24 September 2014

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ရိုက်တာသတင်းဌာနသို့ ပြန်လည်ဖြေရှင်းပေးပါရန် စာဖြင့်တောင်းဆိုခဲ့ပါသည်။

 

စက်တင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် Reuters သတင်းဌာနမှ Mr. Paul Mooney ရေးသားသော သတင်း (With Suu Kyi Blocked, Myanmar's NLD Eyes Former General for President ) တွင်
အဓိပ္ပါယ်လွဲမှားဖေါ်ပြချက်များနှင့် ပတ်သက်၍အ ဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ရိုက်တာသတင်းဌာနသို့ ပြန်လည်ဖြေရှင်းပေးပါရန် စာဖြင့်တောင်းဆိုခဲ့ပါသည်။ ယင်းစာကိုဖေါ်ပြအပ်ပါသည်။

ရင်းမြစ်..NLD

NLD အနေဖြင့် ဦးရွှေမန်းအား သမ္မတအဖြစ် ထောက်ခံမည်ဆိုသော Reuters သတင်းဖော်ပြချက်ကို NLD ငြင်းချက်ထုတ်

Reuters သတင်းဖော်ပြချက်ကို NLDမှ တာဝန်ရှိသူများက ငြင်းချက်ထုတ်ခဲ့သည်။

 
ေ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားမြစ်ခံရပါက NLDအနေဖြင့် ဦးရွှေမန်းအား သမ္မတအဖြစ် ထောက်ခံမည်ဆိုသော Reuters သတင်းဖော်ပြချက်ကို NLDမှ တာဝန်ရှိသူများက ငြင်းချက်ထုတ်ခဲ့သည်။
အဆိုပါသတင်းတွင် “NLD တာဝန်ရှိသူများ၏ ပြောကြားချက်များအရ NLD ပါတီအနေဖြင့် နောက်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ လွှတ်တော်အမတ် နေရာများသာ ယှဉ်ပြိုင်ပြီး အာဏာရပါတီမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးအား ထောက်ခံနိုင်ဖွယ်ရှိကြောင်း သိရသည်” ဟူ၍ အစချီဖော်ပြထားပြီး NLD ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်နှင့် ဦးဥာဏ်ဝင်းတို့၏ ပြောကြားချက်များဖြင့် သတင်းဖော်ပြထားခြင်းဖြစ်သည်။
“ကျွန်တော်ပြောခဲ့တာက ဦးရွှေမန်းလည်းမပါဘူး။ ဘာမှမပါဘူး။ အဲဒါ ထမင်းစားရင်း ပြောတဲ့စကား။ ကျွန်တော်တို့ NLD မှာဒေါ်အောင်ဆန်းစုကြည်ကို ၅၉ (စ) မပြင်ပေးရင် သူ့အစား ဘယ်သူ့ကိုထည့်မလဲ။ ဒုတိယလူ ဘယ်သူရှိသလဲဆိုတော့ ဒုတိယလူ ဘယ်သူဆိုပြီး ကျွန်တော်တို့ NLD မှာ မထားဘူး။ ရှိလည်းမရှိဘူး။ အဲလိုဆိုရင် NLDက ဘယ်သူ့ကို တင်မှာလဲဆိုတော့ ကျွန်တော်ပြောတဲ့စကားကNLD ကတင်မဟုတ်ဘူး။ ကျန်တဲ့ဘယ်ကမဆို တင်လို့ရတယ်။ အမတ်လည်း ဖြစ်စရာမလိုဘူး။ သမ္မတရွေးမယ့်သူက အမတ်လည်း ဖြစ်နိုင်တယ်။ ပါတီထဲကလည်း ဖြစ်ဖို့မလိုဘူး။ ဒါဘယ်ကမဆို တင်လို့ရတယ် ဒါပဲပြောတာ” ဟု NLDမှ ဦးဟံသာမြင့်က Eleven Media Groupကို ပြောကြားပါသည်။
ထို့အပြင် NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက Reuters ၏သတင်းဖော်ပြချက်နှင့် ပတ်သက်သော ရှင်းလင်းချက်ကို မကြာမီ ထုတ်ပြန်သွားရန်ရှိကြောင်းနှင့် ထိုသတင်းတွင် ပါဝင်သည့် “ဦးရွှေမန်းသည် NLD ပါတီအနေဖြင့် ထောက်ပံ့ပေးရန် အသင့်လျော်ဆုံး သမ္မတလောင်းလည်းဖြစ်ကြောင်း” ဖြည့်စွက်ပြောကြားသည် ဆိုသောစကားမှာ ၎င်းပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သို့ ဖြေကြားခဲ့သည်။
ထို့အတူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါသတင်းတွင် ဖော်ပြထားချက်များနှင့် ပတ်သက်၍ ကာယကံရှင်များကိုသာ မေးမြန်းသင့်ကြောင်း၊ ထိုသို့ပြောလိမ့်ဟုလည်း မထင်ကြောင်း စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်း လွှတ်တော်အစည်းအဝေး မစတင်မီ ပြောကြားခဲ့သည်။
“ဒါဟာ CECဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ သူတို့ပြောလိမ့်မယ်လို့လည်း မထင်ဘူး။ သူတို့ကို မေးကြည့်လိုက်ပါ။ ကာယကံရှင်ကို မေးမှပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။
Reuters သတင်းဌာနက စက်တင်ဘာ ၂၃ ရက်၊ နေ့စွဲဖြင့် “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားမြစ်ခံရပါက ဗိုလ်ချုပ်ဟောင်းတစ်ဦးအား သမ္မတအဖြစ် ထောက်ခံရန် NLD ပြင်ဆင်” ဟု သတင်းဖော်ပြခဲ့သည်။
ထိုသတင်းတွင် NLD ပါတီ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ပါတီအနေဖြင့် ဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံရန် အလားအလာရှိကြောင်း ဖော်ပြခဲ့သည်။ သတင်း၌ပင် ဦးဥာဏ်ဝင်းက ပြောကြားသည် ဟုဆိုကာ “ပါတီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အထင်ရှားဆုံးပါပဲ။ သူ့အနေနဲ့လည်း ဦးရွှေမန်းကို သမ္မတအဖြစ် သဘောကျပါတယ်” ဟု ဖော်ပြခဲ့သည်။ ထို့အပြင် ဦးဟံသာမြင့်ကလည်း ပါတီအနေဖြင့် ကိုယ်တိုင်သမ္မတလောင်းတစ်ဦး ရွေးချယ်ခြင်းမရှိဘဲ ပါတီနှင့် အမြင်တူသော အခြားသူတစ်ဦးကို အထောက်အပံ့ပေးမည်ဟု ပြောကြားခဲ့သည်ဟုဆိုကာ “သမ္မတလောင်းဟာ NLD ပါတီဝင်ဖြစ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့နဲ့ အမြင်ချင်း တူညီရပါမယ်။
အရေးကြီးတာကတော့ သမ္မတအဖြစ် ကျွန်တော်တို့ လက်ခံနိုင်မည့်သူ ရှိဖို့ပါပဲ။ ကျွန်တော်တို့ အတွက်တော့ ဒါဟာလုံလောက်ပါတယ်” ဟု ဆက်လက်ဖော်ပြခဲ့သည်။
ထို့ပြင် ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်ဟု ဆိုကာ “ဦးရွှေမန်းကို သမ္မတအဖြစ် ကျွန်တော်တို့က ထောက်ခံပြီး ရွေးချယ်လိုက်ရင် ပါတီတွင်းမှာ ပြဿနာတွေအများကြီး ပေါ်ထွက်လာနိုင်ပါတယ်။ ကျွန်တော်တို့ပါတီဝင် အများအပြားနဲ့ ပြည်သူတွေဟာ တပ်မတော်နဲ့ သက်ဆိုင်သူတွေ နိုင်ငံကို အုပ်ချုပ်နေတာ မကြိုက်ကြပါဘူး” ဟု ဖော်ပြခဲ့သည်။
သို့သော် ဦးရွှေမန်းသည် NLDပါတီအနေဖြင့် ထောက်ပံ့ပေးရန် အသင့်တော်ဆုံး သမ္မတလောင်းလည်း ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဖြည့်စွက်ပြောကြား ခဲ့သည်ဟုလည်း Reuters သတင်းတွင် ဖော်ပြထားသည်။

သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ ဘာ့ကြောင့် NLD ထောက်ခံမှာလဲ

 


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ဖွဲ့စည်းပုံ ဥပဒေအရ ဆက်လက်ပိတ်ဆို့ထားမယ်ဆိုရင် NLD ပါတီအနေနဲ့ နောက်ထပ် သမ္မတလောင်းကို ရွေးချယ်မှာမဟုတ်ဘဲ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံသွားမယ်လို့ NLD ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစား အခြားသော သမ္မတလောင်းအဖြစ် ပါတီတွင်းမှာ ရွေးချယ်သွားမှာ မဟုတ်ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ လက်ရှိဥက္ကဌ သူရဦးရွှေမန်း သမ္မတဖြစ်စေဖို့ အားပေးသွားမယ်လို့ ပါတီခေါင်းဆောင်တစ်ယောက်ရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

အရပ်သားနိုင်ငံရေးသမားမဟုတ်ဘဲ စစ်မှုထမ်းဟောင်းတစ်ယောက်ကို သမ္မတဖြစ်လာဖို့ ထောက်ခံတဲ့ကိစ္စ NLD ပါတီတွင်းမှာ အငြင်းပွားစရာတွေ၊ ပြဿနာတွေ တက်လာနိုင်ဖို့ရှိပေမယ့် NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မှတပါး အခြားသောနောက်ထပ်ခေါင်းဆောင်ကို ရွေးချယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ပါတီမှာ နံပါတ် ၂နေရာဆိုတာ မရှိပါဘူး”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဟံသာမြင့်က ပြောဆိုခဲ့ပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ဒုတိယ ခေါင်းဆောင် မရှိပါဘူး”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ဟာ လွှတ်တော်အတွင်းမှာ ပူးပေါင်းဆောင်ရွက်ရှိပြီး ဆက်ဆံရေးကောင်းတစ်ခုရှိနေသလို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာစေဖို့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ်လို့ သူရဦးရွှေမန်းက အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်

“ပါတီထဲမှာ ဒေါ်အောင်ဆန်းစုကြည်က လူကြိုက်အများဆုံးပဲ။ ဒေါ်စုက [သူရဦးရွှေမန်း]ကို Favor ပေးတယ်” လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဦးဟံသာမြင့်ကတော့ သူရဦးရွှေမန်းကို NLD ပါတီက သမ္မတဖြစ်လာဖို့ ထောက်ခံပေမယ့် သူရဦးရွှေမန်းဟာ NLD ပါတီဝင်တစ်ယောက် ဖြစ်ဖို့မလိုဘဲ သူတို့လို စဉ်းစားဖို့ပဲ လိုပါတယ်လို့ ဆိုပါတယ်။ "အရေးကြီးတဲ့အချက်က သမ္မတအဖြစ် ကျနော်တို့လက်ခံနိုင်မယ့်သူ တစ်ယောက်ယောက် ရှိဖို့ပဲ။ ကျနော်တို့အတွက်တော့ ဒါက လုံလောက်ပါတယ်”လို့ ဦးဟံသာမြင့်က ပြောပါတယ်။

“ကျနော်တို့ ဦးရွှေမန်းကို သမ္မတအဖြစ် ရွေးရင် ပါတီတွင်းမှာ ပြဿနာတွေ အများကြီးပေါ်လာနိုင်ပါတယ်။ ကျနော်တို့ ပါတီဝင်တွေရော၊ နိုင်ငံသားတွေကရော စစ်သားတစ်ယောက် တိုင်းပြည်ကိုအုပ်ချုပ်တဲ့အခြေအနေကို မကြိုက်ကြပါဘူး”လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းသည်သာ NLD က ထောက်ခံပေးနိုင်မယ့် တစ်ယောက်တည်းသောသူသာ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်..Kamayut Media