02 January 2010

သောကမြေမှာပွင့်သော မေတ္တာပန်း....

သောကမြေမှာပွင့်သော မေတ္တာပန်း...ဇာတ်လမ်းအနှစ်ချုပ်။


၂၀၀၃ခုနှစ်မှာ အသက် ၅၀ အဘွားအရွယ်ရှိ ကျွန်မဟာ သြစတြေလျနိုင်ငံရှိ မိသားစုထံ သွားရောက်လည်ပတ်ခဲ့ပြီးလို့ ဆက်လက်ခရီးဆန့်ရန် ဆုံးဖြတ်လိုက်ပါတော့တယ်။ ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာများကိုလည်း ကျွန်မကိုယ်တိုင် စာသင်ပေးခဲ့ပါတယ်။ အဲဒီကတည်းက မြန်မာလူမျိုးအများစုကို ကျွန်မကူညီမိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ စက်တင်ဘာသံဃာ့ လှုပ်ရှားမှု အပြီးမှာ ပြည်ပကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ ကျွန်မအနေနဲ့တော့ ထူးခြားတဲ့ အရှင်ထာဝရဆိုတဲ့ ကိုယ်တော်လေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့ဆုံကြုံခဲ့ပါတယ်။ သူဟာ ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြမှု့တွေ ဖြစ်ပေါ်ဖို့ စည်းရုံးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ တွေ့ဆုံခွင့်လေးဟာ ကျွန်မအဖို့တော့ လှိုက်လှိုက်လှဲလှဲ ခံစားရပါတယ်။ ကျွန်မတို့တွေ့ဆုံခွင့်ရပြီး မကြာခင်မှာပဲ ကျွန်မဟာ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာခဲ့ရပေမယ့် သူ့ကို ဆက်လက်ထောက်ပံ့ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ဆက်ဆံရေးဟာလည်း ပိုပြီး ခင်မင်ရင်းနှီးလာပါတော့တယ်။ သူက ကျွန်မကို ရင်းရင်းနှီးနှီး “အမေ” လို့ခေါ်သလို ကျွန်မကလည်း သူ့ကို သားအရင်းတစ်ယောက်လို ချစ်ခင်မိလာပါတယ်။

အရှင်ထာဝရ၏ နိုင်ငံရေးယုံကြည်ချက်နဲ့ လုပ်ဆောင်ချက်တွေက သူ့ ဘ၀အတွက် အဓိကအလုပ်တစ်ရပ် ဖြစ်လာပါတော့တယ်။ ပြည်တွင်းမှာနေရတဲ့ သူရဲ့အခြေအနေဟာ မခံမရပ်နိုင်အောင်ဖြစ်ခဲ့ရ ပြီး ၊နောက်ဆုံးတောထဲကို ပုန်းရှောင်နေခဲ့ရပါတယ်။ အဲဒါကြောင့်ပဲ ကျွန်မ သူ့ကို ကူညီဖို့ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာခဲ့လိုက်ပါတယ်။ သူရဲ့ဘ၀ဟာ အလွန်ခက်ခဲ ကြမ်းတမ်းပြီး သူရဲ့လုပ်ရပ်တွေ ကြုံခဲ့ရတဲ့ အဖြစ်တွေဟာ ကျွန်မကို ထိတ်လန့်ခဲ့ရပါ တယ်။

ကျွန်မ ဘင်္ဂလားဒေ့ရှ်ကို ဆင်းလာမယ်သိရတော့ သူ တော်တော်လေး ဖြေသာသွားပါတယ်။ သူ့အနာဂတ်အတွက် ကျွန်မပေးမဲ့ အကြံဥာဏ်တွေကိုလည်း လိုက်နာပါမယ်လို့ သဘောတူတယ်။ သူနေရတဲ့ ဘုန်းကြီးကျောင်းဟာ မိဘမဲ့ကလေးဂေဟာတစ်ခုနဲ့ တွဲဆက်နေတာပါ။ ကျွန်မက သူတို့လေးတွေကိုလည်း တတ်အားသ၍ လှူဒါန်းပေးကမ်း ခဲ့ ပါတယ်။ ကလေးတွေက ကျွန်မကို ပန်းကလေးတွေ လက်ဆောင်ပေးရင်း ကြိုဆိုခဲ့တယ်။ တီးဝိုင်းကလေးတစ်ခုနဲ့တောင် ကြိုဆိုခဲ့ပါသေးတယ်။ အဲဒီနောက် အရှင်ထာဝရက ကျွန်မကို ခြံရံပြီး ကျောင်းပေါ်မှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင်ဘုန်းကြီးဆီ ကျွန်မကို ခေါ်သွားပါတော့တယ်။ ကလေးတွေဟာ အတန်းလိုက်ကလေးတွေ စီတန်းပြီး ဗုဒ္ဓဘာသာပုံစံအတိုင်း လက်အုပ်ချီထား ပုံကိုမြင်ရတော့ ကျွန်မအတွက် ကြည်နှုးရပါတယ်။ ဘုန်းတော်ကြီးက ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဖယောင်းတိုင် ၁၀ တိုင်ကို ထွန်းညှို့ပူဇော်ပြီး ကျွန်မအနာဂတ်အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်။

ကျွန်မဟာ အခြေအနေဆိုးကို ပြေလည်ဖြေရှင်းနိုင်ဖို့အတွက် ဒါကာမြို့ရှိ UNHCR အစည်းဝေးတွေကို အကြိမ်ပေါင်းများစွာ တတ်ရောက်ခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်မဟာ သူ့ကို အိန္ဒိယနိုင်ငံကို သွားဖို့ ခွင့်ပြုခဲ့ရပါတော့တယ်။ ဆုတံ ဆိပ်တွေ ရခဲ့တဲ့ Burma VJ မှတ်တမ်းရုပ်ရှင်ကြောင့်လည်း အရှင်ထာဝရဟာ ပိုမိုလူသိများလာပါတယ်။ ကျွန်မတို့ ဆက်ဆံရေးဟာ ပိုမိုရင်းနှီးလာခဲ့ကြပြီး ကျွန်မအနေနဲ့ဗုဒ္ဓဘာသာကို အကျွမ်းတ၀င်ရှိလာပါတော့တယ်။

………………………………………………………………………………

မလေးရှားနိုင်ငံ ကွာလမ်လန်ပူ ဘူတာရုံကလေးကနေ ရထားစထွက်တော့ ကျွန်မ မပြုံးပဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ကျွန်မအနေနဲ့ ခရီးသွားချင်တဲ့ စိတ်ကလွဲပြီး ဘာမှ ထွေထွေထူးထူး စိတ်ကူးမရှိလို့ပါပဲ။ ကလေး ၄ယောက်၊ မြေး တစ်ယောက်ရှိတဲ့ အသက် ၅၀ ကျော် အရွယ်ကြီးတစ်ယောက်အနေနဲ့ ဒီအခွင့်အရေးကိုတော့ ဆုပ်ကိုင်ခွင့်ရှိပါတယ်။ ကျွန်မဟာ ၂၀၀၂ ခုနှစ် ဒီဇင်ဘာမှာ မိသားစုတွေကို တွေ့ဖို့ သြစတြေးလျနိုင်ငံကိုသွားခဲ့ပါတယ်။ နှစ်ပတ်လောက်နေမယ်လို့ စိတ်ကူးထားခဲ့ပေမဲ့ အဲဒီမှာ ၂လလောက် နေဖြစ်သွားခဲ့ပါတယ်။ အင်္ဂလန်ကိုပြန်မဲ့ ကျွန်မဟာ မလေးရှားမှာ တစ်ပတ်လောက်နေပြီး သင်ကြားရေး အလုပ်တစ်ခုကို ရှာနေခဲ့မိပါတယ်။ ထိုင်းနိုင်ငံကို သွားဖို့ ကျွန်မဟာ ဆုံးဖြတ်ပြီး ဘန်ကောက် မြို့ကိုရထားနဲ့ ၂ရက်ကြာ ခရီးဆန့်ခဲ့ပါတယ်။

ဘန်ကောက်မြို့ဟာ ကျွန်မထင်ထားသလိုပါပဲ။ မထွက်ခင်ကတည်းက ကျွန်မအနေနဲ့ ၀က်ဆိုက်တစ်ခု၏ အမေးတွေကို ဖြေခဲ့ရပါတယ်။ သင်ဟာ လူမှုမတရားမှုတွေကို စိတ်ဝင်စားလား၊ ထိုင်းမြန်မာနယ်စပ်တစ်လျှောက်က ပြသနာအရေးအပေါ် စိတ်ဝင်စားလားတဲ့၊ နှစ်ခုစလုံးအတွက် ကျွန်မအဖြေကတော့ “ဟုတ်ကဲ့” Yes လို့ပဲ ဖြေခဲ့ပါတယ်။ ဒီနောက် ထိုင်းနိုင်ငံအနောက်ပိုင်းက နယ်စပ်မြို့ကလေးဖြစ်တဲ့၊ မြန်မာနဲ့နယ်ခြင်းနီးကပ်တဲ့ မဲဆောက်(Maesot) မြို့ကလေးကို ရောက်ခဲ့ပါတော့တယ်။

မဲဆောက်မြို့ကလေးဟာ ကျွန်မလည်ခဲ့ဘူးသမျှ နေရာတွေနဲ့ မတူ ခြားနားတဲ့ မြို့ကလေးပါ။ အဲဒီမြို့ကလေးကို ရောက်လာကြတဲ့ မြန်မာလူမျိုးတွေရဲ့ အကြောင်းကို ကျွန်မ အလွန်ပဲ စိတ်ဝင်စားမိတယ်။ အချိန်တိုကလေးအတွင်းမှာပဲ များပြားလှတဲ့ မြန်မာအဖွဲ့အစည်းတွေတည်းက အဖွဲ့တစ်ခုမှာ ကျွန်မ အင်္ဂလိပ်စာသင်ကြားရေးကို စတင်ခဲ့တယ်။ ကျွန်မဟာ အင်္ဂလိပ်စာ လိုက်စားလိုသူ လူငယ်များ ကျောင်းသားတွေနဲ့ပဲ ခြံဝင်းတစ်ခုထဲမှာ နေခဲ့ပါတယ်။ နေတိုင်းလိုလို ကျွန်မ တို့ဟာသမိုင်းနဲ့ အင်္ဂလိပ်စာသင်ကြားခြင်း နိုင်ငံရေးအကြောင်း ဆွေးနွေးကြခြင်း စတဲ့ ကျွန်မနှစ်သက်တဲ့ ရိုးရှင်းတဲ့ ဘ၀ တစ်ခုကို ရခဲ့တယ်လို့ဆိုရင် မမှားပါဘူး။

ကျွန်မ သူတို့ကလေးတွေကို ချစ်ခင်လာပါတော့တယ်။ ကျွန်မလိုပဲ အဲဒီမှာ အခြား ဆရာ ဆရာမတွေ အများကြီးရှိပါတယ်။ နိုင်ငံရေး ပြဿနာတွေကြောင့်သာ ပြည်ပကိုထွက်ပြေးလာကြပေမယ့် အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ သူတို့လေးတွေ တသိုက်နဲ့ နေရတာကိုပဲ ကျွန်မ ကျေနပ်နေမိပါတယ်။ သူတို့ဆီကလည်း ကျွန်မ လေ့လာစရာတွေ အများကြီး ရခဲ့တယ်။ မူလစာချုပ်က သုံးလဖြစ်ပေမယ့် နောက်ထပ်ခြောက်လ အဲဒီမှာနေခဲ့ပါတယ်။ ၂၀၀၃ ဒီဇင်ဘာမှာတော့ ကျွန်မအင်္ဂလန်သို့ ပြန်ခဲ့ပါတော့တယ်။

ကျွန်မ ကျောင်းသားတွေနဲ့တော့ အဆက်အသွယ် မပြတ်ရှိခဲ့ပါတယ်။ တတ်အားသရွေ့တော့ ကူညီခဲ့ပါတယ်။ သူတို့တွေထဲက တချို့ကတော့ အိန္ဒိယ မြန်မာနယ်စပ်ကို ရွှေ့ပြောင်းသွားကြပြီး တစ်ချို့ဆို မြန်မာဒုက္ခသည်တွေအတွက် ဖွင့်ထားတဲ့ ဆေးခန်းတစ်ခုမှာ ဆေးအကူအဖြစ် လုပ်နေကြပါပြီ။ ကျွန်မ အဲဒီ ဆေးခန်းလေးဆီ သွားလည်ချင်တာ ကြာပါပြီ။ ၂၀၀၈ခုနှစ် ဖေဖော်ဝါရီမှာတော့ ကျွန်မဆန္ဒ ပြည့်ဝခဲ့ပါတယ်။ ခင်မင်ရသူတွေနဲ့ ခဏတာနေဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရက်တိုခရီးလေး စီစဉ်ပြီး သွားခဲ့ပါတယ်။ အဲဒီမှာပဲ ကျွန်မရဲ့ မူလအစီအစဉ်တွေ ပြောင်းသွားပြီး ကျွန်မပြောပြချင်တဲ့ ဇာတ်လမ်း စခဲ့ရပါတယ်။

ကျွန်မ ဘဂ်လားဒေ့ရှ်ကိုရောက်ပြီး မရှေးမနှောင်းခင်မှာပဲ စက်တင်ဘာသံဃာလှုပ်ရှားမှုကြောင့် မြန်မာပြည်ကနေ တိမ်းရှောင်လာတဲ့ ရဟန်းတော်တွေလည်း ရောက်ရှိနေကြပါတယ်။ သူတို့တွေဟာ မြန်မာစစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်နိုမ်နှင်းခဲ့တဲ့ ၂၀၀၇ခုနှစ် စက်တင်ဘာ သံဃာလှုပ်ရှားမှုအပြီးမှာ တိမ်းရှောင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ခေါင်းဆောင်ဘုန်းကြီးတစ်ပါးနဲ့ တွေ့ဆုံခွင့်ကို ကျွန်မ ရလိုက်ပါတယ်။ သူ့နာမည်ကတော့ အရှင်ထာဝရ ဖြစ်ပါတယ်။ သူက မြန် မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်များအဖွဲ့ All Burma Monks Representative Committee ရဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကာလအတွင်း ရန်ကုန် ဆူးလေဘုရား၌ ဖွဲ့ခဲ့တဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာ(Cox’s Bazar) က ဗုဒ္ဓဘုရားကျောင်းတော်တစ်ခုမှာ အရှင်ထာဝရ နဲ့တွေ့ဆုံခြင်းဟာ ကျွန်မဘ၀ကို လုံးဝပြောင်းစေခဲ့ပါတယ်။ ယနေ့အချိန်အထိ အရှင်ထာဝရဟာ ကျွန်မအပေါ် ဒီလောက်သက်ရောက်မှုရှိနေတာ ဘာကြောင့်ဆိုတာ ကျွန်မနားမလည်နိုင်အောင် ဖြစ်ရပါတယ်။ ဒီရဟန်းပျိုကလေးဟာ ကျွန်မတွေ့ဖူးခဲ့တဲ့ သူများနဲ့မတူ ထူးခြားပါတယ်။ သူဟာ စကားပြောဆိုရာမှာလည်း အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကျွန်မကို လုံးဝအနှောက်အယှက် မဖြစ်စေပါဘူး။ စကားပြောတဲ့အခါ သူဟာ ကျွန်မကို တည့်တည့်ကြည့်ပြီး လေးလေးစားစား ပြောတယ်။ အစပိုင်းတော့ ကျွန်မအနေနဲ့ အနည်းငယ်နေထိုင်ရခက်ပေမယ့် နောက်ပိုင်း သူ့စကားလုံးတွေထဲမှာ နစ်ဝင်သွားပါတော့တယ်။

သူဟာ အင်္ဂလိပ်လို မပြောပါဘူး။ ကျွန်မမိတ်ဆွေတစ်ယောက်က စကားပြန်အဖြစ် ကူညီပေးခဲ့တာပါ။ ကျွန်မတို့ သူ့ကို ဘယ်လို အကောင်းဆုံး ကူညီနိုင်မလည်းဆိုတာနဲ့ အခြားဒုက္ခသည်တွေအတွက်လည်း ဆွေးနွေးဖြစ်ပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးခွင့်ဟာ အဲဒီခဏတာအတွက်သာ ဖြစ်ခဲ့ပါတယ်။ ဆွေးနွေးပွဲပြီးတော့ အဲဒီအရာတွေကို အလေးထားလုပ် ဆောင်ဖို့နဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲကြောင်း ကျွန်မ သိလာပါတော့တယ်။ ဘာကြောင်းလည်းတော့ မသိဘူး၊ ကျွန်မ နိုင်ငံကူးလက်မှတ်အခိုးခံရပြီး အိန္ဒိယသွားဖို့အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ရပါတော့တယ်။ ကျွန်မ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာပြီး ၂ရက်အကြာမှာ ကျွန်မကို တွေ့ချင်လို့ခရီးရှည်ကြီးကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ ဆေးခန်းက ကျွန်မ တပည့်တွေခမျာ ရောက်လာကြပါတယ်။

ကျွန်မအနေနဲ့အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုနှင့် စော်ကားမှုမှု ကင်းလွတ်ရေးအတွက် ဆောင်ရွက်နေတဲ့ လန်ဒန်အခြေစိုက် အမျိုးသမီးများခိုလှုံရေးအဖွဲ့(Women’s Refuge ) မှာ အလုပ်ပြန်ဝင်ခဲ့ပါတယ်။ ကျွန်မအလုပ်ကို ကျွန်မ မြတ်နှိုးပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ အတွေးဆန္ဒတွေကတော့ ဘင်္ဂလားဒေ့ရှ်က အခြေအနေတွေဆိုကိုပဲ တိုးတိုးပြီး ပြန် ရောက်နေပါတော့တယ်။

အရှင်ထာဝရကတော့ ကျွန်မကို ပုံမှန်အဆက်အသွယ်လုပ်ပြီး ကျွန်မတို့ MSN မှာ မကြာခဏ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ ဥက္ကာလို့ ခေါ်တဲ့ လူတစ်ယောက်က သူ့ကို ဘုန်းကြီးကျောင်းပြင်ပဘ၀နဲ့ အဆင်ပြေအောင် ကူညီခဲ့ပါတယ်။ အခု သူဟာ စစ်တကောင်းနယ်မှာ နေထိုင်ပြီး ပြသနာပေါင်းစုံကိုလည်း တွေ့ကြုံခဲ့ဖူးသူ ဖြစ်ပါတယ်။ အခြားဘုန်းကြီးအားလုံး ဘုန်း ကြီးကျောင်းတွေထဲမှာ သီတင်းသုံးနေထိုင်ဖို့ သွားကြပါပြီ။ ဒါပေမယ့် အရှင်ထာဝရကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေကို တက်တက်ကြွကြွလုပ်နေတုန်းပါပဲ။ ကျွန်မအနေနဲ့ UNHCR ကို သူ့ရဲ့လုံခြုံရေးအတွက် စိုးရိမ်ကြောင်းနဲ့ ကျရောက်နေတဲ့ ချိန်းခြောက်မှုတွေကို အကြိမ်ကြိမ် စာရေး အသိပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အခြေအနေတွေဟာ သည်းမခံနိုင်လောက်အောင် ဖြစ်လာပြီး အရှင်ထာဝရ တောကြီးထဲက ကျောင်းသင်္ခမ်းပဲ ပြန်ပြီး သီတင်းသုံးရုံက လွဲပြီး တခြားရွေးချယ်စရာမရှိ ဖြစ်ခဲ့ရပါတယ်။ ကျွန်မမှာ သင့်တင့်လျှောက်ပတ် တဲ့ ၀င်ငွေနဲ့ သက်တောင့်သက်သာ အိမ်မှာ နေထိုင်နိုင်ပေမယ့် နည်းနည်းပဲ ကူညီနိုင်ခဲ့ပါတယ်။ အရှင်ထာဝရခမျာ ကျွန်မအ ပေါ် လုံးဝ ယုံကြည်လာခဲ့တယ်။ သူက ကျွန်မကို “အမေ”လို့ ရင်းရင်းနှီးနှီးခေါ်တယ်။ ကျွန်မကလည်း တကယ့်သားအရင်း တစ်ယောက်လို သူ့ကို ချစ်ပါတယ်။

သူက ကျွန်မကို သူကို လာတွေ့ဖို့ တတွတ်တွတ် ပြောရှာတယ်။ ကျွန်မက သူ့ကို သိုသိုသိပ်သိပ်နေဖို့ လုပ်ပေးနိုင်ခဲ့တယ်။ သူက သူအဖမ်းခံရပြီး မြန်မာပြည်ပြန်ပို့လည်း ဂရုမစိုက်ဘူး သူတောထဲမှာ မနေချင်တာကိုပဲ ပြောတယ်။ ဒီလိုလူမျိုးကို ဘယ်လိုကူညီနိုင်မလည်း သူထင်သလိုလုပ်လိုက်မှာကို ကျွန်မ အလွန်စိုးရိမ်ပါတယ်။ ကျွန်မ ဘင်္ဂလားဒေ့ရှ်ကိုသွားပြီး ကူ ညီဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အရှင်ထာဝရ ကျွန်မ လာမယ်ဆိုတာကိုသိရင်ပဲ စိတ်အေးသွားပြီး သူ့အနာဂတ်အတွက် ကျွန်မရဲ့ဆုံးဖြတ်ချက်တွေကို လိုက်နာပါ့မယ်လို့ ဂတိပေးရှာတယ်။

တောကြီးထဲက အရှင်ထာဝရနေရတဲ့ ဘုန်းကြီးကျောင်းဟာ မိဘမဲ့ကလေးဂေဟာနဲ့ ဆက်ဆက်ထားတာ ဖြစ်တယ်။ ကျွန်မလည်း သူတို့ရဲ့ကြင်နာမှုတွေအတွက် ကျေးဇူးပြုတဲ့အနေနဲ့အလှူအတန်း ပြုခဲ့ပျါတယ်။ တောကြီးထဲကို တော်တော်ကလေး ကားမောင်းသွားရပါတယ်။ ကျွန်မ လမ်းလျှောက်ဖို့ ကားထဲက ထွက်ထွက်ခြင်းပဲ ရွာတီးဝိုင်းက စတင် တီးခတ်ပြီး ကလေးတွေက ပန်းတွေနဲ့ကျွန်မကို ကြိုဆိုကြပါတယ်။

အရှင်ထာဝရက ကျွန်မလက်မောင်းကို ကြင်ကြင်နာနာဖေးမပြီး တောင်ကုန်းပေါ်ကို ခေါ်သွားပါတယ်။ လမ်းတစ်ဖက်တစ်ချက်မှာတော့ ကလေးတွေက ဗုဒ္ဓဘာသာဓလေ့အတိုင်း လက်အုပ်ကလေးတွေ ချီလို့ ။ လက်နက်ကိုင်ရဲတွေကလည်း ကျွန်မကို စောင့်ကြပ်ပေးကြပါတယ်။ ရဲတွေကကျွန်မကို ဘယ်သူလည်းလို့မေးမြန်းစစ်ဆေးတဲ့အခါ ကျွန်မမိတ်ဆွေ က နောက်ထပ်မေးမြန်းတာ မလုပ်ရန်အတွက် Takar ၃၀၀ကို လက်သိပ်ထိုးပေးလိုက်တယ်။ အရှင်ထာဝရက ကျွန်မကို ကျောင်းထိုင်ဆရာတော်နဲ့တွေ့ဖို့ ခေါ်သွားပါတော့တယ်။

ဘုန်းကြီးကျောင်းကလေးဟာ သေးငယ်တဲ့ တဲကလေးသာဖြစ်ပြီး ပြတင်းပေါက်လည်း မရှိ။ အလင်းရောင်အတွက် ဖယောင်းတိုင်မီးနဲ့ ထွန်းညှိုရတယ်။ နံရံရဲ့ အလည်မှာတော့ ဗုဒ္ဓရုပ်ပွားတော်အတွက် လှပတဲ့ ကျောင်းဆောင်တစ်ခု ရှိပါ တယ်။ ကျောင်းထိုင်ဘုန်းကြီးက ကြမ်းပြင်ပေါ်မှာ တပလ္လင်ခွေထိုင်ပြီး သူ့အနားမှာထိုင်ဖို့ကျွန်မကို လက်ယပ်ခေါ်ပါတယ်။ ကျွန်မအဖွဲ့တွေလည်း ဘုရားကျောင်းပေါ်သို့ရောက်လာကြတယ်။ ဆရာတော်က ဖယောင်းတိုင် ၁၀ တိုင်ထွန်းညှိုပြီး ကျွန်မအနာဂတ်အတွက် ဆွမ်းကို ဆန္ဒပြုပေးပါတယ်။ အရှင်ထာဝရဟာ ကျွန်မရဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး သူရဲ့နေထိုင် မှုအပေါ် ကျွန်မ ကျေနပ်ခဲ့ရပါတယ်။ ကျွန်မက လာရင်းကိစ္စအကြောင်းကို ပြောပြခဲ့ပြီး မိဘမဲ့ဂေဟာရဲ့ပတ်ဝန်ကျင်ကိုလည်း လိုက်လံကြည့်ရှုခဲ့ပါတယ်။ ကျွန်မကို ထူးထူးခြားခြားပွဲလေးနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ အရှင်ထာဝရမပါပဲ ကျွန်မ ပြန်လည် မထွက်ခွာချင်ပါဘူး။ သူ့အနေနဲ့လည်း သူ့အနာဂတ်အတွက် ကျွန်မတို့စဉ်းစားပေးနေစဉ်ကာလအတွင်း ကျွန်မမိတ်ဆွေ မိသားစုနဲ့ လာနေဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ကျွန်မတို့ကျောင်းဝင်းအတွင်းက ထွက်ခွာလာတဲ့အချိန်အထိ တီးဝိုင်းကတီး ခတ်စဲဖြစ်လို့ ကျွန်မ ၀မ်းမြောက်ပီတိ ဖြစ်ခဲ့ပါတယ်။ တည်းခိုရာအိမ်မှာ အမျိုးသမီးတွေများလို့ အရှင်ထာဝရအနေနဲ့ အချိန်တိုအတွင်းမှာပဲ မူလဘုန်းကြီးကျောင်းကို သီတင်းသုံးနေထိုင်ခဲ့ပါတယ်။ သူ နံနက်ခြောက်နာရီ မထွက်ခွာခင် သူ့အနား မည်သူမျှ မရှိချိန်မှာ ကျွန်မ ၁၅ နှစ်တာ ၀တ်ဆင်ခဲ့တဲ့ လက်စွပ်တစ်ကွင်းကို အရှင်ထာဝရ သူ့အား ပေးခဲ့ပါတယ်။ ကျွန်မအနေနဲ့ သူနဲ့ဝေးနေပေမဲ့လည်း အမြဲမိဘသဖွယ်ရှိနေတဲ့သဘောကို ဆိုလိုတာပါ။

ဘင်္ဂလားဒေ့်မှာရှိတုန်း ကျန်မမှာ ၁၃ ရက်တွင် ၆ ရက်ကို ဘတ်စ်ကားပေါ်မှာပဲ ကုန်ခဲ့ရတယ် ။ အခြေအနေတွေကို ဖြေရှင်းဖို့ UNHCR နဲ့ သက်ဆိုင်တဲ့ အစည်းအဝေးတွေပါ တတ်ရောက်နေခဲ့ရလို့လေ။ ကိုဥက္ကာက အမြဲတမ်းလိုက်ပါပေးလို့ အဖော်ရပါတယ် ။ ကျမ ခြေထောက်တွေ ဖောရောင်လာပါတယ်။ အရမ်းပင်ပန်းတတ်တယ်ဆိုပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်နေရလို့ ကျမပျော်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်တဲ့အထိ မရောက်ခဲ့ပေမယ့် UNHCR အနေနဲ့တော့ ဒီပြသာနာကို ကောင်းကောင်းသဘောပေါက်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ အရှင်ထာဝရာကို တောကြီးထဲကနေ ထွက်ခွာဖို့နဲ့ သူအလုပ်ကို လုပ်ကိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

နောက်ဆုံး ကံမကောင်စွာနဲ့ပဲ အခြေအနေတွေ တိုးတတ် မလာခဲ့ပါဘူး။ အရှင်ထာဝရမှာလဲ ၂၀၀၉ ဂျွန်လ ၂၈ ရက်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီ အိန္ဓိယသို့ သွားရောက်ခဲ့ပါတယ်။ ကျမ မိသားစု မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေလဲ အဲ့ဒီလိုခက်ခဲတဲ့ လတွေကို ကျမနဲ့အတူ စိတ်ရှည်လက်ရှည် နေပေးကြပါတယ်။ နာရီပေါင်းများစွာ ကျမ အလုပ်လုပ်ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့်ရှ်က အခက်အခဲတွေက ကျမရဲ့ အချိန်နဲ့ စွမ်းအင်တွေကို အများကြီး ကုန်စေပါတယ်။ ကျမရဲ့ လျှိဝှက်စွာ ပါဝင်လုပ်ဆောင်ချက်တွေဟာ အခုမှတော့ အဆုံးသတ် ပန်းတိုင်ရောက်လုနီးပါပြီ။

ဆုတံဆိပ်တွေရခဲ့တဲ့ Burmar VJ ထဲက သူရဲ့မှတ်တမ်းဝင် လုပ်ဆောင်ချက်တွေကြောင့်လဲ လူသိများလာပါပြီ။ အခုအခါမှာ သူဟာ ဘုန်းကြီးကျောင်းတစ်ခုမှာ သီတင်းသုံးနေပြီ အခြားနှစ်ပါးသော ရဟန်းတွေကလဲ ကျွန်မကို အမေလို့ ခေါ်ကြပါတယ်။ ကျွန်မလဲ ဗမာဘုန်းကြီးများဆီမှ တစ်နေ့ထက်တစ်နေ့ လေ့လာနေရပါတယ်။ အရှင်ထာဝရဟာ အလွန်ကိုပဲ ထူးခြားသူပါ။ ချစ်ခြင်းမေတ္တာဟာ အစလည် မရှိ ၊ အဆုံးလည်း မရှိသောကြောင့် ဒီဇာတ်လမ်းဆုံးသွားပြီလို့ မဆိုနိုင်ပါဘူး။

Carol ၏ A Brief Interlude in the Tragety of Burma ကို အလင်းဆက်မှ ဆီလျော်အောင်ဘာသာပြန်သည်။