02 August 2012

သတင်းမီဒီယာများအပေါ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း၊ ချုပ်ချယ်မှုများပြုလုပ်ခြင်းများနှင့် ပတ်သတ်၍ သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)က ထုတ်ပြန်ကြေညာချက် (၇) ချက် ထုတ်ပြန်

သတင်းမီဒီယာများအပေါ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း၊ ချုပ်ချယ်ခြင်းများ ပြုလုပ်ခြင်းများနှင့်ပတ်သက်၍ သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)က ထုတ်ပြန်ကြေညာချက် ၇ ချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိပါသည်။ သြဂုတ်လ ၁ ရက်နေ့ နေ့လည် ၃ နာရီအချိန်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြည်တွင်းဂျာနယ်နှစ်စောင် ထုတ်ဝေခွင့် ယာယီရပ်နားခံရခြင်း ကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာသမားများ၏ အရေးပေါ်အစည်း အဝေး ခေါ်ယူခဲ့ပြီး အဆိုပါသတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကို အဖွဲ့ဝင် ၂၃ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီအောက်တွင် ကော်မတီခွဲ သုံးခုထားရှိကာ လုပ်ငန်းဖြစ်မြောက်ရေးကော်မတီတွင် ကိုသာလွန်ဇောင်းထက်(ဗီးနပ်ဂျာနယ် တာဝန်ခံအယ်ဒီတာ)၊ကိုသူရအောင် (Messenger ဂျာနယ် တာဝန်ခံအယ်ဒီတာ)၊ ကိုဝေဖြိုး (Weekly Eleven ဂျာနယ် အယ်ဒီတာချုပ်)၊ကိုနိုင်မင်းဝေ(The Voice Weekly ဂျာနယ် သတင်းထောက်ချုပ်)၊ မနန်းလွင်၊ မညိုမီသင်း ၊ဦးကျော်မြင့်တို့ဖြင့် လည်းကောင်း သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) ပြန်ကြားရေးကော်မတီတွင် ကိုသက်ဇင်၊ ကိုဇော်သက်ထွေး(မြန်မာစာနယ်ဇင်းသမဂ္ဂ) ၊ ကိုကျော်ဆန်းမင်းတို့ဖြင့် လည်းကောင်း ဆန္ဒထုတ်ဖော်ရေးနှင့် စည်းရုံးရေးကော်မတီတွင် ကျန် ကော်မတီဝင်အားလုံးဖြင့်လည်းကောင်း အသီးသီး ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။

ယင်းသတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ချက်၇ချက်မှာ - 

(၁) ပိတ်ပင်ခံထားရသော The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်တို့ကို ချက်ချင်း ထုတ်ဝေခွင့်ပေးရန်
(၂) ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့် နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆို အရေးယူ ဖယ်ရှားပေးရန်
(၃) ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်
(၄) သတင်းမီဒီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်း မပြုရန်
(၅) ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုများကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်
(၆) မီဒီယာသမားများ သဘောဆန္ဒမပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။
(၇) လက်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးမှုများအတွက် မီဒီယာများအား နိုင်ငံတော်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အမြန်ဆုံး တွေ့ဆုံဖြေရှင်းပေးရန် ဟူသည့်အချက်များဖြစ်ပါသည်။ 

သတင်း.... Eleven Media Group.