01 May 2012

NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများကြိုဆို ကိုမင်းကိုနိုင်ရဲ့ တုန့်ပြန်မှု

  ကိုမင်းကိုနိုင်ရဲ့ တုန့်ပြန်မှု 

 "ဒေါ်အောင်ဆန်းစုကြည်ဟာ သဘောထားတင်းမာသူ၊ စေ့စပ်ညှိနှိုင်းလို့ မရအောင် ခေါင်းမာသူ မဟုတ်ဘူး ဆိုတာကို သက်သေပြတာကတော့ နံပတ် တစ်အချက်ပါပဲ။ သူဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်မယ်ဆိုရင် သူတို့ ကိုင်စွဲထားတဲ့မူတွေက အစ ပြန်ပြီးတော့ သုံးသပ်တယ်။ သင့်တင့် လျှောက်ပတ်တဲ့ အဖြေကို ထုတ်တတ်တယ်ဆိုတာ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။ နောက်တခုက လည်း စေ့စပ်ညှိနှိုင်းပြီးတော့ အဖြေရှာတယ်ဆိုတဲ့ အပေါ်မှာ အခုလို အလုပ်ဖြစ်မြောက်ရေးအတွက် လိုက်လျောသင့်တဲ့ ကိစ္စတွေကို လိုက်လျောတယ်ဆိုတာ ကောင်းတဲ့ အစဉ်အလာပါ။

 နောက်တခုက မဲဆန္ဒရှင် ပြည်သူတွေက ယုံကြည်မှု အားပြန်ပြီးတော့ ကောင်းလာတယ်။ ပထမ စိုးရိမ်ကြောင့်ကျမှုတွေအားလုံးကိုလည်း ဖယ်ရှားလိုက်နိုင်တယ်။ အားလုံးဟာ ရွှင်မြူးတက်ကြွသွားတာကို တွေ့ရတယ်။ ဒီတခါ တယာက်တလှည့် အလျှော့ပေးကြတယ်ဆိုတာ အင်မတန် လှတဲ့ ပုံရိပ်ပါ ခင်ဗျ။" NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မကြာခင်မှာ ကျမ်းသစ္စာ ကျိန်ပြီးလွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကြိုဆိုလိုက်ပါတယ်။ 

 ပွင့်လင်းလူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးအတွက် ရှမ်းပြည်နယ်ကို ရောက်ရှိနေတုန်း ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်တာပါ။ ရွေးကောက်ပွဲမှာ အနိုင်ရပြီး နောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကျမ်းကျိန်လွှာပါ စာသားထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့ စာသားအစား ၊ လေးစားလိုက်နာပါမည် ဆိုတဲ့စာသားကို ပြင်ဆင်ပေးဖို့ NLD ပါတီက တောင်းဆိုရာက ၊ ဧပြီလ (၂၃) ရက်နေ့က လွှတ်တော်ကို မတက်ရောက်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

သတင်း... RFA