27 August 2011

NLD လူငယ်လုပ်ငန်းများဖော်ဆောင်ရေးမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကိုဘမောင်ကွယ်လွန်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများဖော်ဆောင်ရေးမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံကိုဘမောင် အသက် (၅၁) နှစ်သည် ယနေ့ညနေ (၅)နာရီတွင် ကင်ဆာရောဂါဖြင့် အင်ယားရိပ်သာလမ်းရှိ နေအိမ်တွင်ကွယ်လွန်သွားပါသည်။

ကိုဘမောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ နိုင်ငံရေးလောကသို့စတင် ၀င်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲကချုပ်မရမ်းကုန်လူငယ်လုပ်ငန်းအဖွဲ့ ၊ မရမ်းကုန်းမြို့နယ်စည်းရုံးရေး အဖွဲ့၊ ရန်ကုန်တိုင်းလူငယ်အကူအညီပေးရေး အဖွဲ့ နှင့် ဗဟိုလူငယ်လုပ်ငန်းများဖော်ဆောင်ရေး အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အဖွဲ့ချုပ်မှပေးအပ်သည်တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။

ကိုဘမောင်သည် အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်ရင်း ဒီမိုကရေစီလှုပ်ရှားမှုများနှင့် လူမှုရေးလုပ်ငန်းများ လှုပ်ရှားဆောင်ရွက်သောကြောင့်(၃) ကြိမ်တိုင်တိုင် အာဏာပိုင်များ၏ ထိမ်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။

ကိုဘမောင်၇ဲ့ လုပ်ဖေါ်ကိုင်ဖက် ရဲဘော် မှန်သမျှ ကိုဘမောင်ကို ချစ်ခင်လေးစားကြပါတယ် ။ အင်မတန်မှသဘောကောင်းပြီး အနစ်နာ ခံတက်သူမို့  အဖွဲ့ ချုပ်မှာ (ကို ဘ) ဆိုပြီးလူချစ် လူခင်ပေါသူ တစ်ယောက်ဖြစ်ပါတယ် ။

မကွယ်လွန်မှီနောက်ဆုံးအချိန်အထိ အဖွဲ့ချုပ်၏ ဗဟိုလူငယ်လုပ်ငန်းများဖော်ဆောင် ရေးတွင် လုံခြုံရေးနှင့်စည်းကမ်းထိန်းသိ မ်းရေး တာဝန်ယူပြီးဒေါ်အောင်ဆန်းစုကြည် ၏လုံခြုံရေးလူငယ် တာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့ပါတယ်။ကွယ်လွန်ချိန်တွင် သား(၁)ယောက်၊ သမီး (၃)ယောက်ကျန်ရစ်ခဲ့ပါတယ်။

သနားစရာကောင်းသော ကလေးငယ်များ ဈေးကောင်းရနေ


တောင်ဒဂုံမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြှိုနယ်တို့လို အခြေခံလူတန်းစား များ နေထိုင်ရာ မြို့နယ်အချို့ တွင် အသက် ၄-လ၊ ၅-လအရွယ်၊၆နှစ်အရွယ်နှင့်၊၇-နှစ်အရွယ် ဝန်းကျင်ရှိ ပိန်လှီနေသော ကလေးငယ်များကို တစ်ရက်လျှင် ငှားရမ်းခ ငါးထောင်ပေးပြီး လူစည် ကားရာနေများတွင် တောင်းရမ်းခိုင်းခြင်းမျိုးများ ရှိနေကြောင်း သိရသည်။ လက်၊ခြေထောက်များတွင် မီးလောင်ဒဏ်ရာ၊ ပိန်လီနေသောခန္ဒာကိုယ်၊ ညစ်ပတ်ပြီးပေတီပေစုတ်ဖြစ်နေသောပုံစံမျိုးဆိုလျှင် အဆိုပါကလေး ငယ်ကို ဈေးကောင်းပေး၍ငှားပြီး လူကြီး များမှ တစ်နေ့တာစားဝတ်နေရေးအတွက် အလေအလွင့်ကလေးငယ်များကိုဗန်းပြကာ တောင်းရမ်းနေကြကြောင်း တောင်ဒဂုံမြို့နယ်မှ မျက်မြင် ကိုယ်တွေ့ တွေ့သူတစ်ဦးကပြောသည်။ “ကျွန်တော်တို့ တောင်ဒဂုံမှာရှိတဲ့အမှိုက်ပုံနားမှာ မိသားစုတွေတန်စီးပြီးနေကြတယ်။

အဲ့မှာဆိုရင် ကလေးအကြီးအသေးပေါ်မူတည်ပြီး ကလေးတွေကိုငှားပြီး တစ်ရက်ကိုဘယ်လောက်ပေး မယ်ဆိုပြီးငှားတယ် ပြီးတော့ တောင်းရမ်းခိုင်းနေတာကို ကျွန်တော်လည်းအမှတ်မထင်တွေ့မိတာပေါ့၊ ကျွန်တော်တောင်စိတ်မကောင်းတော်တော်ဖြစ်သွားတယ်” ဟု တောင်ဒဂုံမြို့နယ်နေ အသက်၃၀-ဝန်းကျင်ရှိကိုညီညီကပြောသည်။

ကလေးငယ်တွေရဲ့ စာရိတ္တမဏ္ဍိုင်ကိုအချိန်မှီပြုပြင်ပေးသင့်ကြောင်း၊ အမှိုက်ကောက်ခြင်းဖြင့် စားဝတ်နေရေးဖြေရှင်းနေရသော ကလေးငယ်များသည် မိဘ၏ခိုင်းစေချက်ဖြင့်သံတိုသံစများ၊ ပလပ်စတစ်များ ကောက်နေရသောကြောင့် ပညာရေးမှာနှောင့်နှေးသွားရပြီး စာရိတ္တမဏ္ဍိုင်များ ပျက်စီးကာ ခိုး၊၀ှက်၊ လုယူခြင်း မျိုးရှိနေကြောင်း သိ ရသည်။ ကလေးငယ်အများစုသည် ကြုံရာကျပမ်းအလုပ် များကိုလုပ်ကိုင်ကာ ပိုက်ဆံရသည်နှင့် စာရိတ္တများလည်း အလိုလို ပျက်စီး ယိုယွင်းလာခြင်းမျိုးရှိကြောင်း လှိုင်သာယာမြို့နေသူတစ်ဦးကပြောသည်။

“ကလေးတွေကစာသင်ပြီး ကြီးပြင်းရမယ့် အရွယ်မှာ မကြီးပြင်းရဘဲ အလုပ်လုပ်ပြီးကြီးပြင်းလာရသော စည်းကမ်းဆိုတာလည်းမသိ၊ လူ့ကျင့်ဝတ်ဆိုတာလည်းမသိတော့ သူတို့ရဲ့ စိတ်ဓာတ် တွေက ကြမ်းတမ်းလာတာပေါ့။ အဲ့တော့သူများပစ္စည်း ခိုးမယ်၊ ၀ှက်မယ်၊လိမ်ပြောမယ်၊ လူဆိုး၊ သူခိုးလေးတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် သူတို့ရဲ့စာရိတ္တမဏ္ဍိုင်ကို အချိန်မီပြုပြင်ပေးသင့်တယ်”ဟု လှိုင်သာယာနေ ကျောင်းဆရာတစ်ဦးက ပြောသည်။

ကျောင်းတတ်ချင်တယ် သူငယ်ချင်းတွေနဲ့ကစားချင်တယ်။ လှိုင်သာယာမြို့နယ်အတွင်းရှိ အမှိုက်ပုံ အချို့တွင် ရောင်း ရနိုင်ဖွယ်ရှိသော ပစ္စည်းများကို လိုက်လံကောက်နေသော၊ အသက်၆နှစ် အရွယ်ကလေးငယ်မှာ နေ့လည်စာ၊ ညနေစာဟူ၍ တစ်နေ့တာ အတွက် စားဝတ်နေရေး ဖြေရှင်းနေရသော်လည်း အများနည်းတူ ကျောင်းတက်ချင်ကြောင်း အမှိုက်ကောက်ခြင်းကို ငြီးငွေ့နေပုံဟန်ဖြင့် မျက်မှောင်ကြုတ် ကာပြောပြခဲ့သည်။

“သားကဒီလှိုင်သာယာဘက်မှာ ကော်ဘူးတို့၊ပလပ်စတစ်ဘူးတို့၊ ပြန်ရောင်းလို့ရမယ့်ဟာလေးတွေ ကောက်ပါတယ်၊ သားက ကျောင်းမနေရသေးဘူး၊ ဒါပေမဲ့ ကျောင်းတတ်နေတဲ့ ကျွန်တော့်လိုအရွယ်မြင်ရင်၊ ကျွန်တော်လည်း သူတို့လို ကျောင်းတတ်ချင်တယ်၊သူငယ်ချင်းတွေနဲ့ ဆော့ချင်တယ်”ဟုလက်တစ်ဖက်မှ ပစ္စည်းအတိုအတွာ များထည့်ထားသော ဆာလာအိတ် အဖြူကို ဆွဲကိုင်ကာ ကျန်တစ်ဖက်ဖြင့် နှာခေါင်းကို ပွတ်သက်ရင်းပြောသည်။ အဆိုပါကလေးသည် မွေးချင်းမောင်နှမ-၂ယောက် ရှိပြီး အကြီးဆုံး အကို ဖြစ်သောကြောင့် ညီမအငယ်လေးနှင့်မိခင်ကို ရှာဖွေကျွေးမွေးရန် အတွက် အလုပ်လုပ်ရကြောင်း သိရသည်။ “သားက အကြီးဆုံးပေါ့ ညီမလေးကလသားဘဲရှိသေးတယ်။ အဖေကမရှိတော့ဘူး၊သားက ဘဲအမေနဲ့ညီမလေးကို ရှာကျွေးရတာပေါ့၊

တစ်ခါတစ်ခါ ဆို သား လမ်းဘေးပလပ်ဖောင်းမှာဘဲအိပ်တယ်။ နေ့လည်စာမစားဘူး ညနေ အိမ်ပြန်ချိန်ကြမှ အမေနဲ့ ညီမလေးနဲ့မှ အတူတူ စား တာ”ဟု အကိုကြီးအဖရာကဲ့သို့မိသားစု ကို ကျွေးမွေးစောင့်ရှောက်နေပုံ ကိုပြောပြခဲ့သည်။ အမှိုက်ကောက ခြင်း ဖြင့် တစ်နေ့ ရောင်းရငွေမှာ သုံးထောင်၊ လေးထောင်သာ ရရှိပြီး တစ်ချို့နေ့များတွင် တစ်ရာတောင်မရသော နေ့များရှိသောကြောင့် စားရေး တွင်လည်း အခက်အခဲရှိနေကြောင်း သိခဲ့ရသည်။

စာနာ ထောက်ရှု စုပေါင်း ပြု လွတ်လပ်သော သူငယ်ချင်းများ အင်အားစု အတွက် အသုံးပြုရန် ဖော်ပြခြင်း ဖြစ်ပါသည်။

သတင်း...ဝင့်သင်ဇာကျော် ( Myit Makha Mediagroup )

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများအား ဥပဒေသစ်နှင့်အညီခန့်အပ်သွားရန်ရှိကြောင်း ကြားသိရ

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများကို ယခုနှစ်မကုန်ခင် ဥပဒေသစ်ပြဌာန်းပြီး ပြန်လည်ရွေးချယ် ခန့်အပ်သွားရန် ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် အသိုင်းအ၀ိုင်းမှ သိရသည်။

ကျင်းပလျှက်ရှိသည့် လွှတ်တော်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့် ဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုနိုင်ရေး အတွက် ကိုယ်စားလှယ် များ ဆွေးနွေးနိုင် ရန် ပြည်ထောင်စုလွှတ်တော် စတင်သည့်ရက်ပင် ပေးအပ်ထားပြီး ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တို့ ပြောကြားချက်အရ သိရသည်။

အတည်ပြုထားခြင်းမရှိသေးသည့် အဆိုပါ ဥပဒေကြမ်းတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုတို့ကို ပြည်သူများ တိုက်ရိုက်ရွေးချယ်ခန့်အပ်သည့် ဆယ်အိမ်မှုများမှ လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်သွားမည့် ပုံစံဖြစ်ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှုးတွေကိုပြည်သူတွေက တိုက်ရိုက်ရွေးချယ်တဲ့ ပုံစံမဟုတ်ပေမယ့် ပြည်သူတွေ ရွေးချယ်တဲ့ သူတွေ(ဆယ်အိမ်မှုး) ကတစ်ဆင့် ရွေးချယ်မှာဆိုတော့ ဒီမိုကရေစီကျင့်စဉ်တွေ ပိုပြီးလာတယ် လို့တော့ ပြောနိုင်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက ပြောသည်။

ရွေးကောက်ပွဲအပြီးနောက်ပိုင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးခန့်အပ်ထားရေးနှင့် ပတ်သတ်၍ အငြင်းပွားဖွယ်ရာ အခြေအနေတို့ ပေါ်ထွက်လာပြီးနောက် ယခုဥပဒေထွက်ပေါ်လာရေး လွှတ်တော် တွင် ဆွေးနွေး ရန် ဖြစ်တည်လာခြင်း ဖြစ်သည်။

ကျင်းပလျှက်ရှိသည့် ပြည်သူ့လွှတ်တော် စတုတ္ထနေ့အစည်းအဝေးတွင် သင်္ကန်းကျွန်းမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ရပ်ကွက်အုပ်ချုပ်ရေးမှုးများ တာဝန်ပေးအပ်က ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၉ ပါ အများကြည်ညိုလေးစားပြီး အကျင့်သိက္ခာ သမာဓိရှိသူ ဆိုသည့်အချက်နှင့် ဆန့်ကျင်သူများ ပါနေကြောင်း၊အဘယ့်ကြောင့် ယခုကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ အဖြစ် တာဝန်ပေးအပ်ခြင်းကို သိရှိလိုကြောင်း မေးခွန်းအဖြစ် တင်သွင်းမေးမြန်းခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် အစောပိုင်းက နိုင်ငံတော် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် ပြည်တွင်း စီပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် လာမည့်လွှတ်တော်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးခန့်အပ်ရေးနှင့် သက်ဆိုင်သော ဥပဒေတစ်ရပ် တင်သွင်းသွားရန်ရှိနေကြောင်း ပြောကြားခဲ့သည်။

သတင်း....နေလင်း(မြစ်မခ)

အာဏာပိုင်တွေ မတရားသဖြင့် (၆၅)နှစ်အမိန့်ချထားသော နိုင်ငံရေးအကျဉ်းသာကိုဌေးကြွယ် အားရပ်တည်ပေးမည့် အင်္ဂလန်ဒုတိယဝန်ကြီးချုပ်



Htay Kywe is currently serving a 65-year prison sentence in a cell measuring 8 feet by 10 feet simply because he organised peaceful protests in burma in 2007. tha,s why i m doing what i can to highlight his case, Deputy Prime Minister Nick Clegg said.

သတင်းပေးပို့ ပေးသော အားဘီ အားကျေးဇူးတင်ရှိပါသည်.။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် အဆိုကို တပ်မတော်သားကိုယ်စားလှယ်များ ထောက်ခံ


သြဂုတ် ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများဟု နာမည်ပြောင်းလဲ တင်သွင်းသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရေးအဆိုကို ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ထောက်ခံ လိုက်ကြောင်း သိရှိရသည်။

ဆက်လက်၍ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့် ဆက်လက်ထုတ်ပေးရန် အတွက် ပြည်သူ့လွှတ်တော်က ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးကိုကို မှတဆင့် နိုင်ငံတော် သမ္မတကြီးထံ အဆိုပြုလိုက်ကြောင်း ပြည်သူ့လွှတ်တော် သတင်းရပ်ကွက်မှ တဆင့်သိရသည်။

အဆိုပါအကြံပြုလွှာသည် သြဂုတ်လ ၂၅ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းခဲ့သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များက ဝိုင်းဝန်းထောက်ခံခြင်း၏ ရလဒ်ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို ဒီမိုကရေစီပါတီ ၁၁ ပါတီဖြင့် ဖွဲ့စည်းထားသည့် ဒီမိုမိတ်ဆွေပါတီများ အစုအဖွဲ့မှ ၁၃ ဦး၊၂၀၁၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ၂ ဦးက ဆွေးနွေးထောက်ခံခဲ့ပြီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက ထပ်မံ ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို အနိုင်ရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၂ ဦးက နိုင်ငံရေးအကျဉ်းသားများ ကိစ္စရပ်ကို တည်ဆဲဥပဒေများဖြင့် ထောက်ပြပြောဆိုမှုများ ပြုလုပ်ကာ ထောက်ခံခဲ့သော်လည်း တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးက မိမိတို့နှင့်တိုက်ပွဲများတွင် လက်တွဲခဲ့ကြသည့် ရဲဘော် များလည်း အကျဉ်းထောင်အတွင်း ရှိနေကြောင်း မိမိတို့ အနေဖြင့် ယင်းရဲဘော်ရဲဘက်များကို အကျဉ်းကျနေရာမှ လွတ်စေလိုကြောင်း တခဲနက် ထောက်ခံ ဆွေးနွေးခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“တပ်မတော်က ကိုယ်စားလှယ် နှစ်ယောက်က ဦးသိန်းညွှန့်တင်တဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အဆိုကို လွှတ်တော် ခဏနားပြီး ပြန်တက်တဲ့အချိန်မှာ အဆိုတင်တော့ တော်တော်အံ့သြသွားတယ်”ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော အကျဉ်းသားများဟု အခေါ်အဝေါ်ပြောင်းထား သည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို တပ်မတော်က ထောက်ခံသည့် ကိုယ်စားလှယ်များမှာ ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြား ချက်ဖြင့် ပြည်သူ့လွှတ်တော် တက်ရောက်နေသည့် တပ်မတော်သားကိုယ်စားလှယ်များတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် ဗိုလ်မှူးကြီးတစ်ဦးနှင့် ဒု-ဗိုလ်မှူးကြီး တစ်ဦး ဖြစ်ကြောင်း သိရသည်။

“နာမည်မပြောဘဲ ကိုယ်ပိုင်နံပါတ်ပြောပြီး အဆိုကို ဆွေးနွေးတော့ ဘယ်သူမှန်းမသိဘူး”ဟု ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

တပ်မတော်မှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်စေရေးအတွက် တခဲနက်ထောက်ခံခြင်းသည် ပြည်သူ၏ ယုံကြည်မှု ပျက်ယွင်းနေသည့် တပ်မတော်၏ ဂုဏ်သရေ ကို ပြန်အဖတ် ဆယ်နိုင်ခြင်း ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်ပြသည်။

“ဒီအတိုင်းဆို ပါတီရယ်၊ တပ်မတော်ရယ် တစ်တွဲတည်းဆိုတာ ပေါ်သွားတဲ့အပြင် တပ်မတော်ရဲ့ ခရီးလမ်းကိုလည်း ဖြောင့်ဖြူးစေတယ်”ဟု ဆက်လက်ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းစကို အမိအရ ကိုင်ဆွဲနေသည်ကို မြင်နေရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးကသုံးသပ်သည်။

လွှတ်တော်အစည်းအဝေးများကို သြဂုတ် ၂၂ ရက်နေ့က နေပြည်တော်တွင် စတင်ကျင်းပခဲ့ပြီး လွှတ်တော်ရေးရာကော်မတီ ၈ ခုကို ယခင် အစိုးရ အရာရှိကြီးများအား ဥက္ကဋ္ဌ ရာထူးပေးကာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို စောင့်ကြည့်ရန် တာဝန်ပေးခဲ့သည်။

သတငိး....YC(KS)

နိုင်ငံပိုင်သတင်းစာများ ပုဂ္ဂလိကနှင့်ယှဉ်ပြိုင်ရန် ပြင်ဆင်

နိုင်ငံပိုင်သတင်းစာများသည် ပုဂ္ဂလိကအား သတင်းစာထုတ်ဝေခွင့် ပေးမည်ဆိုပါက ယှဉ်ပြိုင်မှု အဆင်ပြေစေရန် ရည်ရွယ်၍ သတင်း တင်ဆက်မှု ပုံစံများကို သြဂုတ်လဆန်းမှ စတင်ကာ ပြောင်း လဲနေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက ဆိုသည်။

“အခုလောလောဆယ်တော့ သတင်းတွေကို ကဏ္ဍအစုံပါဝင်စေချင်လို့ ပြင်ပက စာမှုရှင်တွေကို ဖိတ်ခေါ်နေပါတယ်”ဟုဆိုသည်။

ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် စီးပွားရေးကဏ္ဍကို အဓိကထား အားပြုထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်သတင်းစာ ဖြစ်သည့်အတွက် အစိုးရမှ ချမှတ်ထားသော မူဝါဒများအရသာ လုပ်ဆောင်သွားမည် ဖြစ်ပြီး စာဖတ်သူများအတွက် အကျိုးရှိစေမည့် နေ့စဉ်သတင်းစာကောင်းတစ်ရပ်အဖြစ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“ပုဂ္ဂလိကကိုလည်း သတင်းစာထုတ်ခွင့် ပေးမယ်ဆိုတော့ သတင်းစာတွေရဲ့ ပုံစံတွေ တင်ဆက်ပုံတွေလည်း ပြောင်းရတော့မှာပေါ့။ ဒါမှ ယှဉ်ပြိုင် နိုင်မှာ” ဟု မြန်မာ့သတင်းစဉ်မှ သက်တမ်းရင့်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

နိုင်ငံပိုင်သတင်းစာများတွင် တာဝန်ထမ်းဆောင်သူများက နီးစပ်ရာ သတင်းထောက်များအား သတင်းတစ်ပုဒ်လျှင် နှစ်ထောင်ကျပ်မှ ခုနှစ် ထောင်ကျပ်အထိ စာမူခပေးမည်ဟု ပြောဆိုကြောင်း နိုင်ငံပိုင်သတင်းစာများတွင် သတင်းရေးသားပေးရန် ကမ်းလှမ်းခြင်းခံရသူ ပြည်တွင်း သတင်းထောက် အသိုင်းအဝိုင်းက သိရသည်။

နိုင်ငံပိုင်သတင်းစာများ၏ နောက်ဖုံးတွင် ပါရှိသည့် ပြည်ပမီဒီယာများအား တိုက်ခိုက် သည့် ကြွေးကြော်သံများအား သြဂုတ်လ ဒုတိယရက် သတ္တပတ်မှစတင်ကာ ဖယ်ရှားလိုက်ပြီးကြောင်း သိရှိရသည်။

သတင်း...YC(KS

26 August 2011

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ဥပေက္ခာပြုသွားမည် မဟုတ်ဟု ဦးဌေးဦးက မစ္စတာကွင်တားနားအား ပြောဆိုခဲ့

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံတည်ဆောက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို ဥပေက္ခာပြုသွားမည် မဟုတ်ပဲ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားမည်ဟု အဆိုပါပါတီ အထွေထွေအတွင်းရေးမှုး ဦးဌေးဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ မြန်မာ့လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမက်အိုဟေး ကွင်တားနားနှင့်တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၃ ရက်က နေပြည်တော် လွှတ်တော်အဆောက်အအုံ ဧည့်ခန်းမဆောင်တွင် မစ္စတာကွင်တားနားနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံစဉ် ဦးဌေးဦးက မစ္စတာ ကွင်တားနားကို ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဗိုလ်ချုပ်ရဲ့သမီး၊ လွတ်လပ်ရေးဖခင်ရဲ့ သမီးကို ဘယ်တော့မှ ပြစ်ပါယ်မှုမရှိဘူး၊ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ပြစ်ပြစ် ခါခါလုပ်ဖို့ မရှိဘူးဆိုပြီး ဦးဌေးဦးက မစ္စတာကွင်တားနား မေးတာကို ဖြေသွားပါတယ်”ဟု အဆိုပါတွေ့ ဆုံပွဲ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌ ဦးစိုင်းဆောင်ဆီက ပြောသည်။

လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကွင်တားနားသည် မြန်မာနိုင်ငံအရေးနှင့် ပတ် သတ် ပြီး ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို စိတ်ဝင်တစားရှိနေသည်ဟုလည်း ဦးစိုင်ဆောင် ဆီက ပြောသည်။

“ဦးဌေးဦးနဲ့ ဦးသိန်းဇော်ကို သူကမေးတာဗျ။တိုင်းပြည်တွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဘယ်လိုသဘောထားသလဲ ဆိုပြီး” ဟု ဦးစိုင်ဆောင်ဆီက ပြောသည်။

အမျိုးသားနိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ်အသိအမှတ်ပြုခံထားရသူ ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံး အကြိမ် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်အစိုးရသစ်နှင့် ထိတွေ့ဆက်ဆံမှု အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် (ယခင်ဆက် ဆံရေးဝန်ကြီးဖြစ်ခဲ့ သူ) နှင့် နှစ်ကြိမ်တွေ့ ဆုံခဲ့သကဲ့သို့ အစိုးရသစ်အဖွဲ့အကြီးအကဲ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်လည်း ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသော သဘောထားအမြင် များ ဘေးဖယ် ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တစ်ကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင် ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ကြံ့ခိုင်ရေးပါတီကလည်း အထက်ပါ အတိုင်း ဒေါ်အောင်ဆန်းစုကြည် အပေါ် ပါတီသဘောထားကို ပြောကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

`ပြောတဲ့ အတိုင်း အမှန်တကယ်လုပ်တယ်ဆိုရင်တော့ ပြောစရာမရှိဘူးပေါ့၊ ပြောသာပြောပြီး မလုပ်ခဲ့ရင်တော့ ပြည်သူလူထုရဲ့ ယုံကြည်မှု နဲ့ ပိုပြီးဝေးဝေး သွားနိုင် တယ်ဆိုတာ နိုင်ငံရေး ပါတီကြီးတခုအနေနဲ့ သတိပြုသင့်တယ်`ဟု ရန်ကုန်မြို့မှ ဗဟိုတရားရုံးရှေ့နေ ဦးသန်းထွန်းက သုံးသပ် ပြောဆိုခဲ့သည်။


သတင်း....နေလင်း(မြစ်မခ)

မြန်မာတိုင်းဂျာနယ်မှ အယ်ဒီတာနှင့် သတင်းထောက်များ ဆယ်ဦးထက်မနည်း အစုလိုက်နှုတ်ထွက်

အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်ဖြစ်သော မြန်မာတိုင်းဂျာနယ်မှ အယ်ဒီတာများနှင့် သတင်းထောက် ၁၂ဦးခန့် ရုတ်တရက် တပြိုင်တည်း နှုတ်ထွက်မှုတစ်ရပ် ပြီးခဲ့သည့် အင်္ဂါနေ့က ဖြစ်ပွားခဲ့ကြောင်း အဆိုပါတိုက်မှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

နှုတ်ထွက်ကြသူများသည် ယခင်စက်မှု ၁ ၀န်ကြီးဟောင်း ဦးအောင်သောင်းသား ပိုင်ဆိုင်သည့် IGE ကုမ္ပဏီမှ ထုတ်ဝေမည့် သတင်းစာစောင်တွင် သွားရောက် လုပ်ကိုင်မည့်သူများ ပါဝင်သလို များမကြာမီ ထုတ်ဝေမည့် သတင်းဂျာနယ် တစ်စောင်တွင် ကူးပြောင်း လုပ်ကိုင်မည့် သူများလည်း ပါဝင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“သုံးပုံနှစ်ပုံလောက်က အိုင်ဂျီးအီးမှာ လုပ်မှာ လစာကောင်းကောင်း ပေးတာရယ် တခြားအကြောင်းတွေရယ် ရှိမှာပေါ့ သေချာချာတော့ မသိဘူး”ဟု ထွက်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်လို့ အထက်ပါသတင်းထောက်က မှတ်ချက် ပြုပြောဆိုသည်။

မြန်မာတိုင်းဂျာနယ်ပိုင်ရှင် ဒေါက်တာ တင်ထွန်းဦးသည် မီဒီယာလုပ်ငန်းကို စိတ်ဝင်စားသော် လည်း ငွေရေးကြေးရေးနှင့် ပတ်သက်လျှင် စီးပိုးသူ တစ်ဦးဖြစ်ကြောင်း အထူးသဖြင့်စာမူခပေးရာတွင် ကပ်စီးနည်းလွန်းသူဖြစ်ကြောင်း လွန်ခဲ့သည့်ငါးနှစ်ခန့်က ဒေါက်တာတင်ထွန်းဦး စွယ်စုံ မီဒီယာဂရုမှ ပိုင်ဆိုင်သော ပြည်မြန်မာ ဂျာနယ်တွင် လုပ်ကိုင်ခဲ့သူတစ်ဦးက ဆိုသည်။

“ဘာသာပြန် စာမူတစ်ပုဒ်ချင်းကို ပေတံနဲ့ တိုင်းပြီးတော့ ဘယ်နှစ်လက်မအတွက်ဆို ဘယ်လောက်ဆိုပြီး ပေးတယ် တော်တော်ဆိုးတယ် ခံရတဲ့လူက အောင့်သက်သက်နဲ့”ဟု ၎င်းက ဝေဖန်ပြောဆိုသည်။

မြန်မာတိုင်း ဂျာနယ်ကို ပူးတွဲပိုင်ဆိုင်သည်ဆိုသော(စာတည်မှူးလည်းဖြစ်သူ) သြစတေးလျှလူမျိုး မစ္စတာ ရော့(စ်)ဒန်ကီလေသည် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ လူမူရေးပြဿနာများနှင့် အရေးယူခံရပြီးနောက် မြန်မာတိုင်းဂျာနယ်ကို ဒေါက်တာ တင်ထွန်ဦး တစ်ယောက်တည်းကသာ ပိုင်ဆိုင် တော့သည်ဟု မြန်မာစာနယ်ဇင်းလောကတွင် ပြောဆိုမှုများ ရှိသည်။

မြန်မာကွန်ဆိုလီဒိတ်တက် မီဒီယာမှထုတ်ဝေသည့် မြန်မာတိုင်း(မ်) သတင်းနှင့် စီးပွားရေးဂျာနယ်တွင် စာတည်းမှူး၊ ထုတ်ဝေရေး၊ ကြော်ငြာနှင့် သတင်းထောက်များအပါအ၀င် အယ်ဒီတာအဖွဲ့တွင် ၀န်ထမ်းအင်အား အယောက် ၄၀ ခန့် ရှိသည်။

သတင်း...မိဖြူ

ပြည်တွင်းသတင်းဂျာနယ်နှစ်စောင် နောက်ဆက်တွဲတင်ခွင့်ပိတ်

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းသမီး ဒေါ်မမပိုင် Hot News Journal နှင့် ရွှေသံလွင် ဦးကျော်ဝင်း၏ ထောက်ပံ့မှုဖြင့် ရပ်တည် နေသော Envoy Journal တို့သည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်သဖြင့် နောက်ဆက်တွဲစာမူ တင်သွင်းခွင့်ကို ပိတ်ပင် လိုက်ကြောင်း သိရသည်။

စာပေစိစစ်ရေး၏ စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူခြင်း ဖြစ်ကြောင်း စာပေစိစစ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သြဂုတ်လ ၁၅ ရက်ထုတ် Hot News Journal အတွဲ(၂)၊ အမှတ်(၅၃)နှင့် သြဂုတ်လ ၁၈ ရက်ထုတ် Envoy Journal အတွဲ(၂)၊ အမှတ်(၁၇) တို့သည် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ စည်းကမ်းများကို ဖောက်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီဂျာနယ်နှစ်စောင်ကို နောက်ဆက်တွဲစာမှုတင်ခွင့် ပိတ်တဲ့ကိစ္စကို ဂျာနယ်တိုင်းကို ထုတ်ပြန် ချက်တစ်စောင်စီ ပေးထားပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ယင်း ထုတ်ပြန်ချက်တွင် စည်းကမ်းချိုးဖောက်မှုများသည် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ အဆင့် ဆင့် ပြောင်းလဲကျင့်သုံးလာသည့် စာပေစိစစ် ရေးမူများကို လိုက်နာလျက်ရှိသော စာစောင်များအတွက် မျှတမှု မရှိသည့်အတွက် ဤကဲ့သို့ အရေးယူခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

Envoy Journal မှ သတင်းထောက်တစ်ဦးက “အန်တီစု ခရီးစဉ်သတင်း ဖော်ပြတဲ့နေရာမှာ ဓာတ်ပုံတစ်ပုံပဲ ခွင့်ပြုတာကို ကျွန်မတို့က သုံးပုံ တင်လိုက်တယ်လေ။ အဲဒီကိစ္စကြောင့် ကျွန်မတို့ အရေးယူခံရတာ”ဟု ဆိုသည်။

နောက်ဆက်တွဲစာမူ တင်ခွင့်အား သြဂုတ်လ ၁၈ ရက်မှစ၍ ပိတ်ပင်လိုက်ကာ၊ မည်သည့် အချိန်တွင် ပြန်လည်ခွင့်ပြုမည်ကို မသိရှိသေးကြောင်း ကာယကံရှင်ဂျာနယ်များမှ တာဝန်ရှိသူများက တစ်ညီတစ်ညွတ်တည်း ဆိုသည်။

အစိုးရသစ် တက်ပြီးကာလတွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ သတင်းဂျာနယ်နှင့် အခြားဂျာနယ်များအား ကဏ္ဍအလိုက် အုပ်စုများခွဲကာ စည်းကြပ်ခဲ့ပြီး အချို့ဂျာနယ်များကို ကာလအနည်းငယ် ပိတ်ပင်ခဲ့သည့် ဖြစ်ရပ်များ ရှိကြောင်း သိရသည်။

သတင်း.....YC(KS)

25 August 2011

အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးနှင့် မျက်နှာချင်းဆိုင်လမ်းဘေးရှိ သက်တမ်းရင့်သစ်ပင်ကြီး ပြိုကျ လူ ၄ဦး ဒဏ်ရာရ


ရန်ကုန်မြို့၊ရွေဂုံတိုင် အုတ်လမ်းအနီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့ မျက်နှာချင်ဆိုင် လမ်းတစ်ဖက်ရှိ သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီး သည် ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခနှ်ုတွင် လဲပြိုမှု ဖြစ်ခဲ့ရာ လူ၎ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ရွှေဂုံတိုင် လမ်းမပေါ် ဖြတ်သန်းသွားနေသော ၁၀၇ ဟိုင်းလတ်ကားနှင့် ရွှေဧည့်သည်မှန်လုံကားတို့မှာ ပြိုကျသော သစ်ပင်၏ အကိုင်းအခက်များကြောင့် အဆိုပါ ကားနှစ်ဆင်းပေါ်မှ လူ ၄ ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြိုလဲကျလာသော သစ်ပင်ကြောင့်၁၀၇ လိုင်း ကားခေါင်းပိုင်းပိကာ ယာဉ်ဘေးနှင့် ဘေးမှ ခရီးသည် ၂ဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ ရွှေဧည့်သည် မှန်လုံကားမှာလည်း ရှေ့ကားမှန် ခွဲကာ ယာဉ်မောင်း တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဓိက ပြိုလဲခံရသည့် လက်ဖက်ရည်ဆိုင်မှ လူများထိခိုက်မှု မရှိသော်လည်း သစ်ပင်ပြိုကျမှု ကြောင့်ရွေဂုံတိုင် လမ်းပေါ် သွားလာနေသည့် ခရီးသည်တင်ယဉ်များ မှခရီးသည်အချို့ ထိခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

`အဲဒီ သစ်ပင်အောက်မှာဖွင့်ထားတဲ့ ဆိုင်ထဲက လူတွေကတော့ ဘာမှ မဖြစ်လိုက်ဘူး။ သစ်ပင်က သစ်ပင်အောက်မှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ပေါ်ကိုလဲ ကျပြီး ကားလမ်းမပေါ် ရောက်လာတာ လိုင်းကားပေါ်က ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေတော့ ထိခိုက်ဒဏ်ရာတော်တော်လေးရသွားတယ်´ ဟု သစ်ပင်လဲကျသည့် နေရာမျက်နှာချင်းဆိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင်ရောက်ရှိနေသူတစ်ဦးက ပြောသည်။

အဆိုပါ သစ်ပင်ပိမှု ဖြစ်ပွားသည့် လက်ဖက်ရည်ဆိုင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လှုပ်ရှားမှု များကို စောင့်ကြည့်မှု ရှိနေသည့် ပြည်တွင်းထောက်လှမ်းရေး အသိုင်းအ၀ိုင်း တို့ဖြင့် ပုံမှန်စည်းကားတက်သည့် ဆိုင်ဖြစ်သော်လည်း ပြိုကျမှု ဖြစ်ပွားခဲ့သည့် အချိန်မှာ လာရောက်သူနည်းပါးတက်သေးသည့် နံနက်ပိုင်းစောစောဖြစ်သဖြင့် ယခုကဲ့သို့ အန္တရယ် ကင်းလွတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပတ်ဝန်းကျင် နေထိုင်သူတို့က ပြောသည်။

“အဖွဲ့ချုပ်မှာ ဆောင်ရွက်မှု တစ်စုံတစ်ရာရှိနေချိန်ဆို အချိန်ရွေးချယ်မှု မရှိပဲ အဲ့ဆိုင်လေးမှာ လူပြည့်နေတက်တယ်။ဒီနေ့တော့ အဖွဲ့ချုပ်မှာ ပုံမှန်နေ့တစ်နေ့ပဲ ဖြစ်နေတော့ မနက်စောစော စောင့်ကြည့်သူနည်းနေတာက ထိခိုက်မှုတွေကို နည်းပါးသွားစေတာပေါ့” အဆိုပါပတ်ဝန်းကျင် အနီးဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

ယခုလဲပြိုသွားသည့် အပင်သည်နာဂစ်ကာလတွင်း ကြံခိုင်မှု ထိခိုက်ခံထားရသည့် အပင်ဖြစ်ပြီး နာဂစ်တိုက်ခတ်စဉ်က ကိုင်းကျိုးကြထားသည့် အပင်ဖြစ်ကြောင်း သိရသည်။

``သစ်ပင်က သက်တမ်းရင့်နေသလို နာဂစ်ဒဏ်လည်းထိထားတယ်။အပင်လဲလာပြီး ကြည့်တော့ အမြစ်တွေမှာ ပိုးကိုက်ထားလို့ ဆွေးနေတယ်´ ဟု အဆိုပါပတ်ဝန်းကျင်တွင်နေထိုင်သူ တစ်ဦးကပြောသည်။

အဆိုပါကုက္ကိုလ်ပင်သည် မျိုးစေ့တစ်ခုတည်းမှ ညီညောင်အပင်အဖြစ် နှစ်ပင်ခွထွက်ပေါ်နေခြင်း ဖြစ်ပြီး ယခုလဲပြိုသည့် အပင်မှာ ကားလမ်းမဖက်ခြမ်းရှိ အပင်ဖြစ်ပြီး ယင်းအပင်နှင့် တစ်ဆက်တည်းဖြစ်တည်နေသည့် အပင်ကျန်ရှိနေသေးကြောင်း အဆိုပါအပင်လဲပြိုလာနိုင်သည့် အန္တရယ် ရှိနေသေးကြောင်း ပတ်ဝန်းကျင် နေထိုင်သူတို့က ပြောကြားကြသည်။

သတင်း..အောင်ကိုကိုလတ်(မြစ်မခ)

လူ့အခွင့်ရေးကိစ္စ တိုးတက်မှု မြန်ဆန်မည်ဟု ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်




မြန်မာနိုင်ငံ၌လူ့အခွင့်ရေးပိုမိုရရှိလာစေရန် မစ္စတာ ကင်တားနားနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီးနောက် လူ့အခွင့်ရေးကိစ္စနှင့် ပတ်သက်၍ မြန်ဆန်စွာ တိုးတက် လာလိမ့်မည် ဟုမျှော် လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တားနားသည် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် ယနေ့ ညနေ ၃ နာရီခွဲက ၁ နာရီကျော်ကြာ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ အင်မတန်ကြေနပ်မှုရှိပါတယ် ” ဟုဆိုသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်ရေး အပြည့်အဝ ရရှိရန်အတွက်လိုအပ်ကြောင်း၊ ယင်းအတွက်ဆက်ပြီး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

“လူတစ်ယောက်ကြောင့်ပြောင်းလဲမှုတော့ မဟုတ်ပါဘူး။မြန်မာသူမြန်မာသားတွေကြောင့် ပြောင်းလဲမှာပါ” ဟု၎င်းကဆက်လက်ပြောဆိုသည်။

တွေ့ဆုံမှု၏ အသေးစိတ်ကိုမူ မစ္စတာကင်တားနားက အပြန်ခရီးစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မစ္စတာကင်တားနားကပြောကြားသည်။

မစ္စတာ ကင်တားနားသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး နံနက်ပိုင်းတွင် အင်းစိန် အကျဉ်းထောင်သို့ သွားရောက်ခဲ့ ကြောင်း၊ စက်တင်ဘာလတွင် ပြုလုပ်မည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သော အစီရင်ခံစာကို တင်သွင်းသွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း... Peace Press

အစိုးရသစ်နှင့် မီဒီယာလွတ်လပ်ခွင့်

အစိုးရသစ် စတင်တာဝန်ယူယူခြင်း နိုင်ငံတော် သမ္မတဦးသိန်းစိန် တိုင်းပြည်သို့ ပြောကြားသည့် မိန့်ခွန်းတွင် မီဒီယာလွတ်လပ်ခွင့် ဟူသော စတုတ္ထမဏ္ဍိုင် အကြောင်းကို ထည့်သွင်းပြောကြားသွားခဲ့သည်ကို တွေ့ရပြီး အစိုးရသစ်မဖွဲ့စည်းမှီ ရွေးကောက်ပွဲ အကြိုကာလကပင် သတင်း လွတ်လပ်ခွင့်နှင့် ပတ်သက်သည့် ဖြေလျော့မှုအချို့ကို လည်းတွေ့ခဲ့ရပြီးဖြစ်သည်။

ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် မီဒီယာလွတ်လပ်မှု ပိုမိုရရှိလာမည်ဟု မျှော်လင့်ခဲ့ကြပြီး အမှန်တကယ်လည်း မီဒီယာ လွတ်လပ်ခွင့်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များနှင့် လုံးဝကွဲပြားစွာရရှိခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။ သို့ရာတွင် လွတ်လပ်စွာရေးသား ဖော်ထုတ်ခွင့်ဟူသော သစ်သီးကို အာသာငမ်းငမ်းတပ်မက်လာခဲ့သည့် မြန်မာ့မီဒီယာလောကသည် အစိုးရမှ ဖြေလျော့ တန်သမျှ ဖြေလျော့နေ သည့်တိုင် အာသာ မပြေနိုင် သေးဟုဆိုရ မည်ဖြစ်ပြီး ထိုအချက်ကို အပြစ်မတင်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်သူလူထုအတွင်း၌ နှစ်ပေါင်းများစွာ ပြန်လှန်မပြောဝံ့ဘဲ ကြိတ်မှိတ်ခံစားခဲ့ရသော ဒုက္ခများ၊ ဝေဒနာများအတွက် ရင်ဖွင့် စရာများ၊ ဟစ်ကြွေးစရာများ မှာ ပြော၍မကုန်နိုင်အောင်ပင် ရှိနေကြရာ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်ဟူသော မျှော်လင့် ချက် ရောင်ခြည်လေးသန်းလာချိန်တွင် မျိုသိပ်ထားရသမျှ စိတ်လွတ်ကိုယ်လွတ် အားပါးတရ ရင်ဖွင့်လိုကြ၊ ဒီမိုကရေစီ အစိုးရဆိုသူ အား တိုင်တည်လိုကြသည်။

ဤတွင် ပြည်သူ့အသံကို ကိုယ်စားပြုရသည့် မီဒီယာသည် ပြည်သူတို့၏ ထောင်သောင်းချီသော အသံပေါင်းစုံကို အားကြိုးမာန်တက်ရေးသားတင်ပြ လိုသည်မှာ အပြစ်တင်ရမည့် ကိစ္စမဟုတ်တော့ပေ။ သို့ရာတွင် ဒီမိုကရေစီရပြီ ဟုဆိုတိုင်း၊ အရပ်သားအစိုးရတက်လာပြီဆိုတိုင်း မိမိတို့သည် အမှန်တရားကို ထုတ်ဖော်ခြင်းဖြစ်၍ ရေးချင်ရာရေး၍ ရပြီဟု မယူဆအပ်ပေ။ ဤသည်မှာ အစိုးရကို ဖော်လံဖား လုပ်ခြင်းမဟုတ်၊ မရှိတာထက် မသိတာခက်ဆိုသကဲ့သို့ပင် မိမိတိုင်းပြည်၏ အခြေအနေကို သဘောပေါက် နားလည်သင့်သည့် အခြေအနေလည်းဖြစ်သည်။

တိုင်းပြည်ကား စစ်အစိုးရမှ ပုဂ္ဂိုလ်များ ၊ တနည်းအားဖြင့် မီဒီယာလွတ်လပ်ခွင့်ကို နားခါးခဲ့ကြသူများ၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီစနစ်ကို စတင်ကူးပြောင်းခဲ့ရခြင်းဖြစ်သည့်အားလျော်စွာ ထိုပုဂ္ဂိုလ်ကြီးများ အနေဖြင့်လည်း ရင်တထိတ်ထိတ်ဖြင့် ခွင့်ပြု ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် စစ်သားဘဝမှ သမ္မတဘဝသို့ ကူးပြောင်းခဲ့သည့် အနှီပုဂ္ဂိုလ်ကြီးများကို ဒီမိုကရေစီ ဒေါင်ဒေါင်မြည် နိုင်ငံကြီးများမှ သမ္မတကြီးများ၊ အစိုးရဝန်ကြီးများကို ဝေဖန်သကဲ့သို့ပြောင်ပြောင်တင်းတင်းဝေဖန်နိုင်သည့် အခြေအနေကို မမျှော်လင့်သင့်သေးသည့် အခြေအနေလည်း ဖြစ်သည်။

ယခင်က မည်သူ့ကိုမျှ မဝေဖန်ရဟူသော နေရာတွင် မင်းတုန်းမင်းကြီး၏ “ နန်းတွင်းအရာရှိများမကောင်းလျှင် ယင်းတို့ကိုရေး၊ ငါမကောင်းလျှင်၊ ငါ့ကိုရေး၊ မိဖုးရားမကောင်းလျှင် မိဖုရားကိုရေး” ဟူသကဲ့သို့ သတင်းလွတ်လပ်ခွင့်မျိုး မရသေးသည့်တိုင် အစိုးရသစ်အနေဖြင့် “ နိုင်ငံတော်ဝန်ထမ်းများမကောင်းလျှင် ယဉ်ယဉ်ကျေးကျေး နှင့် သက်သက်ညှာညှာ သက်သေသက္ကာယ ခိုင်လုံစွာရေး၊ ငါတို့မကောင်းလျှင် မရေးနှင့်ဦး တိုးတိုးတိတ်တိတ် လာပြော၊ နောက်တော့ပြင်ပါ့မယ် ” ဆိုသည့် အခြေအနေတစ်ရပ်ကိုတော့ လက်ခံသည့် အခြေအနေတော့ ရှိလာသည်ဟုဆိုရမည်။ မည်သို့ပင်ဆိုစေကာမူ သတင်းမီဒီယာအနေဖြင့် အစိုးရနှင့် အစိုးရအဖွဲ့၏ မူဝါဒများအပေါ် လွတ်လပ်စွာ ဝေဖန်ခွင့်ရှိပါသည်။ သို့ရာတွင် ငါ့စကား ငါ့နွားရရ ပြောဆိုခြင်းထက် အကျိုးအကြောင်းခိုင်လုံစွာ ရေးသားတင်ပြနိုင်လျှင် ပိုကောင်းသည်။ ဒီမိုကရေစီ ဆိုသည်မှာ အစိုးရကို ဆဲဆိုခွင့်၊ ရိုင်းပျစွာရေးသားခွင့်မဟုတ်သည်ကို သတိချပ်ရာသည်။

သမ္မတဦးသိန်းစိန် အစိုးရ၏ မူဝါဒများကို ဝေဖန်ရာတွင် အမေရိကန်သမ္မတ အိုဘားမား၏ အစိုးရအဖွဲ့နှင့် ခိုင်းနှိုင်း ဝေဖန်လျှင် မတရားရာ ကျမည်။ အိုဘားမားနှင့် အမေရိကန်မီဒီယာ တနည်းအားဖြင့် ယင်းအစိုးရနှင့် ယင်းနိုင်ငံ၏ မီဒီယာတို့ကား ဒီမိုကရေစီစနစ်ကို နှစ်ပေါင်းသုံးရာကျော်ဖြတ်သန်းခဲ့ရသော လူ့အဖွဲ့အစည်းကြီးတွင် ကျင်လည်ခဲ့ရခြင်းဖြစ်ရာ အစိုးရမှ မီဒီယာ၏ ဝေဖန်မှုကို လက်ခံနိုင်စွမ်းရှိမှုနှင့် မီဒီယာ၏ မျှတသော ဝေဖန်မှုဟူတည်း ဟူသော အပေးအယူနှစ်ခုမှာ ညီညွတ်မျှတ နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် မြန်မာ့မီဒီယာလောကသည် ဒီမိုကရေစီ ဒေါင်ဒေါင်မြည်နိုင်ငံကြီးများကဲ့သို့ လွတ်လပ်စွာ မရေသေး ပါဟုဆိုလျှင် မြန်မာ့ဒီမိုကရေစီစနစ်သည် လသားမျှပင် ရှိသေးသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရာသည်။ မြန်မာ့ မီဒီယာလွတ် လပ်ခွင့်ကား အခြားဒီမိုကရေစီ နိုင်ငံများနှင့်ယှဉ်လျှက် ကကြီးကခွေးသာ ရှိသေးသည်ဟု ဆိုငြားအံ့၊ မြန်မာ့ဒီမိုကရေစီ သည်လည်း စလုံးရေ စပင်ရှိပါသေးသည်ဟု ဆိုရမည်သာ။

နိုင်ငံတွင် အဆင်သင့် မဖြစ်သေးသည့် မူဝါဒတစ်ရပ်ကို ဝေဖန်နေလျှင် ရေးသားထောက်ပြနေလျှင် အစိုးရအတွက် အခက်အခဲဖြစ်ပေမည်။ ယခုအချိန်သည် တိုင်းပြည်ကို ပြန်လည် တည်ဆောက်နေရသေးချိန်ဖြစ်ရာ အစိုးရကို ထိန်းကျောင်းတည့်မတ်ဖို့ထက် လမ်းလျှောက်သင်ကာစ အစိုးရကို ကူညီဖေးမသည့် အရေးအသားမျိုးဖြစ်သင့်သည်။ အဂတိလိုက်စားမှု မကောင်း ဆိုသည်မှာ လူတိုင်းသိသော အရာတစ်ခုဖြစ်သည်။

ထိုကိစ္စကို အထောက်အထားနှင့်တကွ တိုင်ကြားလျှင် အရေးယူပါမည်ဟု လည်းအစိုးရ က ကြေညာထားပြီးဖြစ်သည်။ ထိုကဲ့သို့ အဂတိ လိုက်စားမှု အကြောင်းသာ ရေးသားရလျှင် မြန်မာပြည်တွင် ထုတ်သည့် ဂျာနယ်အားလုံး၏ စာမျက်နှာအားလုံးတွင် တစ်နှစ်လောက် နေရာယူသွားဖွယ်ရှိသည်။ အမှန်တရားကို ရေးသား ခြင်းဖြစ်သော်လည်း အဂတိလိုက်စားမှုဖြင့် အစိုးရက အရေးယူလျှင် တစ်တိုင်းပြည်လုံးရှိ ဝန်ထမ်းမှန်သမျှ ထုတ်ပယ်ရန်သာ ရှိတော့သည်။ ထိုသို့ထုတ်ပယ်ခဲ့လျှင် ဗျူရိုကရေစီ ယန္တရား ပြိုသွားမည်၊ သာမန်လဘက်ရည်ဖိုးဖြင့် ပြီးနိုင်သည့် ရုံးလုပ်ငန်းတစ်ခု သည် လေး ငါးရက်ခန့်ကြာ သွားသည့် ကြိုးနီစနစ် မျိုးပြန်ဖြစ်သွားနိုင်သည်။

ထို့ကြောင့် မီဒီယာအနေဖြင့် ထောက်ပြပြောဆိုသင့် သည်မှာ ဝန်ထမ်းများ အဂတိလိုက်စားခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည့် လစာငွေမလုံလောက်မှု၊ ပြည်သူ့အုပ်ချုပ်ရေး ပညာရပ်များ ခေတ်နှင့်လျော်ညီစွာမရှိမှု စသည်တို့ကို ထောက်ပြပြောဆို၍ လစာငွေမြှင့်တင်ပေးရေး၊ အစိုးရဝန်ထမ်းများ အရည်အသွေးတိုး တက်မြင့်မားရေး၊ ကြိုးနီစနစ်တွင် မလိုလားအပ်သည့် ဥပဒေများ လျော့ချရေးနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ် များကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရေးများကို ရေးသား အကြံပြုရမည်။ ထိုသို့ တစ်ဖက်ကလည်း အဂတိ လိုက်စားမှု လျော့ချနိုင်ရန် အကြံပြုရေးသားသလို အစိုးရမှ အဂတိလိုက်စားသည့် ဝန်ထမ်းကို အရေးယူသည့် သတင်းများကို အသိအမှတ် ပြုဖော်ပြသင့်သည်။

အဂတိ လိုက်စားမှုကို မီဒီယာလွတ်လပ်ခွင့် ဟူသော အယူအဆစွဲကိုင်၍ ရေးကောင်းတိုင်းရေးနေလျှင် တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ မနည်းမနော အလုပ်ပြုတ်သည့် သတင်းများသည် ဂုဏ်ယူစရာမဟုတ်၊ စာစောင်ရောင်းအားတက် သော်လည်း တစ်နိုင်ငံလုံး သူခိုးချည်းဟူ၍ နိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းဖွယ်ရာသာ ဖြစ်ပေလိမ့်မည်။

သြဂုတ်လ ၂၂ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မီဒီယာများ၏ ဝေဖန်အကြံပြုမှုကို ခံယူသွားမည်ဟု ကတိပေးခဲ့သည်။ ပြုပြင်ပြောင်းလဲမှုကို လိုလားသည့် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌလည်း ရှိနေချိန်တွင် ပြည်ပန်းညို ချိုပါလျှက် ဆားကဖျက်ဟူသော ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးလည်းရှိနေသေးသည်ကို သတိပြုရဦး မည်။ အနှီပုဂ္ဂိုလ်ကြီးကြား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၏ မိန့်ခွန်းကိုပင် ကန့်သတ်ဆင်ဆာဖြတ်နိုင်သည့် အခွင့်အာဏာရှိပြန်ရာ သတင်းသမားတို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရသည့်အချက်မှာ ဝမ်းနည်းစရာတော့ မဟုတ်ပေ။

မီဒီယာကို မီဒီယာနှင့် ပြန်တိုက်ရမည်ဟု ကြွေးကြော် ထားသည့် ဦးကျော်ဆန်း၏ အစိုးရသစ်လက်ထက် သတင်းစာရှင်းလင်းပွဲများကို အသေအချာ လေ့လာကြည့်ပါက ယခင် အစိုးရဟောင်းလက် ထက်နှင့် ထူးမခြားနားဖြစ်သည်ကို သတိပြုမိပေလိမ့်မည်။ သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ယခင်အစိုးရဟောင်း မှ လေသံများကို စွန့်လွှတ်၍ အပြုသဘောဆောင်သည့် မိန့်ခွန်းများ ပြောဆို လာကြချိန်တွင် ပြန်ကြားရေးဝန်ကြီးမှာ အပြောင်းအလဲမရှိဟု ဆိုရမည်ဖြစ်ပြီး ထိုသို့ အပြောင်း အလဲမရှိခြင်းမှာလည်း တမင်တကာပင် လုပ်ယူထားခြင်းဖြစ်သည်ကို သတိပြုရမည်။ ဦးကျော်ဆန်းကား အပြောင်းအလဲ ပြုလုပ်လိုသူမဟုတ်။

ပြည်သူ၏ အမြင်တွင် အစိုးရသစ်မှာ အပြောင်းအလဲမရှိ၊ ယခင်စစ်ဗိုလ်ချုပ်ဟောင်းများသား ဆက်လက်အုပ်ချုပ်မည်၊ စစ်အစိုးရနှင့် ဘာမှ မထူးဟူသော မက်ဆေ့ကို တမင်တကာပေးနေသည်။ အကြောင်းမှာ ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်နေကြသူများကို လက်လျော့အားပျက် သွားစေရန်ဖြစ်သည်။ အပြောင်းအလဲမရှိဟု ယူဆသူများပြားလေလေ ဒီမိုကရေစီ အခြေခံအုတ်မြစ် တည်ဆောက်နိုင်မှု အားပျော့လေဖြစ်ရာ ထိုသို့ ဒီမိုကရေစီ စံနှုန်းများ အားပျော့လာသည်နှင့်အမျှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတွက် စံနှုန်းများတည်ဆောက်နိုင်မှုလည်း အားလျော့သွားပေလိမ့်မည်။ ထို့ကြောင့် မြန်မာ့မီဒီယာ အနေဖြင့် ပြန်ကြားရေးဝန်ကြီး၏ ပရိယာယ်အတွင်း မသက်ဆင်းမိရန်လိုအပ်ပြီး လက်ရှိ အခြေအနေကို စိတ်ပျက်အားလျော့ခြင်းမပြုဘဲ တိကျမှန်ကန်သော သတင်းများကို လိမ်မာပါးနပ်စွာ ထုတ်ပြန်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

နိဂုံးချုပ်ဆိုရပါမူ လက်ရှိအခြေအနေကား နိုင်ငံတော်မှာ ဒီမိုကရေစီ ဒေါင်ဒါင်မြည်မဖြစ်သေး။ ဒီမိုကရက်တစ် စံနှုန်းများတည်ဆောက်နေသေးချိန် ပင်ဖြစ်ရာ အခြားတိုင်းပြည်များနှင့် မနှိုင်းယှဉ်အပ်ပေ။ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ရေးသားပိုင်ခွင့် ဟူသော ဆန္ဒကို အသာမြိုသိပ်၍ နိုင်ငံတည်ဆောက်ရေးအတွက် တစ်နည်းအားဖြင့် နိုင်ငံတည်ဆောက်ရေးအတွက် အစိုးရနှင့်သာမက ပဉ္စမမဏ္ဍိုင်ဖြစ်သော ပြည်သူလူထုကြီးနှင့် လက်တွဲဆောင်ရွက်နေသည့် စတုတ္ထမဏ္ဍိုင်အဖြစ် ခံယူထားရမည့် အခြေအနေပင်ဖြစ်သည်။

ဆောင်းပါး...Y C

စစ်ဗိုလ်ကြီးမှ အထင်ကြီးသော မိန်းကလေးများ ဖတ်ရန်..

အချိန်ကား (၁၉၉၄) ခုနှစ်။နေရာကား သန်လျင်တဘက်ကမ်း။အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေးကျော်စွာမင်း ဆယ်တန်း ကို နှစ်ဘာသာဂုဏ် ထူးဖြင့် အောင် သည်မို့အခမ်း အနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကိုမုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင်ဝမ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်ကချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘ၀ကိုပင်ပင် ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။

ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ပင်ပန်းရကျိုးနပ်ပါသည်။ သားလေး ဆယ်တန်းအောင် သွားပြီ။ အကြော်သည်မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့ သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။

“အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ် ဆက် တက်နော်သား။ အမေထားပေးမယ်”“အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲသွားတော့မယ်”

“ဘာ—-”

သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။

“အမယ်လေး၊ ကိုသောင်းမင်းရယ်”လို့သာ တမ်းတဟစ်အော်ပြီး

ငိုလိုက်ချင်စိတ်ပေါက်သွားသည်။

“သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့

သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့”

လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းကကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး
သေဆုံးခဲ့ရတာဖြစ်သည်။

“သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။

သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေမှ အများကြီးရယ်။စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာစဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင် ပင်ပန်းပန်းရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာစစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ”

“ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ

လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့”

“သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်”



(၂)

အချိန်ကား (၂၀၀၅) ခုနှစ်။နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။

“သမီး၊ ဆုံးဖြတ်ပြီးပြီလား”

မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။ချစ်သူက လက်ထပ်ချင် သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။

“မေမေကသဘောမတူလို့လားဟင်”

“မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး”

“ဘာဖြစ်လို့လဲမေမေ”

“မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝ

မခွဲတတ်တာ သမီးသိတယ်နော်”

“သိပါတယ်မေမေ”

“မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာ

ဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး”

မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။

“လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက

လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာလူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။

လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကိုသွေးအေးအေးနဲ့ သတ်ပစ်ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင်တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲအ၀င်မခံနိုင်ဘူးနော်သမီး”

“မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး”

“တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ စွပ်ထားနိုင်မှာ တဲ့လဲ။ မေမေ တခွန်းပဲ ပြောမယ်နော်သမီး။

လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ်ဆိုရင်လမ်းဘေးက ဆိုက်ကား သမား ကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ”

အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။

သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကိုမေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။



(၃)

၂၀၀၇ ခုနှစ်၊ မတ်လ။တပ်ရင်း ( ) အရာရှိအိမ်ယာ။

“မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ”

“အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို”

“ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ”

“ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့

မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ၀တ်မှာပေါ့”

“မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော် ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင် ဘူးလား”

“ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါကသူတို့လို မတရားသဖြင့် စီးပွားရှာလာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။

မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ”

“မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာ စစ်တပ်ကွ။ မင်းယူထားတဲ့ ယောက်ျားက စစ်သား”

“ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။

ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေး ကိုတောင်ထုတ် မ၀တ်ရတဲ့ နေရာမျိုးလား”

“စစ်တပ်ဆိုတာ အထက်လူကြီးတွေကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။

လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို

တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး”

“တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကိုနှိမ့်ချမ ဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့

လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာနော်။

လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီးကျေနပ်လွန်းတယ်မထင်နဲ့”

“မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။

ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက်ကအရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက် လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။ခိုင်းတာလုပ်ရမယ်။ ဒါပဲ”

“ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကိုယူခဲ့မိတာကိုး။ ကျွန်မိန်းမ ပဲဖြစ်ရတော့ မှာပေါ့”

သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်ကလေထဲသို့မြောက်တက်သွားသည်။

“မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း”

သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။သမီးကို စိတ် မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။

“မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့်လူဖျင်းလူညံ့ပါလား”

“လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ”

“ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာတာဝန်ရှိတယ်”

“အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊

လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ”

“ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။

လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လိုဝတ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး”

“အန်တီက ကျွန်တော့်ကို စော်ကားနေတာလား”

“မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာဒူးတုပ်ခစားဖို့ ကျွန်ဇာတ် သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲတွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာ ကွယ်ပေးနိုင်ပဲအိမ်တွင်းအကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို ဘယ်လို စိတ်ချရမလဲ”

မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာမှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန်လှပါပြီ။ကြီးနိုင်ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီး ကတော်ခြေသလုံး ကို နှိပ်ပေးရတဲ့အကြိမ်များလဲ မနည်းတော့။ ယောက်ျားများအလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီးညစ်ညမ်းခွေများပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီးသူတို့ စမောလေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင်အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲရွံ့မုန်းလှပြီ။ သူမတသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာ ဆိုပေမယ့်ပိုက်ဆံပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊အရာခံဗိုလ်အိမ်ကခေါ်ခိုင်းလိုက်၊ အရာရှိအိမ် က ခေါ်ခိုင်းလိုက်လုပ်တာကိုခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။

“ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။

ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကိုမက်မနေစမ်းပါနဲ့”

“မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။

မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စအချင်းချင်းရှင်းပါရစေ”

“ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကိုထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး -လာ။ မေမေနဲ့လိုက်ခဲ့”

မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။

လွတ်လပ်သော မိသားစုဘ၀လေးကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။

အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကိုသာမက ရှိသမျှလူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။



(၄)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။သန်လျင်တဘက်ကမ်း။

ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေ မိသည်။တာဝန် ထမ်းဆောင်နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်းဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာဆိုပေမယ့်၊ မိသားစုအိမ်လေးကိုမခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက်လာတဲ့သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့ဘာဖြစ်တယ်မသိ။လူတွေပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲမကောင်း လို့လား။

“ဒေါ်ကြီးစိန်ရေ။”

ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးကရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ အသက်ကြီး အမယ်အို ဆိုပြီး စောင့်ရှောက်ပေးသည်။ အင်တာနက်ဆိုလား၊ ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲဖွင့်ထားသေးသည်။

“ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ”

“ဟေ”

သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာမျက်ရည်စတွေ ကို တွေ့လိုက် ရတာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။ဘာများဖြစ်လို့ပါလိမ့်။

“ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့”

“အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ လုပ်ကြ တယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက်လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာမေတ္တာပို့ဝတ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။

သံဃာတော်အများကြီးကိုလဲ စစ်ကားကြီးတွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲလူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်ကြတယ်”

” အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုတွေဖြစ်နေတယ် ဟုတ်လား။ ရွှေတိဂုံဘုရားပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကိုခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်ကပြိတ္တာဖြစ်မယ့်ဟာတွေ”

“ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။

လူမဆန်ဘူးဗျာ။ လူတွေမဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က

ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ”

မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာသူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမအကြော်ဆီပူအိုးဘေးမှာနှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။

ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။

“အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကိုခွင့်လွှတ်ပါဘုရား”



(၅)

(၂၀၀၇) အောက်တိုဘာလ။စင်ကာပူနိုင်ငံ။

မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီးမွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။

ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင်ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။

“သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ”

သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။

သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့်အံ့သြသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကိုသူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forwardလိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။

မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည်နောက်ထပ်အီးမေးလ်တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့ရောက်သွားတော့သည်။

“တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား”

သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။

“မေမေရယ်။ သူ-”

ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

“မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ”

“မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို—-”

သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။

“အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့သားသမီးတွေဟာ သူတို့မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေမရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။
လူဖြစ်မယ်မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။

လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံးဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့်သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘမဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ
စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲသူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေမတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့နေရာမှာပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။

သမီးနားလည်တယ်နော်”

မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှား သွားရောက်ပွေ့ချီ မိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက

“မေမေ့သားလေးဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး” ဟူသတည်း။



ဖြစ်ရပ်မှန်ဝတ္ထုလေးပါ။

စာရေးသူမမှတ်မိတော့ပါ စာရေးတောင်းပန်ပါတယ်..။



Yeyint Kyaw (ကိုဝိုင်ဝိုင်ကေ)Facebook ကပြန်လည်မျှဝေလိုက်ပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာ သောမတ် အိုဟေး ကင်တားနားတွေ့ဆုံ















အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံ မှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တားနား ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ယနေ့ ညနေ ၃ နာရီခွဲက ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့ပါသည့်ဟုသတင်းရရှိပါသည်.။


ဓာတ်ပုံ ..ကိုဆန်နီ

24 August 2011

ဘုရားမြေ နိုင်ငံတော် ခေါင်းစဉ်တပ် သိမ်းပြီး ပုဂ္ဂလိသို့ ရောင်းချ

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ထမရိတ် ကျေးရွာ အနီးရှိ သဇင်တံ ဘုရားမြေများကို နှစ်ရှည်ပင် စီမံကိန်း ဦးစီးဌာနမှ သိမ်းယူပြီး အဆိုပါ မြေများကို ယခုအခါ ပုဂ္ဂလိက လက်သို့ ရောင်းချ လိုက်ကြောင်း သိရသည်။

ယခု ရောင်းချလိုက်သော မြေမှာ ၂ ဧကခွဲခန့်ရှိပြီး နှစ်ရှည်ပင် စီမံကိန်းဌာနမှ ဦးစီးမှူး ဦးစိုးနိုင်မှ မြောက်ဦးဒေသခံ တစ်ဦးဖြစ်သူ ဦးမောင်စံတင့်ကို ကျပ်သိန်း ၃၀ ဖြင့် ရောင်းချလိုက်ခြင်း ဖြစ်သည်။

အဆိုပါ မြေများမှာ သဇင်တံ ဘုန်းကြီးကျောင်းပိုင် မြေများ ဖြစ်သော်လည်း ၂၀၀၅ ခုနှစ်ကတည်းက နှစ်ရှည်ပင် စီမံကိန်း ဦးစီးဌာနမှ နှစ်ရှည်ပင်များ စိုက်ပျိုးရန် လိုသည်ဟု ဆိုကာသိမ်းယူသွားခဲ့သည်ဟု သိရသည်။

" အစကတော့ အစိုးရ စီမံကိန်း အတွက် ခေတ္တ ခဏ သိမ်းတယ်လို့ ရွာသားတွေက ထင်ထား ခဲ့ပါတယ်။ ဒါကြောင့်လည်း ကန့်ကွက်တာတွေ မရှိခဲ့ပါဘူး။ အခုတော့ နှစ်ရှည်ပင်တွေ စိုက်ပျိုးတဲ့ အပြင် အပင်တွေ ကြီးလာတော့ အရာရှိတွေက သူတို့နာမည်နဲ့ မြေကွက်ကို နာမည် ဖေါက်ပြီး ပုဂ္ဂလိကကို ရောင်းစားတာ ဖြစ်ပါတယ်" ဟု အမည်မဖေါ်လိုသူ ရွာသား တစ်ဦးက ပြောသည်။

အဆိုပါ မြေကွက်များတွင် နှစ်ရှည်ပင် စီမံကိန်း ဦးစီးဌာမှ ရော်ဘာပင်များ စိုက်ပျိုးထားသည်ဟု သူက ပြောသည်။

" စိုက်ထားတာက ရော်ဘာပင်တွေပါ။ အခု နှစ်ရှည်ပင် စီမံကိန်းဌာနက ဦးစီးမှူး ဦးစိုးနိုင်က ပြောင်းရွေ့ရတော့မယ်ဆိုတော့ သူစိုက်ပျိုးထားတဲ့ ရော်ဘာခင်းကို ရောင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုရောင်းတဲ့ အပေါ်မှာ ထမရိတ် ရွာသားတွေက ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် ရှေးဟောင်း ဦးစီးဌာနကို တိုင်ကြားထားပါတယ်။ ဒါပေမယ့် ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ဝေစား မျှစားဆိုတော့ ဘာမှ အရေးယူ ဆောင်ရွက်ပေးတာ မရှိပါဘူး" ဟု ပြောသည်။

ရွာသားများ တိုင်ကြားသော်လည်း ဦးစိုးနိုင်မှ အဆိုပါ မြေမှာ နှစ်ရှည်ပင် စီမံကိန်း ဦးစီးဌာနနှင့် သက်ဆိုင်ပြီး ကျေးရွာသားများနှင့် သက်ဆိုင်မူ မရှိဟုဆိုကာ မိမိ၏ လုပ်ပိုင်ခွင့် အရ လုပ်ဆောင်ခြင်းး ဖြစ်ကြောင်း ပြောကြားသည်ဟု နေရဉ္ဖရာလွတ်လပ်သော သတင်းဌာန တွင်ဖော်ပြထားပါသည်.။

ကာတွန်းဆရာ အော်ပီကျယ်တို့ရဲ့One More အလှူလေးပါ




အာဏာပိုင်အုပ်စိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု

ဒီမိုကရေစီခေါင်းဆောင်နှင့် အာဏာပိုင်ခေါင်းဆောင်တို့သည် သူတို့အာဏာရရာရကြောင်း နည်းမျိုးစုံ ကြိုးပမ်း မှုများ ရှိသော်ငြားလည်း ရင်ဆိုင်ရသည့် ပြဿနာ၊ စိမ်ခေါ်မှုများမှာ တူညီကြသည်တော့မဟုတ်။ ဒီမိုကရေစီ ခေါင်းဆောင်မှာ နောက်တစ်ကြိမ် ရွေးကောက်ပွဲအနိုင်ရရေး၊ သူ၏ ပါတီ လွှတ်တော်နေရာ အများအပြားရရှိရေးစသည့် အခက်အခဲများကို ရင်ဆိုင်ကြရလေသည်။

အာဏာပိုင်ခေါင်းဆောင်များမှာမူ သူ၏အုပ်ချုပ်ရေးစနစ် အတွင်းရှိ အင်အားစုများ၊ လူအဖွဲ့အတွင်းရှိ အင်အားစုများ (ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ)၊ ခွဲထွက်ရေး လက်နက်ကိုင် သူပုန်များနှင့် ရင်ဆိုင်ကြရသည့်အတွက် ဒီမိုကရေစီခေါင်းဆောင်ထက်ပို၍ ခြိမ်းခြောက်မှုများကို ပိုမိုတွေ့မြင်ရလေသည်။ အာဏာပိုင်ခေါင်းဆောင် များသည် ယှဉ်ပြိုင်မှုပြင်းထန်သော ရွေးကောက်ပွဲကို မည်သို့မှဝင်ရောက်ယှဉ်ပြိုင်နိုင်မှု မရှိရသည့် အကြောင်းအရင်းမှာ သူတို့၏ အကျိုးစီးပွားသည် လူထု၏ လိုလားတောင်းဆိုချက် များနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

အာဏာပိုင် ခေါင်းဆောင်များ ရင်ဆိုင်ရသည့် အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာနှစ်ခုမှာ တော်လှန်ပုန်ကန် သူများကို မည်သို့ ခြိမ်းခြောက် ဟန့်တားရမည်နှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်နည်းဟူ၍ ဖြစ်လေသည်။ အာဏာပိုင် ခေါင်း ဆောင်သည် တော်လှန်ပုန်ကန်ရန်အလားအလာရှိသည့် အင်အားစုများကို အနီးကပ်စောင့် ကြပ်ကြည့်ရှုရန် လျှို့ဝှက်အဖွဲ့ တာဝန်ပေး ခိုင်းစေခြင်းဖြင့် သူတို့၏ အာဏာထိပါးမှု ဟန့်တားထိန်းချုပ်နိုင်ခဲ့ လေ သည်။ သို့သော် ဤကဲ့သို့ နှိမ်နင်းရေး အဖွဲ့ကို ဖွဲ့စည်းခြင်းသည် ဥပဒေပြဋ္ဌာန်းရခြင်း၊ အမိန့်ဒီဂရီကို ကြေညာ ရခြင်း၊ ဆန့်ကျင်သူများကို စောင့်ကြပ် ကြည့်ရှု ရခြင်းတို့ ပြုလုပ်ရခြင်းကြောင့် စရိတ်စက အလွန်ကုန် သော ကိစ္စရပ်လည်းဖြစ်လေသည်။

ဤသို့နှင့် အာဏာပိုင် ခေါင်းဆောင်များသည် ဤကဲ့သို့သော စရိတ်စကများကို လျော့ပါးစေ ရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန် အခြားနည်းလမ်းများကို စဉ်းစားလာကြလေသည်။ ဤသည်ပင်လျှင် ဒီမိုကရက်တိုက်ဇေးရှင်း၏ လမ်းစပင် ဖြစ်လေတော့ သည်။

သို့သော် အာဏာပိုင်ခေါင်းဆောင်များသည် လူ့အဖွဲ့အတွင်းရှိ အင်အားစု အားလုံးကို လိုလိုလားလားဖြင့် ပါဝင်ခွင့်ပေးခဲ့သည်တော့မဟုတ်ပါ။ သူတို့ ရင်ဆိုင်နေရသော ဆန့်ကျင်မှု ဒီဂရီအနည်းအများလိုက် အတိုက်အခံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပုံသဏ္ဍန်မျိုးစုံရှိလာနိုင်လေသည်။ ရေတိုတွင် သူတို့၏ လုံးဝလွှမ်းမိုးသွားမည့် အင်အားစုကို ဆက်လက် ကန့်သတ် ထိန်းချုပ်ခြင်းများ ပြုလုပ်မည်ဖြစ်သော်လည်း သဘောထားပျော့ပြောင်းသော အင်အားစု ကိုတော့ ပါဝင်ခွင့် ပေးမည်သာဖြစ်လေသည်။

အာဏာပိုင် ခေါင်းဆောင် များသည် ဤသို့သော ပူးပေါင်းဆောင်ရွက်မှုကို အခြောက် တိုက် အောင်မြင်အောင်ပြု လုပ်နိုင်သည်တော့မဟုတ်။ သဘောထားမတူညီသည့် အုပ်စုအား မက်လုံးများ၊ လုပ်ပိုင်ခွင့်များပေးပါမှ ပူးပေါင်းပါဝင် လာနိုင်မှာ ဖြစ်လေသည်။ မက်လုံးများသည် မူဝါဒရေးရာ သဘောတူညီမှုများ အနေဖြင့် လည်းကောင်း၊ စီးပွားရေးရာလုပ်ပိုင်ခွင့် အနေဖြင့်လည်းကောင်း တည်ရှိနိုင်လေသည်။

အာဏာပိုင်ခေါင်းဆောင်များသည် ဤသို့သော လူ့အဖွဲ့အစည်းအတွင်းရှိ အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဥပဒေပြုအမတ်များနှင့် နိုင်ငံရေးပါတီများကို ပါဝင်သည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို စနစ်တကျ တည်ဆောက်လာလေသည်။ သို့နှင့် လွှတ်တော်ကဲ့သို့သော နိုင်ငံရေး အင်စတီကျူးရှင်းများ တွင် အတိုက်အခံ အင်အားစုများ၏ အသံကို ပိုမိုကြားရနိုင်သည့်အပြင်၊ ယင်းတို့၏ တောင်းဆိုချက်များကို အင်စတီကျူးရှင်း ဘောင်အတွင်းတွင် ညှိနှိုင်းအဖြေရှာ၍ ရနိုင်လေသည်။

ယင်းသို့ နိုင်ငံရေးဖိုရမ်များတွင် လိုလားချက်၊ တောင်းဆိုညှိနှိုင်းများကို စည်းမျဉ်း စည်းကမ်းများနှင့် အညီပြုမူခြင်းဖြင့် ရလဒ်တစ်ခုထွက်ပေါ်လာအောင် ဆောင်ရွက်ခြင်းသည် လမ်းပေါ်ထွက် ဆန္ဒပြ၍ တောင်းဆိုနေခြင်းထက်တော့ တော်တော်ခရီး ရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် ဂျော်ဒန်နိုင်ငံ ဘုရင်ဟူဆန်သည် မူဆလင် ညီအကိုတော်များအဖွဲ့အား ပညာရေးနှင့် ဘာသာရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် အချို့လုပ်ပိုင်ခွင့် များကိုပေး၍ လွှမ်းမိုးစေခြင်းဖြင့် လိုလားချက်များကို လမ်းပေါ်ထွက် တောင်းဆိုခြင်းများထက် ဖွဲ့စည်းထားသော နိုင်ငံရေး အင်စတီး ကျူးရှင်အတွင်း ညှိနှိုင်းအဖြေရှာ ဥပဒေပြုခြင်းမျိုး ကိုသာ ပြုလုပ်ကြောင်းတွေ့ရလေသည်။ ဆိုလိုသည်မှာ ယခင်တရားမဝင် အတိုက်အခံကို နိုင်ငံရေးဖိုရမ်အတွင်း တရားဝင် အတိုက်အခံအဖြစ် ထားရှိကာ အမျိုးသားရေး စိန်ခေါ်မှုများကို ပူးပေါင်း ဖြေရှင်းခြင်းမျိုး ဖြစ်လေသည်။

မြန်မာနိုင်ငံသည် အာဏာပိုင်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ်သို့ကူးပြောင်းခဲ့သော်ငြားလည်း ယခင် အာဏာပိုင်အုပ်စိုးမှု၏ တည်ဆဲ အီလစ်များသာ လွှမ်းမိုးခြယ်လှယ်ထားလျက် ရှိကြောင်းတွေ့မြင်ရလေသည်။ သို့သော် လက်ရှိ အုပ်ချုပ်သူများသည် အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ အတိုက်အခံများနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဟူသော အမြင်ရှိ လာလေပြီဖြစ်သည်။

ထိုသို့ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ ဒီမိုကရေစီအင်စတီကျူးရှင်များကို အတိုက်အခံများနှင့် ပူးပေါင်းတည်ဆောက်ခြင်းဖြင့် အမျိုးသား ပြဿနာ များကို အောင်မြင် စွာ ကျော်လွှားဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း………။

ဆောင်းပါး..Y C..

ဗိုလ်ချုပ်များ အတွေးအမြင်ပြောင်းလဲတော့မည်လော

(21 August 2011 ရက်စွဲပါ The Star online မှ “General in retreat?” ကို Y C မှဘာသာ ပြန်ဆိုသည်)

ယနေ့အခါတွင် မြန်မာ့နိုင်ငံရေးမှာ တဖြည်းဖြည်းချင်း ဖြစ်ပေါ်တိုးတက်လျက် ရှိသည်။ သို့သော်လည်း အဆိုပါ တိုးတက်မှုမှာ မည်မျှအထိ ရောက်နိုင်မည် ဆိုသည်ကို သံသယများရှိနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြန်လည်ပေါင်းစည်းရေးမှာမူ အလှမ်းဝေးနေဆဲ ဖြစ်သည်။ သို့သော် ကြိုးစား အားထုတ်မှုများကိုမူ မြင်တွေ့ နေရသည်။ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်လက်အောက်တွင် ဆယ်စုနှစ်များစွာ ဒုက္ခခံစားခဲ့ရပြီး ယခု တဖြည်းဖြည်းထင်ရှားလာသည့် အချက်မှာ အနာဂတ်သည် ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှုကလည်း အဆုံးအဖြတ် ပြုသည် ဆိုသည့်အချက် ဖြစ်သည်။ အထီးကျန်ပြုထားရေး မူဝါဒသည် အရေးကြီး သော ကိစ္စတစ်ရပ် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အနောက်နိုင်ငံ၏ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုသည် ထင်သလောက်မပေါက်ခဲ့ပေ။ မြန်မာနိုင်ငံ အစိုးရသစ်တွင် အငြိမ်းစားဗိုလ်ချုပ်များ လွှမ်းမိုးသည် ဆိုသော်လည်း ယခုအခါဖြစ်ပေါ်တိုးတက်မှု နှစ်ခုက အစိုးရသစ်က မည်သို့ပုံဖော်မည် ဆိုသည်ကို အရေးပါစွာ တွေ့ရသည်။

ပထမတစ်ခုမှာ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံသို့ ဩဂုတ်လ ၂၁ ရက်တွင် ရောက်ရှိမည့် ကိစ္စဖြစ်သည်။ ၄င်းသည် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ် ၄င်း ရောက်မလာမီတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုအတွက် လက္ခဏာများ ဖြစ်ပေါ်နေသည်။

ယခု Quinatana ၏ ငါးရက်ကြာခရီးစဉ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးစီမံခန့်ခွဲမှု အသစ်အောက်တွင် လူ့အခွင့်အရေးအခြေအနေများကို အကဲခတ်မည်ဟု မျှော်လင့်ရသည်။ လာမည့် ကြာသာပတေးနေ့တွင် ၄င်းသည် သတိထား၍ ကြည့်ရမည့် အကောင်းမြင် သဘောထားနှင့် တိုးတက်မှု များကို ဆက်လက်စောင့်ကြည့်ရန် အကြောင်းပြချက်များ ပါရှိသည့် ကျေညာချက် ထုတ်ပြန်လိမ့်မည် ဖြစ်သည်။ ကုလသမဂ္ဂအေဂျင်စီများအပြင် အမေရိကန်၊ အီးယူတို့နှင့် ဆက်ဆံရေးလည်း ပါဝင်ပါသည်။ အမေရိကန်နှင့် အီးယူသည် မြန်မာနိုင်ငံကို စီးပွားရေးအရ တောင့်တင်းစွာ ရပ်တည်နိုင်ရေး တွင် အကူအညီပေးနိုင်သူများ ဖြစ်သည်။

အခြား အရေးကြီးသော အဖြစ်အပျက်တစ်ခုမှာ ဒေသတွင်းတွင် အာဆီယံနှင့် တိုက်ရိုက်ဆက် ဆံရေးပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၄တွင် အာဆီယံဥက္ကဋ္ဌ နေရာယူရန် တောင်းဆိုထားသည်။ ၄င်းသည် ယခင် အလှည့်ကျစဉ်က မပြီးသေးသော ပြည်တွင်းရေးကြောင့်ဟု အကြောင်း ပြ၍ ငြင်းဆို ခဲ့သည်။ထို့ကြောင့် အာဆီယံသည် မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်နေသည်။ ယခုဆိုလျှင် မျှော်လင့်ချက် အတွက် အကြောင်းပြစရာများ ရှိနေသည်။ အပေါင်းလက္ခဏာဆောင်သော လုပ်ဆောင်ချက်များ ရှိနေသည်။ နိုဝင်ဘာ (၇) ရွေးကောက်ပွဲအပြီး ရက်များ မကြာမီ တွင် ဒေါ်အောင်ဆန်းစုကြည်အား ခုနစ်နှစ်ကြာ နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ ထို့နောက်တွင် နှစ်ဖက်စလုံးသည် တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ နောက်ဆုံး စကား ပြောမှုများကို ဇူလိုင်(၂၅)တွင် စတင်ခဲ့သည်။ သုံးရက်အကြာတွင် ဒေါ်အောင်ဆန်း စုကြည်က အစိုးရနှင့် လက်နက်ကိုင်သူပုန် အုပ်စုများကို အပစ်အခတ်ရပ်ရန် တောင်းဆိုခဲ့ပြီး သူမ၏ စိတ်ပိုင်းဆိုင်ရာ သြဇာလွှမ်းမိုးနိုင်မှု၏ သန်စွမ်းမှုကို ပြသခဲ့သည်။

မကြာသေးမီရက်များအတွင်းက ဦးသိန်းစိန်အစိုးရသည် သူပုန်အုပ်စုများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း အသံပြုခဲ့သည်။ ယခုလ အတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်တွင် နှစ်ကြိမ်တွေ့ဆုံခဲ့သည်။ ယခုလလယ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ၏ဆန္ဒကို ဆန့်ကျင်လျက် ပဲခူးသို့ ခရီးထွက်ခဲ့သည်။ ခရီးထွက်လျှင် ဒုက္ခဖြစ်နိုင်ကြောင်း နေပြည်တော်မှ သတိပေး ခဲ့သော်လည်း အစိုးရတာဝန်ရှိသူများသည် သူမ၏ခရီးစဉ်တွင် အကူအညီပေးခဲ့ကြသည်။

သတင်းများ၏ အဆိုအရ သူမ၏ကားတန်းမီးပွိုင့်များ အနီးသို့ရောက်လာချိန်တွင် မီးစိမ်းပေးထားသည်ဟု ဆိုသည်။ ထို့ကြောင့် အစိုးရက လိုလိုလားလား ကူညီသည်ဟု ဆိုရမည် ဖြစ်သည့်နည်းတူ အစိုးရသည် အရာရာကို ထိန်းချုပ်ထားသည်ဟူသော လက္ခဏာဟု ယူသော် ရသည်။ ထိုရက် များအတွင်းမှာပင် ဦးသိန်းစိန်သည် နိုင်ငံခြားတွင် နေထိုင်ကြသော အစိုးရဆန့်ကျင်သူများကို ပြန်လာပြီး တိုင်းပြည်အတွက် အလုပ်လုပ်ပေးကြရန် ဖိတ်ခေါ်ခဲ့သည်။ ထိုနေ့တွင်ပင် ၄င်းသည် ဒေါ်လာငွေတန်ဖိုးကျနေမှုကြောင့် ပို့ကုန်များထိခိုက်နစ်နာမှုဖြစ်နေသော စီးပွားရေး အခြေအနေကို စိတ်မကောင်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တိုင်းပြည်အများစု အတွက်မူ သမ္မတ၏ ထိုသို့သော လုပ်ဆောင်မှုကို အဓိပ္ပါယ်များများ ကောက်ယူ လိမ့်မည် မဟုတ်သော်လည်း မြန်မာနိုင်ငံအတွက်မူ လေးနက်စွာ ထည့်သွင်းစဉ်းစားရမည့်ကိစ္စ ဖြစ်နေသည်။သမ္မတက တိုင်းပြည်မှ ထွက်ပြေးသွားသူ များ နှင့် ဒုက္ခသည်များသည် တိုင်းပြည်သို့ ပြန်လာရာတွင် ကြောက်ရွံ့နေစရာမလိုကြောင်း ပြောဆိုခဲ့သည်။ ၄င်းက လေးနက်စွာ စဉ်းစားရမည့် စီးပွားရေး အရ ပြဿနာများရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။

အစိုးရက ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် အကြံပြုရေးအတွက် IMF အား ဖိတ်ကြားခဲ့ခြင်းသည် ကောင်းမွန်သော လုပ်ရပ် ဖြစ်သည်။ IMF ၏ အကြံပြုချက် အားလုံးသည် အသုံးဝင်မည်၊မ၀င်မည် မပြောနိုင်သော်လည်း ဖိတ်ကြားခဲ့ခြင်းကပင် ပိုမိုလမ်းပွင့်ပေးမှု ကို ပြဆိုခဲ့ သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က ဦးသိန်းစိန် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးပါတီ (၃၇) ခုမှ ကိုယ်စားလှယ်များ အား နေပြည်တော်တွင် ပြုလုပ်မည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်သို့ ဖိတ်ကြားခဲ့သည်။ ၄င်းသည် ဒေါ်အောင်ဆန်းစုကြည်အတွက် မြို့တော်သစ်သို့ ပထမဆုံးခရီး ဖြစ်မည် ဖြစ်သည်။

သို့သော် နေပြည်တော်သို့ သွားရောက်ခြင်း၊ ဖိုရမ်တက်ရောက်ခြင်းထက် အရေးကြီးသော ကိစ္စမှာ သူမနှင့် ဦးသိန်းစိန် တွေ့ဆုံခြင်းပင် ဖြစ် သည်။ ၄င်းတို့၏ တံခါးပိတ်ဆွေးနွေးမှုသည် မြန်မာနိုင်ငံတွင်းရော ပြည်ပတွင်ပါ အနှစ်သာရ အပြည့်ရှိသော ကိစ္စရပ်ဖြစ်ကြောင်း နှစ်ဖက်စလုံးက သဘောပေါက်ကြသည်။ အာဆီယံသည် လာမည့် နိုဝင်ဘာလ ဘာလီတွင် ကျင်းပမည့် အစည်းအဝေးတွင် မြန်မာနိုင်ငံအား ဥက္ကဋ္ဌနေရာ ပေးရေး၊ မပေးရေး ဆုံးဖြတ်ရန် စီစဉ်ထားသည်။ ယခုနှစ် အစောပိုင်းက ဦးသိန်းစိန်သည် လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားအစိုးရ၏ သမ္မတ Susilo Bambang Yudhoyono အား ၂၀၁၄ တွင် ဥက္ကဋ္ဌနေရာ လျှောက်ထားမှုအား ထောက်ခံရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခဲ့သည်။

ယခုအချိန်အထိမူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa သည် မြန်မာနိုင်ငံသို့ အလျင်စလို သွားရောက်လိုခြင်း မရှိပေ။ အချိန် မတိုင်မီ သွားရောက်ခဲ့မည်ကို သတိထားနေခြင်းဖြစ်ြ ပီး ပြုပြင်ပြောင်း လဲရေးများ ပြုလုပ်နိုင်ရန် အချိန်ပေး ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြဿနာ ပေါင်းစုံ၏ အလယ်ဗဟိုမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်းတည်းဟူသော အချက်ပင်ဖြစ်သည်။ တစ်ချိန်က စစ်အစိုးရ ဖြစ်ခဲ့ ဖူးသော မြန်မာအစိုးရသစ် သည် တိုင်းပြည်တွင် လိုအပ်နေသော ပြုပြင်ပြောင်းလဲမှုများကို အမှန်တကယ် အလေး ထားခြင်းရှိမရှိ ပြည်သူများရော၊ အတိုက်အခံများကပါ မယုံရဲ ဖြစ်နေပါသေးသည်။ ထို့ကြောင့်နိုင်ငံ တကာ အသိုင်းအဝိုင်းကပါ ယုံကြည်မှု ပျောက်ဆုံးနေရခြင်း ဖြစ်သည်။

အာဆီယံ ကိုယ်၌ကလည်း မြန်မာနိုင်ငံကို ဥက္ကဋ္ဌနေရာအတွက် ကြိုဆိုခဲ့ရခြင်းကို နောင်တမရလိုသည် ဖြစ်ရာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလှ သည် မဟုတ်ပေ။ ယုံကြည်မှု ရှိစေနိုင်သည့် အရေးပါသည့် လုပ်ဆောင်မှုမျိုးကလည်း မရှိဖြစ်နေရာ၊ သံသယများ ကာလရှည်ကြာခဲ့ရသည်။ သို့သော် လက်တွေ့တွင် တိုးတက်မှုအမှန်တရား အချို့လည်း ရှိနေသည်။

ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဆင့်မြင့်တာဝန်ရှိသူများနှင့် ပို၍ ထိတွေ့လာခြင်း၊ တရားဝင် အခမ်းအနားများတွင် သူမ အား ပိုမိုတွေ့မြင်လာခြင်းများ ဖြစ်သည်။ ထိုအခြင်းအရာများ ဆက်လက်ဖြစ်နေလိမ့်ဦးမည်ဟု ယူဆရသည်။ တစ်ချိန်တည်းမှာပင် သူမနှင့် အာဆီယံ တို့၏ ထိတွေ့ဆက်ဆံမှုကလည်း အရေးကြီးသည်။ ယခုအထိမူ ထိုသို့ဆက်ဆံရေး လုံးဝမရှိသေးပေ။ လူတိုင်းမျှော်လင့်နေကြသော ပြုပြင်ပြောင်းလဲပြီး ဖြစ်သည့် မြန်မာနိုင်ငံကို မြင်ရရန် အချိန်ပေါ်တွင် များစွာ မူတည်နေပါသည်။ မေးရမည့်မေးခွန်းမှာ အစိုးရမူဝါဒဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မည် လော။ သို့မဟုတ် အားနည်းသော စီးပွားရေးနှင့် ဗိုလ်ချုပ်အိုကြီးများ တွဲလျက်သွားနေဦးမည်လော ဟူ၍ပင် ဖြစ်သည်။

23 August 2011

စစ်အာဏာရှင်တွေရဲ့ ကျွှန်တပါးဖြစ်တဲ့ မြတ်ခိုင် ရဲ့ မိုက်မဲမှု..။




မူရင်းဓာတ်ပုံ အမှန်..။



လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အားဖျက်ထားသောပုံ.။






မူရင်းဓာတ်ပုံ အမှန်.။
.

မေမေစု ကို ချစ်တယ်လို့ ပြည်သူတွေမေတ္တာနဲ့ ရေးထားသောစာတမ်းကိုဖျက်ထားသောပုံ..

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဓိကအကျဆုံးမှာ နိုင်ငံရေးအကျဉ်းသားကိစ္စသာဖြစ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ အကြီးအကဲတို့ တွေ့ဆုံပြီးနောက်တွင် အမျိုးသား ပြန်လည် သင့်မြတ် ရေးအတွက် အဓိကအကျဆုံးဖြစ်သော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို များစွာ မျှော်မှန်းနိုင်ကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (ဗမာ)မှ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

“ပြည်ပကလူတွေ ပြန်လာဖို့ကို ပြောနေတာထက် အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရင် လွှတ်ပေးလိုက်ရင် ကောင်းမယ်”ဟု ဆက်လက်ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများသည် နိုင်ငံချစ်စိတ်ဖြင့် နိုင်ငံ့အကျိုးကို တတ်နိုင်သည့်လမ်းမှ အကျိုးဆောင်ခဲ့ခြင်း ဖြစ်သည့်အတွက် ယင်းသို့သော နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးမှသာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မျှော်လင့်ချက်ရှိလာမှာ ဖြစ်ကြောင်း ယင်းက ဆက်လက် ဆိုသည်။

မတ်လ ၃၀ ရက်နေ့ အစိုးရသစ်တက်လာပြီးတွင် တစ်နိုင်ငံလုံးရှိ အကျဉ်းသားများအား ထောင်ဒဏ်တစ်နှစ် လျော့ပေါ့ပေးခြင်းနှင့် သေဒဏ် ကျခံနေရသူများအား တစ်သက်တစ်ကျွန်းအဖြစ် လျော့ပေါ့ပေးလိုက်သော်လည်း နိုင်ငံရေးပြစ်မှုများဖြင့် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအတွက် သိသာသာ အကျိုးမရခဲ့ကြောင်း အတိုက်ခံနိုင်ငံရေးအင်အားစုများက တညီတညွှတ် ပြောဆိုလိုက်သည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအား ပြည်ပရောက် မြန်မာအတိုက်အခံများမှ အမြဲတစေ ပြောဆိုလာသော်လည်း အကျိုး သက်ရောက်မှု မရှိခဲ့ကြောင်း၊ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်တို့ တွေ့ဆုံရာတွင် ယင်းကိစ္စအား ထည့်သွင်းပြောဆိုချိန်တွင်သာ အကျိုးသက်ရောက်မှု ရှိမည်ဟု မျှော်မှန်းလာနိုင်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“ဒီကိစ္စက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အခြေခံအကျဆုံးပဲ၊ ဒီကိစ္စသာ အဆင်ပြေရင် ငြိမ်းချမ်းရေး ကိစ္စတွေ၊ ပြည်ပရောက် မြန်မာ နိုင်ငံသား တွေ ပြန်လာဖို့ကိစ္စရပ်တွေ ဆက်တိုက် အဆင်ပြေလာနိုင်တယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်အနှံ့တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၀ ကျော်ရှိပြီး ယင်းနိုင်ငံရေး အကျဉ်းသားများမှာ ယခင် အစိုးရလက်ထက်တွင် ကျန်းမာရေးနှင့်စားဝတ်နေရေး မပြည့်စုံမှုဒဏ်ကို များစွာ ခံစားရကြောင်း သိရှိရသည်။

သတင်း...YC(KS)

အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်များ အခက်ကြုံ

အကောက်ခွန် ဦးစီးဌာန၏ တင်းကျပ်သော အရေးယူမှုများကြောင့် အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်များ လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လက အေးရှားဝေါလ်ပိုင် အလုံမြို့နယ်ရှိ မြန်မာ့စက်မှု ဆိပ်ကမ်းတွင် သတင်းအရ ရှာဖွေဖမ်းဆီးခံရသည့် တရားမဝင် ကား တင်သွင်းမှုတွင် တင်သွင်းလာသည့် ကုမ္ပဏီအား သိသာစွာ အရေးယူခြင်း မရှိဘဲ ACE အမည်ရှိ အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်ကိုသာ ရာသက်ပန် ပိတ်ပင်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိစ္စရပ်နှင့်ပက်သက်၍ ACE အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ် ကိုအေးဝင်းက "ကွန်တိန်နာမှာ ဘယ်ပစ္စည်းပါတယ် ဆိုတာကို ကျွန်တော်တို့မသိဘူး။ သိတာက ကုမ္ပဏီ၊ အရေးယူခံရတော့ ကျွန်တော်တို့ ဖြစ်နေတယ်" ဟု ဆိုသည်။

ယင်းသို့ အရေးယူခံရခြင်းမှာ နှစ်ကာလကြာမြင့်လာပြီ ဖြစ်ကြောင်း၊ ဖြစ်သည့် အခါတွင်လည်း အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ် များသာ ပြစ်ဒဏ်ကို ကြီးလေးစွာ ခံစားရကြောင်း အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ် ဦးဇော်ဦးက ဆိုသည်။

"တစ်ခါဖြစ်ရင် တစ်လပိတ်လိုက်၊ တစ်နှစ်ပိတ်လိုက်၊ ရာသက်ပန် ပိတ်လိုက်ဖြစ်နေတာများပြီ တာဝန်အရှိဆုံးဖြစ်တဲ့ ကုမ္ပဏီကိုတော့ သွင်းလာတဲ့ ပစ္စည်းတွေကို ဒဏ်ဆောင်ပြီး၊ သွင်းခိုင်းတယ်၊ ဒါမမျှတမှုပဲ"ဟု ဆက်လက်ပြောကြားသည်။

သွင်းကုန်များ တင်သွင်းခြင်းနှင့် ပတ်သက်၍ ဖြည့်စွက်ရသည့် ပုံစံတွင် အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်၊ တင်သွင်းသည့် ကုမ္ပဏီနှင့် တာဝန်ရှိသူ အကောက်ခွန် အရာရှိတို့မှ မှန်ကန်ကြောင်း လက်မှတ်ရေးထိုး ရသော်လည်း ပြဿနာ ပေါ်လာသည့်အခါတွင် အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်ကိုသာ ပြစ်ဒဏ်ချမှတ်သည့် စနစ်ကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြန်လည်သုံးသပ်စေလိုကြောင်း အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ် အများစုက တစ်ညီတစ်ညွတ်တည်း ဆိုသည်။

ဗိုလ်တထောင်ဆိပ်ကမ်းမှ အကောက်ခွန် အရာရှိတစ်ဦးက"ဒီလိုအရေးယူတာတော့ ရုံးချုပ်က ကိုင်တွယ်တာ၊ တစ်ချို့ အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်တွေက ပုံစံမှာရေးထားတဲ့ပစ္စည်းနဲ့ ပါတဲ့ပစ္စည်းမတူတာ သိပေမယ့်လည်း ဒီရောက်မှ ရှင်းမယ်ဆိုတဲ့ လုပ်ပုံတွေလည်း ရှိတော့ ပြင်းပြင်း ထန်ထန် အရေးယူရတာပါ"ဟု အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်များအား အရေးယူသည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဆိုသည်။

"ဒီလို တစ်ဖက်စောင်းနင်းကြီး ဖြစ်နေတာကြာပြီ။ အကောက်ခွန် ဦးစီးကထုတ်ပြန်တဲ့ ရုံးအမိန့်စာလုပ်သမျှ ခံနေရတယ်"ဟု အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ် ကိုအေးဝင်းက ပြောသည်။

အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်များနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မရှိသောကြောင့် ညွှန်ကြားရေးမှူးချုပ်မှ ထုတ်ပြန်သော အမိန့်စာများသည် ဥပဒေတစ်ရပ်ကဲ့သို့ အသက်ဝင်နေခြင်း ဖြစ်ကြောင်း တရားရုံးချုပ် ရှေ့နေတစ်ဦးက သုံးသပ်ပြောကြားသည်။

ယခုအခါ သွင်းကုန်၊ ထုတ်ကုန်များနှင့်ပက်သက်၍ လုပ်ကိုင်ဆောင်ရွက်နေသော အကောက်ခွန်ရှင်းလင်းရေး ကုမ္ပဏီပေါင်း ၃၀၀ ကျော်ရှိကာ၊ ယင်း ကုမ္ပဏီတစ်ခုလျှင် အဝါကဒ်ကိုင်ဆောင်သူ သုံးဦး၊ ပန်းရောင်ကဒ်ကိုင်ဆောင်သူ ကိုးဦး အနည်းဆုံးရှိကြောင်း သိရသည်။

သတင်း...YC(KS)

22 August 2011

လူ လူချင်း ဒီလို လုပ်သင့်လား သမ္မတ ကြီးရယ်..။



ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေညာချက် ၁၅ / ၀၈ / ၁၁


တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက် ခရီးသည်တင် ယာဉ်လိုင်း ပြန်လည်ပြေးဆွဲ


တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက် မထသ အမှတ်(၃)နှင့် အမှတ် (၁၀၇) ဟိုင်းလတ်ယာဉ်လိုင်းများ သြဂုတ် ၁၆ ရက်မှစ၍ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မထသ(ဗဟို)မှ သိရသည်။ အဆိုပါ တက္ကသိုလ်ရိပ်သာလမ်း တစ်လျှောက် ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲရခြင်းမှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တက်ရောက်လျက် ရှိသည့် ကျောင်းသား၊ ကျောင်းသူများ သွားလာမှု အဆင်ပြေစေရေးအတွက် တက္ကသိုလ်ရိပ်သာလမ်း တစ်လျှောက် ပြေးဆွဲခဲ့သည့် ယခင်ယာဉ်လိုင်းများအား ပြေးဆွဲရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သြဂုတ် ၂၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

ဧရာဝတီ တိုက်ပွဲ ။


ဧရာဝတီ တိုက်ပွဲ ။


ဟေ့ …
အကြောင်းဖန်မှ
ဗြောင်းဆန်အောင်
ပြောနေတာ
ဘာ … ဖြစ်လဲ..။

ဘာမှမဖြစ်ခင်က
ဘာမှမပြောခဲ့တာကို
ခုမှပြောတဲ့အခါ
ခါတော်မှီလို့ 
ထင်နေတာလား ။

ဟိုတုန်းကလည်း
မပြော ………….
ခုကျတော့လည်း
မပြော …………
အဲ………………
ပြောတဲ့သူကိုတော့
မပြောရတြဲ့သူတွေက
ဝေဖန်နေလေရဲ့ ….။

လုပ်နိုင်တဲ့သူက လုပ်ပြမယ်
ပြောနိုင်တဲ့သူက ပြောပြမယ်
နိုင်ရာဝန်ကို ယူကြတယ်
ဆိုရေးရှိမှ ဆိုအပ်ရာ၏
အချိန်သင့်မှ ပြောလို့ ရတယ်
အခွင့်ရှိမှ လုပ်လို့ ရတယ် ၊

ဒါတွေ ..ကို
သိရဲ့နဲ့
နားလည်ရဲ့နဲ့
မပြောရဲသူ
မလုပ်ရဲသူ
မပူးပေါင်း
မပါဝင်
ကိုယ့်ဘဝင်နဲ့ကိုယ်
နေသူတွေက
လုပ်နေသူတွေကို
ဝေဖန်လိုက်
ကဲ့ရဲ့လိုက်
အားအား ယားယား
မညီစကား
ဆိုလား ဆိုရဲ့
သွေးခွဲစကား
ပြောလား ပြောရဲ့
ဟေ့ …….
မကူညီလည်း
ဝင်မရှုပ်နဲ့ ….
ဧရာဝတီ ဆိုတာ
သမိုင်းနဲ့
ရာဇဝင်နဲ့
မိုးရွာမှ ဖြစ်လာတဲ့
ရေစီးချောင်း မဟုတ်ဘူး
တန်ဖိုး အဖုံဖုံ
အန္တရာယ် ကြုံ
မြစ်ဆုံကို ပူပင်လို့ 
ဒီကောင်တွေ ရင်ထဲမှာ
ပြောပြော
လုပ်လုပ်
မျိုးချစ် စိတ်ခံ
အမျိုးသားဟန်
အမျိုးသားမာန် ကို
မစော်ကားလေနဲ့ …။

ကိုဝိုင်ဝိုင်ကေ
(22.08.2011)

ပြည်သူများအား အသုံးချခဲ့သော သုံးခွမြို့နယ် မှကြံဖွတ်ပါတီ






ရွေးကောက်ပွဲကာလ ကြံဖွတ်ပါတီကို ထောက်ခံမဲပေးရင် ကျေးရွာကို မီးလင်းပြီး လမ်းပမ်းဆက်သွယ်ရေးကောင်းအောင် လုပ်ပေးမယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် တကောကျေးရွာမှာရှိသော ကျေးရွာရှိ ဥက္ကဋ္ဌ ကြီးနှင့် တကွ ရွာရှိလူအားလုံးကို ကြံဖွတ်ပါတီဝင်များက ကတိပေးခဲ့ပါတယ်။သူတို့ရဲ့ ကတိအတိုင်း ဘိလပ်မြေအိတ်အချို့ကိုလည်း ရပ်ရွာရှိ လူကြီးများထံသို့ ပို့ဆောင်စေခဲ့ပြီး ရပ်ရွာရှိ ရွာသားများရဲ့ လုပ်အားနဲ့ လမ်းကို စတင်၍ ကွန်ကရစ်ခင်းခဲ့ပါတယ်။ ပေးပို့လာသော ဘိလပ်မြေအိတ်မလုံလောက်မှု့ကြောင့် ရွာအဝင်လမ်းကိုလည်း ပြီးဆုံးအောင် ပြုပြင်နိုင်ခြင်း မရှိခဲ့ပါဘူး။

ထပ်မံတောင်းခံသည့်အခါ ရွေးကောက်ပွဲပြီးမှ နောက်ထပ်လိုအပ်တာ မှန်သမျှကို လုပ်ပေးနိုင်မယ်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။ ဒါပေမယ့်လို့ ရွေးကောက်ပွဲလည်းပြီး ယနေ့ထိတိုင်အောင် ပြောသည့်အတိုင်း လုပ်ဆောင်ပေးခြင်း မရှိသေးပါဘူး။ယခုပို့လိုက်သောပုံများမှာ မကြာသေးခင်ကမှ ရိုက်ယူခဲ့တာဖြစ်ပါတယ်။

နောက်တချက်ကတော့ကျေးရွာကို မီးလင်းပေးမယ်ဆိုပြီး ကိုယ့်အားကိုယ်ကိုး၍ ထရမ်စဖော်မာ ဝယ်ယူရခြင်းပဲဖြစ်ပါတယ်။ လမ်းမီးဓါတ်တိုင်းများမှာ မီးလင်းနေပြီဖြစ်သော်လည်း ယနေ့ထိတိုင် ကျေးရွာရှိ အိမ်များမှာ မီးစက်မောင်းသံက ကြားနေဆဲပါ။ ပြီးတော့ အစိုးရကပေးတဲ့မီးကို အသုံးပြုချင်သူတွေ အတွက် ငွေဆယ်သိန်းကျော် အိမ်တွေဆီမှ ကောက်ယူခဲ့ပြီးဖြစ်သော်လည်း ယနေ့ထိတိုင် အိမ်မှာ ဖယောင်းတိုင်မီး မြင်နေရဆဲပါ။


ဘူးသီးတို့က အမြင်မတော်တာမြင်ရတော့ ဒေါသထွက်မိပြီး အခုလို ရေးသားပးပို့ခဲ့တာပါ။ ပြည်သူကတင်မြှောက်ထားတဲ့ ခေါင်းဆောင်မဟုက်ရင်တောင်မှ ပြည်တွင်း ဒေသတွင်း ကျေးရွာတွေမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ တိုင်းပြည်ရဲ့ ပထွေး သမ္မတကြီး ဦးသိန်းဇိမ်(စိန်)တယောက် မြင်နိုင်ပါစေလို့ အမြဲဆုတောင်းလျှက်နဲ့ပဲ...........

ဘူးသီးပုပ်

သတင်းပေးပို့ ပေးသော ဘူးသီးပုပ် အားကျေးဇူးတင်ရှိပါသည်.။

ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် လုပ်ငန်းရှင်များကို ကျပ်သိန်းသုံးဆယ်ကောက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် ဆင်းရဲမွဲတေမှုလျော့ချရေးအတွက် အသေးစားငွေချေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် စက်မှုဇုန် လုပ်ငန်းရှင်များအား တစ်ဦးလျှင် ကျပ်သိန်းသုံးဆယ် ကောက်ခံနေကြောင်း သတင်းရရှိသည်။

ကားအပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက "စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီက အစည်းအဝေးခေါ်ပြီး လုပ်ငန်းရှင်တစ်ဦးကို သိန်း သုံးဆယ် အတင်းထည့်ခိုင်းတာပါ"ဟု ရန်ကုန်ခရော်နီကယ်အား ပြောကြားသည်။

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ် သိန်းသုံးဆယ် မထည့်မနေရ ကောက်ခံခြင်းဖြစ်ကာ ယင်းငွေကြေးများကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက ကိုင်တွယ်ပြီး တောင်ဒဂုံမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများအား ဝိုင်းကြီးချုပ်စနစ်ဖြင့် ငွေချေးရန် စီမံဆောင်ရွက်ထားကြောင်း သိရသည်။

တောင်ဒဂုံ စက်မှုဇုန်ရှိ စီးပွားရေးလုပ်ငန်းအချို့သည် လုပ်သားစရိတ် ကြီးမားလာခြင်း ကုန်ကြမ်းများ ဈေးမြင့်လာခြင်းစသည့် ကိစ္စရပ်များ ကြောင့် ၂၀၁၁ နှစ်ဆန်းပိုင်းမှစတင်ကာ စီးပွားရေး ကျဆင်းလာကြောင်း၊ ယင်းကြောင့် ငွေကျပ် သိန်းသုံးဆယ်ကို ထည့်ဝင်ရန် အဆင်မပြေသည့် လုပ်ငန်း ရှင်များ ရှိကြောင်း သစ်ခွဲသားစက်ရုံ ပိုင်ရှင်တစ်ဦးက ဆိုသည်။

အဆိုပါကိစ္စရပ်နှင့် ပက်သက်၍ တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ "ဆင်းရဲနွမ်းပါးမှု လျော့ချရေး ကိစ္စရပ်မှာ ပါဝင်ဖို့ကို မြို့နယ်အဆင့် တာဝန်ရှိသူတွေက စီးပွားရေး လုပ်ငန်းရှင်တွေကို အကူအညီ တောင်းရတာပါ။ ဒီကိစ္စကလည်း တိုင်းဒေသကြီး အစိုးရက လုပ်ခိုင်းလို့ လုပ်ရတာပါ။ ဘယ်သူကို ငွေချေးရမယ်ဆိုတာတော့ စာရင်း မထွက်သေးပါဘူး"ဟု ဆိုသည်။

သြဂုတ်လ ပထမ ရက်သတ္တပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တိုင်းဒေသကြီးအတွင်းရှိ မိသားစုများ၏ နေ့စဉ်ဝင်ငွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှတဆင့် စာရင်းကောက်ယူခဲ့ပြီး၊ ယင်းစာရင်းများအရ အိမ်ထောင်စုတစ်စု ရရှိသင့်သော နေ့စဉ်ဝင်ငွေ မရရှိသည့် မိသားစုများကို အဓိကထားကာ ချေးငွေပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ ဦးခင်မောင်ထွန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ စက်မှုဇုန်စာရင်းတွင် ပါဝင်သော တောင်ဒဂုံစက်မှုဇုန်တွင် ဇုန်နယ်မြေ ၃ ခုပါရှိကာ စက်ရုံ၊ အလုပ်ရုံ ပေါင်း ၃၅၀ ကျော်ရှိကြောင်း သိရှိရသည်။

ဇွန်လကလည်း ဆင်းရဲမွဲတေမှုလျော့ချရေးအတွက် ပူးပေါင်းကူညီရန်ဟုဆိုကာ မုံရွာစက်မှုဇုန်ရှိ စီးပွားရေး လုပ်ငန်းရှင်များအား ငွေကျပ် နှစ်သိန်း အတင်းအဓမ္မထည့်ခိုင်းသည့် ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့သည်။

သတင်း... YC(KS)

အစဉ်အဆက် သမိုင်းကြောင်း ကြီးမားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မြေအား ပြန်ပြောင်းအောင်းမေ့ခြင်း။



၁၉၆၂ ခုနှစ် အာဏာရူးနေ၀င်းလက်ချက် မိုင်းဖြင့် ဖြိုချဖျက်ဆီးခဲ့ ရတဲ့ ကျောင်းသားသမဂ္ဂ အဆောင်အဦးမြေနေရာ၊ အဆောင်များဖြစ်တဲ့ အမရဆောင် ရာမညဆောင် သီရိဆောင် ရတနာဆောင် အင်းလျားဆောင်၊ အင်းလျားကန်၊ ဂျပ်ဆင်၊ စာကြည့်တိုက်၊ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံကြီး၊ သစ်ပုတ်ပင်၊ လှည်းတန်းလမ်းဆုံတို့ နဲ့ အတူ ဘွဲ့ နှင်းသဘင်ခန်းမအပါအ၀င် ကျောင်းသားထုအပေါင်းရဲ့  ရင်ထဲ အသဲထဲက တွယ်တာမြတ်နိုးရတဲ့ ရန်ကုန်တက္ကသိုလ်နယ်မြေအား ပြန်လည်တွေ့ မြင်စဉ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံ သမိုင်းအစဉ်အဆက် တိုင်းပြည်ရဲ့  ရတနာမွန်မြတ်တွေကို မွေးထုတ်ပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်၊ အမျိုးသားလွတ်မြောက်ရေးအတွက် အစဉ်အလာကြီးမားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံခေါင်းဆောင်များနဲ့  တိုင်းသိပြည်သိ ပုဂ္ဂိုလ်ထူးမြတ်တွေကို ပျိုးထောင်ပေးခဲ့တဲ့ ရန်ကုန်တက္ကသိုလ်၊ မတရားမှုကို ခေါင်းငုံ့ မခံတတ် တဲ့ ကျောင်းသားစိတ်ဓါတ်ကို မြှင့်တင်ဦးဆောင်စေခဲ့တဲ့ ရန်ကုန်တက္ကသိုလ်၊ ၁၉၂၀ ခုနှစ်ကစလို့  ပထမ ဒုတိယ တတိယ ကျောင်းသားသပိတ်တွေနဲ့ အတူ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိအောင် သန္ဓေတည်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်၊ ၁၉၆၂ ခုနှစ် နေ၀င်း ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  အဓမ္မသိမ်းပိုက်ခဲ့တဲ့ လုပ်ရပ်တွေကို ဆန့် ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှု - ၁၉၇၄ ခုနှစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူ ဦးသန့်  ဈာပနကို ရိုင်းပြစွာ စော်ကားခဲ့တဲ့ အာဏာရူးတို့ ရဲ့ လုပ်ရပ်တွေ ဆန့် ကျင်တဲ့ ကျောင်းသားလှုပ်ရှားမှု - ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးကို ပေါ်ပေါက်စေခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို သမိုင်းတွင်စေခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မြေဟာ ယခုအချိန်အခါမှာတော့ အာဏာရူးတို့ လက်ချက်နဲ့  ပစ်ပယ်ခံထားရတဲ့ ကြေကွဲဝမ်းနည်းဖွယ် နေရာဒေသတစ်ခု ဖြစ်နေပါတယ်။

အာဏာရူးများ ဖြစ်ကြတဲ့ နေ၀င်း စောမောင် သန်းရွှေ နဲ့  ယခု သိန်းစိန်တို့ ရဲ့  ရိုင်းစိုင်းခဲ့တဲ့ လုပ်ရပ်တွေကို ဖြောက်ဖျက်ပစ်လို့  မရပါဖူး။

မြန်မာသမိုင်းမှာ အစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းသားထုအပေါင်းတို့ ရဲ့  ဘူမိနက်သန်နေရာ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးကိုတော့ ဘယ်သောအခါမှ မေ့ပျောက်မှာ မဟုတ်ပါဖူး။

ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့  သမိုင်းကြောင်းနဲ့  ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးဝန်းအတွင်းက သမိုင်းဝင်အဆောက်အဦးတွေ ကျောင်းသူကျောင်းသားအပေါင်းတို့  နေထိုင်ရာ ပညာသင်ကြားရာ နေရာတွေ တန်ဖိုးမဖြတ်နိုင်တဲ့အရာမှန်သမျှတွေကို မပျောက်ပျက်သွားအောင် ပြောင်းလဲပစ်ခြင်းမခံရလေအောင် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့  အထူးမေတ္တာရပ်ခံအပ်ပါတယ်။

သမိုင်းအစဉ်အလာကြီးမားတဲ့ မြန်မာအမျိုးသားတစ်ရပ်လုံးရဲ့  တော်ဝင် ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးကို ကာကွယ်ကြပါစို့ ။

ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

21 August 2011

မြန်မာပြည်က မိခင်နှင့်သားသမီးတွေ ပြန်လည်ဆုံဆည်းနိုင်ပါ့မလား...။(နီလာသိန်း)


ညနက်သန်းခေါင်မှာ ကျမအိပ်ယာကနိုးလာပါတယ်။အမှန်ကတော့ အိပ်မက်ထဲမှာ ကျမနိုးလာတာပါ။ ပန်းခြံလေးတခုထဲမှာသမီးလေးနှင့်ကျမတူတူပုန်းတမ်းကစားနေပါတယ်။ကျမကပုန်းနေပြီး သမီးလေးကလိုက် ရှာနေပါတယ်။သစ်ပင်တပင်ရဲ့နောက်ကွယ်ကနေသမီးလေးကိုကြည့်နေမိပါတယ်။ မျက်နှာမှာချိုသာ လှတဲ့ အပြုံးလေးနဲ့အလွန်ချစ်စရာကောင်းလှတဲ့သမီးလေးဟာကျမကို ပျော်ရွှင်စွာနဲ့ကြိုးစားပန်းစာလိုက်ရှာနေပါတယ်။


ကျမဆက်မပုန်းနိုင်တော့ပါဘူး။သမီးလေးကျမကိုမြန်မြန်ရှာတွေ့ပါစေလိုပါတယ်။

သမီးကိုကျမလက်နှစ်ဖက်နဲ့ပွေ့ဖက်ပြီးသူမမျက်နှာလေးကိုထပ်ခါထပ်ခါ မွှေးမွှေးပေးလိုက်ချင်ပါတော့တယ်။


သမီးလေးကို ကျမထွက်ပြမယ်လို့ ဟန်ပြင်လိုက်ပါတယ်။ဒါပေမယ့် သမီးလေးနားက အရိပ် ထဲမှာကုတ်အကျီင်္ အနက်ဝတ်ထားပြီး မျက်နှာသေနဲ့ ရုပ်ဆိုးကြမ်းတမ်းလှတဲ့ လူသုံးယောက်ကို ရုတ်ခြည်းတွေ့လိုက်ရပါ တယ်။ ကျမနောက် ဆုတ်လိုက်ရပါတယ်။ ကျမကိုသမီးလေးရှာတွေ့စေလိုပေမယ့် သူတို့ ကိုတော့ရှာမတွေ့စေ လိုပါဘူး။အပြစ်ကင်းစင်လှတဲ့ အပြုံးလေးနဲ့ ကျမကို လိုက်ရှာနေတဲ့ သမီးလေးကို ကျမ မြင်နေရပါတယ်။

“အို ....ကျမ ဘယ်လိုမှ ပုန်းအောင်မနေနိုင်တော့ပါဘူး။ အို...သမီး မေမေ ပုန်းမနေနိုင်တော့ဘူးကွယ်။
မေမေ့ကို သမီးရှာတွေ့လိုက်ပါတော့”။

ဒီနောက်မှာတော့ သူတို့တွေက ကျမကို ဆွဲခေါ်သွားပြီး အသူတရာ ချောက်ထဲကိုပစ်ချလိုက် ပါတော့တယ်။ကျမလည်း အိပ်မက်ဆိုးကနေ လန့်နိုးလာခဲ့ပြီး ကျမပါးပြင်မှာမျက်ရည် စက်တချို့နဲ့.။ကျမ သမီးကိုခွဲခွာနေရတာခုဆိုရင်ဆယ်လနီးပါးရှိလာပါပြီ။ပြီးခဲ့တဲ့ နှစ်သြဂုတ်လ မှာကျမတို့အိမ်တံခါးကို ညနက် သန်းခေါင် လာခေါက်တဲ့အသံကျမတို့ရဲ့ဘဝတွေကိုကြေကွဲ ဖွယ်ပြောင်းလဲစေခဲ့ပါတယ်။

ကျမအမျိုးသားကိုဂျင်မီလို့ အသိများကြတဲ့ကိုကျော်မင်းယုကို စစ်အာဏာရှင်တိုရဲ့ လုံခြုံရေးတပ်ဖွဲဝင်တွေ က၂၀၀ရသြဂုတ်လ၂၁ရက်နေ့ညမှာခေါ်ဆောင်သွားပါတယ်..။ကျောင်းသားခေါင်းဆောင်ဟောင်းတွေနှင့်နိုင်ငံ
ရေးအကျဉ်းသားတွေစုစည်းထားပြီး “၈၈ မျိုးဆက်ကျောင်းသားများ”လို့ခေါ်တဲ့ ထင်ရှားတဲ့ အတိုက် အခံအုပ်စုမှာ သူဟာခေါင်းဆောင်တယောက်ဖြစ်ပါတယ်။

သူနဲ့အခြားခေါင်းဆောင်များကိုသူတို့ရဲ့ အိမ်တွေကနေ ထိုညမှာပဲ အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင် သွားပါတယ်..။မတည်ငြိမ်မှုများဖြစ်အောင် ဖန်းတီးနေပြီး အုံကြွမှုများဖြစ်အောင် လှုံဆော်ခဲ့ပါတယ်။ ကျမ ကိုယ်တိုင် ကျောင်းသား လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ဖူးပြီးနိုင်ငံရေးအကျဉ်းသားလည်း ဖြစ်ဖူးတာမို့ ကျမ အမျိုးသားနှင့်သူအပေါင်းအသင်းတွေဟာ စစ်အာဏာပိုင်တွေ ရဲ့စစ်ကြောရေးစခန်းတွေ မှာဘယ်လောက်ထိနှိပ်
စက်ညှင်းပန်းခံရမယ်ဆိုတာကျမကောင်းကောင်း သိရှိနေပါတယ်..။

ဒါကြောင့် ကျမကိုဖမ်းဖို့ သူတို့နောက်တခေါက် လာတဲ့အချိန်မှာ ကျမဟာသမီးလေးနှင့် အတူထွက်ပြေး ပုန်းအောင်ခဲ့ ရပါတယ်။မြန်မာပြည်မှာ လွတ်လပ်မှု၊တရားမျှတမှု ၊နှင့် ဒီမိုကရေစီေ ပ်ါထွန်းရေး အတွက်အခြားရဲဘော် ရဲဘက်များနှင့် အတူ“၈၈မျိုးဆက်ကျောင်းသား များ”ကိုဦးဆောင် လှုပ်ရှားမှုတွေကို ကျမတို့ ဆက်လက်ပြုလုပ်ခဲ့ ပါတယ်။ကျမ အဖမ်းမခံရပါဘူး။

ဒါပေမယ့် ပုန်းအောင်းဖို့ အတွက် တနေရာကနေ တနေရာကို လျှိ့ဝှက်ရွေးရတာဟာ အလွန်တရာခက်ခဲပြီး အသည်းထိန်စရာပါပဲ။ ဒီဒုက္ခတွေကို ကျမသမီးလေးလည်းမျှဝေခံစားနေရတာ ကျမ မကြည့် ရက်တော့ပါဘူး။ဒါကြောင့်သြဂုတ်လ ကုန်မှာကျမသုံးလအရွယ်သမီးငယ်ကိုကျမမိဘတွေဆီပြန် ပို့ထားဘို့ ဆုံးဖြတ်လိုက်ရပါတယ်။ ယခုချိန်မှာ ကျမသမီးလေးကိုအရမ်းလွမ်းနေပါတယ်..။

မိမိအိမ်မှာ နှစ်ပေါင်းများစွာ အထိန်းသိမ်းခံနေရတဲ့ အန်တီရှိရာတက္ကသိုလ် ရိပ်သာလမ်းကို ကျမရဲ့စိတ်တွေ ပျံလွင့်သွားပါတယ်။ကမ္ဘာကြီးတွင် တဦးသောအကျဉ်းကျ ခံငြိမ်းချမ်းရေးနိုဘယ်ဆု ရှင်ဒေါ်အောင်ဆန်းစုကြည် ဟာ ဇွန်လ ၁၉ရက်သူမရဲ့၆၃နှစ်ပြည့်မြောက်မွေးနေ့ကိုအထိန်းသိမ်းခံဘဝနဲ့တဦးတည်း ကုန်ဆုံး ရတော့မှာဖြစ်ပါတယ်။

သူမ(အန်တီ)လည်းသားနှစ်ယောက်ကိုသတိရမှာပါပဲ။သူမ(အန်တီ)ရဲ့စိတ်ဓာတ်အင်အားကြံ့ခိုင်မှုနှင့် ခိုင်မာ တည်ကြည်တဲ့စိတ်ပိုင်းဖြတ်မှုတွေဟာကျမကိုယ်တိုင်နှင့်မြန်မာပြည်က အမျိုးသမီးများ စွာကိုတရားမျှတမှု အတွက်ရပ်တည် လာကြဖို့လမ်းပြကူညီခဲ့ပါတယ်။ ကျမတို့ရဲ့ လှုပ်ရှားမှုကိုခေါင်းဆောင် မှုပေးခဲ့ပြီးကျမတို့နဲ့ တသွေးတည်းဖြစ်နေတဲ့ သူမ (အန်တီ)ကို ကျမကျေးဇူးအထူးတင်ပါတယ်။ကျမတို့ဟာသူမ(အန်တီ)ရဲ့သမီးတွေ သားတွေလိုဖြစ်နေတာမို့သူမ(အန်တီ)လည်းကျမတို့ကိုသတိရနေမှာပါ။

ကျမတို့တိုင်းပြည်ကို အင်းအားတွေ၊ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေသုံးပြီး အုပ်ချုပ်နေတဲ့စစ်တပ်ကြောင့် မြန်မာပြည်က မိခင်တွေနဲ့ ကလေးတွေဟာအတင်းအဓမ္မခွဲခွာခြင်းခံနေကြရတယ်(ဝမ်းနည်းစွာဖြင့် ကွဲ ကွာနေကြရတယ်) ဆိုတာကို(အန်တီ)ရဲ့အဖြစ်အပျက်တွေကကမ္ဘာကို သတိပေးနေ သလိုပါပဲ။

ဲငြိမ်းချမ်းသော နည်းလမ်းဖြင့်လွတ်လပ်မှု ၊တရားမှုတမှု၊ နှင့်ဒီမိုကရေစီရေးအတွက်ယုံကြည်ချက်ခိုင်မာတဲ့ သူတို့ရဲ့ပြင်းပြတဲ့ ဆန္ဒတွေကြောင့် မြန်မာပြည်က မိခင်ပေါင်းထောင်ပေါင်း များစွာဟာအသတ်ခံကြရ၊ထောင်ချ
ခံကြရ၊ညှင်းပန်းနှိပ်စက်ခံကြရ၊တိုင်းပြည်ကနေစွန့်ခွာထွက်ပြေးကြရ၊ပုန်းအောင်းနေကြရတာတွေရှိပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။၂၀၀၈ခုနှစ် ဇွန်လ ၁၉ရက်နေ့ မှာနယူးယောက်ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်
“အမျိုးသမီး ၊ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲ တခုကိုကျင်းပပါတော့မယ်။၂၀၀၀ခုနှစ်
အောက်တိုဘာလက တညီတညွတ်တည်းဆုံးဖြတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ကို အခြေခံပြီးနှစ်စဉ်ပြုလုပ်တဲ့ဆွေးနွေးပွဲပါ။

အဲဒီဆုံးဖြတ်ချက်မှာ-

လက်နက်ကိုင်ပဋိက္ခဖြစ်နေသည့် အခြေအနေ များတွင် လိင်ကွဲပြားမှုအပေါ် အခြေခံ သည့်အကြမ်းဖက်မှု၊အထူးသဖြင့် မုဒိမ်းကျင့်ခြင်း၊အခြားသော ပုံစံမျိုးဖြင့် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှု
များနှင့် အခြားသောပုံစံ အမျိုးမျိုးသော အကြမ်းဖက်မှုများ အားလုံးမှအမျိုးသမီးများ နှင့်မိန်းကလေးများ အားအကာအကွယ်ပေး နိုင်ရေး အတွက် အထူး အရေးယူဆောင်ရွက်မှုများ ကိုပြုလုပ်ရန် လက်နက်ကိုင်ပဋိက္ခတွင်ပါဝင်ပတ် သက်နေသည့် အဖွဲ့အစည်းများအားလုံးကို တိုက်တွန်းသည်။

အမျိုးသမီးများနှင့် မိန်းကလေးများအပေါ်လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ဆိုင်သည့်အမှုများ အပါအဝင်စစ်ရာဇဝတ်မှုများ၊ လူသားမဆန်သည့်ရာဇဝတ်မှုများ အတွက်တာဝန်ရှိ သူများ၊ ကျူးလွန်သူများ အားဥပဒေမှ ကင်းလွတ်ခွင့်ပြုခြင်းများကို အဆုံးသတ်စေပြီးဥပဒေ ကြောင်းအရ အရေးယူရမည်။

ထိုကဲ့သို့ အရေးယူဆောင် ရွက်ရန်အတွက် အဆင့်ဆင့်တာဝန်ရှိ သူများအားအားလုံး အနေဖြင့် တာဝန် ရှိနေကြောင်းကိုအလေး အနက်ပြုထားစေလိုသည်။သို့အတွက်ကြောင့် လွတ်ငြိမ်းချမ်းသာ ခွင့်ဥပဒေကြောင်းများ မရသက်သာ ပိုင်ခွင့်များပေးရာတွင်အထက်ပါရာဇဝတ်မှု များ အကျုံးဝင်ချင်း မရှိစေရန်အတွက် လိုအပ်ကြောင်းအလေးအနက်ထောက်ပြလိုပါသည်။

ထိုဆွေးနွေးပွဲတွင် သဘာပတိအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာကွန်ဒိုလီဇာရိုက်စ်ဆောင်ရွက် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။အမျိုးသမီး၊ငြိမ်းချမ်းရေးနှင့် လုံခြုံးရေးဖွဲ့ဖြိုးတိုးတက်မှုတွေအတွက် ကမ္ဘာ့ခေါင်းဆောင်တွေအများအပြားပါဝင်ဆွေးနွေးကြပါလိမ့်မယ်။သူတို့တွေ မြန်မာပြည်ကိစ္စကိုဆွေးနွေးကြ ပါ့မလား။စစ်အာဏာရှင်တွေရဲ့ပုံစံအမျိုးမျိုးသောမတရားပြုကျင့်မှု ဒဏ်တွေကို ခံစားနေကြရ တဲ့မြန်မာ အမျိုးသမီးတွေနှင့် ဒေါ်အောင်ဆန်းစုကြည် ကို သူတို့တွေ အမှတ်ရကြပါ့မလား။

ယနေ့အချိန်အခါတွင် ပဋိပက္ခကြီးနှစ်ခု မြန်မာနိုင်ငံမှာရှိပါတယ်။ တခုကတော့မြန်မာနိုင်ငံအရှေ့ဘက်ခြမ်းမှာ အများဆုံးဖြစ်ပျက်နေသော တပ်မတော်နှင့် တိုင်းရင်းသားအတိုက်အခံအင်အားစု အများအကြား တောက် လောက်ေ န ဆဲနှစ်၅၀ ကျော်ကြာခဲ့ပြီးဖြစ်တဲ့ ပြည်တွင်းစစ်ဖြစ်ပါတယ်။

ဒီ တိုင်းရင်းသားဒေသတွေက တိုင်းရင်းသူ အမျိုးသမီးတွေနှင့် မိန်းကလေးတွေ၊ တချို့ဆိုရင် ဆယ်နှစ် အရွယ်လောက် သာရှိသေးတဲ့မိန်းကလေးတွေဟာတပ်မတော်သားတွေ့ရဲ့ အဓမ္မပြု ကျင့်ခြင်းများကို ခံနေရ ပါတယ်။အဲဒီတပ်မတော်သားတွေဟာလည်းသူတို့ကျူးလွန် နေတာတွေ အတွက် ဥပဒေအရ အရေးယူ ခံရဖြင်းမျိုးမရှိခဲ့ပါဘူး။တပ်မတော်သားများဟာသူတို့ရဲ့ စစ်ပစ္စည်း များတွေနှင့် စားနပ်ရိက္ခာတွေ သယ်ယူဘို့အတွက်အမျိုးသမီးများကိုပေါ်တာအဖြစ် နှင့်နေဖက်မှာခိုင်းပါတယ်။ ညဖက်မှာတော့ လိင်ဖျော်ဖြေဖို့အတွက် ခိုင်းပါတယ်။သက်သေ အထောက်အထားများကို ဖျောက်ဖျက်ဖို့အတွက် ရက်စက်စွာ သတ်ဖြတ်ခံ ကြရခြင်းဖြင့် အမျိုးသမီးအများစုဟာ ဆုံးပါးကြရပါတယ်။

နောက် ပဋိပက္ခကြီးကတော့ ငြိမ်းချမ်းရေးနည်းလမ်းဖြင့်လွတ်လပ်မှု၊တရားမျှမှု၊နှင့် ဒီမိုကရေစီ ကိုတောင်း ဆိုနေကြတဲ့လက်နက်မဲ့ပြည်သူပြည်သားများနှင့်မိမိပြည်သူပြည်သားများ ကို လက်နက်အား ကိုအုပ်ချုပ်နေတဲ့ စစ်အာဏာရှင်များအကြားဖြစ်ပွားနေတဲ့ အနှစ် ၂၀ကြာတိုက်ပွဲပဲဖြစ်ပါတယ်။

လှုပ်ရှားမှုအမျိုးသမီးများစွာဟာ ရိုက်နှက်ခံကြရ၊ ဖမ်းဆီးခံကြရ၊ ညဉ်းပန်းခံရပြီးနောက် မှာတော့ အကျဉ်းထောင်များထဲမှာနှစ်ပေါင်းများစွာထိန်းသိမ်းခံခဲ့ကြရပါတယ်။စစ်ဆေးမေး မြန်းသူတွေ နဲ့ထောင် တာဝန်ရှိ သူတွေရဲ့မဖွယ်မရာစော်ကားမှုများ၊နိုင်ထက်စီးနှင်းပြုလှုပ်ရှားမှုများ ကို လှုပ်ရှားသူ အမျိုးသမီး အများ အပြားကြုံတွေ့ကြရပါသည်။

အမေဖြစ်သူကို ဖမ်းဆီးနိုင်ဖို့ အတွက် အာဏာပိုင်တွေဟာ ကလေးတွေကိုဒားစားခံအဖြစ် အသုံးချ တာတွေလည်းရှိပါတယ်။ အကျဉ်းထောင်ထဲမှာ မိခင်နှင့်အတူရှိနေတဲ့ ကလေးတွေ၊အကျဉ်းထောင်ထဲမှာ့ဲ့ပဲမွေးဖွားခဲ့တဲ့ ကလေးတွေ အမြောက်အများရှိပါတယ်။

နာဂစ်ဆိုက်ကလုန်းမုန်းတိုင်းဒဏ်နှင့် မုန်းတိုင်းအပြီးငတ်မွတ် မှုတွေကူးစက် ရောဂါတွေနဲ့သေပါလေ့စေ ဆိုပြီးစစ်အာဏာပိုင်တွေကပစ်ထားတာကြောင့်ဆိုးဝါးစွာဒုက္ခရောက်နေကြ တဲ့လူဦးရေနှစ်သန်းခွဲ အနက်မှာ အနည်းဆုံးတသန်းကျော်ဟာအမျိုးသမီးနှင့်မိန်းကလေးတွေပါ။ မုန်းတိုင်းဘေးမှ အသက်အန္တရာယ် လွတ်မြောက်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင် သုံးသောင်းခွဲကျော်မှာ အလွန် တရားစိုးရိမ်ရ တဲ့အခြေ အနေရှိတယ်လို့
ကုလသမဂ္ဂမှ ကျွမ်းကျင်သူတဦးက အခုရက်ပိုင်းအတွင်းမှာပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်ဗိုလ်ချုပ်ကြီးတွေ ဆီက
ကူညီစောင့်ရှောက်မှုကတော့ သူတို့တွေလုံးဝမရကြပါဘူး။

အခုဆွေးနွေးပွဲအတွင်းမှာ ဒေါက်တာရိုက်စ် နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအခြားခေါင်းဆောင်များ အနေနှင့်မြန်မာအမျိုးသမီးတွေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အလေးအနက် ထားဂရုပြုကြလိမ့်မယ် လို့ကျမမျှော်လင့်ပါတယ်။ ဆုံးဖြတ်ချက်၁၃၂၅ဟာ ထူးခြားတဲ့တိုး တက်ပြောင်းလဲမှုတစ်ခုပါ။

ဒါပေမယ့်လည်းဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်မှုနှင့် အကျိုးသက်ရောက်မှုရှိအောင်ဆောင်ရွက်မှုတွေ ကတော့မေးခွန်းထုတ် စရာဖြစ်နေဆဲပါ။အစိုးရ ကိုယ်နှိုက်က လူ့အခွင့်အရေးချိုး ဖောက်သူဖြစ်နေခဲ့ ရင်မုဒိမ်းမှုများကျူးလွန်ဖို့နှင့်လိင်ကွဲပြားမှုအပေါ်အခြေခံတဲ့အကြမ်းဖက်မှုမျိုး ကဲ့သို့သော လူသားမဆန် သည့်ရာဇဝတ်မှုများကို ကျူးလွန်း ဘို့ ညွန့်ကြားနေတဲ့ လူဖြစ်ခဲ့ရင် ကျမတို့မြန်မာ အမျိုး သမီးတွေ ကိုဘယ်သူကယ်တင်ပေးမှာလဲ။ကလေးတွေနှင့်အမေတွေပျော်ရွှင်စွာ ပြန်ပေါင်း ထုတ်နိုင်ဖို့ ဘယ်သူက အာမခံဆောင်ရွက်ပေးမှာလဲ။

အချို့ဗြူရိုကရက်တွေ ရဲ့“ပျားရည်နဲ့ ဝမ်းချ”တဲ့ မူဝါဒတွေ ဟာ အလွန် ရှက်စရာပါပဲ။မြန်မာအမျိုးသမီးတွေကို ချက်ချင်း လက်ငင်း ကူညီဖို့ အတွက် မဖြစ်မနေလိုအပ်နေတာကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကနေထိထိရောက်ရောက်နှင့်အလျင်အမြန်အရေးယူဆောင်ရွက်မှုပဲဖြစ်ပါတယ်။ ဆွေးနွေး တာတွေထား ပါတော့အရေးယူမှုတွေ စလုပ်ကြပါတော့။ကျမသမီးလေးနဲ့ကျမ ပျော်ရွှင်စွာပြန်လည် ဆုံးဆည်း ပါရစေ။

နီလာသိန်း
၈၈မျိုးဆက်ကျောင်းသား
ရန်ကုန်၊မြန်မာနိုင်ငံ။


The Nation, June 19, 2008 တွင်ပါရှိသော Who will save Burma's Women and Children? by Nilar Theinကိုမြန်မာဘာသာဖြင့်ပြန်လည် တင်ပြ ပေးခြင်းသာဖြစ်ပါတယ်။

ပေးပို့ ပေးသော ငယ်သူငယ်ချင်းအား ကျေးဇူးအထူး တင်ရှိပါတယ်..။