20 September 2011

ပျဉ်းမနားမြို့မှမွေးကင်းစ ကလေးငယ်အားရေစိုဝတ်အနှီးပိတ်စဖြင့်အချိန်ပြည့်ပတ်ပေးနေရ..။


နေပြည်တော် ပျဉ်းမနားမြို့၊ ရွာကောက်အုပ်စု၊ ပန်းခင်း ၃ ရပ်ကွက် တွင် ကလေးငယ်တစ်ဦး မွေးဖွားပြီး ၅ ရက်မှ စတင်ကာ ရေစိမ် ထားသော အနှီးပိတ်စဖြင့် အချိန်ပြည့်ပတ် ပေးနေရ သည့် ဖြစ်ရပ်ဆန်း တစ်ခုအား ဗီးနပ်စ် သတင်းအဖွဲ့မှ သွားရောက် လေ့လာခွင့် ရခဲ့သည်။ ဦးစိုးနိုင်+ မထားထားရီ တို့မှ သားဦးရတနာ မောင်လှမျိုးကို ၂၅-၅- ၂၀၁၁ နေ့ နံနက် ၄ နာရီခွဲက ပျဉ်းမနားမြို့ ခုတင် ၂၀ဝ ပြည်သူ့ ဆေရုံ ကြီး၌ ဖွားမြင်ခဲ့သည်။

မွေးဖွားပြီး ၅ ရက်ပြည့်သောနေ့တွင် ကလေးငယ်မှာ ချွေးများပျံလာပြီး ငိုသဖြင့် ခုတင် ၂၀ဝ ဆေးရုံကြီးမှ ဆရာဝန်များနှင့် တိုင်ပင်ရာ ရေစိုဝတ်ပတ်ထားပေးရန် ဆရာဝန် ညွှန်ကြားသည့်အတိုင်း မိခင်၊ ဖခင်များမှ ရေစိုဝတ်ဖြင့် ပတ်ပေးထားလိုက်ရာ အငိုတိတ်သွားခဲ့ သည်။ ၁၅ မိနစ် အကြာတွင် ၎င်းရေစိုဝတ်သည် ပကတိ အနေအထား အတိုင်း ခြောက်သွေ့သွားပြီး ကလေးငယ်မှာ ဇောချွေးများ ပြန်ထွက်လာ ပြီး ငိုပြန်သဖြင့် ရေစိုဝတ်၊ အနှီးတို့ဖြင့် အဆက်မပြတ် ပတ်ပေးထားခဲ့ သည်ဆို၏။

ထိုကဲ့သို့ ရေစိုဝတ်ဖြင့် အဆက်မပြတ်ပတ်ပေးထားရသည် မှာ မွေးဖွားပြီးမှ ယနေ့ထိပင်ဖြစ်သည်။ အိပ်စက်ချိန်မှလွဲ၍ မိခင်၊ ဖခင် နှစ်ဦးစလုံးက ပွေ့ချီထားရပြီး မိခင်၊ ဖခင် နှစ်ဦးစလုံးမှာ ကလေး၏ ရေစို အအေးဒဏ်ကြောင့် မကြာခဏ ဖျားနာခြင်း ဖြစ်ပွားခဲ့ရသည်ဟု ၎င်းတို့၏ ပြောပြချက်အရ သိရသည်။ “ကျွန်မတို့မှာ သားဦးရတနာ ပထမဆုံးရခြင်း ဖြစ်ပါတယ်။ “သားဦး” ဆိုတော့ သူရဲ့ဖခင် အလုပ်သွားနေချိန်မှာ ကျွန်မ ကိုယ်တိုင် မိခင်တစ်ယောက်ပီသစွာ ပြုစုစောင့်ရှောက်ပါတယ်။ ကလေးက ၂၄ နာရီမှာ အိပ်နေတဲ့ အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ ယခုလို ရေစို အဝတ်၊ အနှီးပဲ ပတ်ထားပေးရပါတယ်။

ကလေးမှာ ဘာရောဂါမှ ယနေ့ အချိန်အထိ မဖြစ်ဖူးသေးပါဘူး” ဟု မိခင် မထားထားရီက ဗီးနပ်စ်သတင်း ဂျာနယ်သို့ ပြောကြားသည်။ ကလေးငယ်၏ ဖခင် ဦးစိုးနိုင်နှင့် မိခင် မထားထားရီ တို့သည် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှ နေပြည်တော် ပျဉ်း မနားမြို့သို့လာရောက်၍ ပန်းရံလုပ်သားဘဝဖြင့် ဝင်ငွေရှာဖွေကာ မိသားစု ဘဝ တည်ဆောက် နေကြသူများ ဖြစ်ကြသည်။

သတင်း... မိုးကျော်သူ (နေပြည်တော်)