Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

28 November 2012

ကျေးဇူးရှင်.. ဓါးပြများသို့..

ပြောပြန်ရင်လည်း အောင်မင်းလွန်ရာ ကျမည်...။ 
 
 ယခုနှစ် ၃လပိုင်း ၁၉ရက်နေ့က လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းအုတ်မြစ်ချပွဲ အခမ်းအနားမှာ တွေ့ရတဲ့ တရုတ်စီမံကိန်းဥက္ကဋ္ဌ၊ တရုတ်သံအမတ်နဲ့ အတူတွေ့ရတဲ့ မြန်မာတာဝန်ရှိ ပုဂ္ဂိုလ်များပေါ့..။ တရုတ်စီပွားရေး လုပ်ငန်းရှင်တွေကတော့ ပျော်တပြုံးပြုံး မြန်မာတာဝန်ရှိသူတွေကတော့ လက်ကလေးရှေ့ချ သတိအနေအထားနဲ့ပေါ့...။ တရုတ်ကျေးဇူးရှိတယ် တရုတ်ကျေးဇူးရှိတယ် ဆိုပြီး ပြောဆိုနေကြတာ နိုင်ငံခေါင်းဆောင်ကအစ ဝန်ကြီးအဆုံးပေါ့..။

 ဒါနဲ့ပတ်သက်လို့ ကျေးဇူးရှင်ဆိုတဲ့ စကားအသုံးအနှုန်းကို နားကြားပျင်း ကပ်မိလို့ ဥပမာတခုနဲ့ယှဉ် စဉ်းစားမိတယ်...။ ဥပမာ ရွာတရွာမှာ ငွေကြေးချမ်းသာတဲ့ မွေးကင်းစ ကလေးငယ်တဦးသာရှိတဲ့ မိသားစု တစုကို ဓါးပြတိုက်ခံရတယ်ဆိုပါစို့ ဓါးပြဗိုလ်က ပစ္စည်းယူယုံတင် မက မိခင်ဖခင် ၂ဦးကိုပါ သတ်ဖြတ်ပြီး ကျန်ရစ်သူ ကလေးငယ်ကိုတော့ လူမမယ်ကလေးငယ် ဖြစ်တဲ့အတွက် မသတ်ဖြတ်ပဲ စောင့်ရှောက်ထိန်းသိမ်း ခဲ့တယ် ဆိုပါစို့။ ကလေးငယ်အတွက် ဓါးပြဗိုလ်ဟာ ကျေးဇူးရှင်လို့ပြောရင် လက်ခံနိုင်ပါ့မလား။ ဓါးပြအဖွဲ့သာ မရောက်ရှိလာရင် ကလေးငယ်ဟာမိစုံ ဖစုံချမ်းချမ်းသာသာ လူလားမြောက်ခွင့်ရမှာပါ...။ မိခင်ဖခင်ကို သတ်ပြီး လူလားမြောက်လာအောင် စောင့်ရှောက်ခဲ့တဲ့ ဓါးပြဗိုလ်ကိ ကျေးဇူးရှင်အဖြစ် လက်ခံနိုင်ပါ့မလား။

 ထို့အတူ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း၂၃နှစ်လုံးလုံး မိဘနဲ့တူတဲ့ ဒီမိုကရေစီအစိုးရ ဖြစ်ပိုင်ခွင့်ကို သင်းသတ်ခံရ၊ မိဘဘိုးဘွားပိုင်ဖြစ်တဲ့ သဘာဝအရင်းအမြစ်တွေကို ဓါးပြတိုက် မောင်ပိုင်စီး ခံရပြီး မသေယုံတမယ် အပေါစား တရုတ်ပစ္စည်းတွေနဲ့ ဓါးပြမွေးစားတဲ့ သားသမီးအဖြစ် ချွတ်ခြုံကျခဲ့ရတာတောင် ကျေးဇူးရှင်လို့ ပြောထိုက်ပါလား။ ၁၉၉၀ကစပြီး ဒီမိုကရေစီ အစိုးရအဖြစ် ဆယ်စုနှစ် ၂စုကျော်သာ အသားကျခဲ့ရင် ယနေ့မြန်မာပြည်ဟာ ကမ္ဘာနဲ့ ယှဉ်ဘောင် မတန်းနိုင်တောင် အဆင့်တခုတော့ ရောက်ရှိနေမှာပါ။

 ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့တော့ မိခင်၊ ဖခင်ကို သတ်ဖြတ်ပြီး အဆီစား အသားမျိုခဲ့တဲ့ ဓါးပြဗိုလ်ကို ကျေးဇူးရှင် ဖြစ်သင့်မဖြစ်သင့် ဆင်ခြင်စရာပါပဲ..။ ဆယ်စုနှစ် ၂ခုကျော် ကာလအတွင်း အဆီဖြစ် အသားထစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ အကျိုးခံစား ခဲ့ရသူတွေ အတွက်ကတော့ ကျေးဇူးရှင် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့်..။ ကျွန်တော်တို့ ပြည်သူများအတွက်တော့ မိဘ၂ပါး အသတ်ခံရ စည်းစိမ်းဥစ္စာတွေ ဆုံးရှုံးခဲ့ရပြီး မည်ကာမတ္တ လူလားမြောက်ခဲ့ရတဲ့ အဖြစ်လို ခံစားခဲ့ရတာတင်မကပဲ ဓါးပြဗိုလ်နဲ့တူတဲ့ ဇိနတိုင်းအား ကျေးဇူးရှင်အဖြစ် လက်ခံရမယ်လို့ ပြောဆိုနေမှုဟာ လည်ချောင်း အရိုးဆူးသလို အခံခက်လှသည်။ 

 ယနေ့လက်ပံတောင်းတောင် အရေးနဲ့ ပတ်သက်ပြီး ယခင် စစ်အာဏာရှင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် အပေါင်းအပါများကို စိတ်နာမိသလို တရုတ်ရန်ကို အောင်မြင်စွာ တိုက်ထုတ်ခဲ့တဲ့ ဆင်ဖြူရှင်မင်းကို တမ်းတမိသည်...။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာ ကျမည်...။ ကျေးဇူးရှင်ဆိုသော ဝေါဟာရနှင့် ပတ်သက်ပြီး တွေးမိသမျှ ရေးမိသည်။ 

 ဒီမိုဝေယံ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြင်ကွင်းတခု
 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ပျက်ဆီးသွားသော သဘာဝဝန်းကျင်တခု...

ကျွန်တော်တို့ မြန်မာပြည်သူတွေ ကျေးဇူးရှင် ဆိုသူများထံမှ ဆယ်စုနှစ် ၂ခုကျော် ရရှိလိုက်တာကတော့ ပျက်ဆီးသွားသော သဘာဝဝန်းကျင်များနဲ့ တနေ့တခြား ဖောက်ပြန်လာသည့် ရာသီဥတု အခြေအနေများသာ... ဖြစ်သည်..။

09 April 2012

လွှတ်တော်ထဲ ရောက်သွားပြီးရင် ဘာဆက်လုပ်မလဲ (မောင်ဝံသ)

ခါသင်္ကြန်ကို ကြိုဆိုပြီး တနင်္ဂနွေနေ့ ထွက်လာတဲ့ ပြည်သူ့ခေတ်ဂျာနယ် က မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့နိုင်ငံက ပြည်သူလူထုအများစုကြီးဟာ ၂၀၁၀ ရွေးကောက်ပွဲကတစ်ဆင့် ပေါ်ပေါက်လာခဲ့တာဖြစ်တဲ့ လွှတ်တော်နဲ့ အစိုးရအပေါ် စောစောပိုင်းက သိပ်စိတ်မ၀င်စားခဲ့ကြဘူးဗျ။

သို့ပေမယ့် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရိုးသားပွင့်လင်းတဲ့ စကားတွေ (ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ နောက်မှာတောင် ပြတ်ကျန်ရစ်ခဲ့ပြီ ဆိုတဲ့ စကား၊ လွှတ်တော်ပြင်ပမှာရှိသူတွေဟာလည်း တိုင်းချစ် ပြည်ချစ်စိတ်ရှိသူတွေပဲ ဖြစ်တာမို့ ပူးပေါင်းဆောင်ရွက်ကြရအောင်လို့ ဖိတ်ခေါ်လိုက်တဲ့စကား) စတဲ့ စတဲ့ စစ်အစိုးရခေါင်းဆောင် အဆက်ဆက် ဘယ်တုန်းကမှ မပြောခဲ့ဖူးတဲ့ စကားတွေနဲ့

အဲဒီစကားတွေ နောက် တစ်ဆက်တည်းလိုက်ပါလာတဲ့ ရဲဝံ့ပြောင်မြောက်တဲ့လုပ်ရပ်တွေ (ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိပ္ပာယ်ရှိတဲ့တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တာ၊ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းပစ်လိုက်တာ၊ ယုံကြည်ချက် အကျဉ်းသား အများစုကို ပြန်လွှတ်ပေးလိုက်တာ၊ နှစ်ပေါင်းများစွာ ပစ်ထားခြင်းခံခဲ့ရတဲ့ ပင်စင်စားတွေကို ထည့်သွင်းစဉ်းစားပေးခဲ့တာ စတဲ့ စတဲ့ စစ်အစိုးရခေါင်းဆောင် အဆက်ဆက် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တွေ)ကြောင့်

နှစ်ပေါင်း ငါးဆယ်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြည်သူတွေဟာ အစိုးရအပေါ် စိတ်ဝင်စားလာခဲ့ကြတာ အမှန်ပဲဗျ။

လွှတ်တော်အသံ ပြည်သူ့အသံ

လွှတ်တော်တွေဆိုတာကလည်း ယခင်စစ်အစိုးရက တည်ထောင်ခဲ့တဲ့ လူမှုရေးအသင်းအဖြစ်ကနေ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ အဖွဲ့ကြီးနဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များက ဧရာမ အများစုအနေအထားနဲ့ ဖွဲ့စည်းထားတာ အထင်အရှားဖြစ်တယ်ဗျာ။
လမ်းစဉ်ပါတီခေတ်က လွှတ်တော်လိုပဲနေမှာပါလို့ ထင်မြင်ယူဆခြင်းခံနေရတဲ့ အဲဒီလွှတ်တော်ဟာလည်း ပြည်သူ့အသံကို ထင်ဟပ်တဲ့ ပြောဆိုဆွေးနွေးငြင်းခုံမှုတွေကြောင့် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို တိုးတက်ရရှိလာနေခဲ့တယ်ဗျ။

အထူးသဖြင့် အာဏာရပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့ကိုယ်စားပြုရာ မဲဆန္ဒနယ်များက ပြည်သူများရဲ့ အကျိုးစီးပွားကို ထင်ဟပ်တဲ့အကြောင်းအရာများကို မပြတ်ရှာဖွေလေ့လာတင်ပြဆွေးနွေးနေကြတဲ့အပြင် ယုံကြည်ချက် အကျဉ်းသားများ လွှတ်ပေးရေးတို့လို တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စများမှာတောင် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ၊ အဆိုပြုမှုတွေ၊ ထောက်ခံမှုတွေ ပြုလုပ်လာခဲ့ တာကို တွေ့မြင်ခဲ့ကြရတယ်ဗျာ။ ယုတ်စွအဆုံး ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတာမဟုတ်တဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကတောင် ယုံကြည်ချက် အကျဉ်းသား လွတ်မြောက်ရေးကိစ္စမှာ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာခဲ့ကြတာကြောင့် ကနဦးပိုင်းမှာ ပုံရိပ်သိပ်မကောင်းခဲ့တဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာဟာ တစ်စတစ်စမြင့်မားလာခဲ့တာ အမှန်ပဲဗျ။ ပြောရရင် အစောပိုင်းမှာ တုန်းက ရုပ်/သံဖန်သားပြင်ပေါ်မှာ ``လွှတ်တော်အသံပြည်သူ့အသံ´´ ဆိုတဲ့ စာသားတွေ ပေါ်လာရင် ရယ်သွမ်းသွေးခဲ့ကြတဲ့သူ အတော်များများတောင် နောက်ပိုင်းမှာ ရုပ်သံက လွှင့်ပေးတဲ့ လွှတ်တော်တွင်းက ဆွေးနွေးမှုတွေကို အလေးထားပြီး နားထောင်လာကြတယ်။ အကြောင်း ကြောင်းကြောင့် နားမထောင်ဖြစ်လိုက်ရင် နောက်တစ်နေ့ထုတ် သတင်းစာမှာ မဖြစ်မနေ ဖတ်ကြရတဲ့အထိ ဖြစ်လာခဲ့တယ်လို့ သိရတယ်ဗျ။

လွှတ်တော်အမတ်တွေ မခံချင်စရာအပြောခံရလို့

သည်လို အချိန်မျိုးမှာ အုပ်ချုပ်ရေးမဏ္ဍိုင်က ကြီးကြီးမားမား တာဝန်ရှိသူတစ်ယောက်က ဂျာနယ်တစ်စောင်နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ လွှတ်တော် ကိုယ်စားလှယ်များ မခံမရပ်ဖြစ်စေလောက်တဲ့ မှတ်ချက်တချို့ကို ပြောဆိုခဲ့တဲ့အတွက် ကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတာ ကြားရတယ်ဗျာ။ မဏ္ဍိုင်ကြီးသုံးရပ်ဟာ တစ်ဦးနဲ့တစ်ဦး လွှမ်းမိုးမှု မရှိဘဲ သီးခြားလွတ်လပ်စွာ ရပ်တည်ကြရတဲ့ ဒီမိုကရေစီလုပ်ထုံးလုပ်နည်းအရဆိုရင် အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ ဥပဒေပြုမဏ္ဍိုင်ကို လေးလေးစားစား ဆက်ဆံဖို့သာ ရှိတယ်ဗျ။ လွှတ်တော်အမတ်တွေဟာ စင်စစ်အားဖြင့် ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တယ် ဆိုတဲ့ အချက်တစ်ချက်တည်းနဲ့ပဲ ရိုသေလေးစားစွာ ဆက်ဆံခံရဖို့ ထိုက်တန်တယ်ဗျာ။ ခုလိုဖြစ်ရတာ ဒီမိုကရေစီလွှတ်တော်စစ်စစ် မရှိဘဲ နှစ်ပေါင်း ၅၀ နေခဲ့ရတဲ့ အခြေအနေရဲ့ အကျိုးဆက်ပဲလို့ ကျွန်တော် စဉ်းစားမိတယ်ဗျ။

ဂျိုးဇက် စတစ်ဂလစ်ရဲ့ အမြင်

ဒီနေရာမှာ စကားစပ်မိလို့ မကြာသေးခင် လအနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အခြင်းအရာတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို သုံးလေးကြိမ် လာရောက်ခဲ့ဖူးပြီး သူ့ရဲ့အတွေးအခေါ်အယူအဆတွေကို တင်ပြအကြံပြုသွားခဲ့ဖူးတဲ့ နိုဘယ်ဆုရှင် စီးပွားရေး ပညာရှင် ဂျိုးဇက်စတစ်ဂလစ်ရဲ့ အမြင်တစ်စွန်းတစ်စကို မျှဝေချင်တယ်ဗျ။ ပညာရှင်ကြီး စတစ်ဂလစ်ကို ပြီးခဲ့တဲ့ တစ်ခေါက်က ဒေါက်တာဦးမြင့်ရဲ့အစီအစဉ်အရ ကျွန်တော်ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခွင့်ရလိုက်ပါသေးတယ်။ သူက ``၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ စတင်ပေါ်ထွန်းလာခဲ့တဲ့ အသွင်ကူးပြောင်းရေးလှုပ်ရှားမှုတွေဟာ အသက်ရှူမှားလောက်စရာပါ။ ၁၉၆၁ ခုနှစ်ကတည်းက အာဏာကို အကြွင်းမဲ့ ချုပ်ကိုင် လာခဲ့တဲ့ စစ်တပ်က လွှတ်တော်ကိုယ်စားလှယ်နေရာအားလုံးရဲ့ (၂၅%) ကို ဆုပ်ကိုင်ထားတာကြောင့် အဲဒီရွေးကောက်ပွဲဟာ ]အပေါ်ယံ ရွှေမှုန်ကြဲ}မှုတစ်ခုသာ ဖြစ်တယ်ဆိုတဲ့ အယူအဆ အားကောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရွေးကောက်ပွဲက ပေါ်ထွက်လာခဲ့တဲ့ အစိုးရဟာ အများ ကြိုတင် ထင်မြင်စိတ်ကူးထားကြတာထက် မြန်မာပြည်သူတွေရဲ့ အခြေခံစိုးရိမ်ပူပန်မှုတွေကို အများကြီး ပိုပြီး နားလည်သဘောပေါက်တဲ့ အစိုးရတစ်ခုဖြစ်ကြောင်း ပေါ်ထွက်လာခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပွင့်လင်းလွတ်လပ်မှု လိုအပ်တယ်ဆိုတဲ့ ခေါ်သံတွေကို သမ္မတသစ် လက်ထက်မှာ အာဏာပိုင်တွေက ထူးခဲ့ကြပါပြီ။}}လို့ မှတ်ချက်ပေးသွားပါတယ်။

သူပြောသလို အစိုးရဟာ ပြည်သူတွေရဲ့ခံစားချက်ကို နားလည်သဘောပေါက်တယ် ဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အလုပ်ကိုလည်း လေးစားကြဖို့ အထူးလိုအပ်မယ်ထင်တယ်ဗျာ။

လွှတ်တော်အားကောင်း မကောင်း

ကိုယ်စားပြု ဒီမိုကရေစီစနစ်မှာ လွှတ်တော်ဟာ အသက်ဝိညာဉ်ဖြစ်တယ်ဗျ။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင်ဆိုပြီး အဓိကကျတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ရှိတဲ့အနက် ကျန်မဏ္ဍိုင်နှစ်ခုစလုံးဟာ ဥပဒေပြုရေးမဏ္ဍိုင်ဆိုတဲ့ လွှတ်တော်ကတစ်ဆင့် သွားကြရတာဖြစ်တဲ့အတွက် ဒီကနေ့ ကမ္ဘာမှာ အလွှမ်းမိုးအတွင်ကျယ်ဆုံး နိုင်ငံရေးစနစ်ဖြစ်တဲ့ ကိုယ်စားပြု ဒီမိုကရေစီစနစ် ရှင်သန်တည်တံ့ ခိုင်မာဖို့ အခွင့်အလမ်း ဘယ်လောက်ရှိçမရှိဆိုတဲ့အချက်ဟာ လွှတ်တော် ဘယ်လောက်အားကောင်းçမကောင်းဆိုတဲ့ အပေါ်မှာ လုံးလုံး လျားလျားတည်မှီနေတာဖြစ်တယ်ဗျ။ ဆိုလိုတာက လွှတ်တော်ဟာ အာဏာရှင်တစ်ယောက်ရဲ့ အလိုဆန္ဒတွေကိုပဲ အလိုလိုက် အကြိုက် ဆောင်ပေးနေရတဲ့ ]ရာဘာတံဆိပ်တုံးထု} လွှတ်တော်လား။ အတုအယောင် လူထုဆန္ဒခံယူပွဲ၊ အကြံအဖန် အခြေခံဥပဒေ၊ မမှန်မကန် ရွေးကောက်ပွဲတွေကတစ်ဆင့် ပေါ်ထွက်လာတဲ့ အဆန်မပါလွှတ်တော်လား။ ဒါမှမဟုတ် အမှန်အကန် လူထုဆန္ဒခံယူပွဲ၊ အမှန်အကန် အခြေခံဥပဒေ၊ အမှန်အကန် ရွေးကောက်ပွဲတွေကတစ်ဆင့် ပေါ်ထွက်လာတဲ့ အမှန်အကန် လွှတ်တော်လားဆိုတဲ့အချက်က နိုင်ငံတစ်ခုရဲ့ အနာဂတ်ကို ပြဋ္ဌာန်းစီရင်မှာဖြစ်တယ်ဗျ။

လွှတ်တော်ထဲ ရောက်ကြတော့မယ်

ဘာပဲပြောပြော လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်ဖွဲ့စည်းခွင့်မရခဲ့တဲ့အပြင် ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်အများစု ထောင်ထဲရောက်သူရောက်၊ ပြည်ပကို ထွက်ခွာရသူ ထွက်ခွာ ဖြစ်ခဲ့ရတဲ့ ပါတီကြီးရဲ့ ကိုယ်စားလှယ်တွေဟာ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်ထဲသို့ ခိုင်မာတဲ့အင်အားစုတစ်ရပ်အဖြစ် ရောက်ရှိလာပါတော့မယ်ဗျာ။

အဲဒီပါတီကြီးဟာ သူတို့ရဲ့ ရွေးကောက်ပွဲ ရည်မှန်းချက်အဖြစ် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုပြီး ပြတ်ပြတ်သားသား ကြေညာထားတာပဲဗျ။ လွှတ်တော်ထဲရောက်လာတာနဲ့ အဲဒီပါတီကြီးဟာ အဲဒီရည်မှန်းချက်သုံးရပ် အကောင်အထည် ပေါ်လာရေးကို ဘယ်သို့ဘယ်ပုံ ကြိုးပမ်းဆောင်ရွက်မည်လဲ၊ အဲဒီအချိန်ကျရင် လက်ရှိလွှတ်တော်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကျွန်တ်ာတို့ ပြည်သူအားလုံး အလွန်မှပဲ စိတ်ဝင်စားနေကြပါတယ်။ မျက်ခြည်မပြတ်လည်း စောင့်ကြည့်နေကြမှာဖြစ်တယ်ဗျာ။ ဒီမိုကရေစီစနစ်ရဲ့ အသက်ဝိညာဉ်ဖြစ်တဲ့ လွှတ်တော်သို့ ရောက်ရှိသွားသူအားလုံး နိုင်ငံ့အကျိုးကို ဦးထိပ်မှာထားပြီး ဥာဏ်ပညာအမြော်အမြင်ကြီးမားစွာ တွေးတောလုပ်ဆောင်နိုင်ကြဖို့ ပြည်သူတွေ မျှော်လင့်နေကြမယ်ဆိုတာကို
တော့ ယုံမှားသံသယရှိစရာ မလိုပါဘူးဗျ။

13 February 2012

' ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုဆောင်းပါး' ( ရေးသူ-ဒေါ်အောင်ဆန်းစုကြည်)

' ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုဆောင်းပါး'

ရေးသူ-ဒေါ်အောင်ဆန်းစုကြည် -မြန်မာပြန် - ဒေါက်တာအောင်ခင်

ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့် ” ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘ၀ လုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေအထောက်အထားများကို ကျမ စတင် စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများထံမှ သိရှိရသော အချက်အလက်များ အပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပ္ပတ္တိကိုရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဌာန်ကျကျရေးနိုင်မည် မဟုတ်ဟု အစွပ်စွဲ ခံရနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပ္ပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဥာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြုံများ၏ သြဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည်မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာ ကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်း ရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။

အောင်ဆန်းကို မြန်မာနိုင်ငံ အညာဒေသရှိ နတ်မောက်မြို့ကလေး၌ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ဖွားမြင်ပါသည်။ မန္တလေးမြို့တော်ရှိ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ပျက်သုန်းစေပြီး မြန်မာတနိုင်ငံလုံး ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်သို့ ကျဆင်းစေခဲ့သော တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး နှစ်ပေါင်း(၃၀) အကြာတွင် ဖြစ်ပါသည်။

နတ်မောက် နယ်သူနယ်သားများသည် မြန်မာဘုရင်များ၏ အမှုကိုထမ်းဆောင်သည့် အစဉ်အလာရှိသူများဖြစ်၏။ အောင်ဆန်း၏ မိခင်မျိုးရိုးထဲတွင် ရာထူးကြီး မင်းမှုထမ်းအချို့ ပါဝင်ခဲ့ပါသည်။ ဖခင်ဖြစ်သူ ဦးဖာသည် လယ်သမားမျိုးရိုးမှဖြစ်ပြီး လောကီရေးရာတွင် လိမ္မာရေးခြားမရှိ၊ စကားမပြော တုံဏှိဘာဝေ နေတတ်သူတဦး ဖြစ် ပါသည်။ ဉာဏ်ရည်ကောင်း၍ စာပေဖက်တွင် ထူးချွန်သော်လည်း စကားနည်းလွန်းသဖြင့် ဦးဖာသည် မိမိ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သော ရှေ့နေအလုပ်၌ အောင်မြင်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ထက်မြက်သွက်လက်လှသော မိခင်ဒေါ်စုသာလျှင် မိသားစုစားဝတ်နေရေးကို အဓိကတာဝန်ယူရပါသည်။

ဒေါ်စု၏ ဦးလေးတော်သူသည် ဗြိတိသျှတို့ကို ရှေးဦးစွာ တော်လှန်ဆန့်ကျင်ခဲ့သော မြန်မာအုပ်စုတစုကို ခေါင်းဆောင်ခဲ့ပါသည်။ နောက်ဆုံး၌ “ဗိုလ်လရောင်” ခေါ် “ဦးမင်းရောင်” အား ဗြိတိသျှတို့က ဖမ်းဆီးသတ်ဖြတ် လိုက်ပါသည်။ “ကုလားတို့ ကျွန်မခံ” ဟူသော စိတ်ထားရှိခဲ့သည့် ထိုရဲရဲတောက် မျိုးချစ်ပုဂ္ဂိုလ်ကြီးကား အောင်ဆန်းမိသားစုနှင့် နယ်သူနယ်သားများ ဂုဏ်ယူစံထား အားကျဖွယ်ရာ ဖြစ်လာပါသည်။

ညီအကိုမောင်နှမ (၆) ဦး (ကလေးဘ၀ကပင် ကွယ်လွန်ကြသူများအပါအ၀င်ဆိုလျှင် မွေးချင်း - ၉ ဦး) အနက် အထွေးဆုံးဖြစ်သူ အောင်ဆန်းသည် သူကိုယ်တိုင်ရေးခဲ့သော မှတ်တမ်းအရ ညစ်ပတ်ချူချာ အစားကြူး၍ လုံးဝနှစ်လိုဖွယ်မဟုတ်သော ကလေးတဦးဖြစ်ပါသည်။ စကားပြောလည်း နောက်ကျလှသဖြင့် မိသားစုက ‘ဆွံ့အ’ နေသလားဟူ၍ပင် ပူပင်ခဲ့ရ၏။ သို့သော် အောင်ဆန်းကလေးသည် ပရိယာယ်မရှိခြင်း၊ အလွန်ရိုးသား ဖြောင့်မတ်ခြင်း၊ ဆင်းရဲသူများအား သနားကြင်နာတတ်ခြင်း စသော ချစ်စဖွယ် စိတ်ဓာတ်များဖြင့် ပြည့်စုံသည်ဟု သူ့ အား ငယ်စဉ်က ကောင်းစွာသိခဲ့သူများနှင့် သူ့မိသားစုဝင်များက ကောက်ချက်ချကြပါသည်။

အောင်ဆန်းမိသားစုမှာ ဥာဏ်ရည်ကောင်းပြီး ပညာဖက်တွင် ထွန်းပေါက်သူများအဖြစ် နာမည်ကောင်းရထား ပါသည်။ အောင်ဆန်း၏ အကို (၃) ဦးမှာ အသက်ငယ်ငယ်လေးတွင် ကျောင်းစတက်ကြ၏။ သို့သော် အောင်ဆန်းမှာမူ အမေပါတက်မှ ကျောင်းတက်မည်ဆိုကာ ကတ်ဖဲ့နေ၏။ စိတ်ဓာတ်ကြံ့ခိုင်လှပါသည်ဟု ဆိုရမည် ဖြစ်သော ဒေါ်စုသည် သားထွေးလေးကို အလွန်ညှာတာလေ့ရှိပြီး သူ့စိတ်ပါမှသာ ကျောင်းတက်ပါစေတော့ဟု အလိုလိုက်ထားခဲ့၏။

သို့ဖြင့် (၈) နှစ်သား အရွယ်ရောက်သောအခါမှ အောင်ဆန်း ကျောင်းတက်ရန် ဆုံးဖြတ်ပါတော့သည်။ အကိုဖြစ်သူ အောင်သန်း ရှင်သာမဏေဘောင်သို့ ၀င်သောအခါ၌ ဘုန်းကြီးကျောင်းနေ သံဃာတို့ဘ၀ကို သဘောကျ၍ပေလား၊ ရှင်လောင်းများစီးသည့် ကကြိုးတန်ဆာ ဆင်ရင်ထားသော မြင်းဖြူလေးကို သဘောကျ၍လားမသိ၊ အောင်ဆန်းက သူလည်း ရှင်ပြုချင်ပါသည်ဟု ဆိုလာပါတော့သည်။ လိမ္မာပါးနပ်သော အမေက အခွင့်ကောင်းကို ချက်ချင်းယူ၍ ရှင်မပြုမီ စာရေးစာဖတ်တတ်ရန် လိုမည်ဟု ထောက်ပြလိုက်ပါသည်။

ကျောင်းစတက်သည်ဆိုသည်နှင့် အောင်ဆန်းသည် ထူးချွန်သော ကျောင်းသားတဦးဖြစ်ကြောင်း ပေါ်လွင်လာပါသည်။ စာကြိုးစား၍ စည်းကမ်းရိုသေပြီး အတန်းထဲတွင် အစဉ် ထိပ်တန်းက ရှိနေခဲ့ပါသည်။ အောင်ဆန်း၏ ပထမကျောင်းမှာ နတ်မောက် ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းပင်ဖြစ်ပါသည်။ လောကုတ္တရာပညာသာမက ခေတ်သစ်ပညာရပ်အချို့ကိုပါ သင်ကြားပေးသော ထိုစဉ်အခေါ် လောကဓာတ်ကျောင်းမျိုးဖြစ်ပါသည်။ သို့သော် နတ်မောက်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်းမရှိပေ။

ထိုအချိန်က အထက်တန်းပညာသင်ကြားရာ၌ လိုအပ်ချက်တခုဖြစ်သော အင်္ဂလိပ်စာကို အကိုကြီးများက သင်ထားပြီးဖြစ်သည့်အတိုင်း အောင်ဆန်းကလည်း တတ်အောင်သင်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်၏။ သို့ဖြင့် အောင်ဆန်းလည်း ရေနံချောင်း အမျိုးသားကျောင်းသို့ အသက် (၁၃) နှစ်အရွယ်၌ ပြောင်းသွားပါသည်။ သားထွေးလေးကို အိမ်မှ ခွဲခွာမသွားစေလိုသော ဒေါ်စုထံမှ ရေနံချောင်းကျောင်းတက်ခွင့်ရရန် အောင်ဆန်း အစာငတ်ခံဆန္ဒပြပွဲလေးတခုကို ဆင်နွှဲခဲ့ရပါသေးသည်။

ရေနံချောင်းရောက်သောအခါ ကျောင်းတွင် ဆရာတဦးအဖြစ် အလုပ်လုပ်နေသော အကိုကြီး ဦးဘ၀င်း၏ ထိန်းကျောင်း စောင့်ရှောက်မှုအောက်တွင် နေခဲ့ရသည်မှာ အောင်ဆန်းအတွက် လွန်စွာမှ ကံကောင်းပါသည်။ ဦးဘ၀င်းသည် ညီငယ်လေး၏ ပညာရေး၊ စားဝတ်နေရေး၊ အထွေထွေကောင်းမွန်တိုးတက်ရေးတို့ကို စည်း ကမ်းရှိရှိ၊ ဆင်ဆင်ခြင်ခြင် အထူးဂရုစိုက်ခဲ့၏။ ညီဖြစ်သူကလည်း ပညာရေးဖက်တွင် အားကောင်းကြောင်း ဆက်လက်ပြသကာ အသက် (၁၅) နှစ်အရွယ်၌ သတ္တမတန်း စာမေးပွဲတွင် ဗုဒ္ဓဘာသာစာသင်ကျောင်းများနှင့် အမျိုးသားကျောင်းများ၌ ပထမစွဲသူများအား ချီးမြှင့်သော ဦးရွှေဘို ရွှေတံဆိပ်နှင့် ပညာသင်ထောက်ပံ့ကြေးဆုကို ရရှိခဲ့၏။

အမျိုးသားကျောင်းများမှာ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေဆန့်ကျင်သပိတ်မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ထိုအက်ဥပဒေသည် အခွင့်ထူးခံ လူနည်းစုလေးကိုသာ အထက်တန်းပညာ သင်ကြားခွင့်ပေးရန် ရည်ရွယ်သည်ဟု ဆန့်ကျင် သူများကယူဆခဲ့ပါသည်။ အမျိုးသားကျောင်းများသည် မြန်မာလူငယ်တို့အား သူတို့၏ ကိုလိုနီလက်အောက်ခံ ဘ၀အခြေအနေကို နိုင်ငံရေးအသိတရားအရ ခံစားနားလည်စေပြီး၊ ထိုဘ၀မှ လွတ်မြောက်လိုစိတ်များ အသည်းနှလုံးအတွင်းမှ ဖြစ်ပေါ်လာရန် ကျိုချက်ပေးလိုက်သော နေရာများသဖွယ် ဖြစ်ပါသည်။

မိမိ၏ နိုင်ငံကို လူမျိုးခြားတို့အုပ်ချုပ်မှုအောက်မှ လွတ်မြောက်အောင် ဆောင်ရွက်လိုသောဆန္ဒသည် ရေနံချောင်း အမျိုးသားကျောင်း မတက်မီကာလကပင် အောင်ဆန်း၏စိတ်တွင် ကိန်းအောင်းနေခဲ့ပုံရပါသည်။ ကလေးဘ၀က ဗြိတိသျှတို့အား ပုန်ကန်မောင်းထုတ်ရန် နည်းအမျိုးမျိုးကို ကြံစည်စဉ်းစားခဲ့ပုံ၊ တခါတရံ ပြဒါးရှင်လုံးကဲ့သို့သော တန်ခိုးသိဒ္ဓိရှင်ပစ္စည်းများ အကူအညီဖြင့် မြန်မာပြည်လွတ်မြောက်ရေးကိုရယူရန် စိတ်ကူးယဉ်ခဲ့ပုံအကြောင်းကို သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဆောင်းပါးတွင် ရေးသားထားပါသည်။

အမျိုးသားကျောင်း၌ နေစဉ်အတွင်း နိုင်ငံရေးလောက၌ နာမည်ကြီးသော ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စိတ်ဝင်စားလာပြီး စကားရည်လုပွဲများတွင်လည်း ပါဝင်ဆင်နွှဲခဲ့၏။ သူ၏ ဟောပုံပြောပုံမှာ အားတက်စရာ မဟုတ်သော်လည်း ကိုင်တွယ်ရမည့် အကြောင်းအရာနှင့်ပတ်သက်၍ သေချာစေ့စပ်စွာ ပြင်ဆင်ထားခြင်း၊ ယုံကြည်ချက် အပြည့်အ၀ရှိခြင်းတို့ကြောင့် အဟောကောင်း၊ အပြောကောင်းဟူ၍ နာမည်ရခဲ့၏။

ကျောင်းဂျာနယ် စာတည်းအဖြစ်လည်း ဆောင်ရွက်ခဲ့၏။ ထိုကဲ့သို့ စာသင်ခန်းပြင်ပလုပ်ငန်းများတွင် ပါဝင်သော်လည်း တယောက်တည်း အတွေးနယ်ထဲ နစ်မြုပ်နေတတ်ခြင်း၊ နေပုံထိုင်ပုံ ထောင့်မကျိုးခြင်းတို့ကြောင့် အောင်ဆန်းကို လူ့ဂွစာ လူထူးလူဆန်းအဖြစ် ကျောင်းနေဖက်များက မြင်ကြပါသည်။ ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာဂုဏ် ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပညာဆက်သင်ရန် ရောက်သွားပါသည်။

အောင်ဆန်း ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည့်နှစ်သည်ကား ဆရာစံသူပုန်ကို ဗြိတိသျအစိုးရက ချေမှုန်းကာ ခေါင်းဆောင်များကို သေဒဏ်ပေးခဲ့ပြီး တနှစ်ကြာကာလကပင် ဖြစ်ပါသည်။ တောင်သူလယ်သမားများ ခံစားနေရသော အတိဒုက္ခများမှ ပေါ်ပေါက်လာရသော ပုန်ကန်မှုကို ဗြိတိသျအစိုးရက ရှင်ဘုရင်ဖြစ်လိုသော အယူသည်းသူတယောက် ဦးဆောင်သည့် တောသူတောင်သား ပုန်ကန်မှုမျှသာဖြစ်သည်ဟု သေးသိမ်စေရန် နှိမ်၍ဖော်ပြခဲ့ပါသည်။ သို့သော်လည်း မြန်မာများအနေဖြင့် ကိုယ်ထိလက်ရောက် ပါဝင်ဆင်နွှဲခဲ့သူ မများပြားသော်လည်း ထိုပုန်ကန်မှုအပေါ် အတော်ပင် ဂရုဏာထားကြပါသည်။ ဆရာစံကို စွဲဆောင်နိုင်စွမ်းရှိသူတဦးအဖြစ် မမြင်သူများကပင် သူပုန်တို့၏ မျိုးချစ်စိတ်နှင့် သတ္တိပြောင်မြောက်မှုကြောင့် စိတ်လှုပ်ရှားတက်ကြွခဲ့ရပြီး အစိုးရ၏ ရက်စက်ကြမ်းတမ်း တုံ့ပြန်မှုများကြောင့် အရေးနိမ့်သွားရသော သူပုန်တို့ကို များစွာသနား ကြင်နာခဲ့ ကြ၏။

ဗြိတိသျှအုပ်ချုပ်မှု အစောပိုင်းကာလတွင် ကျင့်သုံးသော ငြိမ်ဝပ်အေးချမ်းရေးလမ်းစဉ်မှာ အတော်အတန် အောင်မြင်မှုရှိခဲ့ သော်လည်း လူမျိုးခြားကြီးစိုးမှုကို မြန်မာများက ကျေနပ်စွာ လက်ခံခြင်းမရှိပါ။ ကိုလိုနီအစိုးရ ပိုမိုခိုင်မြဲလာသည်နှင့် အုပ်ချုပ်သူလူမျိုးခြားတို့၏ ပလွှားမောက်မာသော အမူအကျင့်များနှင့် တိုင်းပြည်အတွက် စစ်မှန်သော ကောင်းကျိုးကိစ္စရပ်တို့ကို လျစ်လျူရှုမှုများသည် တိုင်းသူပြည်သားတို့၏ မနှစ်သက် မကျေနပ်စိတ် များကို ဆွပေးသကဲ့သို့ ဖြစ်လာပါသည်။

ပထမဦးစွာပေါ်ထွန်းခဲ့သော အမျိုးသားရေးရာ အဖွဲ့အစည်းများသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု တည်တံ့ခိုင်မြဲရန် နှင့် သန့်ရှင်းစင်ကြယ်ရန်ကိုသာ ဆောင်ရွက်ကြသည်။ သို့သော် ခေတ်ပညာတတ် မြန်မာလူငယ် အရေအတွက် များပြားလာသည်နှင့်အမျှ နိုင်ငံရေးရည်မှန်းချက်များပါ ပေါ်ပေါက်လာပါသည်။ ၁၉၀၆ ခုနှစ်တွင် တည်ထောင်သော ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(၀ိုင်အမ်ဘီအေ)သည် နိုင်ငံရေးရာများကို စတင် ကိုင်တွယ်သော အဖွဲ့အစည်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်သပိတ်ကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်ခဲ့ပါသည်။

အမျိုးသားလှုပ်ရှားမှု အရှိန်အဟုန်ရလာသောအခါ ‘၀ိုင်အမ်ဘီအေ’ သည် ၁၉၂၀ ခုနှစ်၌ ‘ဂျီစီဘီအေ’ အသွင် သို့ ကူးပြောင်းသွားပါသည်။ ပထမဦးဆုံး ပေါ်ပေါက်လာသော အမျိုးသားမဟာမိတ်အဖွဲ့ဟု ခေါ်နိုင်ပါသည်။ မြန်မာ့အမျိုးသားရေးရာလှုပ်ရှားမှုကို တိုက်ရည်ခိုက်ရည်သွင်းပေးလိုက်သော ပုဂ္ဂိုလ်မှာ ဆရာတော်ဦးဥတ္တမ ဖြစ်သည်။ ဆရာတော်၏ စိတ်အားထက်သန်သော လွတ်လပ်ရေးတောင်းဆိုမှုတို့ကြောင့် နိုင်ငံတ၀ှမ်းတွင် မျိုးချစ်စိတ်ဓာတ်ပြင်းပြစွာ တက်ကြွလာပါသည်။သို့သော်လည်း စုပေါင်းညီညာသော လွတ်လပ်ရေးလှုပ်ရှားမှု ပေါ်ပေါက်စေမည့် အင်အားများမှာ နိုင်ငံရေး အကွဲအပြားများကြောင့် လွင့်စင်သွားရ၏။

၁၉၂၂ ခုနှစ်တွင် (၂၁) ဦးပါတီသည် ဂျီစီဘီအေမှ ခွဲထွက်သွားပြီးနောက်တွင် ထပ်မံကွဲကြပြန်သဖြင့် ၁၉၂၀ ခု နှစ်များ ကုန်ဆုံးခါနီးတွင် အဖွဲ့အစည်း (၃) ဖွဲ့ ဖြစ်သွားပါတော့သည်။ ၁၉၃၀ ခုနှစ်များ၏ အစပိုင်းကာလတွင်မူ ဗြိတိသျှအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲထားသင့်၊ မထားသင့် ဟူသော “ခွဲရေး-တွဲရေး” ကိစ္စအပေါ် မြန်မာနိုင်ငံရေးသမားများ စိတ်ဝင်စားစွာ အငြင်းပွားကြသည်ကို တွေ့ရပါသည်။

ထိုနိုင်ငံရေးသမားများအနက် အချို့မှာ ဆရာစံသူပုန်တို့အား ဗြိတိသျှအစိုးရက ခုံရုံးတင်စစ်ဆေးရာ၌ သူပုန်များဘက်မှ ခုခံကာကွယ်ပေးခဲ့သဖြင့် ထင်ပေါ်ကျော်ကြားလာသူများဖြစ်ပါသည်။ တချိန်တည်းမှာပင် ငြိမ်၍ ခေါင်းငုံ့ခံသည့်ကာလမှာလည်း ဆုံးခန်းသို့ ဦးတည်လာကာ ထိုးနှက်တိုက်ခိုက်ခြင်း သဘောဆောင်သော နည်းဗျူဟာများသုံးစွဲရန် တွန့်ဆုတ်လိမ့်မည် မဟုတ်သော အမျိုးသားရေး စိတ်ဓာတ်ရှိသည့် မျိုးဆက်သစ်များလည်း နိုင်ငံရေးဇာတ်ခုံပေါ်သို့ ရောက်ရှိလာပါသည်။

အသက် (၁၈) နှစ်အရွယ် အောင်ဆန်းသည် ခပ်ရိုင်းရိုင်း အညာသားကလေးပင်ဖြစ်ပါသည်။ မိမိတို့ကိုယ်မိမိတို့ လူ့မလိုင်ဟု အထင်ရောက်နေကြပြီး ကြော့ရှင်းဝံ့ကြွားစွာ ၀တ်ဆင်နေထိုင်ကြသော ရန်ကုန်တက္ကသိုလ် ကျောင်းသားများ အသိုင်းအ၀ိုင်းတွင် မျက်နှာထားရှုသိုးသိုးနှင့် အ၀တ်အစား ပိုသီပတ်သီဝတ်ဆင်သော အောင်ဆန်းသည် အံမ၀င်ဂွင်မကျ ဖြစ်နေ၏။ ထို့အပြင် သူ့ထက်သိမ်မွေ့ပါးနပ်သော ကျောင်းနေဖက်များ၏ ဝေဖန်နောက်ပြောင်မှုကိုလည်း ဂရုမစိုက်ကြောင်း စောစီးစွာပေါ်လွင်စေခဲ့၏။

အောင်ဆန်း တက္ကသိုလ်ရောက်စ ပထမနှစ်ပတ်တွင် ကျောင်းသားသမဂ္ဂမှ စကားရည်လုပွဲတရပ် ကျင်းပပါ သည်။ ထိုစကားရည်လုပွဲအပြီး၌ အောင်ဆန်းသည် ပရိသတ်အကြားမှထကာ သူ့အကို အောင်သန်း တင်သွင်းသော “ဘုန်းတော်ကြီးများ နိုင်ငံရေးမလုပ်သင့်” ဟူသည့် အဆိုကို ထောက်ခံလိုက်ပါသည်။ ဤသည်မှာ မိသားစုသွေးစည်းရေး သဘောဆောင်သည့် အပြုအမူမဟုတ်ပါ။ ယုံကြည်ချက်အရ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။

အောင်ဆန်း အင်္ဂလိပ်စကားပြောရာတွင် အသံထွက် အမှားမှားအယွင်းယွင်း ကို့ယို့ကားရား ချောမွေ့ပြေပြစ် ခြင်း မရှိသောကြောင့် သူ့စကားများမှာ နားမလည်နိုင်သလောက်ပင်ဖြစ်၏။ ပရိသတ်က ပြောင်လှောင်သရော် အော်ဟစ်ကြသဖြင့် အကိုဖြစ်သူ အတော်ပင် အနေရခက်သွား၏။ အောင်ဆန်းကမူ ကြောက်ရွံ့၍ အသံပျောက် သွားခြင်းမရှိ။ ကဲ့ရဲ့သံများ၊ မြန်မာစကားနှင့်သာပြောရန် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်သံများကို လျစ်လျူရှုကာ အဆင့်အတန်းမမီသော သူ့အင်္ဂလိပ်စကားကို ပါဠိအသုံး အနှုန်းများဖြင့် ဖြည့်စွက်၍ သူပြောလိုရာအားလုံးကို ပြီးဆုံးအောင် ဆက်လက်ပြောဆိုသွားပါသည်။

ထိုပထမစကားရည်လုပွဲ အဖြစ်အပျက်သည် နောင်အတွက် အစဉ်အလာတရပ် ချမှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ ပရိသတ်က ကဲ့ရဲ့ရှုတ်ချနေသည့်ကြားကပင် သူပြောလိုရာကို အင်္ဂလိပ်စကားနှင့်ပြောခြင်း၊ သုန်သုန်မှုန်မှုန် နေတတ်ခြင်းတို့ကြောင့် သူသည် အူကြောင်ကြောင်နိုင်သော အရူးတယောက်ဟူ၍ပင် နာမည်ရခဲ့၏။

သို့သော် အောင်ဆန်းသည် အဝေဖန်ခံရမည်ကို ကြောက်ရွံ့ပြီး သူလုပ်ကိုင်ရန် ဆုံးဖြတ်ထားသောကိစ္စများကို မလုပ်ဘဲနေမည့် လူမျိုးမဟုတ်ပါ။ ခေတ်ပြိုင်ကမ္ဘာတွင် အင်္ဂလိပ်စကား အရေးပါပုံကို သိရှိနားလည်သဖြင့် အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင် သုံးစွဲနိုင်ရန် သူ ကြိုးစား၏။ အင်္ဂလိပ်စာအုပ်များကို သဲကြီးမဲကြီးဖတ်ခြင်း၊ အခြားသူများ ပြောပုံဆိုပုံကို နားထောင်လေ့လာခြင်း၊ အင်္ဂလိပ်စာသင်ကျောင်းတွင် ပညာဆည်းပူးခဲ့သူ မိတ်ဆွေရင်းတဦးထံမှ အကူအညီယူခြင်း စသည်တို့ဖြင့် ဘုန်းကြီးကျောင်းထွက် အညာသားတဦးအတွက် ထူးခြားလောက်သော အင်္ဂလိပ်စကားကျင်လည်မှုကို သူရရှိလာ၏။

ထိုပထမစကားရည်လုပွဲတွင် အောင်ဆန်း ထောက်ခံခဲ့သောအဆိုမှာ သူ၏ ရေရှည်ယုံကြည်ချက် တရပ်အား ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ကို သတိမူသင့်ပါသည်။ ထိုယုံကြည်ချက်မှာ သံဃာတော်များ နိုင်ငံရေးတွင် ၀င်ရောက်လုပ်ကိုင်ခြင်း မပြုသင့်ကြောင်းပင် ဖြစ်ပါသည်။ မကွယ်လွန်မီ တနှစ်ကျော်ခန့်က ပြောကြား ခဲ့သော ရွှေတိဂုံစေတီတော် အလယ်ပစ္စယံညီလာခံမိန့်ခွန်း၌ “ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏”ဟု ပြောခဲ့၏။ ရဟန်သံဃာများအား “အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ – ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာတရားပွားများ၍ သမစိတ္တနှင့် ညီရင်းအကို မောင်ရင်းနှမကဲ့သို့ နေနိုင်ကြပါလိမ့်မည် -- ဤကဲ့သို့ဆောင်ရွက်မှုသည် သာသနာ ဖက်ကသာကြည့်၍ မြင့်မြတ်သည်မဟုတ်ပါ၊ တပည့်တော်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေး ကို ဆောင်ရွက်ရာ ရောက်ပါသည်ဘုရား” စသဖြင့် လျှောက်ထားခဲ့ပါသည်။

အများက နိုင်ငံရေးသတ္တ၀ါ ပကတိအဖြစ်ဖြင့်မြင်ကြသော အောင်ဆန်းမှာ စင်စစ်တွင် ဘာသာရေး၌ လေးနက်စွာ တသက်လုံး စိတ်ဝင်စားသူပင် ဖြစ်ပါသည်။ ရေနံချောင်း၌ ကျောင်းတက်နေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ၀မ်းနည်းကြေကွဲကာ ရဟန်းဘောင် ၀င်ရန်ပင် စိတ်ကူးခဲ့ပါသည်။ တက္ကသိုလ်ရောက်စအချိန်ကလည်း အီတလီလူမျိုး ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးလောကနန္ဒကို ကြည်ညိုလေးစားလှသဖြင့် ဆရာတော်နှင့် အတူလိုက်ပြီး သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မိခင်ထံ အခွင့်တောင်းဖူး၏။ အခွင့်ကား မရခဲ့ပေ။ သို့သော် လောကုတ္တရာကိစ္စများကို အောင်ဆန်း ဆက်လက်၍ ဂရုတစိုက် အလေးထားပါသည်။

နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ပြီးနောက်ပိုင်း၌ပင် သူနှင့် အရင်းနှီးဆုံး မိတ်ဆွေတဦးအား သူ၏ “သစ္စာတရားနှင့် လုံးဝ အပြစ်ကင်းစင်မှု ရှာပုံတော်ဘ၀ခရီး” အကြောင်းနှင့် ကာယကံ၊ ၀စီကံ၊ မနောကံအရ ရိုးဖြောင့်နိုင်ရန် သတိပြုကြိုးပမ်းနေကြောင်းတို့ကို စာရေး၍ ရှင်းပြဖူးပါသည်။ ခေတ်လူငယ်များ စိတ်ပိုင်းဆိုင်ရာ အသိတရား ခေါင်းပါးနေသည်ကို စိုးရိမ်မိကြောင်း၊ လောကဒဏ်လှိုင်းများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန်နိုင်စွမ်းမရှိပါက ထိုအသိတရားများ လုံးဝကွယ်ပျောက်ပြီး စိတ်ဓာတ် ဗလ မွဲပြာကျသောအဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ပူပန်မိကြောင်း စသဖြင့်လည်း ရေးသားထားပါသည်။

စုံတွဲတွေကို အခန်းမဲဖောက်ပေးမယ့် ဖျော်ဖြေပွဲ


တစ်နေ့က လူငယ်လေးယောက် ရောက်လာကြတယ်။ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပုံကိုကြည့်ပြီး ကျောင်းသားတွေဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိလိုက်တယ်။ ရုပ်ရှည်လေးတွေလည်း သန့်ပြန့်မွန်ရည်ကြတယ်။ သူတို့ကိုယ်သူတို့ မိတ်ဆက်တော့ ရေကြောင်းတက္ကသိုလ်က ကျောင်းသားတွေမှန်း သိရတယ်။



ကြက်သီးထစရာ

'ဗလင်တိုင်းဒေး'လို့ ခေါ်ကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ် မယ့်ဖျော်ဖြေပွဲ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေနဲ့ပတ်သက်ပြီး ပြောချင်ကြလို့ ရောက်လာကြတာပါ။ ပွဲက ကန်တော်ကြီးမျှော်စင်ကျွန်းမှာ လုပ်မှာဖြစ်ပြီး လူငယ်တွေကြား ရေပန်းစားနေတဲ့ လူငယ်အဆိုတော်တွေပါ ၀င်ပါတယ်။ မြို့တွင်း လူစည်ကားရာနေရာတွေမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ထောင်ထားပါတယ်။ လူငယ်တစ်ယောက်က အသင့်ပါလာတဲ့ အိတ်ဆောင် ကွန်ပျူတာကိုထုတ်ပြီး ကြည့်ပါဦးဆိုပြီး စားပွဲပေါ်တင်လိုက်တယ်။ ပထမပုံတစ်ပုံကိုကြည့်လိုက်တော့ ရေးထားတဲ့စာသားတွေက ကြက်သီးထစရာကောင်းလွန်းလို့ ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင် ဖြစ်ရတယ်။

အရေးယူလိုရတယ်

ပထမဆုံးစုံတွဲ ၅၀၀ အား ဗေ ဒင်တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေးပြီးအလိုက်ဖက် ဆုံးစုံတွဲများအား ပန်းချီပုံဆွဲပေး၍ Dinner စားခွင့်နှင့် အခန်းများကို ကံစမ်းမဲဖောက်၍ ပေးသွားပါမည် 'အဲဒီကြော်ငြာ စာသားတွေဖတ် ပြီး စာဖတ်သူများရော ကြက်သီးမထဘဲ နေနိုင်ပါ့မလားခင်ဗျာ။ ဒီစာသားဟာ ဘယ်အထိ အဓိပ္ပာယ်သက်ရောက်သွားတယ်ဆိုတာ မစဉ်းစားမဆင်ခြင်နိုင်ဘဲ လက်မှတ်များများရောင်းရပြီး အမြတ်များများ ရဖို့သာ လောဘဇောတိုက်နေတာ မဟုတ်ဘူးလား။ ပြောရရင်တော့(ကန်တော့ပါရဲ့)ဆောင်ကြာမြိုင်လုပ်ငန်းကို ပေါ်တင်ကြီးလုပ်မှုနဲ့ အရေးယူလို့တောင် ရနိုင်ပါတယ်။

ပြောင်းလိုက်မှပိုဆိုး

ဒီကြော်ငြာဆိုင်းဘုတ်ကြီး အင်တာနက်ပေါ်တက်လာတော့ ကန့်ကွက်သံတွေညံနေအောင် ထွက်ပေါ်လာတယ်။ ပြည်တွင်းက လူတွေသာမက ပြည်ပရောက်နေသူတွေကလည်း ၀ိုင်းရေးကြတယ်။ အဲဒီကန့်ကွက်သံတွေ ညံလာတော့ ဆိုင်းဘုတ်တချို့က စာသားတွေကိုပြင်ပြီး ရေးလိုက်တယ်။ တချို့မပြင်ဘဲ ကျန်နေတာတွလည်း ရှိတယ်။ ပြင်ရေးလိုက်တာက -'ပထမဆုံးစုံတွဲ ၅၀၀ အား ဗေဒင် တစ်ခါပေးမေးခြင်း၊ နှင်းဆီပန်း၊ ချော့ကလက်များပေး၍ Dinner စား ခွင့်နှင့် ချောင်းသာခရီးစရိတ်ငြိမ်း (အခန်းခ၊ စားစရိတ်၊ ကားခ) ငါးဦးကို ကံစမ်းမဲများဖောက်ပေးသွားပါမည်။ ကံစမ်းမဲတစ်စောင်ပေါက် လျင် နှစ်ဦးသွားခွင့်ရှိသည်' လို့ဖြစ်တယ်။

ပိုက်ဆံတွေအလကားရသလို

ပြင်လိုက်မှပိုဆိုးသွားသေးတယ်။ တစ်ခါတည်း 'ဟန်းနီးမွန်း' ထွက်ခိုင်းလိုက်သလို ဖြစ်သွားတော့တယ်။ သားသမီးရှိတဲ့မိဘတိုင်း ရင်လေးမိကြမှာ အမှန်ပဲ။ ပိုက်ဆံတွေအလကား ရသလိုရချင်တိုင်းရနေတဲ့ လူ့အသိုင်းအ၀ိုင်း ကလေးတစ်ခုအတွင်းမှာ ဖြစ် ချင်သလိုဖြစ်နေကြတဲ့ သတင်းတွေ ကြားနေရတာကြာပြီ။ သူတို့အသိုင်းအ၀ိုင်းအတွင်းမှာ ဖြစ်နေတာပဲဆိုပြီး သိပ်မစိုးရိမ်ခဲ့ဘူး။ အခုတော့ ဗြောင်ကျကျ မြို့လယ်ကောင်မှာ ဆိုင်းဘုတ်ကြီးတွေထောင်ပြီးတောင် ကြော်ငြာတာကတော့ အတင့်ရဲလွန်းရာ ကျတယ်။ ဒီစရိုက်မျိုးတွေ တစ်စထက် တစ်စ ကျယ်ပြန့်သွားမှာ စိုးရိမ်မိတယ်။

လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွားကာကွယ်ရေး' မူဝါဒတွေ၊ ဥပဒေတွေ ရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ မထိခိုက်အောင် တားသင့်တာတား၊ ပိတ်သင့်တာ ပိတ်လုပ်ပေးကြရတယ် ...

ကန်ပေါင်ပေါ်ကစုံတွဲ

ကျယ်ပြန့်သွားမှာစိုးရိမ်ကြောင်းပြောတော့ လူငယ်တစ်ယောက်က အင်တာနက်မှာတွေ့ရတဲ့ ပုံတစ်ပုံအကြောင်းပြောပြတယ်။ အင်းယားကန်ပေါင်ပေါ်မှာ စုံတွဲတစ်တွဲ မျက်နှာချင်းအပ်ပြီး နှုတ်ခမ်းချင်း ဂဟေဆက်နေပုံကို တင်ထားတယ်တဲ့။ ပုံ အောက်မှာ ဝေဖန်ရှုတ်ချတဲ့စာတွေရေးကြတော့ ဒါလောက် အမြင်ကျဉ်းရသလား၊ ဘယ်သူ့ကိုမှ ထိခိုက်အောင် လုပ်တာမဟုတ်လို့ ကိုယ်မကြိုက်လည်း သည်းခံရမှာပေါ့။ ဒါသူတို့ရဲ့ လွတ်လပ်ခွင့်ပဲလို့ ပြန်ရေးသူက ရေးသတဲ့။ ကဲ စာဖတ်သူများရော ဘယ်လိုသဘောထားပါသလဲ။ ကိုယ့်သားသမီးဆိုရင် ဒါမျိုးမလုပ်ဖို့ တားမြစ်မှာလား၊ ခွင့်ပြုထားမှာလား။

ကူးလူးယှက်နွှယ်နေကြတယ်

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကူးသန်းရောင်ဝယ်မှုတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်ကြသလို၊ ယဉ်ကျေးမှုတွေလည်း နိုင်ငံတစ်ခုနဲ့တစ်ခု အပြန်အလှန် လွတ်လွတ်လပ်လပ် ကူးလူးယှက်နွှယ်နေကြမှာဖြစ်တယ်။ ဒါကို ဘယ်လိုမှပိတ်ပင်တား ဆီးလို့မရဘူး။ ပြုလည်း မပြုအပ်ဘူး။ ဒါပေမဲ့ လွတ်လပ်မှုဆိုတိုင်း စည်းကမ်းမရှိဘူးလို့တော့ မယူဆနဲ့။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ကျင့်သုံးတယ်ဆိုတဲ့ နိုင်ငံတိုင်းမှာ 'ကိုယ်ကျိုးစီးပွား ကာကွယ်ရေး' မူဝါဒတွေ ဥပဒေတွေရှိကြတယ်။ ၀င်ချင်တိုင်း ၀င်လာတာတွေကို ခွင့်မပြုဘူး။ သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေမထိခိုက်အောင် တားသင့်တာ တား၊ ပိတ်သင့်တာ ပိတ် လုပ်ပေးကြရတယ်။

သဘာဝချစ်သူများ

အိမ်ထောင်သားမွေး၊ လူရေးလူမှုကိစ္စတွေမှာ အင်မတန်လွတ်လပ်တဲ့ အနောက်နိုင်ငံကြီးတွေမှာ 'သဘာဝချစ်သူများ' အဖွဲ့ (Nature Society) ဆိုတာမျိုးတွေရှိကြတယ်။ အဲဒီအဖွဲ့တွေက သီးသန့်သတ်မှတ်ထားတဲ့ တောအုပ်ကနေရာမျိုး၊ ဒါမှမဟုတ် ပန်းခြံမျိုးမှာ အ၀တ်အစားမ၀တ်ကြဘဲ သဘာဝအတိုင်းနေထိ၊ လေထိခံကြတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ သူတို့ရဲ့ သီးသန့်နေရာတွေမှာ သူတို့ကြိုက်သလို နေကြ ထိုင်ကြတာကို ဘယ်သူကမှ ပိတ်ပင်တားဆီးမလုပ်ဘူး။ ဒါပေမဲ့ သီးသန့်နေရာက အပြင်ထွက်လာပြီး လမ်းတွေပေါ်မှာ အ၀တ်မပါ၊ ဗလာ ကိုယ်ချည်းလျောက်သွားရင်တော့ Decency Act ဆိုတဲ့ ယဉ်ကျေးမှု အက်ဥပဒေတစ်မျိုးမျိုးနဲ့ အရေးယူ တရားစွဲခံရပါတယ်။

မတင့်တယ်တဲ့ကိစ္စ

ဒီယဉ်ကျေးမှု အက်ဥပဒေဆိုတာက နိုင်ငံတစ်ခုနဲ့တစ်ခု၊ ကွဲပြားခြား နားမှုရှိကြတယ်။ Decent ဖြစ်တယ်။ ယဉ်ကျေးတယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ နိုင်ငံတစ်ခုနဲ့တစ်ခု လူမျိုး တစ်မျိုးနဲ့တစ်မျိုး၊ နောက်ခံယဉ်ကျေးမှု ဓလေ့စရိုက်ကွာ ခြားရင် ကွာခြားသလောက် မတူ မတူကွဲပြားသွားကြတယ်။ အနောက်တိုင်းယဉ်ကျေးမှုအရ လူမြင်ကွင်းမှာ ယောက်ျားနဲ့မိန်းမ ဖက်ယမ်းနမ်းရှုံ့လုပ်တာကို မတင့်တယ်တဲ့ကိစ္စလို့ သဘောမထားကြဘူး။ မြန်မာအပါအ၀င် အရှေ့တိုင်းဓလေ့စရိုက်အရ တော့ ဒီလိုလုပ်တာဟာအများအမြင်မှာ မတင့်တယ်တဲ့ မဖွယ်မရာကိစ္စလို့ သဘောထားကြတယ်။

တင်းတင်းကြပ်ကြပ်ကာကွယ်ထား

အိမ်နီးချင်းနိုင်ငံအတော်များများမှာ အနောက်ယဉ်ကျေးမှုတွေကို လက်ခံကျင့်သုံးသူတွေ တစ်နေ့တခြား များသထက်များလာပေမယ့် မြန်မာတွေကတော့ အတော်လေး တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ရှောက် ထားကြတယ်။ ဒီလို ကာကွယ်စောင့် ရှောက်ထားတဲ့ကြားက ဒီလောက် ပြောင်ပြောင်တင်းတင်းနဲ့ လက်ရဲ ဇက်ရဲ လုပ်ရဲလာကြတာတွေ့ရတော့ အတော်ကြီးကို အလန့်တကြား ဖြစ်သွားရတယ်။ လူငယ်တွေအတွက် စိုးရိမ်သလို တိုင်းပြည်ရဲ့အနာဂတ်ကိုလည်း တွေးပြီးရင်လေးမိတယ်။

အားသစ်တွေတိုးလာတယ်

ဒါပေမဲ့ဒီစိုးရိမ်စိတ်က ချက်ချင်းပျောက်သွားတယ်။ ဟေးလားဝါးလားနဲ့ ပေါက်လွှတ်ပဲစားနေကြတဲ့ လူငယ်မျိုးက များများစားစားရှိတာ မဟုတ်ပါဘူး။ အထက်မှာရေးခဲ့သလို ပိုက်ဆံကို အလကားရသလို၊ ရ ချင်တိုင်းရနေတဲ့ လက်တစ်ဆုပ်စာ ရေပေါ်ဆီ အသိုင်းအ၀ိုင်းထဲမှာပဲ ရှိနေတာဖြစ်တယ်။ အခုဒီကိစ္စလာပြောပြတဲ့ သန့်သန့်ပြန့်ပြန့် လူငယ်လေးတွေလို၊ လူငယ်တွေက တစ်နိုင်ငံလုံးအနှံ့ သန်းပေါင်းများစွာ ရှိနေကြတယ်။ ဒီလူငယ်လေးတွေ က အမြင်မတော်တာကို လက်ပိုက်ပြီးငုတ် တုတ်ထိုင် ကြည့်နေကြမှာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သူတို့အကောင်းဆုံး ကာကွယ်စောင့်ရှောက်ကြမှာ သေချာတယ်။ ရေကြောင်း တက္ကသိုလ်က လူငယ်လေးယောက်ကိုကြည့်ပြီး အားသစ်တွေ တိုးလာတယ်။ တိုင်းပြည်ကို သူတို့လူငယ်တွေလက်ထဲ အမြန်ဆုံးထည့်ပေးလိုက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတော့တယ်။

ရေးသားသူ........ လူထုစိန်ဝင်း

10 February 2012

ဖေဖော်ဝါရီ ၁၃ပြီးတော့ နောက်တစ်ရက်

ဖေဖော်ဝါရီ ၁၃ ရက်...

စာရေးသူတို့တစ်မျိုးသားလုံး အလေးအမြတ်ထားသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့သည့်နေ့။ စာရေးသူတို့ နိုင်ငံအတွက် မည်သို့မျှ အစားထိုးမရနိုင်သည့် သားကောင်းရတနာတစ်ဦး ပေါ်ထွန်းလာခဲ့သည့်နေ့ဖြစ်ပါသည်။ အင်မတန် ကျက်သရေမင်္ဂလာရှိသောနေ့၊ စာရေးသူတို့အားလုံး၏ ရင်ထဲတွင် ထာဝစဉ်စွဲမြဲမှတ်တည်ကာ တန်ဖိုးထားရမည့် နေ့ထူးနေ့မြတ်ပင်ဖြစ်ပါ သည်။ဖေဖော်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ..အစချီ ကဗျာဆရာကြီး(တင်မိုး)၏ ကဗျာလေးဖြင့် မူလတန်း အရွယ် ကလေးများအား ဗိုလ်ချုပ်အောင်ဆန်းဖြင့် စတင်ရင်းနှီးစေခဲ့ကြသည်။

ဗိုလ်ချုပ်အား မြတ်နိုးသည့် စိတ်ပြင်းထန်ပြီး၊ ယုံကြည်မှုအပြည့်ရှိသော နေအိမ်အနည်းငယ် တွင်မူ ခေတ်ကာလအခြေအနေမည်သို့ပင် ရှိခဲ့စေကာမူ ဗိုလ်ချုပ်၏ ဓာတ်ပုံအား အိမ်ဦးခန်းတွင် အမြဲတမ်းချိတ်ဆွဲထားခဲ့ကြပါသည်။ ထိုအိမ်မျိုးတွင် ကြီးပြင်းခဲ့ရသည့် လူငယ်များ၏ ရင်ထဲတွင် ဗိုလ်ချုပ်သည် ကိန်းဝပ်နေမည်ဟု ယုံကြည်ရပါသည်။ ယနေ့လူငယ်အများစု ဗိုလ်ချုပ်အား မေ့လျော့၊ မသိခဲ့ကြခြင်းမှာ လူငယ်များတွင် အပြစ်မရှိဘဲ စာရေးသူတို့ လူကြီးမိဘ၊ ဆရာသမားများတွင်သာ တာဝန်ရှိသည်ကို ၀န်ခံကြရပါမည်။ မိမိတို့၏ အိမ်အသုံးစရိတ်ထဲမှ ငွေကျပ်သုံးထောင်မျှဖြင့် ဗိုလ်ချုပ်

အကြောင်း စာတစ်အုပ်၊ ဓာတ်ပုံတစ်ပုံဝယ်ယူ စုဆောင်းပြီး အိမ်တွင်ထားရှိပေးခြင်းဖြင့် မျိုးဆက်သစ် အားလုံးအတွက် ကောင်းကျိုးတစ်စုံတစ်ရာဖြစ်ထွန်းနိုင်ပါသည်။

လူမျိုးကိုချစ်သည်။ နိုင်ငံကို တိုးတက်စေချင်သည်။ လွတ်လပ်ပျော်ရွှင်၊ အေးချမ်းခေတ်မီပြီး စည်းကမ်းရှိသော၊ ရိုးသားသော နိုင်ငံသူ နိုင်ငံသားများကိုသာ မြင်တွေ့ချင်သည်။ လူငယ်များကို လူ ကောင်းလူတော်များဖြစ်စေချင်သည်ဆိုသော သူတိုင်းသည် ဗိုလ်ချုပ်အား စံနမူနာပြုကြရပါမည်။ ဗိုလ်ချုပ်၏ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်နှင့် အချိန်တိုအတွင်း ကြီးမားသော

စွမ်းဆောင်ပေးနိုင်ခဲ့မှုများကို လူငယ်များ၏ ရင်ထဲတွင် ငယ်ရွယ်စဉ်မှစ၍ သံမှိုစွဲသကဲ့သို့ သိရှိနား လည်ထားရန်လိုပါသည်။ ဗိုလ်ချုပ်၏ ပြောဆို၊ နေထိုင်၊ ပြုမူ၊ ၀တ်စားပုံများကအစ လူငယ်များအတွက်

ပေါ်လွင်မြင်သာအောင် မိသားစုအလိုက် လူကြီးမိဘများက စီမံပေးကြရပါမည်။ စာရေးသူ၏ သမီးလေးအား နှစ်နှစ်ခွဲအရွယ်မှစ၍ လေ့ကျင့်ပြသထားရာ မြင်းစီးဗိုလ်ချုပ်ကြေးရုပ်နှင့် ဗိုလ်ချုပ် ဓာတ်ပုံများ ကို မည်သည့်နေရာ၊ မည်သည့် စာအုပ်ထဲမှာ တွေ့တွေ့ (ဗိုလ်ချုပ်အောင်ဆန်း)ဟု ပြောပြတတ်ပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကလေးလူငယ်များနှင့် အနီးကပ်နေသူတိုင်းက လေ့ကျင့်ပေးမည်ဆိုလျှင် ဘာမဆိုဖြစ်နိုင်သည်ဟု ယုံကြည်ရပါသည်။

လက်ရှိ အစိုးရသစ်လက် ထက်တွင်ဗိုလ်ချုပ်နှင့်ဆက်စပ်သမျှ ဓာတ်ပုံများ၊ အကြောင်းအရာ များမှာငုပ်လျှိုးပုန်းကွယ်ခဲ့ရသည့် အချိန်ကြာမြင့်ခဲ့မှုကြောင့်လားမသိ ပလူပျံအောင်ပင် ပြန်လည်ပေါ်ထွက် လာခဲ့ပါသည်။ ဗိုလ်ချုပ်ကို အကြောင်းပြု၍ ပုံစံအမျိုးမျိုးဖြင့်နေရာအနှံ့ ရောက်ရှိအောင် ဖြန့်ဝေကြပါသည်။ ဗိုလ်ချုပ်၏ ဓာတ်ပုံများကိုဆိုင်ကြီးဆိုင်ငယ်အသွယ်သွယ် တွင် ခမ်းခမ်းနားနားတင် ၍ ရောင်းချသည်လည်းရှိပါသည်။ အများအားဖြင့် ဘုရားပွဲ၊ ဇာတ်ပွဲ၊ အလှူမင်္ဂလာပွဲများတွင် ဗိုလ်ချုပ်၏ဗီနိုင်းဓာတ်ပုံများ၊ ပလတ်စတစ်လောင်းထားသော ဓာတ်ပုံများကိုမြေကြီးပေါ်တွင် ဖျာနှယ်ခင်း၍တစ်မျိုး၊ သစ်ပင်များကို ကြိုးတန်း

ကာသီချိတ်လျက်တစ်ဖုံရောင်းချ နေကြပါသည်။ တစ်ဖက်ကကြည့်လျှင်ကောင်းသည်ဟုဆိုနိုင်သော် လည်း အခြားတစ်ဖက်ကကြည့် လျှင် တန်ဖိုးကျသည်ဟု အောက် မေ့ရပါသည်။

ဗိုလ်ချုပ်၏ စတစ်ကာ ဓာတ် ပုံများလည်းဖောဖောသီသီထွက် ရှိလာရာ နေရာအနှံ့တွင် ကပ် ထားကြသည်ကို တွေ့ရပါသည်။ ဗိုလ်ချုပ်၏ဓာတ်ပုံများသည် အား လုံး၏ရှေ့မှောက်၊ အားလုံး၏ ၀န်း ကျင်အနီးအနားတွင် ရောက်ရှိနေ ပြီဖြစ်ပါသည်။ ယနေ့ခေတ်လူ ငယ်များအားလုံး ဗိုလ်ချုပ်ကို ကောင်းစွာမြင်ဖူးသွားကြပြီဖြစ် သည်။ ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ထား သော အင်္ကျီများကိုလည်း အလွယ် တကူ ၀ယ်ယူဝတ်ဆင်နိုင်ကြပြီဖြစ် သည်။ လူငယ်များသွားလေရာ တွင် ဗိုလ်ချုပ်သည် အသွင် သဏ္ဌာန်တစ်မျိုးမျိုးဖြင့် လိုက်ပါ လျက်ရှိနေပါပြီ။ ထိုလူငယ်များ၏ ခံယူချက်တွင် ဗိုလ်ချုပ်သည်မည် မျှ အတိုင်းအတာအထိ ပါဝင် သက်ရောက်နေသည်ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်လာပါ သည်။

ဗိုလ်ချုပ်ဓာတ်ပုံစတစ်ကာ ကို တက္ကသိုလ်ကျောင်းသားလူ ငယ်အချို့က ဆိုင်ကယ်ရှေ့ပိုင်း နေရာများ၊ ကားရှေ့ပိုင်းနေရာများ တွင် ကပ်ထားကြသည်။ ထိုဆိုင် ကယ်ကို စီးလျက် ထိုတက္ကသိုလ် ကျောင်းသားများသည် ဘီယာ ဆိုင်ရောက်သည်။ အရက်ဆိုင် ရောက်သည်။ မကောင်းသည့်နေ ရာများသို့ရောက်သည်။ တစ်ခါ တစ်ရံ ထိုဆိုင်ကယ်ဖြင့်ပင် တက္က သိုလ်ကျောင်းများအနီး လူစည် ကားရာ နေရာများတွင် ဆိုင်ကယ် ကို စည်းကမ်းမဲ့စီးသည်။ ရှေ့ဘီး ထောင်စီးသည်။ ကားများကို လည်း မြင်သူအလန့်တကြား ငေး ကြည့်ဖြစ်အောင် ပြိုင်ကားသဖွယ် မောင်းနှင်ကြသည်။ ထိုဆိုင်ကယ် ထိုကားအပေါ်မှာ ဗိုလ်ချုပ်၏ ဓာတ်ပုံမှာ ခံ့တည်လျက်ပင်။ ဗိုလ်ချုပ်ဓာတ်ပုံပါ အင်္ကျီဝတ်ထား သော လူငယ်က ကျောင်းမတက် ဘဲ ဘိလိယက်ခုံတွင် အချိန်ဖြုန်း နေသည်။ ဗိုလ်ချုပ်ဓာတ်ပုံပါသော့ ချိတ်ကိုင်ထားသူ လူငယ်က သော့ ချိတ်ကို ပစ်မြှောက်ကစားရင်း လမ်းဘေး၌ ကွမ်းထွေးသည်။ သူ တို့အနီးတွင် ဗိုလ်ချုပ်ရှိနေသော် လည်း သူတို့သည် ဗိုလ်ချုပ်အား အမှန်တကယ်မသိသူများဟုသာ မှတ်ယူရပါမည်။

ဖေဖော်ဝါရီ ၁၄ ရက်။ ချစ် သူများနေ့။ ထိုနေ့သည်ကား စာ ရေးသူတို့နိုင်ငံရှိ လူငယ် များအ တွက် အပျော်ဆုံးနေ့ထူး နေ့မြတ် ဟု ထင်မှတ်ရပါသည်။ ကျောင်း သား၊ ကျောင်းသူနှင့် လူငယ်အား လုံးနီးပါးမှာ ထိုနေ့အတွက် အချိန် တစ်လမျှကြို၍ ပြင်ဆင်တတ်ကြ သည်။ ထိုနေ့အတွက် အသုံးစရိတ် ကိုလည်း ကြိုတင်စုဆောင်းထား တတ်ကြသည်။ မြို့ရွာအသီးသီး ရှိ စတိုးဆိုင်များနှင့် အလှပြင်ဆိုင် များ၊ ဓာတ်ပုံဆိုင်များတွင်လည်း ထိုနေ့အတွက် အထူးတလည် ၀န် ဆောင်မှုပေးကာ အခမ်းအနား များ ကျင်းပပေးကြသည်။ ထိုနေ့ အတွက် အမှတ်တရ ပစ္စည်းများ ကိုလည်း မည်မျှပင် တန်ဖိုးကြီးပါ စေ။ ၀ယ်ယူအသုံးပြုကြသည်။ ထို နေ့တစ်ရက်တည်းအတွက် လူငယ် များ၏ အသုံးစရိတ်များကို စု ပေါင်းလိုက်လျှင် ကျေးရွာတစ်ရွာ အတွက် လိုအပ်သော နှစ်ထပ်စာ သင်ဆောင်ကောင်းကောင်း တစ်ဆောင် ဆောက်လုပ်ပေးနိုင်လောက်ပါသည်။

စာရေးသူ၏ မိတ်ဆွေ တက္က သိုလ် ဆရာ၊ ဆရာမများ၏ ပြော ပြချက်အရ ထိုဖေဖော်ဝါရီ ၁၄ ရက်တွင် ကျောင်းတော်တော် များများ၏ အတန်းအသီးသီးတွင် ကျောင်းလာတက်သည့် ကျောင်း သူ၊ ကျောင်းသားမှာ မူလအရေ အတွက်၏ သုံးပုံတစ်ပုံမျှပင် မရှိ ဟု သိရပါသည်။ ထိုနေ့တွင် ကျူ ရှင်များ၊ ပုဂ္ဂလိကသင်တန်းများ ကို ပိတ်ပေးရသည်ဟု ဆိုပါသည်။ ထိုနေ့တွင် လူငယ်စုံတွဲများမှာ အ ပျော်ကြူးကြသည်။ မိဝေး ဖဝေး တက္ကသိုလ်တက်နေသည့် လူငယ် များမှာ အပြည့်အ၀လွတ်လပ်ကြ သည်။ ထိုနေ့ ထိုရက်တွင် အမှတ် တရအဖြစ် အဖြေပေးကြသည်။ ခန္ဓာကိုယ်ပေးကြသည်။ တည်းခို ခန်းများတွင် အချိန်ဖြုန်းကြသည်။ စားသောက်ဆိုင်များ၊ အပန်းဖြေ နေရာများ၊ ရှုခင်းသာများ၊ ဘုရား ကျောင်းကန်များသို့ သွားရောက် ကာ ထိုနေ့အတွက် အမှတ်တရ များစွာ ပြုလုပ်ကြသည်။ ရက်ရက် ရောရော သုံးစွဲကြသည်။ ထိုရက် ကလေးကုန်ဆုံးသွားမှာကိုပင် နှမြောတသဖြစ်ကြသည်။ ထိုရက် ညအချိန်တွင် အဆောင်လည်း ပြန်မအိပ်၊ တည်းခိုခန်းလည်း မသွားဘဲ လမ်းဘေး ညအမှောင် တွင် အချိန်ကုန်ခံဝံ့သည့် လူငယ် စုံတွဲကျောင်းသား၊ ကျောင်းသူ များအား အံ့ဖွယ်တွေ့ရတတ်ပါ သည်။

စာရေးသူတို့နိုင်ငံနှင့် တစ် မျိုးသားလုံးအတွက် ဖေဖော်ဝါရီ ၁၃ ရက်မှာ အနှိုင်းမဲ့တန်ဖိုးကြီး မားလှသော ရက်များထဲမှ တစ် ရက်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၁၄ ရက်မှာမူ နိုင်ငံတကာကို အတုခိုး ၍ လူငယ်များ အလေးထားသော ရက်တစ်ရက်ဖြစ်ပါသည်။ မြို့ရွာ တော်တော်များများရှိ လူငယ်များ အကြားတွင် ယနေ့လက်ရှိ တွေ့ နေရသည်မှာ ဖေဖော်ဝါရီ ၁၃ ရက်အတွက် အထူးအမြတ် အခမ်းအနားလုပ်ဆောင်မှု မတွေ့ ရသလောက်နည်းပါးပြီး ခြောက် ကပ်ကပ်နိုင်လှပါသည်။ ဖေဖော် ၀ါရီ ၁၄ ရက်တွင်မူ လူငယ်အ ပေါင်း ရွှင်လန်းတက်

ရေးသားသူ-ရွှေဖြိုးမောက်

06 February 2012

၈၈ မျိုးဆက်များအတွက် ပြည်သူ့ခေတ်ရဲ့ ဂုဏ်ပြုညစာစားပွဲ (မောင်ဝံသ)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာအဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ညနေမှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ Oriental House စားသောက်ဆိုငိမှာ ဂုဏ်ပြုညစာစားပွဲ တည်ခင်း ဧည့်ခံပါတယ်။

မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ဌေးကြွယ်၊ ဂျင်မီ၊ နီလာသိန်း၊ သူတို့ရဲ့ သမီးလေး၊ ပြုံးချို၊ မာကီးခေါ် ကျော်ကျော်ထွေး၊ အံဘွယ်ကျော်၊ ဇော်သက်ထွေး၊ သူ့ရဲ့ဇနီး မေဇော်၊ အောင်သူ၊ ကိုသက်ဇော်၊ ပဏ္ဍိတ်ထွန်း၊ စိုးထွန်း၊ ထွန်းမြင့်အောင် (ကျန်သွားသူရှိရင်လည်း ခွင့်လွှတ်ပါ) တို့ စုံစုံညီညီတက်ရောက်ကြပါတယ်။ မင်းဇေယျနဲ့ လှမျိုးနောင် လာမယ်ဆိုပြီး ခရီးလွန်နေလို့ မရောက်လာပါ။

ပြည်သူ့ခေတ်ဂျာနယ် ထုတ်ဝေသူ မောင်ဝံသ၊ အယ်ဒီတာချုပ် ဖေမြင့်၊ ဒုအယ်ဒီတာချုပ် မော်လင်း၊ အမှုဆောင်အယ်ဒီတာ ကိုမျိုးညွန့်၊ ကိုရဲမြင့်၊ ဆရာ အာသာ၊ ကိုဝင်းချိုနဲ့ အယ်ဒီတာအဖွဲ့ဝင် သတင်းထောက်များ တက်ရောက်ကြပါတယ်။ ပျော်ပျော်ပါးပါး စားသောက် စကားစမြည် ပြောကြပြီး ည ၉နာရီခန့်မှာ ပျော်ရွှင်စွာ ပွဲသိမ်းကြပါတယ်။ ၈၈မျိုးဆက်တွေ တစ်ယောက်နည်းနည်းစီ စကားပြောကြတယ်။ အားလုံးက ပြည်သူ့ခေတ်ဂျာနယ်ကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ကြတဲ့ အကြောင်း ပြောကြလို့ အားတက်ရပါတယ်။

ကျွန်တော်က ပြည်သူ့ခေတ်ဂျာနယ်မှာ ယခုအပတ် ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးအကြောင်း ပြန်ပြောပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးသမားများအဖြစ်ကူးပြောင်းဆောင်ရွက်ကြဖို့ ကျွန်တော့်အနေနဲ့ ပြည်သူတစ်ယောက်အနေနဲ့ရော သတင်းစာဆရာတစ်ယောက်အနေနဲ့ပါ တိုက်တွန်းပါတယ်လို့ ပြောလိုက်တော့ ကိုကိုကြီးက ချက်ချင်းတုံ့ပြန်တယ်။ ``ဆရာက နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မခံယူတော့ဘူးလား´´လို့ မေးလိုက်တာပါ။ ကျွန်တော်က ခဏတော့ ငိုင်သွားပြီးမှ ``အန်ကယ်က အခုတော့ သတင်းစာဆရာအနေအထားနဲ့ပဲ ပြောနေတာပါ´´လို့ ပြန်ဖြေလိုက်ရပါတယ်။

မင်းကိုနိုင်က သူသွေးတိုးပြီး ဆေးသောက်နေရတဲ့အကြောငိး ပြောပါတယ်။ သူ့ကြည့်ရတာ မရွှင်လန်းပါဘူး။ မလာတော့ဘူးလို့ နေရာက အားနာလွန်းလို့ လာရတာပါလို့ ပြောပါတယ်။

ကျွန်တော့်အစ်ကိုကြီး တစ်မျိုးထင်မှာ စိုးလို့ လာဖြစ်အောင် လာခဲ့တာ၊ ခနနေပြီးရင် ဆေးခန်းသွားပြဖို့ ပြန်ရမယ် ပြောပါတယ်။

ဘယ်အစ်ကိုကြီးလဲဆိုတော့ ကျွန်တော့်ကို ဟာသလုပ်တာပါ။ ထောင်ထဲမှာတုန်းက ကျွန်တော်က သူ့ထက် ၁၇နှစ် ကြီးလို့ အန်ကယ် ခေါ်တယ်၊ ဆရာခေါ်တယ်၊ အဲဒါကို ကျွန်တော်က အစ်ကိုကြီးလို့ပဲ ခေါ်ကွာလို့ သူ့ကို ချော့ ခေါ်ခိုင်းတဲ့အကြောင်း၊ သူ့ကိုလဲ ညီလေးလို့ ခေါ်ကြောင်း ပြောပြတော့ အားလုံး ရယ်ကြရတာပေါ့။

ကျွန်တော် သူ့ကို နားလည်ပါတယ်။ ခွင့်လွှတ်ပါတယ်။ ကျွန်တော်နဲ့ ကိုမော်လင်းက ကိုပေါ်တော့ ခမဲလိုနေပြီထင်တယ်၊ ပြုစုမယ့်လူတော့ လိုနေပြီ ပြောတော့ ``ဆရာတို့က စကားချည်းပြောနေကြတာကိုး၊ လက်တွေ့ဘာမှ မပါဘဲ ပြောနေတော့ အလကားပဲပေါ့´´လို့ ဟာသပြန်လုပ်ပါတယ်။

ကျွန်တော်က ``ကိုပေါ်ရေ၊ တစ်ခါက ကိုပေါ်နဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်မှာ အန်ကယ် ရေးတုန်းက မိတ်ဆွေတစ်ယောက်က ကွန်မင့် ၀င်ရေးတယ်၊ ကိုပေါ့်ကို စိတ်ဝင်စားတဲ့ ပန်းချီဆရာမတစ်ယောက်ရှိခဲ့ဖူးတယ်ဆို၊ အဲဒီဇာတ်လမ်းက ပြီးသွားပြီလား မေးတော့ ``ဆရာရယ်၊ အဲဒါက ကိတ်မုန့်ကြီးပါ၊ ကျွန်တော်က ကိတိမုန့်နဲ့ မတန်ပါဘူး၊ ထမင်းကြော်လောက်နဲ့ တန်တာပါ´´လို့ အရွှန်းဖောက်ပါတယ်။ ကျွန်တော်က ``ဟုတ်တယ်၊ အဲဒီကွန်မင့် ရေးသူက ကိုပေါ်က ကိတ်မုန့်နဲ့ သူမတန်ပါဘူးဆိုပြီး တစ်ခန်းရပ်လိုက်တဲ့အကြောင်း ရေးသေးတယ်၊ ကိုယ်မှတ်မိပြီ´`လို့ ပြောလိုက်ပါတယ်။

ကိုပေါ် ကျန်းမာရေး နည်းနည်း ဂရုစိုက်ဖို့လိုနေတာတော့ သေချာတယ်။ ဇန်န၀ါရီ ၃၁ ရက်ညကလဲ အင်းယားစောင်း စိမ်းလန်းစိုပြည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မိတ်ဆုံပွဲအပြီး ကိုပေါ်နဲ့ ကျွန်တော် အဲဒီနားက ဆိုင်တစ်ဆိုင်မှာ ရခိုင်မုန့်တီ သွားစားကြသေးတယ်။ အရုဏ်သစ်စာပေက ကိုဝင်းမောင်နဲ့ မသီတာတို့လဲ ပါတယ်။ မသီတာက မုဒုံသူ၊ ကိုပေါ်ရဲ့ ငယ်သူငယ်ချင်း ညီမလေးလို နေခဲ့သူပါ။ အဲဒီတုန်းကလဲ ကိုပေါ် နေသိပ်မကောင်းဘူး ပြောတယ်။ အရမ်းပင်ပန်းနေတယ်တဲ့။ သို့ပေမယ့် ကျွန်တော်နဲ့ အဖော်ပါလာတဲ့ ဒိန်းမတ်သူ Susanne နဲ့ ကိုပေါ်စကားပြောနေတာ ဖြောင့်လို့။ အင်္ဂလိပ်လို ကိုပေါ် ကောင်းကောင်း ပြောနိုင်တာ တွေ့ရတယ်။

ရခိုင်မုန့်တီဆိုင်မှာ ကျွန်တော်က ကိုပေါ်ကို ``အရင်တုန်းက ၂၀၀၄ မှာ ကိုယ်ပြောဖူးတာ မှတ်မိလား၊ သခင်ကိုယ်တော်မှိုင်း နေရာမျိုးမှာနေပါလို့ ပြောခဲ့တာ မှတ်မိလား´´ မေးပါတယ်။ သူက သိပ်မှတ်မိတာပေါ့၊ အဲဒီတုန်းက ကျွန်တော်က ဘယ်လို role မှာ နေချင်တယ်ဆိုတာ ပြန်ပြောခဲ့တာကိုရော ဆရာ မှတ်မိလားလို့ မေးပါတယ်။ ကျွန်တော်က မမှတ်မိတော့ဘူးကွာလို့ပြောတော့ သူက ကျွန်တော် ရာဘိန္ဒရာနတ် တဂိုးလို နေချင်တယ်လို့ ပြောခဲ့တာလေ ဆိုတော့မှ အေး ဟုတ်သားပဲ၊ မှတ်မိပြီလို့ ပြောလိုက်ရပါတယ်။

ကိုပေါ် ပထမအကြိမ် ထောင်က ပြန်လွတ်ပြီးတော့ ကျွန်တော်နဲ့ တွေ့တဲ့အခါ သူဘယ်လို အနေအထားနဲ့ နေရင်ကောင်းမလဲ မေးတယ်။ ကျွန်တော်က သခင်ကိုယ်တော်မှိုင်းလို နေပေါ့ကွာလို့ ပြောတော့ ဟာ ကြံကြီးစည်ရာ လို့ ပြောပါတယ်။ ကျွန်တော်က ၈၈ မျိုးဆက်ဟာ တိုင်းပြည်မှာ ဒီမိုကရေစီတည်ဆောက်ရေးအတွက် လှုပ်ရှားခဲ့ကြတာ၊ သူတို့တာဝန်မပြီးဆုံးသေးဘူး၊ ၈၈ မျိုးဆက်ဟာ အာဏာနိုင်ငံရေးလုပ်မယ့်လူတွေမဟုတ်ဘူး။ သည်တော့ သခင်ကိုယ်တော်မှိုင်း လုပ်ခဲ့သလို အစိုးရနဲ့ အတိုက်အခံတွေကြား ပြန်လည် သင့်မြတ်ရေးရအောင် ကြားဝင်စေ့စပ်ဖျန်ဖြေပေး သူနေရာမျိုးက နေသင့်တယ်လို့ ကျွန်တော်က ပြောခဲ့တာပါ။

အဲဒီတုန်းက ကိုပေါ်က တဂိုးလိုပဲ နေချင်တယ် ပြောတာ သူ့ရဲ့ ပင်ကို စိတ်ရင်းကို ပြသခဲ့ပဲ ဖြစ်ပါတယ်။ သူဟာ တကယ်ပဲ အနုပညာသမား၊ တဂိုးလို လွတ်လပ်အတွေးနဲ့ နေချင်သူဖြစ်တယ်။ သို့ပေမယ့် လူဆိုတာ ကိုယ်နေချင်သလို နေလို့မရဘူးလေ။ ကိုယရှင်သန်နေထိုင်နေတဲ့ ခေတ်ကတောင်းဆိုသလို၊ ကိုယ်ပါဝင်တဲ့ လူ့အဖွဲ့အစည်းက တောင်းဆိုသလို ဘ၀ဇာတ်ဆရာအလိုကျ ကပြရမှာပဲ မဟုတ်လား။

ဒီနေ့ည ပြည်သူ့ခေတ်က ပေးတဲ့ ဒင်နာမှာတော့ ကိုပေါ့်ကို ကျန်းမာရေး အထူးဂရုစိုက်ဖို့ ကျွန်တော် အလေးအနက် မှာလိုက်ပါတယ်။ သူ့ကို အနီးကပ် စောင့်ရှောက်နေတဲ့ ပဏ္ဍိတ်ထွန်းကိုလဲ သေချာ မှာလိုက်တယ်။ ကိုပေါ်ဟာ သာမန်လူတစ်ယောက် မဟုတ်တော့ဘူး၊ တိုင်းပြည်အတွက်ပါ အရေးကြီးသူ ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။ ကိုပေါ်ကတော့ အဲသလို ဖြစ်နေတာကြီးကို ကျွန်တော်စိတ်ညစ်နေတာ ဆရာရေလို့ ငြီးတွားရင်း နှုတ်ဆက် ထွက်သွားပါတယ်။ ကိုကိုကြီးလဲ ကိုပေါ်နဲ့ မရှေးမနှောင်း ထွက်သွားပါတယ်။ သူတို့ တစ်ခြား အချိန်းအချက်တွေဆီသွားကြရဦးမယ်။ အလုပ်တွေ လုပ်နေကြတာပါ။ သူတို့ဟာ အနှေးနဲ့ အမြန် နိုင်ငံရေးသမားတွေအဖြစ် ဇာတ်ခုံပေါ်ရောက်လာကြဦးမယ်လို့ ကျွန်တော် မျှော်လင့်နေပါကြောင်း။

မောင်ဝံသ

24 January 2012

ဒေါ်အောင်ဆန်းစုကြည် မှ ကချင် စစ်ပြေးဒုက္ခသည်များ ဆီသို့ .....


အခု ကျွန်မအနေနဲ့ ကချင်ဒုက္ခသည်တွေ အထူးသဖြင့် ဒီဒုက္ခသည်တွေထဲက အမျိုးသမီးတွေနဲ့ကလေးတွေကို
ဦးတည်ပြီးတော့ ကျွန်မ ပြောချင်ပါတယ်။အခု အချိန်မှာ ဆိုလို့ရှိရင် ကချင်ပြည်နယ်မှာ မငြိမ်မသက်မှုတွေကြောင့်
မို့လို့ ငြိမ်းချမ်းရေး မရှိတာ ကြောင့်မို့လို့ ဒုက္ခသည် အများအပြားဟာ ကိုယ့် အိုးအိမ်ကို စွန့်လွှတ်ပြီးတော့ ထွက်ပြေးနေရတယ်ဆိုတာကျွန်မတို့ကြားပါတယ်။ဒီလိုပြေးနေရလို့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုအမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ်(ဗဟို)က သိန်းသုံးရာ၊ပြည်နယ်ကနေပြီးတော့ (၁၃)သိန်းထောက်ပံ့ခဲ့ ပါ တယ်။ဒါပေမယ့်လည်း ဒါဟာ လိုအပ်တာထက် စာလို့ရှိရင် အင်မတန်မှ နည်းတဲ့ ထောက်ပံ့မှုမျိုးဆိုတာ ကျွန်မတို့ နားလည်ပါတယ်။

အဲ့ဒါ ကြောင့်မို့လည်း ကျွန်မတို့ ထပ်ပြီးတော့ ကြိုးစားပြီးတော့ ၀ိုင်းဝန်းပြီးတော့ ကူညီပါ့မယ်။ အခုအချိန်မှာ ကျွန်မအဓိကပြောချင်တဲ့ စကား ကတော့ မျှော်လင့်ချက်ကိုလက်မလွှတ်ပါနဲ့။ကျွန်မတို့ နိုင်ငံဟာ တစ်ချိန်တစ်ခါမှာအင်မတန်မှ ငြိမ်းချမ်းပြီးတော့ ညီညွှတ်တဲ့ ပြည်ထောင်စုတစ်ခုဖြစ်ဖို့ ကျွန်မတို့ အားလုံးကြိုးစားနေပါတယ်။အဲ့ဒီတစ်ချိန်တစ်ခါကလည်း ဟိုး … အဝေးကြီးမှာလို့ ကျွန်မတို့ ဒီလို မမြင်ပါဘူး။အတက်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင်လုပ်ပါမယ်။

ဒီကြားထဲမှာ ကျွန်မတို့ရဲ့ ဒုက္ခသည်များ အထူးသ ဖြင့် အမျိုးသမီးတွေနဲ့ကလေးတွေကို စာနာတယ်လို့
ကျွန်မပြောတာကို အမျိုးသားတွေက စိတ်မဆိုးကောင်းပါဘူးနော်။အဲ့ဒီ တော့ ကျွန်မတို့ အမျိုးသမီးတွေ
နဲ့ ကလေးတွေဟာ ဒီလိုအေးတဲ့ ရာသီမှာ ကိုယ့်အိမ်မှာ နွေးနွေးထွေးထွေးမနေနိုင်ပဲနဲ့ လမ်း ဘေး ကိုယ့်အိမ်
မဟုတ်တဲ့နေရာတွေမှာဖြစ်သလိုနေနေရတယ်ဆိုတာ ကျွန်မတို့ အများကြီးစာနာတာ သိစေချင်ပါတယ်။

ကျွန်မတို့ဟာ ရန်ကုန်မှာနေပြီးတော့ အေးအေးချမ်းချမ်း လုံလုံခြုံခြုံနဲ့ နေရတယ်ဆိုပေမယ့် ကျွန်မတို့ နိုင်ငံက
ပြည်သူ ပြည်သားတွေ အားလုံး မလုံခြုံ သရွေ့ တကယ်တော့ ကျွန်မတို့လည်း မလုံခြုံပါဘူး။လုံခြုံမှုဆိုတာ
ခွဲခြားလို့ မရပါဘူး။ တစ်တိုင်းပြည်လုံး လုံခြုံမှာ ပြည်သူလူထု တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ လုံခြုံမှုကို
လည်း စိတ်ချရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ ဒီအချိန်မှာ ကချင်ပြည်နယ်က ဒုက္ခသည်တွေကို ကြိုးစားပြီးတော့ ထပ်မံပြီးတော့ ကျွန်မတို့
ကူညီ ထောက်ပံ့ပါ့မယ်။ကျွန်မတို့ရဲ့ ကူညီထောက်ပံ့မှုတွေ မလုံလောက်တာကိုလည်း ကျွန်မတို့ကိုခွင့်လွှတ်ပါလို့
ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့လည်း ရှိတဲ့ ရန်ပုံငွေတွေနဲ့ စုဆောင်းပြီးတော့လုပ်ရတာပါ။

ဒီလို လိုချင်သလောက် ကျွန်မတို့ လုပ်ပေးချင်သလောက် မလုပ်ပေးနိုင်ပေမယ့်လည်း ကျွန်မတို့ရဲ့ မေတ္တာတွေ
က အတိုင်းအဆမရှိဖြစ်ပါတယ်လို့ ပြောချင် ပါတယ်။မေတ္တာရော ကရုဏာရော စာနာမှုရော အထူးသဖြင့် ကျွန်မ
တို့ ပြည်ထောင်စုကြီးဟာ တစ်နေ့တစ်ချိန်တစ်ခါမှာ အားလုံး လုံခြုံနိုင်မယ့် ပြည်ထောင်စုကြီးဖြစ်ဖို့ကို ကျွန်မတို့
တကယ်ပဲ အသည်းထဲ နှလုံးထဲကနေပြီးတော့ ဆုတောင်းလျက် ရှိပါတယ်။

ခုဒုက္ခသည်တွေထဲမှာလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိပါလိမ့်မယ်။ဘာလူမျိုးပဲဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်
ကိုးကွယ် ဒါတစ်မြေထဲနေ တစ်ရေထဲသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေမို့လို့ အားလုံးဟာ ကျန်းမာ
ချမ်းသာစွာနဲ့ မိမိတို့နေအိမ်ကိုပြန်နိုင်ပါစေလို့ ကျွန်မ အခုဆုတောင်းမေတ္တာပို့လိုက်ပါတယ်။


ဒီမိုဖက်တီး အားကျေးဇူးတင်ရှိပါသည်.။

03 January 2012

ကျွန်တော်နှင့် ဆောင်းအိပ်မက်များ (မောင်ဝံသ)

အလုပ်လေးတွေ များနေတာနဲ့ ဆောင်းပါးတွေ မတင်ဖြစ်ခဲ့ပါ။ ယခု ၂ ဇန်န၀ါရီမှာ ထွက်လာတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဆိုတာကို နားထောင်ပြီး လုံးဝ မပျော်နိုင်ဘဲ စိတ်ပျက်နေမိပါတယ်။ ဒါနဲ့ပဲ ပြီးခဲ့တဲ့ အပတ်က True News သစ္စာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အောက်ပါ ဆောင်းပါးကို တင်ဖြစ်သွားပါတယ်။

မှန်တာပြောသစ္စာ / မောင်ဝံသ

ကျွန်တော်နှင့် ဆောင်းအိပ်မက်များ

အခုရက်ပိုင်း ညနေ နေ၀င်သွားပြီဆိုရင် နည်းနည်းလေး ချမ်းစိမ့်စိမ့်ဖြစ်လာပြီး ညသန်းခေါင်ကျော်လောက်ဆိုရင် သိသိသာသာအေး လာလို့ တစ်နွေလုံး တစ်မိုးလုံး ပစ်ထားခဲ့တဲ့ စောင်ကို အိပ်ချင်မူးတူးနဲ့ ဖမ်းဆွဲပြီး ခြုံရတဲ့ညတွေ ဆက်တိုက်လိုကို ကြုံလာရတော့မှ သြော် ဆောင်းတောင် ရောက်လာပြန်ပြီကော ရယ်လို့ သတိပြုမိတော့တယ်ဗျ။

ကြက်သီးဖြန်းရုံလောက် အအေးဓာတ်ကို သယ်ဆောင်လာတဲ့ မြောက်ပြန် လေနဲ့ အတူ ဆောင်းညတွေ ရောက်လာပြီဆိုတာနဲ့ တစ်တွဲတည်းပါလာတာ ကတော့ ``ဆောင်းတွင်းအိပ်မက်ဂယောက်ဂယက်´´ ဆိုရိုးစကားမှန်ကန်ကြောင်း ထပ်တလဲလဲ သက်သေပြနေတဲ့ ဟိုရောက် ဒီရောက် အိပ်မက်တွေပဲဖြစ်တယ် ဗျာ။

အပေါ်ရောက်လိုက် အောက်ပြန်ကျလိုက်

အခုရက်ပိုင်းအတွင်း ညတိုင်းလိုလို အဲဒီဂယောက်ဂယက် ဟိုရောက် ဒီရောက်အိပ်မက်တွေက ကျွန်တော့်ရဲ့ အိပ်စက်ခြင်းကို စိုးမိုးထားကြတယ်ဗျ။ အိပ်မက်တွေက ပုံသဏ္ဌာန်အမျိုးမျိုးဖြစ်ကြပေမယ့် အားလုံးမှာတူညီတဲ့ တစ်ခုတည်းသော အချက်ကတော့ ရိုလာကိုစတာစီးရသလို ဗြုန်းခနဲ အပေါ်ရောက်သွားလိုက်၊ ဗြုန်းခနဲ အောက်ပြန်ရောက်လိုက်။ အခုပဲ ပျော်လိုက်ရ၊ ချက်ချင်းပဲ ၀မ်းနည်း ကြေကွဲလိုက်ရ။ အဲသလို ဆန့်ကျင်ဖက် ခံစားမှုတွေ ရောနှောလုံးထွေးနေတာဖြစ်တယ်ဗျ။ အဲဒီဆောင်းအိပ်မက်တွေက ကျွန်တော့်ရဲ့ဆောင်းညတွေကို သိမ်းပိုက်ထားကြတယ်ဗျာ။

မသိစိတ်ရဲ့ တုံ့ပြန်မှုတစ်မျိုး

အိပ်မက်ဆိုတာ လက်တွေ့ဘ၀မှာ ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေအပေါ် မသိစိတ်ရဲ့ တုံ့ပြန်မှု ပုံသဏ္ဌာန် တစ်မျိုးဖြစ်တယ်ဆိုတဲ့ စိတ်သရုပ်ခွဲပညာရှင်တွေရဲ့ ရေးသားချက်ကို ဖတ်ဖူးထားတော့ ကျွန်တော် အခုတစ်လော မက်နေတဲ့ ဆောင်းအိပ်မက် တွေဟာ အဲသလိုမျိုး ဖြစ်လေမလားလို့လည်း တွေးနေမိတယ်ဗျ။

တောင့်တမျှော်လင့်နေတဲ့အရာနှစ်ခု

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံနဲ့ ပတ်သက်ပြီး မြန်မာပြည်သူ တွေရော ကမ္ဘာ့ပြည်သူတွေပါ လတ်တလောမှာ ပြင်းပြင်းပြပြ လိုလား တောင့်တစောင့်မျှော်နေကြတဲ့ အရာနှစ်ခုက ယုံကြည်ချက်ကြောင့် အကျဉ်းချ ထားခြင်း ခံနေကြရတဲ့ အကျဉ်းသားအားလုံး အမြန်ဆုံးနဲ့ ချွင်းချက်မရှိ ပြန်လည် လွတ်မြောက်လာကြရေးနဲ့ ထာဝရငြိမ်းချမ်းရေးရဲ့ အရေးအကြီးဆုံးသော ကနဦး ၀န်းကျင်အနေအထားအဖြစ် တစ်နိုင်ငံလုံးမှာ သေနတ်သံတွေ ရပ်စဲတိတ်ဆိတ် သွားရေးပဲဖြစ်တယ်ဗျ။

မြစ်ဆုံရေကာတာ ကိစ္စ

စတုတ္ထမဏ္ဍိုင်ကို အလေးထားကြရမယ်ဆိုတဲ့ သမ္မတကြီးရဲ့ စကားကို အားကိုးအားထားပြုပြီး ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော့်ရဲ့ ဆောင်းတွင်းအိပ်မက်ဂယောက်ဂယက်တွေဟာ အဲဒီကိစ္စနှစ်ခုနဲ့ တိုက်ရိုက် ဆက်နွှယ်နေတယ်လို့ ကျွန်တော် တစ်ထစ်ချယုံနေမိတယ်ဗျာ။ တကယ်တော့ ပြောရရင် ကျွန်တော့်ရဲ့ ဆောင်းအိပ်မက်တွေဟာ မိုးနှောင်းကာလကတည်းက ပြောက်တိပြောက်ကျား စတင်နေခဲ့တာဖြစ်တယ်ဗျ။ တိတိကျကျပြောရရင် ဧရာဝတီမြစ်ဆုံရေကာတာသတင်းနဲ့အတူ သန္ဓေတည်နေခဲ့တာဖြစ်တယ်ဗျ။ ပြည်သူတွေရဲ့ ဆန္ဒကို မဆန့်ကျင်ပါဘူးလို့ ၀န်ကြီးတစ်ပါးက ပြောလိုက်၊ နောက်ဝန်ကြီးတစ်ပါးက ဘယ်သူတွေပဲကန့်ကွက်ပါစေ အဲဒီစီမံကိန်းကို ဆက် လုပ်သွားမယ်လို့ ပြောလိုက်။ အဲဒီဝန်ကြီးကပဲ ဒီကိစ္စအတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူပါမယ်လို့ ပြောလိုက်နဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ရိုလာကိုစတာစီးရသလို အပေါ်ရောက်သွားလိုက်၊ အောက်ပြန်ကျသွားလိုက်။ အိပ်မက်ထဲမှာလည်း ကျွန်တော်ဟာ ထီ ပေါက်လိုက်၊ လက်မှတ်ပျောက်သွား လိုက် ပြန်ရှာတွေ့လိုက်၊ နောက်တစ်ခါ ပြန်ပျောက်သွားလိုက်နဲ့ နောက်ဆုံး သမ္မတကြီးရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတော့မှပဲ ကျွန်တော့်ရဲ့ညတွေထဲက ဧရာဝတီ ခြောက်အိပ်မက်လည်း ထွက်သွားတော့တယ်ဗျာ။

ရတနာသိုက်မြေပုံတစ်ခြမ်းပဲ ရသလို

ဧရာဝတီအိပ်မက်ထွက်သွားပေမယ့် ယုံကြည်ချက် အကျဉ်းသားအိပ်မက်နဲ့ ငြိမ်းချမ်းရေးအိပ်မက်တွေက ကျန်နေခဲ့သေးတာ ဖြစ်တယ်ဗျ။ အကျဉ်းသားကိစ္စ မှာလည်း အရပ်သားအစိုးရတက်လာပြီး မကြာမီမှာ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်လာတော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်မြေပုံကောက်ရတဲ့ အိပ်မက်။ ပြစ်ဒဏ်တစ်နှစ်ပဲ လျှော့ပေါ့ပေး လိုက်တယ်ဆိုတဲ့ အမိန့် ထွက်လာတော့ ကျွန်တော့်အိပ်မက်က ကျွန်တော် ကောက်ရတဲ့ ရတနာသိုက်မြေပုံက တစ်ခြမ်းပဲဖြစ်နေတဲ့ အိပ်မက်။ ဒုတိယတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထွက်လာပြန်တော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်ရှိတဲ့ဂူနားရောက်လာပေမယ့် ဂူဝကို ရှာမတွေ့တဲ့ အိပ်မက်၊ လွတ်လာတဲ့အထဲ ယုံကြည်ချက်အကျဉ်းသား နှစ်ရာလောက် ပါလာတယ် ကြားရတော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်ရဲ့ သဲလွန်စ ရွှေမန်ကျည်းသီးတစ်တောင့် ကောက်ရတဲ့အိပ်မက်။ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဒုတိယအကြိမ် မေတ္တာရပ်ခံချက် ထွက်လာတော့ ကျွန်တော့် အိပ်မက်က ဂူဝနားရောက်နေပါလျက် ဂူဝပျောက်နေတဲ့အိပ်မက်။ နောက်တစ်နေ့မှာ ယုံကြည်ချက် အကျဉ်းသားတချို့ (လေးငါးယောက်) ရဲ့ ထောင်အပြောင်းအရွှေ့သတင်းကြားရတော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်ရှိတဲ့ ဂူကြီးနဲ့ ပြန်ဝေးသွားပြန်တဲ့အိပ်မက်။ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူဆိုတာ မရှိပါဘူးဆိုတဲ့စကားမျိုးတွေ ကြားလိုက်ရတော့ ကျွန်တော့်အိပ်မက်က ရတနာသိုက်မြေပုံ ကျပျောက်သွားတဲ့အိပ်မက်။

ထီလက်မှတ်ပျောက်ပျောက်သွားသလို

ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကျွန်တော့်အိပ်မက်တွေကလည်း အဲသလိုပဲဗျ။ မီဒီယာတွေထဲမှာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးလွှဲတွေ လုပ်နေပြီဆိုတဲ့ သတင်းနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲဆိုတဲ့ သတင်းတွေ တစ်လှည့်စီ ထွက်ပေါ်နေတဲ့ တစ်ချိန်တည်းမှာ ကျွန်တော့်ရဲ့ အိပ်မက်တွေကလည်း ထီပေါက်လိုက်၊ လက်မှတ်ပျောက်လိုက်၊ ပြန်ကောက်ရလိုက်၊ ပြန်ပျောက်လိုက်နဲ့ ကျွန်တော်ဟာ အိပ်မက်ကပေးတဲ့ နှလုံးရောဂါရနေသူဖြစ်နေပြီဗျ။ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရပ်ဆိုင်ဖို့ သမ္မတကြီးက ကာကွယ်ရေးဦးစီးချုပ်ထံ ညွှန်ကြားချက်ပေးပို့လိုက်ပြီ ဆိုတဲ့ သတင်းကြောင့် ဒီတစ်ခါတော့ ထီဆုငွေ တကယ်ရတော့မယ်ဆိုတဲ့ အိပ်မက်မက်ခဲ့ပေမယ့် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲပဲ ဆိုတဲ့ ကေအိုင်အေတာဝန်ရှိသူတွေရဲ့ ပြောစကားတွေ ကြားနေရပြန်တော့ ကျွန်တော့်အိပ်မက်ထဲက ထီဆုငွေပုံကြီးဟာ တံလျှပ်လို ထိမရ ကိုင်မရဖြစ်နေရပြန်တယ်ဗျာ။ ဒီကြားထဲ အစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ငြိမ်းချမ်းရေးရဖို့ နောက်ထပ် ၃ နှစ်တောင် စောင့်ရလိမ့်ဦးမယ်လို့ ပြောလိုက်ပြန်တော့ သြော် ... ငါတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ သောကမျက်ရည် တွေ နောက်ထပ် အနည်းဆုံး ၃ နှစ်တော့ ဆက်ကျရဦးမယ့်သဘောပါလားလို့ တွေးမိပြီး ကျွန်တော့်အိပ်မက် တွေလည်း ၀င်္ကပါထဲမှာ တ၀ဲလည် လည် ဖြစ်ခဲ့ရပြန်တယ်ဗျာ။

ဆောင်းအိပ်မက်တွေ မလိုချင်

ရှင်းရှင်းပြောရရင် ကျွန်တော့်ရဲ့ လူ့ဘ၀သက်တမ်းတစ်ခုလုံးနီးပါး ကာလအတွင်း ပြည်သူတွေအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက် ရောင်ခြည်တန်းတွေ မြင်နေကြရတာဖြစ်တဲ့ ဒီကနေ့ကာလမှာ ကျွန်တော် ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်တွေ မက်မနေချင်တော့ဘူးဗျာ။ ပြည်သူတွေ အဲဒီမျှော်လင့်ချက်ရောင်ခြည်တန်းကလေးတွေ မြင်လာရအောင် လုပ်ပေးခဲ့တဲ့ အစိုးရတစ်ရပ်ကို တချို့က မယုံသင်္ကာပြောနေကြတဲ့ စကားတွေကိုလည်း ကျွန်တော် မကြားချင်တော့ဘူးဗျ။ လက်ရှိအစိုးရဟာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ ခိုင်မြဲရေးဆိုတဲ့ ]မဟာသေနင်္ဂဗျူဟာ} တစ်ရပ်ကို ချမှတ်ကျင့်သုံးနေတာသာဖြစ်တယ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဒီချုပ်ကို သူတို့တရားဝင် (Legitimate) ဖြစ်ဖို့ အတွက်သာ အသုံးချနေတာဖြစ်တယ်၊ လက်ရှိအစိုးရဟာ သူ့အရင်က စစ်အစိုးရ အဆက်ဆက်လိုပဲ နိုင်ငံရေးသမားတွေကို ခါးခါးသီးသီးမုန်းတီးတဲ့ အစိုးရ ဖြစ်တယ်၊ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံတွေအဖြစ် သဘောထားတဲ့ အစိုးရဖြစ်တယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ်လည်း အမြင် သဘောထား မပြောင်းဘဲ ကျဉ်းမြောင်းတဲ့လူမျိုးရေးအမြင်ရှိတဲ့ ခွဲထွက်ရေး ၀ါဒီသောင်းကျန်းသူတွေအဖြစ် ဆက်လက်ရှုမြင်နေတဲ့ အစိုးရဖြစ်တယ်စတဲ့ ပြည်တွင်း ပြည်ပ လူတချို့ရဲ့ စကားတွေကို ကျွန်တော့် မှာ လက်လည်းမခံချင်၊ ပိုင်ပိုင်နိုင်နိုင် ငြင်းလည်း မငြင်းနိုင်ဖြစ်နေရတယ်ဗျာ။

မျက်စောင်းထိုးမခံရအောင်

ပြီးခဲ့တဲ့အမျိုးသားအောင်ပွဲနေ့က NLD ရုံးချုပ်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)က သူ့ဟောပြော မှုအဆုံးမှာ ]သမ္မတကြီးဦးသိန်းစိန်သက်တော်ရာကျော်ရှည်ပါစေ} လို့ ဟစ်ကြွေးခဲ့တယ်ဗျ။ ကျွန်တော်တို့ စတုတ္ထမဏ္ဍိုင်သားအားလုံး မျက်စောင်းထိုး မခံရဘဲ လက်ရှိအစိုးရကို အားရပါးရ ထောက်ခံကြိုဆိုနိုင်ကြဖို့ အရေးအတွက် ဆောင်ကြဉ်းပေးပါလို့ သမ္မတကြီးနဲ့တကွ နိုင်ငံ့ခေါင်းဆောင် အားလုံးကို မေတ္တာရပ်ခံလိုက်ပါရစေဗျာ။

မောင်ဝံသ

၂၀ ၁၂ ၁၁

၂၀ ဒီဇင်ဘာ ဗိုလ်အောင်ကျော်နေ့က အထက်ပါဆောင်းပါးကို ရေးခဲ့တာပါ။ ၂ ဇန်န၀ါရီလည်း ကျရော အားလုံး သိတော်မူတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ကတော့ ပြည်သူတွေရဲ့ မျက်စောင်းဒဏ်ကို ကောင်းကောင်း ခံဖို့သာ ပြင်ထားပါတယ်။

27 December 2011

ကိုဂျော်လီထွန်းရေ…

ကိုဂျော်လီထွန်းရေ…

၂၃နှစ်တောင်ကြာသွားပါပေါ့လားကိုဂျော်လီထွန်းရေ။ မထင်မရှား-ခင်ဗျားဆိုတဲ့လူ- ခုလို လူမသိသူမသိ နေရာထောင့်ကျဉ်းလေးတခုမှာ ဘ၀သက်တမ်းတ၀က်ကျိုး။ အရင် စစ်အစိုးရကလက်ထက်ကတည်းက ခင်ဗျားဘ၀ ကို အဲသလိုမြေမြှုပ်ပစ်ခဲ့ကြပေမယ့်လူတွေက ခင်ဗျားကိုရှိမှန်းတောင်သိကြသေးရဲ့လား။ခင်ဗျား ၈၈အရေးအခင်းပြီး ကတည်းက နိုင်ငံရေးကြောင့် ထောင် ကျနေတယ်ဆိုတာကိုကော မှတ်မိကြပါမလား။ ဒီကိစ္စ ကျွန်တော်သိချင်တယ်။ ခင်ဗျားထောင်ထဲမှာ ခုလိုဆက်ဘ၀သေနေတာလုံးဝမဖြစ်သင့်တော့ဘူး။ သိတ်ဝမ်းနဲဘို့ကောင်းတယ်။

လူဆိုတဲ့အမျိုးကလည်း ၀ီိစိကိစ္စအင်မတန်များ- အင်မတန်မေ့လွယ်ကြတာမဟုတ်လား ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ကိစ္စ ဘယ်ပြန်တွေးဖြစ်ပါ့မလဲ ။ မထင်မရှားခင်ဗျားလိုလူတယောက်အကြောင်း ဘယ် သူခေါင်းထဲထည့်မှာလဲ။ပိုဝေးတာပေါ့။ ၈၈ စဖြစ်တော့ ခင်ဗျားကအိမ်ထောင်သည်၊ သာမန်မိသားစုဘ၀။ သမီး ၂ယောက်တောင်ရနေပြီ။ကျောင်းသားလုပ်လောက်တဲ့အရွယ်လည်းမဟုတ်။
ပါတီအဖွဲ့အစည်းတခုကို ခေါင်းဆောင်ခဲ့တာလည်းမဟုတ်။သာယာဝတီဈေးထဲရေဒီယိုပြင်စားနေတဲ့ ပါချီပါချက်မက်ကင်းနစ် လေး။ နေ့ချင်းညချင်းကြီးထွားလာတဲ့ သပိတ်ထဲမှာဗြုန်းဆို သွေးကြွပြီး သပိတ်ခေါင်းဆောင်တက်လုပ်လိုက်မိတာတခု ။ အဲဒီအကွေ့မှာ ငါးပါးမှောက်တာ။ မဟာဒုက္ခတွင်းလုံးကျတော့ တာလေ။အဲဒီတုန်းက လူတွေဆိုတာက အမှောင်တည်းက ရုတ်တချက်ထ။ လွတ်လပ်ရေးအလင်းတချက်ရလိုက်တဲ့အချိန်။ ကြွက်ကြွက်သွေးဆူသွားကြတုန်း အရမ်း တက်ကြွ။တချို့ ဘာမသိညာမသိ- မနက်ဖြန်ပဲ ဒီမိုကရေစီ ရတော့မှာလိုလို။ တချို့များ စင်ပေါ်လုတက်ကြ။ အာဘောင်အာရင်းသန်သန်နဲ့ မိုက်ခွက်လုကိုင်ခဲ့ကြ။ ဒါတွေလည်း ဖြစ်ခဲ့သားမဟုတ်လား။ ခင်ဗျားကလည်း ပါတီယူနစ်ရုံးကိုမှ တက်သိမ်းပြီး သပိတ်စခန်းဖွင့်ခဲ့သကိုး။

တလလောက်နေတော့ စစ်တပ်အာဏာသိမ်း။ ခင်ဗျားနယ်စပ်ကိုတိမ်းရ။ မကြာခင် ပြန်ဝင်လာ။ဘာမဟုတ်ညာမဟုတ်အဖမ်းခံလိုက်ရတာမဟုတ်လား။ဆရာစံနယ်မြေသပိတ်ခေါင်းဆောင်
ကြီးပြန်လာပြီဆိုပြီး ခင်ဗျားကို အသားကုန်ကျွေုးကြတော့တာမဟုတ်လား။ စံနမူနာတွယ်ပြရမယ့် တရားခံတွေရွေးနေတုန်း သာယာဝတီ သုံးဆယ်မဟာဗျူဟာ သပိတ်တပ်ရင်း ခေါင်းဆောင်ဆိုပြီး တွယ်ထည့်လိုက်တာ။ ၈၉ကာလမှာ ထောင် ဒဏ် ၃၅ နှစ်ဆိုတာ အများဆုံးလို့ပြောလို့ရတယ်။ ၇ နှစ်တန် ၅မှုကပ်ပေးလိုက်တယ်ဟုတ်။ လုယက်ဖျက်ဆီးမှု။ ရုန်းရင်းဆန်ခတ်မှု။ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု။ အဆောက်အဦစီးနင်း၊ နယ်စပ်ဖြတ်ကျော်။ မတရားသင်းဆက်သွယ် စတာစတာတွေနဲ့ မှတ်လောက်သားလောက်နံရံတွေကြား စံစားစေဆိုပါတော့။
၁၉၉၃ မှာ နိုင်ငံတော်လာတော့ ခင်ဗျား-သာယာဝတီမှာမရှိတော့ဘူး။ သရက်ထောင်ရောက်နေပြီ။ သာယာဝတီထောင်ဆိုတာ ခင်ဗျားမိသားစုနဲ့နီး၊ အပတ်စဉ်လာတွေ့နိုင်နေတာ န၀တ-ဗိုလ်ခင်ညွန့်တို့က သိတယ်။ မိသားစုလာတွေ့နိုင်သေးရင် ခင်ဗျား စိတ်ဓါတ်မပျက်လောက်ဘူး။ တောင့်ထားလိမ့်မယ်။ မိသားစုနဲ့ဝေးမှ နာမှာလို့ န၀တကတွေး။ ဒီလို အကြံဆိုးတွေနဲ့ ခင်ဗျားကို သရက်ထောင် ပြောင်းပေးလိုက်တာပေါ့။ ခုလိုခင်ဗျားမိသားစုကိုပါ ဒုက္ခပွါးပေးလိုက်တော့ ခင်ဗျား ခံစားရတယ်မဟုတ်လား။ သရက်ထောင်အ၀င်မှာ ၀န်ထမ်းတွေ နှစ်ဖက်ညှပ်တန်းစီပြီး ဂမ်းပိုက်တွေနဲ့ပုံစံအရင်ကြွေးတာ အ၀စားလိုက်ရသေးတယ် မဟုတ်လား။ ဦးချိုးတာ-ဆိုပဲ။ ခင်ဗျား မချိတရိပြောဟန်တွေ ခုထိကျွန်တော် မြင်ယောင်နေတုန်း။

၉၃မှာနိုင်ငံတော်လွတ်ငြိမ်းသက်သာလာ။ခင်ဗျားလည်းထခုန်မတတ် ၀မ်းသာ။ လျော့ရက်တရက်ရ-လွတ်ရက်တရက်နီး။ မိသားစုကို ပြန်ဆုံဘို့ တရက်နီး။ ဒီလိုပဲ။ လူထုကြီးအတိုင်းပဲ။ ရိုးတာလိုက်ကြတာနော်။ ကမ္ဘာ့စောင့်ကြည့်အကဲခတ်အဖွဲ့တွေလည်းဒီလိုပါပဲ။ မထူးပါဘူး ။ထူထူနန။

ဒါပေသိ န၀တ နိုင်ငံတော်က ပညာပါတယ်။ သေဒဏ်သမားတွေ ကို တသက်တကျွန်းပြောင်းစေ။ ထောင်ဒဏ် ၁၀ နှစ်အထက် နှစ်ဘယ်လောက်များများချထားစေကာမူအပြစ်ဒဏ် ၁၀ နှစ်သာ ပြောင်းလဲလျော့ပေါ့ခံစားစေ။ ဒီလိုဆိုတာာကိုး။ အဲဒီတုန်းက နိုင်ငံရေးပုဒ်မတွေက ကြမ်းခင်းဈေး ၇ နှစ်ပဲပေါက်သေးတာ။ ၇ နှစ်ပြစ်ဒဏ်သမားတွေက များတယ်။ ဘယ် ၅ညမှ လျော့ရက်မရလိုက်ကြဘူး။ ၁၀နှစ်ကျော်သမားတွေမှ ခံစားခွင့်ရမှာကိုး။ ခင်ဗျားလည်းမထူးဘူး။ နှစ်လုံးထဲကပ်ရှုပ်သွားတာ။ ဘာလျော့ရက်မှမခံစားလိုက်ရဘူးမဟုတ်လား ။ ခင်ဗျား က ၅ မှု ပေါင်း ၃၅နှစ် ကျထားတာဆိုတော့ ၃၅ နှစ်မှာ ၁၀ နှစ်ပဲ ကျန်မယ် ၂၅နှစ်လျော့သွားမယ် ။ တွက်တာ။ ဘယ်ဟုတ်မလဲ ။ ခင်ဗျားကို ပေးထားတဲ့ ဆုလဒ်က ၇ နှစ် ၅ မှုဆိုတော့ ၁၀ နှစ်ထက်ကျော်တဲ့အမှု တခုမှ မပါလို့ ဒီနိုင်ငံတော်မှာ ခင်ဗျားဘာမှ အကြုံးမ၀င်။ ဘာမှ လျော့ပေါ့ မခံစားရဘူးတဲ့။ သေလိုက်စမ်းပါဗျာ။

ခင်ဗျားအဖေကခင်ဗျားနံမည်ကိုဘာလို့ဂျော်လီထွန်းလို့ပေးတာလဲဗျလို့- တချိန်မှာကျွန်တော် စိတ်ဝင်တစား မေးခဲ့ဖူးတယ်။ သူ့သားလေး jolly typeနဲ့ - ပျော်ပျော်နေတတ်ပါစေလို့ ဆိုပြီး အဖေက ပေးခဲ့တာလို့- ခင်ဗျားဖြေတယ်။ ခုတော့ နိုင်ငံရေးကို နားလည်လို့ လုပ်တာမဟုတ်ပဲ ကြုံလာချိန်ကြုံသလိုလုပ်လိုက်မိတာတခုကြောင့်- ခင်ဗျားအဖေပညတ်သလိုခင်ဗျားဘ၀က - နဲဗားဆောရီး အဲဗားဂျော်လီ ဓါတ်သက်မပါရပဲ - အဲဗားဆောရီး- နဲဗားဂျော်လီ ဆိုတဲ့ -ကိစ္စတုန်းဗြောင်းပြန်ဘ၀ကြီးတခုကို ပိုက်မိလိုက်တာပေါ့နော။

သမီးလေးတွေ အရွယ်ရောက်လာတော့မယ်ဗျာတဲ့။ ခင်ဗျားအပူပင်ဆုံးကိစ္စက ဒါပဲ။ ကျွန်တော်သိတယ်။ခင်ဗျားရောဂါကို။ခင်ဗျားကအဖေ။ အဖေတယောက်လိုစောင့်ရှောက် ချင်တာသဘာဝ ပေါ့ဗျာ။ ၉၈ မှာ ကျွန်တော် ထပ်ဝင်ရတော့ ဆရာမောင်ဝံသနဲ့ နေရချိန်။အဲဒီမှာ အဖေတွေရဲ့ခံစားမှုကို ပိုနားလည်တတ်လာတယ်။ ဆရာမောင်ဝံသ က အဲဒီကာလက ပုဒ်မ ၁၀-က နဲ့ တွဲဖက်ထောင်မှာ ၃နှစ်လောက်တိုက်ပိတ်ခံထားရတာ။ ပါးပါးလေးရှိသေးတာ။ ဒါပေမယ့်အဲဒီပါးပါးလေး ၃နှစ်မှာ နေမထိထိုင်မသာ သူ နေ့စဉ်ပူပန်နေတာ သူ့သမီး၂ယောက်အတွက်။ သူ့သမီးတွေက အရွယ်ရောက်နေပြီ။ကံဆိုးချင်တော့ သမီးကြီးက သဘောမျှပြီးသားအမျိုးသားတယောက်နဲ့ ရည်ရွယ်လက်ဆက်ခါနီးဆဲဆဲမှာမှသူ့အဖမ်းခံလိုက်ရတာ၊

အဖေပြန်လာမှ သမီး အိမ်ထောင်ပြုနိုင်မယ်။ အဖေမရှိပဲ သမီး အိမ်ထောင်မပြုချင်ဘူးပြောတဲ့အချိန်။

အဲဒီမှာတင် သူကြွေတာ။ သူမလွတ်ရင်သူ့သမီး အိမ်ထောင်မကျ။ ဘယ်တော့လွတ်မယ်ဆိုတာ ရက်အတိအကျ သူမသိ။ သူသိခွင့်မရ။သူ့သမီးရဲ့အမျိုးသားကသူ့သမီးကိုနားလည်မှုရှိရှိနဲ့ သူလွတ်မြောက်လာချိန်အထိစိတ် ရှည်ရှည် စောင့်ပေးနိုင်ပါ့မလား။ ဒီအပူသောက က အဖေဆိုတဲ့သူကို တငွေငွေ့လောင်မြိုက်တာပေါ့။ ငါ့ကြောင့် သမီးတို့ချစ်ခြင်းများကွဲခဲ့ရင်ဆိုတဲ့ အတွေး။

၈၈-၈၉မှာ ထောင်နန်းစံလိုက်ရတဲ့နိုင်ငံရေးထောင်ကျသား အတော်များများဟာနှစ်စေ့လို့လွတ်တော့ လည်း န၀တ ကို ဆက် ဆန့်ကျင် ပုန်ကန်နေတုန်းဆိုတာ န၀တသဘောပေါက်လာတယ်။ ၇ နှစ်လောက် ထောင်ချရုံနဲ့ ဦးချိုးလို့ မရဘူးဆိုတာသိလာတယ်။ ၁၉၉၈ မှာ န၀တ အချိုးပြောင်းတယ်။ စိတ်ဓါတ်ကို ချိုးချေလို့မရရင်လူကိုချိုးချေရမယ်ဆိုပြီး ပုဒ်မတခုအမှုတခုထဲကို ၃မှု ၄မှုပွါးတယ်။ မြို့နယ်အမျိုးမျိုးပြောင်းပြီး တရားရုံးတွေခွဲ တရားစွဲ။ တရားရုံးတရုံးထောင်တခါချလုပ်လာတော့ နိုင်ငံရေးလုပ်သူတွေ ကိုင်းကြီးကြီးနားကုန်တယ်။

န၀တကနေ တဖြစ်လဲသွားတဲ့ နအဖက ၁၉၉၈ မှာ ကိုမျိုးမင်းဇော် ဆိုတဲ့ကျောင်းသားကို ၅၂ နှစ် ကိုအေးအောင်ဆိုတဲ့ကျောင်းသားကို ၅၉ နှစ် စသဖြင့် အပြစ်ဒဏ်ချတယ်။ ဒီလိုဆိုတော့ ၁၉၇၄ အင်းစိန်မီးရထားအလုပ်သမားသပိတ်တုန်းက ဦးဆောင်လို့ ထောင် ၁၅ နှစ်လောက်ကျချိန် -မွေးမေလေ့- များလိုက်တာလို့ထင်တဲ့ နောင်တော့်နောင်တော်သပိတ်ခေါင်းဆောင်ကြီးတွေ လက်ဖျားခါရပြီ။ အင်္ဂလိပ်ကိုလိုနီခေတ်က သခင်ပေါက်စ ထောင်၆လဆိုတာ စာဖွဲ့လို့ တောင် မရတော့ဘူး။

ကိုဂျော်လီရေ…ဒီနှစ်၂၀ကျော်မှာ ခင်ဗျားသမီးလေးတွေအားလုံးကျောင်းတွေ ဆက်တက်နိုင်မနိုင်။ ပညာတွေတတ်မတတ်။ အိမ်ထောင်တွေကျမကျ။ အိမ်ထောင်ဖက်တွေက ဘယ်သူဘယ်ဝါဆိုတာတွေ ခင်ဗျားဘာမှသိမှာမဟုတ်ပါဘူး။မိသားစုကိစ္စ သိခွင့်ပါဝင်ခွင့်တောင်ရှိချင်မှရှိမယ်။ ကိုဂျော်လီ…. ခင်ဗျားဟာ သေလူတယောက်လို့တောင် ပြောလို့ရတယ် ။

ကျွန်တော်အများကြီးတွေ့ခဲ့ပြီးပြီဗျာ။ အဖေလုပ်သူက ၁၀နှစ်ကြာကြာ သံတိုင်နောက်မှာနေပြီးမှပြန်လာတဲ့အခါ သားလုပ်သူ သမီးလုပ်သူတွေက အဖေကို ဘယ်လိုဆက်ဆံရမလဲမသိတော့တာ။ ဟက်ဟက်ပက်ပက်မရှိတော့တာ။စိမ်းနေတာ။ မိန်းမလုပ်သူက အုပ်စိုးသူအစိုးရကို စိတ်မနာပဲယောင်္ကျားကိုလှည့်စိတ်နာ ။ ရှင်-နိုင်ငံရေးလုပ်လို့ ကျမတို့ မိသားစု ဘ၀ပျက်တာလို့ စွဲချက်တင်။ အသင်ဘာငြင်းမလဲ ။ သားသမီးတွေက ပါ အမေ့နောက်လိုက်ပြီး အဖေကို စိတ်နာ။ အဲဒါမျိုးမြင်ရတော့ ကိုယ်သာဆို ထောင်ကထွက်တာနဲ့ သတ်သေမိမလား။ ဘ၀ရဲ့အရေးကြီးဆုံးအားယူနေတဲ့ကာလမှာ သားသမီးတွေက ကိုယ့်ခြေပေါ်ကိုယ်ရပ်ခဲ့ရတာဆိုတော့ အဖေဆိုတာအားမကိုးလောက်ဖူး ဆိုတဲ့ဘ၀ပေးအသိနဲ့ အဖေကိုအားမကိုးတော့။ တချို့ဆို အဖေကို စိတ်နာသွားတာတွေ မြင်ဖူးတယ်။

ခင်ဗျားက ခု- ၂၃နှစ်ကြာသွားပြီဆိုတော့ မြေးတွေတောင်ရလောက်တော့မယ်။ ရလည်း မြေးတွေက ခင်ဗျားကို အဖိုးဆိုတာဘာမှန်း သိမှာမဟုတ်တာသေချာပါတယ်။ ကိုဂျော်လီ။ ခင်ဗျားစိတ်ကူးယဉ်မနေနဲ့။ လွတ်လာရင် ခံနိုင်ရည်ရှိဘို့သာကြိုးစားရတော့မှာ။ ဘ၀ကို သုံညတောင် မဟုတ်ဘူး -အနှုတ်ကနေပြန်စရမှာ။ ဘယ်လို ပြန်စမလဲဘယ်လိုရင်ဆိုင်မလဲဆိုတာသာ အားမွေးရတော့မှာ ။

၈၉တုန်းက ကျွန်တော်နဲ့နေခဲ့ရတာတွေက မင်းပြားဒေသ ACP က ကိုအောင်စံအေးတို့လို ရခိုင်တော်လှန်ရေးသမားတွေ။ ပဲခူးရိုးမကဗိုလ်သံဒုတ် ဗိုလ်သန်းလှ ဘိုးသာဂေါင်တို့လို့ KNU ကရင်တော်လှန်ရေးသမားတွေ ။ အဲဒီတုန်းက ကချင်KIA က လူတွေကံကောင်းတဲ့အချိန်လို့ပြောရမယ်။ KIA နဲ့န၀တ အပစ်ရပ်၊ ငြိမ်းချမ်းရေးယူလိုက်တော့ န၀တက ကချင်စစ်သား အားလုံးကို လွှတ်ပေးလိုက်တာ ။ တယောက်မကျန်လွှတ်ပေးခဲ့တာလေ။သူတို့ လွတ်တော့ အင်းစိန်တထောင်လုံးကိုတောင် ကျွေးမွေးသွားသေး။

ကံဆိုးတာက KNUကရင်အဖွဲ့ ။ လူ ၃၀ကျော်။ဘယ်သူမှ မလွတ်ဘူး ။ကရင်ပြည်နယ်မှာ KNUက န၀တ နဲ့ စစ် ဆက်တိုက်နေတော့ ထောင်ထဲက ကရင်ရဲဘော်တွေမလွှတ်ပေးဘူးပေါ့ ။သူတို့ကို ထောင်ဗူးဝခေါ်ထုတ်သွား ။ သူတို့က လွတ်မယ်ထင်။ ဗူးရောက်မှ သေဒဏ်ကို တသက်တကျွန်းပြောင်း ။ ထောင်ဒဏ်ဆက်ခံစေလုပ်တာကိုး။ တသက်တကျွန်းက နှစ်မျိုးနှစ်စားရှိတယ်။ အနှစ် ၂၀ နဲ့ညီတဲ့ တသက်တကျွန်း။ နှစ် အစိတ်နဲ့ ညီတဲ့တသက်တကျွန်း။ ကရင်တွေကဘာမှန်းတောင်မသိရဘူး။ ထောင်သက် အနှစ် ၂၀ကျော်လာပြီး မလွတ်တော့မှ သူတို့ကို ချထားတာ နှစ်အစိတ်နဲ့ညီတဲ့ တသက်တကျွန်းမှန်းသိတယ်။ KNU နဲ့ ငြိမ်းချမ်းရေးမရခဲ့တော့ သူတို့လည်း မလွတ်ခဲ့ကြ ဘူးပေါ့။ဒီလိုနဲ့ ထောင် ထဲမှာတဖြုတ်ဖြုတ်သေကုန်တယ်။ ရောဂါတွေရကြတယ်။

ကျွန်တော်သူတို့ကို မမေ့နိုင်တာက ၈၉ မှာ ရေကြည်အိုင်ကနေ အင်းစိန် ရင်ကွဲတိုက်ကို စ ၀င်ရတဲ့ကာလတွေ။ အဲဒီတုန်းက ကိုယ်က ထောင်မကျသေးခင်အ၀တ်တထည်ကိုယ်တခုနဲ့နေရတဲ့အချိန်။ KNU ရဲဘော်တွေရဲ့ရဲဘော်ရဲဘက်စိတ်နဲ့ နွေးထွေးကူညီမှု။

ထောင်ကလည်း KNUရဲဘော်တွေကိုလည်း လေးစားမှုတစုံတရာရှိတဲ့အချိန်ပေါ့။

ဖြစ်ပုံက ၈၈ အရေးအခင်းမှာအင်းစိန်ထောင်ဆူတော့ ထောင်ဝန်ထမ်းတချို့ အကျဉ်းသားတွေလက်ထဲ ကျရောက်သွားတယ်။ထောင်ထဲမှာ အဆောင်တွေ အကုန်ပွင့်ထွက်ချိန်ပေါ့။ သူတို့ကို နာကြည်းနေတဲ့ အကျဉ်းသားတွေကသူတို့ကို အရေခွံခွါ သတ်မလို့။ တိုက်တွေထဲပိတ်ထားတုန်း KNU ရဲဘော်တွေကကြားဝင်ပြီး မသတ်ဘို့ဝိုင်းတား လွှတ်ပေးလိုက်လို့ဝန်ထမ်းတဒါဇင်လောက် အသက်ချမ်းသာရာ ရကုန်ကြတယ်။ နောက်ပိုင်းမှထောင်ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်သွားတာ။

အကျဉ်းဦးစီးက ကရင်တွေကို တစုံတရာ နားလည်မှုနဲ့ တိုက်ခန်းတွေထဲထည့်မပိတ်တော့ပဲ တိုက်ဝင်းထဲ အလုပ်လုပ်တာ သွားတာလာတာတွေ လုပ်ခွင့်ပေးထားတဲ့အချိန်မှာ သူတို့က ၅ညတွေကို ကူညီ။ နောက် ရင်းနှီးလာတော့နံမည်သိရတဲ့ ကိုဝင်းထူးစောက အခန်းရှေ့ကို ဖြတ်သွားတုန်း လူကို မကြည့်ပဲ တခုခုပစ်သွင်းသွားတယ်။

ပထမ လောက်စာလုံးတလုံးပစ်ထည့်လိုက်တယ်ထင်မိတယ်။ နောက်တိုက်ခန်းထောင့်မှာသေချာသွားကြည့်တော့ စီးကရက်အစီခံနဲ့ ပတ်ထုတ်ထားတဲ့ ငပိထောင်းဗျာ။ ဘာမှစားစရာမရှိတဲ့အချိန်မှာကျွန်တော့အတွက် အဲဒါရွှေပေါ့။ အဲဒါအခု အနှစ် ၂၃ နှစ်ကြာတဲ့အထိ မမေ့နိုင်ဘူး။ ဒီလိုလုပ်တာ အဲဒီတုန်းက ထောင်ဝင်ထမ်းတွေသာ သိသွားရင်သူ့ကို ရိုက်နှက်တာ သံခြေကျင်းခတ်တိုက်ပိတ်တာတွေအထိခံရနိုင်တယ်။ထောင်မှာ ဒါကိုကျောရင်းတယ်လို့ခေါ်တယ်။ သူ့အန္တရာယ်ကို မငဲ့ပဲ အချင်းချင်းယိုင်းပင်းတာ။ ဒါ ရဲဘော်ရဲဘက်ချင်းချစ်စိတ်ပေါ့။


ရခိုင်မင်းပြားဒေသက ACP ရဲဘော်တွေကတခန်းသတ်သတ်။တောင်ထဲ တောထဲမှာတုန်းကတော့ ဘာလက်နက်တွေ ကိုင်ဖြစ်ခဲ့မယ်မသိ။ ထောင်ထဲမှာတော့ တည်ဆောက်ရေးလုပ်မယ်ဆိုပြီး လက်တ၀ါးလောက်ရှိတဲ့ အင်္ဂလိပ်အဘိဓါန်စာအုပ်လေးကိုလျှို့ဝှက် လေ့လာနေခဲ့ကြတာတွေ့တယ်။ အဲဒီအချိန်က အဘိဓါန်စာအုပ်ဆိုတာကို တခုတ်တရဖွက်ပြီး တိတ်တိတ်လေ့လာရတဲ့ခေတ်။ နောက်ရခိုင်အဖွဲ့ သာယာဝတီထောင်ကို ပြောင်းသွားတာ ဒီနေ့အထိပဲ။ခုထိမလွတ်ကြသေးဘူး။ သိတ်တည်ငြိမ်အေးချမ်းတဲ့လူတွေပါ။



KNU ကရဲဘော် စောဖိုးကို ကိုတော့ မဲလဒုက္ခသည်စခန်းမှာ ပြန်တွေ့။ သူအသက်၄၀တော်တော်ကျော်ခဲ့ပြီ။ ထောင်သက် ၂၃ နှစ်လောက် ကြာအောင် နေခဲ့ချိန်-ငယ်ရီးစားနဲ့ လွဲရပုံကို ပြန်ပြောပြတာ ရိုးမှရိုး ။ သူ့ကို နှစ် ၂၀ ကျော် သစ္စာမပျက်ထောင်ဝင်စာလာတွေ့ရှာတဲ့ ငယ်ရီးစားကသူလွတ်ကာနီးလပိုင်းအလိုကျမှ အိမ်ထောင်ကျရှာတယ်။စောဖိုးကိုက သူုလွတ်မယ့်ရက်ကိုသူမပြောနိုင်ဘူးလေ။ ဒါကြောင့်အိမ်ထောင်ပြုလိုက်မိတာတဲ့။ ဘယ်လောက်ကံဆိုးလိုက်သလဲ။ ဘ၀တွေ။ ဘယ်သူ့ကို ဘာအပြစ်ပြောမလဲ။ တကယ်ဆို ကျွန်တော်ဖတ်ဘူးတဲ့ တော်လေး၀၀င်ပါတယ် ဆိုတဲ့ မဒီသမ္ဘူလတို့ဆိုတာ စောဖိုးကို-ရီးစားလောက်တောင်ဇွဲခတ်ပြီး အနှစ် ၂၀ ထောင်ဝင်စာ လာတွေ့ချင်မှတွေ့မှာလို့ ကျွန်တော်တွေးမိတယ်။

ထောင်ထဲမှာပဲ ဆုံခဲ့တဲ့ ဖထီးဗိုလ်သန်းလှကိုလည်း သူလွတ်လာတော့ကရင်ဒုက္ခသည်စခန်းတခုမှာ ပြန်ဆုံတယ်။ သူစစ်တပ်လက်ထဲ အဖမ်းခံလိုက်ရတဲ့အချိန်က သူ့ ဇနီးက ကိုယ်ဝန်နဲ့ကျန်ခဲ့တာ။ ဒေါက်တာစင်သီယာမောင်ဆေးခန်းမှာ သူ့သမီးကို နတ်စ် မလေးဘ၀နဲ့ ပြန်တွေ့တော့ သမီးက ၂၄ နှစ် ရှိနေပြီလေ။ ဒီသမီးကအဖေ့ကို ပြုစုစောင့်ရှောက်ပါတယ်။မစိမ်းရှာဘူး။ ဒါကိုတွေ့တော့ကျွန်တော့်ခံစားမှုက ကြည်နူးတာကော ကြေကွဲတာကောပေါ့။သူ့ယောက်ခမ ဗိုလ်သံဒုတ်က ထောင်ထဲမှာ ဆုံးတယ်။ ဘိုးသာဂေါင်လေဖြတ်တယ် ။ လွတ်လို့ မအူပင်ပြန် ။ မကြာခင် ဆုံးတယ်လို့ ကြားတယ်။

ကျွန်တော်ပြောချင်တာ ဗမာပြည်ကြီး ငြိမ်းချမ်းရေးမရလို့ လူငယ်ကျောင်းသားတွေ တိုင်းရင်းသားလက်နက်ကိုင်တွေ ခုလို ထောင်သက်တွေရှည်ကြတယ်။ ခုလိုဖမ်းဆီးချုပ်နှောင်ထားမှုတွေဟာ ဘာမှ အဓိပ္ပါယ်မရှိဘူး။ နိုင်ငံတော်ပုန်ကန်တာချင်းအတူတူ ကချင်ရဲဘော်တွေကိုအပစ်ရပ်တဲ့ ၉၂-၉၃ ငြိမ်းချမ်းရေးကာလမှာလွှတ်ပေးနိုင်ရင် ကရင်ရဲဘော် ရခိုင်ရဲဘော်တွေက ဘာပြစ်ဒဏ် ကွာခြားလို့ နောက်ထပ် နှစ် ၂၀ကျော် ထောင်ထဲမှာဓါးစာခံဖြစ်ကြရတာလဲ။

သဘာဝမကျပုံက ၈၈ တုန်းက အရေးအခင်းမှာ လူသတ်မှုတွေကျူးလွန်ပြီးသေဒဏ်ကျသူတွေက ဒီနေ့အကုန်လွတ်ပြီးခဲ့ပေမယ့် နိုင်ငံရေးလုပ်ခဲ့သူတွေက ခုထိထောင်ထဲက မထွက်ရတဲ့ကိစ္စပဲ။ သေဒဏ်သမားတွေက ၉၃လွတ်ငြိမ်းသက်သာအပေး မှာ ကျွန်းဒဏ် အနှစ် ၂၀ ပြောင်းတယ်။ ရာဇ၀တ်မှုတွေဆိုတော့ သာမန်လျော့ရက်အတိုင်းလျော့ပေါ့ခံစားခွင့်တွေ ရကြ။ ထောင်မှာ၁၄နှစ် နေသားရှိတာနဲ့ လွတ်တော့တာ။ သီးသန့်အကျဉ်းသားလို့အစိုးရကခေါ်တဲ့ နိုင်ငံရေးနဲ့ဆက်နွယ်သူတွေသာ လူမသတ်ရပဲ ဒီနေ့အထိထောင်တွေထဲမှာ ကျန်နေခဲ့ရတာ။

သမတကြီးဦးသိန်းစိန် -လွှတ်တော်အထက်က ကာလုံကောင်စီ အဖွဲ့က ဆုံးဖြတ်ပြီး လာမယ့် လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့တွေမှာ အသုတ်ခွဲလွှတ်မယ်ဆိုတဲ့ လူတွေထဲမှာ ကိုစည်သူဇေယျကို ချန်ထားခဲ့မှာလား။ သူက ဗုံးကွဲတာကို ဓါတ်ပုံမှတ်တမ်းတင်မိတာလေ။ DVB နာယက ဦးဟန်ယောင်ဝေကို တောင် ပြည်တွင်းဝင်ခွင့်ပေးရင် ဘာဖြစ်လို့ ဘာအကြောင်းနဲ့ ကိုစည်သူဇေယျတို့ သားအဖကို ဆက်နှိပ်စက်ထားမှာလဲ။ ကိုဖြိုးဝေအောင်ကိုကော ချန်ထားခဲ့မှာလား။သူဗုံးခွဲတာကို ဘာအထောက်အထားနဲ့ မိလို့ ခုလိုအပြစ်ပေးထားတာာလဲ။ ဗုံးခွဲမှုတရားခံကိုယ်တိုင်က ၀န်ခံထားပြီးသားကိစ္စမှာ သံလျင်က ကိုသန်းဇော် ကို ကော သံလျင်ရေနံချက်စက်ရုံဗုံးခွဲဆိုပြီး ဘာပုဒ်မနဲ့ ခတ်တည်တည် ဆက်ဖမ်းထားမှာလဲ။ သူ့ဘ၀ဟာ လုံးဝ အဖတ်ဆယ်မရအောင် နစ်နာခဲ့ပြီးပါပြီ၊ နိုင်ငံရေးပုဒ်မ မဟုတ်လို့ ဆိုပြီးဆက်ချန်ထားဦးမှာလား။ ခွန်ဘီဒူး။ ခွန်ဒီးဒီး။ ခွန်ကွားယို တို့လိုလူငယ်တွေကိုကော ကရင်နီနဲ့ ငြိမ်းချမ်းရေးမလုပ်နိုင်ရင်ဆက်ဖမ်းထားမှာလား။

ဆရာတော်ဦးဂန္ဘီရကို မိသားစုအရိပ် တရားအရိပ်မှာ စိတ်ခန္ဓာအနာတရတွေကို ပြန် ကုစားစေချင်ပြီ။ သမီးလေးဖြူနေခြည်မင်းယုလည်း မိခင်နီလာသိန်းနဲ့ ဖခင်ကိုဂျင်မီတို့ နှစ်ယောက်ကြားမှာ မေတ္တာငွေ့နဲ့ ငြိမ်းချမ်း အိပ်စက်အိပ်မက်လှလှလေးတွေတကယ်မက်စေချင်ပြီ ။ ဒီငြိမ်းလင်းကိုလည်း မိခင်ဒေါ်ဌေးဌေးဝင်း ရင်ခွင်မှာ ပြန်ခိုလှုံခွင့်ပေးပြီး ခန္တီးငှက်ဖျားကိုစနစ်တကျ အကုန်အစင် ကုစေချင်ပြီ။ အဆုတ်ထဲက ရေတွေ မပြတ်ဖေါက်ထုတ်နေရတဲ့ ကိုသက်နွယ်ဆိုတာတော့မနက်ဖြန်တောင်လွှတ်ပေးလိုက်သင့်ပါရဲ့

ထောင်တံခါးတွေအကုန်ဖွင့်ပေး။ အားလုံးကို အိမ်ပြန်လာစေချင်တယ်။ မိသားစုတွေနဲ့ ပြန်ဆုံစေချင်တယ်။ စစ်ပြေးနေရတဲ့တိုင်းရင်းသားမိသားစုတွေအားလုံးလည်း ငြိမ်းချမ်းရေးလမ်းမကနေ ကိုယ့်ရပ်ကိုယ်ရွာကို စိတ်ချလက်ချ အိမ်ပြန်စေချင်တယ်။ ကိုယ့် အိမ်နဲ့ကိုယ့်ယာ။ ဒေါ်စုပြောသလို နိုးချိန်မှာ လည်း ချမ်းသာ အိပ်ချိန်မှာ ချမ်းသာစေချင်ပြီ ကိုဂျော်လီထွန်းရေ။

ကိုဂျော်လီထွန်းနဲ့ အကျဉ်းကျနေတဲ့ ရဲဘော်မိတ်ဆွေအားလုံးအတွက်- ၂၀၁၁- ခရစ်စမတ်အမှတ်တရ

ခွန်ဆိုင်း

( ၂၅.၁၂.၂၀၁၁ )

20 December 2011

ပညာတော်သင်တစ်ဦး၏ အတွေ့အကြုံ

ကုန်းဘောင်ခေတ်ကတည်းက ဥရောပနိုင်ငံများသို့ စေလွှတ်ကာ ပညာရပ်များကို သင်ကြားစေခဲ့သည့် နိုင်ငံတော်မှ စေလွှတ်သည့် ပညာတော်သင်များရှိခဲ့သည် ။ နိုင်ငံရပ်ခြားမှ ရလာသော ပညာရပ်များဖြင့် နိုင်ငံတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့သော သာဓကများ ရှိခဲ့သည်။

လွတ်လပ်ရေးရပြီး ကာလတွင်လည်း ပညာတော်သင်များစေလွှတ်ကာ တိုင်းပြည် ပြန်လည်တည်ဆောက်ရေး ကို ကြိုးစားခဲ့ကြသည်။ ဖဆပလ ခေတ်၌ ပညာတော်သင်စေလွှတ်ရေးတွင် ဘက်လိုက်မှုများရှိကြောင်း ဒေါက်တာသန်းထွန်း ရေးသားသည့် “ငါပြောချင်သမျှ ငါ့အကြောင်းစာအုပ်”တွင် တွေ့ရသည်။ အာဏာပိုင်များနှင့် နီးစပ်သည့် သူများကိုသာ ရွေးချယ်လေ့ရှိသည်ကို တွေ့ရသည်။

ဦနေ၀င်း အုပ်ချုပ်သည့် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်တွင် ပညာတော်သင်ဆိုသည်မှာ နိဗ္ဗာန်ဆုထက် ခက်ခဲသော အရာတစ်ခု ဖြစ်လာခဲ့သည်။ စစ်အုပ်ချုပ်ရေး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အစိုးရပညာသင်ဆုများ အထိုက်အလျောက် ပွင့်လာခဲ့သည်။

သို့ရာတွင် နိုင်ငံခြားတက္ကသိုလ်မှ မြန်မာကျောင်းသားများကို ပညာသင်ဆုပေးလိုသော်လည်း ပြည်တွင်းရှိ အခက်ခဲများကို ကျော်ဖြတ်ရသည့် နှောင်ကြိုးက ပညာသင်ဆုရ ရှိရန်ထက်ပင် ခက်ခဲသည်။ ပညာသင်ဆုရရှိသူကို အချိန်မှီ မစေလွှတ်နိုင်ခြင်း၊ ရွေးချယ်ရာတွင် သင့်တော်သူကို (အာဏာပိုင်များနှင့် နီးစပ်သူကို) မတွေ့ရှိခြင်း စသည့် အချက်များ၊ မမြင်နိုင်သော အခက်အခဲများက တံတိုင်းပမာ ကာဆီးနေသည်။

၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကွန်ပျူတာသိပ္ပံဘာသာရပ် ပါရဂူဘွဲ့အတွက် ပညာသင်ဆုတစ်ခုကို စင်္ကာပူ အမျိုးသား တက္ကသိုလ် (NUS)က မြန်မာနိုင်ငံမှ ခေါ်ယူခဲ့သည်။ ပညာသင်ဆုရရှိရေး အတွက် အစိုးရမှ အသက်အကန့်အသတ်ဖြင့် ခေါ်ယူကာ စာမေးပွဲစစ်ဆေးခဲ့သည်။ ကွန်ပျူတာဘာသာရပ်နှင့် အင်္ဂလိပ်ဘာသာ နှစ်ခုကို စစ်ဆေးခြင်းဖြစ်သည်။ အမှတ်အများဆုံး ရရှိသည့် ကျောင်းသားသုံးဦးအား ပညာရေးဝန်ကြီး၊ ညွှန်ချုပ်၊ ပါမောက္ခချုပ်၊ ပါမောက္ခ တို့မှ လူတွေ့ စစ်ဆေးခဲ့သည်။ အမှတ်အများဆုံးရရှိသည့် ဆရာအား ရွှေးချယ်ခြင်းမပြုဘဲ၊ တတိယရရှိသည်၊့ အာဏာပိုင်များနှင့်ဆက်နွယ်သည့် ဆရာမတစ်ဦးကို ရွှေးချယ်ခဲ့ကြောင်း ပထမ ရရှိခဲ့သည့် ဆရာမှ ပြောပြခဲ့သည်။

“ကျနော့်ကို မရွေးခဲ့တာ ကျနော့်ဘ၀ တစ်ခုလုံးကောင်းဖို့ ဖြစ်လာတာဗျ” ဟု ၄င်းဆရာမှ ပြောဆိုခဲ့သည်။ ၄င်းဆရာသည် ပညာတော်သင်ဆု ငြင်းပယ်ခြင်း ခံရပြီးနောက် ဆရာအဖြစ်မှ နှုတ်ထွက်ကာ နိုင်ငံခြားအခြေစိုက် ကုမ္ပဏီတစ်ခုတွင် ဆော့ဖ်ဝဲ ရေးသားသူအဖြစ် ငါးလခန့် တာဝန်ယူပြီးနောက် မိခင်ကုမ္ပဏီ အခြေစိုက်ရာ နယူးဇီလန် နိုင်ငံတွင်အကြီးတန်း ဆော့ဖ်ဝဲ အင်ဂျင်နီယာ အဖြစ်ဖြင့် ခန့်အပ်ခြင်းခံရသည်။

ယခုအခါ ၄င်းဆရာသည် သူ၏ မိသားစုနှင့်အတူ ကမ္ဘာပတ်ကာ မိခင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်လျက် ရှိသည်။

“ ကျနော်တို့နိုင်ငံရဲ့ ပညာရေး စနစ်ကသာ နိမ့်တာမဟုတ်ဘဲ ၊ ပညာရေးဌာနကို ဦးစီးဦးဆောင်လုပ်နေတဲ့ ဆရာတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်က နိမ့်တာဗျ၊ နိုင်ငံ့အရေးထက် မိသားစုအရေးကို စဉ်းစားနေကြတော့ လူမှန် နေရာမှန် မရှိတော့ဘူး” ဟုပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ် လောက်တွင် နိုင်ငံခြားပညာသင်ဆု ရရှိရေးအတွက် ငယ်ရွယ်သော တက္ကသိုလ်ဆရာ၊ ဆရာမများကြားတွင် ခေတ်စားခဲ့သည်။ မြန်မာနိုင်ငံ၌ပညာသင်ဆု ဆိုသည်မှာ ဌာနဆိုင်ရာများတွင် လုပ်ကိုင်သော နိုင်ငံဝန်ထမ်းများသာ ရသောအခွင့်အရေးဖြစ်သည်။ ပညာရေးဌာန တစ်ခုမှ ပညာတော်သင်ရရှိရေး အတွက် ပဏမအနေဖြင့် ပါမောက္ခ၏ ခွင့်ပြုချက်၊ ထောက်ခံချက် လိုအပ်ပေသည်။

ဒုတိယအဆင့် အနေဖြင့် ရွေးချယ်ရေးဆိုင်ရာ စာမေးပွဲဖြေဆိုရသည်။ ရွေးချယ်ရေး စာမေးပွဲအောင်မြင်ပါက တတိယအနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာမှ စစ်ဆေးမှုများပြုလုပ်သည်။ တာဝန်ရှိသူများကို ပြေးကပ်ရသည်။ ဂျပန်နိုင်ငံမှ ပေးအပ်သည့် စကော်လာရှစ် ဖြစ်ပါက ၂၀၀၇-၈ ၀န်းကျင်တွင် ကန်တော့ငွေမှာ ကျပ်သိန်း ၃၀ မှ ၅၀ ကြား ရှိသည်။ ငွေမက်သူ အရာရှိကြီးမဟုတ်ဘဲ ၊ ပန်းဦးဆက်ခြင်းကို နှစ်သက်သူဖြစ်ပါက ဆရာမများမှာ ပန်းဦး ဆက်ကြရသည်။ တချို့အရာရှိကြီးများမှာ ပန်းနှင့်ငွေ နှစ်ခုလုံးကို နှစ်ခြိုက်ကြသည်။

အဆင့်မြင့်ပညာဦးစီးဌာနမှ ခွင့်ပြုပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ၄င်းဌာနမှပင်ပြုလုပ်ပေးသည်။ ထို့ကြောင့် ဌာနဆိုင်ရာမှ နိုင်ငံခြားပညာတော်သင် ဆိုသည်မှာ အိမ်မက် မမက်ကောင်းသော အရာ ဖြစ်နေဆဲ ပင်ဖြစ်သည်။

ဂျပန်နိုင်ငံမှ လာသော ပညာသင်ဆု ကန်တော့ကြေး ဈေးကြီးရခြင်းမှာ ဂျပန်တွင်ပေးသော ပညာသင် ထောက်ပံ့ကြေး မြင့်မားသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံမှ ရောက်သွားသော ကျောင်းသား အချို့မှာ တစ်လလျှင် ဒေါ်လာ (၂၀၀၀) အနည်းဆုံးစုဆောင်းနိုင်ကြသည်။ မသုံးမစားဘဲ အငတ်ခံကာ ငွေစုသော ကျောင်းသားများကိုလည်း တွေ့ရသည်။

ပညာရေးအတွက်ပေးသော ထောက်ပံ့ကြေးကို ပညာရေးအတွက် မသုံးဘဲ မြန်မာနိုင်ငံတွင် တိုက်ခန်းနှင့် ကားဝယ်သည်ကို ပါမောက္ခမှ သိရှိသွားသည့်အတွက် ပါရဂူဘွဲ့မရဘဲ ပြန်သွားရသော ကျောင်းသားများလည်း ရှိသည်။ နိုင်ငံခြားတက္ကသိုလ် အချို့မှပေးသော ထောက်ပံ့ကြေးသည် ပညာသင်နေစဉ်ကာလအတွင်း လိုအပ်သည့် ပစ္စည်းများဝယ်ယူရေးနှင့် ပညာရေးအတွက် လိုအပ်သော ခရီးသွားလာမှု၊ သုတေသနလုပ်ငန်းနှင့် နေထိုင်စားသောက်မှု အတွက်ပေးထားခြင်းဖြစ်သည်။

ယခုအခါတွင် အတိုက်အခံနှင့် လက်ရှိအစိုးရမှလည်း နိုင်ငံပြန်လည် ထူထောင်ရေးတွင် ပညာရေး၏ အရေးပါပုံကို သဘောပေါက်ထားပြီးဖြစ်သည်။ အစိုးရမှလည်း နိုင်ငံခြားတိုင်းပြည်များမှ ပညာသင်ဆုများ ရရှိရေးကို အသည်းအသန် ဆောင်ရွက်လာသည်။ အချို့သောနိုင်ငံမှ ပညာသင်ဆုများ ပေးရေးကို သဘောတူထားပြီး ဖြစ်သည်။ ပညာသင်ဆု အများဆုံးရနိုင်သော ဌာနများသည် အကျင့်ပျက်ခြစားသော ဌာနများဖြစ်လာရန် အခြေအနေရှိနေသည်။

သံရုံးများနှင့် တက္ကသိုလ်များက ပေးအပ်သော ပညာသင်ဆုများမှာ နှောင်ကြိုးမဲ့ ဖြစ်သော်လည်း အခက်အခဲများ ရှိနေသည်။ သာမန်ဘွဲ့ရ တဦးအနေဖြင့် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရေးအတွက် သက်ဆိုင်ရာ ဘာသာရပ်တွင် ကျွမ်းကျင်သော်လည်း အင်္ဂလိပ်စာကျွမ်းကျင်မှုကို တနှစ် (သို့) နှစ်နှစ်ခန့် ရန်ကုန် မန္တလေး ကဲ့သို့မြို့ကြီးများတွင် ပြင်ဆင်ကြရသည်။

ရပ်ဝေးမှ ကျောင်းသားဖြစ်ပါက ရန်ကုန်တွင် နေထိုင်စားသောက် စရိတ်နှင့် သင်တန်းကြေးများကို ပေါင်းပါက တလလျှင် ကျပ် ၂ သိန်းနှင့် ၃ သိန်းကြားရှိသည်။ တနှစ်စာအတွက် ဖြစ်ပါက ကျပ် ၂၅ သိန်းနှင့် ၃၀ အကြား ရှိပြီး (၂) နှစ်စာ အတွက်ဖြစ်ပါက ကျပ်သိန်း ၅၀ နှင့် ၆၀ ကြားရှိသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်စပ်ဝင်လာသော ပညာသင်ဆုဖြစ်ပါက သက်ဆိုင်ရာ NGO မှတာဝန်ရှိသူများနှင့် ဆက်စပ်မှုမရှိပါက စကော်လာရှစ်ဆိုသည်မှာ ဝေလာဝေးပင်။

သာမန်ပြည်သူ၊ ငွေမရှိသော ခေတ်ပညာတတ်များအနေဖြင့် ပညာတော်သင်ဆု တခု ရရှိခြင်းဆိုသည်မှာ ထီထိုးသကဲ့သို့ပင်ရှိနေပေသေးသည်။ သာမန် လူတန်းစားများအနေဖြင့် သိန်းဆယ်ကြီးဂဏန်းကို မရေရာသော မျှော်မှန်းချက်တွင် ရင်းနှီးမည့်အစား အခြားသော လုပ်ငန်းများတွင်သာ ရင်းနှီးတော့မည်ဖြစ်သည်။

NGO များနှင့်ဆက်စပ်လာသော ပညာသင်ဆုအများစုမှာ Community Performance ဟုခေါ်သော လူ့အဖွဲ့အစည်းတွင် ပရဟိတလုပ်ငန်း အတွေ့အကြုံသည် အဓိကအရေးပါသည်။ ထို့ကြောင့် NGO များနှင့် နိုင်ငံရေး အဖွဲ့အစည်းများမှ လာသော ပညာသင်ဆုသည်လည်း အစိုးရဌာနဆိုင်ရာများကဲ့သို့ပင် လက်သင့်ရာ စားတော်ခေါ်သည့် အဆင့်တွင်ရှိနေသေးသည်။

ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့ပညာရေး ရေစီးကြောင်းတွင် ပညာတော်သင်ဆု ဆိုသည်မှာ အစိုးရအာဏာပိုင်များနှင့် ဆက်စပ်သော၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြင့် ရင်းနှီးကျွန်းဝင်သော၊ ငွေကြေးချမ်းသာသော လူတန်းစားသုံးရပ်အတွက် ဟုဆိုချင်ပါသည်။

တသီးပုဂ္ဂလိက ပညာသင်ဆု ရရှိသူ လူငယ်များအနေဖြင့် မိမိတို့ ရရှိသောပညာသင်ဆုအကြောင်းကို အခြားသော လူငယ်များသို့ လက်ဆင့်ကမ်းသင့်သည်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း ပညာသင်ကြားရန် ထွက်လာသော လူငယ်များတွင်လည်း ငါတကိုယ်ကောင်းစားရေး စိတ်ဓာတ်များ ကိန်းအောင်းနေသည်ကို တွေ့ရသည်။ မိမိရရှိခဲ့သော ပညာသင်ဆုအကြောင်းကို မိတ်ဆွေ သူငယ်ချင်းများကို မျှဝေရန် အင်မတန်မှ ၀န်လေးသည်ကို တွေ့ရသည်။

ယခုအခါတွင် ပွင့်လင်းစ မြန်မာ့စာနယ်ဇင်းလောကသားတို့ အနေဖြင့် ပညာသင်ဆုနဲ့ ပတ်သတ်သော အချက်အလက်များကို စနစ်တကျရှာဖွေစုဆောင်း တင်ပြသင့်သည်။

လက်ရှိအစိုးရ အနေဖြင့် နိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် ပညာရေးဌာနကို အောက်ခြေအဆင့်မှ စတင်ကာ တဆင့်ချင်း ပြင်ဆင်သင့်သည်။ သံပြိုင်သီဆို သင်ကြားနေသည့်၊ ညာစားနေသည့် ကျူရှင် ပညာရေး လောကကို အပြီအပိုင်စွန့်လွှတ်ပြီး၊ နိုင်ငံသားစိတ်ဓာတ်ပြည့်ဝသော အနာဂါတ်မျိုးဆက်သစ်များ မွေးထုတ်ရေးကို စဉ်းစားသင့်သည်။

Civic Ethicsပြည့်သူ့နီတိပြည့်ဝသော နိုင်ငံသားကောင်းများမရှိပါက မည်မျှပင် သယံဇာတ ပေါကြွယ်ဝစေကာမှု နိုင်ငံကို ပြန်လည်တည် ဆောက်နိုင်မည်မဟုတ်ပေ။ အမုန်းတရားနှင့် အဂတိကင်းသော ပညာရေးစနစ်မျိုးကို တည်ထောင်နိုင်ပါမှ ၂၁ ရာစု၏ ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရေစီးကြောင်းတို့တွင် လိုက်ပါနိုင်မည်ဟု ယုံကြည်မိပါသည်။

မောင်ရမ္မာ

၁၈၊ ၁၂၊၂၀၁၁

17 December 2011

အံ့ဖွယ် မြန်မာ့ ဂုဏ်ဆောင် စံပြအမျိုးသမီး


နေအိမ်အကျယ်ချုပ်ဘ၀နဲ့  ပြင်ပလောက ကို နှစ်ပေါင်းများစွာ အဆက်ဖြတ်ခံထားရသူ

ပိန်ပိန်ပါးပါး မြန်မာအမျိုးသမီးတစ်ဦး က သန်းပေါင်းများစွာသော မြန်မာပြည်သူပြည်သားတွေသန်း ၆၀ ကျော်...

ချစ်ခင်ယုံကြည်မှု ကို သာမက သန်းပေါင်းများစွာသော ကမ္ဘာအရပ်ရပ်ရှိ အလွှာအသီးသီးက လူတွေရဲ့  လေးစားမှု၊ ယုံကြည်မှု တွေကို ရယူနိုင်ဖို့ ဆိုတာ သာမာန် အားဖြင့် မလွယ်ကူလှပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အထူးတလည် စည်းရုံးလှုံ့ ဆော်ခြင်း မပြုလုပ်ရပါပဲနဲ့  သူမရဲ့ နေအိမ်ထဲကနေပြီး ကမ္ဘာအရပ်ရပ်က အနုပညာရှင်တွေ က အစ ဘုန်းတော်ကြီး တက်စမွန်တူးတူးနဲ့  ဘုန်းတော်ကြီး ဒလိုင်လားမား အစရှိတဲ့ ဘာသာရေးနယ်ပယ်က အထင်ကရ ခေါင်းဆောင်တွေ ဆီက အဆုံး၊ လေးစားမှု၊ ယုံကြည်မှု တွေကို ပိုင်ဆိုင်ထားတဲ့ အံ့ဖွယ် မြန်မာ့ ဂုဏ်ဆောင် စံပြအမျိုးသမီး မီးရှူးတန်ဆောင်အလင်းရောင်စဉ်ပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်ပြည်ထောင်စုရဲ့  နာမည်ကြီး တက္ကသိုလ် တစ်ခုဖြစ်တဲ့ Virginia Tech တက္ကသိုလ် က ကျောင်းသား ၃၀၀၀ ခန့် ကို Skype ကနေတဆင့် ဒီဇင်ဘာလ (၅)ရက်နေ့ တုန်းက တွေ့  ဆုံစကားပြောခဲ့ပါတယ်။

ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် (မြန်မာအမျိုးသမီးတစ်ဦး) ကို ကမ္ဘာတစ်ဘက်ခြမ်းက မျိုးဆက်သစ်လူငယ်တွေ က လေးစားချစ်ခင်စွာနဲ့  တွေ့ ဆုံမေးမြန်းနေကြတာ ကို မြင်ရတာ အင်မတန်မှ စိတ်ကြည်နှူးစရာပါ။

ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ကမ္ဘာကျော်ခေါင်းဆောင်တွေ အများကြီး ရှိပေမယ့်

လူငယ်ထုအပေါ် လွမ်းမိုးနိုင်စွမ်းရှိမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်သူမှ မမှီကြဘူးလို့  ထင်ပါတယ်။

နိုင်ငံပေါင်းစုံကလာတဲ့ ကျေင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  စကားပြောခွင့်ရဖို့  စိတ်လှုပ်ရှားနေခဲ့ကြပြီး၊ skype ကနေ ဒေါ်စုရုပ်ပုံပေါ်လာတာနဲ့  တပြိုင်နက် “အောင်ဆန်းစုကြည်” “အောင်ဆန်းစုကြည်” ဆိုပြီး ကြွေးကြော်သံတွေနဲ့  ကြိုဆိုခဲ့ကြပါတယ်။ ၄၅မိနစ်လောက် ကြာမြင့်တဲ့ တွေ့ ဆုံဆွေးနွေးမှု မှာ ဒေါ်အောင်ဆန်းစုကြည် က ကျောင်းသားတွေ ရဲ့  မေးခွန်းတွေကို ရီရီမောမောနဲ့  ဖြေကြားပေးရင်းအသေးစိပ်ကို Youtube မှာကြည့်ရှုနိုင်ပါတယ်။


တကယ်တော့ နယူးကလီးယားလက်နက်ကို ထုတ်နိုင်ပြီး စစ်တပ်ကြီး ကို ပိုင်ဆိုင်ထားတာ..

ငွေကြေးတောင်းတင်းတဲ့ အခြံအရံတွေနဲ့  နေနိုင်တာဟာ အံ့ဖွယ်တိုင်းပြည်အင်အားမဟုတ်ဘူး။

ရိုးသားဖြောင့်မတ်မှု၊

ရဲရင့်တည်ကြည်မှု၊

ဗဟုသုတကြွယ်ဝမှု၊

စွန့် လွတ်အနစ်နာခံမှု နဲ့ 

ခေါင်းဆောင်ကောင်းပီသမှုတွေ သာလျှင် .....




လေးစားချစ်ခင်လျက်

ရွှေအိမ်စည်

သမိုင်းမှတ်ကျောက်နှင့် ရွေးကောက်ပွဲများ မောင်ဝံသ

ဒုတိယကမ္ဘာစစ် မတိုင်မီက မြန်မာ့ရှေ့ဦး ကာတွန်းဆရာကြီး ရွှေတလေးဦးဘကလေး၏ ပင်တိုင်ကာတွန်းတစ်ခုမှာ- “ကမ္ဘာသူ ဓာတ်မှန်ပြသည် သို့ အမှားကိုအမှန်ကျအောင် ရေးရသည်ပဲ” လို့ စာချိုးလေးပုံသေထည့်တာ တွေ့ရဖူးတယ်။ သမိုင်းအမှား မှတ်တမ်းအမှားတွေကို အမှန်ဖြစ်အောင် သိမှီသူတွေက ပြင်ပေးရမှာ ဖြစ်ပါတယ်။

သမိုင်းဆိုတာလိမ်ရေးလို့မရ

အထူးသဖြင့် သမိုင်းဝင်ဖြစ်ရပ်တွေအကြောင်းရေးကြသားကြပြီဆိုရင် အစွဲအလမ်းတွေ၊ ပယောဂတွေနဲ့ ရေးကြတာများတယ်။ သို့ပေမယ့် သမိုင်းဆိုတာ လိမ်ရေးလို့မရပါဘူး။ ဥပမာ ၁၉၆၀ ပြည့်နှစ်ကကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲ ဆိုပါစို့။ ဦးနုခေါင်းဆောင်တဲ့ သန့်ရှင်းဖဆပလက အပြတ်အသတ်နိုင်သွားလို့ ဦးနုကအကျယ်အကျယ် မပြောတော့ဘဲ သူ့လူတွေကိုလည်းကန့်ကွတ်မှုတွေ မလုပ်နဲ့တော့လို့ တားမြစ်ခဲ့တာကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလိုလို ပြောနေကြပေမယ့် တကယ်ကတော့ သမိုင်းတွင်လောက်အောင် ညစ်ပတ်ယုတ်မာတဲ့ ရွေးကောက်ပွဲအဖြစ် လူတွေမမေ့နိုင်ခဲ့ကြပါဘူး။

အဆဲဆုံးအကွဲဆုံး

မြန်မာ့သမိုင်း ဖြစ်ရပ်အမှန် ပြုစုရေးသားရေးအဖွဲ့က ‘မြန်မာ့နိုင်ငံရေး ၁၉၅၈-၆၂’ဒုတွဲစာ ၃၉၄-၄၀၁ မှာ ထိုစဉ်က သတင်းစာတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ သမာဓိသတင်းစာက ရွေးကောက်ပွဲအပြီးနောက်နေ့ ၇ ဖေဖော်ဝါရီ ၁၉၆၀ နေ့ထုတ်မှာ ဘယ်လိုရေးသလဲဆိုတော့ ယနေ့ရွေးကောက်ပွဲသည် စစ်ပြီးခေတ်တွင်

၁။ တစ်ဦးပေါ်တစ်ဦး မဟုတ်တန်းတရား အစွပ်စွဲဆုံး ရွေးကောက်ပွဲ

၂။ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းအချင်းချင်း အကျိုးယုတ် အဆဲဆုံးသော ရွေးကောက်ပွဲ

၃။ အဖေနှင့်သား၊ မအေနှင့်သမီးအကွဲကြီးကြသော ရွေးကောက်ပွဲ

၎။ ညောင်မြစ်တူးပုတ်သင်ဥပေါ်သော ရွေးကောက်ပွဲ

၅။ တပည့်က ဆရာကို အံတု၊ ဆရာကတပည့်ကို အောက်ချနင်းသော ရွေးကောက်ပွဲလို့ သုံးသပ်ရေးထားသည်။

တည်မြဲ ဖဆပလ မတရားပြုကျင့်ပုံ

အဲဒီနောက် ရွေးကောက်ပွဲကန့်သတ်မှုတွေအကြောင်း ဆက်လက်ရေးသားတယ်။ တည်မြဲဖဆပလသခင်စံမြင့်နဲ့ ဗိုလ်စိုးလှိုင်တို့ တရားမဲ့ ပြုကျင့်ပါသည် ဆိုပြီး တိုင်ကြးတဲ့အကြောင်းတွေပါတယ်။

သခင်စံမြင့်ဟာ အစိုးရအရာထမ်း-အမှုထမ်းများရဲ့ အကူအညီယူလျက် အစိုးရမော်တော်ဘုတ်ကိုသုံးပြီး သနပ္ပင်မြို့နယ် တည်မြဲ အဖွဲ့ဝင်များနဲ့အတူ မဲဆွယ်ခဲ့တာ၊ ကျုံပါကျေးရွာမှာ အရန်ရဲတွေက တည်မြဲဖဆပလအတွက် မဲဆွယ်ပြီး သန့်ရှင်းခေါင်းဆောင်တွေကို ရိုက်နှက် ခြိမ်းခြောက်တာ၊ သံဒင်းရွာမှာ သန့်ရှင်း ခေါင်းဆောင်တွေကို ရွေးကောက်ပွဲမှာ မဆောင်ရွက်နိုင်အောင် သူကြီးက ဖမ်းထားတာ၊ ရွေးကောက်ပွဲနေ့မှာ ကျေးရွာကာကွယ်ရေးတွေက မဲရုံးနောက်ပိုင်း ဖောက်ပြီး မဲဆန္ဒရှင်တွေကို ခြောက်လှန့်တာ၊ တည်မြဲမဲပုံးထဲ ထည့်ခိုင်းတာ၊ မဲပုံတွေကို သနပ္ပင်ကနေပဲခူးသို့ သယ်ဆောင်ရာမှာ လမ်းခုလတ်မှာ ဗိုလ်စိုးလှိုင်က ကားရပ်ခိုင်းပြီး သနပ္ပင်ကို ပြန်လှည့်ခိုင်းတာ၊ အဲဒီနောက် ကိုယ်စားလှယ်တွေကို မောင်းထုတ်တာစတဲ့ အချက်တွေနဲ့ တိုင်ကြားတဲ့အကြောင်းဖော်ပြထားပါတယ်။

နိုင်သူကသင်ပုန်းချေလို့

အလားတူ မတရားခြိမ်းခြောက်မှုတွေဟာ နယ်တော်တော်များများမှာ ဖြစ်ပေါ်ခဲ့တယ်။ စာရှည်နေမည်စိုး၍ ကောက်နုတ်တင်ပြခြင်း မပြုတော့ပါ။ အပြတ် အသတ်အနိုင်ရသွားတဲ့ ဦးနုကတော့ ၁၉၆၀ ရွေးကောက်ပွဲဟာတရားမျှတမှု အပြည့်အဝရှိပါသည်ဟုယူဆကြောင်းထုတ်ဖော်ပြောကြားတယ်။ (ယင်းစာ -၄၀၂)

ဦးနုကတော့ ခုလောက် အပြတ်အသတ်နိုင်ပြီးမှတော့ သူ့ဘက်က ထိုးစစ်မလုပ်တော့ဘဲ သင်ပုန်းချေရေးလမ်းစဉ်ကို ချမှတ်ခဲ့တယ်။ ရွေးကောက်ပွဲ ကန့်ကွက်မှုတွေကို ပြန်လည်ရုပ်သိမ်းခိုင်းတယ်။ တည်မြဲခေါင်းဆောင် သူ့ညီလေးတွေနဲ့ ပြန်ပေါင်းထုတ်ဖို့ ကြိုးစားတယ်။ သည်တော့လည်း ရန်လိုတဲ့စကားတွေ မပြောတော့ဘူးပေါ့။

အမည်းစွန်းများရှိကြောင်း

၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးစာအုပ် ပြုစုသူပညာရှင်တွေကတော့ ခုလိုသုံးသပ်ပါတယ်။ “၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲကြီးသည် ဘက်လိုက်ခြင်း၊ မတရားပြုလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်းစသော အမည်းစွန်းများ ရှိကြောင်း တွေ့နိုင်သည်” (ယင်းစာ - ၄၀၂)

၁၉၆၀ ရွေးကောက်ပွဲကို စံပြရွေးကောက်ပွဲကြီးအဖြစ် တချို့ရေးတတ်ကြတယ်။ ကျွန်တော်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ဘက်က စံပြအဖြစ် မမြင်ပါဘူး။ ၁၉၆၀ ရွေးကောက်ပွဲစံပြဖြစ်ခြင်းကတော့ နည်းမျိုးစုံနဲ့ နှိပ်ကွပ်ခံရ၊ ခြိမ်းခြောက်ခံနေရတဲ့ သန့်ရှင်းဖဆပလက ဦးနုရဲ့ဘက်တော်သား အမတ်လောင်း များကို မဲဆန္ဒရှင်လူထုက ပြတ်ပြတ်သားသား မဲပေးရွေးချယ်ခဲ့ခြင်းနဲ့ ရွေးကောက်ပွဲကျင်းပပေးတဲ့ အိမ်စောင့်အစိုးရရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက ရွေးကောက်ပွဲနိုင်တဲ့ ဦးနုလက်သို့ ကတိအတိုင်းအာဏာလွှဲအပ်ခြင်းဆိုတဲ့ အချက်ကြီးတွေပါပဲ။

နှိုင်းယှဉ်သောအားဖြင့် ပြောစတမ်းဆိုရင် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွေက ၁၉၆၀ ရွေးကောက်ပွဲနဲ့စာရင် ပို၍ လွတ်လပ်၊ ပို၍တရားမျှတမှုရှိတယ်လို့ ကျွန်တော်ထင်မြင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဟာလည်း သမိုင်းရဲ့ မှတ် ကျောက်မှာ အရှိပကတိ အတိုင်းအတင်ခံရမှာပဲ ဖြစ်ပါတယ်။

16 December 2011

အမျိုးသားခေါင်းဆောင်ကြီး၏ မြေးနှစ်ယောက်


ကျွန်တော်တို့အစ်မမှာ သားနှစ်ယောက် ရှိပါတယ်။

သားအကြီးက မောင်မြင့်ဆန်းအောင်(ခ) ALEXANDER နဲ့ သား အငယ်က မောင်ထိန်လင်း(ခ) KIM တို့ ဖြစ်ပါတယ်။

မောင်မြင့်ဆန်းအောင် ကို ၁၂-၄-၁၉၇၃ ခုနှစ်၊ ကြာသပတေးနေ့မှာ မွေးဖွားပါတယ်။

မောင်ထိန်လင်းကိုတော့ ၂၄-၉-၁၉၇၇ ခုနစ်၊ စနေနေ့မှာ မွေးဖွား ပါတယ်။

လွန်ခဲ့သော ၂၃ နှစ် အထိကတော့ သားနှစ်ယောက်ကို ရင်အုပ်မကွာ ထားရှိခဲ့ပါတယ်။

အခု အချိန်မှာ သားတွေနဲ့ အနေဝေးကွာနေ ခဲ့ပါတယ်။

တစ်ခါတလေတော့လည်း သားတွေနဲ့ အနေနီးခဲ့ပါတယ်။

ဒါပေမယ့် မိခင်တစ်ယောက်ရဲ့ ရင်သွေးတွေအပေါ် ထားရှိခဲ့တဲ့ စိတ်ဓာတ်ကတော့ အပြည့်ရှိခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထုံးစံအတိုင်း ရှင်ပြုချိန်တန်တဲ့အချိန်မှာ ရှင်ပြုပေးခဲ့ပါတယ်။

သားတွေနဲ့ အနေ ဝေးနေသော်လည်း သားတွေရဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးလေ့ရှိပါတယ်။

ကိုယ်တိုင် မပြုလုပ်နိုင်သည့်တိုင်အောင် တစ်စုံတစ်ယောက်ကိုတော့ ကိုယ်စားပြုလုပ်ခိုင်းလေ့ရှိပါတယ်။

ဘာမဆို သားနှစ်ယောက်ကို အညီအမျှ ဖြစ်စေပါတယ်။ တစ်ယောက်ယောက်အပေါ် ဘက်လိုက်ရင်လည်း မကြိုက်ပါ။

ကျွန်တော်ကတော့ ခဏခဏ အပြောခံရပါတယ်။ အဆူခံရပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ၊ ပုဂ္ဂိုလ်စွဲ တအားထားတာကိုး။ ဒါမှဒါ သူမှသူဆိုတဲ့အကျင့် ရှိခဲ့ပါတယ်။

ပြောပြရဦးမယ်၊ တစ်ခါတုန်းကပေါ့ဗျာ။ အစ်မရဲ့မိတ်ဆွေတစ်ယောက် လာပါတယ်။ ခင်ဗျားတို့လည်း သိမှာပါ။ သူ ဆိုင်းထိုးရင် (လက်မှတ်ထိုးရင်) 'မြန်မာပြည်' ဆိုတာလေး ထည့်ထည့်ပြီး လက်မှတ်ထိုးလေ့ရှိတဲ့ လော့ဒ်မောင့်ဘက်တန် (မြန်မာပြည်)ဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အမြွှာမြေးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ တင်မ်လို့ ခေါ်တဲ့ အစ်မမိတ်ဆွေပါ။

ကျွန်တော်တောင် သိပ်မမှတ်မိတော့ပါ။ ၁၅ နှစ်လောက်တော့ ရှိပါပြီ။ အဲဒီ အစ်မရဲ့မိတ်ဆွေက ကျွန်တော့ကို တီရှပ်လေးနှစ်ထည် လက်ဆောင်ပေးချင်တော့ အစ်မကို ပြောပါတယ်။ အစ်မက ကျွန်တော့ကို ခေါ်ပါတယ်။

"ကေအမ်အက်စ်၊ သူက လော့ဒ်မောင့်ဘက်တန်ရဲ့ အမြွှာမြေး နှစ်ယောက်ထဲက တစ်ယောက်ပါ။ တင်မ်လို့ ခေါ်တယ်။ သူ့မျက်လုံး တစ်ဖက်က မကောင်းဘူး။ လော့ဒ်မောင့်ဘက်တန်ကို ဗုံးနဲ့ခွဲပြီး လုပ်ကြံခံရတုန်းက သူလည်း ပါတယ်။ အဲဒီမှာ သူ့မျက်လုံးတစ်ဖက် ပျက်စီးသွားတယ်။ အစ်မရဲ့ မိတ်ဆွေပဲ။ သူကပြောတယ်၊ သူ ဒီကိုလာတုန်းမှာ ကေအမ်အက်စ်က အမြဲတမ်း အစ်မပုံပါတဲ့ တီရှပ် ၀တ်တာ သူတွေ့တွေ့နေတယ်။ ဒါကြောင့် ကေအမ်အက်စ်ကို တီရှပ်ပေးချင်တယ်။ ဒါပေမယ့် အစ်မပုံတော့ မပါဘူး။ ရိုးရိုးတီရှပ် ဖြစ်နေတယ်။ လက်ခံမခံ အစ်မက မေးကြည့်ပေးမယ် ဆိုလို့ အခု ကေအမ်အက်စ်ကို အစ်မ မေးတာပဲ" လို့ ပြောပါတယ်။

"အစ်မပုံမပါရင် ကျွန်တော် မယူချင်ဘူး" ပြောတော့ အစ်မက "အဲလိုမလုပ်ရဘူး။ လက်ခံလိုက်ပါ" လို့ အစ်မက ပြောတာနဲ့ ကျွန်တော် လက်ခံလိုက်ပါတယ်။ ကျေးဇူးတင်ကြောင်းလည်း ပြန်ပြောလိုက်ပါတယ်။

အစ်မမိတ်ဆွေလည်း ပြန်သွားရော ကျွန်တော်က "အစ်မ၊ ဒီတီရှပ်နှစ်ထည်ကို ကင်မ်ကို ပေးပေးပါ"လို့ ပြောတဲ့အခါမှာ အစ်မက မျက်နှာထားနဲ့ "ကေအမ်အက်စ်က သိပ်ဘက်လိုက်တာပဲ။ အစ်မမှာ သား နှစ်ယောက် မွေးထားတာ။ တစ်ယောက် တစ်ထည် ပေးရမှာ ပေါ့။ ကင်မ်ကိုပဲ ပေးရမယ်ဆိုတော့ ကေအမ်အက်စ် မတရားဘူး"လို့ ပြောတော့ ကျွန်တော် စကားပြန်ပြင်ပြီး ပြောလိုက်ရတယ်။

ကဲ ခင်ဗျားတို့သိပြီနော်။ ဘာမဆို၊ အစ်မက မျှမျှတတ စိတ်ထားမျိုးထားစေချင်တယ်ဆိုတာလေ။ ကျွန်တော်ကလည်း ကျွန်တော်ပဲ၊ မောင်ထိန်လင်းကို ပိုချစ်တယ်။ မောင်ထိန်လင်းက အငယ်ဆုံးလည်း ဖြစ်တာရယ်၊ အစ်မနဲ့က မျက်နှာကျရယ်၊ စိတ်ဓာတ်ရယ်က သိပ်တူပါတယ်။

လာလည်တာကလည်း စိပ်တော့ သူ့ကို အားလုံးက ရင်းနှီးကြပါတယ်။မောင်မြင့်ဆန်းအောင်က အနေဝေးတော့ စိမ်းနေသလို ဖြစ်တာပါ။

နှစ်ယောက်စလုံး အတူတူချစ်ပါတယ်။

အဲ ပူပူနွေးနွေး ဘက်လိုက်တာတစ်ခု ကျွန်တော်လုပ်မိပြန်ပြီ။ အစ်မမျက်နှာထားနဲ့ ပြောမှာ ကျိန်းသေတယ်။ မကြာသေးခင်က မောင်ထိန်လင်းရဲ့ မွေးနေ့ဆုတောင်းလေး ကျွန်တော် မြန်မာတိုင်း(မ်)မှာ ထည့်လိုက်ပါတယ်။ (အစ်မကို ပြန်မပြောကြပါနဲ့နော်)။

အစ်မသိရင် ကျွန်တော့ကို ပြောဦးမှာ။ "ကေအမ်အက်စ်က သိပ်ဘက်လိုက် တာပဲ။ မောင်မြင့်ဆန်းအောင် မွေးနေ့တုန်းက ကျတော့ ဘာလို့မလုပ်တာတုံး"ဆိုပြီး ပြောမှာကျိန်းသေပါပဲ။

ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ မျှမျှတတ လုပ်ပေးပါတယ်။

အစ်မက "ကေအမ်အက်စ် မနက်ဖြန် မြင့်ဆန်းအောင် မွေးနေ့" လို့ ပြောလိုက်တာနဲ့ "စိတ်ချပါအစ်မ"ဆိုပြီး မွေးနေ့ကျရင် ကြာသပတေး ထောင့်မှာ ပန်းသက်စေ့ (တစ်ပွင့်ပို)၊ ရေသက်စေ့ (တစ်ခွက်ပို)၊ ဂေါပကအဖွဲ့မှာ ရွှေသင်္ကန်းအလှူတော် (ဖြတ်ပိုင်းလေး သိမ်းထားပါတယ်) လုပ် ပေးပါတယ်။

(လီလီပန်းပွင့်ရင်တောင် အစ်မက လီလီပန်းပေးပါတယ်။ မပေးရင်တော့ ကျွန်တော် နှင်းဆီပန်းအနီ၊ အ၀ါ ၀ယ်ပါတယ်။ အစ်မက "ကေအမ်အက်စ် မနက်ဖြန် ထိန်လင်းမွေးနေ့" လို့ ပြောလိုက်တာနဲ့ "စိတ်ချပါအစ်မ" ဆိုပြီး မွေးနေ့ကျရင် စနေထောင့်မှာ ပန်းသက်စေ့ (တစ်ပွင့်ပို)၊ ရေသက်စေ့ (တစ်ခွက်ပို)၊ ဂေါပကအဖွဲ့မှာ ရွှေသင်္ကန်း အလှူတော် (ဖြတ်ပိုင်းလေး သိမ်းထားပါ တယ်) လုပ်ပေးပါတယ်။
မျှမျှတတပါ အစ်မ။

သားသမီးအပေါ်မှာ ထားတဲ့ မိခင်တိုင်းရဲ့ စိတ်ဓာတ်မျိုး အစ်မမှာလည်း ရှိပါတယ်။ အနေဝေးနေလို့သာ ဖြစ်မှာပါ။

အဲ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် မိသားစုကို စွန့်လွှတ်သင့်ရင် စွန့်လွှတ်မှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးကတော့ အစ်မတစ်ယောက် တည်းပဲ ရှိပါတယ်။ သာဓကအဖြစ်လည်း တည်ရှိနေပါတယ်။ မိခင်တစ်ယောက်ရဲ့ဝတ္တရား မကျေပွန်ခဲ့ရင်တောင်မှ နားလည်မှုပေး တတ်တဲ့၊ သိတတ်တဲ့သားတွေ အစ်မမှာ ရှိပါတယ်။

ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာ ခွဲခွာ ရခြင်းရဲ့ အတိုးကို ပေးဆပ်လေ့ရှိကြပါ တယ်။ ဒီတစ်ခါက အရင်အခါတွေနဲ့ မတူတော့လို့ လွတ်လွတ်လပ်လပ်နဲ့ အတိုးဆပ်ခဲ့ရပါတယ်။ 'ပုဂံဘုရားဖူး'တဲ့။

သားအမိနှစ်ယောက်နဲ့ 'သက်တော်စောင့်' တောင်ပါသေး။ 'တပ်ချီဒို' လေ။ သူ့အမေလုံခြုံမှုကို စိုးရိမ်ရှာတယ်နဲ့ တူပါတယ်။

'မေမေ့အတွက် ဘော်ဒီဂတ်' တဲ့။ ခွေးကလေးတစ်ကောင် ၀ယ်ပေးခဲ့ တယ်။ မိခင်အပေါ်မှာထားတဲ့ သားရဲ့ မေတ္တာ။ သူ့အမေကလည်း 'တပ်ချီဒိုမှ တပ်ချီဒို'၊ အစာကျွေးရင် ကိုယ်တိုင်ကျွေးရမှ။ စည်းကမ်းနဲ့။

ဒီတစ်ခေါက် သားအမိနှစ်ယောက်ပုံက အရင်အခါတွေတုန်းကလို မဟုတ်ဘဲ လူသိပိုများ သွားပါတယ်။ ပြောသံဆိုသံ လေးတွေ ကြားရပါတယ်။

"မျက်နှာအကျက အမေနဲ့ သိပ်တူတာပဲ" ဆိုတော့ ကျွန်တော်က ကဗျာလေး စပ်လိုက်ပါတယ်။

မျက်နှာအကျက
အမေနဲ့ သိပ်တူ လိုက်တာ၊
ဟုတ်ပါတယ်
အဖေတူ သမီးကမွေးတဲ့
အမေတူ သားပါ၊
မေမေ့အတွက်
Body Guard တဲ့
'တပ်ချီဒို' အဖော်ထား
အာဂ အမေ့သား..။

အစ်မက သားနှစ်ယောက်စလုံးကို ရှင်ပြုပေးပြီးပါပြီ။

ရဟန်းခံ ပဉ္စင်းတက်ဖို့ပဲ ကျန်ပါတော့တယ်။ ညီအစ်ကို နှစ်ယောက်ဆုံရင် ပဉ္စင်းတက်ပြီး ရဟန်း အမ ရဟန်း မယ်တော် လို့ အစ်မကို ခေါ်ချင်ပါတယ်။

အဲဒီအချိန်က အစ်ကို့ကို သတိရမိကြမှာ အမှန်ပါ။

မိုးလင်း...(မြန်မာတိုင်း(မ်))

14 December 2011

မိန်းကလေးတွေ အတွက် သတိထား ကြဖို့ တင်ပေးတာပါ ရှင်

အရွယ်ကောင်း၊ ရုပ်ချော မိန်း ကလေး ငယ်များကို သွေးဆောင် ဖြား ယောင်းပြီး လိင်မှုကိစ္စ အလို့ငှာ မြှူ ဆွယ်နေသော လူပွဲစား များသည် ရန်ကုန် ကဲ့သို့သော မြို့ကြီးများ တွင် ပင် ပြောင်ပြောင် တင်းတင်း လှုပ်ရှား သွားလာ လျက် အသိတရား ကိုယ်ခံ အား နည်းပါး သော မိန်းကလေးငယ် များကို မက်လုံးပေး ဆွဲဆောင် နေ ကြောင်း သိရသည်။

မကြာသေးမီက ကျင်းပပြီးစီး သွားခဲ့သော သင်္ကြန် ပွဲတော်အတွက် တစ်ခုသော သင်္ကြန်မဏ္ဍပ် ၌ ဖျော်ဖြေ ရန် မိန်းကလေး အဆိုရှင်များကို ယှဉ်ပြိုင် စေပြီး လူရွေးပွဲ ပြုလုပ်ခဲ့ သည်။ အရွေးချယ် ခံရသူ မိန်းက လေး အဆိုရှင် များသည် တစ်ဦးလျှင် အနုပညာ ကြေး ကျပ် ၂,၅၀,၀၀၀ ရရှိ မည် ဖြစ်ပြီး သင်္ကြန်တွင်း လေးရက်စာ အတွင်း အစားအသောက်ပါ အခမဲ့ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။ ထိုသို့ အဆိုရှင် ရွေးပွဲ ကျင်းပ ပြီးနောက် အရွေးချယ် ခံရသော မိန်း ကလေး တစ်ယောက်ကို ထိုပွဲအတွက် ကန်ထရိုက် ယူကာ တာဝန်ခံစီစဉ် ပေးသော အမျိုးသမီးကြီး တစ်ဦးက ချဉ်းကပ်ကာ မိန်းကလေး ကသာ ဆန္ဒ ရှိလျှင် သက်ကြီးပိုင်း အမျိုးသားကြီး တစ်ဦးက လိုအပ်သော အထောက် အပံ့ပေးလျက် တရားမ၀င် ပေါင်း သင်းရန် အစီအစဉ် ရှိကြောင်း ပြော ကြား ခဲ့သည် ဟုသိရသည်။

ထိုမိန်းကလေးက ခါးခါးသီးသီး ငြင်းဆန်သော အခါ အမျိုးသမီးကြီး က လေသံ ပြောင်းကာ နောက်ဆုတ် သွားပြီး နောက်သုံးရက် နေသော နေ့ တွင် ဖုန်းဖြင့် ဆက်သွယ်ကာ ထိုရေ ကစား မဏ္ဍပ်၌ ဖျော်ဖြေမည့် အစီအစဉ် တွင် နာမည်ကြီး မင်းသားမင်းသမီး အဆိုတော်များကို ဖိတ်ကြား မည်ဖြစ် သဖြင့် နာမည် မရသေး သူများကို သုံး မည် မဟုတ်ကြောင်း အကြောင်းပြန် ကြား ခဲ့သည်ဆို၏။

“သမီးက သူပြောတဲ့ အစီအစဉ် ကို မလိုက်နာ နိုင်ကြောင်း ပြတ်ပြတ် သားသား ပြောခဲ့ တာပဲရှိတယ်။ ဘာ မှ မိုက်မိုက်ရိုင်းရိုင်း နစ်နစ်နာနာ ပြော ခဲ့တာ မရှိ ပါဘူး။ အဲဒါ ဖုန်းလာလို့ ကိုယ်မပါဘူး ဆိုတာသိရတော့ စိတ် ထဲမှာ တော်တော် ခံပြင်း မိတယ်။ သူ တို့က သမီးကို လူရွေးပွဲမှာ အောင် တော့ စရန် ငါးသောင်း ပေးပြီး သား။ အဲဒါကို ပြန်ပေးမယ်ဆို တော့ နေပါစေတဲ့။ အဆုံးထား လိုက် ပါတယ်တဲ့။ သမီးက သူတို့ဆီ သွားပြီး စရန်ကိုတောင် ပြန်ပေးပစ် ချင်တာ။ လုံးဝ ယူမထားချင်ဘူး။ ဒါပေမဲ့ သူတို့နဲ့ ထပ်မတွေ့ ချင်လို့၊ သူ တို့နဲ့ မျက်နှာချင်း ထပ်မဆိုင် ချင်လို့ မသွားဘဲ နေလိုက်တာ။ ရှက်လည်း ရှက်တယ်၊ ဒေါသလည်း ထွက်တယ်၊ ၀မ်းလည်း နည်းတယ်” ဟု အမည် မဖော်လို သော ဖြားယောင်းခံ မိန်း ကလေး ငယ်က မြန်မာပို့စ်သို့ ပြော သည်။

ထိုသို့ ငွေကြေး ဓန အင်အား ဖြင့် မြှူဆွယ် ဖြားယောင်း ကာ အရွယ် ကောင်းသော မိန်းကလေး ငယ်များ၏ ဘ၀ကို နွံအိုင် အတွင်း တွန်း ပို့ရန်ကြိုး ပမ်း နေသော ဖြစ်ရပ် များမှာ မြို့ကြီး များတွင် ကျယ်ပြန့် လာနေပြီ ဖြစ် ကြောင်း သိရသည်။ အထူးသဖြင့် ရုပ်ရည် ချောမော လှပသောမိန်းက လေးငယ် များသည် လှချင်ပချင် ၀င့် ကြွားချင် စိတ်တို့ကိုရှေ့တန်းတင် လျက် အသွေးအသား ကို ဈေးကစား မိကြ သလို ရေလိုက် လွဲမှား မှုများ ရှိနေ ကြောင်းလည်း သတိပြု မိသူတို့က ဆိုသည်။

အထက် ဖော်ပြပါ သင်္ကြန် မဏ္ဍပ် ဖြစ်ရပ်တွင် ဖြားယောင်း ခံရ သော မိန်းကလေးမှာ မိဘ များက ငွေကြေး ဓန တောင့်တင်း သူများဖြစ် ခြင်း၊ သူမသည် အနုပညာ သက် သက်ကိုသာ ရူးသွပ်ကာ အခြား ပလွှား မှုများ ကို အာရုံ မရောက်ခြင်း စသည် တို့ကြောင့် ဖြားယောင်း မှုကိုတွန်း လှန်နိုင် ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူပွဲစားများ ဖြားယောင်းသည့် အတိုင်း စပွန်ဆာ(ထောက်ပံ့မှု) ပေးမည့်သူထံ မှ တိုက်ခန်း၊ ကား၊ ဖုန်း၊ အသုံးအ ဆောင်၊ ငွေကြေး စသည် တို့ကို မက် မောကာ ခေါင်းညိတ် လိုက်ပါက ထို မိန်းကလေး ၏ဘ၀သည် လူမ သိသူ မသိနွမ်းရိ သွားမည့် အကြွေပန်းဘ၀ ရောက်သွား နိုင်မည်ဖြစ်ကြောင်း ခန့် မှန်း သိရှိနိုင်သည်။

ထို့ကြောင့် တော်ရုံ တန်ရုံအသိ ဖြင့် မရှောင်လွှဲနိုင်သာ သော မက်လုံး အမျိုးမျိုး ပြကာ မြှူဆွယ် ဖြားယောင်း ပြီး အရွယ်ကောင်း မိန်းကလေးချော ချောများ ၏ဘ၀ကို နင်းခြေ ဖျက်ဆီး လိုသည့် လူပွဲစား များကို အမျိုးသား ရေး တာဝန် တစ်ရပ်အဖြစ် ဖော်ထုတ် တားဆီး သင့်ကြောင်း အသိပေးတင် ပြ လိုက်ရပေသည်။

ကျော်ဇောလေး