18 September 2011

သမ္မတအကြံပေး ဦးမြင့်မှ ကချင်ခေါင်းဆောင်၏ မြစ်ဆုံစီမံကိန်းနှင့်ဆက်စပ်သည့် ရေးသားချက်အား ထောက်ခံ

သမ္မတ၏ စီးပွားရေးအကြံပေးပညာရှင် ဦးမြင့်သည် ဧရာဝတီမြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ကချင်ခေါင်းဆောင် ဒူဝါဇော်ဂမ်၏ ရေးသားချက်များအား ထောက်ခံပါကြောင်း စက်တင်ဘာ ၁၆ ရက်နေ့က အီမေလ်းတစ်စောင် ဖြန့်ဝေခဲ့သည်။

အဆိုပါ အီမေလ်းတွင် ဧရာဝတီမြစ်ဆုံစီမံကိန်း တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံ အနေဖြင့် ရေအားလျှပ်စစ်ရဖို့၊ မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိမ်းချုပ်ဖို့ ရေကာတာကို ဗုံးတစ်လုံးထောင်ထားသလို လုပ်ထားခြင်း ဖြစ်ကြောင်း ဒူဝါဇော်ဂမ်အမြင်နှင့် ပြောဆိုချက်များ ပါဝင်သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းအား ဆက်လက်လုပ်ကိုင်ရန် သင့်၊ မသင့်ကို လာအိုနိုင်ငံနှင့် ကမ်ဘောဒီးယားနိုင်ငံတွင် ရုံးစိုက်သော Maekoung River Commision သို့ တင်ပြရန်လိုကြောင်း ဦးမြင့်၏ပေးစာတွင် ဖော်ပြထားသည်။

ရိုးရိုးရေကြီးပါက ပြေးနိုင်ကြောင်း၊ တာတမံကျိုးပါက ပြေးချိန်မရကြောင်း ဒူဝါဇော်ဂမ်၏ အကြံပြူချက်တွင် ဖော်ပြထားသည့်အပြင် ၁၉၈၇ ခုနှစ် နှင့်၂၀၀၄ ခုနှစ်တို့တွင် ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တာကျိုးမှုများကို ပြန်ပြောင်းပြောဆိုထားသည်။

လက်ရှိဆောင်ရွက်ရန် ပြင်ဆင်နေသော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက် မှုကြောင့် ဖြစ်လာနိုင်သည်များကို မြန်မာ၊ တရုတ် နှစ်နိုင်ငံ ခေါင်းဆောင် များအနေဖြင့် ပြန်လည်စဉ်းစားစေလိုကြောင်း ဒူဝါဇော်ဂမ်က ဆက်လက်အကြံပြုထားသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းလုပ်ဆောင်ရန် ၂၀၀၆ ခုနှစ်က တရုတ်ရေအားလျှပ်စစ်ကုမ္မဏီဖြစ်သည့် (CPI)နှင့် တပ်မတော်အစိုးရတို့ကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် စီမံကိန်းကို စတင်လုပ်ဆောင်ခဲ့သည်။

ယင်းစီမံကိန်းအား ရှစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာ ၁၁ ရက်နေ့တွင် သတင်းမီဒီယာများအား ကြေညာခဲ့သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီမြစ်နှင့်ဆက်စပ်လုပ်ကိုင် အသက်မွေးနေရ သည့် ပြည်သူ လူထုနှင့် မြစ်ဆုံဆည်များ အနီးတွင် နေထိုင်သော ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ်ထိခိုက်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြ သတိပေးထားသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းရေးလုပ်ငန်းများအား ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန လေးခုနှင့် ပြည်သူ့ လွှတ်တော်မှ ကော်မီတီလေးရပ်တို့ ပူးပေါင်းဆောင် ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တိုက်တွန်းပြောကြားထားကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရသိရသည်။

သတင်း...YC(KS)