12 November 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း(၁)နာရီခန့်တွေ့ဆုံခွင့်ရ။...။


ယနေ့ မနက်(၁၀)နာရီမှ (၁၁)နာရီအထိ (၁)နာရီခန့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

" ဒီနေ့မနက်(၁၀)နာရီကနေ(၁၁)နာရီအထိ (၁)နာရီကြာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင်ရခဲ့ပါတယ်။ အန်ကယ်တစ်ဦးထဲပါ။ ကိစ္စ(၂)ခု အတွက်ဆွေးနွေးခွင့် ရခဲ့ပါတယ်။ တစ်ခုကအဖွဲ့ချုပ်တွင်း ကိစ္စ နောက်တစ်ခုက နေအိမ်ပြင်ဆင်ခွင့် ကျတဲ့ ကိစ္စပါ။ နေအိမ်ပြင်ဆင်ခွင့် ပါမစ်ကျတဲ့ အတွက် ဒေါ်စုနဲ့ ဗိသုကာတွေ လုပ်ငန်းညှိနှိုင်းဖို့ ဆွေးနွေးဖြစ်ပါတယ်။ ဒီနေ့သွားတဲ့ အဖွဲ့ချုပ် ကိစ္စအတွက် လောလောဆယ် ပြောပြလို့ မရသေးပါဘူး။ လုပ်ခိုင်းတာတွေ လုပ်ပေးပြီးရင် ပြောပြနိုင်ပါမယ်။

နောက်တစ်ခုက ဒီနေ့မနက်အစောပိုင်းက ဂျပန်သံရုံး အတွင်းဝန် အန်ကယ်ကို လာရောက်တွေ့ဆုံပါတယ်။ တိုကျိုမဲခေါင် အစည်းအဝေးမှာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်မစ္စတာဟတိုယာမက ဝန်ကြီးချုပ်ဗိုလ်ချုပ်သိန်းစိန်ကို ပြောကြားလိုက်တဲ့ အချက်တွေကို လာရောက် ပြောပြပါတယ်။ အန်ကယ် ဒေါ်အောင်ဆန်းစုကြည် ကိုပြန်ပြောပြလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပါတယ်။ ပြီးခဲ့တဲ့(၅)ရက်နေ့ ကြာသာပတေးနေ့က ဒေါက်တာတင်မျိုးဝင်းလည်း ကျန်းမာရေး စစ်ဆေးခွင့်ရခဲ့ပါတယ်။ "ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား ရှေ့နေကြီးဦးဥာဏ်ဝင်းနှင့် တစ်ဦးချင်းတွေ့ဆုံခွင့် ပေးခဲ့သည်မှာ ယခုအကြိမ် ဒုတိယအကြိမ်မြောက် တွေ့ဆုံခွင့် ပေးခြင်းဖြစ်ပါတယ်။ ပထမအကြိမ် တွေ့ဆုံပြီးချိန်၌ ဒေါ်အောင်ဆန်းစုကြည်မှ SANCTION နှင့်ပတ်သတ်တဲ့ကြေငြာချက် ထွက်ပေါ်ခဲ့ပြီး စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် အကြားတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆက်တိုက်ဆိုသလို အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်များ လာရောက် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာပါတယ်။..။

သတင်း ပေးပို့ လာသူ...ဒီမိုဝေယံ..။

၈၉-နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ်ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၏ မေတ္တာရပ်ခံ ပန်ကြားလွှာ..။

waryint statement1

Photobucket
ပေးပို့ ပေးသူ ..ကိုလူချော..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ (၈၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်.ကျင်းပ (ဓာတ်ပုံ မှတ်တမ်း)..။



ဓာတ်ပုံ ပေးပို့ ပေးသူ ကိုနစ်နေမန်း..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ (၈၉) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကြေငြာချက်..။

Photobucket

Photobucket

Photobucket

ပေးပို့ ပေးသူ UPG..။

တန်ဆောင်တိုင်လပြည့် နေ့  သစ်သီးဝလံကပ်တာ ဗိုလ်ချူပ်အောင်ဆန်းပုံပါတာနဲ့  ဘာလို့ဒီလောက် ကြောက်ရသလား နအဖရယ်။

ဒီဓါတ်ပုံတွေကတန်ဆောင်တိုင်လပြည့် နေ့ ကသန်လျင်ကျိုက်ခေါက်ဘုရားမှာကျောင်းသားတွေ
ဖွဲစည်းထားတဲအင်္ဂါအသင်းကသစ်သီးဆွမ်းတင်ထားတဲ့ပုံဖော်ထားတဲ့သစ်သီးတွေပါ။
အဲဒီမှာဗိုလ်ချုပ်အောင်ဆန်းပုံကိုဖရဲသီးမှာထွင်းပြီးသစ်သီးစင်မှာတင်ထားလို့
အင်္ဂါအသင်း တာဝန်ရှိသူတွေကိုသက်ဆိုင်ရာကနှစ်ရက်ခေါ်စစ်ပါတယ်။
စရဖ နဲ့  SB ခရက အဖွဲ့ တွေကပါ။



ဓာတ်ပုံ ပေး ပို့လာသူ ..ကိုလူချော..။

11 November 2009

မှိန်ဖျော့ပျောက်ကွယ်လုနီးပါး အမျိုးသားအောင်ပွဲနေ့ .....။


၁၉၃၈ အမျိုးသားအောင်ပွဲနေ့ကျင်းပနေပုံ


၁၉၂၀ ပြည့်နှစ်က မြန်မာနိုင်ငံကို ကိုလိုနီပြု အုပ်ချုပ်နေသည့် ဗြိတိသျှအစိုးရ၏ ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် နိုးကြားတက်ကြွသော တက္ကသိုလ် ကျောင်းသားများ ဦးဆောင်ကာ စတင် သပိတ်မှောက်ကြတော့သည်။

ထိုအခါ မြန်မာပြည်တဝန်းရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများပါ လိုက်ပါ သပိတ်မှောက်ကြပြီး ကျောင်းသားတော်လှန်ရေး တိုက်ပွဲကြီး ဆင်နွှဲကြတော့သည်။

ကျောင်းသား သပိတ်ကြီး စတင်သည့် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသား အောင်ပွဲနေ့ အဖြစ် သက်မှတ်ပြီး နှစ်စဉ် ကျင်းပခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုနေ့ထူး နေ့မြတ်ကြီးက မြန်မာလူငယ်တို့ အကြား မှိန်ဖျော့ ပျောက်ကွယ်ကာ ရုံးပိတ်ရက်တရက် အဖြစ်သာ ကျန်ရှိတော့သည်။

၁၉၂၃ ခုနှစ်၊ မြန်မာပြည် ဒိုင်အာခီ အုပ်ချုပ်ရေး လက်ထက်တွင် တက္ကသိုလ် အက်ဥပဒေကို လက်ခံနိုင် လောက်အောင် ပြင်ပေးခဲ့ပြီး သပိတ်မှောက် ကျောင်းသားများ တည်ထောင် ခဲ့ကြသည့် အမျိုးသား ကျောင်းများကို အသိအမှတ် ပြုကာ အထောက်အပံ့ ပေးလာခဲ့သည်။ ကျောင်းသားတို့၏ အောင်ပွဲကား အံ့မခန်း ဖြစ်ခဲ့သည်ဟု ဆိုရပေ လိမ့်မည်။

ကျောင်းသား သပိတ်၏ ရလာဒ်အဖြစ် တက္ကသိုလ်တွင် ကျောင်းသား ကိုယ်စားလှယ် ကောင်စီ ဖွဲ့စည်းခွင့် ရခဲ့သည်။ ထို့အပြင် ပါမောက္ခ ဦးဖေမောင်တင်က မြန်မာစာကို အားပေးပြီး မြန်မာစာပေ ဖွံ့ဖြိုးရေးကို အားထား ဆောင်ရွက်ခဲ့သဖြင့် မြန်မာစာပေ လောကကို တခေတ်ဆန်းစေသည့် စာရေးဆရာကြီးများ ဖြစ်ကြသော ဆရာကြီး သိပ္ပံမောင်ဝ၊ ဆရာကြီးဇဝန၊ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ် တို့ကဲ့သို့သော စာရေးဆရာများလည်း တက္ကသိုလ်မှ စတင်ပေါ်ထွက် ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ကြိုးပမ်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် တမျိုးသားလုံး၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မြန်မာနိုင်ငံရေး လောကတွင် ချန်လှပ်ထား၍ မဖြစ်နိုင်သော သခင်မြ၊ ဦးရာဇတ် စသည့် ပုဂ္ဂိုလ်ကြီးများကိုလည်း ထိုကျောင်းသား သပိတ်မှ စတင်သန္ဓေတည် မွေးဖွားပေး လိုက်သည်ဟု ဆိုရမည် ဖြစ်သည်။

ဝမ်းနည်းစရာမှာ ကျောင်းသားထုက မတရားသော အမိန့်ဥပဒေကို ဆန့်ကျင် တော်လှန်ရာမှ စတင်အခြေခံ ဖြစ်ပေါ်လာခဲ့သော အမျိုးသား အောင်ပွဲနေ့ အကြောင်းကို ယခုခေတ် တက္ကသိုလ် ကျောင်းသား အများစုက လုံးဝနီးပါး မသိရှိတော့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့အခြေစိုက် တက္ကသိုလ်ပညာသင်ကြားဆဲ ကျောင်းသားကျောင်းသူ ၂၅ ဦး၊ ဘွဲ့ရလူငယ် ၁၀ ဦး နှင့် အခြေခံပညာအဆင့်အထိ ပညာသင်ကြားခဲ့ရသည့်လူငယ် ၁၀ ဦး စုစုပေါင်း ၄၅ ဦးကို အမျိုးသားအောင်ပွဲ နေ့နှင့် ပတ်သက်၍ ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းခဲ့ရာ တက္ကသိုလ်ပညာသင်ကြားဆဲ လူငယ် ၅ ဦးနှင့် ဘွဲ့ရ လူငယ် ၄ ဦးတို့ကသာ အမျိုးသားနေ့၏ အဓိပ္ပာယ်ကို သိရှိပြီး ကျန်လူငယ်များမှာ လုံးဝ မသိရှိတော့ကြောင်း ဖြေကြားသည်ကို တွေ့ရသည်။


“တက္ကသိုလ်မှာ အမျိုးသားနေ့ အထိမ်းအမှတ်ပွဲ ကျင်းပတာတွေတော့ မရှိတော့ဘူး။ တကယ်ဆိုရင် လုပ်သင့်တယ်။ အင်္ဂလိပ်အစိုးရကို ပထမဆုံး စတင်တော်လှန်ခဲ့တာ ကျောင်းသားတွေပဲ။ အောင်လည်း အောင်မြင်ခဲ့တယ်။ အင်္ဂလိပ်အစိုးရကို အနုနည်းနဲ့ ပထမဆုံးအနိုင်ရတဲ့ ကျောင်းသားတွေရဲ့တိုက်ပွဲပဲ” ဟု ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ကျောင်းသူတဦးက ပြောသည်။

လှိုင်သာယာမြို့နယ်မှ ကိုးတန်းအထိသာပညာသင်ကြားခဲ့သူ အသက် ၂၀ နှစ်အရွယ်လူငယ်တဦးကလည်း အမျိုးသားနေ့ကို အလုပ်ပိတ်ရက်တခုအဖြစ်သာ နားလည်သည်ဟု ဆိုသည်။

“အမျိုးသားနေ့ဆိုတာ ကျောင်းသားလူထုက အာဏာရှင် အင်္ဂလိပ်အစိုးရရဲ့ မတရားတဲ့ ဥပဒေကို အကြမ်းမဖက် အနုနည်းနဲ့ ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရတဲ့အထိ ရှေ့ဆောင်လမ်းပြဖြစ်စေခဲ့တဲ့ နေ့တနေ့ပါ” ဟု ရန်ကုန်မြို့ခံ စာရေးဆရာတစ်ဦးက ဆိုသည်။

ထိုသို့သော နေ့ထူးနေ့မြတ်ကို အရေးတယူ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်းမပြုဘဲ မျက်ကွယ်ပြုနေခြင်းမှာ အမျိုးသားနေ့ စိတ်ဓာတ်များ ယနေ့ခေတ် ကျောင်းသား လူငယ်များထံ စီးဝင်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့်စိတ်ဓာတ်များ အရှိန်မြင့် လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း သူက ဆက်လက် သုံးသပ်သည်။

“အမျိုးသားနေ့နဲ့ ကျောင်းသားဆိုတာက ခွဲခြားလို့မရဘူး။ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်က နောက်ဆုံး မြန်မာနိုင်ငံကို လွတ်လပ်ရေးရစေတဲ့အထိ ၀ံသာနုစိတ်ဓာတ်တွေ အုံကြွစေခဲ့တယ်။ ဒါကြောင့် ဒီနေ့ခေတ် စစ်အစိုးရက အမျိုးသားနေ့ကို မျက်ကွယ်ပြုနေတာ။ အမျိုးသားနေ့အကြောင်းပြောတိုင်း ကျောင်းသားထုရဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ တွေ့ရမှာပါ” ဟု ထိုစာရေးဆရာက ပြောသည်။

အမျိုးသားနေ့နှင့် ပတ်သက်၍ ယနေ့ခေတ်အခြေအနေနှင့် ဆက်စပ်ရေးသားသည့် စာမူများကို စာပေ
စိစစ်ရေးက သတိထားဖြုတ်ပယ်ကြောင်းလည်း လစဉ်ထုတ် စာပေမဂ္ဂဇင်းတစောင်မှ အယ်ဒီတာ တဦးက ပြောသည်။

၁၉၈၈ ခုနှစ်က အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်လုံးကျွတ် တော်လှန်ရေးကြီးမတိုင်မီ အစောပိုင်း ကာလများက မြန်မာနိုင်ငံ၏ အရေးကြီးသော အထိန်းအမှတ်နေ့များကို အတန်အသင့် ကြီးကျယ်စွာ ကျင်းပ ပေးခဲ့သေးသည်။ ယင်းနောက်ပိုင်းတွင်တော့ လက်ရှိစစ်အစိုးရက မြန်မာ့သမိုင်းကို တဖြည်းဖြည်း မှိန်ဖျော့အောင် ပြုလုပ်လာရာ လူငယ်များအနေနှင့် ထိုနေ့ရက်များကို တန်ဖိုးထားရကောင်းမှန်း မသိအောင်ပင် ဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ် မတိုင်မီက ကျောင်းသင်္ခန်းစာများတွင် အမျိုးသားအောင်ပွဲနေ့အကြောင်း အသေးစိတ် ထည့်သွင်း သင်ကြားခဲ့သည့်အပြင် အထိမ်းအမှတ် စာပေ၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ကျောင်းတွင်း ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်း၊ သမိုင်း ဆရာ ဆရာမများက အားတက် သရော သင်ကြားပေးခြင်းများ ပြုလုပ်ပေးခဲ့သောကြောင့် ထိုခေတ် ကျောင်းသားလူငယ်များ၏ စိတ်တွင်း၌ အမျိုးသား အောင်ပွဲနေ့နှင့် ပတ်သက်၍ ခိုင်ခိုင်မာမာ စွဲထင်နေခဲ့ကြရသည်။

ထို့ပြင် ကလေးဖတ်စာစောင်များ ဖြစ်သော ရွှေသွေး၊ တေဇ စသည်တို့၏ မျက်နှာဖုံးများတွင် ပန်းချီ ဦးဘကြည် ကဲ့သို့သော မြန်မာ့ပန်းချီကျော်ကြီးများ၏ သရုပ်ဖော်ပုံများ၊ ဇာတ်လမ်းများဖြင့် အမျိုးသားနေ့အကြောင်းကို ကလေးငယ်များပင် သိရှိစေခဲ့သည်။

ယနေ့ခေတ်တွင်တော့ စားဝတ်နေရေးအတွက် ဦးစားပေး ရုန်းကန်နေရသော မိဘ၊ ဆရာတို့မှာ မိမိတို့၏ သားသမီးများ တပည့်များကို မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း အချိန်ပေးပြောဆိုရန် အလွန် အားနည်းနေပေပြီ။

ငယ်ရွယ်နုပျိုသော ဆရာ၊ ဆရာမများမှာလည်း ၎င်းတို့ကိုယ်တိုင် မသိရှိတော့သော အကြောင်းအရာ များကို ကျောင်းသားများအား လက်ဆင့်ကမ်းရန် မဖြစ်နိုင်တော့ပေ။

“မျက်ဖြူစိုက်လေ ဆရာကြိုက်လေပေါ့။ အစိုးရကလည်း လူငယ်တွေ များများသိမှာ စိုးရိမ်နေတာနဲ့ .. လက်ရှိ လူကြီးတွေ၊ ဆရာ ဆရာမတွေက နောက်လူငယ်တွေကို မပြောပြနိုင်တာနဲ့ အတော်ပဲလေ” ဟု ရန်ကုန်မြို့နေ စာရေးဆရာမ တဦးကပြောသည်။

၁၉၂၁ ခုနှစ်က မန္တလေးတွင် ကျင်းပပြုလုပ်ခဲ့သော န၀မအကြိမ်မြောက် ဂျီစီဘီအေ အသင်းကြီး၏ ပြည်လုံးကျွတ် ညီလာခံကြီးတွင် ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ် စတင်သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့သောကြောင့် ယခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (နိုဝင်ဘာလ ၂၂ ရက်) တွင်ကျရောက်မည့် အမျိုးသားနေ့ သည် ၈၈ ကြိမ်မြောက် ဖြစ်သည်။

မှတ်ချက်။ ။ ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက် အောင်သက်ဝိုင်းမှ ဖြည့်စွက် သတင်းပေးပို့သည်။

ရင်းမြစ်..။ဧရာဝတီ
(၂၁.နိုဝင်ဘာ ၂၀၀၈)တွင်ဖော်ပြထားသောဆောင်းပါးအားပြန်လည်ဖော်ပြခြင်းသာ
ဖြစ်သည်..။

၁၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် အားသူ၏ရှေ့နေများနှင့် ထပ်မံတွေ့ဆုံခွင့်ရမည်။..။



မနက်ဖြန်(ဗုဒ္ဓဟူးနေ့) မနက် (၁၀)နာရီမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံတွေ့ဆုံခွင့်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေလည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

" မနက်ဖြန် မနက်(၁၀)နာရီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်သွားရောက် တွေ့ဆုံဖို့ရှိပါတယ်။ အန်ကယ်တစ်ဦးတည်းပါ။ ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်တဲ့ ညွှန်ကြားချက် တွေကိုရေးပြီး ပြန်လည်ပေးအပ် ဖို့ပါ။ အသေးစိတ်တော့ ပြောပြလို့မရသေးပါဘူး"။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....။

သတင်း ပေးပို့ ပေးသူ ..ဒီမိုဝေယံ..။

10 November 2009

သုံးရောင်ခြယ်ကျောင်းသားကိုမြတ်စံ၏ ဖခင် ဦးမင်းနွယ်ဆွေရဲ့ ဈာပနဖိတ်ကြားစာ ၊ ဈာပနဓာတ်ပုံများ နှင့် ဝမ်းနည်းမှတ်တမ်း..။

၈၈အရေးအခင်းနောက်ပိုင်းသုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးကို
တာဝန်ယူနေစဉ်ဒေါ်အောင်ဆန်းစုကြည်၏နောက်တွင်ကိုမြတ်စံ..။



ကိုမင်းကိုနိုင်နောက်တွင်ကရင်အကျီင်္အနီနှင့်ကိုမြတ်စံ

Photobucket



၈ရက်နေ့တွင်ရန်ကုန်ဆေးရုးံကြီးအခန်းနံပါတ်(၁၁၊၁၂)။ကုတင်နံပါတ်(၂)တွင်ဆေးရုံးတက်ရင်း
ကွယ်လွန်သွားတဲ့ သတင်းစာဆရာ ဦးမင်းနွယ်ဆွေရဲ့ ဈာပန အခမ်းအနားကိုသားဖြစ်သူ
မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်လဲဖြစ် သုံးရောင်ခြယ်ကျောင်းသားလဲဖြစ်တဲ့ ကိုမြတ်စံ လာရောက်ခွင့် ရမယ်မထင်ဘူးလို့
မိသားစုကပြောပါတယ်။

သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်လည်းဖြစ် ၈၈ မျိုးဆက် ကျောင်းသားလည်းဖြစ်တဲ့ ကိုမြတ်စံကို သူ့ဖခင် မဆုံးပါးခင် အသည်းအသန် ဖြစ်နေချိန်ကတည်းက ထောင်ကို သံကြိုး၇ိုက် အကြောင်းကြားခဲ့သလို ဆုံးပါးချိန်မှာလည်း မြစ်ကြီးနားထောင်ကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ ညီမဖြစ်သူ မသူဇာဝင်းဆွေက ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားတဲ့ သတင်းစာဆရာ ဦးမင်းနွယ်ဆွေရဲ့ ဈာပန အခမ်းအနားကို
သားဖြစ်သူ မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုမြတ်စံ လာရောက်ခွင့် ရမယ်မထင်ဘူးလို့ မိသားစုက ပြောပါတယ်။

“မောင်နှမတွေအကုန်လုံး တိုင်တိုင်ပင်ပင်နဲ့ လုပ်နေပါတယ်၊ အသည်းအသန် ဖြစ်နေတယ်၊ ဆေးရုံတင်ထားတယ်ဆိုပြီး ရေးတာ။ ရေးပြီး ၂ ရက်နေမှ ဆုံးတာ။ ဆုံးတော့ မနေ့က ထောင်ပိုင်ကြီးဆီကို ဖုန်းဆက်ပြီး ကိုမြတ်စံ ကို အကြောင်းကြားပေးပါလို့ ပြောလိုက်တယ်။” ကိုမြတ်စံကို မြစ်ကြီးနားထောင်ပြောင်းလိုက်ချိန်မှာ ဖခင်ဖြစ်သူ ဦးမင်းနွယ်ဆွေက စပြီး ကျန်းမာရေး မကောင်းချိန်နဲ့ တိုက်ဆိုင်နေတာမို့ ကိုမြတ်စံထောင်ဝင်စာကို မိသားစုက အခုအထိ သွားမတွေ့နိုင်ကြပါဘူး။

ဖခင်ဖြစ်သူက မဆုံးပါးခင်မှာ သားဖြစ်သူ ကိုမြတ်စံကို တွေ့ချင်တဲ့ဆန္ဒ ရှိတယ်လို့လည်းညီမဖြစ်သူက ပြောပါတယ်။ကိုမြတ်စံရဲ့ဖခင်ဖြစ်သူဦးမင်းနွယ်ဆွေဟာ အိုးဝေဂျာနယ်နဲ့ကြေးမုံသတင်းစာ
တွေမှာ ဆောင်းပါးတွေ ရေးသားခဲ့သူ သတင်းစာဆရာ တဦးဖြစ်သလို ပန်းဘဲတန်းမြို့နယ် စာနယ်ဇင်း
အဖွဲ့ရဲ့ နာယက အဖွဲ့ဝင် တဦးလည်း ဖြစ်ပါတယ်။ ကိုမြတ်စံရဲ့မိခင်ဖြစ်သူက ဆိုဗီယက်ပြန် အကနည်းပြ ဆရာမကြီး ဒေါ်ဝင်းဝင်းဝါဖြစ်ပြီး ညီဖြစ်သူ ကိုစိုးနိုင်တို့က နိုင်ငံရေးအကျဉ်းသား ကျောင်းသား
ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

သုံးရောင်ခြယ်ကျောင်းသားကိုမြတ်စံ

ကျမ မြတ်လေးငုံ ကလဲ ကိုမြတ်စံ ၏မိသားစုနှင်ထပ်တူထပ်မြတ်ကြေကွဲဝမ်းနည်းမိပါတယ် ကိုမြတ်စံ.။
ငယ်သူငယ်ချင်းများဖြစ်ကြသောသုံးရောင်ခြယ်ကျောင်းသားများမှာကိုနေတင်မြင့်၊ကိုမိုးကျော်သူ၊
ကိုမိုးမြတ်သူ၊
ကိုထင်ကျော်၊ကိုပါကြီး၊ကိုသက်ဦး၊ကိုဘိုလေး၊ကိုသော်တာ၊ကိုဝင်းသိန်း၊ကိုကြည်တိုး၊
ကိုထွတ်ထွတ်၊ကိုဘုန်းမြင်ထွန်း၊ကိုအက်စကဲ၊ကိုမှုံကြီးနှင့်
ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးတာဝန်
ကိုယူခဲ့ပေးသောကိုမော်ကြီး(မင်းမော်လွင်)နှင့်ညီဖြစ်သော
်ကိုအောင်တို့မှလဲထပ်တူထပ်မျှကြေကွဲရပါ
ကြောင်းပြောကြားကြပါသည်..။

မြတ်လေးငုံ..။

ဒေါ်အောင်ဆန်းစုကြည်နှင့် အကျိုးဆောင် ရှေ့နေ(၄)ဦး ထပ်မံတွေ့ခွင့်ရမည်။



ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ အမှုအတွက် အကျိုးဆောင် ရှေ့နေ(၄)ဦးလုံး ယနေ့ နေ့လည် (၁)နာရီမှ (၃)နာရီအထိ တွေ့ခွင့်ရခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေလည်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

“ ဒီနေ့ အန်ကယ်တို့ နေ့လည် ၁ နာရီကနေ ၃ နာရီအထိ ဗဟိုတရားရုံးအယူခံကိစ္စအတွက် ဒေါ်အောင်ဆန်းစု ကြည်နှင့် တွေ့ခွင့်ရခဲ့ပါတယ်။ အဓိကကတော့ အယူခံကိစ္စအတွက် တွေ့ဆုံခဲ့တာပါ ”

“ အန်ကယ်တို့ ရှေ့နေ ၄ ဦးလုံး တွေ့ခွင့်ရခဲ့ပါတယ် ”

“ ဒေါ်အောင်ဆန်းစုကြည်က အခု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လာတဲ့ကိစ္စနဲ့ပတ်သတ်ပြီး အသေးစိတ်တော့မပြောပါဘူး။ အကြမ်းအားဖြင့်တော့ ပြောပြပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံအရေးနဲ့ပတ် သတ်ပြီး စေတနာလဲရှိကြပါတယ်။ အားကြိုးမာန်တတ်လဲ ဆောင်ရွက်ပေးကြပါတယ်။ အခုလို ဧည့်သည်တွေ နဲ့ တွေ့ဆုံခွင့်ရဖို့ စီစဉ်ပေးခဲ့တဲ့ နအဖကို ကျေးဇူးတင်တယ်လို့ပြောခဲ့ပါတယ်။ အသေးစိတ်ကတော့ မပြောပါ ဘူး။ ကျန်တဲ့ဟာကတော့ အမှုကိစ္စတွေပဲ ဆက်လက်ပြောခဲ့ပါတယ်။ နောက်ထပ် နက်ဖြန်၊ သဘက်ခါ ထပ်တွေ့ ဖို့လဲ အစီအစဉ်ရှိပါတယ်။"

ဆက်လက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မကြာခင်မှာ လွှတ်ပေးဖို့ အစီအစဉ်ရှိကြောင်း နအဖ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချူပ်ဖြစ်သူ ဦးမင်းလွင်မှ မနီလာလေဆိပ်တွင် AP သတင်းဌာနသို့  ပြောကြားသွားတာနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ " အဲဒါနဲ့ ပတ်သတ်ပြီး အန်ကယ်တို့ ဘာမှမှတ်ချက်ပေးစရာ မရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ဘာမှညွှန်ကြားချက် ပေးထားတာလည်း မတွေ့ရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒီသတင်းမှန်ပါစေလို့ ဆုတောင်းပါတယ်... ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုသွားပါတယ်။

သတင်း ပေးပို့လာသူ ..ဒီမိုဝေယံ။...။

09 November 2009

အမေ ဒေါ်နုနုအေး ရဲ့ (၁)နှစ်ပြည့် အမှတ်တရ....။


"အမေ ဒေါ်နုနုအေး၏ ကိုယ်ရေးရာဇ၀င် အကျဉ်း"

ဒေါ်နုနုအေးကို ပအို့ ဝ် တိုင်းရင်းသား မိဘနှစ်ပါးဖြစ်သော အဖဦးစံရွှေ၊ အမိဒေါ်ငြိမ်းသွယ် တို့  မှ ၁၉၃၈ ခုနှစ်တွင် သထုံခရိုင် နောင်ကုလားကျေးရွာတွင် မွေးဖွားခဲ့သည်။

သထုံမြို့ အစိုးရ အထက်တန်းကျောင်းတွင် အထက်တန်း ပညာအောင်မြင်ပြီး ကာကွယ်ရေးဝန်ကြီးချူပ်ရုံး (လေ)တွင် ကိုယ်ပိုင်အမှတ် (လေ/ ၁၁၁၄၃)ဖြင့် ၂၆နှစ် ကြာအောင် တပ်ကြပ်ကြီး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ တပ်မတော် အရာရှိတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး သမီးလေးဦး ထွန်းကားခဲ့သည်။

၁၉၈၈ခုနှစ် မတ်လမှ သြဂုတ်လအတွင်း လူထုအရေးတော်ပုံကြီးမှာ စစ်တပ်မှ မတရား ရက်စက်
သတ်ဖြတ်မှု များကို မျက်ဝါးထင်ထင်တွေ့မြင်ရကာ ရှစ်လေးလုံး အရေးတော်ပုံ အတွင်း တပ်မတော်
လေတပ်မှ ရဲဘော်အချို့ နဲ့အတူ ပြည်သူ့ ဘက်သို့ ကူးပြောင်း၍ ပူးပေါင်းခဲ့တဲ့ မျိုးချစ် စိတ်ဓါတ် ပြင်းထန်သူ
တစ်ဦး ဖြစ်ပါသည်။၁၉၈၈ ကာလ တပ်မှူးကြီးဟောင်းများ ညီလာခံတွင် ဆက်စပ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် စစ်တပ်မှ အာဏာသိမ်းခဲ့ရာ ဒေါ်နုနုအေးသည် တက်ကြွသော ကျောင်းသားများ၊ တပ်မတော်သားများအား ဦးဆောင်ကာ ထိုင်း-မြန်မာနယ်စပ် ကရင့်တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာခဲ့သည်။

သံလွင်စခန်းရှိ စခန်း (၁)(၂)(၃) တို့ ၏ ကိုယ်စားလှယ် သုံးဦးအနက်မှ တစ်ဦးဖြစ်ပြီး သေဘောဘိုး စခန်း ၊ကော့မူးရာ စခန်းတို့ ၌ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို စတင်ဖွဲ့စည်း ရာတွင်လည်း ပါဝင်ခဲ့သည်။ သံလွင်စခန်းရှိ ကျောင်းသားနှင့် ပြည်သူ ၁၄၀၀ ရောက်ရှိသည့်အနက် စခန်းကော်မတီဝင် သုံးဦးရွေးချယ်ကြရာ ဒေါ်နုနုအေးသည် တစ်ဦး အပါအ၀င်ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သော်လည်း သူမဘ၀၏ အချိန်တော်တော်များများကို တော်လှန်ရေးတာဝန်များတွင် အသုံးပြုခဲ့ပါသည်။

၂၀၀၁ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသသို့ သူမ ရောက်ရှိလာပြီး ရဲဘော် ဟောင်းများနှင့် တွေ့ဆုံကာ တော်လှန်ရေးလမ်းကြောင်းကို ဖောက်ခဲ့ပါသည်။

၂၀၀၃ ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ် မယ့်စရီယန်း ဒေသသို့ သူမ ရောက်ရှိလာပြီး ရဲဘော် ဟောင်းများနှင့် ပြန်လည် ဆက်သွယ်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေရာ၌ ယာယီရုံးဖွင့်လှစ်ကာ မြန်မာနိုင်ငံ မျိုးချစ် စစ်သည် ဟောင်းများ အဖွဲ့ (PWVB) ကိုဖွဲ့ စည်းလှုပ်ရှားခဲ့ပါသည်။

၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ခရီးရှည် ချီတက်ပွဲနှင့် အခြားလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။

၂၀၀၇ ခုနှစ်မေလတွင် ကျောင်းသားတပ်မတော် တပ်ရင်း(၃)၌ တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်ထမ်း ဆောင်ရန် လာခဲ့ပြီး ကျန်းမာရေး အခြေအနေအရ မဲဆောက်သို့ တက်ရောက်အနားယူကာ ဒီမိုကရက်တစ် ရဲဘော်ဟောင်းများ အဖွဲ့ တွင် နာယကအဖြစ် ထမ်းဆောင်ခဲ့ပါသည်။

ဒေါ်နုနုအေးသည် ဒီမိုကရေစီတော်လှန်ရေးဘက်သို့ ကူးပြောင်းလာသော ရဲဘော်များ၊ ကလေးစစ်သားများကို အတတ်နိုင်ဆုံးပြုစုစောင့်ရှောက်ကာ ပြန်လည်ပြုစုပျိုးထောင်ရေး စခန်းကို ကြီးကြပ်စောင့်ရှောက်ခဲ့သည်။ ထို့ နောက် (ဘုရားသား၊ ကျောင်းသား၊ တပ်မတော်သား) တည်းဟူသော သားသုံးသား ပူးပေါင်းလှုပ်ရှားမှု ကော်မတီကို ဖွဲ့စည်းကာ ဥက္ကဌအဖြစ် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ထို့ အပြင်၂၀၀၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် သားသုံးသားနှင့်ပြည်သူညီ၊ အာဏာရှင်တွေ ဘာလဲ ဘယ်လဲ အမည်ရှိ စစ်အစိုးရကို ထိုးနှက် တိုက်ခိုက်သည့် သံချပ်ခွေကို ဦးဆောင်တင်ဆက်ခဲ့သူလည်း ဖြစ်သည်။

ဒေါ်နုနုအေးဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၉ ရက် (ညနေ ၅ နာရီ ၅၀ မိနစ်)တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ကွယ်လွန် အနိစ္စရောက်သွားပါတယ်။




အမေဒေါ်နုနုအေး အား ကျမ မြတ်လေးငုံ မှ အမှတ်ရအောက်မေ့စွာဖြင့်
(၁)နှစ်ပြည့် သွားသော်လည်း စိတ်ထဲတွင် အမြဲတမ်း
လေးစား ဂုဏ်ပြု
ဦးညွှတ် လျှက်ရှိပါသည်..။



ဒီမိုကရက်တစ်ရဲဘော်ဟောင်းများ(မြန်မာနိုင်ငံ)နာယကဖြစ်သူဒေါ်နုနုအေးသည်(၁၉၈၈)လူထုအရေးတော်ပုံကြီး စတင်သည့် ကာလမှာပင် တပ်မတော်(လေ)ကိုယ်စားပြု စစ်သမီးအဖြစ် ရာထူးတာဝန်များကို စွန့်လွှတ်ကာ ပြည်သူ့ဘက်မှ ရပ်တည်၍ တပါတီအာဏာရှင်စနစ် ကျဆုံး ရေးအတွက် အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

စစ်အာဏာရှင်တော်လှန်ရေးအတွင်း (နအဖ)စစ်တပ်မှ ထွက်ပြေးလာသည့် ရဲဘော်များကို ပြန်လည်ပြုစု ပျိုးထောင်းရေးတာဝန်များကို နယ်စပ်ဒေသများတွင် ကွယ်လွန်ချိန်ထိ ထမ်းဆောင်နေရင်း အသက်(၇၀)နှစ် အရွက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မြတ်လေးငုံ...။

ဒေါ်အောင်ဆန်းစုကြည်နှင့် အကျိုးဆောင် ရှေ့နေ(၄)ဦး တနင်္လာနေ့ နေ့လည် (၁)နာရီတွေ့ခွင့်ရမည်။


မနက်ဖြန် တနင်္လာနေ့နေ့လည် (၁)နာရီမှာ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံ အမှုအတွက် အကျိုးဆောင် ရှေ့နေ(၄)ဦးလုံး တွေ့ခွင့်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေလည်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။

" မနက်ဖြန်နေ့လည် (၁)နာရီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ရှေ့နေ(၄)ဦး ဗဟိုတရားရုံး မှာ အယူခံတင်သွင်းဖို့ ကိစ္စနဲ့ ပတ်သတ်ပြီး တွေ့ခွင့်ရပါမယ်။ ပြီးခဲ့တဲ့ သောကြာနေ့ ကစာတင် တောင်းဆိုခဲ့တာပါ။ ဒီတခါတော့ ရှေ့နေ(၄)ဦးလုံး တွေ့ခွင့်ရမှာပါ။ အဓိကကတော့ အယူခံအမှုအတွက် ပြန်တင်ဖို့အတွက် ဆွေးနွေး ညှိနှိုင်းဖို့ ဖြစ်ပါတယ်"။ ဟု ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။


.....ပြီးခဲ့တဲ့ ရက်ပိုင်းများက အယူခံကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံခွင့်ပြုရန် အကျိုးဆောင်ရှေ့နေများ တောင်းဆိုစဉ်က အာဏာပိုင်များက ရှေ့နေ(၄)ဦး စလုံးအား တွေ့ခွင့်မပေးပဲ (၂)ဦးစီသာ ခွဲပြီး တွေ့ခွင့် ပေးခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်မှ ကန့်ကွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂)ရက်နေ့က တိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ငြင်းပယ်ခဲ့ပါတယ် ။ ယခု ဗဟိုတရားရုံးကို ဆက်လက်အယူခံ တင်သွင်းဖို့အတွက် အကျိုးဆောင်ရှေ့နေများမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းဆွေးနွေးရန်အတွက် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။..။

သတင်း ပေးပို့ လာသူ ...ဒီမိုဝေယံ...။

08 November 2009

ယနေ့ ထက်တိုင် နေအိမ် အကျယ်ချုပ် ကျခံနေရသော NLD ဒုဥက္ကဌ သူရဦးတင်ဦး




တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းမှ လွဲရင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ အရာရှိ စစ်သည်အပေါင်းရဲ့ လေးစား ရိုသေချစ်ခင်မှုကို အရရှိဆုံး ဗိုလ်ချုပ် တစ်ဦး ဖြစ်တယ်လို့ စစ်ဖက်နီးစပ်သူများထံက တဆင့် သိရှိ ရပါတယ်။ ယနေ့ စစ်အာဏာရှင် ဗိုလ်ချုပ်တွေနဲ့ လုံးဝမတူပဲ စံနမူနာပြ စစ်ခေါင်းဆောင်တဦး ဖြစ်တာမို့ ယနေ့ တပ်မတော်သားတွေ အားလုံး လေ့လာ မှတ်သား သိရှိနိုင်ရန် ဖေါ်ပြပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၈၈ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ ဒီမိုကရေစီရရှိရေးကို ပြည်သူများနဲ့ တသားတည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒုဥက္ကဌ တာဝန်ကို ထမ်းဆောင် ခဲ့တာကြောင့် စစ်အာဏာရှင်တွေရဲ့ အငြိုးတရား အာဃာတ တရား ကြီးမားစွာနဲ့ နှစ်ရှည် နေအိမ် အကျယ်ချုပ် ချထားခြင်း ခံနေရသူဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့အကြောင်းကို ပြည့်စုံမှန်ကန်စွာ ဖေါ်ပြနိုင်ရေးနဲ့ ဘာလော့ဂ် တိုးချဲ့နိုင်ရေး တို့အတွက် တတ်အားသရွှေ့ စေတနာမေတ္တာဖြင့် ပါဝင် ကူညီပံ့ပိုးခဲ့ကြတဲ့ ပြည်တွင်းပြည်ပရှိ ဗိုလ်ချုပ်ကြီးရဲ့ တပည့် သားသမီးများ၊ တပ်မတော် အရာရှိများနဲ့တကွ ဤဘာလောဂ်ကို လာရောက်ဖတ်ရှု အားပေးကြသူ ပြည်တွင်း ပြည်ပမှ မိတ်ဆွေ သင်္ဂဟ ရဲဘော်ရဲဘက် အပေါင်းတို့အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်စွာ မှတ်တမ်းတင်ပါကြောင်းနှင့် ဆထက်တံပိုး သစ်လွင်ကောင်းမွန်သော အစီအစဉ်များဖြင့် ကြိုးစား တင်ဆက်သွားမှာ ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။

ဗိုလ်ချုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေကြောင်းနဲ့ နေအိမ်အကျယ်ချုပ်မှ အမြန်ဆုံး လွတ်မြောက်ကာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက် ဆောင်ရွက် သွားနိုင် ပါစေကြောင်း ကျွန်တော်ကိုဖိုးတရုတ်မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျား။

“ဗိုလ်ချုပ်ကြီး သူရတင်ဦး၏ တပ်မတော် အတွင်းမှ

ဘ၀ကောက်ကြောင်း”


၁၉၂၇ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ ပုသိမ်မြို့တွင် မွေးဖွားခဲ့ပါတယ်။ ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်း ကျောင်းမှာ ဆယ်တန်းအောင်သည်အထိ ပညာ သင်ကြားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် အသက်(၁၆)နှစ်ပြည့်ချိန်တွင် စစ်ထဲဝင်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စစ်ဝန်ကြီးရုံး ဗဟိုကင်းတပ် (ယခု ပဒုမ္မာကွင်းနေရာ ) တွင် တပ်သား အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ တတိယပတ် စစ်သင်တန်းမှာ ဗိုလ်လောင်းအဖြစ် အသက် (၁၇)နှစ် အရွယ်မှာ တက်ခွင့်ရခဲ့ပြီး အလုပ်သင် ဗိုလ်ဖြစ်လာခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှာ ကန္နီစာချုပ်အရ ပြန်လည်ဖွဲ့စည်းသော တပ်မတော်တွင် ကြည်း (၃၆၅၁) ဒုဗိုလ်အဆင့်နဲ့ ပြန်တမ်းဝင် အရာရှိ အဖြစ်စတင်ခန့်အပ်ခံရပါတယ်။ ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ဒုဗိုလ်အဖြစ် စတင် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာဘဲ ဗိုလ်ဖြစ်လာခဲ့ပြီး ၁၉၄၈ စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ လက်နက်ကိုင်တပ်များ လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ နမခတိုင်းမှူး ဗိုလ်မှူးကြီး ဗထူး ဦးစီးတဲ့ တပ်တွေမှာ စစ်မြေပြင်တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေး ကိုလည်း ဆင်နွှဲခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးသူရတင်ဦးဟာ ကျူးကျော်သူ တရုတ်ဖြူများကို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတဦး ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ ဗမာ့သေနတ်ကိုင် တပ်ရင်း (၁)မှာ တပ်ခွဲမှူးအဖြစ် ၁၉၄၉ခု ဇွန်၂၂ ရက်နေ့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၀ခု ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆိုပါတပ်ရင်းမှာပင် ဗိုလ်မှူးအဆင့်နှင့် ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပါတယ်။ ထိုတပ်ရင်းမှာပင် ၁၉၅၁ခု နိုဝင်ဘာ၂၇ရက်နေ့တွင် တပ်ရင်းမှူး ဖြစ်လာပါတယ်။ ထို့နောက် ၁၉၅၄ခု ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒုဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့် ရရှိခဲ့ပါတယ်။ ၁၉၅၇ခု မေလ၃၀ ရက်နေ့တွင် အမှတ် (၄) ခြေလျင် တပ်ရင်း တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခံခဲ့ပါတယ်။

၁၉၅၇ခု စက်တင်ဘာ ၁၇ ရက်နေ့တွင် တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဗထူး) သင်တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ ခဲ့ပါတယ်။ ၁၉၅၈ခုတွင် ရခိုင်တိုင်း တပ်ပေါင်းစုမှူးနှင့် တိုင်းမင်းကြီး ဖြစ်လာပြီး ၁၉၆၀-၆၁ ခုတွင် အမှတ်(၁၃) တပ်မဟာမှူးအဖြစ် ထပ်မံပြောင်းရွှေ့တာဝန်ထမ်းဆောင် ခဲ့ကာ ဗိုလ်မှူးကြီး ရာထူး ရရှိခဲ့ပါတယ်။ ၁၉၆၁-၆၂တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် တာဝန် ပေးအပ်ခြင်း ခံရပါတယ်။ ၁၉၆၃ခု ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ကို ရာထူးတိုးမြှင့် ပေးအပ်ခြင်း ခံရပါတယ်။ ၄င်းမှတဆင့် ၁၉၆၄ ခု စက်တင် ဘာ ၁၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး အဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။

၁၉၇၂ ခု ဧပြီလ၂၀ ရက်နေ့တွင် ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ခံရပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ စစ်တပ်ရဲ့ အရေးပါဆုံး ထိပ်ပိုင်းရာထူးဖြစ်တဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရချိန်မှာ သူ့ရဲ့အသက်ဟာ ၄၅နှစ်သာ ရှိသေးလို့ တပ်မတော်ရဲ့ အသက် အငယ်ဆုံး ဗိုလ်ချုပ်တွေထဲမှာ တစ်ဦးအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ၁၉၇၄ခုမတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်”အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ တိုက်ပွဲတွေမှာ ထူးချွန်ရဲဝံ့စွာ တိုက်ခိုက်ခဲ့တဲ့အတွက် “သူရဘွဲ့”ကိုလည်း ရရှိခဲ့ပါတယ်။ နောက်ရက်တွေမှာ စိတ်ဝင်စားဖွယ်ရာ သူ့ရဲ့ဖြတ်သန်းခဲ့တဲ့ ဘ၀ အတွေ့အကြုံတွေကို ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။

တပ်မတော်သားများ သာမက ပြည်သူများကပါ လေးစား

ချစ်ခင်ကြသောတပ်မတော် ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်ကြီး သူရတင်ဦး


ယခု အပိုင်းမှာတော့ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲ ဆင်နွှဲပုံတွေ၊အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်ြပီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အကျယ်ချုပ် ကျခံခဲ့ပုံတွေ၊ စစ်အာဏာရှင်တွေရဲ့  မတရား နိုင်ထက်စီးနင်း လုပ်ခံရပုံတွေကို ဆက်လက် တင်ပြသွားပါမယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ အရာရှိ စစ်သည်များရဲ့  လေးစား ရိုသေချစ်ခင်မှု နဲ့ နံမည်ရလာပြီး တိုက်ပွဲတွေမှာလည်း ထူးချွန်တဲ့အပြင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသက် (၄၇) နှစ်သာ ရှိသေးချိန်မှာ စစ်တပ်ရဲ့  ထိပ်ပိုင်းရာထူးကို တရှိန်ထိုး ရလာပြန်လေရာ စစ်အာဏာရှင်များရဲ့ မနာ လို ၀န်တိုမှုကို ခံခဲ့ရပါတယ်။ အထူးသဖြင့် တိုက်ပွဲ အတွေ့အကြုံ မပြောနဲ့ သေနတ်သံတောင်မှ မကြားဖူးတဲ့ ထောက်လှမ်းရေး မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦးဟာ ဦးနေ၀င်းထံ တိုက်ရိုက် ၀င်ထွက်ခွင့် ရသူပီပီ သူရဦးတင်ဦးကို မလိုမုန်းထား ဂျောက်တွန်းဖို့ အကွက်ကောင်းကို ချောင်းနေပါတယ်။

အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  သားဟာ ကျန်းမာရေးအရ ရောဂါ အသည်းအသန် ဖြစ်လို့ နိုင်ငံခြားမှာ ဆေးသွားကုသတဲ့ ကိစ္စနဲ့ လူချစ်လူခင်ပေါတဲ့ ဗိုလ်ချုပ်ကြီး အပေါ် လက်အောက် အရာရှိများက မေတ္တာစေတနာနဲ့ အလိုက်သိသိ လုပ်ကိုင် ဆောင်ရွက်ပေးပေမဲ့ အိမ်ဆောက်ပစ္စည်းများ တင်သွင်းတဲ့ ကိစ္စတွေအပေါ်မှာ မျက်မှန်ကြီး ဗိုလ်တင်ဦးက သူ့ရဲ့ ထောက်လှမ်းရေး အကျင့်ဆိုးအတိုင်း တဆိတ်ကို တအိတ်လုပ်ကာ တင်ပြခဲ့ရာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးက ဂုဏ်သိက္ခာ မာနရှိစွာနဲ့ ထွက်စာ တင်ခဲ့ပါတယ်။

ဗိုလ်နေ၀င်း အနေနဲ့လည်း သူ့ကို ခြေရာတိုင်းတယ်လို့ ယူဆလာ တဲ့အတွက် ဒီကိစ္စတွေအပေါ်မှာ ခွင့်မလွှတ်ဘဲ သူရဦးတင်ဦးကို မတရား သဖြင့် ရာထူးမှ ၁၉၇၆ ခုနှစ် မတ်လတွင် ဖယ်ရှားခဲ့ပါတယ်။ ဗိုလ်နေ၀င်း ကိုယ်တိုင်တောင် ဆွစ်ဇာလန်နဲ့ အင်္ဂလန်တို့ကို ချောင်းပေါက်မတတ် သွားလာနေပြီး မိန်းမရှုပ်ထွေးကာ တိုင်းပြည် ငွေကြေး အလွဲသုံးစား လုပ်ခဲ့သလို အခြား စစ်အာဏာရှင် တွေဟာလည်း ဒီကိစ္စတွေထက် ပိုမို ဆိုးဝါးတဲ့ နိုင်ငံခြားဆေးသွားကုပြီး အခေါက်ခေါက် အခါခါ ဈေးဝယ်သွားနေတာမျိုးတွေ ရှိနေပေမဲ့ အရေးမယူခဲ့ဘဲ သူရဦးတင်ဦးအပေါ်တော့ မတရားသဖြင့် လုပ်တဲ့ကိစ္စမို့ တိုင်းပြည်နဲ့ တပ်မတော်ကို အမှန်တကယ်ချစ်တဲ့ တပ်တွင်း အရာရှိများက ခံပြင်း နာကျည်း လာပါတယ်။

ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် ရဲ့  PA ကိုယ်ရေးအရာရှိ ဗိုလ်ကြီး အုံးကျော်မြင့် ဦးစီးပြီး ထိပ်ပိုင်း အရာရှိ တချို့ရဲ့  တပ်တွင်းပုန်ကန်မှု ဖြစ်ပွားလာကာ ဗိုလ်နေ၀င်းအားဖြုတ်ချပြီး ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို ခေါင်းဆောင် ပြန်တင်ရန် ကြိုးစားခဲ့ရာ မျက်မှန်ကြီး ဗိုလ်တင်ဦးက လက်ဦးမှု ရရှိသွားတာကြောင့် မအောင်မြင်ဖြစ်ခဲ့ရ ပါတယ်။ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးအခင်းမှာလည်း ကျောင်းသားများက “ဗိုလ်ချုပ်ကြီး သူရ တင်ဦး သက်တော် ရာကျော် ရှည်ပါစေ” လို့ ဆုတောင်း ကြွေးကြော် ကြတဲ့အတွက် ဗိုလ်နေ၀င်းက ပိုမို ဒေါသူပုန်ထလာ ခဲ့ပါတယ်။

ဒါကြောင့် ဗိုလ်နေ၀င်းဟာ ဗိုလ်ချုပ်ကြီး သူရတင်ဦး အပေါ် အာဃာတ တရားကြီးမားစွာနဲ့ ၁၉၇၇ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေကြောင့် တပ်မတော် အတွင်း ကြီးမားစွာ ဂယက်ရိုက်သွားပြီး ကျေနပ်မှု မရှိကြလို့ ဗိုလ်နေ၀င်းဟာ တုန်လှုပ်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ ၁၉၈၀ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာကာ ဥပဒေ ပညာ ဆက်လက်သင်ကြားပြီး ဥပဒေဘွဲ့ ရရှိခဲ့ပြန်ပါတယ်။

၁၉၈၈ ခုနှစ် ပြည်သူလူထုကြီးရဲ့  တပါတီ အာဏာရှင်စနစ် ဆန့်ကျင် အုံကြွမှုကြီး ဖြစ်ပေါ်လာချိန်မှာတော့ ပြည်သူလူထု ကျောင်းသားလူငယ်များကို စစ်တပ်က ရက်စက်စွာ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကို တွေ့မြင် ခဲ့ရတဲ့နောက် ပြည်သူ့ဘက်သို့ ရပ်တည်ဖို့ အဘ သူရ ဦးတင်ဦး အနေနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ တပ်မှူးကြီးဟောင်းများ ပါဝင်တဲ့ မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ကို ဖွဲ့စည်းပြီး ဆေးရုံကြီးရှေ့ က လူထု ဟောပြောပွဲကြီးမှာ စစ်အာဏာရှင် စနစ်ရဲ့  ဆိုးကျိုးများအား တရားဟောခဲ့ရာ ပြည်သူလူထုရဲ့  တခဲနက် ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲကို ၀င်ရောက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး NLD ဒုဥက္ကဋ္ဌ အဖြစ် ယနေ့ထိ တာဝန် ထမ်းဆောင်ရင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့ပါတယ်။

၁၉၄၅ ခု မတ်လ ဖက်ဆစ်တော်လှန်ရေးကာလတွင် အဘ သူရဦးတင်ဦးဟာ ပဲခူး စခန်းမှူးကြီးရုံးမှာ ပြုလုပ်သော တပ်မှူးများ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းဆင်း ညစာစားပွဲကို တက်ရောက်လာတဲ့ တပ်မတော်ရဲ့  ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အနီးကပ် ရင်းရင်းနှီးနှီး တွေ့ဆုံ စကားပြောခွင့် ရရှိခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အဘဦးတင်ဦးဟာ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြည်ညိုကာ အားကျ အတုယူပြီး တပ်တွင်းမှာလည်း စံနမူနာပြ ကျင့်ကြံနေထိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဘ သူရဦးတင်ဦးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဗိုလ်ချုပ်လမ်းစဉ်ကို ဆက်လက် အကောင်အထည် ဖေါ်ခဲ့ခြင်းဖြစ်တယ်။

၁၉၈၉ ဇူလိုင် (၂၀) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အဘ သူရဦးတင်ဦးဟာ နေအိမ် အကျယ်ချုပ် ကျခံရပါသေးတယ်။ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဘ သူရ ဦးတင်ဦးဟာ ဒီပဲယင်း လူသတ်ပွဲမှာ အကြမ်းဖက်ခံရကာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ပေမဲ့ ကလေးထောင်သို့ ပို့ဆောင်ခံရကာ ထောင်ချခံခဲ့ရပြန်ပါတယ်။

စစ်အာဏာရှင်တွေရဲ့  မတရား နှိပ်ကွပ်မှုကြောင့် ယနေ့အချိန်ထိ (၅) နှစ်ကျော် ဆက်တိုက် နေအိမ် အကျယ်ချုပ် ကျခံနေရကာ ယနေ့ဆိုရင် အသက် (၈၂) နှစ်ကျော် ရောက်ရှိနေပြီ ဖြစ်ပေမဲ့ အသက်ကြီးရင့်လာမှုကိုတောင် ဂရုမစိုက်ဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲကို ရဲဝံ့စွာ အရှူံးမပေးဘဲ ဆက်လက် တိုက်ပွဲဝင်လျက် ရှိနေပါတယ်။ အဘ သူရဦးတင်ဦးရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့ သံမဏိ စိတ်ဓာတ်ကို အပိုင်း(၃)မှာ ဆက်လက် တင်ဆက် သွားပါမယ် ခင်ဗျား။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  ဖြူစင်တဲ့ နှလုံးသားနဲ့

သံမဏိ စိတ်ဓာတ်...။


ယနေ့ တပ်မတော်က ဗိုလ်ချုပ်တွေဟာ အာဏာရှင် စနစ် အောက်မှာ တာဝန်ထမ်းဆောင်ရတာမို့ စစ်အာဏာ ရှင်တွေရဲ့  မှိုင်းငွေ့နဲ့လောင်းရိပ်မိကာ အာဏာရှင် လုံးလုံး ဖြစ်သွားရတာ များပါတယ်။ အာဏာရှင် ဖြစ်သွားပြီ ဆိုရင် အောက်ခြေ အရာရှိ စစ်သည်တွေရဲ့  ရပ်တည်ရေး၊ စားဝတ်နေရေး သက်သာ ချောင်ချိရေးတွေကို လစ်လျူရှုကာ အပေါ်ဖား အောက်ဖိ လုပ်လာကြပါတယ်။ လက်အောက်ငယ်သား တပ်မတော်သားတွေ အပေါ်မှာတောင် ကြည့်ရှူစောင့်ရှောက်ဖို့ အဲဒီလို ၀တ္တရား ပျက်ကွက်နေမှတော့ ပြည်သူလူထုကို ကြည့်ရှူ စောင့်ရှောက်ဖို့ ဝေလာဝေး ဆိုတာကိုလည်း နာဂစ်ကိစ္စမှာ သက်သေပြပြောနိုင်ပါတယ်။

စစ်သားတစ်ဦး ဖြစ်ပြီဆိုရင် လက်ဦးဆရာဆိုတာ အလွန် အရေးကြီးပါတယ်။ လက်ဦးဆရာရဲ့  အဆိုး အကောင်းပေါ် မူတည်ပြီး အတုမြင် အတတ်သင်ကာ သူ့ရဲ့  အနာဂတ်ကို ဖန်တီးတတ်ပါတယ်။ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ သူ့ရဲ့  လက်ဦး ဆရာဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒုတိယ လက်ဦးဆရာများ ဖြစ်ကြတဲ့ ဗိုလ်မှူးကြီး ဗထူးနဲ့ ဗိုလ်မှူးချုပ် ကျော်ဇော စတဲ့ ဒိတ်ဒိတ်ကြဲ စံပြ စစ်ဗိုလ်ချုပ်များနဲ့ ထိတွေ့ ဆက်ဆံရကာ အမွေခံ ကောင်းများ ရရှိခဲ့တာကြောင့်လက်ရှိ အာဏာရှင်ဗိုလ်ချုပ်တွေနဲ့ လားလားမျှ မတူဘဲ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ မြန်မာ့တပ်မတော်မှာ စံပြ စစ်ခေါင်းဆောင် တဦး အဖြစ် ပြုမူလုပ်ဆောင် ရပ်တည်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ သတ္တိပြောင်မြောက်သလို စစ်ရေးအရ ထူးချွန် ထက်မြက်ပုံကဖြင့် သူ့ရဲ့  ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေတာကိုက သက်သေပြလျက် ရှိနေပါတယ်။ သူ့ရဲ့  အင်္ကျီကို ချွတ်လိုက်တိုင်း ရဲဘော်တွေက သူ့ ခန္ဓာကိုယ်ရှိ အမာရွတ်များကို ကြည့်ပြီး မေးတဲ့အခါ သူ့ရဲဘော်တွေကို ဒီဒဏ်ရာကဖြင့် ဘယ်တိုက်ပွဲက ရခဲ့တာ၊ ဟို ဒဏ်ရာကတော့ ဘယ်သူ့ကို ကယ်ထုတ်ရင်းနဲ့ ရခဲ့တာ ဆိုပြီး ရှင်းပြတော့ ရဲဘော်တွေက လေးစားမှု အပြည့်နဲ့ သူ့ကို ငေးကြည့်ခဲ့ရဖူးပါတယ်။

တရုတ်ဖြူနဲ့ တိုက်တဲ့ တိုက်ပွဲမှာ သူကိုယ်တိုင် တပ်ရင်းမှူး တစ်ဦး ဖြစ်လျက်နဲ့ လက်အောက်ကို မလုပ်ခိုင်းဘဲ လက်ပစ်ဗုံး နှစ်လုံးကို ပင်ဖြုတ်ပြီး ရန်သူစခန်းကို သံမဏိ စိတ်ဓာတ် အပြည့်နဲ့ ရဲရဲဝံ့ဝံ့ ထိုးတက် တိုက်ခိုက်ကာ အနစ်နာခံ စံပြလုပ်ခဲ့တာမို့ “သူရဘွဲ့” ချီးမြှင့်ခြင်း ခံရပါတယ်။ ဒါကြောင့် ရဲဘော်တွေနဲ့ တန်းတူ ရှေ့ တန်းမှာ သေမင်းနဲ့အပြိုင် လုပ်ပြရဲတဲ့ သူ့ရဲ့ သတ္တိကြောင့် ရဲဘော်တွေရဲ့  လေးစားမှုကို အထူးခံရပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ အရွယ်နဲ့ မလိုက်အောင် စာအလွန်ဖတ်ပြီး လေ့လာထားတာမို့ သူ့ထက် အသက်ပိုင်း ဆိုင်ရာ၊ ရာထူးပိုင်းဆိုင်ရာ ကြီးတဲ့ ဗိုလ်ချုပ်များနဲ့ ယှဉ်ပြီး စကားပြောရဲသည်အထိ စေ့စပ်သေချာ ပိုင်နိုင်လှသူ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ ရဲဘော်တွေနဲ့အတူတူ တ၀ိုင်းတည်း ခြင်းခတ် ကစားခဲ့ပြီး ပျော်ရွှင်မှု ဖန်တီးပေးခဲ့ပါတယ်။ တပ်တွေ စစ်ဆေးတဲ့အခါတိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပီပီ ဟိတ်ဟန်နဲ့ မနေဘဲ သူ့ကို လူကြီးပီပီ သီးသန့် ဖယ်ပြီး အထူး ချက်ပြုတ်ပေးထားတဲ့ ထမင်းဟင်းကို ငြင်းပယ်ကာ ရဲဘော်တွေစားမဲ့ ထမင်းဟင်းကိုမှ မြိန်ရှက်စွာ စားသုံးတာဟာဖြင့် ရဲဘော်တွေရဲ့ နှလုံးသားကို ထိမှန် စေခဲ့ပါတယ်။

ရှေ့ တန်းမှာ ရဲဘော်တွေရဲ့  ငတ်ပြတ်နေတဲ့ ဒုက္ခဆင်းရဲ ကြုံတွေ့မှုကို နားလည်မှု အပြည့်ရှိတာကြောင့် မဆလ အစည်းအဝေးရဲ့  ဘတ်ဂျတ်ကိစ္စတွေမှာ ပြင်းထန်စွာ ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ တိုက်ခိုက်ရေး ရိက္ခာထုတ်နဲ့ ရိက္ခာ နှစ်ဆပေးတဲ့ (Double Ration) အထူး အစီအစဉ် တစ်ရပ်ကို နယ်စွန်နယ်ဖျား တပ်များနဲ့ ရန်သူ စခန်းကြီးတွေကို တိုက်ရမဲ့ သက်စွန့်ကြိုးပမ်းသူများအတွက် ဗိုလ်ချုပ်ကြီး သူရ တင်ဦးက စီစဉ်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြီး သူရ တင်ဦး ဟာ ကြည်းတပ်က စစ်သည်များသာမက လေတပ်မှ တိုက်ပွဲဝင်ရင်း ကျဆုံး သွားရှာတဲ့ အရာရှိများရဲ့  အသုဘ ဈာပန ခရီးစဉ်မှာ အားပေးနှစ်သိမ့် ပေးပုံကဖြင့် “စံ” တင် လောက်ပါတယ်။ ရွှေကျင် ဧရိယာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရင်း လေတပ်မှ T 33 ဂျက်လေယာဉ် ၅ စီး စလုံး ပျက်ကျ သွားခဲ့ရာ ကျဆုံးသွားရှာတဲ့ လေယာဉ်ပေါ်ရှိ လေသူရဲများရဲ့  ဈာပနာ အခမ်းအနားကို မင်္ဂလာဒုံ လေတပ်စခန်းမှာ ကျင်းပခဲ့ပါတယ်။

လေသူရဲ အလောင်း တစ်လောင်းစီကို အမြောက်ဆွဲယာဉ် တစီးစီနဲ့ ဂုဏ်ပြုတဲ့အနေနဲ့ (၅) မိုင်ခန့် ဝေးတဲ့ မင်္ဂလာဒုံ စစ်သင်္ချိုင်းကို လမ်းလျှောက် လိုက်ပို့ခဲ့ပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ တပ်ချုပ် ဖြစ်တာမို့ ကိုယ်ရေးအရာရှိနဲ့ စစ်ဦးစီး အရာရှိများက လုံခြုံရေး အရ ရော သက်သာမှု ရှိစေရန် အတွက်ပါ လူအုပ်ကြီးရဲ့  နောက်မှ ကားဖြင့်သာ လိုက်ဖို့ တင်ပြခဲ့ရာ လက်မခံဘဲ ပယ်ချပြီး ပူဆွေးသောက ဖြစ်နေတဲ့ မိသားစုဝင်တွေနဲ့ အတူတူ လမ်းလျှောက်ခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ နေပူပူ လမ်းမကြီးပေါ်မှာ ချွေးသံတရွဲရွဲ ဖြစ်နေပြီး မိသားစုနဲ့အတူ အားပေးကာ ဂုဏ်ပြုခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို ဗိုလ်နေ၀င်းတို့က အရေးယူလိုက်တဲ့အပေါ်မှာ တပ်ထဲမှာ ရှိတဲ့ အရာရှိ စစ်သည် အများစုဟာ ပူဆွေးသောက ဖြစ်ကုန်ကြပါတယ်။ တိုင်းမှူး အဆင့်မှာတောင် စစ်အာဏာရှင်တွေကို ဘ၀င်မကျဖြစ်ကုန်ပြီး တပ်တွင်း ပုန်ကန်မှု ပြုလုပ်ခဲ့တဲ့ ဗိုလ်ကြီး အုံးကျော်မြင့်ရဲ့  အုပ်စု ထဲမှာ မပခ တိုင်းမှူး ဗိုလ်မှူးကြီး လှဖေတောင် ပါဝင်ရတဲ့အထိ တွေ့မြင်ရပါတယ်။

ဒါကြောင့် တပ်ရင်းတွေကို စစ်အာဏာရှင်တွေဟာ မျက်လုံးပြူး မျက်စံပြာနဲ့ လူကိုယ်တိုင် သွားရောက်ပြီး လည်းကောင်း၊ တိတ်ခွေနဲ့ လည်းကောင်း၊ “ဒါဘာ” မှာလည်းကောင်း၊ ဗိုလ်ချုပ်ကြီး သူရ တင်ဦး ကိစ္စကို ရှင်းလင်းပွဲများ အလျှင်အမြန် ပြုလုပ်ကာ အရာရှိ စစ်သည်တွေကို ချော့မော့ပြောဆို ခဲ့ရပါတယ်။ ဗိုလ်ကြီး အုံးကျော်မြင့်ဟာ ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်ရဲ့  ကိုယ်ရေးအရာရှိ PA ဖြစ်ပြီး သူ့ရဲ့  ဆရာ စစ်ဦးစီးချုပ် မျက်နှာ ကိုတောင် မထောက်ထားဘဲ ဗိုလ်ချုပ်ကြီး သူရ တင်ဦးအား စစ်အာဏာရှင်တွေကို ဖြုတ်ချပြီးရင် ခေါင်းဆောင် ပြန်တင်ဖို့ စီစဉ်ခဲ့သူ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို သုံးသပ်ကြည့်ရင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  ဖြူစင်တဲ့ နှလုံးသားနဲ့ ရဲရင့်တဲ့ သံမဏိ စိတ်ဓာတ်တွေဟာ အာဏာအရှိဆုံးသူတွေရဲ့  အပါးတော်မြဲ PA ဗိုလ်ကြီး အုံးကျော်မြင့်ရဲ့  နှလုံးသားကိုတောင် ရိုက်ခတ်ခဲ့တာမို့ တပ်မတော်သား တစ်ရပ်လုံးရဲ့  ရင်ထဲ အသည်းထဲမှာလည်း ကဗျည်းအက္ခရာထိုးထားတဲ့ စစ်ခေါင်းဆောင် တစ်ဦးသာ ဖြစ်ပါကြောင်း ကျွန်တော် ကိုဖိုးတရုတ်မှ မှတ်တမ်းတင် ဂုဏ်ပြု အလေးပြုရင်း တင်ဆက်လိုက်ရပါတယ် ခင်ဗျား။

ကိုဖိုးတရုတ် ဘလော့မှ ပြန်လည် မျှဝေခြင်းသာဖြစ်ပါတယ်ရှင်..။ဗိုလ်ထက်မင်း ကိုလဲကျေးဇူးတင်ပါတယ်ရှင်..။


ယနေ့ ကျရောက်တဲ့ ဘဘဦးတင်ဦး ဇနီး ဒေါက်တာတင်မိုးဝေ
တို့ရဲ့ နှစ်(၅၀) ပြည့်ရွှေရတု မွေးနေ့ မှနေပြီး ဘဘဦးတင်ဦးရဲ့ ရည်မှန်ချက်ပန်းတိုင်
သို့ အမြန်ဆုံးရောက်ရပါစေလို့ ဆုတောင်းရင်းနဲု့ မှတ်မှတ်ရရ
အဖြစ် ဂုဏ်ပြုလိုက်ပါတယ်ရှင် ...။


ကျမ မြတ်လေးငုံ ကပြန်လည်ပြီးမျှဝေလိုက်ခြင်းဖြစ်ပါတယ်ရှင်..။ဘဘဦးတင်ဦးအား
မြတ်လေးငုံဘလော့မှ ထပ်မံ ပြီးဖော်ပြပေးခြင်းသာဖြစ်ပါတယ်..။ကျမ ဘဝတွင်
ဘယ်တော့မှာ မမေ့သင့်သော ဘဘဦးတင်ဦး အား မြတ်လေးငုံ ဘလော့မှအမှတ်တရ
အနေဖြင့် ဂုဏ်ပြုလိုက်ပါသည်..။

မြတ်လေးငုံ..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ စာပေအနုပညာ


မြန်မာပြည်ရဲ့ နိုင်ငံရေးမှတ်တမ်းတွေကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေးနယ်ပယ်ထဲမှာ ထင်ရှားသူတွေက စာပေအနုပညာများ ဖန်တီးတာတွေ၊ စာပေအနုပညာသမားတွေက နိုင်ငံရေးလောကထဲ ပါဝင်လှုပ်ရှားတာတွေကို တွေ့နိုင်ပါတယ်။ ဒီလိုပဲ နယ်ပယ် ၂ ခုစလုံးမှာ အပြည့်အဝ ပါဝင်ကြသူတွေလည်း ရှိပါတယ်။ သခင်အောင်ဆန်း၊ သခင်နု၊ ဒီးဒုတ်ဦးဘချို၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ စာရေးဆရာ သိန်းဖေမြင့် စသဖြင့် ထင်ရှားသူတွေက အများကြီးပါ။



ဒီလိုပုဂ္ဂိုလ်တွေထဲမှာ ထပ်ပြီး ထည့်နိုင်သူတစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရေးသားပြီး နိုင်ငံတကာမှာ ထုတ်ဝေထားတဲ့ စာအုပ်တွေက အင်္ဂလိပ်ဘာသာနဲ့ ဖြစ်နေတော့ မြန်မာပြည်ထဲမှာ ရှိနေသူ အများစုနဲ့ လက်လှမ်းမမီနိုင်သလို၊ လက်လှမ်းမီလို့ ကိုယ်ပိုင်အဖြစ် ရှိနေမယ်ဆိုရင်တောင် နိုင်ငံရေးအခြေအနေက ကိုယ့်စာအုပ်စင်မှာ ကိုယ်လွတ်လွတ်လပ်လပ် မထားဝံ့တဲ့ အနေအထား။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာပေအနုပညာအကြောင်း ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာပေတွေနဲ့ ပတ်သက်ပြီး လက်လှမ်းမီသမျှ တင်ပြချင်ပါတယ်။

မြန်မာ့နိုင်ငံရေးထဲ ဒေါ်အောင်ဆန်းစုကြည် စတင်ဝင်ရောက်တဲ့အချိန်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံလို့ အများက အကြမ်းဖျင်း သိထားကြပါလိမ့်မယ်။ အဲဒီအချိန်ကို ခွဲခြားသတ်မှတ်မယ်ဆိုရင် ၁၉၈၈ ခုနှစ် မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ စာအုပ် ၄ အုပ်ရှိနေပါပြီ။ အဲဒီစာအုပ်တွေကတော့ Let's Visit Nepal၊ Let's Visit Bhutan၊ Let's Visit Burma နဲ့ Aung San စာအုပ်တို့ဖြစ်ပါတယ်။ နောက်ပိုင်းကာလမှာ ရေးသားခဲ့တဲ့စာအုပ်တွေကတော့ ‘မြန်မာပြည်က လာတဲ့စာ’လို့ မြန်မာပြန်ဆို ထုတ်ဝေခဲ့တဲ့ ‘Letters from Burma’၊ ‘ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး’ လို့ ဒေါက်တာအောင်ခင် မြန်မာပြန်ဆိုထုတ်ဝေခဲ့တဲ့ ‘Freedom from Fear’ စာအုပ်နဲ့ ‘The Voice of Hope’ စာအုပ်တို့ဖြစ်ပါတယ်။



ဒီစာအုပ်တွေကို ကြည့်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည် မြန်မာဘာသာနဲ့ ရေးသားဖူးတဲ့စာအုပ် မရှိဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ မြန်မာဘာသာနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်ဆိုရေးသားထားတဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။ အဲဒီစာအုပ်ကတော့ မူရင်း William Ury ရဲ့ ‘Getting Pass No’ ဆိုတဲ့စာအုပ်ကို ပြန်ဆိုထားတဲ့ ‘ဟင့်အင်း ကို ကျော်ဖြတ်ခြင်း’ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြန်ဆို ရေးသားပြီး ကိုယ်တိုင်စာအုပ်ဖြစ်အောင် လုပ်ခဲ့တာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေအတွက်သာ ကန့်သတ် ထုတ်ဝေခဲ့တဲ့ စာအုပ်ဖြစ်ပြီး ၁၉၉၆ ခုနှစ် ဝန်းကျင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲမှာ ပြုလုပ်ခဲ့တဲ့ စာဖတ်ဝိုင်းတွေထဲမှာ ထည့်သွင်းဆွေးနွေးခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်ကို HRDU လို့ အတိုကောက်ခေါ်တဲ့ ပြည်ပအခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ လူ့အခွင့်အရေး မှတ်တမ်းတင်ဌာနက ၁၉၉၉ ခုနှစ်မှာ ပြန်လည် ထုတ်ဝေခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝါသနာတွေထဲမှာ စာဖတ်ခြင်းက ရှေ့ဆုံးမှာ ရှိနေပါတယ်။ စာဖတ်ဝါသနာနဲ့ စိတ်စေတနာ ပေါင်းစပ်ပြီး စာပေရေးသားဖြစ်တယ်လို့ ယူဆမိပါတယ်။ ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ် ရဲ့ တိုက်တွန်းကူညီမှုတွေကလည်း အထိုက်အလျောက် ပါဝင်နေမှာဖြစ်ပါတယ်။ ဒီစာအုပ်တွေဟာ အခုဆိုရင် အုပ်ရေ သန်းနဲ့ချီအောင် ထုတ်ဝေခဲ့ပြီး ဖြစ်နေပါလိမ့်မယ်။

Let's Visit လို့ အစချီထားတဲ့ စာအုပ်တွေရဲ့ ခေါင်းစဉ်ကို ကြည့်လိုက်တဲ့အခါ သက်ဆိုင်ရာ တိုင်းပြည်တွေကို အလည်အပတ်သွားဖို့ တိုက်တွန်းတဲ့၊ ကမ္ဘာလှည့်ခရီးသည်တွေကို ဖိတ်ခေါ်တဲ့ စာအုပ်တွေလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် စာအုပ်တွေကို ဖတ်ကြည့်လိုက်မယ်ဆိုရင်တော့ အဲဒီလို မဟုတ်တာကို တွေ့ရပါလိမ့်မယ်။ ကမ္ဘာပေါ်က နိုင်ငံပေါင်းများစွာအကြောင်း တစ်နိုင်ငံချင်း ထုတ်ဝေထားတဲ့ ဒီစာအုပ်တွေမှာ တခြားစာအုပ်တွေကို မတွေ့ဖူးပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ စာအုပ် ၃ အုပ်မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေကို မလာချင် လာချင်အောင် ဖိတ်ခေါ်တဲ့ အရေးအသားတွေ လုံးဝ မတွေ့ရပါဘူး။ အဲဒီစာအုပ်တွေထဲမှာ အကြမ်းအားဖြင့် နိုင်ငံရဲ့ ပထဝီအနေအထား၊ သမိုင်းမှတ်တမ်းတွေနဲ့ ဓလေ့ထုံးစံတွေ၊ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအကြောင်း ဗဟုသုတဖြစ်ဖွယ် စုံစုံလင်လင် ရေးသားထားတာကို တွေ့ရပါတယ်။

ဒီနေရာမှာ ကြားဖြတ်အနေနဲ့ ပြောချင်တာတစ်ခုက မြန်မာနိုင်ငံအကြောင်း ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် သိသလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ မြန်မာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတဲ့အခါ စစ်အာဏာပိုင်တွေက ‘တိုင်းပြည်ပြင်ပမှာ နှစ်ပေါင်း ၂ဝ ကျော် နေခဲ့တဲ့သူက မြန်မာပြည်အကြောင်း ဘယ်လောက် သိမှာလဲ’လို့ မကြာခဏ ပြောလေ့ရှိပါတယ်။ ဒါကို ရှေ့ပိုင်းကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ‘သိလွန်းလို့တောင် ခက်နေတယ်’ လို့ တုံ့ပြန်ပြောဆိုဖူးပါတယ်။ ဒီလိုပြောဆိုခဲ့တာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရေးသားပြီး ၁၉၈၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Let's Visit Burma စာအုပ်ကို ဖတ်ကြည့်ရင်ပဲ သိနိုင်ပါတယ်။

အဲဒီစာအုပ်ထဲမှာ သယံဇာတ ပေါကြွယ်ဝပုံ၊ ခေတ်ဟောင်းသမိုင်းနဲ့ ရာဇဝင်၊ လွတ်လပ်သောတိုင်းပြည် တည်ထောင်ခြင်း၊ လူနည်းစု တိုင်းရင်းသားများ၊ မြန်မာ့ဓလေ့ စသဖြင့် အခန်း ၇ ခန်းခွဲပြီး ရေးသားထားပါတယ်။ နေရာဒေသတွေ အကြောင်း ရေးသားတဲ့အခါ ‘မော်လမြိုင်က အစား၊ မန္တလေးက စကား၊ ရန်ကုန်က အကြွား’ဆိုတဲ့ ဆိုရိုးစကားမျိုး ထည့်သွင်းရေးသားတဲ့အပြင် လယ်ယာလုပ်ငန်းအကြောင်း၊ တောင်ယာခုတ်ခြင်း အကြောင်းတွေကို အသေးစိတ် ရေးသားထားတာမို့ မမြင်ဖူးတဲ့သူတွေတောင် စိတ်ကူးနဲ့ မှန်းဆ မြင်ယောင်သွားနိုင်ပါတယ်။ သစ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေအကြောင်း အကြမ်းဖျင်း ရေးသားထားပြီး မြန်မာနိုင်ငံ သမိုင်းကိုတော့ မျိုးနွယ်စုတွေ ဆင်းသက်လာပုံ၊ မွန်လူမျိုးများ အခြေချပုံ၊ ပျူခေတ် ပုဂံခေတ် တောင်ငူခေတ် အင်းဝခေတ် ကုန်းဘောင်ခေတ် နောက်ဆုံး ကိုလိုနီခေတ် စသဖြင့် တော်တော်လေး ပြည့်ပြည့်စုံစုံ ရေးသားထားပါတယ်။ လွတ်လပ်ရေး ရပြီးချိန်ကနေ ပထမဆုံး စစ်အာဏာသိမ်းတဲ့ တော်လှန်ရေး ကောင်စီ တဖြစ်လဲ မဆလပါတီအကြောင်း ရေးသားထားတဲ့ အခန်းမှာတော့ ပြည်တွင်းစစ်ဖြစ်ပြီး စည်းလုံးညီညွတ်မှု ပြိုကွဲနေတဲ့ တိုင်းပြည်အကြောင်းကိုပါ ထည့်သွင်းရေးသားခဲ့ပါတယ်။

မြန်မာလူမျိုးတွေရဲ့ ကိုးကွယ်ယုံကြည်မှုများနဲ့ ဓလေ့ထုံးစံများကို ရေးသားရာမှာတော့ အခြေခံ ဘာသာရေး အဆုံးအမများအကြောင်း ရှင်းလင်းရေးသားထားပြီး ကောင်းသောမြင်ခြင်း၊ ကောင်းသောကြံခြင်း၊ ကောင်းစွာဆိုခြင်း၊ ကောင်းသောပြုခြင်း၊ ကောင်းသော အသက်မွေးခြင်း၊ ကောင်းသော အားထုတ်ခြင်း၊ ကောင်းသော အောက်မေ့ခြင်း၊ ကောင်းသော တည်ကြည်ခြင်း ဆိုတဲ့ မဂ္ဂင် ၈ ပါးအကြောင်း၊ အလယ်အလတ် လမ်းစဉ်အကြောင်း၊ ရတနာ ၃ ပါး၊ သံသရာ နိဗ္ဗာန် စတဲ့အကြောင်းတွေ၊ မွေးနေ့ကို အစွဲပြုပြီး အမည် မှည့်ခေါ်ပုံတွေ၊ နတ်ကိုးကွယ်မှုအကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ရေးသားထားတာ တွေ့ရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ဒေါ်အောင်ဆန်းစုကြည်ရေးခဲ့တဲ့ စာအုပ်ထဲက အကြောင်းအရာ တချို့သာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာပေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အခါ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာများကိုပါ ထည့်သွင်းပြောပြမှ ပြည့်စုံမှာဖြစ်တဲ့အတွက် စာတစ်ပုဒ်တည်းနဲ့ လုံလောက်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် သူ့ရဲ့စာပေတွေကနေ သူ့ရဲ့နိုင်ငံရေးအမြင်နဲ့ သဘောထားများကိုလည်း ချဉ်းကပ်ကြည့်ရှုဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ် ဆိုတာ ပိုပြီး ရုပ်လုံးပေါ်လာမှာဖြစ်ပါတယ်။ ။

ရင်းမြစ် ..ဆရာ ထိန်လင်း (မိုးမခ)


သံတိုင်ကြား က လရောင်ဆီသို့....။


သံတိုင်ကြား က လရောင်ဆီသို့.......

ထောင်နန်းစံရအောင်
ထောင်ဖမ်းကာ အမှုအလီလီဆင်လို့
အာဏာရှင် ထင်ရာစိုင်းပုံက
ရာဇဝင် စာတင်အောင် ရိုင်းပြီမို့
အတိုင်းတိုင်း အနယ်နယ်မှာ
ကိုင်း- ကြားလို့မှ မဖွယ်မရာ..။

အောင်ဆန်းစုကြည် - ဆိုတာ
အောင်လမ်းရှု့ချီရာ လတမင်းပေမို့
လမင်းကို တိမ်အိုဖုံးသော်လည်း
တိမ်းဖုံးပေမဲ့ သာမြဲသာ...။

နအဖဆိုတာ ကလိမ်ယုတ်တွေမို့
တိမ်ပုပ်ကနေ မှောင်မဲရင်း သာပေါ့
အိမ်ချုပ်ကနေ ထောင်ထဲသွင်းပါလို့
လမင်းကို ထောင်ဒဏ်ချပေမယ့်
သံတိုင်းကြားက လရောင်ဟာ
အုတ်ရိုးကြားက လရောင်ဟာ
တဖြာဖြာနဲ့ ဝင်းပရင်း
ကမ္ဘာကပါမြင်ရရင်း...။

ကြယ်နီတို့-
ကြယ်ဝါတို့-
ကြယ်ဖြူတို့-
ကြယ်စင်တို့ရေ.....
အမှောင်တွေကို တကယ်မုန်းရင်ဖြင့်
စုရုံးကာ ပိုင်ရာအလင်းတွေနဲ့
လမင်းအနား အတူယှဉ်လို့
ဒီ ကောင်းကင် ကြည်စင်သစ်ရအောင်
တိမ်ညစ် တိမ်မှောင် တိမ်လွှာပုပ်တို့ကို
တောထုတ်ဖြိုးခွင်း
(ကိုင်း-) ပြုကြအလင်း....။

ဝင်းတင့်ထွန်း..။
၂၇.၅.၂၀၀၉
(မတရားသဖြင့်အမှုဆင်ရုံးတင် တရားစွဲ ဆိုခြင်း ခံနေရတဲ့၊
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်-သို့)

နိုင်ငံရေးအကျဉ်းသား မနီမိုလှိုင် ကျန်းမာရေး ဆိုးရွားနေ။...။

AAPP Released Political Prisoner Ni Mo Hlaing in Critical Condition[

ပေးပို့ လာသူ ...... ကိုအောင်မျိုးသိန်းအား ကျေးဇူးတင်ပါသည်....။...။