစ် လစာတဆ တိုးပေးပြီးသည့် အပြင် ယခုနှစ်အတွင်း ရှားပါးစားရိတ် ကျပ်ငွေ ၃ သောင်း ချီးမြှင့်ထောက်ပံ့ခဲ့ပြီးဖြစ်သည်ဟု ပညာရေးဌာန အသိုင်း အ၀ိုင်းက ပြောဆိုသည်။

သတင်း.... ခိုနူမ်းထုန် သတင်းဌာန

မော်လမြိုင်ခရိုင်တရားရုံးရှေ့ ဓမ္မသတ်ရွာသားများလာရောက်ဆန္ဒပြ

အသရေဖျက်မှုဖြင့် ထောင် ၆ လ ကျခံနေရသူ ဓမ္မသတ်ရွာသား ဦးစိုးသိန်းအား တရားစီရင်နေချိန် ၎င်းလွတ်မြောက်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တရားရုံးရှေ့တွင် ယနေ့နေ့လည်ပိုင်းက ဓမ္မသတ်ရွာသား ၇၀ဝ ခန့် လာရောက်ဆန္ဒပြခဲ့ကြသည်။

imna02
“ အမှန်တရားပေါ်ပေါက်ရေး-ဒို့အရေး၊ အမှုမှန်ပေါ်ပေါက်ရေး-ဒို့အရေး၊ ဦးစိုးသိန်းလွတ်မြောက်ရေး ဒို့အရေး စာ တမ်းတွေကိုင်ပြီး ကျွေးကြော်သံတွေနဲ့ တရားရုံးဝင်းရှေ့မှာအော်ခဲ့ကြတယ်” ဟု ခေါင်းဆောင် တစ်ဦး အဖြစ်လှုပ် ရှားနေသူ မင်းစိုးမြင့်က ပြောသည်။

ဆန္ဒပြပွဲအား မွန်းတည့် ၁၂ နာရီကျော်ဝန်းကျင်ခန့်က စတင်ခဲ့ပြီး ၄၅ မိနစ်ခန့်ကြာမြင့်သည်ဟုမျက်မြင်တွေ့ ရှိ သူ များ ပြောပြချက်အရ သိရသည်။

“ဦးစိုးသိန်းအမှုကို ဒီနေ့စီရင်ချက်ချမယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် အခုလာမယ့် ၈ ရက်နေ့ကို ရုံးချိန်း ထပ် ချိန်း လိုက်ပြန်ပြီး” ဟု မင်းစိုးမြင့်ကပြောသည်။

ယင်းကဲ့သို့ဆန္ဒပြခွင့်ကို သက်ဆိုင်ရာသို့ကြိုတင် ခွင့်မတောင်းခဲ့သော်လည်း အာဏာပိုင်များက တားဆီး ခဲ့ခြင်း မရှိဟု သိရသည်။

“တရားရုံးမှာအော်ဟစ်ဆန္ဒပြပြီးနောက် မော်လမြိုင်ထောင်ဘက်ကိုသွားပြီး ထပ်အော်ကြတယ်၊ ကားတန်းတွေ နဲ့ မြို့ကိုပတ်ပြီးတော့ အခုသူတို့ရွာဖက်ကို ပြန်သွားကြပြီ” ဟု သတင်းမှတ်တမ်းတင်နေသူ သံလွင်တိုင်းမ်းဂျာနယ် အယ်ဒီတာ ကိုမင်းမင်းနွယ်က ပြောသည်။

ပြီးခဲ့သည့်လနှောင်းပိုင်းက ဦးစိုးသိန်း လွတ်မြောက်ရေးအတွက် ဓမ္မသတ်ရွာသားများမှ ကျိုက်မရောမြို့နယ် တရားရုံးရှေ့တွင် ဆန္ဒပြခွင့် တောင်းဆိုခဲ့သော်လည်း သက်ဆိုင်ရာက ခွင့်မပြုခဲ့ပေ။

ဓမ္မသတ်ရွာဥက္ကဌဟောင်း ဦးထွန်းလင်းအား စာသင်ကျောင်းမြေရောင်းစားသည်ဟု တိုင်ကြားခဲ့ရာတွင် အခြေအမြစ်ခိုင်လုံမှုမရှိဟု ကျိုက်မရောတရားရုံးက သုံးသပ်ခဲ့ပြီး ဦးစိုးသိန်းအား ပုဒ်မ ၅၀ဝ အသရေဖျက်မှု မြောက်သဖြင့် လွန်ခဲ့သည့်အောက်တိုဘာလ ၂ ရက်နေ့၌ ထောင်ဒဏ် ၆ လကျခံစေရန်အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

၎င်းကိစ္စကို မကြေနပ်ကြသောရွာသားများက အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားရုံးကိုဆန္ဒပြခြင်းဖြစ် သည်ဟု ကာယကံရှင်များထံမှ သိရသည်။

နှစ်ဖက်ပြဿနာများကြေအေးကြရန် ပြီးခဲ့သော စနေ့နေ့က ဓမ္မသတ် ရွာဥက္ကဌဟောင်းဖက်က ကိုယ်စား လှယ် ဦးထွန်းလင်းနှင့် ဆန္ဒပြ အဖွဲ့ခေါင်းဆောင် မင်းစိုးမြင့်တို့ တဖွဲ့လျင် ၅ ဦးစီ ပါဝင်သည့် ကိုယ်စား လှယ် အဖွဲ့တို့ မော်လမြိုင်မြို့၊ ကမ်းနားလမ်းဟိုတယ်၌ နှစ်ဖွဲ့မျက်နှာချင်း ဆိုင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသော် လည်း အောင်မြင်မှုမရခဲ့ပေ။

သတင်း..လွတ်လပ်သော မွန်သတင်းအေဂျင်စီ

01 November 2012

ဘဏ်ထုတ်အချို့တွင် အစစ်မဟုတ်ဟု သံသယရှိဖွယ် ကျပ် ၅၀၀၀ တန် ငွေစက္ကူများ ပါဝင်လာသဖြင့် ဂရုပြန်ရန်လို

အစစ်မဟုတ်ဟု သံသယဖြစ်ဖွယ်ရှိသော ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို ဘဏ်များမှ ထုတ်ယူသည့် ကျပ် ၅၀၀၀ တန် ငွေစက္ကူများတွင် ရောနှောပါဝင်နေခြင်းကြောင့် သတိထားသုံးစွဲသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ကိုယ်တွေ့ကြုံရသူများက ပြောသည်။ 

ထိုကဲ့သို့ အစစ်မဟုတ်ဟု သံသယရှိဖွယ် ကျပ် ၅၀၀၀ တန် ငွေစက္ကူများကို အသစ်အုပ်များတွင် တွေ့ရှိရခြင်းမဟုတ်ဘဲ ပြင်ပမှ တစ်ကျော့ပြန် လာသော ငွေစက္ကူများကို ပြန်လည် ထုတ်စည်းထားသည့် ဘဏ်ထုတ်အချို့တွင်သာ တွေ့ရှိရခြင်းဖြစ်ကြောင်း ယင်းတို့က ဆိုသည်။

 အစစ်မဟုတ်ဟု သံသယရှိဖွယ် ဖြစ်နေသည့် ကျပ် ၅၀၀၀ တန်များကို မကြာခဏ တွေ့ရှိနေရသည်ဟု ပုဂ္ဂလိဘဏ်အချို့ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များထံမှ ကြားသိရခြင်းဖြစ်ပြီး ယင်းနှင့်စပ်လျဉ်းကာ  ပြည်သူများအား သက်ဆိုင်ရာက အသိပညာပေး အစီအစဉ်များ ပြုလုပ်သင့်ကြောင်း ယင်းတို့က ပြောသည်။ အဆိုပါ ကျပ် ၅၀၀၀ တန် ငွေစက္ကူကိစ္စနှင့် စပ်လျဉ်း၍ ပြည်တွင်းပုဂ္ဂလိကဘဏ် တစ်ခု၏ ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက “အခု ကျပ် ၅၀၀၀ တန်တွေကိုတော့ ဘဏ်မှာ အထူးစစ်ဆေးနေပါတယ်။ အရေအတွက်ကိုတော့ စက်နဲ့ရေတွက်ပြီး ကျန်တာကိုတော့ လက်နဲ့ ရေတွက်ပါတယ်။ တစ်ခါတစ်ခါ ရောပြီးတော့ ပါလာတာတွေ ရှိတယ်။ ကျပ် ၅၀၀၀ တန်အစစ်က နံပါတ်လေးတွေမှာ အဖုလေးတွေ ပါတယ်။ အစစ်မဟုတ်တဲ့ ကျပ် ၅၀၀၀ တန်က ချောနေတယ်။ လက်နဲ့ စစ်ဆေးကြည့်မှ သိနိုင်တယ်” ဟု ပြောသည်။

 ယင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက “ကျပ် ၅၀၀၀ တန်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပညာပေးလုပ်ငန်းတွေ လုပ်ဖို့တော့ လောလောဆယ်မှာ မရှိသေးပါဘူး။  ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသ အတွင်းက အိုးအိမ်မဲ့ ရွှေ့ပြောင်း ဒုက္ခသည် ငါးနှစ်အောက်ကလေးငယ်တွေ ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေကြရပြီး မျက်လုံးအတွင်းသို့ သွေးယိုစီးတဲ့ဝေဒနာ ခံစားနေကြရ


ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသ အတွင်းက အိုးအိမ်မဲ့ ရွှေ့ပြောင်း ဒုက္ခသည် IDP ကျေးရွာတွေဖြစ်တဲ့ ပယ်ခီးရွာနဲ့ ပဟိုးရွာတွေက ငါးနှစ်အောက်ကလေးငယ်တွေ ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်ခံနေကြရပြီး အဲ့ဒီထဲက ကလေးငယ်အချို့ဟာ မျက်လုံးအတွင်းသို့ သွေးယိုစီးတဲ့ဝေဒနာ ခံစားနေကြရတယ်လို့ သိရပါတယ်။

အမှတ် ၂ ခရိုင်မှ ကြက်ညှာချောင်းဆိုးရောဂါ ခံစားနေရသော ကလေးငယ်တဦး (ဓါတ်ပုံ-ကေတီ)
အမှတ် ၂ ခရိုင်မှ ကြက်ညှာချောင်းဆိုးရောဂါ ခံစားနေရသော ကလေးငယ်တဦး (ဓါတ်ပုံ-ကေတီ)

အောက်တိုဘာလ ၁၄ ရက်က စပြီး ၎င်းကျေးရွာများမှာရှိတဲ့ ငါးနှစ်အောက်ကလေးငယ် ၄၀ လောက်ဟာ အဆက်မပြတ်ချောင်းဆိုးခြင်း၊ အသက်ရှုမောခြင်း၊ ပျို့အန်ခြင်းတို့မှတဆင့် မျက်လုံးထဲထိ သွေးယိုစီးမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် ကုသမှုနှောင့်နှေးပါက အသက်အန္တာရာယ်ကိုပါ ထိခိုက်လာနိုင်တယ်လို့ ကရင်နီကျန်းမာရေးဌာနက ဆိုပါတယ်။

"ဒီ(ကြက်ညာချောင်းဆိုး)ရောဂါက ဘက်တီးရီးယား ပိုးတမျိုးကြောင့် ဖြစ်ပါတယ် ဒီရောဂါဟာ အလွန်မှ ကူးစက်လွယ်ပြီးတော့ လူအသက် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်” လို့  ကရင်နီ ကျန်းမာရေးဌာနမှ field coordinator ဆေးမှူး ဖိလစ်က ပြောပါတယ်။

မော်ချီးဒေသက ကျေးရွာအများစုဟာ အိုးအိမ်မဲ့ရွှေ့ပြောင်းနေရတဲ့ IDP တွေဖြစ်တဲ့အတွက် ကရင်နီကျန်းမာရေးလုပ်သားတွေက တအိမ်တက်တအိမ်ဆင်း ကုသမှု၊ ကျန်းမာရေး ပညာပေးမှုများ ဆောင်ရွက်ပေးကြပေမယ်လို့ ကျန်းမာရေး လုပ်သားဦးရေနဲ့ လူနာဦးရေမမျှတတဲ့ အခက်အခဲ ကြုံတွေ့ နေကြရတယ်လို့ဆိုပါတယ်။

နှစ်ပတ်ကျော်ကြာ ဖြစ်ပွားလာတဲ့ ကြက်ညှာချောင်းဆိုးရောဂါကို ထိရောက်စွာ ကာကွယ်၊ ကုသနိုင်ရန် ကရင်နီ ကျန်းမာရေးလုပ်သားများက ဆောင်ရွက်နေသလို ကုသမှုနဲ့ ပညာပေးမှုတို့ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ IDP ဒေသတွေမှာ ကျန်းမာရေး ဆေးပေးခန်း center တွေသေသေချာချာ ထားရှိဖို့လိုပါတယ်လို့ ဆေးမှူး ဖိလစ်က ပြောပါတယ်။

ပယ်ခီးနဲ့ ပဟိုးကျေးရွာကနေ မော်ချီးကို အနည်းဆုံး ၅ နာရီလောက်အထိ လမ်းလျှောက်ရတဲ့အတွက် မော်ချီးဆေးရုံမှာ လာရောက်ကုသရာမှာ အခက်အခဲ တွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ရွာနဲ့ ပိုနီးတဲ့ မော်ချီးအောက်ရွာက လိုခါးလို ဆေးရုံမှာလည်း ဆရာဝန်မရှိတဲ့အတွက် အခက်အခဲ ဖြစ်ကြရတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ထိထိရောက်ရောက် ကုသနိုင်ဖို့ အဓိက ဆေးဝါး လုံလုံလောက်လောက် ရှိရမယ် ပြီးတော့ ဆေးလုပ်သားတွေလဲ ရှိရမယ် နောက်ပြီးတော့ ကူးစက်နိုင်တာဖြစ်တဲ့အတွက် ဒီလူနာတွေ သီးသန့်ထားပြီး စားဖို့နေဖို့ အဆောက်အဦးတွေလဲ ရှိရပါမယ်" လို့ ဆေးမှူး ဖိလစ်က ပြောပါတယ်။

ကြက်ညှာချောင်းဆိုးရောဂါဟာ ကာကွယ်ဆေးရှိပေမဲ့ လက်လှမ်းမှီတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ မပေးနိုင်တဲ့အတွက် အခုလို အဖြစ်များပြီး ကာကွယ်ဆေး အသုံးမပြုနိုင်သေးတဲ့ အခြေအနေမှာရှိနေပါတယ်။

အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို ရောဂါဖြစ်နေတဲ့လူနာနဲ့ သီးသန့်ထားခြင်းအားဖြင့် ကူးစက်မှုကို အတိုင်းတာ တခုအထိ ကာကွယ်ပြီးသား ဖြစ်တယ်လို့လဲ သူက ဆက်ပြောပါတယ်။

မော်ချီးဒေသက ကျေးရွာသားများဟာ အဓိက တောင်ယာစပါး စိုက်ပျိုးကြပြီး ယခုအချိန်ဟာ ရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် စုဝေးပြီး ပညာပေးရေး လုပ်ဖို့ ခက်ခဲတဲ့အပြင် မိဘတွေအနေနဲ့လည်း မိမိတို့ ကလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် အချိန်တွေပေးဖို့ ပိုနည်းပါးနေတာ ဖြစ်တယ်လို့လဲ သိရပါတယ်။

ပတ်စ်ပို့သက်တမ်းတိုးမြှင့်တော့မည်


ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်ကြမည့်သူများနှင့် ပညာတော်သင်သွားရောက်မည့်သူများအတွက် ပတ်စ်ပို့သက်တမ်း ငါးနှစ် အထိတိုးမြှင့်ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ပြည်ပနိုင်ငံကို သွားရောက်အလုပ်လုပ်တဲ့သူတွေ အဆင်ပြေစေနိုင်ဖို့ ရည်ရွယ်ပြီးတော့ ပတ်စ်ပို့သက်တမ်းကိုငါးနှစ်အထိ တိုးမြှင့်ပေးသွားမှာပါ။ ခုလို ပတ်စ်ပို့သက်တမ်းကိုတိုးလိုက်ပေမယ့် ကုန်ကျမယ့် ကုန်ကျစရိတ်တွေကတော့ အတူတူပါပဲ။ ဘာမှပြောင်းလဲသွားမှာ မပာုတ်ပါဘူး။ လာလျှောက် တဲ့သူတွေ အချက်အလက်ပြည့်စုံမှန်ကန်တယ်ဆိုရင် သက်တမ်းငါးနှစ်အထိ ပေးသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာရာတွင် ပတ်စ်ပို့ရရှိရေးအတွက် လုပ်ဆောင်ရသည့် အမြတ်ခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇၊ ၁၉ ကိုပယ်ဖျက်ပေးတော့မည်ဖြစ်ပြီး ယခုကဲ့သို့ ပယ်ဖျက်ပေးရာတွင် လုပ်ငန်းကြီးများကိုမူ ဆက်လက်ထားရှိဦးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ပုံစံ ၁၇၊ ၁၉ ဖျက်လိုက်တာကောင်းပါတယ်။ ဒီကိစ္စက နိုင်ငံတော်အနေနဲ့လည်း အခွန်မရသလို နိုင်ငံခြားထွက်မယ့်သူတွေလည်း အချိန် ကြန့်ကြာမှုတွေဖြစ်ရပါတယ်။ ခု နိုင်ငံတော်က နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ့်သူတွေအတွက် ပတ်စ်ပို့သက်တမ်းကို ထပ်တိုးပေးလိုက်ပြီဆိုတော့ ပြည်ပထွက်မယ့်သူတွေအတွက် ပိုပြီးအဆင်ပြေနိုင်တာပေါ့”ပာု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
နိုင်ငံခြားသို့သွားရောက်မည့် ပြည်တွင်းနိုင်ငံသားများအတွက် ယခင် ပတ်စ်ပို့သက်တမ်းများကို ငါးနှစ်၊ လေးနှစ်နှင့် သုံးနှစ်တို့ဖြင့် ထုတ် ပေးလေ့ရှိသော်လည်း ယခုအခါ ပတ်စ်ပို့သက်တမ်းကို ငါးနှစ်အထိတိုးမြှင့်ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားသည်။

သတင်း...  yangonchronicle

31 October 2012

ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ



ရန်ကုန်မြို့တွင် လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ မကြာခဏဖြစ်ပွား လာခြင်း ကို တွေ့ရကြောင်း မြို့နေပြည်သူများနှင့် ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များကပြောကြားသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြို့လယ်ခေါင်၌ ရုပ်ရှင်ဆန်ဆန် လူသတ်မှုမှစ၍ နာမည်ကြီးပြီး ဆန်းပြားသော လူသတ်မှုများ၊ ရိုက်နှက်မှုများ ထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်။ ပုဇွန်တောင်မြို့နယ်တွင် ကားပေါ်မှလူက ကားအပြင်မှလူကို လည်ပင်းညှစ်လျက်သား အနေအထားဖြင့် ကတ္တရာလမ်းတစ်လျှောက် ကားနှင့်တရွတ်တိုက်ပါသွားကာ သေစေခဲ့သော ရုပ်ရှင်ဒါရိုက်တာတစ်ဦး၏အမှုနှင့် မရှေးမနှောင်းပင် မြောက်ဥက္ကလာပမြို့နယ်အတွင်း၌ လူအများထိုင်နေသော စားသောက်ဆိုင်အတွင်းသို့ ကားသုံးစီးဖြင့် ရောက်ရှိလာသူများက ဆိုင်အတွင်းထိုင်နေသူကို ဓားများဖြင့်ခုတ်ကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။

အင်းလျားကန်ပေါင်ပေါ်ရှိ တာဝန်ကျလုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ခန်းများကို ဆိုင်ကယ်များနှင့် ရောက်လာသူ ၁၄ ဦးက ဓားဖြင့်ထိုး၊ တုတ်များဖြင့် ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုနောက် ဆုံး အောက်တိုဘာ၂၃ ရက်ညတွင် လမ်းလျှောက်သီချင်းဆိုလာသူအား ပြိုင်ကားပေါ်မှလူများက ၎င်းတို့ကို စောင်းမြောင်းဆိုသည်ဟုဆိုကာ ရေအိုးဖြင့် ခေါင်းကို ရိုက်ခွဲသတ်မှုသည်လည်း လူများသွားလာနေရာ ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သည်။

ယခုကဲ့သို့ လူအများရှေ့တွင် ရက်စက်စွာပြစ်မှုကျူးလွန်မှုများ မကြာခဏ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းသည် ငြိမ်ဝပ်ပိပြားမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်းတို့၏ အကျိုးဆက်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီကဆိုသည်။ ပြစ်မှုဖြစ်ပွားခြင်းသည် တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူ ရသော လုံခြုံရေးရဲတပ်ဖွဲ့တွင် တာဝန်ရှိသကဲ့သို့ တရားရုံးများက လည်း ပြစ်မှုကျူးလွန်ခြင်းများကို ထိရောက်စွာဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် လိုအပ်သည်ဟု ဦးကိုနီကပြောကြားသည်။

ခေတ်အရ ပြောင်းလဲပေါ်ပေါက်လာသည့် နိုက်ကလပ်များ၊ ရာသီပေါ်ပွဲလမ်းသဘင်များတွင် လူငယ်များစုရုံးလာခြင်း၊ မူးယစ်ရမ်းကားခြင်းတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း လုံခြုံရေးအရ ညအချိန်တွင် သတ်မှတ်ထားသည့် ဥပဒေများကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု အားနည်းနေကြောင်း ရှေ့နေဦးအောင်သန်းစိုးကပြောသည်။ “ထုတ်ထားတဲ့အမိန့်တွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်”ဟု ၎င်းကပြောသည်။

ပြစ်မှုဆိုင်ရာဥပဒေတွင် လူသတ်မှုကျူးလွန်သူကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ထိ ချမှတ်နိုင်သော်လည်း အနိမ့်ဆုံးပြစ်ဒဏ်ဟူ၍ သတ်မှတ်ထားခြင်းမရှိဘဲ မှုခင်းဖြစ်ပွားသည့် အခြေအနေကိုလိုက်၍ တရားသူကြီး၏ ဆင်ခြင်ဉာဏ်ဖြင့်သာ ပြစ်ဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် ဖြစ်ပွားသည့် ပြစ်မှုများသည် ကြိုတင်ကြံစည်မှုက နည်းပါးပြီး လူငယ် အချင်းချင်းဖြစ်ပွားသော ပြဿနာ များမှ ရိုက်ကြနှက်ကြသည်သာရှိကြောင်း၊ သို့သော် အုပ်စုဖွဲ့ရမ်းကား မှုများတွင် လူသေဆုံးပါက ထောင်ဒဏ် နှစ်၂၀ မှ တစ်သက်တစ်ကျွန်းထိ ချနိုင်ကြောင်း အလုံမြို့နယ်မှ အငြိမ်းစားတရားသူကြီးတစ်ဦးကပြောသည်။

ပြစ်မှုများတွင် အဖွဲ့လိုက်ကျူးလွန်မှုများ များပြားလာခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လက်ရှိ တာဝန်ထမ်းဆောင်နေသူ ရဲအုပ်တစ်ဦးက “အုပ်စုဖွဲ့ ကျူးလွန်တဲ့ မှုခင်းတွေက အမျိုးမျိုးရှိတတ်တယ်။ တချို့ကလည်း ဂိုဏ်းဖွဲ့မျိုးမဟုတ်ပေမယ့် ပိုက်ဆံရှိတယ်။ ခိုင်းသမျှလုပ်ပေးမယ့် တပည့်တပန်းတွေရှိတယ်။ ဒီတော့ တပည့်တွေကို ငါ့အစားသွားလုပ်ပေးဆိုတာမျိုးပေါ့။ ပြီးရင် ပိုက်ဆံပေးတယ်။ အဲဒီလို ပိုက်ဆံယူပြီး တမင်လုပ်စားတာမျိုးကတော့ နည်းပါတယ်။ အဲဒီအခါမှာလည်း သူတို့လုပ်တဲ့ပြစ်မှုအလိုက်ပဲ အရေးယူပါတယ်။ နာကျင်စေမှုဆိုရင် နာကျင်စေမှု၊ လူသတ်မှုဆိုရင် လူသတ်မှုအတိုင်းပါ”ဟု ပြောသည်။

သို့သော် အခကြေးငွေယူ၍ ပြစ်မှုကျူးလွန်ခဲ့ဖူးသူတစ်ဦးက အောက်ပါအတိုင်းပြောသည်။

“တချို့အုပ်စုဖွဲ့ရိုက်နှက်မှုတွေမှာဆို ရိုက်ရုံပဲ။ ဒါပေမဲ့ရိုက်ရင်းနဲ့ လက်လွန်သွားတာမျိုးတွေရှိတယ်။ အဲဒီတော့ အစပါ ဖျောက်ပစ်ရတယ်။ အမှုကပိုကြီးသွားတာပေါ့။ အထူးသဖြင့် ကိုယ်နဲ့မဆိုင်တဲ့ပြဿနာတွေကို ပတ်သက်ရာပတ်သက်ကြောင်းကို ၀င်ရောက်ဖြေရှင်းပေးရတာများတယ်”ဟု ၂၀၁၂ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ရင်းနှီးသူများက ခိုင်းပါက၊ အဆက်အသွယ်ဖြင့် ငွေပေး၍ တာဝန်ပေးပါက လူသတ်၊ ရိုက်နှက်သောပြစ်မှုများ ကျူးလွန်ခဲ့ဖူးသူတစ်ဦးကပြောသည်။

တရားရုံးများတွင် ပြစ်ဒဏ်ချမှတ်ရာတွင်လည်း ဖြစ်ရပ်တစ်ခုနှင့်တစ်ခုအပေါ် ပြစ်ဒဏ်ချမှတ်မှု မတူညီသည် မှာ တရားသူကြီးက လာဘ်ယူ၍ ဆုံးဖြတ်ရခြင်းမျိုးမဟုတ်ဘဲ ဒေါသအလျောက်ဖြစ်သည့်ပြစ်မှု၊ မတော်တဆကျူးလွန်မိသည့်ပြစ်မှု၊ ပြစ်မှုကျူးလွန်သူ၏ အခြေအနေ စသည်တို့နှင့် သက်ဆိုင်၍ တရားသူကြီးက ဆုံးဖြတ်ရခြင်းမျိုးသာဖြစ်ကြောင်းလည်း သတင်းရရှိသည်။

နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု၌ အမျိုးသမီးတစ်ဦး အပါအ၀င် လူငယ်ကိုးဦးက အရက်သေစာသောက်စားထား၍ ရန်စမှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ညဘက်အပြင်ထွက်လေ့ရှိသော ယောက်ျားလေးများအတွက်လည်း စိုးရိမ်ပူပန်စရာများရှိလာသည်။ “အခုဆိုရင် ကိုယ်ကပြဿနာစမရှာရင်တောင် အုပ်စုလိုက်ရန်စလာရင် ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့် ညဘက်ဘောလုံးပွဲသွားကြည့်တာမျိုးတောင် သတိထားရတယ်”ဟု အမျိုးသားတစ်ဦးကပြောသည်။

အုပ်စုဖွဲ့ရမ်းကား လူသတ်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့် မြောက်ဥက္ကလာပလူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ၂၀ ကျော်အနက် ၁၅ ယောက်အား ဖမ်းဆီးထားနိုင်ခဲ့ပြီး၊ အောက်တိုဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သော နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့၌ဖြစ်သော ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ကိုးဦးစလုံး ကို ဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၁ ရက် ညက အင်းလျားကန်ပေါင်တွင် ဖြစ်ပွားသောဆိုင်ကယ်စီး အုပ်စုဖွဲ့ရိုက်နှက်မှု ၁၄ ဦးတွင် သုံးဦးကိုသာ လက်ရဖမ်းဆီးရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိ သည်။

လူအများရှေ့တွင် ဖြစ်ပွားနေသော အမှုများသည် ကြိုတင်ကြံစည်မှုကြောင့် ဖြစ်ပွားသည်ထက် မတော်တဆ ခိုက်ရန်ဖြစ်ပွားမှုမှ စတင်သည့် ပြစ်မှုမျိုးက ပို၍များပြားသောကြောင့် လူငယ်များအနေဖြင့် အသွားအလာ၊ အပြောအဆိုကို သတိထားနေရသော အခြေအနေဖြစ်နေကြောင်း ဥပဒေအကြံပေးတစ်ဦးကပြောသည်။

သို့ရာတွင် ထိုသို့ရာဇ၀တ်မှုများ ထူပြောလာခြင်း၊ သောင်းကျန်းမှုများ ဖြစ်ပေါ်လာသည်တို့မှာ တရားဥပဒေစိုးမိုးရေးယန္တရား ကောင်းမွန်စွာ မလည်ပတ်နိုင်ခြင်းကြောင့်သာဖြစ်ပြီး အဓိက တာဝန်ရှိသူများမှာ ရဲတပ်ဖွဲ့ပင်ဖြစ်သည်ဟု ဦးကိုနီကပြောသည်။

 သတင်း...7Day News Journal

သက်ကြီး နိုင်ငံရေးအကျဥ်းသားဟောင်းများ ဂါရ၀ပြုကန်တော့ပွဲနှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးတောင်းဆိုပွဲ ဓာတ်ပုံသတင်း


  သက်ကြီး နိုင်ငံရေးအကျဥ်းသားဟောင်းများ ဂါရ၀ပြုကန်တော့ပွဲနှင့်နိုင်ငံရေး အကျဥ်းသား လွတ်မြောက်ရေးတောင်း ဆိုပွဲ ကို ၃၀-၁၀-၂၀၁၂ မနက်၁၀ နာရီတွင် တောာ်ဝင်နှင်းဆီခန်းမ တွင်ကျင်းပခဲ့ပါတယ်.။

ဓာတ်ပုံများ ပေးပို့ ပေးသော ကိုဘိုဘိုထွန်း အားကျေးဇူးတင်ရှိပါသည်.။

29 October 2012

ကျောက်တော်တွင် စစ်တပ်က ပစ်ခတ်၍ ၄ ဦးသေ၊ ၁၂ ဦး ဒဏ်ရာ၊ အများအပြား ပျောက်ဆုံး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန် မြစ်တွင် သွားလာနေသော စက်လှေ တစ်စီးအား စစ်တပ်မှ အဆက်မပြတ် ပစ်ခတ်မူကြောင့် လူငယ် ၄ ဦးသေဆုံးပြီး၊ ၁၂ ဦးဒဏ်ရာ ရရှိကာ အများအပြား ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများမှာ ယခုအချိန်တွင် ကျောက်တော် ဆေးရုံသို့ ရောက်ရှိနေပြီး ယနေ့ နံနက် ၁၁ နာရီတွင် အလယ်ကျွန်းကျေးရွာမှ လူငယ် အလောင်း တစ်လောင်း ရောက်ရှိလာသည်ဟု ဒေသခံ လူကြီးတစ်ဦးက ဆေးရုံမှ နေပြီး နိရဉ္စရာသို့ ပြောကြားသည်။

“ အခုဘဲ အလောင်းရောက်လာပါတယ်။ မောင်ဝင်းလိုင်လို့ခေါ်တယ်။ အလယ်ကျွန်းကျေးရွာကတဲ့။ အခုဘဲ ဆေးရုံကို ယူလာပါတယ်” ဟု ဆိုသည်။

ယနေ့နံနက်ကလည်း စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသူ ကိုထွန်းအေးသာ အလောင်းကိုလည်း ကျောက်တော် ဆေးရုံသို့ ယူဆောင်လာခဲ့သဖြင့် ယနေ့ ရောက်လာသော အလောင်းမှာ (၂) လောင်း ဖြစ်ပြီး စုစုပေါင်း အလောင်း ၄ လောင်းဖြစ်သည်ဟု သူက ပြောသည်။

“ အခု စစ်တပ်က တောင်ဘွေ ကျေးရွာ အနီးမှာ ပစ်ခတ်တဲ့ အတွက် သေဆုံးသူ ၄ ဦး ရှိသွားပါပြီ၊ ဒဏ်ရာ ရသူ ၁၂ ဦး၊ ပျောက်ဆုံးနေသူ အများအပြား ရှိနေပါတယ်” ဟု ပြောသည်။

သေဆုံးသူများမှာ ကိုဦးထွီးလှစိန် (၂၈) နှစ်၊ ဦးကျော်လှ (၂၃ နှစ်)၊ ကိုထွန်းအေးသာနှင့် မောင်ဝင်းလိုင် တို့ ဖြစ်ကြပြီး သူတို့မှာ တင်းမကျေးရွာ၊ လက်ဖြူကျေးရွာ၊ သာစည်ကျေးရွာနှင့် အလယ်ကျွန်း ကျေးရွာတို့က ဖြစ်သည်။

အဆိုပါ စက်လှေသည် အောက်တိုဘာလ ၂၅ ရက် ညနေ ၄ နာရီခန့်တွင် ကျောက်တော်မြို့ အထက်ပိုင်း ကုလားတန်မြစ် အတွင်း သွားနေစဉ် စစ်တပ်မှ  တောင်ဘွေ ကျေးရွာအနီး ကမ်းပေါ်မှ နေပြီး တရစပ် အချက်ပေါင်း မြောက်မြားစွာ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ စစ်တပ်က ဘာကြောင့် ပစ်ခတ်တယ်ဆိုတာ မပြောနိုင်ဘူး။ သူတို့က မွတ်ဆလင်ရွာကို တိုက်ခိုက်ဖို့ လာတယ်ထင်ပြီး ပစ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ရေထဲမှာ သွားနေတဲ့ စက်လှေကို ကုန်းပေါ်ကနေ အနီးကပ် ပစ်တာဖြစ်တဲ့ အတွက် လူတွေ အထိအခိုက် အကျအဆုံးများသွားတာ ဖြစ်ပါတယ်။ စက်လှေပေါ်မှာ လူပေါင်း ၃၀ ကျော်လောက် ပါလာတယ်။ အခုအချိန်ထိ အကုန်လုံးလိုလို ပျောက်နေပါတယ်” ဟု ပြောသည်။

ဒဏ်ရာ ရသူ ၁၂ ဦးထဲမှ ၄ ဦးအား စစ်တွေဆေးရုံကြီးသို့ ယမန်နေ့က ယူဆောင်သွားပြီး ယနေ့တွင် ဒဏ်ရာ ပြင်းထန်သဖြင့် နောက်ထပ် ၆ ဦးကို စစ်တွေသို့ ယူဆောင် သွားသည်ဟု သိရသည်။ လူနာ ၁၀ ဦးထဲမှ ကိုသန်းရွှေ ဆိုသူမှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့တွင် ရန်ကုန် ဆေးရုံကြီးသို့ လေယာဉ်ဖြင့် ယူဆောင် သွားကြောင်း သတင်း ရရှိသည်။

လက်ရှိ အချိန်ထိ မြန်မာတပ်မတော်မှ ပစ်ခတ်သတ်ဖြတ်မူကြောင့်  သေဆုံးသွားသူများမှာ ရသေ့တောင်တွင် (၂) ဦး၊ မင်းပြား ပန်းမြောင်းတွင် (၂) ဦး၊ မြောက်ဦး ပရိန်နှင့် ယဉ်သေတွင် ၄ ဦး၊ ကျောက်တော်တွင် (၈) ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ တစ်ခြားနေရာများတွင်လည်း ရှိနိုင်သေးကြောင်း သတင်းများက ဆိုသည်။

စစ်တပ် ပစ်ခတ်မူကြောင့် ဒဏ်ရာ ရသူများမှာ ရသေ့တောင်မြို့နယ်တွင် ၁၂ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁၅ ဦးခန့်နှင့် တခြားမြို့နယ်များတွင် လူပေါင်း ၃၀  အထက်ရှိနိုင်ကြောင်း သိရသည်။

သတင်း..ကေအိုင်စီ

28 October 2012

ထွက်ပြေးလာသူ လူပေါင်း ၂၀၀၀ ကျော် မောင်တော မြောက်ပိုင်းတွင် နေရာချထားမည်"

ထွက်ပြေးလာသူ လူပေါင်း ၂၀၀၀ ကျော် မောင်တော မြောက်ပိုင်းတွင် နေရာချထားမည် မောင်အေး
ယခု ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသည့် ဘင်္ဂလီ လူမျိုး ၂၀၀၀ ကျော်ကို မောင်တောမြို့နယ် တောင်ပြို အနီးတွင် နေရာချထားရန် အာဏာပိုင် များမှ စီစဉ်နေသည်။


သူတို့အား နေရာချထားမည့်နေရာမှာ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုအနီး လိပ်ရ ဆိုသည့်နေရာတွင် ဖြစ် ကြောင်း မောင်းတောမြို့မှ မြို့မိ မြို့ဘ တဦးကပြောသည်။

“ ဒီနေ့ မနက်က သူတို့ကို လက်ခံ မခံဆိုတဲ့ကိစ္စကို အာဏာပိုင်တွေ မြို့မိမြို့ဘတွေနဲ့ ဆရာတော် ကေတုကျောင်းမှာ ဆွေးနွေးကြတယ်။ ဘယ်သူမှလက်ခံဖို့ သဘောမတူဘူး။ ကွပ်ကဲရေးမှူးကလည်းလက်ခံဖို့ဆန္ဒမရှိဘူး။ နောက်ပိုင်းမှာ ဖြေရှင်းဖို့ကောင်းသွားအောင် ပြည်နယ်ဝန်ကြီး
ချုပ်ကလည်း လက်ခံဖို့တိုက်တွန်းတဲ့အတွက် လက်ခံဖို့ဖြစ်သွားတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အဆို ပါ မြို့မိမြို့ဘက ပြောသည်။

လက်ခံရန်သဘောတူရခြင်းမှာ လူ့အခွင့်အရေးနှင့်  နိုင်ငံတကာမှလည်း အမြင်ရှင်းရန် ဆိုသည့် အချက်များလည်းပါဝင်ကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

ဆွေးနွေးပွဲသို့ နစက ကွပ်ကဲရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူး၊ စစ်တပ်မှ တပ်ရင်းမှူးအဆင့် ရှိသူ တစ်ဦးနှင့် မြို့မိမြို့ဘ ၇ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ယခု ရောက်ရှိလာသည့် သူများမှာ ကျောက်ဖြူဘက်မှ စက်လှေများနှင့်ထွက်ပြေးလာသူများဖြစ်ပြီး ယမန်နေ့က သူတို့ကို ကျောက်ပန်းတူတွင် နေရာချထားရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် လိပ်ရတွင် နေရာချထားရန် ပြောင်းလဲ စီစဉ်ခြင်းဖြစ်သည်။
လိပ်ရတွင် ရောက်ရှိနေသည့် လူအရေအတွက် စုစုပေါင်း ၂၀၀၀ ကျော်ခန့် ရှိပြီး သူတို့ကို ရေကြောင်းမှ တဆင့် စက်လှေများနှင့် ပြောင်းရွှေ့ပေးခဲ့ပြီး တချို့ကို ကားများနှင့်ပြောင်းရွေ့ပေးခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ်..  Narinjara News