Showing posts with label ထုတ်ပြန်ချက်. Show all posts
Showing posts with label ထုတ်ပြန်ချက်. Show all posts

14 November 2011

နိုင်ငံရေးအကျဉ်းသားများအား အသိအမှတ်ပြုခြင်းသည် ဒီမိုကရေစီတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်

နိုင်ငံရေးအကျဉ်းသားများအား အသိအမှတ်ပြုခြင်းသည် ဒီမိုကရေစီတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်

ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်

နိုင်ငံရေးအကျဉ်းသားအရေအတွက်နှင့်ပတ်သက်၍ ကွဲပြားနေသည့်အပေါ် ပြန်လည်စုစည်းခြင်း

မြန်မာနိုင်ငံတွင်ရှိသော နိုင်ငံရေးအကျဉ်းသားအရေအတွက်အတိအကျနှင့်ပတ်သက်၍ ပြီးခဲ့သည့် လအနည်းငယ် အတွင်း အပြင်းအထန် အငြင်းပွားစရာ ဖြစ်လာခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသား အရေအတွက်အပေါ် ခန့်မှန်း တွက်ချက်မှု များသည် ချဲ့ကားပြောဆိုမှုများသာဖြစ်သဖြင့် မှားယွင်းသည်ဟု သမ္မတ အကြံပေးနှင့် နိုင်ငံခြားရေးဝန်ကြီးကဲ့သို့သော ဦးသိန်းစိန်အစိုးရ အဖွဲ့ဝင်များက ပြောဆို၍ နိုင်ငံရေး အကျဉ်းသားအရေအတွက်အား အငြင်းပွားဖွယ်ဖြစ်စေသည်မှာလည်း မထူးဆန်းသည့်ကိစ္စ ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသား မည်မျှရှိသည်ကို အတည်ပြုရမည်မှာ အတိုက်အခံ အင်အားစု များ၏ တာဝန်မဟုတ်ပါ၊ ဦးသိန်းစိန်အစိုးရ၏ တာဝန်သာဖြစ်ပါသည်။ ထို့ကြောင့် အစိုးရအနေနှင့် နိုင်ငံရေးအကျဉ်းသား စာရင်းကို အကျဉ်းသားတဦး ချင်းစီ၏ အဆင့်အတန်းသတ်မှတ်ချက် သက်သေအထောက်အထားများနှင့်အတူ လူသိရှင်ကြား ထုတ်ပြန်ပေးရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) က တောင်းဆိုပါသည်။ အေအေပီပီ အနေနှင့်လည်း အကျဉ်းထောင်တွင်းတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းကို ထပ်ခါထပ်ခါစုံစမ်းစစ်ဆေး အတည်ပြုကာ နိုင်ငံရေးအကျဉ်းသားစာရင်း အသေးစိတ်ကို ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားအရေအတွက်နှင့်ပတ်သက်၍ ပြည်တွင်းအင်အားစုများနှင့် နိုင်ငံတကာမိသားစုတို့ ကလည်း စတင်မေးမြန်းလာကြပါသည်။ ဤအငြင်းပွားဖွယ်ကိစ္စအား ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ မည်သူမည်ဝါ ဖြစ်သည်ကို အားလုံးသဘောတူလက်ခံနိုင်သည့်အချက်တချက် ရှိရပါလိမ့်မည်။ အောက်တွင် ဖော်ပြထားသော နိုင်ငံရေးအကျဉ်း သားနှင့်ပတ်သက်သည့် အေအေပီပီ၏ အဓိပ္ပါယ်ဖွင့်ဆိုမှုသည် ရှင်းလင်း၍ မြန်မာပြည် ဒီမိုကရေစီတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တို့အတွက် သင့်လျော်သော အဓိပ္ပါယ်ဖွင့်ဆိုမှု ဖြစ်ပါသည်။ အားလုံးသဘောတူလက်ခံနိုင်သည့် နိုင်ငံရေးအကျဉ်းသားအရေအတွက်နှင့် ပိုမိုနီးစပ်လာစေရန်အလို့ငှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အတွက် ဆောင်ရွက်နေကြသော အဖွဲ့အစည်းအားလုံးအနေနှင့်လည်း နိုင်ငံရေး အကျဉ်းသားနှင့်ပတ်သက်သည့် မိမိတို့အဓိပ္ပါယ် ဖွင့်ဆိုမှုကို ထုတ်ပြန်ပေးကြပါရန် အေအေပီပီက လေးစားစွာ တိုက်တွန်း လိုပါသည်။

နိုင်ငံရေးအကျဉ်းသားအရေအတွက်နှင့်ပတ်သက်၍ ယုံကြည်စိတ်ချရမှုအရှိဆုံးအချက်အလက်များကို အချိန်နှင့် တပြေးညီ တင်ပြသွားရန် အေအေပီပီက သံဓိဌာန်ချထားသော်ငြား မြန်မာပြည်ဒီမိုကရေစီရေး အတွက် ဆောင်ရွက် နေကြသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများအနေနှင့် နိုင်ငံရေးအကျဉ်းသားအရေအတွက်ထက် အခြေခံ နိုင်ငံသား၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးများကို ဖောက်ဖျက်သော မြန်မာအစိုးရ၏ ဖိနှိပ်ချုပ်ချယ်သည့် မူဝါဒအား အကြွင်းမဲ့ဖယ်ရှားပစ်ရေးကို အလေထားသင့်ပါသည်။

နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ

ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှု များတွင် တက်ကြွစွာပါဝင်ခြင်း သို့မဟုတ် အားပေးထောက်ခံခြင်း၊ သို့မဟုတ် ထိုသို့ပါဝင်သည်၊ ထောက်ပံ့ကူညီသည်ဟု စွပ်စွဲခံရခြင်းကြောင့် ဖမ်းဆီးချုပ်နှောင်ခံရသော မည်သူကိုမဆို အေအေပီပီက နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ပါသည်။ မည်သည့် ဥပဒေဖြင့် အကျဉ်းချခံရသည်ဖြစ်စေ အေအေပီပီက ပြုစုထားသည့်စာရင်းတွင် ထည့်သွင်းဖော်ပြထားသော အဖမ်းခံရသူ တဦးချင်းစီသည် နိုင်ငံရေးလှုပ်ရှားသည့် အရင်းခံအကြောင်းတရားကြောင့် အကျဉ်းချခံရသူများ ဖြစ်ကြပါသည်။

မြန်မာ့ဒီမိုကရေစီအရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်၏ လက်တွေ့အခြေအနေအရ ငြိမ်းချမ်းစွာ လှုပ်ရှား ဆောင်ရွက်မှုကြောင့် အဖမ်းခံရသူများကိုသာ အတိအကျရည်ညွှန်းသော အကန့်အသတ်ရှိသည့် “ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူများ” ဟူသော ဝေါဟာရကို အေအေပီပီက အသုံးမပြုပါ။ ဤဝေါဟာရသည် နိုင်ငံရေးအကျဉ်းသားသတ်မှတ်ချက် စံချိန်စံညွှန်းအား ထိခိုက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် နိုင်ငံရေး အကျဉ်းသားအများအပြားသည် လူသတ်မှု၊ ဗုံးခွဲမှု သို့မဟုတ် အကြမ်းဖက်မှု ကဲ့သို့သော ကြမ်းကြုတ်သည့် ရာဇဝတ်မှုများဖြင့် မှားယွင်းစွာ စွပ်စွဲအပြစ်ပေးခံရခြင်းကြောင့် ဖြစ်ပါသည်။ တချိန်တည်းမှာပင် ရာဇဝတ်မှုဥပဒေပါ အကြမ်းဖက်မှုမဟုတ်သည့် ရာဇဝတ်ပုဒ်မများဖြင့် အကျဉ်းချခံရပြီး နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်မခံရသည့် နိုင်ငံရေး အကျဉ်းသားများလည်းရှိပါသည်။ ထို့ပြင် လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်မှုကြောင့် အကျဉ်းချခံရသူများအား နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်သင့်မသင့် စဉ်းစားရာတွင်လည်း အစိုးရက အထူးသဖြင့် တိုင်းရင်းသား အင်အားစုများအပေါ် ကျူးလွန်သည့် အကြမ်းဖက်ရာဇဝတ်မှု ဖြစ်စဉ်များဖြင့် ယှဉ်တွဲစဉ်း စားသင့်ပါသည်။

နိုင်ငံရေးအဆင့်အတန်းကို မျက်ကွယ်ပြုခြင်းသည် လူ့ဂုဏ်သိက္ခာကို မျက်ကွယ်ပြုခြင်းဖြစ်ပါသည်။

ဦးသိန်းစိန်အစိုးရအနေနှင့် နိုင်ငံရေးအကျဉ်းသားများအားရည်ညွှန်းသည့် ဝေါဟာရမျိုးစုံကိုအသုံးပြု၍ ၄င်းတို့ တည်ရှိမှုကို မျက်ကွယ်ပြုရန် အားထုတ်လျှက်ရှိပါသည်။ မြန်မာ့အကျဉ်းထောင်စနစ်၌ သီးသန့်၊ သာမန် သီးသန့်နှင့် ရာဇဝတ်သားဟူ၍ အကျဉ်းသားအမျိုးအစား သုံးမျိုးခွဲခြားထားပါသည်။ နိုင်ငံရေးအကျဉ်းသားများ အနေနှင့် များသောအားဖြင့် သီးသန့်နှင့် သာမန်သီးသန့် အမျိုးအစားနှစ်ခုစလုံးတွင် အကြုံးဝင်လေ့ ရှိကြပါသည်။ မြန်မာပြည် အခြေအနေနှင့်ပတ်သက်၍ နိုင်ငံတကာ ပဋိပက္ခလေ့လာ ရေးအဖွဲ့ (International Crisis Group) ၏ “အရေးပါသောအပြောင်းအလဲများဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ (Myanmar: Major Reforms Underway)” အစီရင်ခံစာ၌ နိုင်ငံရေးအကျဉ်းသားများအား “လုံခြုံရေးကြောင့် အထိန်းသိမ်း ခံရသူများ” ဟု ရည်ညွှန်းထားသည့်အပြင် လုံခြုံရေးကြောင့် အထိန်းသိမ်းခံရသူများတွင် နိုင်ငံရေးလှုပ်ရှားမှု ကြောင့် အထိန်းသိမ်းခံရသူများနှင့် အကြမ်းဖက်မှုနှင့် သက်ဆိုင်သည့် ပြစ်မှုများဖြင့် အဖမ်းဆီးခံရသူများ ပါဝင်သည်ဟုလည်း ရှင်းပြထားပါသည်။
အစိုးရအနေနှင့် နိုင်ငံရေးအကျဉ်းသားများကို အသိအမှတ်မပြုသော်ငြား ၄င်းတို့၏ အခြေခံ အကျဉ်းသား အခွင့်အရေးများကို ကာလတခုအထိပိတ်ပင်ထားနိုင်ရန်အတွက် အကျဉ်းသားအမျိုးအစား အသစ်များကို ဖန်တီးခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားသည် လေးစားအသိအမှတ်ပြုမခံရသည့် သီးသန့်အခြေအနေအောက်တွင် အကျဉ်းချ ခံနေရသည့် အပြင် မတရားသဖြင့် ပြုမူဆက်ဆံခံနေရသည်မှာ ထင်ရှားလှပါသည်။ အကျဉ်းထောင်ပြင်ပတွင် ဆေးကုသမှု ခံရရေး အတွက် ခွင့်တောင်းရခြင်း၊ မိသားစုများ ထောင်ဝင်စာတွေ့ချိန်တွင် တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခံရခြင်း၊ စစ်ကြောရေး ကာလတွင် သိက္ခာချိုးနှိမ်သည့်လုပ်ရပ်များဖြင့် ရက်ရက်စက်စက် လူမဆန်စွာ ပြုမူဆက်ဆံခံရခြင်းနှင့် လျှော့ရက် ငြင်းပယ်ခံရခြင်း စသည်တို့မှာ နိုင်ငံရေးသမားများကြုံတွေ့ရသည့် မြင်သာသော အခက်အခဲ အတားအဆီးများပင် ဖြစ်ပါသည်။
ဦးသိန်းစိန်အစိုးရက ဤအကျဉ်းသားများ၏ နိုင်ငံရေးအဆင့်အတန်းကို မျက်ကွယ်ပြုနေခြင်းသည် နိုင်ငံရေး အကျဉ်းသားများနှင့် ၄င်းတို့အသိုင်းအဝိုင်းအတွက် စိတ်ပျက်အလိုမကျမှုများ ဖြစ်ပေါ်စေပါသည်။ ယင်းစိတ်ပျက် အလိုမကျမှုများအတွက် တုံ့ပြန်သော ထင်ရှားသည့် သာဓကတခုမှာ ဒုသမ္မတ ဦးတင်အောင်မြင့်ဦးက မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားမရှိပါဟု နိုင်ငံတွင်း အလည်အပတ်ရောက်ရှိနေသော အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းအား အခိုင်အမာပြောဆိုလိုက်သည့် အချိန်တွင်ဖြစ်ပါသည်။ ထိုသို့ပြောဆိုလိုက်ခြင်းသည် နိုင်ငံရေး အကျဉ်းသားများ အထူးသဖြင့် မုံရွာထောင်တွင် ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသော မနိုဘယ်လ်အေး၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်စေခဲ့ပါသည်။ ဦးတင်အောင်မြင့်ဦးပြောဆိုပြီး လေးရက်အကြာတွင် မနိုဘယ်လ်အေးက သမ္မတ ဦးသိန်းစိန်ထံ အိပ်ဖွင့်ပေးစာတစောင်ရေး သား၍ နိုင်ငံတော်အာဏာပိုင် များအနေနှင့် နိုင်ငံရေးအကျဉ်းသားများတည်ရှိမှုကို လူသိရှင်ကြား အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့ပါသည်။ ၄င်းသည် ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်မှုကြောင့် အဖမ်းခံခဲ့ရသော နိုင်ငံရေးအကျဉ်း သားအစစ်အမှန် ဖြစ်ကြောင်းကိုလည်း မနိုဘယ်အေးက ၄င်း၏စာထဲတွင် ရှင်းပြခဲ့ပါသေးသည်။ “ပွင့်လင်း၍ တရားမျှတသော ဒီမိုကရေစီစနစ်ကို ပုံဖော် လျှောက်လှမ်းနေကြသည့် အစိုးရသစ်၏ အစိုးရအဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ ငြင်းဆိုပြောဆိုမှုများသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော တရားမျှတမှုမှ ကင်းမဲ့ သွေဖီ၍ အဂတိလိုက်စားခြင်းနှင့် ပကတိအခြေအနေများကို လျစ်လျူရှု မျက်ကွယ်ပြု လိမ်လည်နေခြင်းသာ ဖြစ်ပါသည်” ဟု ၄င်းက ဆိုပါသည်။
ထိုသို့စာရေးသားပေးပို့မှုကြောင့် “ထောင်စည်းကမ်းချိုးဖောက်သည်” ဟုဆိုကာ ထောင်အာဏာပိုင် များက မနိုဘယ်လ်အေးအား တိုက်ပိတ်ခဲ့သည့်အပြင် ၄င်းမိသားစုက ထောင်ဝင်စာလာတွေ့ခြင်းကိုလည်း အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ပါသည်။ မနို ဘယ်လ်အေးအပါအဝင် အခြားနိုင်ငံရေးအကျဉ်းသားများအား နိုင်ငံရေးအကျဉ်းသားအဆင့်အတန်း သတ်မှတ်ပေးခြင်းသည် အနိမ့်ဆုံးအဆင့်အဖြစ် ၄င်းတို့၏ လူသားနှင့် နိုင်ငံသားဂုဏ်သိက္ခာကို ပြန်လည်အပ်နှင်းရာ ရောက်စေပါလိမ့်မည်။

နိုင်ငံရေးအဆင့်အတန်း အသိအမှတ်ပြုခံရရေးအတွက် တောင်းဆိုသည့် အစာငတ်ခံဆန္ဒပြပွဲများ

အရပ်သားအမည်ခံအစိုးရ အာဏာရလာသော ၂၀၁၁ ခုနှစ် မတ်လမှစ၍ မြန်မာပြည်ထောင်များတွင် နိုင်ငံရေး အကျဉ်းသားများဦးဆောင်သည့် အစာငတ်ခံဆန္ဒပြပွဲများ အနည်းဆုံး ၃ ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်ပါသည်။ ထိုဆန္ဒပြပွဲများသည် နိုင်ငံရေးအကျဉ်းသားများအား နိုင်ငံရေးအကျဉ်းသားအဖြစ်မဟုတ်ဘဲ ရာဇဝတ်သားအဖြစ် လွှတ်ပေးသော အကျဉ်းသား လွှတ်ပေးမှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ ဆန္ဒပြပွဲတွင်ပါဝင်သော နိုင်ငံရေးအကျဉ်းသားများက ၄င်းတို့ အဆင့်အတန်းကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုပေးရန်နှင့် ၄င်းတို့၏ အခြေခံအကျဉ်းသား အခွင့်အရေးများ ရရှိရေးတို့အတွက် တောင်းဆို ခဲ့ကြပါသည်။ ပြည်ထဲရေးဝန်ကြီးထံပေးပို့သော အရှင်ဂမ္ဘီရ၏ စာထဲတွင် အဘယ့်ကြောင့် ကလေးထောင်၌ ၄င်းအစာငတ်ခံဆန္ဒပြရန် ဆုံးဖြတ်ခဲ့သည်ကိုထည့်သွင်းရေးသားခဲ့သည့်အပြင် ဆန္ဒပြပွဲများ၏ အဓိက ရည်ရွယ်ချက်ကိုလည်း တိကျစွာဖော်ပြထားပါသည်။ ၄င်းက “ဒီမိုကရေစီနည်းကျသည့် အစိုးရတရပ်အောက်၌ ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသားများတွင် အခွင့်အရေးရှိရပါမည်။ ကျွန်ုပ်တို့တွင် ကျန်းမာရေးစောင့်ရှောက်ခံရခွင့်၊ အစားအစာ လုံလောက်စွာ ရပိုင်ခွင့်၊ မိသားစုနှင့် လွတ်လပ်စွာဆက်သွယ်ခွင့်၊ တရားဝင်ထုတ်ဝေထားသော စာအုပ်များဖတ်ပိုင်ခွင့်၊ ရေဒီယို နားထောင်ခွင့်နှင့် အကျဉ်းထောင်ဥပဒေများအတိုင်း ပြုမူဆက်ဆံခံရခွင့် စသည့် အခွင့်အရေးများ ရှိရပါမည်” ဟု ဆိုပါသည်။

အကျဉ်းထောင်နှင့် နိုင်ငံတော်အာဏာပိုင်များက ထိုဆန္ဒပြမှု ၃ ကြိမ်စလုံးကို အလျှင်အမြန် နှိပ်ကွပ်ခဲ့သည့်အပြင် သက်ဆိုင်ရာ ထောင်များတွင် ဖိနှိပ်မှုများတိုးမြှင့်ဆောင်ရွက်ခဲ့ပြီး လုံခြုံရေးကိုလည်း ကာလတခုထိ ပိုတင်းကျပ်ခဲ့ပါသည်။ အင်းစိန်ထောင်တွင် နောက်ဆုံးဖြစ်ပွားခဲ့သော အစာငတ်ခံဆန္ဒပြပွဲ၌ ပါဝင်သည့် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးအနက် ၈ ဦးမှာ စစ်ခွေးတိုက်သို့ ပို့ဆောင်ခံခဲ့ကြရပါသည်။ အလားတူ မေလ ၂၃ ရက်နေ့တွင် စတင်ခဲ့သော အင်းစိန်ထောင် အစာငတ်ခံ ဆန္ဒပြပွဲ၌ ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများအနက် ၁၁ ဦးမှာလည်း စစ်ခွေးတိုက်သို့ ပို့ဆောင်ခံခဲ့ ကြရပါသည်။

ဆန္ဒပြပွဲတွင်ပါဝင်သော နိုင်ငံရေးအကျဉ်းသားအားလုံးတွင် တူညီသည့်ဆန္ဒတခုရှိပါသည်။ ယင်းမှာ ၄င်းတို့ အနေနှင့် နိုင်ငံရေး အကျဉ်းသားအဖြစ် တရားဝင်အသိအမှတ်ပြုခံရရေးနှင့် ၄င်းတို့၏ အခြေခံအခွင့်အရေးများ အပြည့်အဝခံစားရရေးတို့ပင် ဖြစ်ပါသည်။ ငြိမ်းချမ်းစွာဆန္ဒပြမှုကြောင့် ယင်းသို့ ပြစ်ဒဏ်ပေးခြင်းသည် ၄င်းတို့၏ အခွင့်အရေးကို သိသာစွာချိုးဖောက်ခြင်း ဖြစ်ပါသည်။ အချို့ဖြစ်ရပ်များတွင် နိုင်ငံရေးအကျဉ်းသားများအနေနှင့် ရက်ရက် စက်စက် လူမဆန်စွာ ပြုမူဆက်ဆံခံရသည့်အပြင် နှိပ်စက်ညှင်းပန်းမှုများနှင့်ပါ ကြုံတွေ့ရပါသည်။ အနိမ့်ဆုံး နိုင်ငံတကာစံချိန်စံညွှန်းအရ အကျဉ်းသားများတွင် ထောင်တွင်းအခြေအနေများနှင့်ပတ်သက်၍ တင်ပြတိုင်တန်းပိုင်ခွင့် ရှိပါသည်။ သို့ရာတွင် နိုင်ငံရေးအကျဉ်းသားများမှာမူ မည်သို့သော တင်ပြတိုင်တန်းမှုမျိုးကိုမဆို ဆောင်ရွက်သည့် အခါတိုင်း ပြင်းထန်စွာ အပြစ်ပေးခံရသည့်အပြင် ၄င်းတို့၏ နစ်နာမှုများအတွက် တင်ပြနိုင်သောအခွင့်အလမ်း လုံးဝမရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရပါသည်။

မျက်မှောက်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် နိုင်ငံရေးအက်ဥပဒေများကို ပြုပြင်မွမ်းမံရန် လိုအပ်မြန်မာနိုင်ငံ တရားရေးစနစ် သည် မွေးရာပါအပြစ်အနာအဆာရှိသည့် စနစ်ဖြစ်သည့်အပြင် လူ့ဘဝ၏ ကဏ္ဍတိုင်းအား ရာဇဝတ်ကြောင်းနှင့် လွတ်ကင်းမှုမရှိစေရန် စီမံထားသည့် စနစ်ဖြစ်ပါသည်။ တချိန်တည်းမှာပင် မြန်မာပြည်သူများ၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးရည်မှန်းချက်တို့ကို နိုင်ငံရေးအသွင် မဆောင်စေရန် စီမံထားသည့် စနစ်လည်းဖြစ်ပါသည်။ အစိုးရ၏ မူဝါဒရေးရာပိုင်းနှင့် လက်တွေ့ဆောင်ရွက်မှုအပိုင်းတွင် အစိုးရဆန့်ကျင်သည့် လှုပ်ရှားမှုများအား မည်သည့်အခါကမျှ နိုင်ငံရေး လှုပ်ရှားမှုအဖြစ် ရှုမြင်ယူဆခြင်းမရှိခဲ့ သည်သာမက နိုင်ငံရေးပြစ်မှုမြောက်သည့် အက်ဥပဒေများကိုလည်း မည်သည့်အခါကမျှ မျက်မှောက်အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်သော အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုးမရှိခဲ့ပါ။ ချွင်းချက်အနေနှင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအာဏာရနေသော ၁၉၈၀ ခုနှစ်တွင် နိုင်ငံရေး အမှုများအတွက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ဖူးပါသည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့်တွင် အရေးပေါ် အက်ဥပဒေနှင့် မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေ တို့ကို ချိုးဖောက်ပါက နိုင်ငံရေးပြစ်မှု မြောက်သည်ဟူသော တိကျသည့်ဥပဒေများကို ထည့်သွင်းဖော်ပြထားပါသည်။ သို့ရာတွင် နိုင်ငံရေးပြစ်မှု နှင့်ပတ်သက်၍ ယင်းသို့ အဓိပ္ပါယ် ဖွင့်ဆိုမှု၌ အကန့်အသတ်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ၁၉၈၀ နောက်ပိုင်းပြဌာန်းသည့် ဥပဒေများတွင် နိုင်ငံရေးအမှုနှင့်ပတ်သက်၍ အီလက်ထရွန်းနစ်လုပ်ငန်းဥပဒေနှင့် ပုံနှိပ်ထုတ်ဝေသူများအက်ဥပဒေ စသည်တို့ကို ထည့်သွင်းရန် ပျက်ကွက်ခဲ့သည့်အပြင် အကျိုးဆက်အနေဖြင့် ထိုဥပဒေများကို ချိုးဖောက်ပါက နိုင်ငံရေးအမှုဟု မှတ်ယူခြင်း မရှိသောကြောင့်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားအများအပြားသည် ရာဇ၀တ်မှုဥပဒေပါ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ပြစ်မှုများဖြင့် အကျဉ်းချခံနေကြရပါသည်။ အောက်တိုဘာလ ၁၂ နေ့ အကျဉ်းသားလွှတ်ပေးမှုမတိုင်မီက နိုင်ငံရေး အကျဉ်းသား ၉၈ ဦး ပုံနှိပ်ထုတ်ဝေသူများအက်ဥပဒေချိုဖောက်မှုဖြင့် အကျဉ်းချခံခဲ့ကြရပြီး ၄၅ ဦးမှာ အီလက်ထရွန်းနစ် လုပ်ငန်းဥပဒေ ချိုးဖောက်မှုဖြင့် အကျဉ်းချခံခဲ့ကြရပါသည်။

မည်သည့်ဥပဒေကိုချိုးဖောက်ပါက နိုင်ငံရေးအမှုမြောက်သည်ဟုယူဆခြင်းထက် လူပုဂ္ဂိုလ်တဦးချင်း စီကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးချုပ်နှောင်ခဲ့ပါသနည်းဟူသော အကြောင်းတရား အချို့အပေါ် ဝေဖန် ပိုင်းခြားခြင်း က နိုင်ငံရေးအမှုများ၏ ပုံရိပ်ကို ပိုမိုတိကျစွာ ပေါ်လွင်လာစေပါလိမ့်မည်။ သာဓကအနေဖြင့် ပြစ်မှုနောက်ကွယ်က အရင်းခံအကြောင်းတရားမှာ နိုင်ငံရေး၊ လူသားချင်းဆိုင်ရာ သို့မဟုတ် ရာဇဝတ်မှု ဆိုင်ရာနှင့် သက်ဆိုင်မှုရှိမရှိ၊ ပြစ်မှုသည် အထူးသဖြင့် နိုင်ငံရေးအုံကြွမှု၏ အစိတ်အပိုင်းတခုဖြစ်ခဲ့ပါက အဖမ်းအဆီးနောက်ကွယ်ကအရင်းခံအကြောင်းတရား စသည်တို့ကို ဆန်းစစ်ခြင်းဖြစ်ပါသည်။

မည်သည့်အရာက နိုင်ငံရေးအမှုမြောက်သည်ဟု သဘောတူလက်ခံခြင်းနှင့် နိုင်ငံရေးအကျဉ်းသား များအား အသိအမှတ်ပြုခြင်းတို့သည် နောက်ပိုင်းအကျဉ်းသားလွှတ်ပေးမှုများတွင် ပါဝင်နိုင်သည့် နိုင်ငံရေး အကျဉ်းသားများ ၏ ဂုဏ်သိက္ခာ အာမခံချက်အတွက် အရေးပါသည့် ကနဦးဆောင်ရွက်စရာများ ဖြစ်ပါသည်။

ဦးသိန်းစိန်အစိုးရအနေနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေအရပ်ရပ်အား လိမ်လည် လှည့်ဖျားရန်နှင့် နိုင်ငံရေးလှုပ်ရှားသူများအား ဆက်လက်နှောက်ယှက် အကျဉ်းချနေမှုများမှ အာရုံလွဲစေရန် အတွက် ကြိုးပမ်းရာတွင် နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်သည့် အားလုံး သဘောတူလက်ခံနိုင်သော အဓိပ္ပါယ်ဖွင့်ဆိုမှုမရှိသည့်အချက်အပေါ်အသုံးချခဲ့ပါသည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအများစုမှာ နိုင်
ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုခြင်းမခံရပါ၊ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးအမှုနှင့် ပတ်သက်သည့် တခုတည်းသောအဓိပ္ပါယ်ဖွင့်ဆိုမှုမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် နိုင်ငံတော်ကောင်စီ က ၁၉၈၀ တွင် ထုတ်ပြန်သော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်၌သာ ပါရှိသောကြောင့် ဖြစ်ပါသည်။ ယင်းအဓိပ္ပါယ် ဖွင့်ဆိုမှုအား အစားထိုးနိုင်သည့် အဓိပ္ပါယ်ဖွင့်ဆိုမှုများလည်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ထိုအမိန့်တွင် နိုင်ငံရေးနှင့်သက်ဆိုင်သည်ဟု ယူဆနိုင်သော ၁၉၈၀ မတိုင်မီက ဥပဒေများကိုသာ ထည့်သွင်းထား၍ ဖြစ်ပါသည်။ နိုင်ငံရေးအမှုနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုမှုအမျိုးမျိုးအကြား ကွဲပြားမှုများ လျော့နည်း စေရန်အတွက် နည်းလမ်းတခုအနဖြင့် ဆောင်ရွက်နိုင်သည်မှာ သီးခြားလွတ်လပ်သော လူ့အခွင့်အရေးအဖွဲ့များပါဝင်သည့် ပူးတွဲကော်မတီ တရပ်ဖွဲ့စည်း၍ မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီမည့် နိုင်ငံရေး အမှုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုမှု ပြုလုပ်ရေးပင်ဖြစ်ပါသည်။

အကျဉ်းသားလွှတ်ပေးမှုနောက်ပိုင်း ဆက်လက်ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ

အေအေပီပီအနေနှင့် မည်သည့်နိုင်ငံရေးအကျဉ်းသားတဦးဦး လွတ်မြောက်မှုကိုမဆို နွေးထွေးစွာ လက်ခံပါသည်။ သို့ရာတွင် ထိုလွတ်မြောက်လာသူများသည် အခြေခံ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများကို ဘောင်ခတ်ထားသော လွန်စွာရက်စက် ကြမ်းတမ်းသည့် ဥပဒေများအောက်တွင် သေးနုပ်စွာ ရှင်သန်ရပ်တည်ကြရပါသည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားများအနေနှင့် လွတ်မြောက်လာပြီးနောက်ပိုင်းတွင် လည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ဆက်လက် ရင်ဆိုင်ကြုံတွေ့ကြရပါသည်။ ထိုချိုးဖောက်ခံရမှုများတွင် …
၁။ အနှောင့်အယှက်ပေးခံရခြင်းနှင့် ထင်သလိုပြန်လည်ဖမ်းဆီးခံရခြင်း
၂။ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ မျက်ကွယ်ပြုခံရခြင်း
၃။ နိုင်ငံရေးအကျဉ်းသားဟောင်းများသာမက ၄င်းတို့မိသားစုများပါ ခွဲခြားဆက်ဆံခံရခြင်း နှင့်
၎။ လူမှုရေးနယ်ပယ်မှ ဖယ်ကြဉ်ခံရခြင်း
တို့ပါဝင်ပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအနေနှင့် အကျဉ်းထောင်နံရံများပြင်ပတွင် ပုံမှန်အနေအထားအတိုင်း ပြန်လည် ရှင်သန်ရပ်တည်ရန် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြရပါ သည်။ နိုင်ငံရေးအကျဉ်း သား ဖြစ်ခဲ့ဖူးသော ကျောင်းသား များမှာ ကျောင်းပြန်တက်၍ ပညာဆုံးခန်းတိုင်လေ့လာသင်ယူရန် ပိတ်ပင်တားဆီးခံရခြင်း၊ ရှေ့နေနှင့် ဆရာဝန်များမှာ ၄င်းတို့၏ လိုင်စင်များ ရုပ်သိမ်းခံရခြင်း၊ အနုပညာရှင်များမှာ အနုပညာလုပ်ငန်းလုပ်ခွင့် ပိတ်ပင်ခံရခြင်း စသည်တို့ကို ကြုံတွေ့ရသည့် အပြင် ၄င်း တို့ ၏ ရာဇဝတ်မှု မှတ်တမ်းကြောင့် တရားဝင်နိုင်ငံရေး လုပ်ငန်းများဆောင်ရွက် ခွင့်နှင့် ရွေးကောက်ပွဲဝင် ခွင့်တို့လည်း မရှိတော့ပေ။ သာဓကအနေဖြင့် ဂီတပညာရှင် ကိုဇေယျာသော်နှင့် ဟာသပညာရှင် ကိုဇာဂနာတို့သည် ၄င်းတို့ ထောင်မှလွတ်မြောက်လာသည့် ယခုနှစ် မေလနှ င့် အောက်တိုဘာ လနောက်ပိုင်းတွင် ၄င်းတို့ အနုပညာလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့် မရရှိပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သဖြင့် လိုင်စင်ရုပ်သိမ်းခံရသော ရှေ့နေ ၂၂ ဦး၊ ဆရာဝန် ၇ ဦးနှင့် ကျောင်းပြန်တက်ခွင့်မရသော ကျောင်းသား ၇ ဦးတို့သည် ၄င်းတို့၏ လိုင်စင် ပြန်ရရှိရေးနှင့် ကျောင်းပြန်တက်ခွင့် ရရေးတို့အတွက် မကြားသေးခင်က သမ္မတဦးသိန်းစိန်နှင့် မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ထံ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြပါသည်။ ထိုသို့စာရေးသား ပေးပို့ခဲ့သူများတွင် အရှင်ဂမ္ဘီရကဲ့သို့ ထင်ရှားသည့် ပုဂ္ဂိုလ်များအတွက် တရားရုံးတွင် လိုက်ပါ ဆောင်ရွက်ပေးခဲ့ပြီး ရုံးတော်ကို ပမာမခန့်ပြုမှုနှင့် ထောင်ဒဏ် ၄ လ အပြစ်ပေးခံရသော ရှေ့နေဦးအောင်သိန်းလည်း အပါအဝင်ဖြစ်ပါ သည်။ နိုင်ငံရေးအကျဉ်း သားဟောင်းတယောက် ၏ ဆိုးရွားလှသော မျက်မှောက်အခြေအနေနှင့်ပတ်သက်၍ ဦးအောင်သိန်းက “လူတယောက်ကို အပြစ်နှစ်ခုပေးတာမျိုးဖြစ်နေတယ်။ အခုက ထောင်လည်းချတယ်၊ ပြန်လွတ်လာတော့လဲ သူနဲ့ပတ်သက်တဲ့ ရှေ့နေအလုပ်၊ ဆရာဝန်အလုပ်၊ ကျောင်းတက်ခွင့်တွေကို ပိတ်တယ် ဆိုတော့ ဒီခေတ်မှာ ဒါတွေက မဖြစ်သင့်တော့ဘူး။ အစိုးရ ဟောင်းလက်ထက်က ဥပဒေကိစ္စတွေကို အစိုးရသစ်က ဒီလိုပဲသယ်ယူမလား၊ ဒါကို အစိုးသစ်က ဖြေရှင်းသင့်ပြီ” ဟု ပြောဆိုခဲ့ပါသည်။

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုသည် လွတ်မြောက်လာသူများ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေး ရမည် ဖြစ်ပါသည်။ ဆိုလို သည်မှာ နိုင်ငံရေးအကျဉ်းသားများအား ၄င်းတို့၏နိုင်ငံရေးအဆင့်အတန်းကို အသိအမှတ် ပြုမှု၊ ၄င်းတို့၏ ရာဇတ်မှုမှတ်တမ်းများအား ဖယ်ရှားပစ်မှုတို့နှင့်အတူ ချွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်ပါသည်။ အကျဉ်းသား လွှတ်ပေးမှုတိုင်းကိုလည်း မည်သူမည်ဝါ ပါဝင်မည်ဆိုသည့်စာရင်းနှင့် အတူ လူသိရှင်ကြား ကြိုတင် ကြေညာသင့်ပါသည်။ ဤနည်းလမ်းများ အတိုင်း ဆောင်ရွက်ပါက နိုင်ငံရေးအကျဉ်းသားများ၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ပေး ရာ ရောက်စေပါလိမ့်မည်၊ ထို့အတူ ဒီမိုကရေစီလှုပ်ရှားမှုနှင့် ဦးသိန်းစိန်အစိုးရအကြားရှိ နက်ရှိုင်းသည့် ကွာဟချက် များကိုလည်း လျော့နည်းစေပါလိမ့်မည်။

နိုင်ငံရေးအကျဉ်းသားများသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရရှိရေးတို့အတွက် အရေးပါသူများဖြစ်နိုင်ပါသည်၊ သို့ရာတွင် ၄င်းတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုမှသာ ထို့သို့ အရေးပါ နိုင်ပါလိမ့်မည်။ ၄င်းတို့အား အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရရှိရေးလုပ်ငန်းစဉ်နှင့် လူမှုလူ့အဖွဲ့အစည်း တည်ဆောက်ရေးတို့တွင် ပါဝင်ဆောင်ရွက်ရန် ပိတ်ပင်တားဆီးထားပါက ၄င်းတို့ လွတ်မြောက်လာမှုသည် ပြီးပြည့်စုံသော လွတ်မြောက်မှုဟု ခေါ်ဆို၍ မရနိုင်ပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် နိုင်ငံရေးအကျဉ်းသားများ၏ အခန်းကဏ္ဍ

နိုင်ငံရေးအကျဉ်းသားများအနေနှင့် တရားမျှတသည့် နိုင်ငံတည်ဆောက်ရေးအပေါ်ထားရှိသည့် ၄င်းတို့ ယုံကြည်ချက်အတွက် အရေးပါသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ခဲ့ကြပါသည်။ ၄င်းတို့ ချွင်းချက်မရှိ လွတ်မြောက်မှုမရှိဘဲ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီနည်းကျသော အသွင် ကူးပြောင်းမှု တို့အတွက် တိုးတက်မှုတစုံတရာ ရှိနိုင်မည်မဟုတ်ပါ။ နိုင်ငံရေးအကျဉ်းသား တဦးစီအား လူသားချင်းဆိုင်ရာဖြစ်စေ နိုင်ငံရေးဆိုင်ရာဖြစ်စေ ၄င်းအရင်ကာလက လုပ်ခဲ့သည့်အလုပ်များ၊ ဆက်လက်ပညာသင်ခွင့်များအား ပြန်လည် ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းအပြင် ဒီမိုကရေစီနည်းကျအသွင်ကူးပြောင်းမှုတွင်ပါ ပါဝင်ဆောင်ရွက်ခွင့် ပေးသင့်ပါသည်။ နိုင်ငံရေးအရ ကိုယ်စားပြုသူ အဖြစ်ရပ်တည်နိုင်ရန်၊ နိုင်ငံရေးပါတီများတွင် ပါဝင်နိုင်ရန်နှင့် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုလူ့အဖွဲ့အစည်းများ ဖွဲ့လိုကဖွဲ့နိုင်ရန် စသည့်အခွင့်အရေးများအား ကန့်သတ်ချုပ်ချယ်မှုများမရှိဘဲ ပြန်လည်ရရှိနိုင်ရေးအတွက် အကျဉ်းထောင်မှ လွတ်မြောက်လာပြီး နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ၏ ရာဇဝတ်မှုမှတ်တမ်းကို အကုန်အစင် ဖယ်ရှားပေးရပါမည်။

နိုင်ငံရေးအကျဉ်းသားများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍ၌ ရှိနေကြပါသည်။ အဓိကကျသည့် အစုအဖွဲ့များတွင်ပါဝင်သော နိုင်ငံရေးအကျဉ်းသားများ သည် မြန်မာပြည်ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် လူမှုလူ့အဖွဲ့အစည်းတို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့်အပြင် ၄င်းတို့ ချွင်းချက်မရှိလွတ်မြောက်၍ ၄င်းတို့၏ရာဇဝတ်မှုမှတ်တမ်းကို အကုန်အစင် ဖယ်ရှားပြီးနောက်ပိုင်းတွင်လည်း အလားတူ ဆက်လက်ဆောင်ရွက်ကြပါလိမ့်မည်။ ထိုသို့ ဖယ်ရှားပေးမှ သာလျှင် ၄င်းတို့အနေဖြင့် အရေးကြီးသည့် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရာတွင် အဟန့်အတားမရှိဘဲ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

သီးခြားလွတ်လပ်သော အားကောင်းမောင်းသန် လူမှုလူ့အဖွဲ့အစည်းတရပ်တည်ရှိမှုသည် မည်သည့် ဒီမိုကရေစီ နိုင်ငံတွင်မဆို အစိုးရတရပ်အား တာဝန်ယူမှု တာဝန်ခံမှုရှိလာရေးအတွက်ဆောင်ရွက်ရာတွင် အရေးပါလှပါသည်။ လူမှုလူ့အဖွဲ့အစည်းသည် အာဏာရအစိုးရနှင့် သီးခြားလွတ်လပ်မှုရှိရန် အရေးကြီးပါသည်၊ သို့မှာသာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိမည်ဖြစ်ပြီး အစိုးရတာဝန်ယူမှု တာဝန်ခံမှုရှိရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြန်မာအမျိုးသားလူ့အခွင့်အရေးကောင်မရှင်သည် ယခင်စစ်အစိုးရ အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားပြီး ဦးသိန်းစိန်အစိုးရက ကမကထပြုထားသဖြင့် ယင်းကော်မရှင်ဖွဲ့စည်း ထူထောင်မှုသည် လူမှုလူ့အဖွဲ့အစည်းသဘောသဘာဝနှင့် ကိုက်ညီမှုမရှိပါ။

နိုင်ငံရေးအကျဉ်းသားများသည် မြန်မာ့လူမှုလူ့အဖွဲ့အစည်း၏ အဆင့်တိုင်းအတွက် လွန်စွာအရေးကြီး လှပြီး ယင်းလူမှု လူအဖွဲ့အစည်းအား ပုံဖော်ရာနှင့် ဒီမိုကရေစီတည်ဆောက်ရေးအတွက် ပြင်ဆင်ရာတို့တွင် မဖြစ်မနေ ရှိရမည့်သူများလည်း ဖြစ်ကြပါသည်။ ထိုသို့ပုံဖော်ရာနှင့် ပြင်ဆင်ရာတွင် အခြားသူများအား ၄င်းတို့တွင် မည်သည့် အခွင့်အရေးများရှိသည်နှင့် ယင်းအခွင့်အရေးများအား မည်သို့ရယူရမည်တို့ကို သင်ကြားပေးခြင်းလည်း ပါဝင်ပါသည်။ နိုင်ငံရေးအကျဉ်းသားများအနေနှင့် လူမှုလူ့အဖွဲ့အစည်းများအား အနှောင့်အယှက် အတားအဆီးအတွက် စိုးရိမ် ကြောက်ရွံ့မှုမရှိဘဲ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်နိုင်ရန် ၄င်းတို့၏ ရာဇဝတ်မှုမှတ်တမ်းကို အကုန်အစင် ဖယ်ရှားပေးရပါမည်။

ဦးသိန်းစိန်အစိုးရအတွက် အကြံပြုချက်များ

၁။ နိုင်ငံရေးအကျဉ်းသားအားလုံး၏ တည်ရှိမှုကို တရားဝင် အသိအမှတ်ပြုပေးရန်
၂။ နိုင်ငံရေးအကျဉ်းသားဖြစ်မှု စံချိန်စံညွန်းကို စဉ်းစားဆုံးဖြတ်နိုင်ရန်အတွက် လွတ်လပ်သော ပူးတွဲ ကော်မတီတရပ် ဖွဲ့စည်းပေးရန်
၃။ အကျဉ်းသားလွှတ်ပေးမှုများကို မည်သူမည်ဝါပါဝင်မည်ဆိုသည့်စာရင်းနှင့်အတူ လူသိရှင်ကြား ကြိုတင်ကြေညာ ပေးရန်
၎။ နိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေးရာတွင် မထင်မရှား လွှတ်ပေးခြင်းမျိုးမဟုတ်ဘဲ ၄င်းတို့၏ နိုင်ငံရေးအဆင့်အတန်းကို အသိအမှတ်ပြု၍ နိုင်ငံရေးအကျဉ်းသားများအဖြစ်အသိအမှတ်ပြုကာ လွှတ်ပေးရန်
၅။ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုကို ချွင်းချက်မရှိဖြစ်စေရန်
၆။ နိုင်ငံရေးအကျဉ်းသားများ၏ ရာဇဝတ်မှုမှတ်တမ်းကို လုံးဝအကုန်အစင်ဖယ်ရှားပေးရန်



နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန် …

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဇော်ထွန်း (အလုပ်အမှုဆောင်) +၆၆ (၀) ၈၉ ၉၅၂ ၇၃၄၀

16 September 2011

ကျန်းမာရေးအလွန်ဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား အမြန်ဆုံးလွှတ်ပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို

သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်

ကျန်းမာရေးအလွန်ဆိုးဝါးပြင်းထန်စွာ ခံစားနေရသော အကျဉ်းသားတဦးအား အမြန်ဆုံး လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ မြန်မာအစိုးရအား အလေးအနက် တိုက်တွန်းလိုက်ပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဦးဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ကိုဇော်လင်းထွန်းသည် ယခုလက်ရှိအချိန်၌ အဆုတ်နာရောဂါ၊ အသည်းရောင် အသားဝါ ဘီ၊ ကျောက်ကပ် ကျောက်တည်ရောဂါ၊ အစာအိမ်ရောဂါ နှင့် နှလုံးရောဂါစသည့် ဆိုးဝါးပြင်းထန်လွန်းသော ကျန်းမာရေးအခြေအနေများ ရင်ဆိုင်ခံစားနေရပါသည်။ ကိုဇော်လင်းထွန်းသည် ထောင်ဒဏ် ၂၀ ချမှတ်ခံထားရ ပြီး၊ ထောင်ထဲ၌ ၈နှစ် ကြာမျှနေထိုင်ခဲ့ပြီးဖြစ်သည်။

ကိုဇော်လင်းထွန်းသည် ယခုနှစ်ဇူလိုင်လမှစတင်ကာ ကျန်းမာရေး အလွန်ဆိုးဝါးပြင်းထန်လာသော် လည်း စက်တင်ဘာလ ၁ ရက်နေ့အထိ ပြင်ပဆေးရုံသို့ တက်ရောက်ကုသခွင့်မရခဲ့ပေ။ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စမ်းသပ်သည့်အချိန်တွင်မှ ကိုဇော်လင်းထွန်းသည် အစာအိမ်ကင်ဆာ နှင့် အသည်းကင်ဆာရောဂါများပါ ခံစားနေရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါသည်။ ၄င်းအနေဖြင့် အစာကောင်းစွာ မစားနိုင်ခြင်း၊ ကောင်းစွာမရပ်နိုင်ခြင်း နှင့် ကောင်းစွာလမ်းမလျှောက်နိုင်ဖြစ်နေသည်မှာ ၂ လ ကျော်နေပြီဖြစ် သည်။

ကိုဇော်လင်းထွန်း၏ မိတ်ဆွေဖြစ်သူ ဦးဌေးမှ စက်တင်ဘာလ ၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်ထံသို့ ကိုဇော်လင်းထွန်းအား ကျန်းမာရေးအခြေအနေအရ စောစီးစွာလွှတ်ပေးရန် အသနားခံစာတင်ထားပြီးဖြစ်ပြီး၊ ကိုဇော်လင်းထွန်း၏ မိခင်ဖြစ်သူမှ လက်မှတ်ထိုးပြီး ဒုတိယအကြိမ် အသနားခံစာ ထပ်မံတင်ပြနိုင်ရန် စီစဉ် နေပါသည်။ အကျဉ်းဦးစီးဌာန လုပ်ထုံးလုပ်နည်းများအရ အသက်ဆုံးရှုံးနိုင်သည်အထိ ရောဂါဝေဒနာ ခံစားနေရကြောင်း ခိုင်လုံစွာတင်ပြနိုင်သည့် မည်သည့်အကျဉ်းသားကိုမဆို အကျဉ်းကျခံနေရသော်လည်း ပြစ်ဒဏ်လျှော့ပေါ့၍ စောစီးစွာလွှတ်ပေးနိုင်သည်ဆိုသည့် အချက်နှင့်အညီ အသနားခံစာများကို တင်ပြထား သော်လည်း အသနားခံစာများအပေါ် မည်သည့်အကြောင်းပြန်ကြားချက်ကိုမျှ မရရှိသေးပေ။

“ကိုဇော်လင်းထွန်းကို နောက်ဆုံးအချိန်ရောက်တော့မှ ပြင်ပဆေးရုံထုတ်ကုခွင့်ပြုခဲ့ပေမယ့် အချိန်က နှောင်းနေပြီ။ ကိုဇော်လင်းဦး ဝေဒနာခံစားနေရတာကို လိုအပ်တဲ့ ဆေးဝါးကုသခွင့်မပြုပဲ အချိန်ဆွဲနေတာက ညှဉ်းပမ်းနှိပ်စက်နေတာနဲ့ တူနေပါတယ်။ သူ့ကိုဆက်ပြီး အကျဉ်းချထားတာကို ကြည့်ခြင်းအားဖြင့် အစိုးရကပြောနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါတယ်ဆိုတာဟာ အပြောသက်သက်လိုဖြစ်နေပါတယ်။ အကျဉ်းထောင်အခြေအနေတွေကလည်း နိုင်ငံတကာစံနဲ့ကြည့်ရင် ခုထိနိမ့်ကျနေတုန်းပါပဲ။ အစိုးရရဲ့ ပြောဆိုမှုတွေက တကယ်လက်တွေ့အမှန်တရားနဲ့ကိုက်ညီနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် တကယ့်ကို အရေးတကြီးဆေးဝါးကုသမှုတွေလိုအပ်နေတဲ့ နိင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လာရင်ပေါ့။ သူတို့တွေရဲ့ ကျန်းမာရေးအခြေအနေတွေကို ပုံမှန်စစ်ဆေးပေးနေရမယ်၊ လိုအပ်ရင် အချိန်မီ ပြင်ပဆေးရုံကိုထုတ်ပြီး ကုသခွင့်ပေးရပါမယ်” ဟု အေအေပီပီ တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည်မှ ပြောပါသည်။

ကိုဇော်လင်းထွန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းမှုနှင့် ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး၊ အရေးပေါ်စီမံချက်ဥပဒေ၊ မတရား အသင်းဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် အသင်းအပင်းဖွဲ့စည်းခြင်းဆိုင်ရာဥပဒေများဖြင့် တရားဆွဲဆို ခံခဲ့ရပါသည်။ ၎င်းသည် ယခုအချိန်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရပါသည်။ အကျဉ်းသားဦးရေများပြားခြင်းနှင့် ဆရာဝန်လုံလောက်စွာ မထားရှိနိုင်ခြင်းကြောင့် အင်းစိန် အကျဉ်းထောင်တွင် ဆေးဝါးကုသမှုကောင်းစွာဆောင်ရွက်ပေးနိုင်ခြင်းမရှိပေ။ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသား ၁၀၀၀၀ အတွက် ဆရာဝန် ၃ ဦးသာထားရှိနိုင်သည်။ ၂၀၁၀ ခုနှစ်မှစ၍ ကျန်းမာရေးအခြေအနေဆိုးဝါးနေသော နိုင်ငံရေး အကျဉ်းသားဦးရေမှာ ၁၃၇ ယောက် မှ၊ ၂၀၁၁ စက်တင်ဘာလ ၁ ရက်နေ့တွင် ၁၆၄ ယောက်အထိ တဖြည်းဖြည်း တိုးလာနေပါသည်။ အေအေပီပီအနေဖြင့် ညှဉ်းပမ်းနှိပ်စက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းများနှင့် ဆိုးဝါးလှသည့် အကျဉ်းထောင်အခြေအနေများကြောင့် ဖြစ်ပွားခဲ့သည့် အကျဉ်းထောင် အတွင်း နိုင်ငံရေး အကျဉ်းသားသေဆုံးမှု အနည်းဆုံး ၁၄၆ မှုအား မှတ်တမ်းပြုစုထားပြီးဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ပြင်ပဆေးရုံတွင်ကုသခွင့်ရရန် တင်ပြတောင်းခံနေရသည့် အခက်အခဲများနှင့် ခွင့်ပြုမိန့်ရရန် ကာလကြာရှည်စွာ စောင့်ဆိုင်းနေရခြင်းမျိုး မရှိခဲ့ဘူးဆိုလျင် သေဆုံးမှု တော်တော်မျာများအား တားဆီးကာကွယ်နိုင်ခဲ့မည်ဖြစ်သည်။ အကျဉ်းထောင်အရာရှိများအနေဖြင့် သာမန် ရာဇ၀တ် အကျဉ်းသားများအား ပြင်ပဆေးရုံထွက်ကုသနိုင်စေရန် ခွင့်ပြုချက်ပေးနိုင်သော်လည်း၊ နိုင်ငံရေး အကျဉ်းသားများပြင်ပဆေးရုံသို့ထွက်၍ ဆေးဝါးကုသခွင့်နှင့် ပတ်သက်လာလျှင် အထက်အဆင့်ဆင့်သို့ ခွင့်ပြုချက်တောင်းခံရန်လိုအပ်သည်။ အသက်အန္တရယ်ဖြစ်နိုင်သည့် ရောဂါများနှင့် နာတာရှည် ရောဂါများအား ဆေးဝါးကုသခွင့်အတွက် ခွင့်ပြုချက်ရရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်း အတော်ကြာသည်အထိ စောင့်ဆိုင်းရတတ်ပါသည်။

“ကျနော်တို့အနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို လူသားခြင်းစာနာထောက်ထားတဲ့အနေနဲ့ရော ကျန်းမာရေးအခြေအနေအရပါ ကိုဇော်လင်းထွန်းကို အမြန်ဆုံးလွှတ်ပေးပြီး အခုလိုအသက်အန္တရာယ် ရင်ဆိုင်နေရတဲ့အချိန်မှာ သူ့မိသားစုတွေနဲ့အတူ နေထိုင်နိုင်ခွင့်ပေးဖို့ အလေးအနက်မေတ္တာရပ်ခံချင်ပါတယ်” ဟု ကိုဘိုကြည်မှ ပြောပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

21 April 2011

အမေရိကန်သမ္မတ အိုဘားမား မှ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် Derek Mitchell ကို ခန့်အပ်ခြင်းအား အေအေပီပီ (AAPP ) မှ ကြိုဆို

သတင်းထုတ်ပြန်ချက်

၂၀၁၁ ခုနှစ် ဧပြီလ ၂၀ ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီမှ အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏ ပေါ်လစီရေးရာ အထူးကိုယ်စားလှယ်အဖြစ် Derek Mitchell ကို ခန့်အပ်ခြင်းအား ကြိုဆိုလိုက်သလို နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးလွတ်ပေးရေး အတွက် မြန်မာအစိုးရသစ်အပေါ် ဆက်လက်တွန်းအားပေးလုပ်ဆောင်ရန် အမေရိကန်အစိုးရအား တိုက်တွန်း လိုက်ပါသည်။

“ဒီလို အထူးကိုယ်စားလှယ် ခန့်အပ်လိုက်တာဟာ အပြုသဘောဆောင်တဲ့ တိုးတက်မူတစ်ခုဖြစ်ပြီး အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် လက်ရှိနိုင်ငံခြားရေးမူဝါဒဟာ တကယ့်ကိုအလေးအနက်ထားတယ် ဆိုတာကို ဖော်ပြတာဖြစ်တယ်။ လက်ရှိအချိန်ဟာ အလွန်အရေးကြီးတဲ့အချိန်ကိုရောက်နေပြီဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရဟာ သူတို့အရပ်သားအစိုးရအဖြစ်ပြောင်းသွားပြီးဖြစ်တယ်လို့ နိုင်ငံတကာကို ပြောနေတဲ့အချိန်ဖြစ်သလို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း “စောင့်ကြည့်ရအုံးမှာပေါ့” ဆိုတဲ့ ကျဉ်းထဲကျပ်ထဲအခြေအနေမှာ ရောက်နေလို့ပါ” ဟု အေအေပီပီ တွဲဘက် အတွင်းရေးမှုး ကိုဘိုကြည်မှ ပြောပါသည်။

အစိုးရသစ်ပြောဆိုသည်များနှင့် လက်တွေ့အခြေအနေသည် တခြားစီဖြစ်နေပါသည်။ မသမာမှု မြောက်များစွာ အတိပြီးသည့် ရွေးကောက်ပွဲမှတဆင့် အာဏာရလာသည့် ဦးသိန်းစိန်အစိုးရထံမှလည်း တကယ်စစ်မှန်သည့် ပြောင်းလည်းမှုမျိုး လုပ်ဆောင်မည့် လက္ခဏာမျိုးကိုမတွေ့ရှိရပါ။ နိုင်ငံရေး အကျဉ်းသားများအား ညှင်းပမ်းနှိပ်စက်ခြင်း မတရားဖမ်းဆီးခြင်းများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါသည်။ ၂၀၇၃ ဦးထက်မနည်းသော နိုင်ငံရေးအကျဉ်းသားများသည်လည်း ၄င်းတို့၏နိုင်ငံသား ဆိုင်ရာ အခြေခံအခွင့်အရေးများအား လက်တွေ့ ကျင့်သုံးသဖြင့် ထောင်သွင်းအကျဉ်းချ ခံနေရဆဲဖြစ်ပါသည်။

အေအေပီပီ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်အသစ်နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် အပြည့်အ၀ ပူးပေါင်းလက်တွဲလုပ်ဆောင်ရန် အသင့်ရှိပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ဆိုင်ရာမူဝါဒရေးရာ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာစစ်အစိုးရ၏ အဓိကကျသော တာဝန်ရှိသူများအား ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ နှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။

“မြန်မာနိုင်ငံမှာ အပြောင်းအလည်းဖြစ်နေပါပြီ ဆိုတဲ့လက္ခဏာမျိုးသက် ရောက်စေနိုင်တဲ့ မြန်မာ အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံဖို့ကို အမေရိကန်အစိုးရအနေနဲ့ လက်မခံနိုင်သေးဘူးဆိုတာပြဖို့ အရေးကြီးတယ်။ နိုင်ငံရေး အကျဉ်းသားများအားလုံးခြွင်းချက်မရှိလွတ်ပေးတာမျိုး၊ အမျိုးသားပြန်လည်သင့်မြောက်ရေးအတွက် စစ်မှန်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးရေးလုပ်တာမျိုးနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ ချက်ချက်းရပ်တန့်ပေးတာမျိုး လုပ်ဆောင်မှသာ တကယ့်စစ်မှန်တဲ့ အပြောင်းအလဲဖြစ်စဉ်လို့ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်” ဟု ကိုဘိုကြည်မှပြောဆိုပါသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇ၀တ်မှုများ စုံစမ်းရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းရန် အမေရိကန်အစိုးရ၏ထောက်ခံအားပေးမှုကို ဆက်လက်တိုးမြှင့်လုပ်ဆောင်ပေးရန်အတွက်လည်း အေအေပီပီမှ တိုက်တွန်းလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

04 November 2010

နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော် အကျဉ်းကျနေဆဲဖြစ်ကြောင်း အေအေပီပီ မှသတင်းထုတ်ပြန်ချက်ထုတ်

နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော် အကျဉ်းကျနေဆဲဖြစ်ကြောင်း အေအေပီပီ မှသတင်းထုတ်ပြန်ချက်ထုတ်

သတင်းထုတ်ပြန်ချက်။

၂၀၁၀ ခုနှစ်၊နိုဝင်ဘာလ (၃) ရက်။

ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ထက်မနည်း အချုပ်နှောင်ခံနေရသည့်အပြင် ယခု အပတ်တွင်ကျင်းပမည့် ရွေးကောက်ပွဲကာလအတွင်း မဲပေးခွင့်နှင့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် လုံးဝပါဝင်နိုင်ခွင့်မရှိဘဲ အကျဉ်းကျလျှက်သာ ရှိနေမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီမှ ယနေ့ထုတ်ပြန်သော ရွေးကောက်ပွဲ အထူးအစီရင်ခံစာတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၅ ဦးသည် ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲ နှစ်ခုစလုံးအား အကျဉ်းစံများအဖြစ် ဖြတ်သန်းကြရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

“စိတ်မကောင်းစရာတခုက နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၃၀ လောက်က ၁၉၉၀ မတိုင်ခင်ကတည်းက အကျဉ်းကျနေကြတာဖြစ်ပြီး ထောင်ထဲမှာ အနှစ် ၂၀ ကျော် နေနေကြရတဲ့သူတွေဖြစ်ကြပါတယ်” ဟု အေအေပီပီ တွဲဘက် အတွင်းရေးမှူးဖြစ်သူ ကိုဘိုကြည်မှ ပြောဆိုပါသည်။

အစီရင်ခံစာတွင် စစ်အစိုးရမှ အတိုက်အခံများအား ရက်ရက်စက်စက် နှိပ်ကွပ်သည့်ကိစ္စရပ်များနှင့် ရွေးကောက်ပွဲ အကြိုကာလအတွင်း နိုင်ငံရေးလှုပ်ရှားသူများနှင့် ၄င်းတို့၏အခြေခံရပိုင်ခွင့်များကို ငြိမ်းချမ်းစွာဖွင့်ဟဖော်ထုတ်သော သာမန်ပြည်သူများအား ဆက်လက်ဖမ်းဆီးထောင်ချနေမှုများ၊ ဟန့်တားနှောက်ယှက် ချုပ်ချယ်ကန့်သတ်မှုများ၊ နှိပ်စက် ညှဉ်းပမ်းမှုများအား လှစ်ဟပြထားပါသည်။

၂၀၁၀ ခုနှစ်အတွင်းတွင် နိုင်ငံရေးအကျဉ်းသား အရေအတွက် တိုးလာရုံသာမက နှိပ်စက်ညှဉ်းပမ်းခြင်းနှင့် ဆိုးဝါးလှသည့် ထောင်အခြေအနေများအောက်တွင် ချုပ်နှောင်ထားမှုများ ဆက်လက် ဖြစ်ပေါ်နေပါသည်။

“အကြမ်းဖက်မှု၊ အနိုင်ကျင့်နှောက်ယှက်မှုနဲ့ ဥပဒေမဲ့ စိတ်ထင်တိုင်းဖမ်းဆီးမှုတွေ ဆက်ဖြစ်- ပိုဖြစ်လာတဲ့အတွက် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး ဘယ်လိုမှဖြစ်လာမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံထဲက လူဦးရေသန်းပေါင်း ၅၀ ကျော်ရဲ့ဘ၀တွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမယ့်အစား နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်အစိုးရကကျင်းပမယ့် ရွေးကောက်ပွဲတွေကြောင့် ပြည်သူလူထုအနေနဲ့ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ ပိုမို ရင်ဆိုင်နေကြရပါတယ်။” ဟု အေအေပီပီ တွဲဘက်အတွင်းရေးမှုး ကိုဘိုကြည်က ပြောပြပါသည်။

ယမန်နှစ်တွင်လည်း ထောင်အခြေအနေနှင့် နိုင်ငံရေးအကျဉ်းသားအခြေအနေ တိုးတက်မှု လုံးဝ မရှိကြောင်းနှင့် ရွေးကောက်ပွဲအပေါ် သဘောထားအမြင် ဖွင့်ဟထုတ်ဖော်ပြီး အခြားသူများအား ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက် ဗဟုသုတများ လက်ဆင့်ကမ်းသဖြင့် လူအများ အဖမ်းဆီးခံ နှိပ်စက်ခံ အကျဉ်းချ ခံနေကြရကြောင်း၊ စက်တင်ဘာလထဲတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေမှုဖြင့် ကျောင်းသား ၁၁ ဦး အဖမ်းခံခဲ့ရကြောင်း အစီရင်ခံစာတွင်ဖေါ်ပြပါရှိပါသည်။

“ပြည်သူလူထုကို သူတို့ အခွင့်အရေးတွေအကြောင်း၊ ရွေးကောက်ပွဲအကြောင်းပညာပေး ပြောပြလို့ဖမ်းဆီးနှိပ်စက်နေမှတော့ ရွေးကောက်ပွဲရဲ့ လွတ်လပ် တရားမျှတမှုအပေါ် ကျနော်တို့ ဘာပြောလို့ ရတော့မှာလဲ”“ခေါင်းဆောင်အများစုက အကျဉ်းကျနေကြဆဲဆိုတော့ တနင်္ဂနွေနေ့ဆိုရင် မြန်မာပြည်သူတွေအနေနဲ့ သူတို့နှစ် သက်တဲ့ခေါင်းဆောင်ကို လွတ်လွတ်လပ်လပ် မဲပေးခွင့်ရမှာမဟုတ်ဘူး။

စစ်အစိုးရက နိုင်ငံတကာအသိုင်းအ၀ိုင်းကို သူတို့အနေနဲ့ အပြောင်းအလဲတွေ လုပ်ဆောင်နေတယ်လို့ အယုံသွင်းဖို့ ကြိုးစားနေပါတယ်။ သူတို့အနေနဲ့ တိုင်းပြည် အပြောင်းအလဲအတွက် အမှန်တကယ် စိတ်စေတနာကောင်းရှိတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့ အပါအ၀င် အခြားအရေးပါတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို ထောင်ကပြန်လွှတ်ပေးပြီး အချုပ်အချယ် အကန့်အသတ်မရှိပဲ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပြုထားပြီးသား ဖြစ်ရမှာပေါ့” ဟု ကိုဘိုကြည်မှ ဆိုပါသည်။



နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

အသေးစိတ် ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဘက်အတွင်းရေးမှူး) +၆၆ ၀၈၁ ၉၆၂ ၈၇၁၃

22 August 2010

နိုင်ငံရေးအကျဉ်းသားများအား လုံလောက်သည့် ဆေးကုသခွင့်မပေးမှုအပေါ် အေအေပီပီမှ ကန့်ကွက်

သတင်းထုတ်ပြန်ကြေငြာချက်။

ရက်စွဲ။ ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်



နိုင်ငံရေးအကျဉ်းသားများအား လုံလောက်သည့် ဆေးကုသခွင့်မပေးမှုအပေါ် အေအေပီပီမှ ကန့်ကွက်


မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၅ နှစ် အကျဉ်းကျခံနေရသော ကိုမျိုးမင်းဝေသည် အတွင်း လိပ်ခေါင်းရောဂါ အပြင်းထန်ခံစားနေရသော်လည်း ဆေးကုသခွင့်မရရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (အေအေပီပီဘီ) မှ ကြားသိရပါသည်။

ကိုမျိုးမင်းဝေသည် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး လူမှုရေးကူညီဆောင်ရွက်မှုများပြုလုပ်နေစဉ် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် အပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကာ ၂၀၀၉ ခုနှစ် မတ်လက အတွင်းလိပ်ခေါင်းရောဂါဖြစ်နေ၍ ခွဲစိတ်ရန် လိုအပ်သည့်ကြားမှ နယ်ဝေးထောင်သို့ ပြောင်းရေ့ခံခဲ့ရခြင်းဖြစ်သည်။ ယခုလ ၁၀ ရက်နေ့က ခန္တီးထောင်တွင် ကိုမျိုးမင်းဝေ ကို ထောင်ဝင်စာတွေ့ပြီးပြန်လာသူ ဖခင်ဖြစ်သူ ဦးတင်လှက ကိုမျိုးဝင်းဝေသည် အတွင်းလိပ်ခေါင်းရောဂါ ခံစားနေရသဖြင့် ထမင်းမစားနိုင်ဘဲ အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်နေကြောင်း၊ လိပ်ခေါင်းဝေဒနာကြောင့် ၅ ရက်ကျော်ကြာ အစာမစားနိုင် ၀မ်းမသွားနိုင်ဖြစ်နေပြီး ရေသာသောက်နေရကြောင်း သတင်းဌာနများသို့ပြောကြားခဲ့သည်

ခန္တီးထောင်ဆရာဝန်က ကိုမျိုးဝင်းဝေကို အရေးပေါ်ခွဲစိတ်ရန် လိုအပ်ကြောင်း ထောင်အာဏာပိုင်များအား တင်ပြခဲ့သော်လည်း ထောင်အာဏာပိုင်များက အထက်ကိုတင်ပြထားသည်ဟုသာ တုံ့ပြန်ပြောဆိုခဲ့ကြောင်း၊ ယခုလ ၁၂ ရက်နေ့က သားဖြစ်သူအား အမြန်ဆုံး ဆေးကုသပေးရန် သက်ဆိုင်ရာ အက်စ်ဘီနှင့် စရဖအဖွဲ့ကို တိုင်ကြားခဲ့သော်လည်း အထက်ကိုတင်ပြပေးမည်ဟုသာ ဖြေကြားခဲ့သည်ဟု ဦးတင်လှမှပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် ခန္တီးထောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးညီပုသည်လည်း အောက်ပိုင်းသေသည့်ဝေဒနာခံစားနေရပြီး ထိရောက်သောဆေးကုသခံယူမှုမရရှိကြောင်း၊ ခရမ်းမြို့နယ်မှ ပဲပြုတ်(ခေါ်) ကိုဝင်းမြင့်မောင် မှာလည်း ငှက်ဖျားရောဂါဖြစ်နေပြီး အိပ်ယာထဲလဲနေကြောင်း၊ ရန်ကုန်တိုင်း အင်းစိန်ထောင်တွင်လည်း ပုဒ်မ ၁၃(၁)၊ ၁၇(၁) တို့ဖြင့် ပြစ်ဒဏ် ၁၃ နှစ် ကျခံနေရသူ မဥမ္မာမြင့် သည်လည်း အစာအိမ်ရောဂါဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့တင်ပို့ကုသ ခံယူရကြောင်း သိရှိရပါသည်။ မဥမ္မာမြင့်အား ဆေးရုံတင်ထားရသည်မှာ ၅ ရက်ခန့်ရှိပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဝေဒနာသက်သာလာခြင်း မရှိသေးကြောင်း သိရှိရပါသည်။

အေအေပီပီ အတွင်းရေးမှူးဖြစ်သူ ကိုတိတ်နိုင်မှ “နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေးဆိုးပြီဆိုရင် ထုံးစံအားဖြင့်တော့ အာာပိုင်တွေက လျစ်လျူရှုနေတာများပါတယ်။ ထောင်အာာပိုင်က လုံလောက်တဲ့ဆေးကုသမှုမပေးဘူး၊ မိသားစုတွေက သူတို့တာဝန်ယူကုပါရစေ လိုအပ်တဲ့ဆေးတွေ ၀ယ်ပေးပါရစေဆိုရင်လည်း ခွင့်မပြုဘူး၊ အပြင်ဆေးရုံထုတ်ကုဖို့လိုအပ်လာရင်လည်း ထောင်ဆရာဝန်၊ ထောင်အာာပိုင်တွေရဲ့ ထောက်ခံချက်ရရင်တောင်မှ ထောက်လှမ်းရေး၊ ညန်မှူး ညန်ချုပ် အဆင့်ဆင့်ရဲ့ခွင့်ပြုချက်ရမှ ပြင်ပဆေးရုံတင်လို့ရပါတယ်။ ဒီလိုခွင့်ပြုချက်ရဖို့ကိုလဲ အချိန်တော်တော်ကြာအောင်စောင့်ရတယ်။ အဲဒီလို နှောင့်နှေးမှုကြောင့် ၁၉၈၈ ကစပြီး ခုချိန်အထိ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၄၄ ယောက် အသက်မဆုံးသင့်ပဲ ဆုံးခဲ့ကြရပြီးပြီ။ အဲဒီလို မဖြစ်သင့်တဲ့ကိစ္စတွေကို ရပ်တန်းကရပ်ပြီး လူကိုလူလိုသဘောထားပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအချိန်မီပေးဖို့ လိုအပ်နေပြီ” ဟု ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ကျန်းမာရေးဆိုးဝါးနေသူ နိုင်ငံရေးအကျဉ်းသား ၁၄၀ ယောက်ရှိနေသော်လည်း သင့်တော်သည့် ဆေးဝါးကုသခွင့် မရကြသည့်အပြင် မိသားစုနှင့်ဝေးကွာလှသော ထောင်များသို့ ပို့ဆောင်ခံထားရပါသည်။ အေအေပီပီမှ ကျန်းမာရေးဆိုးဝါးသော နိုင်ငံရေးအကျဉ်းသားများအား မိသားစုနှင့်နီးသော ထောင်များသို့ပြောင်းရေ့ကာ သင့်တော် လုံလောက်သော ဆေးကုသမှုများ စီစဉ်ဆောင်ရွက်ပေးပါရန် နိင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအား တိုက်တွန်းတောင်းဆို လိုက်ပါသည်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)


အသေးစိတ်သိလိုပါက ဆက်သွယ်ရန် -


ကိုတိတ်နိုင်။ ။ အတွင်းရေးမှူး ၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁


ကိုဘိုကြည်။ ။ တွဲဖက်အတွင်းရေးမှူး ၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃