04 May 2012

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဦးနေမျိုးဝေအား ခေါ်ယူသတိပေး

လယ်သမားများမှ လယ်အတင်းအဓမ္မအသိမ်းခံရသည့်ကိစ္စနှင့် ပတ်သက်၍ မတူကွဲပြားခြားနားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ထုတ်ဝေသည့် စာစောင်၌ ရေးသားဖော်ပြခြင်းကြောင့် ၎င်းတို့အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ခေါ်ယူသတိပေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ဆက်လက်ပြု လုပ်ပါက ပါတီဖျက်သိမ်းသည့်အဆင့်အထိ ရောက်သွားနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ယင်းပါတီမှ အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
“ဖြစ်တာကတော့ ဒီဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားတွေပြဿနာဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ မနှစ်ကလယ်သမားတွေရဲ့ လယ်တွေကို မတ ရားသိမ်းယူမှု လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖော်ပြတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနကထုတ်တဲ့ ကြေညာချက်တွေနဲ့ ငြိတယ်ဆိုပြီး ခေါ်တယ်။ ပြီးတော့ စာစောင်ထုတ်ဝေတဲ့ ဦးတင်မောင်အေးနဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဝေတို့ကို လက်မှတ်ထိုးခိုင်းတယ်ပေါ့။ ပြီးတော့လည်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး ရေနက်ဆိပ်ကမ်းအရှုပ်တော်ပုံဆိုတဲ့ ခေါင်းစဉ်နဲ့ မြေသိမ်းတဲ့ ကိစ္စနဲ့ လျော်ကြေးမပေးတဲ့ကိစ္စတွေကို ဖော်ပြခဲ့တာကြောင်းလည်း နောက်တစ်ကြိမ်ခေါ်ပြီး လက်မှတ်ရေးထိုးခိုင်းပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကော်မရှင်က နောက်တစ်ခါထပ်ဖြစ်ရင် ပါတီပါ ဖျက်သိမ်းရနိုင်တယ်လို့လည်း ပြောပါတယ်”ဟု ၎င်းမှ ဆက်လက်ပြောသည်။
ယင်းကဲ့သို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ခေါ်ယူသတိပေးခြင်းသည် ၎င်းတို့စာစောင်မှ ရေးသားမှုများမှာ တည်ဆဲဥပဒေများနှင့် ငြိ စွန်းနေခြင်းကြောင့် ပါတီဖျက်သိမ်းခြင်းခံရနိုင်သည့်အဆင့်အထိ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုရာတွင် ယင်းပါတီမှ ဥက္ကဋ္ဌ ဦးနေမျိုးဝေမှ ၎င်းတို့သည် ပါတီစတည်ထောင်သည့်အချိန်မှ စ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား အငြင်းပွားဖွယ်ရာကိစ္စများ ဖြစ်သည့် လုပ်ဆောင်မှုများအား လုပ်ဆောင် မည်ဟု ကြိုတင်အသိပေးပြီးဖြစ်ကြောင်းနှင့် ပါတီဖျက်သိမ်းပါကလည်း စိုးရိမ်ဖွယ်ရာမရှိကြောင်း ပြောကြားသွားခဲ့သည်ဟု ဘီဘီစီ သတင်းဌာန၏ သတင်း ဖော်ပြချက်အရ သိရသည်။

သတင်း..... ATM