20 October 2010

အာဏာပိုင်နအဖက မဲရုံလုံခြုံရေးအတွက် မီးသတ်နဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေကို အသုံးချတော့မယ်။



နအဖက မဲရုံတွေမှာ မဲရုံလုံခြုံရေးအတွက် မီးသတ်နဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေကို တာဝန်ပေးမယ်ပြောတဲ့အတွက် နအဖရဲ့  အသုံးချမှုကို မခံကြဖို့  မြန်မာနိုင်ငံက မီးသတ်တပ်ဖွဲ့ ဝင်တွေနဲ့  ကြက်ခြေနီအဖွဲ့ ဝင်များကို ပြောကြားလိုပါတယ်။

ဒီလိုမျိုး မီးသတ်အဖွဲ့ ဝင်တွေ ကြက်ခြေနီအဖွဲ့ ဝင်တွေကို တစ်ပါတီအာဏာရှင်စနစ်နဲ့  အုပ်ချုပ်ခဲ့တဲ့ နေ၀င်းရဲ့  မဆလပါတီအုပ်ချုပ်မှုလက်ထက်မှာလည်း မဲပေးပွဲတွေမှာ တာဝန်ပေးခဲ့တာ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလိုမျိုး နအဖတွေလို လုံခြုံရေးတာဝန်ပေးခဲ့တာမျိုးတော့ မဟုတ်ပါဖူး။ မဲပေးပွဲမှာ မဲဆန္ဒလာပေးကြတဲ့သူတွေရဲ့  ကျန်းမာရေးအတွက် ကြက်ခြေနီအဖွဲ့ ဝင်တွေက စောင့်ရှောက်ပေးရပါတယ်။ ထို့ အတူ မီးသတ်တပ်ဖွဲ့ ဝင်တွေကလည်း မီးဘေးမတော်တစ်ဆ မဖြစ်ရအောင် စောင့်ကြည့်ပေးနေရတာမျိုး တာဝန်ပေးခံရတာပါ။

မဆလခေတ်က လုံခြုံရေးအတွက် တာဝန်ပေးတာကတော့ မဆလခေတ်က ရပ်ကွက်ကောင်စီဝင်တွေ ရဲတွေ ဖြစ်ပါတယ်။ မဲပေးပွဲအတွက် မဲလာပေးတဲ့သူတွေကို မဲပေးတဲ့နေရာမှာ အစစအရာရာ ကူညီပေးဖို့ အတွက် လုပ်အားပေးအနေနဲ့  ကျောင်းဆရာဆရာမတွေကို မဲရုံမှာ ကူညီလုပ်အားပေးခိုင်းပါတယ်။ မီးသတ်အဖွဲ့ ဝင်တွေ ကြက်ခြေနီအဖွဲ့ ဝင်တွေကတော့ ကိုယ်နဲ့ ဆိုင်တဲ့ မီးအန္တရာယ်ကာကွယ်ပေးရေး ကျန်းမာရေးဆိုင်ရာတွေအတွက် ကူညီပေးဖို့  မဲရုံတွေကို ပုံမှန်လိုက်ကြည့်ပေးရတာ လုပ်ရပါတယ်။

နအဖရဲ့  လက်ကိုင်ဒုတ် ရွေးကောက်ပွဲကော်မရှင်က ပြောကြားချက်အရ အခုလိုမျိုး နအဖက မီးသတ်အဖွဲ့ ဝင်တွေနဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေကို မဲရုံလုံခြုံရေးတာဝန်ပေးမယ်ဆိုတာ မီးသတ်တပ်ဖွဲ့ ဝင်တွေနဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေနဲ့ မဆိုင်တဲ့ အလုပ်တွေကို လုပ်ခိုင်းတာပါဘဲ။ ပြောရရင်တော့ နအဖရဲ့  အာဏာသက်ဆိုးရှည်ရေးအလုပ်တွေမှာ အသုံးချတာပါဘဲ။ ဒီထက်ပိုပြောရရင်တော့ မီးသတ်နဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေရဲ့  အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုတဲ့ ပရဟိတစိတ်ထားတွေကို နွားတွေ နဖားထိုးသလို အသုံးချတာပါဘဲ။ မီးဘေး သဘာဝဘေးအန္တရာယ်တွေ ကျရောက်တာမျိုးတို့  ပြည်သူ့ ကျန်းမာရေးလုပ်ငန်းတို့ အတွက်ဆိုတာမျိုးကိုသာ မီးသတ်တပ်ဖွဲ့ ဝင်တွေ ကြက်ခြေနီအဖွဲ့ ဝင်တွေက လုပ်ဆောင်ရမှာပါ။

ထပ်ပြောရရင်တော့ နအဖတွေ သူတို့ ရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကြီးမှာ မဲရုံလုံခြုံရေးအတွက်ဆိုရင် ရဲတွေ စစ်တပ်တွေကို ယူနီဖောင်းတွေနဲ့  ပေါ်တင် လုံခြုံရေးစောင့်ခိုင်းရင် အများအမြင်မှာ ပေါ်ပေါ်ထင်ထင်ကြီးဖြစ်မှာစိုးလို့  မီးသတ်နဲ့ ကြက်ခြေနီအဖွဲ့ ဝင်တွေကို ခေါင်းငှားခံခိုင်းတာပါဘဲ။ ပြည်သူ့ ချဉ်ဖတ်ဘ၀ရောက်အောင်ကို မီးသတ်နဲ့  ကြက်ခြေနီအဖွဲ့ ဝင်တွေကို နအဖက ထပ်ပြီးထိုးကျွေးလိုက်တာပါဘဲ။

မြန်မာနိုင်ငံ မီးသတ်အဖွဲ့ ဝင်တွေနဲ့  ကြက်ခြေနှီအဖွဲ့ ဝင်တွေကို ပြောကြားလိုတာကတော့ မိမိတို့ ရဲ့  အဓိကတာဝန်ဖြစ်တဲ့ မီးဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ပေးရေးနဲ့  ရှေးဦးသူနာပြုလုပ်ငန်းတွေကိုသာ ဆောင်ရွက်ပေးလိုတဲ့ အများအကျိုးသယ်ပိုးပေးလိုတဲ့ မိမိတို့ ရဲ့  ပရဟိတစိတ်ထားမွန်မြတ်ကို နအဖအာဏာရူးတွေက သူတို့ အာဏာသက်ဆိုးရှည်ရေးအတွက် အသုံးချတာ မခံကြဖို့  အထူးတိုက်တွန်းပြောကြားလိုပါတယ်။

19 October 2010

မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာပါတီနှစ်ခု မဲဆွယ်စည်းရုံးစဉ်ရိုက်ပွဲဖြစ်ရာရွေးကောက်ပွဲ ကော်မရှင်က ပုဒ်မ ၁၄၄အမိန့်ထုတ်ထား

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာတွင် ပါတီနှစ်ခု မဲဆွယ် စည်းရုံးစဉ် ရိုက်ပွဲ ဖြစ်ပွား သဖြင့် ယခုအခါ ပုဒ်မ ၁၄၄ ကို ထုတ်ထားပြီး ၅ ယောက်ထက် ပိုမစုရဟု ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ထုတ်ထားသည်ဟု သတင်း ရရှိသည်။

ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူ တစ်ဦးက“ လွန်ခဲတဲ့ စနေနေ့ ညနေပိုင်းမှာ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီက ခမောင်းဆိပ် ကျေးရွာမှာ မဲဆွယ် စည်းရုံးနေစဉ် ကြံ့ဖွတ်ပါတီက လာနှောင့်ယှက်တဲ့ အတွက် တဖွဲ့နဲ့ တဖွဲ့ အကြီးအကျယ် ရိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေ့က စပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က ပုဒ်မ ၁၄၄ ထုတ်ပြီး ၅ ယောက်ထက် ပိုမစုရ ဆိုပီး အမိန့်ထုတ်ထားပါတယ်” ဟု ပြောသည်။

ခမောင်းဆိပ် ကျေးရွာမှာ မောင်တောမြို့မှ မြောက်ဘက် မိုင် ၂၀ အကွာတွင် တည်ရှိပြီး မွတ်ဆလင် ဘာသာဝင် အများစု နေထိုင်သော ကျေးရွာ ဖြစ်ကြောင်း သိရသည်။

“ အခု လက်ရှိ အခြေအနေမှာ မောင်တောမြို့နယ်မှာ ရှိတဲ့ ပြည်သူတွေက အပြင်ပေါ်ဆိုရင် ကြံ့ဖွတ် ပါတီကို အားပေးတယ်လို့ ထင်ရပေမယ့် တကယ်တန်း မွတ်ဆလင် လူထု ထောက်ခံနေတာက အစိုးရနဲ့ မဆိုင်တဲ့ အမျိုးသားဖွံဖြိုးရေး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ ဖြစ်ပါတယ်။ ဒါကို ကြံ့ဖွတ်ပါတီက သိနေတဲ့ အတွက် နေရာတိုင်းမှာ လိုက် အနှောင့်အယှက်ပေးနေတော့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီက နောက်ဆုံး မခံမရပ်နိုင်ဖြစ်ပြီး ခုလို ရိုက်ပွဲ ဖြစ်ပွားတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

မောင်တောမြို့နယ်တွင် ပါတီများ စတင်မဲဆွယ် စည်းရုံးချိန်မှ စတင်ပြီး ကြံ့ဖွတ်ပါတီဝင်များနှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီတို့ အကြား အနည်းဆုံးရိုက်ပွဲ ၇ ပွဲခန့် ဖြစ်ပွားခဲ့ပြီ ဖြစ်ကြောင်းနှင့် ထိုအထဲတွင် မောင်တောတောင်ပိုင်းတွင် မြင်းလွှတ်ကျေးရွာနှင့် သပြေတော ကျေးရွာများတွင်လည်း ရိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လွန်ခဲ့သော အပတ်ကလည်း မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာတွင် ကားသုံးစီးဖြင့် မဲဆွယ် စည်းရုံးရန် လာရောက်သည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ရွာအ၀င်တွင် ကြံ့ဖွတ်ပါတီဝင်များက ကန့်ကွက် ဆန္ဒပြခဲ့ကြသဖြင့် မဲဆွယ်စည်းရုံးရေးကို တခြားကျေးရွာ တစ်ခုတွင် ရွှေ့ပြောင်း လုပ်ဆောင်ခဲ့ရသည်။

ယခု ခမောင်းဆိပ်တွင် ဖြစ်ပွားသော ရိုက်ပွဲမှာ အပြင်းထန်ဆုံး ဖြစ်သဖြင့် ရွေးကောက်ပွဲ ကော်မရှင်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရခြင်း ဖြစ်သည်။

ခမောင်းဆိပ်ရွာတွင် အိမ်ခြေပေါင်း ၁၈၀၀ ကျော်ရှိပြီး မဲထည့်နိုင်သူ လူပေါင်း ၆၀၀၀ ကျော်ရှိကြောင်း သိရသည်။ မောင်တော တမြို့နယ်လုံးတွင် မဲရုံပေါင်း ၂၇၄ ရုံရှိပြီး ခမောင်းဆိပ် ကျေးရွာတွင် မဲရုံ (၆) ရုံ ရှိမည်ဟု သိရသည်။

မောင်တောမြို့နယ်တွင် လာမည့် ရွေးကောက်ပွဲတွင် မဲထည့်ခွင့်ရသူ အရေအတွက်မှာ ၂၅၇၃၆၄ ဦး ရှိကြောင်း သတင်း ရရှိသည်။

မောင်တောမြို့နယ်တွင် ယှဉ်ပြိုင်ကြမည့် ပါတီ ၄ ပါတီ ရှိပြီး အဆိုပါ ပါတီများမှာ တစည၊ ကြံ့ဖွတ်၊ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီနှင့် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ပါတီတို့ ဖြစ်ကြသည်။

သတင်း...နိရဉ္စရာ

နအဖရဲ့ မတရားတဲ့၂၀၁၀ ရွေးကောက်ပွဲ၏ သတင်းအစုံ ရုပ်သံ



ပြည်ပသတင်းသမားတွေနဲ့ လေ့လာသူတွေကို မြန်မာရွေးကောက်ပွဲမှာ လက်မခံ



ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး။ အောက်တိုဘာ ၁၈၊ ၂၀၁၀။


လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပတော့မယ့် မြန်မာ့ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေကို လာရောက် လေ့လာခွင့်နဲ့ နိုင်ငံတကာ သတင်းထောက်တွေ လာရောက် သတင်းယူခွင့်ပြုမှာ မဟုတ်ဘူးလို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ရှိနေတဲ့အတွက် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ပြည်တွင်း သတင်းအယ်ဒီတာ တဦးက အခုလို ပြောပါတယ်။

“Observer အနေနဲ့ မလုပ်ပါနဲ့တဲ့၊ မရပါဘူးတဲ့။ ဒါမျိုးပြောတာပါ။”

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြား သတင်းဌာန ၁၇ ခုလောက် ရှိနေပြီး ဒီသတင်းဌာနတွေမှာ မြန်မာနိုင်ငံသား သတင်းထောက်တွေ အများစု ပါဝင် အလုပ်လုပ်နေကြပါတယ်။ ဒါကြောင့် ပြည်ပက သတင်းထောက်တွေကို ဖိတ်ကြားဖို့ မလိုဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

ပဲရစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က အာရှရေးရာ တာဝန်ခံ ဗင်းဆင့် ဘရော့ဇဲလ်က အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲ တခုမှာ ရှိရမယ့် အနေအထား တခုကို စစ်အစိုးရက နောက်ထပ် ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ အစိုးရက ပြည်တွင်းမီဒီယာတွေ အားလုံးကို ထိန်းချုပ်ထားတယ်။ နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း သတင်းယူဖို့ နိုင်ငံတွင်း ၀င်ရောက်ခွင့် မပြုဘူးဆိုတော့ ဒီရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ ဆိုတာလည်း လုံးဝ မရှိတော့ပါဘူး။”

ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်လောင်း ၃,၁၅၃ ဦး၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦးက အမတ်နေရာ ၁,၁၅၈ နေရာကို ၀င်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။ လွှတ်တော် မဲဆန္ဒနယ် ၅၄ ခုမှာတော့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တဦးစီသာ ရှိတဲ့အတွက် သူတို့က လွှတ်တော်အမတ်အဖြစ် အရွေးခံရမှာ သေချာပါတယ်။ ဒါကြောင့် ဒီဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မလိုတော့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေက ရွေးကောက်ပွဲတခု တရားမျှတမှု ရှိမရှိ စောင့်ကြည့်ရတာ ဖြစ်တယ်လို့ နိုင်ငံတကာ ရွေးကောက်ပွဲတွေမှာ လေ့လာစောင့်ကြည့်သူ ဖြစ်ပြီး မြန်မာ့ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်နေသူ ဦးခင်မောင်ရွှေက အခုလို ပြောပါတယ်။

“အဓိကကတော့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်တဲ့သူတွေ အနေနဲ့ဆိုရင် ကျနော်တို့ ဘာလုပ်လဲဆိုတော့ ပုံမှန်အားဖြင့် ရွေးကောက်ပွဲက ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုတဲ့ဟာမျိုး၊ ရွေးကောက်ပွဲ မတိုင်ခင်ရော၊ ရွေးကောက်ပွဲ အတွင်းရော၊ ရွေးကောက်ပွဲ ပြီးတဲ့နောက်ရော သူတို့ လေ့လာ သုံးသပ်ပါတယ်။ သတင်းအချက်အလက်တွေ စုဆောင်းပါတယ်။ သတင်း အချက်အလက်တွေက Source ခိုင်ခိုင်လုံလုံနဲ့ ယုံကြည် စိတ်ချရတဲ့ သတင်းရပ်ကွက်က လာတဲ့ဟာတွေ၊ သူတို့ကိုယ်တိုင် သွားပြီးတော့ အင်တာဗျူးထားတဲ့ဟာတွေ၊ ပြည်သူလူထု ကြားမှာရော၊ ရွေးကောက်ပွဲ ကော်မရှင်ရော၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကြားမှာရော၊ အစရှိသဖြင့် အဲဒါမျိုးတွေမှာ သူတို့ သတင်းအချက်အလက် တိကျ ခိုင်လုံအောင် စုဆောင်းတယ်။

“စုဆောင်းပြီးရင် နိုင်ငံတကာ ဥပဒေသနဲ့ ညီရေး၊ မညီရေးဆိုပြီး ပြန်ပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရတယ်။ သုံးသပ်ပြီးရင် တခါပြန်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒီဥစ္စာတွေကတော့ မဖြစ်သင့်ဘူး၊ နောက်နောင် ဖြစ်လာမယ့် ရွေးကောက်ပွဲတွေဆိုရင် ဒီဥစ္စာကတော့ ဒီလိုမျိုး ပြင်ဆင်သင့်တယ်ဆိုတဲ့ ထောက်ခံ အကြံပြုချက်တွေ ပေးရတယ်ပေါ့။ ဒါ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေရဲ့ တာဝန်။”

ပြီးခဲ့တဲ့အပတ်က ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က မြန်မာနိုင်ငံကို တရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အတွက် အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မြန်မာစစ်အစိုးရက လက်မခံခဲ့ပါဘူး။

သတင်းရင်းမြစ်..VOA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံပထမဦးဆုံးအကြိမ် ကြားနာ

နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံဝင်မှုကို ရန်ကုန်တိုင်း တရားရုံးချုပ်၌ ယနေ့ ကြားနာခဲ့ရာတွင် အယူခံအတွက် ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဒီနေ့ ပြစ်ဒဏ်ချမှတ်တာကို ပြင်ဆင်ပေးဖို့ ကျနော်တို့ဘက်က အယူခံတင်ပြတာကို ကြားနာဖြစ်တယ်။ ဒီတင်ပြခဲ့တဲ့အပေါ် ကျနော်တို့ဘက်က ကျေနပ်မှု ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ဆက်လက် ကြားနာဖို့အတွက် တရားရုံးချုပ်ဆီက ဒီနေ့ တခါတည်း ဆုံးဖြတ်တာ မရှိသေးတော့ နောက်တပတ် မဟုတ်ရင် နှစ်ပတ်အတွင်း ပြန်ကြားနာမယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယနေ့ နံနက် (၁၀) နာရီခန့်က နှစ်ဖက်ကြားနာရာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်းကလည်းကောင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့ (၂) ဦးအတွက် ဒေါ်ခင်ဌေးကြွယ်ကလည်းကောင်း အသီးသီး လျှောက်လဲချက် ပေးခဲ့ကြပြီး စစ်အစိုးရဘက်က ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး (၁) ဦး လာရောက်ကြားနာခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်ရက်မတိုင်ခင် ဒီအမှုကို အပြီးသတ် ကြားနာပြီး ဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဒါကြောင့် အမြန်ဆုံး ပြန်ကြားနာသွားနိုင်ဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံထားပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူတာဟာ အစကတည်းက ဥပဒေနဲ့ မညီပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဥပဒေက ရပ်ဆိုင်းသွားပါပြီ။ ဒါကြောင့် အသက်မဝင်တော့တဲ့ အဲဒီဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူးဆိုတာ ကျနော်တို့ဘက်က လျှောက်လဲထားတာ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယနေ့ ကြားနာမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

ရင်းမြစ်..ခေတ်ပြိုင်

18 October 2010

ကိုမင်းကိုနိုင် ၏ (၄၈)နှစ်မြောက်မွေးနေ့ထုတ်ပြန်ကြေငြာချက် ( နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( မြန်မာနိုင်ငံ )

Min Ko Naing 48th Birthday_Bur

သခင်အုန်းမြင့် တလပြည့် မှတ်တမ်း ဓာတ်ပုံ








ပေးပို့ ပေးသော သူငယ်ချင်း ကိုလူချော အားကျေးဇူးတင်ရှိပါသည်.။

နအဖစစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ မင်းကိုနိုင်ရဲ့ (၄၈) နှစ်မြောက်မွေးနေ့



မင်းကိုနိုင် _ MIN KO NAING [18

ရွှေခမောက်စာစောင် အမှတ်စဉ်(၁၂၅)

Shwekhamauk 125

ဟန်လေး ကာတွန်း

ရန်ကုန်မြို့ကြီး၏ အချက်အချာနေရာ မင်္ဂလာဈေးအနီး ရယကဥက္ကဌအိမ်ရှေ့တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွား



ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြိုနယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ၁၂၁ လမ်းရှိ ရယကဥက္ကဌဦးစံသိန်း၏ နေအိမ်ရှေ့တွင် (၁၄.၁၀.၂၀၁၀) ရက်နေ့ည (၈း၃၀) နာရီခန့်က နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ (၁၂၁) လမ်းတွင် နေထိုင်သူ မောင်ဘိုဘိုမှာ (၂၅) လမ်း သပြေကုန်းရပ်ကွက်မှ လူငယ်နှစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်း ဖြစ်သည်၊

အချင်းဖြစ်ပွားချိန်တွင် (၁၂၁) လမ်းတွင်းရှိ ပြည်သူများး ရုပ်ရုပ်သဲသဲဖြစ်ပြီး ဈေးဆိုင်များလည်း ပိတ်ကုန်ကြသည်၊ အတန်ကြာမှ ရဲများရောက်လာပြီး လျှပ်စစ်မီများ ထပ်မံဖြတ်တောက်ပစ်လိုက်သောကြောင့် (၁၂၁) လမ်းတွင်းရှိ ပြည်သူများ ပိုမိုထိတ်လန့်ခဲ့ကြသည်။

ယခုအခါ အခြေအနေပုံမှန်ပြန်ဖြစ်နေသော်လည်း အထူးသဖြင့် ရယကဥက္ကဌအိမ်ရှေ့တွင် ဖြစ်ပွားမှုအား အချိန်မှီသိရှိ တားဆီးနှိင်ခြင်း မရှိသည့်အပေါ် ၄င်းရယကဥက္ကဌနှင့် ရယကအဖွဲ့အား စိတ်ပျက်လျှက်ရှိကြသည်။ အဆိုပါ အချင်းဖြစ်ပွားသောနေရာနှင့် ရယကရုံးမှာ ကိုက် (၅၀) ခန့် သာ ကွာဝေးသည်။

အထက်ပါ အဖြစ်အပျက်မဖြစ်ပွားမှီကပင် အဆိုပါ ရယကဥက္ကဌဦစံသိန်း၏ ဇနီးဖြစ်သူမှ အစ္စလမ်ဘာသာဝင်များကြား ပြည်ခိုင်ဖြိုးပါတီ (ကြံ့ ဖွတ်) ကို မဲထည့်ရန် လိုက်လံပြောဆိုမှုများအပေါ် ရပ်ကွက်နေ ပြည်သူများမှ မကြေနပ်မှုများလည်း ရှိနေခဲ့ကြသည်။

(သတင်းပေးပို့ ပေးသော ညီသစ် အား ကျေးဇူးတင်ရှိပါသည်)။

ပြည်သူတွေအားလုံး အတုမိမယ် သတိထား။

စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ညီလာခံအတုကလာတဲ့ ဖွဲ့စည်းပုံ အတုကြီးဆိုတာတော့ လူတိုင်းသိနေပြီးသားပါ။ လူတိုင်းသိပြီးသားဆိုပေမဲ့ သမာဒိဌိ – အမြင်ကြည်လင်သူတိုင်း သိတာကို ဆိုလိုပါတယ်။ အမြင်မှား အာရုဏ်မှား အတွေးမှားများနဲ့ မောဟတိမ်သလ္လာဖုံးနေသူများကတော့ အတုကို အစစ်ထင်နေချင် နေကြမှာပါဘဲ။

တကယ်တော့ စစ်အစိုးက အာဏာလွဲမပေးချင်လို့ လုပ်နေတဲ့ လမ်းပြမြေပုံတခုလုံးက လမ်းလွဲပြ မြေပုံအတုကြီးပါဘဲ။ ပြည်သူလူထု သွားချင်တာက လွတ်လပ်ပွင့်လင်းပြီး လူ့အခွင့်အရေးနဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီ ခရီးလမ်း၊ စစ်အစိုးရက ဖေါ်ဆောင် ခေါ်ဆောင်နေတာက အာဏာကို အကြွင်းမဲ့ ထိန်းချုပ်တဲ့ စစ်ကျွန်ပြုရေးလမ်း၊ လမ်း (၂) လမ်းက လားရာမတူ၊ ဦးတည်ရာမတူ၊ direction မတူ၊ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက်၊ ထက်အောက်ဖီလာ ဆန့်ကျင်နေတာ သေချာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်ဦးစီးချုပ် (ခ) ကာကွယ်ရေးဦးစီးချုပ်ဟာ တိုင်းပြည်ရဲ့အဖွဲ့အစည်းအားလုံးရဲ့ ထိပ်ဆုံးမှာ ရှိပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ လုံခြုံရေး စစ်ကောင်စီ အားလုံးရဲ့အချုပ်ဟာ ကာကွယ်ရေးဦးစီးချုပ်ဘဲ။

အခုရွေးကောက်ပွဲက ပေါ်ထွက်လာမဲ့ ကိုယ်စားလှယ် လွှတ်တော်အမတ်ဆိုတာ လုံခြုံရေးကောင်စီအောက်က တောက်တိုမယ်ရ ရုံးဝန်ထမ်း စားရေးစာချီအဆင့်ဘဲရှိတယ်။ စစ်တပ်ကထွက်ပြီး ခေါင်းပေါင်းစ တလူလူ၊ အလကားရထားတဲ့ ချိတ်ပုဆိုး တပြောင်ပြောင်နဲ့ လူယောင်ဆောင်နေတဲ့ လူပျက် (လူရွှင်တော် မဟုတ်ပါ။ လူရွှင်တော်များ သီးခံပါ)။ အဲဒီ လူအပျက်တွေကြားမှာ လင်းတတွေကြား စာသူငယ်နားသလို စကားတောင် ကျယ်ကျယ်ပြောရဲဘို့ လွယ်မှာ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ သတ္တ၀ါက တိုင်းပြည်ရဲ့ အရာရာကိုချုပ်ကိုင်နိုင်တယ်။ သူ့ကိုတော့ ဘယ်သူကမှ မချုပ်ထိန်းနိုင်ဘူး။ အပြန်အလှန်ထိန်းကြောင်းမှု စနစ် (checks and balances systems) က လွတ်နေတဲ့ ဒီသတ္တ၀ါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာဆိုရင် သက်ဦးဆံပိုင် ဘုရင်တယောက်လိုပါဘဲ။

ဒီနေ့ခေတ် ၂၁ ရာစုကို ရာစုဘယ်နှစ်ခုလောက် နောက်ပြန်ဆွဲပြီး စစ်အာဏာရှင်တွေ စဉ်းစားတွေးခေါ်နေသလဲ မသိပါဘူး။ ဒင်းတို့ ဉာဏ်တထွာ တမိုက်နဲ့ ငြင်းဘို့သန်ရတာလဲ မိုက်ရာကျနေလေမလား။ ကမ္ဘာ့အခြေအနေနဲ့ မပြောဘဲ မြန်မာ့အခြေအနေနဲ့ ပြောရရင် ကုန်းဘောင်ခေတ်က ယောအတွင်းဝန် ဦးဘိုးလှိုင်ရေးတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းနဲ့ ခေတ်ပြိုင်ရေးခဲ့တာဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေက လက်ခံကောင်းလက်ခံမယ်။

အခု ၂၁ ရာစုမှာတော့ စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ အမြင်ကျယ်နေပြီဖြစ်တဲ့ ပြည်သူလူထု တခုလုံးက လက်မခံနိုင်ကြတော့ဘူး။

၁၉၄၈ ခု (၂၀ ရာစုအလယ်) သူ့ကျွန်ခေတ်လွန် အတွေးအခေါ်နဲ့ ဒီကနေ့ ၂၁ ရာစုခေတ် အတွေးအခေါ်နဲ့လဲ မတူနိုင်တော့ဘူး။ စစ်အာဏာရှင်တွေရဲ့ အိုသော မင်းသော ဟောင်းသော မတိုးတက်သော တိမ်သော တုံးသော အတ္တကြီးသော အတွေးအမြင်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို (တာ့တာ့ ဘိုင့်ဘိုင် ဖွဲ့စည်းပုံ) လို့ နာမည်ပေးရမလား။ ဂက်အောက် (get out) ဖွဲ့စည်းပုံလို့ ကင်ပွန်းတပ်ရမလား။ ပြည်သူလူထုက ဒီဖွဲ့စည်းပုံအကြောင်း လာမပြောနဲ့။ နားကြားမြင်ကပ်တယ်။ ကြားလဲ မကြားချင်ဘူး။ နာဂစ်မုန်တိုင်းကာလ ပြည်သူ့မျက်ရည် ပင်လယ်ဝေနေချိန် အညှာအတာ ကင်းမဲ့စွာ မဲလိမ်ပြီး လုပ်သွားတာလဲ စိတ်ပေါက် ဒေါသဖြစ်တယ်။ သူတို့ပြောသလို၊ သူတို့ဆိုတာ စစ်အစိုးရ၊ စစ်အစိုးရပြောသလို၊ ဘာတဲ့၊ ဘာတဲ့၊ ဘယ်လို ဘယ်လောက်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၉၂.၄၈% ထောက်ခံတယ်။

ဒီလိုသာ လူထုက ထောက်ခံခဲ့ရိုးအမှန်သာဆိုရင် အခုလုပ်နေတဲ့ တပ်ချုပ်ကြီး ဦးသန်းရွှေဟာ ပြည်သူတွေအားလုံး ငါ့လူတွေချည်းဘဲဆိုပြီး ကျပ်ပြေးနေပြည်တော်မှာ သွားပုန်းအောင်းနေစရာတောင် မလိုတော့ဘူး။ လက်ဖြောင့်တပ်သား ကိုယ်ရံတော်အစောင့်လဲ ထားစရာမလိုတော့ဘူး။ တခြားပြည်သူတွေလိုဘဲ စိတ်အေးလက်အေး လမ်းဘေးမှာ လက်ဖက်ရည်ထိုင်သောက် ဆေးလိပ်ထိုင်ဖွာ ကွမ်းမြုံ့နေလို့တောင် ရနိုင်တယ်။ အခုလို ကျပ်ပြေးသူပုန်စခန်းမှာ သွားပုန်းရတာကိုက ထောက်ခံမှု ရာခိုင်းနှုန်းနဲ့ ကန့်ကွက်မှု ရာခိုင်နှုန်းက ပြောင်းပြန်ဖြစ်နေပြီးဆိုတာ သေချာတယ်။ ကန့်ကွက်သူက ၉၂.၄၈%၊ ထောက်ခံသူက ၇.၅၂% ဆိုရင် အဓိပ္ပါယ်ရှိတယ်။ ယုတ္တိတန်တယ်။ အဲဒီလို မဲပြောင်းပြန်ရေးထားတဲ့ ဖွဲ့စည်းပုံနဲ့ ကမ္ဘာကို လှည့်ချင်လှည့်၊ မြန်မာအချင်းချင်းလှည့်တာတော့ ဘယ်ပြည်သူကမှ မကြည်ဖြူဘူး။

ဒီဖွဲ့စည်းပုံကို ကြည်ကြည်ဖြူဖြူလက်ခံကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားကြည့်သူတွေသာ ရှိကြတာပါ။ ပြည်တွင်းပြည်ပမှာ ၂၀၀၈ ကို လက်ခံ၊ ရွေးကောက်ပွဲသာ တကြောင်းတည်းသော နည်းလမ်းဆိုပြီး ပါးစပ်ပါလို့ လေရှိတိုင်း အပ်ကြောင်းထပ်အောင် အော်နေသူတွေဟာ န.အ.ဖ လက်ဝေခံ အရိုးကိုက်နေသူနဲ့ အရိုးကိုက်ဘို့ ကြံရွယ်နေသူတွေသာ ဖြစ်နိုင်တယ်။ အခုတလောဆိုရင် အရိုးကိုက်ချင်လို့ အမိုက်ခံပြီး ပါတီထောင်၊ ငွေရလို့ ပါတီထောင်၊ မမြင်ဘူးတဲ့ ငွေမကိုင်ဘူးတဲ့ ပိုက်ဆံကိုင်ရလို့ ရွေးကောက်ပွဲကို ထောက်ခံ။ ပါတီထောင်တော့လဲ ရိုးရိုးမထောင်ဘူး။ သမိုင်းအစဉ်အလာကြီးမားလှတဲ့ ခွပ်ဒေါင်းပုံကို အလွဲသုံစားပြုပြီး လူထုလေးစားတဲ့ ကျောင်းသားပါတီလိုလို အင်ထု၊ အတုလုပ်သူက လုပ်။

အမယ်။ လာ လာသေး။ တချိန်တုံးက ကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးကို အားပေးယုံလေးနဲ့တင် စစ်ဆေးမေးမြန်းတာခံကြရတယ်။ ထောင်သွင်းအကျဉ်းကျခံကြရတယ်။ ဒါပေမဲ့ အခုကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးမှာ ပြည်သူတွေပါဝင်လာလို့ အစစ်ဆေးအမေးမြန်းခံစရာလဲ မလို၊ သွေးမြေကျစရာလဲ မလို၊ အသက်အသေ အကြေခံစရာလဲ မလို၊ လွတ်လပ်မှုနဲ့ လုံခြုံမှု မပျောက်ဆုံးဘဲ ပါဝင်လာလို့ရနိုင်တဲ့ (ရွေးကောက်ပွဲ) ဥပဒေတွေ ရှိလာခဲ့ပြီတဲ့၊ ခွပ်ဒေါင်းသင်္ကေတသုံး ကျောင်းသားအတုပါတီတခုရဲ့ လက်ကမ်းကြော်ငြာမှာ ဖတ်လိုက်ရတာ။ တော်တော်ရယ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ တော်တော် ဒေါသဖြစ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ (၈၈) ကျောင်းသားမျိုးဆက်အစစ် သံမဏိကျောင်းသားတွေ တပြည်လုံးက အကျဉ်းထောင်တွေထဲမှာ ရှိတယ်။ ခွပ်ဒေါင်းစစ်စစ်တွေ ထောင်ကျနေတယ်။ နောက်ဖေးလမ်းကြားက အကြွင်းအကျန်စား ကျီးကန်းတွေ မအာကြနဲ့။

တချို့ကလဲ ၁၉၉၀ အနိုင်ရပါတီ အဖွဲ့ချုပ် အမှတ်အသား ခမောက်သင်္ကေတကို အလွဲသုံးစား အတုသုံး စည်းရုံးသူက စည်းရုံး။ ခမောက်တံဆိပ်မြင်လို့ ထပြီး က သတဲ့၊ ဘယ် ခမောက်ထင်လို့ ထပြီး ကသလဲ သိသင့်တယ်။ ခမောက်က ခိုးရာပါ ခမောက်မှန်းသိရင် မလွယ်ဘူး။ တကယ့်အခြေအနေမှန်က ခမောက်သူခိုးတွေကို ဆိုက္ကားဆရာတွေကတောင် မတင်ချင်တော့ဘူး။ လက်ဖက်ရည်ဆိုင်စားပွဲထိုးတွေကလဲ ခမောက်အတုတွေ လမ်းသလားတာမြင်ရင် ထွက်ရိုက်ချင်လို့ လက်ယားနေကြတယ်ဆိုတာ မပြောရင်မသိမှာ စိုးလို့ ပြောလိုက်ပါတယ်။

နောက်တမျိုးရှိသေးတယ်။ မသိနားမလည်တဲ့ ပြည်သူတွေ၊ စားဝတ်နေရေးရုန်းကန်နေရလို့ နိုင်ငံရေး မလေ့လာအားတဲ့ ပြည်သူတွေကို ရပ်ထဲရွာထဲလည်ပြီး ရွေးကောက်ပွဲအတု အောင်မြင်ရေး သင်္ကေတ အတုတွေသုံးပြီး ပုံမှားရိုက်သလို (ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူဘဲ။ သူက အပြင်က တိုက်မယ်။ ကျွန်တော်/မတို့က လွှတ်တော်အတွင်းက တိုက်မယ်) ဆိုပြီး စကားလုံးအတုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်အတု လုပ်ပြီး စည်းရုံးရေးဆင်းသူက ဆင်း၊ ၁၉၈၈ အရေးတော်ပုံမတိုင်ခင်က မြန်မာပြည်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ် နှိပ်စက်လို့ ပစ္စည်းရှားပါးတဲ့ ခေတ်မှာ သာမန်အိမ်သုံးဆေးဝါးလေးတွေတောင် အတုလုပ်ကြတယ်။ ပါရာစီတမော အတု၊ ဗိုက်တာမင်စီ အတု၊ ဘားပလက် အတု၊ ဖျူရာမင်ဘီစီ အတု စသဖြင့် ဆေးအတုတွေ စားမိပြီး အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေရှိခဲ့ဘူးတယ်။ အခုခေတ်မှာလည်း စံရည်စံသွေး မပြည့်မှီတဲ့ ဆေးဝါးအတုတွေ ရှိတယ်။ ငွေစက္ကူ တထောင်တန် ငါးထောင်တန် အတုတွေ မကြာခဏ ပေါ်တတ်တယ်။

ပစ္စည်းကောင်းလို့ တန်ဘိုးရှိရင် အတုလိုက်လာတတ်တာ ထုံးစံလိုတောင်ဖြစ်နေပြီ။ ဆေးအတုမိတာက တယောက်စ နှစ်ယောက်စ အကန့်အသတ်နဲ့ ဒုက္ခရောက်မယ်။ ငွေအတုမိတာက တရွက်၊ နှစ်ရွက်လောက်ဘဲ ဆုံးရှုံးမယ်။

နိုင်ငံရေးအတု မိရင်တော့ တမျိုးသားလုံး တပြည်လုံး နှစ်ပေါင်း ဆယ်နဲ့ ရာနဲ့ချီပြီး မျိုးဆက်နဲ့ ချီပြီး ဒုက္ခရောက်သွားနိုင်တယ်။

ဘုန်းကြီးရိုက်တဲ့ ကြံ့ဖွတ်လည်း မဲမပေးချင်ဘူး။ တိုင်းပြည်ကို လူမွဲဇာတ်သွင်းသွားတဲ့ မ.ဆ.လအဟောင်း တစညလည်း မဲ မပေးချင်ဘူး။ အခု ခမောက်ဆိုတာ ဘာလဲ။ ခွပ်ဒေါင်းကရော၊ ၀ံသာနုဆိုတာက ရော။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတဖွဲ့ထဲဘဲဆိုတာကရော——။

မေးခွန်းလေးတွေ ရှိနေတယ်။ မတွေဝေနဲ့၊ မေ၀၀ါးနဲ့၊ အညာမခံနဲ့၊ အလိမ်မမိစေနဲ့။

အခြေခံဥပဒေ အတု၊ ရွေးကောက်ပွဲ အတု၊ ခွပ်ဒေါင်း အတု၊ ခမောက် အတု၊ ဒေါ်စုကိုယ်စား ရွေးကောက်ပွဲဝင်သူ အတုအပများ ရှိနေတယ်။

အတုဆိုရင် ဘယ်အတုမှ မကောင်းပါ။

ပြည်သူတွေအားလုံး အတုမိမယ် သတိထား။

ရေးသားသူ..မမခင်

17 October 2010

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စားလှယ် လောင်းများက ဤသို့ စည်းရုံးနေပြန်ပြီး...

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စားလှယ် လောင်းများက မူဆလင် လူထုအား “ မူဆလင်တွေ လွတ်လပ်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ထောက်ခံကြ” ဟု ဆိုကာ လှည့်လည် စည်းရုံးနေသည်ဟု သတင်း ရရှိသည်။

မောင်တော မြို့ခံ တစ်ဦးက “ သူတို့က ကားတွေနဲ့ စီတန်းပြီး မောင်တောမြို့ပေါ်မှာ မဲဆွယ် စည်းရုံးတဲ့ နေ့က ဖြစ်ပါတယ်။ မူဆလင်တွေ လွတ်လပ်ဖို့ မူဆလင် ခေါင်းဆောင်ကို ထောက်ခံကြ၊ ကြံ့ခိုင်ရေး ပါတီမှ ဇော်ကိရ် အာမတ်ကို ထောက်ခံကြ။ အဲသလို စစ်တကောင်း ဘင်္ဂလီ ဘာသာ စကားနဲ့ အော်ဟစ် လက်ခုတ်တီးပြီး လှည့်လည် မဲဆွယ် ခဲ့ကြပါတယ်” ဟု ပြောသည်။

မောင်တော မဲဆန္ဒနယ်မှ ပြည်သူ့ လွတ်တော်တွင် အရွေးခံမည့် ဦးဇော်ကိရ်အာမတ် (ခေါ်) ဦးအောင်ဇော်ဝင်းက အမိုးဖွင့်ထားသည့် သူ့ကိုယ်ပိုင် ပါဂျာရိုကား ပေါ်တွင် ပန်းကုံးများစွပ်ကာ ရပ်လျက် လိုက်ပါလာပြီးနောက် ထိုသို့ မူဆလင် လူထုကို ဆော်အော် စည်းရုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မဲဆွယ်စည်းရုံးသည့်နေ့က သူ၏ ကားနောက်မှ ဂျစ်ကား အစီး ၁၀ ကျော်နှင့် ပါတီဝင် ၄၀၀ ကျော်ခန့် စီတန်း လိုက်ပါလာပြီး မောင်တောမြို့ လမ်းမတလျောက် အင်အားပြကာ မဲဆွယ် စည်းရုံးခဲ့သည်ဟု သိရသည်။

“ အဲသလို စီတန်းပြီး မြို့ကို လှည့်လည် အော်ဟစ် မဲဆွယ်နေကြတော့ လမ်းတွေ ပိတ်ဆို့မှုဖြစ်ပြီး လမ်းသွား လမ်းလာတွေနဲ့ မြို့နေလူထုတွေ ကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေပါတယ်။ ပီးရင် ဒါဟာ ရွေးကောက်ပွဲ ဥပဒေကိုလည်း ချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ပြောမယ့် ဆိုမယ့်သူ မရှိတော့ မဲဆွယ်တာကို ကြံ့ဖွတ်ပါတီကိုယ် စားလှယ်တွေက လုပ်ချင် သသလို လုပ်နေတာ ဖြစ်ပါတယ်” ဟု ၄င်းမြို့ခံက ပြောသည်။

ထိုသို့ မြို့ကို လှည့်လည် မဲဆွယ်ရာတွင် ကားများတွင်လည်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ နဖူးစည်း စာတန်းနှင့် အလံများ လွှင့်ထူ ပါရှိပြီး၊ ပါတီ၏ ယုံကြည်ချက်၊ ခံယူချက်များကို ရေးသားထားသည့် လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။

မောင်တောမြို့နယ်မှ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားပြုပြီး ပါဝင် ယှဉ်ပြိုင်ကြမည့် သူများမှာ ဦးဇော်ကိရ်အာမက် (ခေါ်) ဦးအောင်ဇော်ဝင်း (ပြည်သူ့ လွှတ်တော်) ၊ ဦးဇာယာဒ်ရော်မံ (ခေါ်) ဦးဌေးဝင်း ( အမျိုးသား လွှတ်တော်) ၊ ဦး ဇာဟိန်းဝိရ် (ခေါ်) ဦးအောင်မျိုးမင်း ( ပြည်နယ် လွှတ်တော်) ၊ ဦးမြအောင် ( အမျိုးသား လွှတ်တော်) နှင့် ဦးမောင်သာခင် ( ပြည်နယ် လွှတ်တော်) တို့ဖြစ်ကြသည်။

ယခုအခါ သူတို့၏ ရုပ်ပုံများ ဖြင့် ရိုက်နှိပ်ထားသည့် စာရွက်စာတန်းများကို မောင်တော မြို့နယ် တစ်ခုလုံးတွင် ဖြန့်ဝေနေပြီး အဆိုပါ စာရွက်များတွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ သာ တိုင်းပြည်တိုးတက်ရေးနှင့် တည်ငြိမ်ရေးကို ဆောင်ကျဉ်းနိုင်မည့် တစ်ခုတည်းသော ပါတီဟု ရေးသားထားသည် သိရသည်။

မောင်တောမြို့နယ်တွင် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်များက နည်းမျိုးစုံဖြင့် အင်အားပြနေပြီး တခြား ပါတီများမှ ကိုယ်စားလှယ် လောင်များ မဲဆွယ် စည်းရုံးရေး လုပ်ငန်းများကို အနှောင့်အယှက် ပေးမူများ ရှိနေကြောင်း သိရသည်။

အထူးသဖြင့် မောင်တောမြို့နယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနှင့် နှင်လာ ငါလား ယှဉ်ပြိုင်ရမည့် တခြား ပါတီ တစ်ခု ဖြစ်သော မွတ်ဆလင် ဘာသာဝင် ဦးစီးသည့် အမျိုးသား ဖွံ့ဖြိုးရေး ဒီမိုကရက်တစ် ပါတီ အပေါ် အဓိကထားပြီး အနှောင့် အယှက်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သို့သော်လည်း ပိုပြီး ပြဿနာ တက်မည်ကို စိုးရိမ်သဖြင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီမှ ထိုကဲ့သို့ နှောင့်ယှက်နေမူကို သတင်းမီဒီယာများသို့ တစုံတရာ ဖွင့်ဟ ပြောဆိုခြင်း မရှိကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် တခြား ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီမှာ တစည ပါတီ ဖြစ်ပြီး အဆိုပါ ပါတီကို အစိုးရ ၀န်ထမ်းများ၊ ဗုဒ္ဓဘာသာဝင်များနှင့် ပါတီ လူဟောင်းများက မဲပေးနိုင်ရန် အလားအလာ ရှိနေကြောင်း သိရသည်။

(သတင်း အချက်အလက်များကို တာကလူး (တက်ကနက်ရုံး) မှ စုဆောင်းပေးပို့သည်။)

ရင်းမြစ်...နိရဉ္စရာ

" သက်ဝင်းအောင်အတွက် အမှတ်တရ ”(ရီးငယ်)


" သက်ဝင်းအောင်အတွက် အမှတ်တရ ”(ရီးငယ်)

ခုလောက်ဆို ကျမ အမေနဲ့ သက်ဝင်းအောင် ကောင်းကင်ဘုံမှာ တွေ့နေကြရောပေါ့။ မေမေကလည်း ကောင်းတာတွေ လုပ်တယ်၊ လူတွေကို ကူညီတတ်တယ်၊ သိပ်ရက်ရောတယ်၊ လှူတယ်..တန်းတယ်။

သက်ဝင်းအောင်ကျတော့ရော…။သူ့ကိုတွေ့လိုက်ရင် အမြဲ ပြုံးပြီးတော့ ရှိနေတာကို တွေ့ရတယ်။ ကျမ သိသလောက်တော့ သူက စိတ်ကောင်းလဲ ရှိပါတယ်၊ သူငယ်ချင်းတွေ အတွက်ဆို အနစ်နာခံဖို့ အသင့်ရှိပုံ ရတယ်။ ဒီမိုကရေစီ အရေးနဲ့ တိုင်းရေးပြည်ရေးအတွက်ကတော့ သူက တော်တော် စိတ်အားထက်သန်လှတယ်။

သူတို့ ၂ ယောက်လုံးက ကောင်းတာတွေ လုပ်ခဲ့ကြပေမယ့်... ခုတော့ ကျမ မေမေရော…၊
ကျမရဲ့ သူငယ်ချင်းဖြစ်တဲ့ သက်ဝင်းအောင်ရောက.. ကျမတို့တွေရဲ့ အနားမှာ မရှိကြတော့ဘူးလေ..။

ကျမရဲ့မေမေ ဆုံးသွားတာက၊၂၀၀၃-နိုဝင်ဘာ၂၃မှာ- အိုနာဆိုတဲ့ လူကြီးရောဂါနဲ့ အသက် ၇၈ နှစ်မှာ ဆုံးသွားတယ်။ ဒါက သိပ်မဆန်းပေမယ့်... သက်ဝင်းအောင်ကျတော့ ၂၀၀၆-အောက်တိုဘာ-၁၆မှာ -သေဆုံးချိန် မတန်သေးတဲ့ အသက် ၃၅ နှစ်အရွယ်မှာ…......ဆုံးသွားတာ....။

သေခြင်းတရားဆိုတာ၊ ကြီး၊ ငယ်၊ ရွယ်လတ် မရွေးဘူးဆိုပေမယ့်….....
“သက်ဝင်းအောင်ရယ်…။နင်က သေချိန် မတန်သေးဘူးလေ….။မသေသင့်သေးတဲ့အချိန်- ပြင်ပ ပယောဂတွေကြောင့် သေသွားရတာလေ….။ငါလည်း ထောင်ကျဖူးတဲ့သူပဲ …။ထောင်ထဲမှာ တကယ်ကို ကျန်းမာရေးထိခိုက်လာပြီဆိုရင်…ငါတို့ ဘဝတွေက စိတ်သွားတိုင်း ကိုယ်မပါဘူးဆိုတာ ငါနားလည်ပါတယ်…။အပြင်မှာ ငါတို့ချက်ခြင်း…အထူးကု တစ်ယောက်ဆီ ပြေးလိုက်လို့ ရတယ် …။ချက်ခြင်းဆေးခန်း ထသွားမလား....။ ရတယ်….။ ဒါပေမယ့် နင်တို့ ငါတို့က ထောင်ထဲမှာ ဆိုတော့ …..။

နင်၊ ငါ ။ နောက်.. ငါတို့ အုပ်စုထဲက မျိုးမင်းထိုက်၊ ရန်အောင်စိုးရယ် ..အပြင် တခြား တက္ကသိုလ်ကျောင်းပေါင်းစုံ က ကျောင်းသားတွေ ၂၀၀ ကျော် လောက်က ၁၉၉၈ ခုနှစ် ထဲမှာပဲ ဖမ်းခံခဲ့ကြရတယ်…။နင်၊ ငါနဲ့ ရန်အောင်စိုး၊ မျိုးမင်းထိုက်တို့ က ၁၉၉၈ ခုနှစ်ရဲ့ စက်တင်ဘာ တစ်လထဲမှာပဲ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဖမ်းခံခဲ့ကြတယ်နော်…။ ငါ့ကို ထောင် (၁၀) နှစ်ချတယ်။ ပထမ အင်းစိန်ထောင်မှာ ၇ လ ထားတယ်။ နောက် မော်လမြိုင်ထောင်မှာ ၄ နှစ်နဲ့ ၇ လ ။နောက်တော့ အင်းစိန်ထောင် ရောက်တယ်။ ၂၀၀၄ ဇွန် ၂၄မှာ ငါ အင်းစိန်ထောင်ကနေလွတ်တယ်။

ငါက ခု ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့တစ်မြို့မှာ၊ ရန်အောင်စိုးကတော့ ဗမာပြည်ရဲ့တနေရာမှာ လူမှု ကိစ္စတာဝန်တွေနဲ့ ရှိနေတယ်။မျိုးမင်းထိုက်ကတော့ ထောင်ဒဏ် ၅၂ နှစ်ကျပြီး -ခုထိ မြင်းခြံထောင်ထဲမှာ…။

နင်ကရော…။နင့်ကို သူတို့က ဘာလို့ သေပစ်လိုက်စေတာလဲ ဟာ..။နင်ကရော ဘာလို့ သေလိုက်ရတာလဲ….။နင်က ကိုယ့်ဘဝကိုယ်တောင် မနှမြောဘဲ ..ဘာလို့ အဲလောက်တောင် ကိုယ့်ကိုယ်ကို လုပ်လိုက်ရတာလဲဟာ…။

သူတို့ကရော နင့်အရွယ် မောင်၊ ညီမ၊ သား သမီး တွေ ရှိနိုင်ရက်နဲ့ ဒီလောင်တောင် စာနာစိတ် မထားနိုင်လောက်အောင် သူတို့ရဲ့ နှလုံးသားတွေက ဘာလို့ ဒီလောက်တောင် မာကျောနေနိုင်ရက်တာလဲဟာ……။

ငါလေ ထောင်ထဲမှာ သေသွားမှာ သိပ်ကြောက်ခဲ့ တာ….။
ငါ့ရှေ့မှာ ထောင်ထဲက တချို့တွေ အရွယ်ကောင်းရဲ့နဲ့…ရုတ်တရက်ကြီး သေသွားလိုက်တာ…။ငါလေ သိပ်အားငယ်ခဲ့တာပဲ……..။

နင်သေသွားတာ ငါတကယ်ပဲ မယုံနိုင်ဘူး…။ခုချိန်ထိ..နင်တနေရာရာမှာ ရှိနေနိုင်တာပဲ..လို့…။မဟုတ်ဘူးလားဟင်……….။

နင်သိရဲ့လား….။
မနက်ဖန် အောက်တိုဘာလ ၁၆ ရက်နေ့ဆို နင်ဆုံးသွားတာ (၄) နှစ်တောင်ပြည့်ပြီ..တဲ့….။ ဒါပေမယ့် ဒီနေ့ည ...ငါရယ် အခြားအသိမိတ်ဆွေ (၄) ယောက်ရယ် ...။ငါတို့ အပြင်ထွက်ပြီး ညစာ သွားစားဖြစ်ကြတယ်။ ငါတို့ နင့်ကို မေ့သွားကြတယ်…။ငါတို့က စားလို့ သောက်လို့ ပျော်လို့ပေါ့ ..။နင့်ကို မေ့နေကြတယ်..။အဲ့လိုပဲ လူတွေ နင့်ကို မေ့နေကြတယ်..။နင့်သူငယ်ချင်းတွေ၊ နင့်မိတ်ဆွေတွေ၊ နင့်ရဲ့လုပ်ဖေါ်ကိုင်ဘက် ရောင်းရင်းရဲဘော်တွေရော …။ဒီတစ်နေ့ နှစ်နေ့ လောက်တော့ သူတို့ နင့်ကို သတိရကြမှာပေါ့လေ…။နောက်တော့လည်း နင့်ကိုပြန်ပြီးမေ့လို့ ...ပျော်လို့ မော်လို့နဲ့ပေါ့……………..။

ငါ့ကို ၂၀၀၃-နိုဝင်ဘာလ၂၇မှာ မော်လမြိုင် ထောင်က လွှတ်ပေးမယ်လို့ သူတို့ ညာပြောပြီး…………. ရန်ကုန်အင်းစိန်ထောင်ကို အဝတ်တစ်တည် ကိုယ်တစ်ခုနဲ့ ငါ…… ပြန်ရောက်လာတယ်…….။
အင်းစိန်ထောင်ထဲက ငါရဲ့ မိတ်ဆွေ တစ်ချို့က ….ငါ့ကို အစားအသောက်တွေ ထောက်ပံ့ပေးကြတယ်….။ဒါပေမယ့် သူတို့ သတင်းတွေတော့ ပြောလို့မရဘူး..တဲ့……..။

နောက်တစ်နေ့ မနက်…… ၂၀၀၃ -နိုဝင်ဘာလ၂၉ ရက်-။
အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၇ နှစ် နဲ့ မတရားထောင်ချခံထားရပြီး -ခုထိ…ဆက်လက် အကျဉ်းကျခံထားရတဲ့ အကျိဌေး(မဌေး)က ငါ့ကို ..(သူတို့ အပြင်ခေါ်ထုတ်ဖို့ စီစဉ်နေချိန်မှာ) လက်ကိုင်ပုဝါလေး တစ်ထည်ပေးတယ်….။
ထောင်ထဲကပြန်လွတ်တော့မှာလား..လို့ ကိုယ့်ကိုယ်ကို သို့လော..သို့လော..ထင်နေတဲ့ငါ….။
သူ့ရဲ့မျက်လုံးတွေကို ဖတ်ကြည့်ပြီး.. ဒါ --ငါ ထောင်ထဲက ပြန်လွတ်မယ့် အတိတ်နိမိတ် မဟုတ်ဘူး..လို့ ..နိမိတ်ဖတ်နိုင်ခဲ့ပေမယ့် --ငါ့အမေရဲ့ ဈာပန အခမ်းအနားကို တက်ရောက် ရလိမ့်မယ်..လို့တော့ နိမိတ်မဖတ်နိုင်ခဲ့ဘူး……။

ငါလေ အပြင်လောကကြီးနဲ့ မတွေ့ရတာ ၅ နှစ်နဲ့ ၂ လ တောင် ကြာပြီဆိုတော့ -အပြင်လောကကြီးကို ခြေချလိုက်ရတာ ခြေထောက်တွေက ကြွနေတယ် ။ သူငယ်ချင်းမိတ်ဆွေတွေကို တွေ့ရတာ ငါ ဝမ်းသာနေတယ်…။ငါလေ ..ငါရဲ့ ထောင်ရုပ်ပေါက်နေတဲ့ ရုပ်ကို အပြင်ကို ချပြလိုက်ရတာ ရှက်နေတယ်….။

အမေက သေသွားပြီလား ။အမေက ဒီဘ၀အတွက် နေတဲ့ အချိန်စေ့လို့ ဆုံးပါးခဲ့ပေမယ့်...... ရုတ်တရက်ကြီး....................အမေရဲ့ ရုပ်အလောင်းကို ကြည့်ပြီး တော့ ငါ မငိုနိုင်ခဲ့ဘူး……။
ဈာပနပြီးပြီးချင်း ငါ့ကို သူတို့ အင်းစိန်ထောင်ထဲ ပြန်ပို့လိုက်ကြတယ်။

သက်ဝင်းအောင်ရယ်…..။
ငါ့အမေ ဈာပနကို ငါ လာတွေ့ခွင့်ရတော့...နင့်အဖေက ပြောတယ်..တဲ့ ။
ဒီလိုသာ မိသားစုတွေ၊ မိတ်ဆွေတွေ့နဲ့ ပြန်တွေ့ခွင့်ရနိုင်ခဲ့မယ် ဆိုရင် -သူ့သားနဲ့ သူ့အမေ ပြန်တွေ့ဖို့ -ကျနော် သေပေးလိုက်ချင်တယ်ဗျာ…တဲ့….။

င့ါအမေကရော ....၊ ငါ အပြင်ကို ခဏလေးပဲ ရောက်ပြီး ..ပျော်ရွှင်ပါစေ။ သူ့ရဲ့ အဖေ၊ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ တွေ့ပါစေ ။ငါထောင်က အမြန် ပြန်လွတ်လာပြီး အပြင်ကမ္ဘာလေးမှာ ပျော်ပါစေ...ဆိုပြီး သေပေးလိုက်တာလား..ဟင်….။ သူ့ဘဝကြီးနဲ့ ငါ့ရဲ့ဘဝကို ပေးလဲလိုက်တာလားဟင်……။

ငါတို့ ဗမာပြည်မှာ မိသားစုတွေ စုံစုံလင်လင်နဲ့ ပျော်ရွှင်ခွင့် မရကြဘူး…။
ငါတို့အိမ်မှာ ငါ့အမေကို ပေးလိုက်ရတယ်…။
နင်တို့ အိမ်မှာ နင့်ကိုပေးလိုက်ရတယ်…..။
ဗမာပြည်မှာ မိသားစုတိုင်း ဘ၀တွေ-အသက်တွေ ပေးဆပ်နေကြရတယ်။

ငါ့ အမေဆုံးပြီး ( ၇ ) လ နေတော့ ..ငါ ထောင်က လွတ်လာတယ်….။
ငါလေ ဘယ်သူမှ မသိအောင် အမေ့ကို တိတ်တိတ်လေး လွမ်းပြီး ငိုတယ်…။

ခုချိန်ဆို နင့်အမေလေ ..ဘယ်သူမှ မသိအောင် နင့်အတွက် တိတ်တိတ်လေး ငိုနေရောပေါ့……။ ။"

နင့်သူငယ်ချင်း-

(ရီးငယ်)

( အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၀)
ည သန်းခေါင်ကျော် ၁၂နာရီ ၂၀ မိနစ်

(စာရေးသူသည် မြန်မာပြည်အကျဉ်းထောင်များတွင် နှစ်ရှည် အကျဉ်းချခံခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သည်။)

ရင်းမြစ်...ဟစ်တိုင်

ပြောပြရင် ဒေါပွမှာလား နှင့် မြန်မာသတင်းရုပ်သံ